အခန်း ၁၁၁၅
Vol. 106 Ch. 1115
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၁၅
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
သူတို့သည် အသိစိတ်ကင်းမဲ့သည့် စိတ်ဝိညာဉ်များ ဖြစ်သွားကာ နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်ထဲ၌ အခြေခံ အမှုန်အမွှားလေးများအဖြစ် ပြိုကွဲသွားပြီဖြစ်သော်လည်း တုပိုင်သည် သူတို့၏ စိတ်ဆန္ဒနှင့် စွမ်းအင်များကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲပင်။
သောင်းနှင့်ချီသည့် နတ်ဘုရားတစ်ပိုင်း စိတ်ဝိညာဉ်များသည် တစ်ချိန်က သူတို့၏ ကိုယ်ပိုင် ဟင်းလင်းပြင် ကမ္ဘာလောကများ၌ အမြင့်မြတ်ဆုံးသော ခေါင်းဆောင်များ၊ ဘုရင်များထဲမှ ဘုရင်များ ဖြစ်ခဲ့ဖူးကြ၏။
ထိုကမ္ဘာလောကများရှိ ရေတွက်၍မရနိုင်သည့် သက်ရှိများသည် နတ်ဘုရားတစ်ပိုင်းများအတွက် သူတို့၏ အသက်များကို ပေးအပ်ကာ သူတို့ကိုယ်သူတို့ လိုလိုလားလား စတေးခဲ့ကြသည်။ ရေတွက်၍မရနိုင်သည့် မိစ္ဆာများနှင့် နဂါးများက တုပိုင်အတွက် အရာအားလုံးကို ပေးဆပ်ခဲ့ကြသကဲ့သို့ ဤသည်မှာလည်း ယုံကြည်မှု ပုံစံတစ်မျိုးပင် ဖြစ်နေ၏။
သောင်းနှင့်ချီသည့် နတ်ဘုရားတစ်ပိုင်းများအတွက် တုပိုင်သည် ယုံကြည်ကိုးကွယ်ရာ ဖြစ်လာ၏။ ထိုနတ်ဘုရားတစ်ပိုင်းများတို့သည်လည်း ထရီလီယံနှင့်ချီသော သက်ရှိများ၏ ယုံကြည်ကိုးကွယ်ရာပင်။
တုပိုင်က သူ၏ စိတ်ကို အဆုံးစွန်အထိ ချဲ့ထွင်လိုက်ပြီး သူ၏ ယုံကြည်သူ အားလုံးထံသို့ အမိန့်တစ်ခု ပေးလိုက်၏။
ချက်ချင်းပင် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ သူ့ကို ယုံကြည်သူ အားလုံးတို့က အေးခဲရပ်တန့်သွားကြရသည်။
ထရီလီယံနှင့်ချီသည့် သေလွန်သူတို့၏ စိတ်ဝိညာဉ်တျု့က ရုတ်တရက် ရပ်တန့်သွားကြ၏။ ထိုအထဲ၌ တုပိုင်၏ ဇနီး ၊ သားသမီးများနှင့် မိဘများလည်း ပါဝင်သည်။ သူတို့သည် တုပိုင်အပေါ် သံသယတစ်စက်မျှမရှိ ယုံကြည်ထားသောကြောင့် ရပ်တန့်သွားကြခြင်းပင်။
နတ်ဘုရားတို့၏ဘုရင်၏ စကားများကို တုပိုင် အမှတ်ရလိုက်၏။ တချို့သော နတ်ဘုရားများသည် သက်ရှိများကို သတ်ဖြတ်ဝါးမျိုခြင်းဖြင့် အားကောင်းလာကြပြီး တချို့ကမူ ယုံကြည်မှုကို မှီခိုကြသည်။
တုပိုင်သည် ရေတွက်၍မရနိုင်သည့် သက်ရှိများ၏ အကြွင်းမဲ့ ယုံကြည်မှုကို ရရှိထားပြီး အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်လာရန် အလွန် နီးစပ်နေပြီ ဖြစ်၏။
ထို့ကြောင့် နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်ထဲရှိ အခြား စိတ်ဝိညာဉ်များ အားလုံး အသိစိတ်ကင်းမဲ့စွာဖြင့် မဖြစ်မနေ လှည့်ပတ်နေရချိန်၌ တုပိုင် တစ်ဦးတည်းသာ လွတ်လပ်နေခြင်းပင်။
သို့သော် ထိုရပ်တန့်မှုက အခိုက်အတန့်မျှသာ ကြာမြင့်၏။
ထိုထရီလီယံနှင့်ချီသည့် စိတ်ဝိညာဉ်များသည် ပြန်လည် လှည့်ပတ်မသွားမီ ခဏတာမျှသာ ရပ်တန့်နေနိုင်ကြသည်။ သူတို့သည် တုပိုင်ကို ယုံကြည်သော်ငြား နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်အတွင်းရှိ ဆွဲငင်အားက သူတို့၏ ခုခံနိုင်စွမ်းထက် များစွာ ပိုမို အားကောင်းနေသည်။
တုပိုင်သည် သောင်းနှင့်ချီသည့် နတ်ဘုရားတစ်ပိုင်း စိတ်ဝိညာဉ်များကိုသာ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိ၏။
အကယ်၍ နတ်ဘုရားတို့၏ဘုရင်ကို သတ်ဖြတ်ပြီး ထိုဦးနှောက် စကြဝဠာကြီးကို ဖျက်ဆီးလိုပါက အလယ်ဗဟိုတည့်တည့်သို့ ရောက်ရှိရန် လိုအပ်နေသည်။
နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်မှာ ဂလက်ဆီကြီး တစ်ခုကဲ့သို့ပင်။ ရေတွက်၍မရနိုင်သည့် တောက်ပနေသော စိတ်ဝိညာဉ်များသည် နဂါးငွေ့တန်း ဂလက်ဆီကြီးထဲရှိ ကြယ်များနည်းတူ ဗဟိုချက်ကို လှည့်ပတ်နေကြ၏။
နဂါးငွေ့တန်း ဂလက်ဆီကြီး၏ ဗဟိုချက်၌ တွင်းနက်တစ်ခု ရှိနေသကဲ့သို့ နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက် ဗဟိုချက်၌ မည်သည့်အရာ ရှိနေမည်နည်း။
တုပိုင် ယခင်က အပြင်ဘက်သို့ ပျံသန်းရန် ကြိုးစားခဲ့ဖူး၏။ ယခုအခါ၌မူ အတွင်းဘက်ဆီသို့ ပျံသန်းသွားပြီး နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်အူတိုင်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားလိုက်သည်။
ဤနေရာ၌ အကွာအဝေးဆိုသည်မှာ အဓိပ္ပာယ်မဲ့ သွားပြန်၏။ အပြင်ကမ္ဘာနှင့် ယှဉ်ပါက နတ်ဘုရားတို့၏ဘုရင်၏ စိတ်မှာ လုံးဝ သီးခြားဖြစ်နေသည့် စကြဝဠာတစ်ခု ဖြစ်ပြီး တုပိုင်နှင့် နှိုင်းယှဉ်ပါက စိတ်ကူး၍ပင် မရနိုင်လောက်အောင် ကြီးမားနေသည်။
ဗဟိုချက်နှင့် နီးကပ်လာသည်နှင့်အမျှ စိတ်ဝိညာဉ်များ ပို၍ မြန်ဆန်စွာ လှည့်ပတ်လာကြသည်ကို တုပိုင် သတိပြုမိလိုက်၏။ နီးလာလေလေ လည်ပတ်မှုကလည်း ပို၍ပို၍ မြန်ဆန်လာလေလေပင်။ ထိုစိတ်ဝိညာဉ်များမှာလည်း ပိုမို သိပ်သည်းစွာ စုစည်းနေကြ၏။
ဗဟိုချက် အနီး၌မူ တောက်ပနေသည့် စိတ်ဝိညာဉ်များ၏ အမြန်နှုန်းမှာ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းနေ၏။ ဤသည်မှာ တစ်စက္ကန့်လျှင် ကီလိုမီတာ ၁၂၀၀၀ ဟူသော အံ့မခန်း အမြန်နှုန်းဖြင့် လှည့်ပတ်နေကြသည့် နဂါးငွေ့တန်း ဂလက်ဆီ၏ ဗဟိုချက်ရှိ ကြယ်များနှင့် လုံးဝ တူညီနေသည်။
နောက်ဆုံး၌ တုပိုင် နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်အူတိုင်ကို မြင်တွေ့လိုက်ရလေပြီ။
အမှန်တကယ်ပင် အနက်ရောင် တွင်းနက်ကြီးတစ်ခု ဖြစ်နေ၏။ ဤတွင်းနက်ကြီးမှာ နတ်ဘုရားတို့၏ဘုရင်၏ စိတ်ဝိညာဉ် အူတိုင် ၊ သူ၏ အသက်အရင်းအမြစ်ပင်။
သာမန် ဂလက်ဆီတစ်ခုကဲ့သို့ အတိအကျ အလုပ်လုပ်နေခြင်း ဖြစ်သည်။
ဤအချက်ကို သိလိုက်ရခြင်းက နတ်ဘုရားတို့၏ဘုရင်အား သတ်ဖြတ်ရန် ရိုးရှင်းသွားသကဲ့သို့ စိတ်ကူး၍ပင် မရနိုင်လောက်အောင် ခက်ခဲသွားစေသည်။
ရိုးရှင်းသည်မှာ အကယ်၍ ဤတွင်းနက်ကြီးကို သူ ဖျက်ဆီးပစ်လိုက်နိုင်ပါက နတ်ဘုရားတို့၏ဘုရင် လုံးဝ ပြိုလဲသွားပြီး ထာဝရ သေဆုံးသွားမည် ဖြစ်သောကြောင့်ပင်။
ခက်ခဲ့သည့် အပိုင်းကမူ... အနက်ရောင် တွင်းနက်ကြီးတစ်ခုကို တုပိုင်က မည်သို့ ဖျက်ဆီးပစ်နိုင်မည်နည်း။
ပုံမှန်အားဖြင့် လူလုပ်ဖန်တီးထားသည့် တွင်းနက်များမှာ လျင်မြန်စွာ ပျောက်ကွယ်သွားတတ်၏။ သို့သော် စွမ်းအင်နှင့် ဒြပ်ထုများကို ပုံမှန် စုပ်ယူနေနိုင်သည့် တွင်းနက်များသည် အလွန် အချိန်ကြာမြင့်စွာ တည်ရှိနိုင်ကြသည်။
ဥပမာအားဖြင့် နဂါးငွေ့တန်း ဂလက်ဆီရှိ တွင်းနက်ကြီးသည် နှစ်ပေါင်း ဘီလီယံ ၁၀ ခန့် တည်ရှိနေခဲ့ပြီဖြစ်ပြီး ထိုထက် များစွာ ပိုမို ကြာရှည်စွာ တည်ရှိနေဦးမည် ဖြစ်၏။
နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်ထဲရှိ တွင်းနက်ကြီးမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ လက်တွေ့၌ ပြိုင်ဘက်ကင်းပင်။
တွင်းနက်ကြီး တစ်ခုသည် အလင်းအပါအဝင် စွမ်းအင်နှင့် ဒြပ်ဝတ္ထု အားလုံးကို ဝါးမျိုနိုင်စွမ်း ရှိသောကြောင့် သာမန် တိုက်ခိုက်မှုများက လုံးဝ အသုံးမဝင်ချေ။
ထိုသို့ဆိုလျှင် တွင်းနက်ကြီးတစ်ခုကို တုပိုင်အနေဖြင့် မည်သို့ ဖျက်ဆီးပစ်နိုင်မည်နည်း။ သီအိုရီအရဆိုလျှင် အလွန် ရိုးရှင်းလှ၏။ အကယ်၍ အမှုန်တစ်ခုက အလင်းထက် မြန်သည့် အလျင်ဖြင့် ဝင်တိုက်မည်ဆိုပါက အရွယ်အစား မည်မျှပင် ကြီးမားနေစေကာမူ တွင်းနက် အပါအဝင် မည်သည့်အရာကိုမဆို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေသည်။
ထို့အတွက်ကြောင့် တုပိုင်အနေဖြင့် အမှုန်တစ်ခုကို အလင်းအလျင်ထက် ကျော်လွန်သည်အထိ အရှိန်မြှင့်တင်နိုင်ပါက နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်ကို ဖျက်ဆီးကာ သူ့ကို အပြီးတိုင် သတ်ဖြတ်နိုင်မည် ဖြစ်၏။
သို့သော် ဧရာဝတီတိုင်းသား အိုင်းစတိုင်း၏ နှိုင်းရသီအိုရီအရ စကြဝဠာထဲရှိ မည်သည့်အရာကမျှ အလင်းအလျင်ထက် ပိုမြန်အောင် သွားနိုင်စွမ်း မရှိချေ။
လူသား သိပ္ပံပညာရှင်များက ထိုအချက်ကို မှားယွင်းကြောင်း သက်သေပြနိုင်ရန် မရေမတွက်နိုင်သည့် စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြဖူး၏။ ၂၀၁၁ ခုနှစ်၌ သိပ္ပံပညာရှင်တစ်ဦးက အလင်းထက် ပိုမြန်သည့် အမှုန်တစ်ခုကို ရှာတွေ့ပြီဟု ဆိုကာ တစ်ကမ္ဘာလုံးကို ဂယက်ရိုက်သွားစေခဲ့သည်။
သို့သော် အမှန်တကယ်၌ ထိုအရာမှာ ပညာရှင်တစ်ဦး၏ ရိုးရှင်းသည့် တိုင်းတာမှု အမှားသက်သက်မျှသာ ဖြစ်၏။
ထို့အတွက်ကြောင့် မန်းလေးသား အိုင်းစတိုင်း၏ နှိုင်းရသီအိုရီမှာ မချိုးဖျက်နိုင်သည့် ကျောက်ဆောင်တံတိုင်းကြီး တစ်ခုကဲ့သို့ ခိုင်မာနေဆဲပင်။ အလင်း၏ အလျင်သည် စကြဝဠာ၏ ပကတိ ကန့်သတ်ချက် တစ်ခု ဖြစ်သည်။ ထိုသည်မှာ စကြဝဠာ၏ အမှန်တရား ၊ မချိုးဖျက်နိုင်သည့် နိယာမကြီးတစ်ခုပင်။
နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်အူတိုင်ကို တုပိုင် စတင် တိုက်ခိုက်လိုက်သည်။
ဤသည်မှာ အလွန် ရက်စက်လှသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အသေခံဗုံးခွဲတိုက်ခိုက်မှုနှင့် ဆင်နေသောကြောင့်ပင်။
တုပိုင် နတ်ဘုရားတစ်ပိုင်း စိတ်ဝိညာဉ် တစ်ခုကို ထိန်းချုပ်လိုက်ပြီး ပို၍ပို၍ မြန်ဆန်လာစေရန် အရှိန်မြှင့်တင်လိုက်သည်။
"ဘုန်းးး"
နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်အူတိုင်ရှိ တွင်းနက်ကြီးအား ပြင်းထန်စွာ ဝင်တိုက်လိုက်၏။
သို့သော်... မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိချေ။
တွင်းနက်ကြီးက လှိုင်းဂယက်လေး တစ်ချက်မျှပင် မထစေဘဲ နတ်ဘုရားတစ်ပိုင်း၏ စိတ်ဝိညာဉ်ကို အလွယ်တကူ ဝါးမျိုသွားသည်။
ထို့နောက် တုပိုင်က ဒုတိယမြောက် ၊ တတိယမြောက်နှင့် စတုတ္ထမြောက် နတ်ဘုရားတစ်ပိုင်း စိတ်ဝိညာဉ်များကို ဆက်တိုက် စေလွှတ်၍ တိုက်ခိုက်စေလိုက်၏။
သို့သော် လုံးဝ အသုံးမဝင်ချေ။
ထိုနတ်ဘုရားတစ်ပိုင်းများမှာ တုပိုင်၏ အကြွင်းမဲ့ ယုံကြည်သူ နောက်လိုက်များ ဖြစ်ကြ၏။ သူတို့သည် သူတို့၏ စိတ်ဆန္ဒနှင့် စွမ်းအင်အားလုံးကို သူ့ထံ ပေးအပ်ခဲ့ကြပြီး ဖြစ်သည်။ သို့သော် ယခုအခါ တုပိုင်က သူတို့ကို အသေခံ တိုက်ခိုက်ရန် မဖြစ်မနေ အသုံးချနေပြီး အကြွင်းမဲ့ သေဆုံးခြင်းဆီသို့ အကြိမ်ကြိမ် စေလွှတ်နေရ၏။
သူတို့ စိတ်ဝိညာဉ်များအဖြစ်သာ ရှိနေချိန်၌ နတ်ဘုရားတို့၏ဘုရင် အသတ်ခံရပြီးပါက သူတို့ကို အသက်ပြန်ရှင်လာအောင် လုပ်နိုင်မည့် အခွင့်အရေး ရှိသေး၏။ သို့သော် ယခုလို အသေခံ တိုက်ခိုက်မှုများကို ပြုလုပ်လိုက်ခြင်းဖြင့် သူတို့ လုံးဝ ပြိုကွဲပျက်စီးသွားကြရလေပြီ။ ယခုအခါ အသက်ပြန်ရှင်လာရန် မည်သည့် အခွင့်အရေးမျှ မရှိတော့ချေ။
အကြိမ်တစ်ရာမြောက် တိုက်ခိုက်မှု...အကြိမ်တစ်ထောင်မြောက် တိုက်ခိုက်မှု... နောက်ဆုံး၌ တုပိုင်သည် နတ်ဘုရားတစ်ပိုင်း စိတ်ဝိညာဉ် ဆယ်ဂဏန်းများစွာ ၊ ထို့နောက် ရာဂဏန်း ၊ ထို့နောက် ထောင်ဂဏန်းပေါင်းများစွာကို တစ်စုတစ်စည်းတည်း ပေါင်းစည်းလိုက်၏။
ထို့နောက် သိပ်သည်းလှသည့် အလင်းစက်တစ်ခုတည်းအဖြစ် ဖိသိပ်ကာ တွင်းနက်ကြီးထဲသို့ ဝင်တိုက်စေလိုက်သည်။
သို့သော် ကျရှုံးနေဆဲပင်။ တုပိုင် သူ၏ စိတ်ကို တည်ငြိမ်အောင် ပြန်လည် ထိန်းချုပ်လိုက်ပြီး ထပ်မံ၍ နက်နက်နဲနဲ တွေးတောလိုက်ပြန်သည်။
ဤသာမန် တိုက်ခိုက်မှုများက အသုံးမဝင်ဘဲ သေချာပေါက် ကျရှုံးမည်သာ။ ဤစိတ်ဝိညာဉ်များဖြင့် သူ ရောက်ရှိနိုင်သည့် အမြင့်ဆုံး အမြန်နှုန်းမှာ အလင်းအလျင်နှင့် နီးစပ်ရုံမျှသာ ရှိသည်။ တကယ်တမ်း အလင်းထက် ကျော်လွန်သွားရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
အစီအစဉ်က ကျရှုံးသွားလေပြီ။ ထိုသို့ဆိုလျှင် သူ မည်သည်ကိုဆက်လုပ်သင့်သည်နည်း။ ရုတ်တရက် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှသည့် စိတ်ကူးတစ်ခုက တုပိုင်၏ စိတ်ထဲ၌ လင်းလက်လာ၏။
တွင်းနက်တစ်ခုကို တိုက်ခိုက်ရန်အတွက် တွင်းနက် တစ်ခုကို အသုံးပြုရမည်ပင်။ ဆိုလိုသည်မှာ ကျန်ရှိနေသည့် နတ်ဘုရားတစ်ပိုင်း စိတ်ဝိညာဉ် သောင်းနှင့်ချီအားလုံးကို ဖိချေကာ ကိုယ်ပိုင် တွင်းနက်တစ်ခု မဖြစ်တည်လာမချင်း အတင်းအကျပ် ပေါင်းစည်းပစ်ရမည် ဖြစ်၏။
သို့သော် သူသာ ထိုသို့ လုပ်ဆောင်လိုက်မည်ဆိုပါက သူနှင့် နတ်ဘုရားတို့၏ဘုရင်ကြား မည်သို့ ကွာခြားတော့မည်နည်း။
ဤနတ်ဘုရားတစ်ပိုင်းများက သူ့ကို ယုံကြည်ကြ၏။ သေဆုံးမသွားမီ သူတို့၏ အရာအားလုံးကို သူ့ထံ ပေးအပ်ခဲ့ကြသည်။ အကယ်၍ တုပိုင်ကသာ သူတို့၏ စိတ်ဝိညာဉ်များကို တွင်းနက်တစ်ခုအဖြစ် ဖိချေပစ်လိုက်မည်ဆိုပါက သူတို့ ထာဝရ သေဆုံးသွားရမည် ဖြစ်၏။ သူတို့ ဘယ်တော့မှ အသက်ပြန်ရှင်လာနိုင်တော့မည် မဟုတ်ချေ။
အချိန်တစ်ခုကြာပြီးနောက် တုပိုင် သူ၏ ရွေးချယ်မှုကို ပြုလုပ်လိုက်သည်။ နတ်ဘုရားတို့၏ဘုရင်ကို သတ်ဖြတ်ရန်နှင့် သူ၏ ဇနီးနှင့် သမီးကို အသက်ပြန်ရှင်လာစေရန်အတွက် သူ မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် အသင့်ရှိနေသည်။ မည်သည့် တန်ဖိုးကိုမဆို သူ ပေးဆပ်မည်သာ။
တုပိုင် ရင်ထဲမှနေ၍ တိတ်တဆိတ် တောင်းပန်စကား ဆိုလိုက်သည်။ "အားလုံးပဲ ကျုပ်... တုပိုင်က တောင်းပန်ပါတယ်။"
ထို့နောက် ကျန်ရှိနေသည့် သောင်းနှင့်ချီသော နတ်ဘုရားတစ်ပိုင်း စိတ်ဝိညာဉ်များကို ထိန်းချုပ်လိုက်ပြီး သူတို့၏ စိတ်ဆန္ဒ ၊ ခွန်အားနှင့် ဒြပ်ဝတ္ထု အားလုံးကို တစ်စုတစ်စည်းတည်း ဆွဲယူလိုက်၏။ ထို့နောက် ထိုအရာများကိုအားလုံးကို ဖိချေပစ်လိုက်သည်။
သောင်းနှင့်ချီသည့် တောက်ပနေသည့် စိတ်ဝိညာဉ်များ အားလုံးမှာ အတင်းအကျပ် ပေါင်းစည်းခံလိုက်ရကာ အဆုံးစွန်ထိ ဖိသိပ်ခံလိုက်ရ၏။
နောက်ဆုံး၌ သူတို့ အားလုံးမှာ တွင်းနက်တစ်ခုအဖြစ် ပြောင်းလဲသွားကြသည်။ အလွန်တရာ သေးငယ်လွန်းသော်လည်း ထိတ်လန့်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားလှသည့် တွင်းနက်တစ်ခု ဖြစ်၏။
သူ့အပေါ် ယုံကြည်ခဲ့ကြသည့် နတ်ဘုရားတစ်ပိုင်းများအတွက်မူ တုပိုင်က မည်သည့်အရာကိုမဆို စွမ်းဆောင်နိုင်သော နတ်ဘုရားတစ်ပါးပင်။ သေးငယ်လှသည့် တွင်းနက်လေးက တုပိုင်၏ အားအကောင်းဆုံးနှင့် နောက်ဆုံး လျှို့ဝှက်လက်နက်လည်း ဖြစ်နေ၏။
နတ်ဘုရားတို့၏ဘုရင်ကို သတ်ဖြတ်ရန် ရည်ရွယ်ထားသည့် အဆုံးစွန်သော လက်နက်ပင်။
"ဘုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး"
နတ်ဘုရားတစ်ပိုင်း သောင်းနှင့်ချီ စတေးခံမှုဖြင့် ဖန်တီးထားရသည့် တွင်းနက်လေးက နတ်ဘုရားတို့၏ဘုရင်၏ ဦးနှောက်ဗဟိုချက်ရှိ တွင်းနက်ကြီးအား ပြင်းထန်စွာ ဝင်တိုက်လိုက်၏။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၁၅ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ရေးရတာ ခေါင်းတွေလည်း မူးလှပြီ။ နောက်ခါ Mtl site ကနေ ဘယ်သောအခါမှ ယူမပြန်တော့ဘူး။ ဗြဲ 😭😭😭