အခန်း ၁၁၁၄
Vol. 106 Ch. 1114
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၁၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
အရာအားလုံးက တုပိုင်၏ ထိန်းချုပ်မှုအောက်၌ ရှိနေသေးသည်လော။ လုံးဝ မဟုတ်ချေ။ အခြေအနေများက သူ၏ လက်ထဲမှ လုံးဝ လွတ်ထွက်သွားလေပြီ။
သူ့ရှေ့ရှိ ကမ္ဘာလောကကြီးမှာ လုံးဝကို လျှို့ဝှက်ဆန်းကြယ်နေ၏။ နတ်ဘုရားတို့၏ဘုရင် ကိုယ်တိုင်သည်လည်း လျှို့ဝှက်ဆန်းကြယ်နေသည်။
သူ အရာအားလုံးကို မည်သို့ ကယ်တင်နိုင်မည်နည်း။ ဇနီးနှင့် သားသမီးများကို မည်သို့ အသက်ပြန်ရှင်လာအောင် လုပ်နိုင်မည်နည်း။ ပထမဆုံးအနေဖြင့် ဤကမ္ဘာသစ်ကို သူ နားလည်ရန် လိုအပ်၏။ သူ မည်သို့သော နေရာသို့ ရောက်နေသည်နည်း ၊ မည်သည့်အရာများနှင့် ရင်ဆိုင်နေရသည်နည်း။
တုပိုင် အလွန်တရာ ကျယ်ပြောလှသည့် ဟင်းလင်းပြင်ကြီးထဲ၌ တစ်ကိုယ်တည်း လွင့်မျောနေ၏။ ကမ္ဘာကြီးမှာ ကြီးမားကျယ်ပြောလှသည်။ တုပိုင် စိတ်ကူးထားဖူးသည်ထက်ပင် များစွာ ပိုမို ကြီးမားနေသည်။
သေလွန်သူတို့၏ စိတ်ဝိညာဉ်များက ဤနေရာ၌ ပြည့်နှက်နေသည်။ ဤသည်မှာ စိတ်ဝိညာဉ် ဂလက်ဆီတစ်ခုမျှသာ မကချေ။ ဂဏန်းသင်္ချာဖြင့်ပင် တွက်ချက်၍ မရနိုင်လောက်အောင် များပြားလှသည်။
ပြန်တွေးကြည့်မည်ဆိုလျှင် နတ်ဘုရားတို့၏ဘုရင်၏ ရူးသွပ်ဖွယ် ကစားပွဲထဲ၌ မတူညီသည့် ကမ္ဘာလောကများမှ လူမည်မျှပင် သေဆုံးခဲ့ရသနည်း။ တာ့နင်အင်ပါယာ ၊ နဂါးသွေးတိုက်ကြီးနှင့် ခေတ်သစ်ကမ္ဘာမြေတို့ရှိ ဘီလီယံနှင့်ချီသည့် အသက်များ ပျက်စီးရလေပြီ။
ထို့ပြင် တုပိုင်သည် စမ်းသပ်ခံ အမှတ် ၄၉၆၈၉၉ သက်သက်သာ ဖြစ်၏။ ဂဏန်းတစ်ခုစီတိုင်းက ဂလက်ဆီတစ်ခုလုံး ၊ ဟင်းလင်းပြင် ကမ္ဘာလောကတစ်ခုလုံးနှင့် ရေတွက်၍မရနိုင်သည့် အသက်များကို ကိုယ်စားပြုနေသည်။
ထိုသို့ဆိုလျှင် ဤနေရာ၌ သေလွန်သူတို့၏ စိတ်ဝိညာဉ် မည်မျှ အမှန်တကယ် ရှိနေမည်နည်း။ ဘီလီယံ ရာဂဏန်းလော။ ထရီလီယံနှင့် ချီမည်လော။ ဤကိန်းဂဏန်းများမှာ ဤနေရာ၌ အသုံးချရန် အရမ်းကို သေးငယ်လွန်းနေသည်။ အစစ်အမှန် အရေအတွက်မှာ လူသားတို့၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေ၏။
တုပိုင် ပထမဆုံး ရောက်လာချိန်က သေလွန်သူတို့၏ စိတ်ဝိညာဉ်များကို တစ်ခုချင်းစီ မြင်တွေ့ခဲ့ရသည်။ သို့သော် သူ ပို၍ အဝေးသို့ ပျံသန်းသွားပြီး မြင်ကွင်းကျယ်လာသည်နှင့်အမျှ စိတ်ဝိညာဉ်များမှာ အလင်းအမှုန်အမွှားလေးများအဖြစ် သေးငယ်သွားကြ၏။
ပို၍ မြင့်မားကာ ပို၍ အဝေးသို့ သူ ဆက်လက် ပျံသန်းသွားချိန်၌ မြင်ကွင်းက နဂါးငွေ့တန်း ဂလက်ဆီကြီးတစ်ခုကဲ့သို့ ဧရာမ ဂလက်ဆီကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သို့သော် ကြယ်များအစား ဤဂလက်ဆီကြီးထဲရှိ အလင်းစက်တိုင်းမှာ သေလွန်သူ တစ်ဦးစီ၏ စိတ်ဝိညာဉ် ဖြစ်နေသည်။
အဝေးဆုံး အစွန်အဖျားသို့ ရောက်ရှိသွားချိန်၌ တည်ဆောက်ပုံ တစ်ခုလုံးကို သူ မြင်လိုက်ရသည်။ ကြယ်များက နဂါးငွေ့တန်း ဂလက်ဆီ၏ ဗဟိုချက်ကို လှည့်ပတ်နေသကဲ့သို့ပင် ဤရေတွက်၍မရနိုင်သည့် စိတ်ဝိညာဉ်များကလည်း ဗဟိုအမှတ်တစ်ခုကို လှည့်ပတ်နေကြသည်။
အစပိုင်း၌ ဂလက်ဆီ၏ မြေအောက်ကမ္ဘာနယ်မြေ ၊ စကြဝဠာ၏ ငရဲပြည်ဆီသို့ ရောက်လာသည်ဟု တုပိုင် ထင်မှတ်ခဲ့၏။ သို့သော် ယခုအခါ သူ မှားယွင်းနေနိုင်ကြောင်းကို သဘောပေါက်သွားလေပြီ။ ဆက်လက်၍ စူးစမ်းရှာဖွေရန် လိုအပ်နေသည်။
ပို၍ အဝေးသို့ ပျံသန်းသွားလိုက်ရာ နေအဖွဲ့အစည်းတစ်ခု၏ ရောင်ပြန်ဟပ်မှုကို တုပိုင် တွေ့လိုက်ရသည်။ နေသုံးစင်းပါဝင်သည့် အဖွဲ့အစည်းပင်။ ထိုကြယ်သုံးပွင့် ဒေသဆီသို့ တုပိုင် ပျံသန်းသွားလိုက်၏။
ဤထူးဆန်းသော နေရာ၌ စိတ်ဝိညာဉ်များမှာ ပိတ်လှောင်ခံထားရသည့် ဖိုတွန်များ သို့မဟုတ် ကြယ်များကဲ့သို့ပင် ဂလက်ဆီ၏ ဗဟိုကိုသာ မဖြစ်မနေ လှည့်ပတ်နေကြရသည်။ တုပိုင်၏ စိတ်ဝိညာဉ် တစ်ခုတည်းသာ သွားချင်သည့်နေရာသို့ လွတ်လပ်စွာ ပျံသန်းနိုင်စွမ်း ရှိနေ၏။
ဤနေရာမှ လွတ်မြောက်ကာ ထိုနေသုံးစင်းဆီသို့ ရောက်နိုင်မရောက်နိုင် သိချင်၏။ အချိန်အတော်ကြာသည်အထိ တုပိုင် ပျံသန်းခဲ့သည်။ သို့သော် လွတ်မြောက်မသွားချေ။
ထူးဆန်းသည်မှာ နေသုံးစင်းက အရွယ်အစား လုံးဝ ပြောင်းလဲမသွားခြင်းပင်။ ယုတ္တိအရဆိုလျှင် အနီးသို့ ပျံသန်းသွားသည်နှင့်အမျှ သူ၏ မြင်ကွင်း၌ ပို၍ ကြီးမားလာရမည် ဖြစ်သော်လည်း လုံးဝ အတူတူပင် ဖြစ်နေ၏။
ရုတ်တရက် တုပိုင် သဘောပေါက်သွားသည်။
ဤနေရာက အပြင်ဘက် စကြဝဠာနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်နေသည့် သီးခြား ဟင်းလင်းပြင်တစ်ခု ဖြစ်သည်။ အကွာအဝေး ၊ အချိန်နှင့် ဟင်းလင်းပြင်တို့က ဤနေရာ၌ ခြားနားစွာ အလုပ်လုပ်နေကြ၏။
ပို၍ အရေးကြီးသည်မှာ ဤထူးဆန်းလှသည့် စကြဝဠာ ဟင်းလင်းပြင်ကြီးက... နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်ပင်...။ တုပိုင် ရောက်နေသည့်နေရာမှာ နတ်ဘုရားတို့၏ဘုရင်၏ စိတ်ထဲပင် ဖြစ်သည်။
ရယ်စရာကောင်းသည်ဟု ထင်ရသော်လည်း ဤသည်မှာ အမှန်တရားပင်။ စကြဝဠာ သို့မဟုတ် ဂလက်ဆီ၏ မြေအောက်ကမ္ဘာနယ်မြေထဲ ရောက်နေသည်ဟု ခန့်မှန်းခဲ့၏။ အမှန်တရားမှာ ပို၍ ရိုးရှင်းလှသည်။ သူ သေဆုံးသွားပြီးနောက် သူ၏ စိတ်ဝိညာဉ်က နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်ထဲသို့ တိုက်ရိုက် ဆွဲသွင်းခံလိုက်ရခြင်းပင်။
မတူညီသည့် ကမ္ဘာလောကများမှ သက်ရှိများ သတ်ဖြတ်ခံရချိန်၌ သူတို့၏ စိတ်ဝိညာဉ်များက နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်ထဲသို့ ဝင်ရောက်သွားပြီး စိတ်ဝိညာဉ်စွမ်းအား၏ အခြေခံ အမှုန်များအဖြစ် ပြောင်းလဲသွားကြသည်။
နတ်ဘုရားတို့၏ဘုရင်၏ အစီအစဉ်က ရိုးရှင်းလှ၏။ ကမ္ဘာလောက အနှံ့အပြား၌ သက်ရှိများကို မွေးမြူထားခြင်းမှာ သတ်ဖြတ်ရန် သက်သက်သာ ဖြစ်သည်။ သူတို့၏ စိတ်ဝိညာဉ်များကို အသုံးပြုကာ ဦးနှောက်အမှုန်များနှင့် စိတ်စွမ်းအားများကို ပြန်လည် ဖြည့်တင်းနေခြင်းပင်။
သာမန် လူသားတစ်ဦး၏ ဦးနှောက်က လျှပ်စစ်အချက်ပြမှုများဖြင့် အလုပ်လုပ်၏။ သို့သော် နတ်ဘုရားတို့၏ဘုရင်ကမူ သတ်ဖြတ်ခံရသည့် ထရီလီယံပေါင်းများစွာသော အသက်တို့၏ စိတ်ဝိညာဉ်များကို သူ၏ စိတ်ပိုင်းဆိုင်ရာ အမှုန်များအဖြစ် အသုံးပြုထားသည်။
များပြားလှသော အသက်များကို ဝါးမျိုခြင်းဖြင့် သူသည် စိတ်ကူး၍ပင် မရနိုင်သည့် စွမ်းအားများကို ရရှိခဲ့သည်။ ဤသည်က ဟင်းလင်းပြင် ကမ္ဘာလောက အများအပြားရှိ ကစားပွဲများကို သူ ထိန်းချုပ်နိုင်သည့် နည်းလမ်းပင်။
အပျော် သတ်ဖြတ်နေခြင်း မဟုတ်ချေ။ အသက်ရှင်ကျန်ရစ်ရန်နှင့် ပို၍ အားကောင်းလာစေရန် လုပ်ဆောင်နေခြင်းသာ ဖြစ်၏။ လူသားများက အသက်ရှင်ရန်အတွက် အသားနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးသကဲ့သို့ နတ်ဘုရားတို့၏ဘုရင်သည်လည်း သူ၏ စွမ်းအားကို ထိန်းသိမ်းရန် အသက်များကို ဝါးမျိုနေခြင်း ဖြစ်သည်။
ယခုအခါ နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်ထဲ၌ ရောက်နေကြောင်းကို တုပိုင် သဘောပေါက်သွားသဖြင့် သူ၏ အမြင်တစ်ခုလုံးကို ပြောင်းလဲပစ်ရတော့မည် ဖြစ်သည်။
ပထမဆုံးအနေဖြင့် သာမန် အရွယ်အစား သတ်မှတ်ချက်များကို သူ စွန့်လွှတ်ရလေမည်။ အရွယ်အစားဆိုသည်မှာ နှိုင်းယှဉ်ချက်တစ်ခုသာ ဖြစ်၏။ လူသားတစ်ဦးအတွက် ရေတစ်ပေါက်မှာ သေးငယ်သော်လည်း ထိုအထဲ၌ ရေတွက်၍မရနိုင်သည့် အဏုဇီဝသက်ရှိများ ပါဝင်နေပြီး ထိုသက်ရှိများအတွက်မူ ထိုရေတစ်စက်လေးက သူတို့၏ စကြဝဠာကြီးပင်။
လူသားတစ်ဦးအတွက် နေအဖွဲ့အစည်းမှာ ကြီးမားသော်လည်း ကျယ်ပြောလှသည့် နဂါးငွေ့တန်း ဂလက်ဆီကြီးနှင့် ယှဉ်ပါက ဖုန်မှုန့်တစ်ပွင့်ထက်ပင် သေးငယ်နေပြနိသည်။
နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်မှာ သီးခြား စကြဝဠာတစ်ခု ဖြစ်နေသောကြောင့် ဤနေရာရှိ ရုပ်ပိုင်းဆိုင်ရာ အရွယ်အစားမှာ အပြင်ကမ္ဘာနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိချေ။ လုံးဝ ပြီးပြည့်စုံသည့် အဏုကမ္ဘာတစ်ခုပင် ဖြစ်သည်။
အချိန်ကလည်း ထိုနည်းတူပင်။ လူသားတစ်ဦးက ရာစုနှစ်တစ်ခုကြာ အသက်ရှင်ပြီး တစ်ရက်သက်တမ်းရှိ ပိုးကောင်လေးက တစ်ရက်သာ အသက်ရှင်၏။ လူတစ်ဦးအတွက် ထိုတစ်ရက်တာက တိုတောင်းသော်လည်း ပိုးကောင်လေးအတွက်မူ ဘဝတစ်သက်တာလုံး ဖြစ်နေသည်။
အချို့သော အဏုဇီဝပိုးမွှားများက တစ်စက္ကန့်လောက်သာ အသက်ရှင်ကြသော်လည်း ထိုစက္ကန့်ပိုင်းလေးကပင် သူတို့၏ ဘဝတစ်သက်တာလုံး ဖြစ်၏။ အလားတူပင် နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်ထဲရှိ အချိန်မှာ အပြင်ဘက်ရှိ အချိန်နှင့် လုံးဝ ခြားနားစွာ စီးဆင်းနေသည်။
ထိုအချက်ကို သဘောပေါက်သွားသည်နှင့် တုပိုင်က ရက်စက်လှသည့် အမှန်တရား တစ်ခုကို လက်ခံလိုက်ရ၏။ သူသည် ဤဟင်းလင်းပြင်ထဲမှနေ၍ ဇနီးနှင့် သားသမီးများကို အသက်ပြန်ရှင်လာအောင် လုပ်၍ မရနိုင်ချေ။ သူတို့၏ စိတ်ဝိညာဉ်များက သာမန် အမှုန်များအဖြစ် လုံးဝ ပြိုကွဲသွားပြီဖြစ်သဖြင့် မဖြစ်နိုင်တော့ပေ။
နတ်ဘုရားတို့၏ဘုရင် ပြောခဲ့သည်မှာ မှန်ကန်၏။ ဇနီးနှင့် သားသမီးများကို အသက်ပြန်ရှင်လာစေရန် တစ်ခုတည်းသော နည်းလမ်းမှာ နတ်ဘုရားတို့၏ဘုရင်ဖြစ်သည့် သူ့ကို သတ်ဖြတ်ပစ်ရန်ပင်။ နတ်ဘုရားတို့၏ဘုရင်ကို သတ်ဖြတ်ခြင်းက အကြောင်းနှင့် အကျိုးကို နောက်ပြန်လှည့်ပစ်လိုက်ခြင်းပင် ဖြစ်ပြီး ဤကမ္ဘာလောက၌ ထိုအရာက သေခြင်းတရားကို အောင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
သို့သော် နတ်ဘုရားတို့၏ဘုရင်ကို သူ မည်သို့ သတ်ရမည်နည်း။
တုပိုင်၏ စိတ်ဝိညာဉ်က ရန်သူ၏ စိတ်ထဲ၌ ပိတ်မိနေပြီး သူတို့ကြားရှိ စွမ်းအား ကွာဟချက်မှာ စိတ်ကူး၍ပင် မရနိုင်လောက်အောင် ကြီးမားလှသည်။ အကယ်၍ နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်က နဂါးငွေ့တန်း ဂလက်ဆီကြီးဆိုလျှင် တုပိုင်ကမူ ကြယ်တစ်ပွင့် သက်သက်သာ ဖြစ်၏။
အကယ်၍ နတ်ဘုရားတို့၏ဘုရင်သာ ဧရာမ လူဘီလူးကြီးဆိုလျှင် တုပိုင်က သူ၏ ခန္ဓာကိုယ်ထဲရှိ ဆဲလ်တစ်ခုမျှသာ ဖြစ်သည်။
ဆဲလ်တစ်ခုက လူတစ်ယောက်ကို အနိုင်ယူနိုင်ပါမည်လော။
သီအိုရီအရဆိုလျှင် ဖြစ်နိုင်၏။ ကင်ဆာဆဲလ်တစ်ခုက အဆုံးအစမရှိ ပွားများနိုင်ပြီး အရာအားလုံးကို ဝါးမျိုကာ အဆုံး၌ ခန္ဓာကိုယ် တစ်ခုလုံးကို သတ်ပစ်နိုင်စွမ်း ရှိသည်။ တုပိုင်၌လည်း ထိုစွမ်းရည် အတိအကျ ရှိနေပုံရ၏။
သူ မသေဆုံးမီလေးမှာပင် သောင်းနှင့်ချီသည့် နတ်ဘုရားတစ်ပိုင်းများက သူတို့၏ မျှော်လင့်ချက်များနှင့် ယုံကြည်မှု အားလုံးကို သူ့အပေါ် ပုံအပ်ခဲ့ကြသည်။ ယုံကြည်မှု ဆိုသည်မှာ ကူးစက်တတ်၏။ ပြန့်ပွားတတ်ပြီး အဆုံးအစမရှိ ကြီးထွားလာနိုင်သည်။ ယုံကြည်မှုဆိုသည်မှာ မည်သည်နည်း။ ရှင်းပြရန် ရှုပ်ထွေးသော်လည်း တုပိုင်အတွက်မူ ယုံကြည်မှု ဆိုသည်မှာ စိတ်ဝိညာဉ်စွမ်းအား တစ်ဖက်သတ် စီးဆင်းခြင်းပင်။
ယခင်က တုပိုင်နှင့် မိုဟန်တို့၌ အပြန်အလှန် စိတ်ဝိညာဉ် ချိတ်ဆက်မှု ရှိခဲ့ပြီး သူတို့၏ အသက်များ ၊ စိတ်ဆန္ဒများနှင့် စွမ်းအင်များကို မျှဝေနိုင်ခဲ့ကြ၏။ သို့သော် သောင်းနှင့်ချီသည့် နတ်ဘုရားတစ်ပိုင်း စမ်းသပ်ခံများက မသေဆုံးမီ သူ့ထံသို့ တစ်ဖက်သတ် ချိတ်ဆက်မှုကို ပေးအပ်ခဲ့ကြသည်။
ဆိုလိုသည်မှာ တုပိုင်အနေဖြင့် မည်သည့် တန်ဖိုးမျှ ပေးဆပ်ရန် မလိုဘဲ သူတို့၏ စွမ်းအားအားလုံးကို စုပ်ယူနိုင်ပြီး သူတို့၏ စိတ်ဆန္ဒများကို အမိန့်ပေးနိုင်ခြင်းပင်။
တုပိုင် သူ၏ စိတ်ကို စုစည်းလိုက်သည်။
ရုတ်တရက် ဧရာမ စိတ်ဝိညာဉ် ဂလက်ဆီကြီးထဲ၌ သောင်းနှင့်ချီသည့် အလင်းစက်လေးများက သူတို့၏ အဆုံးအစမရှိ လှည့်ပတ်နေမှုကို ရပ်တန့်လိုက်ကြသည်။
သူတို့ တုပိုင်၏ အမိန့်ကို လက်ခံရရှိသွားလေပြီ။ ထိုသောင်းနှင့်ချီသည့် အလင်းစက်လေးများမှာ သူ့ကို ကယ်တင်ရန် သူတို့ကိုယ်သူတို့ စတေးသွားကြသည့် သောင်းနှင့်ချီသော နတ်ဘုရားတစ်ပိုင်းများ၏ စိတ်ဝိညာဉ်များပင် ဖြစ်၏။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၁၄ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။