← Chapters

အခန်း ၁၁၂၀

Vol. 106 Ch. 1120 - final

အခန်း ၁၁၂၀

Vol. 106 Ch. 1120 - final

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း ၁၁၂၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

သူမအနေဖြင့်မူ သူမ၏ အချိန်များအားလုံးကို သမီးငယ်လေးအပေါ်၌သာ အာရုံစိုက်ထား၏။ ဤတစ်နှစ်အရွယ် ကလေးငယ်လေးမှာ သူမ၏ ကမ္ဘာကြီး တစ်ခုလုံးပင် ဖြစ်နေသည်။ ကလေးငယ်ကို လက်တစ်ဖက်ဖြင့် ပွေ့ချီထားရင်း အခြားလက်တစ်ဖက်က စာရွက်တစ်ရွက်ပေါ်၌ ငါးတစ်ကောင်ကို ရေးဆွဲနေ၏။

"ငါး..."

ကလေးငယ်လေးက မိခင် ရေးဆွဲထားသည့် ငါးကို ကြည့်လိုက်ပြီးနောက် ကန်ထဲရှိ အစစ်အမှန် ငါးများကို လိုက်ကြည့်နေ၏။ သူမ၏ ကြီးမားသည့် မျက်လုံးဝိုင်းလေးများက စူးစမ်းချင်စိတ်များဖြင့် ပြည့်နှက်နေသည်။

ရေးဆွဲထားသည့် ငါးနှင့် အစစ်အမှန် ငါးတို့မှာ သူမအတွက် ကွာခြားသလိုလို တူညီသလိုလို ရှိနေပုံရ၏။

"ငါး..." ကလေးငယ်လေးက သူမ၏ ပန်းရောင်သန်းနေသည့် ပါးစပ်လေးဖြင့် ချိုမြိန်စွာ ရေရွတ်လိုက်သည်။ သူမထံ၌ သေးငယ်သည့် သွားလေး အနည်းငယ် ပေါက်နေပြီ ဖြစ်၏။

ပန်းချီကားကို ကြည့်ပြီးနောက် သူမက ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်သည်။ ထိုအခိုက်အတန့်၌ အစေခံမလေး တစ်ဦး၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာ၏။

အစေခံမလေးက ပြောလိုက်သည်။ "အရှင်မ... သခင်မ ကျီကျန်ယန်က တွေ့ခွင့်တောင်းနေပါတယ်။"

နင်းရွှဲ့ အနည်းငယ် အံ့အားသင့်သွား၏။

ကျီကျန်ယန်မှာ ပေမင်ဓားဂိုဏ်းမှ ဖြစ်သည်။ သူမက ပုံမှန်အားဖြင့် ဂိုဏ်း၏ ရေအောက် အခန်းထဲ၌သာ တံခါးပိတ် ကျင့်ကြံနေတတ်၏။ သူမ အဘယ်ကြောင့် ဤနေရာသို့ လာရသည်နည်း။

**--**--**--**--**--**--**--**

ကျီကျန်ယန် ဝင်လာ၏။ သူမ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။

သေချာသည်မှာ သူမသည် အလွန် လှပနေဆဲပင် ဖြစ်သော်လည်း ယခင်ကဲ့သို့ တက်ကြွသည့် ဆွဲဆောင်မှုမျိုး မရှိတော့ချေ။ ထိုအစား ပန်းချီကားတစ်ချပ်ကဲ့သို့ ငြိမ်သက်နေပြီး ခံစားချက် ကင်းမဲ့နေပုံရ၏။

သူမ ဝင်လာသည်နှင့် တစ်ပြိုင်နက် နင်းရွှဲ့၏ ရင်ခွင်ထဲရှိ ကလေးငယ်လေးကို မြင်တွေ့သွားကာ အချိန်အတော်ကြာ စိုက်ကြည့်နေမိသည်။ ဤသည်က သူမ၏ ကလေးဖြစ်သည့် တုမိုကို သတိရသွားစေခြင်းပင်။

နင်းရွှဲ့က နှုတ်ဆက်လိုက်သည်။ "အစ်မ..."

ကျီကျန်ယန်က ကလေးငယ်လေးကို အရင်ဆုံး ညင်သာစွာ ပြုံးပြလိုက်ပြီးနောက် မေးလိုက်၏။ "တုပိုင်ရော ဘယ်မှာလဲ။ သူ ပြန်ရောက်မလာသေးဘူးလား။"

နင်းရွှဲ့က ခေါင်းယမ်းလိုက်၏။

ကံကြမ္မာ ပြောင်းပြန်လည်သွားခဲ့သည်မှာ နှစ်ဝက်ကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း တုပိုင် ပေါ်မလာခဲ့ချေ။ လုံးဝ ပျောက်ကွယ်သွားသည့်အလားပင်။

ကျီကျန်ယန်က ပြောသည်။ "ဧကရီနင်းရွှဲ့... ကျွန်မတို့ ကမ္ဘာကြီးက ဧရာမ ကပ်ဘေးကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတယ်။ တာ့နင်အင်ပါယာတင် မကဘူး တစ်ကမ္ဘာလုံးပဲ။ ကျွန်မနဲ့ လိုက်ခဲ့ပါ။"

နင်းရွှဲ့က ကျီကျန်ယန်၏ နောက်မှ လသာဆောင်ဆီသို့ လိုက်သွား၏။

လလယ်ပိုင်း ဖြစ်သောကြောင့် ကောင်းကင်ပေါ်ရှိ လမင်းကြီးမှာ လင်ပန်းတစ်ချပ်ကဲ့သို့ ဝိုင်းစက် တောက်ပနေသည်။

ကျီကျန်ယန်က ပြောသည်။ "အရှင်မ... လမင်းနဲ့ ကြယ်တွေဆီမှာ ထူးဆန်းတာ တစ်ခုခု ရှိနေတယ်လို့ မထင်ဘူးလား။"

နင်းရွှဲ့က ကောင်းကင်ယံကြီးအား သေချာ ကြည့်လိုက်၏။

"လမင်း..." ကလေးငယ်လေးက သူမ၏ ဖောင်းမို့နေသည့် လက်ချောင်းလေးများဖြင့် ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်သည်။

နင်းရွှဲ့က ကလေးငယ်၏ ပါးလေးကို နမ်းလိုက်သည်။ "ဟုတ်တယ်... လမင်းကြီး..."

ကလေးငယ်လေးက ထပ်မံ၍ ပျော်ရွှင်စွာ လက်ခုပ်တီးပြန်၏။

နင်းရွှဲ့ကမူ လမင်းကို သေချာစွာ ကြည့်လိုက်သည်။ သေချာသည်မှာ ပြဿနာကို သူမ မြင်တွေ့သွား၏။ လမင်းကြီးမှာ ပို၍ ပါးလွှာနေပုံရသည်။

လမင်းနှင့် ကြယ်များ အားလုံးမှာ မှေးမှိန်လာနေပုံရပြီး သူတို့၏ အလင်းရောင်များမှာလည်း အားနည်းလာနေ၏။

ကျီကျန်ယန်က ဝမ်းနည်းဟန်ဖြင့် ပြောသည်။ "အရှင်မ... ကျွန်မတို့ရဲ့ ကမ္ဘာကြီး ပျောက်ကွယ်နေပြီ။"

**--**--**--**--**--**--**--**

နောက်တစ်နေ့၌ တော်ဝင်ရောမအင်ပါယာနှင့် မီးနတ်ဘုရားဂိုဏ်းတို့မှ သံတမန်များ တာ့နင်အင်ပါယာသို့ ရောက်ရှိလာကြ၏။

ကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့လုံးက အကြောင်းပြချက် တစ်ခုတည်းအတွက်သာ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူတို့၏ စကြဝဠာကြီး တစ်ခုလုံးကို ခြိမ်းခြောက်နေသည့် ကပ်ဘေးကြီးကို မည်သို့ ဖြေရှင်းရမည်နည်း ဆိုသည်ကို ဆွေးနွေးရန်ပင်။

နင်းရွှဲ့၏ ခင်ပွန်းဖြစ်သူ တုပိုင်က ကမ္ဘာကြီးကို အကြိမ်များစွာ ကယ်တင်ခဲ့သောကြောင့် လက်ရှိအချိန်၌ ကမ္ဘာ့ထိပ်သီးအင်အားကြီးသုံးဖွဲ့က အရှေ့တိုင်းအင်ပါယာကို သူတို့၏ ခေါင်းဆောင်အဖြစ် ရှုမြင်ထားကြသည်။

အနောက်ကမ္ဘာနှင့် မီးနတ်ဘုရားဂိုဏ်းတို့မှ ပညာရှိများကလည်း သူတို့၏ ကမ္ဘာကြီး တဖြည်းဖြည်း ပျောက်ကွယ်နေသည်ကို သတိပြုမိသွားလေပြီ။

တာ့နင်အင်ပါယာမှ ထိပ်ပိုင်းအရာရှိများကလည်း သူမ၏ အမိန့်ကို စောင့်ဆိုင်းနေကြ၏။ ဤကပ်ဘေးကြီးနှင့် ရင်ဆိုင်ရချိန်၌ ကမ္ဘာကြီးက မည်သို့ ရှင်သန်နိုင်မည်နည်း။ သူတို့ မည်သည်ကို လုပ်သင့်သည်နည်း။

နင်းရွှဲ့က ကလေးငယ်လေးကို ရင်ခွင်ထဲ၌ ပွေ့ချီထားရင်း မျက်လုံးများကို မှိတ်ကာ ကလေးငယ်၏ အသားအရေမှ ချိုမြိန်သည့် နို့နံ့လေးကို ရှူရှိုက်လိုက်၏။

သူမ၏ အလိုလို သိမြင်နိုင်စွမ်းကို ရှာဖွေနေခြင်းပင်။

မိခင်တိုင်း၌ အလွန် ထက်မြက်သည့် အလိုလို သိမြင်နိုင်စွမ်းများ ရှိကြ၏။ အထူးသဖြင့် မိမိ၏ ကလေးငယ်ကို ကာကွယ်ရမည့် အချိန်မျိုး၌ပင်။

ယခင် ကမ္ဘာပျက်ကပ်ဘေးကြီး အတွင်း၌ နင်းရွှဲ့ သူမ၏ ကလေးငယ်ကို ပွေ့ချီထားချိန်၌ အရာအားလုံးကို ထာဝရ ဆုံးရှုံးရတော့မည့် ခံစားချက်များဖြင့် ပြည့်နှက်ကာ ထိတ်လန့် စိုးရိမ်နေခဲ့ရသည်။

သို့သော် ယခုအချိန်၌မူ... သူမ ငြိမ်းချမ်းနေသည်ဟု ခံစားနေရ၏။

မည်သည့် ကြောက်ရွံ့မှု သို့မဟုတ် စိုးရိမ်ပူပန်မှုကိုမှ လုံးဝ မခံစားရချေ။ ကလေးငယ်ကို ပွေ့ချီထားရသည်မှာ ကမ္ဘာကြီး တစ်ခုလုံးကို ပွေ့ချီထားရသကဲ့သို့ပင်။ သူမ အလွန် လုံခြုံပြီး တည်ငြိမ်နေသည်ဟု ခံစားရသည်။

နောက်ဆုံး၌ နင်းရွှဲ့က ပြောသည်။ "ဘာမှ လုပ်စရာ မလိုဘူး။ ပုံမှန်အတိုင်းပဲ ဆက်ပြီး နေထိုင်ကြပါ။ မကြောက်ဖို့ ကြိုးစားကြ။ တကယ်လို့ အရမ်း ကြောက်နေတယ် ဆိုရင်လည်း အိမ်မှာပဲနေပြီး စာအုပ်ဖတ်နေပါ။ မကြာခင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ်။"

နင်းရွှဲ့၏ စကားများကို ကြားလိုက်ရချိန်၌ အနောက်ကမ္ဘာနှင့် မီးနတ်ဘုရားဂိုဏ်းတို့မှ သံတမန်များ အပါအဝင် တာ့နင်အင်ပါယာ၏ သစ္စာရှိ အမတ်ကြီးများအားလုံး ခေတ္တမျှ မှင်တက်သွားကြ၏။

ထို့နောက် သူတို့က ရိုသေလေးစားစွာ ဦးညွှတ်လိုက်ကြသည်။ "အမိန့်တော်မြတ်အတိုင်းပါ အရှင်မ...။"

**--**--**--**--**--**--**--**

တဖြည်းဖြည်းဖြင့် တာ့နင်အင်ပါယာ၏ ကမ္ဘာကြီးက ပို၍ပို၍ ပါးလွှာလာ၏။ အရာအားလုံးက ပွင့်လင်းမြင်သာစွာ ဖြစ်လာသည်။ ကမ္ဘာလောကရှိ တောင်တန်းများ ၊ မြစ်များ ၊ လွင်ပြင်များနှင့် သမုဒ္ဒရာများ အားလုံး မှေးမှိန်သွားကြ၏။

သူတို့၏ စကြဝဠာကြီးမှာ အမှန်တကယ် ပျောက်ကွယ်နေခြင်းပင်။ သို့သော် မည်သည့် လူ သို့မဟုတ် သက်ရှိမျှ ထိခိုက်ဒဏ်ရာ ရခြင်း သို့မဟုတ် သက်ရောက်မှု တစ်စုံတစ်ရာ ခံရခြင်း လုံးဝ မရှိခဲ့ချေ။

နောက်ဆုံး၌ တာ့နင်အင်ပါယာ ကမ္ဘာကြီး တစ်ခုလုံး လုံးဝ ဖောက်ထွင်းမြင်ရသည့် အခြေအနေသို့ ရောက်ရှိသွား၏။ ထို့နောက်... မျက်စိကျိန်းမတတ် စူးရှလှသည့် အဖြူရောင် အလင်းတန်းကြီး တစ်ခုက ကမ္ဘာကြီးကို ဖုံးလွှမ်းသွားတော့သည်။ အမြင်အာရုံနှင့် အကြားအာရုံများ အားလုံးကို ဆုံးရှုံးသွားကြ၏။ သူတို့ ဘာကိုမျှ မမြင်နိုင်တော့သလို ဘာကိုမျှလည်း မကြားနိုင်တော့ချေ။

သို့သော် သူတို့ မျက်လုံးများ ပြန်ဖွင့်ကြည့်လိုက်ချိန်၌... ထူးဆန်းသလိုလို ရင်းနှီးသလိုလို ခံစားရသည့် ကမ္ဘာတစ်ခုထဲ၌ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။

မြေပြင် အနေအထားများက တူညီနေသောကြောင့် ရင်းနှီးနေခြင်းပင်။

သို့သော် အိမ်များနှင့် မြို့ကြီးများ အားလုံး ပျောက်ကွယ်သွားကာ ပတ်ပတ်လည်၌ စိမ်းလန်းစိုပြည်သည့် သစ်တောထူထူကြီးများဖြင့် အစားထိုးခံလိုက်ရသောကြောင့် ထူးဆန်းနေခြင်း ဖြစ်၏။

**--**--**--**--**--**--**--**

ကမ္ဘာနှစ်ခု ပေါင်းစည်းသွားလေပြီ။ ပျံသန်းနေသည့် အင်းဆက်များနှင့် တောရိုင်းသားရဲများမှစ၍ ငါးများ ၊ မြွေများနှင့် အလွန် သေးငယ်သည့် အဏုဇီဝပိုးမွှားလေးများ အထိ တာ့နင်အင်ပါယာ စကြဝဠာမှ သက်ရှိအားလုံးမှာ ခေတ်သစ်ကမ္ဘာမြေပေါ်သို့ ဘေးကင်းစွာ ကူးပြောင်းသွားခဲ့လေပြီ။

တာ့နင်အင်ပါယာ စကြဝဠာနှင့် ခေတ်သစ်ကမ္ဘာမြေတို့မှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြ၏။

ပွားလာသည့် စကြဝဠာကြီးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။ ခေတ်သစ်ကမ္ဘာမြေမှာ အဆုံးအစမဲ့သည့် သက်ရှိများဖြင့် ချက်ချင်း ပြည့်နှက်သွားတော့သည်။

ဂြိုဟ်ကြီး တစ်ခုလုံး သက်ဝင်လှုပ်ရှားလာ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် သမုဒ္ဒရာများထဲ၌ ငါးများဖြင့် ပြည့်နှက်သွားကာ ကောင်းကင်ယံ၌ ငှက်များ ၊ သစ်တောများထဲ၌ သားရဲများဖြင့် ပြည့်နှက်သွားကြသည်။

**--**--**--**--**--**--**--**

ကမ္ဘာနှစ်ခုမှ တုပိုင်၏ မိသားစုဝင်များ နောက်ဆုံး၌ ပြန်လည် ဆုံစည်းသွားကြပြီ ဖြစ်သည်။

ဖန်ရှောင်က ကိုအာလာ ဝက်ဝံလေး တစ်ကောင်လို ပြုမူကာ နင်းရွှဲ့ကို ပျော်ရွှင်စွာ ဖက်ထား၏။

နင်းရွှဲ့ကမူ ကိုယ်ဝန်ဆောင်ထားသည့် ရန်ယဲ့ရှောင်ကို ကြည့်နေသည်။

သူမက ညင်သာစွာ မေးသည်။ "ကိုယ်ဝန် ဘယ်နှလ ရှိပြီလဲ။"

ရန်ယဲ့ရှောင်က သူမ၏ ဝမ်းဗိုက်အား ပွတ်သပ်ရင်း ပြန်ဖြေ၏။ "ကိုးလပါ။"

ထိုအခိုက် နင်းရွှဲ့၏ ရင်ခွင်ထဲရှိ ကလေးမလေးက ရန်ယဲ့ရှောင်၏ ဗိုက်ကို လက်ညှိုးထိုးကာ ချိုမြိန်ပြတ်သားသည့် အသံလေးဖြင့် အော်ဟစ်လိုက်သည်။ "မောင်လေး... မောင်လေး..."

ထို့နောက် သူမက ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်ပြန်၏။

**--**--**--**--**--**--**--**

သိပ္ပံယဉ်ကျေးမှုနှင့် မှော်စွမ်းအင် ယဉ်ကျေးမှုတို့မှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြ၏။ ကမ္ဘာကြီးက တစ်နေ့တခြား တိုးတက်လာသည်။ ကမ္ဘာမြေပေါ်ရှိ အရာအားလုံးသည်လည်း အလွန် လှပလာ၏။

နေရာအနှံ့မှ လူများက ဤယဉ်ကျေးမှုသစ်နှင့် ကမ္ဘာသစ်ကြီးကို တည်ဆောက်ရန် ကြိုးကြိုးစားစား အလုပ်လုပ်နေကြသည်။ ရေတွက်၍ မရနိုင်သော လူများ၏ မျက်နှာပေါ်၌ ပျော်ရွှင်သည့် အပြုံးများဖြင့် ပြည့်နှက်နေ၏။

မကြာမီမှာပင် ရန်ယဲ့ရှောင်က ကျန်းမာရေးကောင်းမွန်ပြီး အလွန်ချစ်စရာကောင်းသည့် သားယောကျာ်းလေး တစ်ဦးကို မွေးဖွားခဲ့သည်။

ယခုအခါ တုပိုင်၏ မိသားစုထဲ၌ ကလေးငယ် တစ်ဦး ထပ်တိုးလာလေပြီ။

တုရှောင်အတွက် စောင့်ရှောက်ပေးရမည့် မိသားစုဝင် အသစ်လေး တစ်ဦး ရလာခဲ့ပြီး ချစ်စရာကောင်းသည့် ဖန်ရှောင်အတွက်လည်း နောက်လိုက်ငယ်လေး တစ်ဦးကို ရလိုက်ခြင်းပင်။

သို့သော် ရန်ယဲ့ရှောင် ကလေးမွေးဖွားချိန်၌ပင် တုပိုင် ပေါ်မလာသေးချေ။ ကမ္ဘာကြီး တစ်ခုလုံးက ပျော်ရွှင်ပြီး ငြိမ်းချမ်းနေ၏။ တစ်ခုတည်းသော ဝမ်းနည်းစရာက တုပိုင် ပြန်ရောက်မလာသေးခြင်းပင်။

သူတို့အားလုံး နေ့စဉ်ရက်ဆက် လနှင့်ချီ၍ စောင့်မျှော်နေခဲ့ကြသည်။

သို့သော် တုပိုင်က ပေါ်မလာခဲ့ချေ။

**--**--**--**--**--**--**--**

တုရှောင်က သူမ၏ ကုတင်ကြီးပေါ်၌ ကွေးကွေးလေး အိပ်နေရင်း ပျော်ရွှင်နေသည့် မိသားစု ဓာတ်ပုံလေးကို ထုတ်ကြည့်လိုက်၏။

ဓာတ်ပုံထဲ၌ လူသုံးယောက် ရှိနေသည်။ သူမ၏ ဖခင် ၊ သူမ၏ မိခင်နှင့် သူမကိုယ်တိုင်ပင်။

သူမက တီးတိုး ရေရွတ်လိုက်သည်။ "ဖေဖေ... ရှောင်ရှောင် ကြီးပြင်းလာပြီ ဆိုပေမယ့် ဖေဖေ့ကို လိုအပ်နေတုန်းပဲ။ ဖေဖေ မရှိဘဲ သမီး အသက်မရှင်နိုင်ဘူး။"

"သမီး အနားမှာ နေ့တိုင်း ရှိနေပေးဖို့ မလိုပါဘူး။ ဖေဖေ ဘေးကင်းနေတယ် ဆိုတာကိုပဲ သမီး သိချင်တာပါ။"

တုရှောင်က ဓာတ်ပုံထဲရှိ တုပိုင်၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်၏။

သူမ၏ နှလုံးသားက ဖခင်ဖြစ်သူနှင့် အမြဲတမ်း ချိတ်ဆက်နေမည်သာ ဖြစ်သည်။

သူ့ကို လွမ်းဆွတ်နေသည်မှာ တုရှောင် တစ်ယောက်တည်း မဟုတ်ချေ။ ဖန်ရှောင် ၊ တုမို ၊ ရန်ယဲ့ရှောင်နှင့် နင်းရွှဲ့တို့ အားလုံး အတူတူပင် ဖြစ်ကြ၏။

တုပိုင်၏ ဇနီးများနှင့် သားသမီးများ အားလုံးတို့က ပျော်ရွှင်စွာ နေထိုင်ရင်း ယဉ်ကျေးမှုသစ် တည်ဆောက်ရာ၌ ကူညီပေးနေကြသည်။

သို့သော် ညနက်ပိုင်း အချိန်များ၌မူ သူ့ကို အလွန်အမင်း လွမ်းဆွတ်ကာ ငိုကြွေးနေကြဆဲပင်။

တုရှောင်က ဖခင်၏ ဓာတ်ပုံကို ကိုင်ထားရင်း အိပ်ပျော်သွား၏။

အခိုက်အတန့် အကြာ၌ တောက်ပနေသည့် တုပိုင်၏ အရိပ်တစ်ခုက သူမ၏ ကုတင်ဘေး၌ ပေါ်လာသည်။ သူက သူမ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။

မျက်လုံးများ မှိတ်ထားဆဲ ဖြစ်သော်လည်း တုရှောင်က ဖခင်၏ နွေးထွေးသည့် အထိအတွေ့ကို ခံစားသိရှိနေ၏။

သူမက တုန်ရီနေသည့် အသံဖြင့် မေးလိုက်သည်။ "ဖေဖေ... သမီးနဲ့အတူ ထာဝရ ရှိနေပေးမှာလားဟင်။"

တုပိုင်က ညင်သာစွာ ပြော၏။ "ဒါပေါ့။ ဖေဖေက ရှောင်ရှောင်နဲ့ အတူ ထာဝရ ရှိနေပေးမှာပါ။ သမီးနဲ့တင် မကဘူး... သမီးရဲ့ အမေတွေရော မိသားစုဝင် အားလုံးနဲ့ပါ အတူတူ ရှိနေပေးမှာပါ။ ဖေဖေတို့ မိသားစုက အမြဲတမ်း အတူတူ ရှိနေကြမှာပါ။"

**--**--**--**--**--**--**--**

ပူပြင်းလောင်ကျွမ်းနေသည့် နေမင်းကြီး၏ နက်ရှိုင်းသော နေရာ၌ ခမ်းနားထည်ဝါလှသည့် ရွှေရောင် နန်းတော်ကြီး တစ်ခု ရှိနေ၏။ တုပိုင်က ထိုအထဲ၌ တိတ်ဆိတ်စွာ ထိုင်နေသည်။

လှပသည့် ပုံရိပ်တစ်ခု ပျံသန်းဝင်ရောက်လာပြီးနောက် ကြမ်းပြင်ပေါ်၌ ပျင်းရိပျင်းတွဲ လှဲလျောင်းလိုက်၏။

တုပိုင်က မေးသည်။ "ဒီတစ်ကြိမ်ရော ဘယ်ကို သွားလာတာလဲ။"

မိုဟန်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ "ငါ့ရဲ့ နယ်မြေကို ကင်းလှည့်ဖို့ သွားတာပေါ့။ နေအဖွဲ့အစည်း တစ်ခုလုံးက ငါ့ရဲ့ နယ်မြေပဲ။ ပြီးတော့ ငါက အကြီးမြတ်ဆုံး ဘုရင်မပဲလေ။"

တုပိုင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ "အင်္ဂါဂြိုဟ်နဲ့ သောကြာဂြိုဟ်တွေပေါ်မှာ ဘာသက်ရှိမှ မရှိပါဘူး။ မင်းက လတိုင်း အဲဒီကို သွားလည်ဖို့ တကယ် လိုလို့လား။"

မိုဟန်က ပြန်ဖြေလိုက်၏။ "ငါ ဂရုမစိုက်ပါဘူး။ ရိုးရိုးလေး ပြောရရင် အဲဒါ ငါ့နယ်မြေပဲ။ ငါက ဘုရင်မလေ။"

ထို့နောက် သူမက မေးသည်။ "ယောကျာ်း... ဘယ်ဟာက ပိုကြီးလဲ။ နေအဖွဲ့အစည်းလား အန်နမ်နိုင်ငံလား။ လက်ရှိအချိန်မှာ ငါ့ရဲ့ အာဏာနဲ့ နယ်မြေက ပိုကြီးနေပြီ မဟုတ်လား။"

တုပိုင် မည်သည်ကို ပြောရမှန်း မသိတော့ချေ။ သူက သူမ၏ မေးခွန်းကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ပြီး တစ်ဖက်သို့ လှည့်လိုက်၏။

မိုဟန်က သူ့ကို ပြန်ဆွဲလှည့်လိုက်ပြီး ပြောလိုက်သည်။ "ငါ့ရဲ့ နောက်တစ်ကြိမ် နေအဖွဲ့အစည်း ကင်းလှည့်ခရီးစဉ်က နောက်ထပ် တစ်လ နေမှ သွားရမှာ။ ဒီတစ်လအတွင်းမှာ... ငါတို့ ရှက်စရာကောင်းတဲ့ ရိုမန့်တစ် ကစားနည်းတွေကို ကစားကြမလား။"

သူမ ခေါ်ဆိုသည့် ရှက်စရာကောင်းသော ရိုမန့်တစ် ကစားနည်းများ ဆိုသည်မှာ အမှန်တကယ်တော့ လင်မယား နှစ်ဦးကြားရှိ ရင်းနှီးသည့် အခိုက်အတန့်များကို ဆိုလိုခြင်းပင်။

မိုဟန်မှာ သူမ ချစ်တင်းနှီးနှောရသည်ကို စွဲလန်းနေကြောင်း ဝန်ခံရန် ခေါင်းမာလွန်းနေ၏။

သူတို့ နေ့စဉ်ရက်ဆက် ကစားခဲ့ကြသည်။

နေမင်းကြီး၏ အပူရှိန်က ပြီးပြည့်စုံသည့် ခံစားချက်ကို ဖန်တီးပေးနေခြင်းလည်း ဖြစ်နိုင်၏။

ကံကောင်းစွာဖြင့် သူမသည် အလွန် ရိုးရှင်းသည့် စိတ်ထားမျိုး ရှိသူ ဖြစ်သည်။ သူမက လွတ်ဟာနေသည့် နေအဖွဲ့အစည်းကို ကင်းလှည့်ရခြင်းကဲ့သို့သော ရူးမိုက်သည့် လုပ်ရပ်များကို နှစ်သက်ရုံသာမက တုပိုင်နှင့်အတူ ဤရိုမန့်တစ် ကစားနည်းများ ကစားရခြင်းကိုလည်း လုံးဝ စွဲလန်းနေခဲ့၏။

မကြာမီမှာပင် သူမက တုပိုင်၏ အပေါ်သို့ ထပ်မံ တက်လာကာ ထိုအခိုက်အတန့်၌ နက်နက်ရှိုင်းရှိုင်း သာယာမူးယစ်နေတော့သည်။

ယခင် ပိုင်ဆယ်စီရင်စု၌ ရှိစဉ်က သူမသည် ဘုရင်မအဖြစ် သရုပ်ဆောင်ရသည့် ကစားနည်းများကို နှစ်ပေါင်းများစွာတိုင်အောင် မငြီးမငွေ့ဘဲ ကစားနိုင်ခဲ့၏။

ယခုအခါ၌ နေအဖွဲ့အစည်းကို ကင်းလှည့်ရခြင်းနှင့် ဤကဲ့သို့ နေ့ရက်များကို ကုန်ဆုံးရခြင်းက သူမအတွက် ပို၍ပင် ပျော်စရာ ကောင်းနေခဲ့လေပြီ။ သူမသည် ဤကဲ့သို့ နှစ်တစ်ထောင် သို့မဟုတ် နှစ်တစ်သောင်းတိုင်အောင် ဘယ်သောအခါမှ မငြီးငွေ့ဘဲ ကစားနိုင်ပေလိမ့်မည်။

ဤမျှ ရိုးရှင်းပြီး ဖြူစင်သည့် စိတ်ထားရှိသူ တစ်ဦးကို ကျေနပ်အောင် ထားရန်မှာ အမြဲတမ်း လွယ်ကူလှ၏။

သူမ တစ်စုံတစ်ယောက်ကို ချစ်မိသွားချိန်၌ ရိုးရိုးရှင်းရှင်းနှင့် ထာဝရ ချစ်သွားတတ်သည်။

သူမက ဘုရင်မ တစ်ပါးအဖြစ် သရုပ်ဆောင်နေသည် ဖြစ်စေ ၊ နတ်ဘုရား တစ်ပါး ဖြစ်လာသည် ဖြစ်စေ... ရိုးရှင်းသည့် စိတ်ထားရှိသော ရူးကြောင်ကြောင် ဘုရင်မလေး မိုဟန်မှာ ဘယ်သောအခါကမျှ ပြောင်းလဲသွားမည် မဟုတ်ချေ။

ကမ္ဘာမြေပေါ်၌ ဆိုရိုးစကား တစ်ခု ရှိခဲ့ဖူး၏။ သိပ္ပံပညာ၏ အဆုံးသတ်က ဒဿနိကဗေဒ ဖြစ်ပြီး ဒဿနိကဗေဒ၏ အဆုံးသတ်က ဘာသာရေးခေါ် နတ်ဘုရားဗေဒ ဖြစ်သည်ဟူ၍ပင်။ သိပ္ပံပညာရှင် အများအပြားက သူတို့၏ လေ့လာမှု အဆုံးသတ်သို့ ရောက်ရှိသွားချိန်၌ နတ်ဘုရား တစ်ပါး၏ လက်များက အရာအားလုံးကို တိတ်တဆိတ် ထိန်းချုပ်နေသကဲ့သို့ ခံစားလိုက်ကြရသည်။

တုပိုင်သည်လည်း ထိုအရာနှင့် ပတ်သက်၍ အနည်းငယ် မှင်တက်သွားမိ၏။

ပုံမှန် သိပ္ပံသီအိုရီများ အရဆိုလျှင် သူက နတ်ဘုရားတို့၏ ဘုရင်ကို ဖျက်ဆီးလိုက်ချိန်၌ နတ်ဘုရားတို့၏ ဘုရင်၏ ဦးနှောက်ထဲရှိ အနက်ရောင်တွင်းနက်ကြီး ပေါက်ကွဲသွားသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုတွင်းနက်ကြီးထဲ၌ ကြီးမားလှသည့် အနုတ်လက္ခဏာ စွမ်းအင်များ ပါဝင်နေသောကြောင့် အနက်ရောင်တွင်းနက်နှင့် အဖြူရောင်တွင်းနက် ကြား၌ စကြဝဠာဖြတ်လမ်း တစ်ခု ပေါ်လာသင့်ခြင်း ဖြစ်၏။

တုပိုင်၏ အကန့်အသတ် ရှိနေသည့် သိပ္ပံပညာ ဗဟုသုတများဖြင့်ပင် စကြဝဠာဖြတ်လမ်းများက အနက်ရောင်တွင်းနက်များ ၊ သူတို့၏ အနုတ်လက္ခဏာ စွမ်းအင်များနှင့် နီးကပ်စွာ ဆက်စပ်နေကြောင်းကို သူ သိထား၏။ ဤစကြဝဠာဖြတ်လမ်းကို အသုံးပြု၍ တုပိုင် အနေဖြင့် အချိန်ကို နောက်ပြန်ဆုတ်ကာ အတိတ်သို့ ပြန်သွားနိုင်မည် ဖြစ်သည်။

သို့သော် ဤရှုပ်ထွေးလှသည့် သိပ္ပံဆိုင်ရာ ဖြစ်စဉ်က တကယ်တမ်း၌ ဖြစ်ပေါ်မလာခဲ့ချေ။

နတ်ဘုရားတို့၏ ဘုရင် ဖျက်ဆီးခံလိုက်ရချိန်၌ သဘာဝကျစွာပင် တုပိုင်က နတ်ဘုရား တစ်ပါး ဖြစ်လာခဲ့၏။ ထို့အပြင် မိုဟန်၏ စိတ်ဝိညာဉ်က သူနှင့် ချိတ်ဆက်နေကာ... သူ၏ အသက်နှင့် သူ၏ ဆန္ဒများကို မျှဝေခံစားထားသောကြောင့် သူ ရရှိသမျှ အရာအားလုံးကို မိုဟန်လည်း ရရှိသွားခဲ့သည်။

ရလာဒ်အနေဖြင့် မိုဟန်သည်လည်း နတ်ဘုရား ပလ္လင်ပေါ်သို့ တက်လှမ်းသွားခဲ့လေပြီ။

အူတူတူဖြင့် ​ကြောင်တောင်တောင် နတ်ဘုရားမပင်။ အစမှ အဆုံးတိုင်အောင် သူမ၏ မှော်စွမ်းအင်များကို မည်သို့ အသုံးပြုရမည် ဆိုသည်ကို သူမ လုံးဝ မသိနေချေ။ သူမ လုပ်တတ်သည့် တစ်ခုတည်းသော အရာမှာ သူမ၏ နယ်မြေကို ကင်းလှည့်ရန်ပင်။ တစ်ခါတစ်ရံ၌ သူမက နေမင်းကြီးထံမှနေ၍ နက်ပကျွန်းဂြိုဟ် အထိ ပျံသန်းသွားပြီးနောက် ပြန်လည် ပျံသန်းလာတတ်၏။

**--**--**--**--**--**--**--**

အချိန်ကို ကမ္ဘာပျက်ခေါင်းလောင်းသံ မမြည်မီ အခိုက်အတန့်လေးဆီသို့ နောက်ပြန်ဆုတ်လိုက်ခြင်းက တုပိုင်၏ ရွေးချယ်မှု ဖြစ်သော်လည်း ရွေးချယ်မှု မဟုတ်ခဲ့ချေ။ သူ နိုးလာချိန်၌ ရင်ဆိုင်လိုက်ရသည့် ရိုးရှင်းသော အမှန်တရား တစ်ခုသာ ဖြစ်သည်။

ထိုသို့တိုင်အောင် ဤသည်က သူ၏ မသိစိတ်မှ ပြုလုပ်ခဲ့သည့် ရွေးချယ်မှု တစ်ခုဖြစ်နေပြန်၏။

အကယ်၍ သူက ကမ္ဘာပျက်ခေါင်းလောင်းသံ မမြည်မီ အချိန်သို့ နောက်မဆုတ်ခဲ့လျှင် အခြားကမ္ဘာ တစ်ခုက ကမ္ဘာမြေကို ကျူးကျော်မဝင်ရောက်မီ အချိန်အထိ ပြန်လည် ဆုတ်ပစ်ရပေလိမ့်မည်။ ထိုသို့ဆိုလျှင် ခေတ်သစ်ကမ္ဘာမြေမှာ ပျက်စီးမည့် ဘေးမှ ကယ်တင်နိုင်မည် ဖြစ်သည်။

သို့သော် သူသာ ထိုသို့ လုပ်ခဲ့မည် ဆိုပါက လူအများအပြား ဘယ်သောအခါမှ မွေးဖွားလာမည် မဟုတ်တော့ချေ။ ထိုအထဲ၌ တုပိုင်၏ ကိုယ်ပိုင် သားသမီး အများအပြားလည်း ပါဝင်နေ၏။ ထို့အပြင် တာ့နင်အင်ပါယာ၏ စွမ်းအင်ယဉ်ကျေးမှုနှင့် ခေတ်သစ်ကမ္ဘာမြေ၏ သိပ္ပံယဉ်ကျေးမှုတို့မှာလည်း လုံးဝ ပေါင်းစည်းနိုင်တော့မည် မဟုတ်ပေ။

အကယ်၍ တုပိုင်ကသာ ရွေးချယ်မှုကို ပြုလုပ်ရန် အပြည့်အဝ နိုးကြားနေခဲ့မည် ဆိုလျှင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ရန်အတွက် ခေတ်သစ်ကမ္ဘာမြေကို ကယ်တင်ရန် သူ ရွေးချယ်ခဲ့လောက်၏။

သို့သော် အကယ်၍ ဆိုသည်မှာ မရှိချေ။

ထိုအခိုက်အတန့်၌ တုပိုင်က သူ၏ စိတ်ဝိညာဉ်ထဲမှနေ၍ နက်ရှိုင်းသည့် ရွေးချယ်မှု တစ်ခုကို ပြုလုပ်ခဲ့သည်။ ပြီးနောက် ထိုသည်က မှန်ကန်သည့် ရွေးချယ်မှု ဖြစ်လာခဲ့၏။ စွမ်းအင်ယဉ်ကျေးမှုနှင့် သိပ္ပံပညာကို ပေါင်းစပ်လိုက်ခြင်းက လူသားယဉ်ကျေးမှုကို များစွာ ပိုမို တိုးတက်သွားစေမည် ဖြစ်သည်။

**--**--**--**--**--**--**--**

သေချာသည်မှာ တုပိုင် အနေဖြင့် သူ၏ ဇနီးများ ၊ သားသမီးများနှင့် အတူတကွ နေထိုင်ရန် ကမ္ဘာမြေသို့ ပြန်သွားနိုင်သည်။

သို့သော် သူ ထိုသို့ မလုပ်ခဲ့ချေ။

သူ၏ လွှမ်းမိုးမှု သို့မဟုတ် ဝင်ရောက် စွက်ဖက်မှုများ မပါဝင်ဘဲ လူသားယဉ်ကျေးမှုကို လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်စေချင်ခဲ့သည်။ ဤအကြောင်းကြောင့် ကမ္ဘာမြေပေါ်ရှိ လူများက သူ မရှိတော့ဘူးဟုသာ ရိုးရှင်းစွာ ယုံကြည်သွားကြမည် ဖြစ်၏။

သူက ကောင်းကင်ယံ အထက်၌ နေထိုင်နေမည် ဖြစ်ပြီး အားကောင်းလှသည့် ဂြိုဟ်သားမျိုးနွယ်များ၏ ကျူးကျော်မှုများ သို့မဟုတ် ဂြိုဟ်သိမ်ဂြိုဟ်မွှားကြီးများ ကမ္ဘာဂြိုဟ်ပေါ်သို့ ဝင်တိုက်မည့် ကိစ္စများကဲ့သို့သော အနာဂတ်တွင် ဖြစ်ပေါ်လာမည့် မျိုးသုဉ်းလောက်သည့် ကပ်ဘေးကြီးများမှနေ၍ ကမ္ဘာမြေကို တိတ်တဆိတ် ကာကွယ်ပေးနေမည် ဖြစ်သည်။ ကျန်ရှိနေသည့် အချိန်များ၌မူ သူက ပွဲကြည့်ပရိသတ် တစ်ဦးသာ ဖြစ်နေပေလိမ့်မည်။

မိစ္ဆာများနှင့် နဂါးများ အပါအဝင် လောကကြီးထဲမှ နဂါးသွေးဆက်များ အားလုံး ပျောက်ကွယ်သွားကြ၏။ ဤသည်မှာလည်း တုပိုင်၏ မသိစိတ်မှ ပြုလုပ်ခဲ့သည့် အခြားသော ရွေးချယ်မှုတစ်ခု ဖြစ်သည်။

သူ၏ အပေါ်၌ ပျော်ရွှင်စွာ တက်ထိုင်နေပြီး မျက်နှာလေး နီမြန်းကာ ပျော်ရွှင်နေပုံရသည့် မိုဟန်ကို ကြည့်ရင်း တုပိုင် ပြုံးလိုက်၏။

တစ်ခါတစ်ရံ၌ စကြဝဠာကြီးက နောက်ပြောင်ရသည်ကို နှစ်သက်လှသည်။ တုပိုင်နှင့် မိုဟန်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ချိန်က သူ၏ ဘေး၌ ထာဝရ ရှိနေပေးမည့်သူမှာ ဤရိုးရှင်းသည့် စိတ်ထားရှိသော ခပ်တုံးတုံး ဘုရင်မ ဖြစ်လာလိမ့်မည်ဟု သူ အိမ်မက်ထဲပင် ထည့် မမက်ဖူးခဲ့ချေ။

**--**--**--**--**--**--**--**

ဤလောက၌ တုပိုင်ကို အကောင်းဆုံး နားလည်နိုင်သူမှာ ရန်ယဲ့ရှောင် သို့မဟုတ် နင်းရွှဲ့ မဟုတ်ခဲ့ချေ။ ဖန်ရှောင် ဖြစ်၏။

နဂါးသွေးလက္ခဏာများ အဘယ်ကြောင့် ပျောက်ကွယ်သွားရသည်ကို သူမ နားလည်ထားသည်။

သူမ မိခင်၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးသွေးလက္ခဏာများ အားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး လွန်ခဲ့သည့် ဆယ်နှစ်ကကဲ့သို့ ရာခိုင်နှုန်းပြည့် လူသားတစ်ဦးအဖြစ်သာ ကျန်ရစ်တော့၏။ မြေအောက်ကမ္ဘာဘုရင်မ အဖြစ်ရှိနေသည့် ဖန်းချင်းယီ၏ အသွင်အပြင်မှာလည်း လုံးဝ မှေးမှိန်သွားခဲ့လေပြီ။

ဘုရင်မ၏ ဆွဲဆောင်မှု ရှိပြီး မိစ္ဆာဆန်လှသည့် အကောက်အကွေ့များကို ဆုံးရှုံးသွားကာ ယခင် ဖန်းချင်းယီ အဖြစ်သို့သာ ပြန်လည် ရောက်ရှိလာသည်။ လီဝမ်ဝမ်၏ ဝိညာဉ်မိစ္ဆာ လက္ခဏာများ အားလုံးလည်း လုံးဝ ပျောက်ကွယ်သွားဟ၏။

ဖန်ရှောင် အသက်ပြန်ရှင်လာချိန်၌ သစ်တောတစ်ခုထဲ၌ သူမ နိုးထလာခဲ့၏။ လောကကြီးထဲ၌ လူသားများသာ ကျန်ရစ်နေခဲ့ပြီး အခြားမျိုးနွယ်များ အားလုံး ပျောက်ကွယ်သွားပုံရသည်။

သူမ၏ ဖခင်က သူတို့ကို ကောင်းကင်ယံမှနေ၍ စောင့်ကြည့်နေကြောင်း ဖန်ရှောင် သိသော်လည်း သူတို့နှင့် အတူလာရောက် မနေထိုင်နိုင်ကြောင်းကိုလည်း သူမ သိထား၏။ အကယ်၍ သူသာ ကမ္ဘာမြေသို့ ပြန်လာခဲ့လျှင် လူသားယဉ်ကျေးမှု၏ သဘာဝ လမ်းကြောင်းကြီးကို ပြောင်းလဲသွားစေမည် ဖြစ်သည်။

လူအများစုသာဆိုလျှင် သူတို့၏ ကံကြမ္မာကို လက်ခံလိုက်ကြမည်သာ ဖြစ်၏။

သို့သော် ဖန်ရှောင်ကမူ ထူးခြားသည့် ကလေးမတစ်​ယောက်ဖြစ်သည်။

သူမက ဖခင်ဖြစ်သူနှင့် ပြန်လည် ပေါင်းစည်းချင်ခဲ့ပြီး တစ်မိသားစုလုံးကိုပါ သူမနှင့်အတူ ခေါ်ဆောင်သွားချင်သည်။ သူမ၏ ဖခင်က သူတို့ထံသို့ လာရောက် မနေထိုင်နိုင်သောကြောင့် သူမကသာ ဖခင်ဖြစ်သူထံသို့ သွားရောက်ရပေလိမ့်မည်။

ဤအကြောင်းကြောင့် သူမက ရူးသွပ်စွာ အလုပ်လုပ်တော့၏။

စွမ်းအင်နှင့် သိပ္ပံပညာ ပေါင်းစပ်မှုက ကမ္ဘာပျက်ခေါင်းလောင်းသံ မမြည်မီကတည်းက ရလဒ်များကို ပြသခဲ့ပြီး ဖြစ်သည်။ စွမ်းအင်သိုလှောင်ကန်များက ထိန်းချုပ်ထားနိုင်သည့် နျူကလီးယား ပေါင်းစပ်ခြင်း၏ အဓိက ပြဿနာကို ပြီးပြည့်စုံစွာ ဖြေရှင်းပေးနိုင်၏။

ထိန်းချုပ်ထားနိုင်သည့် နျူကလီးယား ပေါင်းစပ်ခြင်းကို ရရှိသွားသရွေ့ သူတို့ထံ၌ အဆုံးအစမဲ့ စွမ်းအင်များ ရရှိလာမည် ဖြစ်ပြီး ကြယ်တာရာများကြား အာကာသ ခရီးသွားလာခြင်းမှာလည်း တကယ်ဖြစ်လာတော့မည် ဖြစ်သည်။

ထိုဗဟုသုတများက ဖန်ရှောင်၏ ဦးနှောက်ထဲ၌သာမကဘဲ ထောင်ပေါင်းများစွာသော စွမ်းအင်မှော်ဆရာများနှင့် သိပ္ပံပညာရှင်များ၏ ဦးနှောက်ထဲ၌လည်း ရှိနေခဲ့ပြီး ဖြစ်၏။

နောက်တစ်ဆင့်မှာ ရိုးရှင်းစွာပင် ထိုအရာကို တည်ဆောက်ရန်သာ ဖြစ်သည်။

**--**--**--**--**--**--**--**

နည်းပညာ ယဉ်ကျေးမှု တိုးတတ်ကာ ပေါက်ကွဲခြင်း တစ်ခု... ထိုသည်က ကမ္ဘာမြေ၏ အလျင်အမြန် တိုးတက်လာမှုကို ဖော်ပြရန် စကားလုံးများဖြစ်၏။

စွမ်းအင်ယဉ်ကျေးမှုနှင့် သိပ္ပံယဉ်ကျေးမှုတို့ ပေါင်းစည်းသွားချိန်၌ ဖြစ်ပေါ်လာသည့် တိုးတက်မှုများမှာ လုံးဝ တုန်လှုပ်ဖွယ် ကောင်းလှသည်။

မြို့ကြီးတစ်မြို့ပြီး တစ်မြို့ ပေါ်ထွက်လာ၏။ သို့သော် ဤမြို့ကြီးများက ပုံမှန် ခေတ်သစ် မြို့ကြီးများနှင့် မတူညီချေ။ များပြားသည့် လူဦးရေ မရှိခြင်းနှင့် သန့်စင်သည့် နျူကလီးယား စွမ်းအင်များကြောင့် အဆောက်အအုံများမှာ ရိုးရှင်းပြီး အနုပညာဆန်လှသည်။

မိုးမျှော် မှန်အဆောက်အအုံကြီးများ သိပ်မပေါများချေ။ ထိုအစား မြို့ကြီးများမှာ ဆယ့်ခုနစ်ရာစု၏ မှော်ဆန်ပြီး အနည်းငယ် ချဲ့ကားထားသည့် ပုံစံမျိုးနှင့် တူနေ၏။ လှပသည့် အရှေ့တိုင်းဟန် နန်းတော်များ ၊ ခမ်းနားထည်ဝါလှသည့် အနောက်တိုင်းဟန် ကျောင်းတော်များနှင့် အခြားသော အရာများ ရှိနေသည်။

ဤအကြောင်းများတို့ကြောင့် ကမ္ဘာမြေပေါ်ရှိ မြို့ကြီးများမှာ နည်းပညာပိုင်းဆိုင်ရာ တိုးတက်ရုံသာမကဘဲ ရင်သပ်ရှုမောဖွယ်လည်း ကောင်းနေခဲ့၏။

လေယာဉ်များကိုလည်း တစ်စင်းပြီး တစ်စင်း တည်ဆောက်ခဲ့ကြသည်။

ဆယ့်ခုနစ်နှစ် အကြာ၌ ပထမဆုံးဖြစ်သည့် လေပေါ်ပျံနိုင်သည့် အဆောက်အအုံ ၊ မိုးပျံတိုက်ကြီးက ကောင်းကင်ယံ၌ ပေါ်လာ၏။

တုပိုင်၏ ရုပ်တုကြီး တစ်ခုပင်။

အထပ်နှစ်ရာရှိ အဆောက်အအုံ တစ်ခုစာခန့် မြင့်မားသည့် ဧရာမ ရုပ်တုကြီး ဖြစ်ပြီး မြို့တော်၏ အထက် ကီလိုမီတာ အနည်းငယ် အကွာ၌ လွင့်မျောနေလျက် ရှိနေသည်။

ဤသည်က လူသားယဉ်ကျေးမှု အနေဖြင့် အထွတ်အထိပ် အသစ်တစ်ခုသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သင်္ကေတတစ်ခု ဖြစ်သည်။ အလွန်စွမ်းအားမြင့် လျှပ်ကူးနိုင်စွမ်းနှင့် ဆွဲငင်အား ကင်းမဲ့ခြင်းတို့ပင်။

ပေါင်းစည်းယဉ်ကျေးမှု၏ ၂၃ နှစ်မြောက်၌ ပထမဆုံးသော ထိန်းချုပ်ထားသည့် နျူကလီးယား ပေါင်းစပ်ရေး အာကာသယာဉ်ကြီး ပြီးစီးသွားခဲ့၏။ ကပ္ပတိန် ဖန်ရှောင်က သူမ၏ မိသားစုဝင် အများစုနှင့်အတူ အာကာသယာဉ်ကြီးကို မောင်းနှင်ကာ ကမ္ဘာမြေမှ ထွက်ခွာပြီး ကျယ်ပြောလှသည့် အာကာသကြီးထဲသို့ ပျံသန်းသွားလိုက်သည်။

သူမ ဆင်းသက်ရန် ရွေးချယ်လိုက်သည့် ပထမဆုံး နေရာမှာ အင်္ဂါဂြိုဟ်ပင်။

**--**--**--**--**--**--**--**

အာကာသယာဉ်ကြီးက လူသူကင်းမဲ့နေသည့် အင်္ဂါဂြိုဟ်၏ မျက်နှာပြင်ပေါ်သို့ ဆင်းသက်သွား၏။

ယာဉ်၏ တံခါး ပွင့်လာပြီး ဖန်ရှောင် လျှောက်ထွက်လာချိန်၌ သူမ၏ ဖခင်ဖြစ်သူ တုပိုင်က မြေရိုင်းများသာ ရှိနေသည့် အင်္ဂါဂြိုဟ်ပေါ်၌ ရပ်နေသည်ကို မြင်တွေ့လိုက်ရ၏။

ချက်ချင်းပင် ဖန်ရှောင်က အပြေးအလွှား သွားကာ တုပိုင်၏ လည်ပင်းကို တင်းကျပ်စွာ ဖက်လိုက်ပြီး ကိုအာလာဝက်ဝံလေး တစ်ကောင်ကဲ့သို့ တွဲခိုလိုက်တော့သည်။

ဖန်ရှောင်က ပျော်ရွင်စွာ ပြောသည်။ သို့သော် ငိုသံတော့ ပါနေ၏...။ "ဖေဖေ... သမီးတို့ကို ရှာဖို့ ကမ္ဘာမြေဆီ ဖေဖေ ပြန်လာလို့ မရဘူးဆိုတာ သမီး သိပေမယ့်... ဖေဖေ့ဆီကို သမီးတို့ လာလို့ရတယ်လေ။"

ဖန်ရှောင်က ဆက်ပြောသည်။ "သမီးရဲ့ စိတ်ဆန္ဒကို အထင်မသေးပါနဲ့။ မမတုရှောင်နဲ့ သမီးမှာ ရည်မှန်းချက် တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက ဖေဖေနဲ့အတူ ရှိနေဖို့ပဲ။"

ယာဉ်ပေါ်မှ ဒုတိယမြောက် ထွက်လာသူ ဖြစ်သည့် တုရှောင်က ပြောလိုက်သည်။ "ဖေဖေနဲ့ သမီးတို့ မိသားစုက သမီးတို့အတွက်တော့ ကမ္ဘာကြီးပါပဲ။"

ထို့နောက် ရန်ယဲ့ရှောင် ၊ နင်းရွှဲ့ ၊ လီတောက်ယွဲ့ ၊ လီဝမ်ဝမ် ၊ ဖန်းချင်းယီနှင့် အခြားသူများလည်း ထွက်လာကြ၏။ တုရှောင် နှစ်ယောက်နှင့် တုမို အပါအဝင် တုပိုင်၏ ဇနီးများနှင့် သားသမီး သုံးဦးစလုံး ဤနေရာ၌ ရှိနေကြသည်။

ကျန်ရှိနေသည့် သားသမီးများမှာမူ သူနှင့် ထိုမျှလောက် နက်နက်ရှိုင်းရှိုင်း သံယောဇဉ် မရှိကြသောကြောင့် သူတို့၏ ဘဝ တာဝန်များကို ဖြည့်ဆည်းရန် ကမ္ဘာမြေပေါ်၌သာ အေးချမ်းစွာ ကျန်ရစ်နေခဲ့ကြ၏။

တုပိုင်က သူ၏ ဇနီးများနှင့် သားသမီးများကို ကြည့်ကာ လက်နှစ်ဖက်ကို ဆန့်တန်း၍ ဖက်လိုက်ရင်း ပြောလိုက်သည်။ "မင်းတို့ကလည်း ကိုယ့်ရဲ့ ကမ္ဘာကြီးပါပဲ။"

ဖန်ရှောင်က ပြောသည်။ "ဖေဖေ... လာမယ့် နှစ်တွေမှာ သမီး ဒီအာကာသယာဉ်ကြီးကို ယူပြီး တတ်နိုင်သလောက် အဝေးကြီးကို စူးစမ်းရှာဖွေတော့မှာ။ သောကြာဂြိုဟ်ကို သွားမယ်။ ပြီးရင် ကြာသပတေးဂြိုဟ်ရဲ့ လတွေဆီကိုလည်း သွားဦးမှာ။"

ဖန်ရှောင်က သူမ၏ လက်သီးဆုပ်လေးကို ဝှေ့ယမ်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "အတိတ်က ရုန်းကန်ခဲ့ရတာတွေ အားလုံးကို ချန်ထားခဲ့ပြီး ကဗျာဆန်ဆန်နဲ့ အဝေးက မိုးကုတ်စက်ဝိုင်းတွေကို သမီး အမြဲတမ်း လိုက်ရှာတော့မယ်။"

တုပိုင်က ပြုံးသည်။ "ဒါဆိုလည်း ကောင်းပါပြီလေ။ ကပ္ပတိန် ဖန်ရှောင်... ဖေဖေ့အတွက်လည်း အာကာသယာဉ်ပေါ်မှာ နေရာလေး တစ်နေရာလောက် လုပ်ပေးပါဦး။"

ဖန်ရှောင်က သူမ၏ ပုလဲလေးကဲ့သို့သော သွားလေးများအား ပေါ်သည်အထိ ပြုံးဖြီးကာ ရယ်မောလျက် ပြောသည်။ "ဆောရီးပဲ ဖေဖေ။ ယာဉ်ပေါ်က အခန်းတွေက ကန့်သတ်ထားလို့လေ။ ဒါပေမဲ့... မေမေတို့ရဲ့ အခန်းတွေထဲမှာ တစ်လှည့်စီ အိပ်လို့ရပါတယ်။ တစ်ရက်ကို မေမေတစ်ယောက်ပေါ့။"

ထိုသို့နှင့် တုပိုင်က သူ၏ ဇနီးများ ၊ သားသမီးများနှင့် အတူတကွ ကျယ်ပြောပြီး လျှို့ဝှက်ဆန်းကြယ်လှသည့် စကြဝဠာကြီးကို စူးစမ်းရှာဖွေရန် ဖန်ရှောင်၏ အာကာသယာဉ်ပေါ်သို့ တက်ရောက်သွားလိုက်၏။

ယာဉ်ပေါ်၌ သူ့အတွက် အပိုအခန်း တစ်ခန်း အမှန်တကယ် မရှိသောကြောင့် နေ့စဉ်ရက်ဆက် ဇနီး တစ်ယောက်နှင့် တစ်ခန်းစီ မျှဝေအိပ်စက်ခဲ့ရသည်။

မိုဟန်ကမူ ထွက်သွားရန် ငြင်းဆန်ခဲ့၏။

စကြဝဠာကြီးကို စူးစမ်းရှာဖွေရန် သူမထံ၌ မည်သည့် စိတ်ဝင်စားမှုမျှ မရှိချေ။ သူမ၏ ကိုယ်ပိုင် နယ်မြေကိုသာ ဂရုစိုက်သည်။ သူမ မရှိချိန်၌ တစ်စုံတစ်ယောက်က သူမ၏ နယ်မြေကို ခိုးယူသွားမည် ဆိုလျှင် အလွန် ဆိုးရွားပေလိမ့်မည်။ ထို့ပြင် ယခင်က ဤကဲ့သို့ မဖြစ်ခဲ့ဖူးသည်လည်း မဟုတ်ချေ။

တုပိုင်နှင့် ရင်းနှီးသည့် ကိစ္စများ ပြုလုပ်ရန် ဆန္ဒရှိလာသည့် အချိန်တိုင်း၌ အာကာသယာဉ်ကြီးထံသို့ ရိုးရှင်းစွာ လာရောက် ပျံသန်းတတ်၏။

ထိုကိစ္စနှင့် ပတ်သက်၍ သူမ၌ ကြီးမားသည့် ခံစားချင်စိတ်မျိုး မရှိသောကြောင့် သုံးလလျှင် တစ်ကြိမ်သာ အိမ်ထောင်သည် ဘဝကို ခံစားရန် လိုအပ်သည်။ သို့သော် သူမ လုပ်သည့် အချိန်တိုင်း၌ တစ်ကြိမ်လျှင် တစ်ရက်လုံး ကြာမြင့်တတ်သည်...။

ကုန်းကုန်းဧကရာဇ်...။ ပြီးပါပြီ...။

May 27 / 2026 7:08 pm ၌ ဘာသာပြန်ရေးသားပြီးဆုံးခဲ့သည်။

မူရင်းစာရေးဆရာ၏ အမှာစာ - နို့နဲ့ ဖင်မှာ နို့က ပိုကောင်းတယ်။ နို့ကြီးတဲ့ မိန်းမတွေကို ရွေးကြိုက်ကြ။

ဘာသာပြန်စာရေးဆရာ၏ အမှာစာ - ဖင်ကြီးတာ ပိုကောင်းတယ်...။

မင်္ဂလာပါ။ ကျွန်တော်က ဘာသာပြန် Yue ပါဗျ။ လက်ရှိ ကုန်းကုန်းဧကရာဇ်ကို အဆုံးထိ ရေးသားခဲ့သူပါ။

Chang'e နာမည်ကို မကြိုက်လို့ Yue ပြောင်းထားပါတယ်။ မိန်းကလေးလားလို့ ခဏခဏ အထင်လွဲခံနေရလို့ပါ ")

ဆိုတော့ကာ လက်ရှိအချိန်အထိ အားပေးလာတဲ့ စာဖတ်သူတွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ။ စိတ်ချမ်းသာ ကိုယ်ချမ်းသာကြပါစေ ^^

ကျွန်တော် စာစဥ်အသစ်ကိုလ​ည်း ရွှေးပြီးပါပြီဗျ။ စာစဥ်လေးရဲ့ အမည်က "မမရဲ့ စံပြနွား" ပါ။

အညွှန်း - နှစ်ပေါင်းများစွာ တုံ့ဆိုင်းလာပြီးနောက် နောက်ဆုံးတွင် လန်လင်းတစ်ယောက် ဆုံးဖြတ်ချက်ချလိုက်လေပြီ။ သူ၏ အစ်မဖြစ်သူအား လက်ထပ်ခွင့်တောင်းမည်။

လန်လင်းသည် လူမှန်းစသိတတ်လာစဉ်ကတည်းက သူ၏ အစ်မဖြစ်သူအား ချစ်မြတ်နိုးခဲ့၏။ မောင်နှမအချစ်ထက်ပိုသည်။ လန်လင်းအတွက်မူ သူ၏ အစ်မသည် ကမ္ဘာပေါ်တွင် ပြီးပြည့်စုံဆုံးသော အမျိုးသမီးတစ်ယောက်ပင်။

သူမ၏ နတ်သမီးကဲ့သို့ မျက်နှာ၊ ပျားရည်ထက်ပင် ချိုသည့် အပြုံးနှင့် ကြယ်တာရာများကဲ့သို့ တောက်ပနေသည့် သူမ၏ အကြည့်တို့က လန်လင်းအား ယစ်မူးစေ၏။

**--**--**--**--**--**--**--**

မမရဲ့ စံပြနွား စာစဥ်လေးက ဟေးထိုင်လုံ။ ရှမ့်သခင်လေး နဲ့ လက်ရှိ ကုန်းကုန်းဧကရာဇ်။ စတဲ့ ၃ ခုလုံးနဲ့ မူရင်းစာရေးဆရာတူပါတယ်ဗျာ။ ကျွန်တော်သာ တစ်ခုခုကြောင့် မသေသွားရင် အဆုံးထိ ဘာသာပြန်ဆိုပေးမှာ ကျိန်းသေပါတယ်ဗျ။ စာစဥ်အသစ်လေးကိုလည်း အားပေးကြပါဦးလို့ တောင်းဆိုပါရစေဗျာ။

သာယာတဲ့ မနက်ခင်း ၊ နေ့လယ်ခင်း ၊ ညခင်းလေးကို ပိုင်ဆိုင်နိုင်ကြပါစေဗျ။ I love you all ><

All Chapters