← Chapters

အခန်း ၁၁၁၈

Vol. 106 Ch. 1118

အခန်း ၁၁၁၈

Vol. 106 Ch. 1118

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၁၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

လက်ရှိအချိန်၌ နတ်ဘုရားတို့၏ဘုရင်သည် ဒေဝါလီခံရတော့မည့် ကုမ္ပဏီတစ်ခုနှင့် တူနေ၏။ ဖိအား အနည်းငယ် ထပ်တိုးလိုက်ရုံဖြင့် သူ့ကို လုံးဝ ဖျက်ဆီးပစ်နိုင်မည် ဖြစ်သည်။

သူ၏ အကြီးမားဆုံး အားနည်းချက်မှာ သူ၏ လွန်ကဲလှသော လောဘပင် ဖြစ်၏။ သူသည် ရေတွက်၍မရနိုင်သော ဟင်းလင်းပြင်များနှင့် ကမ္ဘာလောကများကို တစ်ချိန်တည်းတွင် ထိန်းချုပ်ရန် ကြိုးစားရင်း သူ၏စွမ်းအားများကို အဆမတန် ဖြန့်ကျက်ထားခဲ့သည်။

တုပိုင်က အနုတ်လက္ခဏာ စွမ်းအင်များကို ထိန်းချုပ်ကာ မရပ်မနား ရူးသွပ်စွာ တိုက်ခိုက်နေ၏။ နတ်ဘုရားတို့၏ဘုရင်မှာ ထိတ်လန့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။

သူ နက်နက်ရှိုင်းရှိုင်း နောင်တရသွား၏။ တုပိုင်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့မိခြင်းကို နောင်တရသလို တုပိုင်အား သူ၏ ဦးနှောက်စကြဝဠာထဲသို့ ဝင်ရောက်ခွင့် ပြုလိုက်မိသည်ကိုလည်း နောင်တရနေသည်။

တုပိုင် သေဆုံးလုနီးပါး ဖြစ်နေချိန်၌ သောင်းနှင့်ချီသော နတ်ဘုရားတစ်ပိုင်းများက သူတို့၏ ယုံကြည်မှုကို ပေးအပ်ခဲ့ကြ၏။ ဤသည်က သူ့ကို ထိုကမ္ဘာလောကများရှိ ယုံကြည်မှုနတ်ဘုရားတစ်ပါးအဖြစ် ချက်ချင်း ပြောင်းလဲသွားစေပြီး သူ၏ ဦးနှောက်ထဲ၌ ကမောက်ကမ ဖြစ်စေရန် အခွင့်အရေး ရသွားစေခဲ့သည်။

သို့သော် နတ်ဘုရားတို့၏ဘုရင်မှာ လောဘကြီးလွန်းလှ၏။ သူသည် မည်သည့် စွမ်းအင်ကိုမျှ အဆုံးရှုံး မခံနိုင်ပေ။ အထူးသဖြင့် တုပိုင်၏ စွမ်းအင်ကိုပင်။

တုပိုင်ကဲ့သို့သော အောက်ခြေအဆင့် သက်ရှိတစ်ဦးက ဤမျှ ဉာဏ်ကောင်းလိမ့်မည်ဟု သူ ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ချေ။ တုပိုင်က နတ်ဘုရားသတ်ဖြတ်ခြင်း နည်းစနစ်ကို မည်သို့လုပ် သိနိုင်မည်နည်း။

ပုံမှန်အားဖြင့် တွင်းနက်များမှာ အနိုင်ယူ၍မရနိုင်သလို တိုက်ခိုက်၍လည်း မရနိုင်ချေ။ သို့သော် သူ့ကို လုံးဝ အံ့အားသင့်သွားစေသည်မှာ တုပိုင်က အနုတ်လက္ခဏာ စွမ်းအင်များကို မည်သို့ ဖန်တီးရမည်ကို သိရှိနေပြီး သူ၏ ဦးနှောက်ကို တိုက်ခိုက်ရန် ထိုအရာကို အမှန်တကယ်ပင် အသုံးပြုနေခြင်း ဖြစ်၏။

**--**--**--**--**--**--**--**

သူ၏ ဦးနှောက်ဗဟိုချက်ရှိ တွင်းနက်ကြီးကို ဖျက်ဆီးရန် နောက်ပြန်ရေတွက်ခြင်း စတင်နေပြီ ဖြစ်၏။

၅ ၊ ၄ ၊ ၃ ၊ ၂ ၊ ၁...

တုပိုင် အလွန်အမင်း စိတ်လှုပ်ရှားနေ၏။

သူ အောင်မြင်တော့မည် ဖြစ်သည်။

အကယ်၍ ဗဟိုချက် တွင်းနက်ကြီးသာ ပျက်စီးသွားပါက သူ၏ ဦးနှောက်မှာလည်း ပျက်သုဉ်းသွားမည်ဖြစ်ပြီး သူသည်လည်း အမှန်တကယ် သေဆုံးသွားမည် ဖြစ်၏။ သေချာသည်မှာ တွင်းနက် ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် တုပိုင်နှင့် သူ၏ မိသားစုဝင်များ၏ စိတ်ဝိညာဉ်များသည်လည်း ထာဝရ ပျောက်ကွယ်သွားနိုင်ခြေ ရှိသည်။

သို့သော် တုပိုင်က ထိုအန္တရာယ်များကို ဂရုမစိုက်နိုင်တော့ချေ။ သူ၏ စိတ်ထဲ၌ ရည်မှန်းချက် တစ်ခုတည်းသာ ရှိတော့၏။

နတ်ဘုရားတို့၏ဘုရင်ကို သတ်ရန်ပင်။

သို့သော်... သူ၏ ဦးနှောက်ဗဟိုချက်ရှိ တွင်းနက်ကြီး ကျိုးပဲ့ပျက်စီးတော့မည့် အချိန်လေးမှာပင်။

အရာအားလုံး ရပ်တန့်သွား၏။

တုပိုင်ထံ၌ အနုတ်လက္ခဏာ စွမ်းအင်များ ကုန်ခမ်းသွားလေပြီ။

သူ၏ ယုံကြည်သူ အားလုံး၏ စိတ်ဝိညာဉ်များမှာ လုံးဝ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ သူ၏ ဇနီးများနှင့် သားသမီးများသာ ကျန်ရစ်တော့သည်။

သူသည် ပိုမိုများပြားသော စွမ်းအင် အမှုန်များကို ဖန်တီးရန် သူ၏ ကိုယ်ပိုင် မိသားစုဝင်များ၏ စိတ်ဝိညာဉ်များကိုပါ ဝါးမျိုပစ်သင့်သလော။

တွင်းနက်ကြီးမှာ ပျက်စီးလုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကာ စွမ်းအင် အနည်းငယ်မျှသာ ထပ်မံ လိုအပ်တော့၏။ ဤသည်မှာ ကုလားအုတ်တစ်ကောင်၏ ကျောပေါ်သို့ ငှက်မွေးတစ်ချောင်း ထပ်တင်လိုက်သကဲ့သို့ပင်။ တုပိုင်အနေဖြင့် သူ၏ မိသားစုဝင်အားလုံးကို စတေးရန်ပင် မလိုအပ်ချေ။ တစ်ယောက် သို့မဟုတ် နှစ်ယောက်မျှဆိုလျှင် လုံလောက်နေပြီ ဖြစ်သည်။

သို့သော် အခြား နည်းလမ်းတစ်ခု ရှိနေသေး၏။

သူ့ကိုယ်သူ စတေးပစ်ရန်ပင်။ ကိုယ့်ကိုယ်ကိုယ် စတေးမည်လော သို့မဟုတ် သူ၏ မိသားစုကို စတေးမည်လော။

တုပိုင် လုံးဝ တုံ့ဆိုင်းမနေချေ။ သူ့ကိုယ်သူသာ စတေးရန် ရွေးချယ်လိုက်၏။ တွင်းနက်ကို သူ့အား ဝါးမျိုစေလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို စွမ်းအင် အမှုန်များအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ ထို့နောက် အဆုံးသတ် အနုတ်လက္ခဏာ စွမ်းအင်အမှုန်လေး ဖြစ်သွားသည့် သူ့ကိုယ်သူ သူ၏ ဦးနှောက်ဗဟိုချက်ရှိ တွင်းနက်ကြီးဆီသို့ တိုက်ရိုက် ဦးတည်သွားစေလိုက်၏။

“ဝှစ်...”

ထိုအဆုံးသတ် အမှုန်လေးက ဦးနှောက်ဗဟိုချက်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားလိုက်သည်။

**--**--**--**--**--**--**--**

နတ်ဘုရားတို့၏ဘုရင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။ “မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး...”

သူ၏ ဦးနှောက်ဗဟိုချက်ရှိ တွင်းနက်ကြီးမှာ ပျက်စီးရမည့် အမှတ်သို့ ရောက်ရှိသွားခဲ့လေပြီ။

ထို့နောက် ပြင်းထန်စွာ ပေါက်ကွဲသွားတော့၏။

“ဘုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”

သူ၏ ဦးနှောက်ထဲရှိ ပေါက်ကွဲမှုမှာ စကြဝဠာကြီးကိုပင် တုန်လှုပ်သွားစေ၏။ ဤသည်မှာ အဆုံးအစမဲ့သည့် ပရမ်းပတာ စွမ်းအင်များကို ထုတ်လွှတ်ပေးသည့် စကြဝဠာထဲရှိ တွင်းနက် ပေါက်ကွဲမှုတစ်ခုနှင့် အတိအကျ တူညီနေသည်။

စကြဝဠာထဲ၌ တွင်းနက်တစ်ခု သေဆုံးသွားခြင်းက များသောအားဖြင့် စူပါနိုဗာ တစ်ခုကို ဖြစ်ပေါ်စေတတ်၏။ တွင်းနက်တစ်ခု ပေါက်ကွဲသွားခြင်းက စကြဝဠာထဲသို့ စွမ်းအင်နှင့် သက်ရှိများကို ပြန်လည် ပေးအပ်လိုက်ခြင်းပင် ဖြစ်သည်။

ထိတ်လန့်ဖွယ် ပေါက်ကွဲမှုကြီးက နတ်ဘုရားတို့၏ ဘုရင်၏ ဦးနှောက်စကြဝဠာ တစ်ခုလုံးကို ချက်ချင်း ဆုတ်ဖြဲပစ်လိုက်၏။

ဂလက်ဆီ တစ်ခုလုံး ရုတ်တရက် ပြင်းထန်သည့် အလင်းရောင်များဖြင့် လွှမ်းမိုးခံလိုက်ရသကဲ့သို့ပင်။ ထိုအခိုက်အတန့်ရှိ အလင်းရောင်မှာ နေမင်းထက် အဆဘီလီယံ တစ်ရာမက ပိုမို တောက်ပနေလျက် ရှိသည်။

ယခုတစ်ကြိမ်၌ နတ်ဘုရားတို့၏ဘုရင်မှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ချေ။

သူ၏ ခန္ဓာကိုယ်က ဆက်တိုက် ပြောင်းလဲနေ၏။ ဧရာမ ပိရမစ်ကြီး တစ်ခုမှ လူသားသဏ္ဍာန် ပြောင်းလဲသွားပြီး ထို့နောက် လိမ်ကောက်နေသည့် ထူးဆန်းသော ပုံစံများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် ပြိုကျသွားတော့၏။

ကီလိုမီတာ သုံးထောင် မြင့်မားသည့် ဧရာမ ပိရမစ်ကြီးမှာ ချက်ချင်းပင် သေးငယ်သည့် အနက်ရောင် အစက်လေး တစ်စက်အဖြစ်သို့ ကျုံ့ဝင်သွားသည်။

ထို့နောက် အပြင်ဘက်သို့ ပေါက်ကွဲထွက်သွားတော့၏။

“အုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”

အားကောင်းလှသည့် ပေါက်ကွဲမှုကြီးက အဏုကြည့်ကမ္ဘာမှတဆင့် စကြဝဠာထဲသို့ ကျယ်ပြန့်သွားတော့သည်။

ကီလိုမီတာ သုံးထောင်အရွယ် ပိရမစ်ကြီးမှာ ချက်ချင်း ပျောက်ကွယ်သွား၏။

ပေါက်ကွဲမှုလှိုင်းများက ကြယ်သုံးပွင့် ဒေသရှိ ဂြိုဟ်များနှင့် လများအားလုံးကို ရိုက်ခတ်သွားသည်။ အလင်းနှစ် နှစ်နှစ် အချင်းဝက်အတွင်းရှိ ကြယ်တိုင်းမှာ လုံးဝ ပျောက်ကွယ်သွားကြ၏။

နောက်ဆုံး၌... နေမင်း သုံးစင်းပင်။

ကြယ်သုံးပွင့် ဒေသရှိ ကြယ်သုံးပွင့်မှာလည်း ပြင်းထန်စွာ ပေါက်ကွဲသွားကြ၏။ သူတို့၏ စွမ်းအင် အားလုံးကို တစ်ပြိုင်နက်တည်း လောင်ကျွမ်းစေပြီးနောက် နေမင်း သုံးစင်းမှာ ပေါက်ကွဲထွက်သွားတော့သည်။

ကြယ်သုံးပွင့် ဒေသ တစ်ခုလုံး လုံးဝ ပျက်စီးသွားလေပြီ။

**--**--**--**--**--**--**--**

နတ်ဘုရားတို့၏ဘုရင် သေဆုံးသွားလေပြီ။

ရေတွက်၍မရနိုင်သည့် ကမ္ဘာလောကများကို ဖျက်ဆီးပစ်ခဲ့သည့် မိစ္ဆာကြီးသည် နောက်ဆုံး၌ သေဆုံးသွားခဲ့ပြီ ဖြစ်၏။ အနိုင်ယူ၍မရနိုင်လောက်အောင် အလွန်အမင်း အားကောင်းလွန်းလှသည့် သူမှာ မရှိတော့ချေ။

တုပိုင်က နဂါးမျိုးနွယ် တစ်ခုလုံးအတွက် အောင်မြင်စွာ ကလဲ့စားချေနိုင်လိုက်ပြီ ဖြစ်သည်။ မိစ္ဆာများ ၊ လူသားများနှင့် နတ်ဘုရားတို့၏ ဘုရင်၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရသည့် သက်ရှိတိုင်းအတွက် လက်စားချေနိုင်လိုက်ပြီ ဖြစ်သည်။

**--**--**--**--**--**--**--**

ထို့နောက် အချိန်က နောက်ပြန်ဆုတ်လာ၏။

အရာအားလုံးက ကမ္ဘာပျက်ခေါင်းလောင်းသံ မမြည်ခင် အခိုက်အတန့်ဆီသို့ အတိအကျ ပြန်လည် ရောက်ရှိသွားသည်။ အရာအားလုံး မပျက်စီးခင် အခိုက်အတန့်ဆီသို့ပင်။

မူလက ဤအချိန်၌ ကမ္ဘာမြေပေါ်ရှိ ရန်ယဲ့ရှောင် ၊ တုရှောင်နှင့် ဖန်ရှောင် အစရှိသည့် လူတိုင်းမှာ သုတ်သင်ခံလိုက်ရမည်သာ ဖြစ်၏။ တာ့နင်အင်ပါယာရှိ နင်းရွှဲ့ ၊ သူမ၏ သား ၊ သူမ၏ သမီးငယ်လေးနှင့် ထိုကမ္ဘာရှိ အခြားသော လူတိုင်းမှာလည်း သေဆုံးရမည်သာ။

သို့သော် ရလဒ်က ပြောင်းလဲသွားလေပြီ။

ကမ္ဘာပျက်ခေါင်းလောင်း၏ ပဲ့တင်သံကြောင့် အချိန်များ နောက်ပြန်ဆုတ်သွားကာ အမှန်တရားကို ပြန်လည် ရေးသားလိုက်၏။ ကမ္ဘာမြေပေါ်ရှိ အသက်ရှင်ကျန်ရစ်သူ သိန်းနှင့်ချီသည့် လူများမှာ အကောင်းတိုင်းရှိနေကြသည်။

တုပိုင်၏ ဇနီးများနှင့် သားသမီးများ အပါအဝင် တာ့နင်အင်ပါယာရှိ လူတိုင်းမှာလည်း အကောင်းတိုင်းရှိနေကြသာ်။

သို့သော်... တုပိုင်က မည်သည့်နေရာသို့ ရောက်နေသည်နည်း။ တုပိုင် ပျောက်ဆုံးနေ၏။ သူ... ထာဝရ အိပ်စက်သွားလေပြီလော...။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၁၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters