အခန်း ၉၅၀
Vol. 69 Ch. 950
အခန်း ၉၅၀ နွေဦး၏ အစ
စုမင်သည် ကျင့်ကြံသူ လေးဦး၏ လုပ်ဆောင်ချက်များကို စိုးစဉ်းမျှ ဂရုမစိုက်ခဲ့ပေ။ အကယ်၍ သူတို့ အသက်ရှင်ချင်လျှင် သူတို့၏ ရိုးသားမှုကို ပြသရမည် ဖြစ်သည်။ အကယ်၍ သူတို့က ကောင်းကင်ဖြတ်သန်းသူများကိုလည်း မပြစ်မှားချင်၊ စုမင်ကိုလည်း မဆွဆွချင်ပါက သူတို့ သေခြင်း၊ ရှင်ခြင်းအား စုမင်တစ်ဦးတည်းကသာ ဆုံးဖြတ်ပေလိမ့်မည်။
အကယ်၍ သူတို့ ညည်းညူချင်လျှင်ပင် သူတို့၏ ကံဆိုးလှမှုကိုသာ အပြစ်တင်ရပေမည်။ သူတို့သည် ယခုကဲ့သို့ အချိန်မျိုးတွင် ဤနေရာသို့ မဝင်ရောက်ခဲ့သင့်သော်လည်း ရောက်ရှိလာခဲ့ပြီ ဖြစ်၍ စုမင်၏ ထိန်းချုပ်မှုအောက်မှ ရုန်းထွက်ရန် ကြိုးပမ်းခြင်းမှာ သူတို့အပေါ်တွင် မူတည်ခြင်း မရှိတော့ပေ။ သူတို့ ရွေးချယ်မှုတစ်ခု ပြုလုပ်ရမည်သာ ဖြစ်သည်။
ရေလမင်း ပိုင်ဆိုင်ထားသော အမျိုးသား၏ နတ်ဘုရား ဝိညာဉ်ထံမှ အော်ဟစ်သံများမှာ စုမင်၏ နားထဲသို့ ရောက်ရှိလာသည်။ ထို့ကြောင့် ကျင့်ကြံသူ လေးဦး၏ ရွေးချယ်မှုကို သူ သိရှိလိုက်သော်လည်း သူတို့ဆီသို့ လှမ်းမကြည့်ခဲ့ပေ။ ယင်းအစား သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး မီးလမင်းနှင့် ပန်းလမင်း ပိုင်ဆိုင်ထားသော ကျင့်ကြံသူ နှစ်ဦးဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
ဤသည်မှာ ပါဝင်ပတ်သက်သူများအကြား ကျင့်ကြံခြင်းအဆင့် ကွာခြားချက် အလွန်ကြီးမားသော သွေးချောင်းစီး သတ်ဖြတ်မှုတစ်ခု ဖြစ်သည်။ စုမင်၏ ခန္ဓာကိုယ်ထံမှ အိစန်း၏ အငွေ့အသက်များ ပြန့်လွင့်လာပြီး ခန္ဓာကိုယ်အတွင်း၌ အိစန်း၏ စွမ်းအားများ လည်ပတ်နေသဖြင့် ၎င်းက သူ့အား နေကပ်ဘေး အဆင့်နှင့် တူညီသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်စေသည်။
သူသည် ထိုသူများနှင့် တူညီသော စွမ်းအားကိုသာ ပိုင်ဆိုင်ထားပြီး စစ်မှန်သော နေကပ်ဘေး အဆင့်သို့ မရောက်ရှိသေးသော်လည်း ၎င်းမှာ သူ့အား နေကပ်ဘေး အဆင့်အောက်ရှိ လူအားလုံးထဲတွင် အင်အားအကြီးဆုံးပုဂ္ဂိုလ် ဖြစ်လာစေရန် လုံလောက်သည်။
မိမိဆီသို့ တဟုန်ထိုး ပြေးဝင်လာကြသော ကောင်းကင်ဖြတ်သန်းသူ အမျိုးသားနှင့် အမျိုးသမီးကို ကြည့်ရင်း စုမင်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် နောက်ဆုတ်မသွားဘဲ ရှေ့သို့ ပြေးဝင်လိုက်ပြီး ညာလက်ကို မြှောက်ကာ စည်းတံဆိပ် တစ်လုံး ဖန်တီး၍ မျက်ခုံးနှစ်ခုကြားအား ထိလိုက်ပြီးနောက် ပိုမိုနီးကပ်သော နေရာတွင်ရှိသည့် မီးလမင်းဆီသို့ လက်ညှိုးညွှန်လိုက်သည်။
"ဆောင်းလယ်ရဲ့ အသက်လမ်းစဉ်ဟာ ငါ့ဘဝရဲ့ အစပျိုးခြင်းပဲ"
သူ ဤသို့ ပြောလိုက်သည်နှင့် အမည်းရောင် တိမ်တိုက်များ ဖုံးလွှမ်းနေသော ကမ္ဘာလောကကြီးထဲတွင် အေးစက်စူးရှသည့် လေပြင်းများ ချက်ချင်း တိုက်ခတ်လာတော့သည်။ ထိုအေးစက်သော လေပြင်းများကြားတွင် ကမ္ဘာကြီးတစ်ခုလုံး ခဲသွားသည့်အလား နှင်းပွင့်များ ကျဆင်းလာသော်လည်း ထိုနှင်းပွင့်များသည် ဖြူဖွေးမနေဘဲ အနက်ရောင် ဖြစ်နေကြသည်။
အနက်ရောင် နှင်းပွင့်များသည် လောကကြီးထဲတွင် လွင့်မျောနေပြီး အနက်ရောင် မိုးစက်များကို ဟင်းလင်းပြင် တစ်ပြင်လုံး၌ ပြည့်နှက်နေသော ရေခဲများအဖြစ် ပြောင်းလဲပစ်လိုက်သည်။ စူးရှအေးစက်သော စိတ်ဆန္ဒတစ်ခုက ထိုနယ်ပယ်ကို ခဲသွားစေပြီး စုမင် လက်ညှိုးညွှန်လိုက်သောအခါ ပြေးဝင်လာနေသော မီးလမင်းထံမှ အက်ကွဲသံများ စတင် ထွက်ပေါ်လာပြီး လမ်းခရီးအလယ်တွင်ပင် တောင့်ခဲသွားတော့သည်။
စုမင်ကို စိုက်ကြည့်ရင်း တဟုန်ထိုး ပြေးဝင်လာခဲ့သော မီးလမင်း ပိုင်ဆိုင်ထားသည့် အမျိုးသားသည်လည်း ခဲသွားတော့သည်။
သူက ဒေါသတကြီး အော်ဟစ်ရင်း ရုန်းကန်နေမိသည်။ အမှန်တကယ်တွင် သူ ခဲသွားသည့် ခဏမှာပင် ထိုရေခဲအား ပြန်လည် အံတုရန်အတွက် မှော်ရတနာ အမြောက်အမြားအား ထုတ်ယူကာ သူ၏ နတ်ဘုရား စွမ်းရည်များကိုပင် အသုံးပြုခဲ့သော်လည်း ၎င်းတို့ အားလုံးမှာ ဆောင်းလယ်၏ အအေးဒဏ်အောက်တွင် ချက်ချင်း ခဲသွားခဲ့ရသည်။
ဤသည်မှာ စုမင်၏ အသက်လမ်းစဉ်ကြောင့် ပေါ်ပေါက်လာသော ပညာရပ်... ဆောင်းလယ်၏ စွမ်းအားပင် ဖြစ်သည်။
"ဆောင်းရာသီ ကုန်လွန်ပြီးရင် ခရမ်းရင့်ရောင်ဟာ ကမ္ဘာလောကကို စိုးမိုးလိမ့်မယ်။ ဒီအနီရောင်ဟာ ဆောင်းဦးရာသီကို ကိုယ်စားပြုပြီး ဆောင်းဦးရဲ့ အထွတ်အထိပ် အနီရောင်ပဲ" စုမင်က ခံစားချက်ကင်းမဲ့စွာ ပြောဆိုလိုက်ပြီးနောက် ညာလက်ဖြင့် ပန်းလမင်းဆီသို့ လက်ညှိုးညွှန်လိုက်ပြန်သည်။
ရေတွက်၍မရသော ပွင့်ဖတ်များဖြင့် ဖွဲ့စည်းထားသည့် ပန်းလမင်းသည် စုမင် လက်ညှိုးညွှန်လိုက်သည်နှင့် ချက်ချင်းပင် ဝါကျင်ကျင်အရောင်ပြောင်းကာ ညှိုးနွမ်းသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းပေါ်တွင် ဆောင်းဦးရာသီနှင့် တူသော အနီရောင်အဝါးတစ်ခု ပေါ်လာသဖြင့် ၎င်းနောက်ကွယ်မှ အမျိုးသမီး၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူမ၏ မျက်နှာ ဖြူဆုတ်သွားတော့သည်။
ဤသည်မှာ သူမအနေဖြင့် ပြန်လည် အံတုရန် မျှော်လင့်၍မရနိုင်သော နတ်ဘုရား စွမ်းရည်တစ်ခု ဖြစ်သည်။ ၎င်းမှာ သူမ တစ်ခါမျှ မမြင်ဖူးခဲ့သော စွမ်းရည် တစ်ခု၏ အသွင်ပြောင်းလဲမှု ဖြစ်သည်။ ဆောင်းလယ်နှင့် ဆောင်းဦး၏ ခရမ်းရင့်ရောင် အနီရောင်တို့မှာ ကမ္ဘာလောကရှိ ရာသီလေးခု၏ ပြောင်းလဲမှုများသာ ဖြစ်သင့်သော်လည်း စုမင် ၎င်းကို အသုံးပြုလိုက်သောအခါ အမျိုးသမီးသည် သူက စကြဝဠာကြီး၏ ရာသီလေးခု ဖြစ်နေသည့်အလား ခံစားလိုက်ရသည်။
ရာသီလေးခု၏ အသွင်ပြောင်းလဲမှုများသည် သူ့လက်ဖျားပေါ်တွင် ရှိနေသော်လည်း ၎င်းတွင် ထူးဆန်းမှု တစ်စုံတစ်ရာ မရှိလှဘဲ... ကမ္ဘာကြီးမှာ အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်နေခဲ့သည့်အလား၊ ရာသီလေးခုမှာ သူမရှေ့ရှိ ဤလူသား၏ စိတ်အလိုအတိုင်း အမြဲတမ်း... အမြဲတမ်း ပြောင်းလဲနေခဲ့သည့်အလား ထင်မှတ်ရသည်။
'ငါက အိစန်းကို ဝါးမြိုသိမ်းပိုက်ထားတယ်။ ငါ့ရဲ့ ကျင့်ကြံခြင်း ကိုယ်ပွားက ကမ္ဘာမြေပြင် နယ်ပယ် နှောင်းပိုင်း အဆင့်မှာ ရှိနေပြီး ပုံရိပ်ဝါးမြိုခြင်းပညာရပ် ကျင့်ကြံတဲ့ ကိုယ်ပွားကလည်း ပြီးပြည့်စုံသွားပြီ။ ဒါတွေအားလုံးဟာ... ဆောင်းဦးမကူးခင် နွေဦးဦးကာလလိုပဲ။ ဒါက စပျစ်ဝိုင်လို ဆက်တိုက် အချဉ်ပေါက်ပြီး စွမ်းအားတွေ စုဆောင်းနေသရွေ့တော့ ပူပြင်းတဲ့ နွေရာသီမှာပဲ ပေါ်လာတတ်တဲ့ သက်စောင့်အားတွေ လျှံထွက်နေတဲ့ မီးတောက်တွေအဖြစ် ချက်ချင်း ပေါက်ကွဲထွက်လာလိမ့်မယ်'
'ဒီမီးက အခုအချိန်မှာတော့ အားမကောင်းသေးဘူး။ မီးတောက်တစ်စပဲ ရှိသေးတယ်။ ဒါပေမဲ့ ဒီသက်စောင့်မီးတောက်ဟာ ငါ ဆောင်းလယ်ထဲကနေ လမ်းလျှောက်ထွက်လာပြီး စကြဝဠာကြီးကို မီးရှို့ဖျက်ဆီးစဉ်က ငါ ထွန်းညှိခဲ့တဲ့ တောက်ပတဲ့ နေမင်းကြီးပဲ'
စုမင်က ခေါင်းမော့လိုက်သည်။ သူ ခေါင်းမော့လိုက်စဉ် သူ့ဆံပင်ရှည်များသည် လေထဲတွင် လွင့်ပျံနေပြီး တောက်နေသော မီးတောက်များနှင့် တူလှသည်။ သူ့ခန္ဓာကိုယ်သည်လည်း ထိုအခိုက်အတန့်တွင် မီးလောင်ကျွမ်းနေသည့်အလား ထင်မှတ်ရသည်။
ဤအရာများသည် သူ၏ သက်စောင့်မီးတောက်များ ဖြစ်ကြသည်။ သူသည် ဆောင်းရာသီမှ ဆောင်းဦးသို့၊ ထို့နောက် ဆောင်းဦးမှ နွေရာသီသို့ ကူးပြောင်းပြီးနောက် ၎င်းတို့ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ဤမီးတောက်များ အတောက်ပဆုံး လောင်ကျွမ်းလာသောအခါ စုမင်သည် သူ့ဘဝ၏ နွေရာသီကာလသို့ ကူးပြောင်းသွားပေလိမ့်မည်။
ထိုအချိန် ရောက်လာသောအခါ စုမင်ကို စောင့်ကြိုနေမည့်အရာမှာ သူ့ဘဝနောက်ဆုံး အဆင့်ဖြစ်သော သက်ရှိအပေါင်း ပြန်လည်ရှင်သန်ထမြောက်ရာ နွေဦးရာသီပင် ဖြစ်သည်။
သက်ရှိအပေါင်း ပြန်လည်ရှင်သန်ခြင်းသည် စွမ်းအားများ မြင့်တက်လာခြင်းအား ကိုယ်စားပြုသလို ပြန်လည်မွေးဖွားခြင်းကိုလည်း ကိုယ်စားပြုသည်။
ထိုအခိုက်အတန့် ရောက်ရှိလာသောအခါ ၎င်းသည် စုမင် ပြန်လည်မွေးဖွားမည့် အချိန်ဖြစ်ပြီး အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် စွမ်းအားများ ပေါက်ကွဲထွက်လာမည့် အချိန်လည်း ဖြစ်သည်။ ဤအဆင့်မှာ ဝေးကွာတော့ခြင်း မရှိချေ။
စုမင်၏ ခန္ဓာကိုယ်ပေါ်တွင် နွေဦး၏ မီးတောက်များ လောင်ကျွမ်းလာသည့် ခဏ၌ သူက လက်နှစ်ဖက်ဖြင့် မှော်သင်္ကေတ တစ်လုံး ဖန်တီးကာ အပြင်သို့ ခါထုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထံမှ မီးပင်လယ်ကြီးတစ်စင်း ပေါက်ကွဲထွက်လာပြီး အပြင်သို့ လှိမ့်ဝင်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ခဲနေသော မီးလမင်းကို ဝါးမြိုသွားပြီး ညှိုးနွမ်းနေသည့် နီရဲသော ပန်းလမင်းအား ဝန်းရံကာ ကောင်းကင်ဖြတ်သန်းသူ အမျိုးသားနှင့် အမျိုးသမီးကို လွှမ်းခြုံသွားတော့သည်။
နာကျင်စွာ စူးရှရှ အော်ဟစ်သံများ မရှိခဲ့သလို တုန်လှုပ်ချောက်ချားဖွယ် ပေါက်ကွဲသံများလည်း မရှိခဲ့ဘဲ အနက်ရောင် နှင်းပွင့်များကြားတွင် တစ်လောကလုံးကို အနီရောင်ဖြင့် ပြည့်နှက်သွားစေသည့် တောက်လောင်နေသော မီးပင်လယ်ကြီးသာ ရှိတော့သည်။ သို့သော်လည်း ဆောင်းရာသီ၊ ဆောင်းဦးနှင့် နွေရာသီတို့ ပေါင်းစပ်သွားခြင်းကြောင့် ထွက်ပေါ်လာသော ထိုမြင်ကွင်းသည် မည်သည့် ကျယ်လောင်သော ပေါက်ကွဲသံ သို့မဟုတ် စူးရှသော အော်ဟစ်သံထက်မဆို ပိုမိုပြင်းထန်သည့် ရိုက်ခတ်မှုကို ဆောင်ကြဉ်းပေးခဲ့ပြီး ၎င်းက အဝေးရှိ ကျင့်ကြံသူ လေးဦး၏ အသက်ရှူသံများအား မြန်ဆန်လာစေကာ သူတို့၏ နှလုံးသားများကို တုန်ရင်သွားစေခဲ့သည်။
မီးပင်လယ်ကြီး ပျောက်ကွယ်သွားသောအခါ စုမင်သည် တည်ငြိမ်သော မျက်နှာအမူအရာဖြင့် လေထဲတွင် ရပ်နေသည်။ သူ၏ အရှေ့တွင် မီးလမင်း သို့မဟုတ် ပန်းလမင်း မရှိတော့သလို ထိုအမျိုးသားနှင့် အမျိုးသမီး၏ အရိပ်အယောင်ပင် မကျန်တော့ချေ။
ထိုနှစ်ဦးမှာ စုမင်၏ သက်စောင့် မီးတောက်များဖြင့် ပြာအဖြစ် မီးရှို့ခံလိုက်ရပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုလုံးမှာ တိတ်ဆိတ်ခြင်းဖြင့် ပြည့်နှက်သွားသည်။ အချိန်အတော်ကြာပြီးနောက် စုမင်က ကျင့်ကြံသူ လေးဦးဆီသို့ ကြည့်လိုက်သောအခါ သူတို့သည် ချက်ချင်းပင် ရိုသေခန့်ညားသော အမူအရာများဖြင့် သူ့ကို ဦးညွှတ်လိုက်ကြသည်။
"မင်းတို့ရဲ့ နာမည်တွေကို ပြောပြစမ်း" စုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။
သူတို့သည် စုမင်၏ နတ်ဘုရား စွမ်းရည်ကြောင့် မှင်တက်ကာ ထိတ်လန့်နေကြပြီး သူတို့၏ တိုက်ခိုက်လိုစိတ်မှာလည်း စုမင်၏ ကြီးမားသော စွမ်းအားပြသမှုအောက်တွင် ဖိနှိပ်ခံထားရပြီး ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူတို့ ခေါင်းငုံ့၍ ဦးညွှတ်ပြီးနောက် သူတို့၏ နာမည်များကို အလျင်အမြန် ပြောပြလိုက်ကြသည်။
"ကျွန်တော်က စွမ်းရှန်းပါ။ ဂါရဝပြုပါတယ် စီနီယာ"
"ကျွန်တော်က ဟွာယုပါ။ ဂါရဝပြုပါတယ် စီနီယာ"
"ကျွန်တော်က ယွန်းယူပါ။ ဂါရဝပြုပါတယ် စီနီယာ"
"ကျွန်တော်က နျန်ရင်ပါ။ ဂါရဝပြုပါတယ် စီနီယာ"
"မင်းတို့ ဘာလို့ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ကို လာခဲ့ကြတာလဲ" စုမင်၏ လေသံမှာ တည်ငြိမ်နေသည်။ သူက ထိုလေးဦးကို ဝှေ့ကြည့်လိုက်ပြီးနောက် ယခင်က မြေမှုန်မီးရှို့သူ မျိုးနွယ်စုခေါင်းဆောင်ထံမှ အသိအမှတ်ပြုတံဆိပ်အား ထုတ်ပြခဲ့သည့် စွမ်းရှန်းဆီတွင် မျက်လုံးများကို တန့်လိုက်သည်။
စွမ်းရှန်းက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းငုံ့ကာ ပြောဆိုလိုက်သည်။ "ကျွန်တော်တို့က ကိုယ်ရေးကိုယ်တာ ကိစ္စအချို့ကြောင့် မြေမှုန်မီးရှို့သူ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ ဖိတ်ကြားချက်နဲ့ သူတို့မျိုးနွယ်စုဆီကို ဦးတည်လာခဲ့တာ ဖြစ်ပါတယ်..." သူသည် စုမင်ကို မြင်တွေ့ခဲ့ရသည့် အချိန်မှစ၍ သူ့အား ကျင့်ကြံသူတစ်ဦးအဖြစ် တစ်ခါမျှ မတွေးတောခဲ့ဖူးဘဲ ယခုအချိန်အထိပင် စုမင်သည် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်အတွင်းရှိ မျိုးနွယ်စုတစ်ခုခုမှ အင်အားကြီး စစ်သည်တော်တစ်ဦး ဖြစ်လိမ့်မည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။
သူ့ဘေးရှိ အခြားလူ သုံးဦးမှာလည်း ထိုနည်းတူပင် ယုံကြည်ထားကြသည်။ အဆုံးတွင်မူ စုမင်၏ ဝတ်စုံ၊ အမူအရာနှင့် သူ့ကိုယ်ပေါ်ရှိ ဖော်ပြရန်ခက်ခဲသော ထိုတည်ရှိမှု အငွေ့အသက်မှာ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်အတွင်း သူတို့ မြင်တွေ့ခဲ့ရသည့် ဒေသခံများနှင့် သိပ်ပြီး ကွာခြားမှု မရှိလှပေ။
အကယ်၍ သူသာ ကျင့်ကြံသူတစ်ဦး ဖြစ်ပါက သူတို့သည် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်နှင့် ပေါင်းစပ်နိုင်ခြင်း မရှိသောကြောင့် သူတို့တွင် ရှိနေတတ်သည့် ထိုဝေဝါးသော တည်ရှိမှုမျိုး ရှိနေရမည်ဖြစ်ကာ ၎င်းက သူတို့ကို ဤနေရာတွင် အထီးကျန် တည်ရှိမှုများအလား ထင်မှတ်ရစေသည်။ ထိုတည်ရှိမှုကို ဖုံးကွယ်ရန် ကူညီပေးမည့် နည်းလမ်းအချို့ ရှိနေလျှင်ပင် ရှာဖွေရန် ရည်ရွယ်ချက်ရှိသူ မည်သူမဆို ၎င်းကို ထောက်လှမ်းနိုင်ဆဲ ဖြစ်လိမ့်မည်။ သို့သော်လည်း သူတို့သည် စုမင်၏ ကိုယ်ပေါ်တွင် ထိုတည်ရှိမှုမျိုးကို စိုးစဉ်းမျှ ရှာမတွေ့ခဲ့ချေ။
"ဪ..."
စုမင် ပြုံးလိုက်သည်။ သူ့အပြုံးကို မြင်လိုက်ရသောအခါ သူတို့သည် ချက်ချင်းပင် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားကြတော့သည်။ ထိုအပြုံးတွင် ထူးဆန်းထိတ်လန့်ဖွယ်ရာ တစ်စုံတစ်ရာ မရှိသော်လည်း စုမင် ပြုံးလိုက်သောအခါ သူ၏ မျက်ခုံးနှစ်ခုကြားရှိ ခရမ်းရောင်မျဉ်းကြောင်းမှာ ကွဲအက်ကြောင်း အသေးလေးတစ်ကြောင်း ပွင့်လာသည့်အလား အနည်းငယ် လှုပ်ရှားသွားပုံရသည်။ စောင့်ကြည့်ခံနေရသည့် ခံစားချက်မျိုး သူတို့၏ နှလုံးသားထဲတွင် ချက်ချင်း ပေါ်ပေါက်လာပြီး သူတို့မှာ မျက်စိတစ်မှိတ်အတွင်း အဝတ်ဗလာ ဖြစ်သွားသည့်အလား ခံစားလိုက်ရသည်။ သူတို့၏ လျှို့ဝှက်ချက်များအား လုံးဝ ဖုံးကွယ်ထားနိုင်ခြင်း မရှိဘဲ သူ၏ မျက်ခုံးကြားရှိ အက်ကြောင်းလေးက သူတို့အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေနိုင်သည်။
အမှန်တကယ်တွင် သူတို့သည် စုမင်၏ မျက်ခုံးကြားရှိ အက်ကြောင်းထဲတွင် မျက်လုံးတစ်လုံး ရှိနေသည်ဟု ပြင်းထန်စွာ ခံစားလိုက်ရသည်။
"ငါကလည်း မြေမှုန်မီးရှို့သူတွေဆီကို သွားဖို့ ပြင်နေတာ။ တကယ်လို့ ငါ မင်းတို့နဲ့အတူ လိုက်ခဲ့မယ်ဆိုရင် မင်းတို့အတွက် အခက်အခဲ ဖြစ်သွားမလား" စုမင်၏ နှုတ်ခမ်းဖျားတွင် အပြုံးရိပ်တစ်ခု ရှိနေပုံရသော်လည်း သူ၏ မျက်လုံးထဲမှ စူးရှအေးစက်လှသော အကြည့်က မြင်တွေ့ရသူ အားလုံး၏ နှလုံးသားကို ထိတ်လန့်ခြင်းဖြင့် တောင့်တင်းသွားစေသည်။
သူတို့က အခက်အခဲဖြစ်သည်ဟု မည်သို့ ပြောရဲပါမည်နည်း။ သူတို့ အလွန်အမင်း မလိုလားသော်လည်း ပြုံးလျက် ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့သည်။
"စီနီယာသာ ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့မယ်ဆိုရင် အကောင်းဆုံး ဖြစ်မှာပါ။ စီနီယာ ရှိနေရင် ကျွန်တော်တို့ ပိုပြီး ဘေးကင်းမှာပါ။ ဒါက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ။ ကျွန်တော် စွမ်းရှန်းက စီနီယာ အတူလိုက်ပါပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" စွမ်းရှန်း၏ စိတ်ထဲတွင် ခါးသီးမှုများ ပေါ်ပေါက်လာသော်လည်း ၎င်းကို စိုးစဉ်းမျှပင် မပြရဲခဲ့ချေ။ ယင်းအစား သူက ဝမ်းသာအားရ ဖြစ်နေသည့် မျက်နှာအမူအရာကို လုပ်ယူကာ လက်နှစ်ဖက်အား ဆုပ်၍ စုမင်ကို အလျင်အမြန် ကျေးဇူးတင်လိုက်သည်။
"ကောင်းပြီ၊ မင်းတို့ အခု ထွက်သွားနိုင်ပြီ။ အဆင်ပြေမယ့် နေရာတစ်ခုခု ရှာပြီး ငါ့ကို စောင့်နေကြ။ ငါ ကောင်းကင်ဖြတ်သန်းသူတွေနဲ့ ကိစ္စပြတ်သွားတာနဲ့ မင်းတို့ကို လာရှာမယ်" စုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုလေးဦးမှာ စိတ်ထဲတွင် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြသော်လည်း သူတို့၏ မျက်နှာပေါ်တွင် ခံစားချက်ကို စိုးစဉ်းမျှ မပြခဲ့ကြချေ။ ယင်းအစား သူတို့က စုမင်ကို လက်ဆုပ်ဂါရဝပြုလိုက်ပြီးနောက် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ယခုအခါတွင် ရောက်ရှိမိခြင်းအတွက် နောင်တရလျက် ဤဂြိုဟ်ပေါ်မှ လျင်မြန်စွာ ထွက်ခွာရန် ပြင်ကြတော့သည်။
သို့သော် ကောင်းကင်ရှိ အမည်းရောင် တိမ်တိုက်များမှာ တည်ရှိနေဆဲ ဖြစ်ပြီး ဤနေရာကို ဆက်လက် ပိတ်ဆို့ထားဆဲ ဖြစ်သည်။
"မင်းတို့က ဒီအတိုင်းပဲ ထွက်သွားတော့မလို့လား" စုမင်က မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီးနောက် တင်ပလ္လင်ခွေ ထိုင်လိုက်သည်။
ကောင်းကင်ရှိ လူလေးဦးမှာ ခဏမျှ မှင်တက်သွားပြီးနောက် ဟွာယု၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူ ခေါင်းငုံ့လိုက်စဉ် ညာလက်ကို မြှောက်လိုက်ရာ သူ၏ လက်ဝါးပေါ်တွင် အက်ကြောင်းတစ်ကြောင်း ပေါ်လာသည်။ ရေလမင်း ပိုင်ဆိုင်ထားသော အမျိုးသား၏ နတ်ဘုရားဝိညာဉ်မှာ မျက်လုံးများ မှိတ်ထားလျက် သတိလစ်နေသည်။ ဟွာယုက ၎င်းကို အပြင်သို့ ထုတ်ပစ်လိုက်သောအခါ ၎င်းသည် စုမင်ဆီသို့ မျောပါသွားတော့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ရှိ အမည်းရောင် တိမ်တိုက်များမှာ လှိမ့်ဝင်လာပြီး လမ်းကြောင်းတစ်ကြောင်း ပွင့်သွားသည်။ သူတို့သည် ၎င်းထဲသို့ လျင်မြန်စွာ တက်လှမ်းလိုက်ကြပြီး သူတို့ တတ်နိုင်သမျှ အမြန်ဆုံး အရှိန်နှုန်းဖြင့် ဤသေဆုံးနေသော ဂြိုဟ်ပေါ်မှ ချက်ချင်း ထွက်ခွာသွားကြတော့သည်။
"တာအိုရောင်းရင်းစွမ်း... ငါတို့..."
"ဘာမှ ထပ်မပြောနဲ့တော့။ ငါတို့ အမြန် ထွက်သွားရမယ်။ ဒီရက်စက်တဲ့လူက သတ္တိ တော်တော် ကောင်းတာပဲ။ သူက ကောင်းကင်ဖြတ်သန်းသူတွေကို တကယ်ပဲ သတ်ဝံ့တယ်။ ဒါက ကောင်းကင်ဖြတ်သန်းသူတွေရဲ့ နယ်မြေဖြစ်ရမယ်၊ ပြီးတော့ အင်အားကြီး စစ်သည်တော်တွေလည်း မကြာခင် ရောက်လာတော့မှာ သေချာတယ်။ ငါတို့ အမြန် ထွက်သွားရမယ်" စွမ်းရှန်းက ချက်ချင်း ပြောဆိုလိုက်သည်။ သူက လျှာဖျားကို ကိုက်လိုက်ပြီး သွေးတစ်လုတ် အန်ထုတ်ကာ ကျင့်ကြံသူများအကြား အသုံးများသော်လည်း ခဲယဉ်းစွာ အသုံးပြုလေ့ရှိသည့် သွေးစတေး၍ ထွက်ပြေးခြင်းပညာရပ်ကို အသက်သွင်းလိုက်သည်။
အခြား သုံးဦးမှာလည်း ထိုနည်းတူ ပြုလုပ်ကြသည်။ သူတို့၏ သွေးနီရောင် အရိပ်များသည် မျက်စိတစ်မှိတ်အတွင်း အဝေးသို့ ပြေးထွက်သွားတော့သည်။
ခဏအကြာတွင် သူတို့သည် ထိုဂြိုဟ်နှင့် ဝေးကွာသော နယ်မြေတစ်ခုဆီသို့ ထွက်ပြေး လွတ်မြောက်သွားကြသော်လည်း စွမ်းရှန်းမှာ ရပ်တန့်ခြင်း မရှိသေးပေ။ သူ အလွန် ဝေးကွာသော နေရာသို့ ရောက်ရှိသွားမှသာ ခေါင်းကို လှည့်၍ စိတ်ထဲတွင် ထိတ်လန့်ခြင်းများ ကျန်ရှိနေဆဲဖြစ်လျက် အဝေးတွင် ကျန်ရစ်ခဲ့သော ဂြိုဟ်ကြီးကို ပြန်လည် လှမ်းကြည့်လိုက်သည်။
"သူက တကယ်ပဲ ဘယ်လို ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားတာလဲ။ လကပ်ဘေးအဆင့် ရှိသူတွေကို သူက လွယ်လွယ်လေး သတ်ပစ်နိုင်ခဲ့တယ်။ အဲဒါဆို သူက နေကပ်ဘေးအဆင့်က မိစ္ဆာအိုကြီးတစ်ကောင် ဖြစ်နေမလား"
"တာအိုရောင်းရင်းယွန်း... မင်း ဒီလူကို အထင်သေးနေတုန်းပဲ ထင်တယ်။ ငါ သူ့ကို စောင့်ကြည့်ပြီး လကပ်ဘေး အဆင့် ကောင်းကင်ဖြတ်သန်းသူ သုံးဦးကို သူ ဘယ်လောက် ပေါ့ပေါ့ပါးပါး သတ်ပစ်လိုက်လဲဆိုတာ သတိထားမိခဲ့တယ်။ ဒီလိုလူမျိုးက သာမန် နေကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးထက် သေချာပေါက် ပိုပြီး အင်အားကြီးတယ်"
"သူက ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင် တစ်ယောက်ကိုတောင် ပြန်တိုက်နိုင်တယ်" ဤစကားကို အခိုင်အမာ ပြောဆိုလိုက်သူမှာ အခြားသူ၏ ဝိညာဉ်ကို ချိတ်ပိတ်နိုင်စွမ်းသော နတ်ဘုရား စွမ်းရည် ရှိသည့် ဟွာယု ဖြစ်သည်။ သူ၏ မျက်နှာအမူအရာမှာ မှုန်မှိုင်းနေပြီး ထိုစကားလုံးများ နှုတ်မှ ထွက်ပေါ်လာသောအခါ အခြား သုံးဦးကို ချက်ချင်းပင် တိတ်ဆိတ်သွားစေတော့သည်။
"ဒီလူမှာ တကယ့်ကို ထူးဆန်းတဲ့ အရာတစ်ခု ရှိနေတယ်။ ဘာကြောင့်လဲမသိဘူး၊ ငါ သူ့ကို မြင်ရတဲ့အခါ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတွေ ထလာရတယ်။ အမှန်အတိုင်း ပြောရရင် ငါ့ဘဝမှာ လူတွေအများကြီး တွေ့ဖူးပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ဒီလူနဲ့ မတူဘူး။ သူ့ဆီက ရက်စက်တဲ့ အငွေ့အသက်က တကယ်ကို ဖော်ပြလို့ မရဘူး"
"ဟင်... ငါလည်း အဲဒီလို ခံစားချက်မျိုး ရှိခဲ့တယ်။ သူ့ဆီမှာ တခြားသူတွေကို အသက်ရှူကျပ်သွားစေနိုင်တဲ့ မိစ္ဆာဆန်တဲ့ အရာတစ်ခု ရှိနေသလိုပဲ"
"လူတိုင်း အတူတူပဲ ခံစားခဲ့ရပုံ ရတယ်။ ငါလည်း အဲဒီလိုပဲ ခံစားခဲ့ရတယ်။ ပြီးတော့ သူက ဟိုကျင့်ကြံခြင်းဂြိုဟ်ပေါ်မှာ တကယ်ပဲ ဆက်နေဝံ့တယ်ဆိုကတည်းက ကောင်းကင်ဖြတ်သန်းသူတွေရဲ့ ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင်ကိုတောင် မကြောက်တဲ့ စွမ်းအားကို သူ သေချာပေါက် ပိုင်ဆိုင်ထားလို့ပဲ ဖြစ်ရမယ်"
"သူက ငါတို့နဲ့အတူ မြေမှုန်မီးရှို့သူဆီကို လိုက်ခဲ့မယ်လို့ ပြောထားတာ။ ငါတို့ စောင့်ရမလား"
ထိုလေးဦးမှာ ထပ်မံ တိတ်ဆိတ်သွားကြပြီး အခြား သုံးဦးက စွမ်းရှန်းဆီသို့ လှမ်းကြည့်လိုက်ကြရာ ၎င်းမှာ သူသည် ထိုအဖွဲ့တွင် ခေါင်းဆောင်ဖြစ်ကြောင်း ပြသနေခြင်း ဖြစ်သည်။
စွမ်းရှန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ခဏအကြာတွင် သူက အံကြိတ်လိုက်သည်။ သူ စကားပြောတော့မည့် အချိန်တွင် အဝေးရှိ နဂါးငွေ့တန်းထံမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး ၎င်းမှာ သူတို့ပင် ကြားနိုင်သည်အထိ အလွန် ကျယ်လောင်သည်။ ဤနဂါးငွေ့တန်းထဲတွင် ဤကဲ့သို့သော ပေါက်ကွဲသံမျိုးက တစ်ခုတည်းသော အဓိပ္ပာယ်ကိုသာ ဆောင်နိုင်သည်။
ယင်းက ဂြိုဟ်တစ်လုံး ပြိုလဲ ပျက်စီးသွားခြင်းပင် ဖြစ်သည်။
ထိုအဖွဲ့၏ မျက်နှာအမူအရာများ အကြီးအကျယ် ပြောင်းလဲသွားပြီး သူတို့သည် ထိုပေါက်ကွဲသံ ထွက်ပေါ်လာရာ နေရာဆီသို့ ချက်ချင်း စိုက်ကြည့်လိုက်ကြတော့သည်။ ထို့နောက် အဝေးတစ်နေရာတွင် ဂြိုဟ်တစ်လုံး မိမိကိုယ်ကိုယ် ဖျက်ဆီးလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ရိုက်ခတ်မှုနှင့် စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသည့် တောက်ပသော အလင်းရောင်ကြီးကို သူတို့ မြင်တွေ့လိုက်ရတော့သည်။