အခန်း ၉၅၆
Vol. 69 Ch. 956
အခန်း ၉၅၆ သားရဲများကို ဆွဲဆောင်ခြင်း...
ထိပ်ပြောင်ကြိုးကြာသည် မိမိ၏ အသက်ကိုပါ ရင်းရတော့မည့် လေသံမျိုးဖြင့် အော်ဟစ်လိုက်လေသည်။ ၎င်းသည် စုမင် နားမလည်နိုင်သော ဘာသာစကားတစ်ခုဖြင့် အော်ဟစ်နေခြင်း ဖြစ်၏။ ရက်စက်ကြမ်းကြုတ်သော သားရဲ ဆယ်သိန်းအား ဆွဲဆောင်နိုင်ပါက သလင်းကျောက် အားလုံးကို ရရှိနိုင်မည်ဟု စုမင် ပြောလိုက်ပြီးနောက် ဤထိပ်ပြောင်ကြိုးကြာမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ခြင်း ဖြစ်ပေသည်။
ထိပ်ပြောင်ကြိုးကြာသည် တုန်ခါသွားသော်လည်း ၎င်း၏ မျက်လုံးများထဲ၌ တောက်ပသော အလင်းရောင်များ လင်းလက်လာခဲ့သည်။ ဤအလင်းရောင်သည် စကြဝဠာကြီးအတွင်းသို့ ပေါင်းစပ်သွားနိုင်ပြီး ၎င်းအား မှောက်လှန်ပစ်နိုင်ကာ အားနည်းသော ဖြစ်တည်မှုတစ်ခုအား ပြိုင်ဘက်ကင်း အစွမ်းထက်သော အခြေအနေသို့ ချက်ချင်း ပြောင်းလဲပေးနိုင်သည့်အပြင် ထိပ်ပြောင်ကြိုးကြာကိုပင် ရူးသွပ်သွားစေနိုင်စွမ်း ရှိပေသည်။
"တောက်... ငါ လုပ်မယ်ကွာ။ ငှက်သေရင် အမွေးအတောင်တွေက ကောင်းကင်ဘက်ကို ညွှန်ပြတတ်ကြပေမယ့် ငါ့မှာမှ အမွေးမရှိတာ။ ငါက မသေဖို့ ကံပါလာတာပဲ။ ငါ လုပ်မယ်၊ အသေအချာကို လုပ်ပြမယ်ကွာ"
ထိပ်ပြောင်ကြိုးကြာသည် မျက်လုံးများ သွေးကဲ့သို့ နီရဲလျက် ဆက်တိုက် အော်ဟစ်နေတော့သည်။ သူ့အား နားလည်သောသူများ ရှိပါက ဤအရာသည် အလွန်အမင်း ကြောက်ရွံ့နေလင့်ကစား သလင်းကျောက်များ၏ ဆွဲဆောင်မှုကြောင့် ရူးသွပ်သွားကာ မိမိကိုယ်မိမိ စိတ်ဓာတ်မြှင့်တင်နေခြင်းသာ ဖြစ်ကြောင်း သိရှိကြပေမည်။
သို့သော်လည်း ၎င်းအား နားမလည်သော သူများကသာ ယခုအခိုက်အတန့်၌ ထိပ်ပြောင်ကြိုးကြာ၏ ပြုမူပုံကို မြင်တွေ့ပါက ဤငှက်သည် ရူးကြောင်ကြောင်ငှက်တစ်ကောင် ဖြစ်သည်ဟု ဧကန်မုချ ထင်မြင်ကြပေမည်။
သူသည် ဟိန်းဟောက်ရင်း စုမင်၏ ပတ်ပတ်လည်၌ ဗီဇအရ ပျာယာခတ်လျက် ပတ်ပျံနေတော့သည်။ သူ၏ စူးရှစွာ အော်ဟစ်သံများမှာ ပိုမိုပြင်းထန်လာသဖြင့် ဘေးနားရှိ အသူရာနဂါးကြီးမှာ မျက်လုံးများ ပြူးကျယ်သွားရပြီး သလင်းကျောက်များအတွက်နှင့် မည်သည်ကိုမျှ ဂရုမစိုက်တော့ဘဲ အရူးအမူး ဖြစ်နေသော ထိပ်ပြောင်ကြိုးကြာအား အထင်သေးစွာ ကြည့်လိုက်လေသည်။
'ဟွန်း... ငါက မြင့်မြတ်တဲ့ အသူရာနဂါးကွ။ ဒီလိုမျိုး အကျိုးအမြတ် အသေးအဖွဲလေး အတွက်နဲ့တော့ ငါ့ရဲ့ တည်ငြိမ်မှုကို ပျက်ပြားအောင် အလုပ်မခံနိုင်ဘူး။ လမ်းခရီးတစ်လျှောက်လုံးမှာ ထိပ်ပြောင်ကြိုးကြာက သိပ်တော်ပုံရပေမယ့် အမှန်တော့ အူကြောင်ကြောင် ကောင်လေးပါလား'
အသူရာနဂါးသည် ထိပ်ပြောင်ကြိုးကြာအား အထင်သေးစွာ စိုက်ကြည့်နေစဉ် စုမင်၏ အသံသည် သူ့နားထဲသို့ ရုတ်တရက် ရောက်ရှိလာခဲ့၏။ ထိုအသံကြောင့် အသူရာနဂါးမှာ ချက်ချင်းပင် ဆွံ့အသွားခဲ့ရပြီးနောက် ထိပ်ပြောင်ကြိုးကြာကဲ့သို့ပင် တုန်ရင်လာတော့သည်။
"အသူရာနဂါး... အတိတ်တုန်းက မင်း ဆုံးရှုံးခဲ့ရတဲ့ နဂါးအကြောကို မင်း ပြန်လိုချင်လား"
အသူရာနဂါးသည် စုမင်အား ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေပြီး မည်သည့်စကားမျှ မပြောနိုင်တော့ချေ။
"မင်း မလိုချင်ဘူးလား။ အဲဒီလိုဆိုရင်လည်း ထားလိုက်တော့"
"လိုချင်တာပေါ့။ ဒါပေမဲ့ အတိတ်တုန်းက ငါ့ရဲ့ နဂါးအကြောကို နုတ်ယူခဲ့တာက အသူရာဧကရာဇ်ရဲ့ အလိုဆန္ဒပဲ။ သူက ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင်ဖြစ်တဲ့ ကပ်ဘေးအရှင်သခင် တစ်ပါးလေ"
"ကောင်းကင်ဖြတ်သန်းသူတွေက အလေးအမြတ်ထားရတဲ့ မဟာမျိုးနွယ်စုကြီး လေးခုထဲက တစ်ခုပဲ။ သူတို့က နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ထဲမှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြတာ။ အဲဒီတော့ သူတို့ထဲမှာ ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင်တွေ မရှိဘူးလို့ မင်း ထင်နေတာလား" စုမင်က တည်ငြိမ်စွာ မေးလိုက်၏။
အသူရာနဂါးသည် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီ ဖြစ်၏။
"ငါ မင်းကို ကတိပေးနိုင်တယ်။ ငါ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ကနေ ထွက်ခွာပြီး နံနက်ခင်းတာအိုလောကမှာ ခြေကုပ်ရလာတဲ့အခါ အသူရာဧကရာဇ်ရဲ့ မဟာလောကဆီကို ငါ သွားမယ်။ မင်းကို ယွီရွှမ်နဲ့ ပြန်ဆုံပေးပြီး အတိတ်တုန်းက မင်းဆီကနေ အဓမ္မနုတ်ယူသွားခဲ့တဲ့ နဂါးအကြောကို ပြန်လုယူပေးမယ်" စုမင်က တည်ငြိမ်စွာ ကတိပြုလိုက်လေသည်။
"ငါ လုပ်မယ်ကွာ။ ငါ လုပ်မယ်" အသူရာနဂါးသည် တုန်ရင်နေရင်း မျက်လုံးများမှာ နီရဲလာခဲ့သည်။ သူသည် ယခုကဲ့သို့သော သနားစဖွယ် အခြေအနေမျိုး၌ ထပ်မံမတည်ရှိနေစေရန်အတွက် မိမိ၏ နဂါးအကြောကို ပြန်လည်လုယူရန် အိပ်မက်ထဲတွင်ပင် တမ်းတနေခဲ့ခြင်း ဖြစ်ပေသည်။
"မင်း အဲဒီရက်စက်တဲ့ သားရဲတွေကို ဆွဲဆောင်ဖို့ မလိုပါဘူး။ မင်း ထိပ်ပြောင်ကြိုးကြာနဲ့အတူ လိုက်ပြေးရုံပဲ။ စည်းမျဉ်းတွေကတော့ မင်းအတွက်လည်း အတူတူပဲ။ တကယ်လို့ မင်း ရက်စက်တဲ့ သားရဲတစ်သိန်းကို ဆွဲဆောင်နိုင်ရင် ခုနစ်ပုံပေးမယ်။ သုံးသိန်းဆွဲဆောင်နိုင်ရင် ရှစ်ပုံပေးမယ်။ ငါးသိန်းဆွဲဆောင်နိုင်ရင် ကိုးပုံပေးမယ်၊ တကယ်လို့ မင်း ဆယ်သိန်းအထိ ဆွဲဆောင်နိုင်ရင်တော့ အားလုံးကို မင်းကို ငါ ပေးမယ်။ ငါ ပြောနေတာက မင်းရဲ့ နဂါးအကြောအကြောင်းကို ပြောတာ"
စုမင် စကားပြောပြီးသွားသောအခါ အော်ဟစ်နေသော ထိပ်ပြောင်ကြိုးကြာသည် လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ပြီး စုမင်အား အလွန်အမင်း စိတ်လှုပ်ရှားကြည်နူးဖွယ်ကောင်းသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်လိုက်လေသည်။ ၎င်းသည် စုမင်အား အလွန်ကြီးမြတ်သောသူဟု ထင်မြင်သွားခဲ့၏။ စုမင်သည် သူ၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်သောကြောင့် အသူရာနဂါးအား သူနှင့်အတူ အဖော်အဖြစ် လိုက်ပါစေခြင်း ဖြစ်သည်ဟု တွေးတောလိုက်မိတော့သည်။
"ကဲ... ထိပ်ပြောင်ကြိုးကြာ။ မင်း အဲဒီသလင်းကျောက်တွေကို ရမလား မရဘူးလား ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တော့တယ်"
စုမင်၏ မျက်လုံးများထဲ၌ အားပေးကူညီသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့၏။ ဤသည်မှာ ထိပ်ပြောင်ကြိုးကြာ အနေဖြင့် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေရာ သူ့နှလုံးသားထဲ၌ ချက်ချင်းပင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားတော့သည်။ သူသည် စုမင်အနေဖြင့် မိမိအပေါ် တကယ်ကို ကောင်းမွန်သည်ဟု ပိုမိုတွေးတောမိလာခဲ့၏။ သွေးများမှာ ခေါင်းသို့ ဆောင့်တက်သွားသဖြင့် စဉ်းစားဆင်ခြင်ဉာဏ်များ ဝေဝါးသွားခဲ့ပြီး သလင်းကျောက်များထံမှ ရရှိသော စိတ်လှုပ်ရှားမှုကြောင့် သူသည် ဟိန်းဟောက်လိုက်လေသည်။ ထို့နောက် လှုပ်ရှားမှုတစ်ခုနှင့်အတူ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
အသူရာနဂါး၏ မျက်လုံးများမှာလည်း နီရဲလာခဲ့ပြီ ဖြစ်၏။ ၎င်းသည် သားရဲ ဆယ်သိန်းဟူသော ပစ်မှတ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။ အဆုံးသတ်တွင်မူ သူ ရရှိမည့်အရာမှာ သလင်းကျောက်များ မဟုတ်ချေ။ ပတ်ဝန်းကျင်၌ သလင်းကျောက် မည်မျှပင် ရှိနေပါစေဦးတော့ သူ့အတွက် အရေးမကြီးလှပေ။ နောက်ဆုံးတွင် ယင်းတို့မှာ သလင်းကျောက် သက်သက်သာ ဖြစ်သော်လည်း အကယ်၍ မိမိ နဂါးအကြော၏ အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးသွားပြီး ခုနစ်ပုံသာ ရရှိမည်ဆိုပါက ၎င်းသည် နဂါးအကြောအစစ်အမှန် ဖြစ်လာတော့မည်မဟုတ်ချေ။
အချိန်ကာလတစ်ခုအထိ နဂါးငွေ့တန်းအတွင်း၌ စုမင်နှင့် မီးလျှံဂြိုဟ်သခင် နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။ မီးလျှံဂြိုဟ်သခင်သည် ဝေးကွာသော အရပ်သို့ ထွက်ခွာသွားကြသည့် ထိပ်ပြောင်ကြိုးကြာနှင့် အသူရာနဂါးတို့အား သနားစဖွယ်အကြည့်ဖြင့် စိုက်ကြည့်ရင်း ခေါင်းကို ခါယမ်းလိုက်လေသည်။
စုမင်သည် တင်ပလ္လင်ခွေထိုင်လိုက်ပြီး ထိပ်ပြောင်ကြိုးကြာနှင့် အသူရာနဂါးတို့ထံမှ အကြည့်ကို လွှဲကာ ကောင်းကင်ဖြတ်သန်းသူများ ရှိရာအရပ်သို့ လှမ်းကြည့်လိုက်၏။ အတော်ကြာပြီးနောက် သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး တရားထိုင်ခြင်းနှင့် ကျင့်ကြံခြင်းတို့ထဲ၌ စိတ်နှစ်မြှုပ်လိုက်တော့သည်။
စုမင်သည် ထိပ်ပြောင်ကြိုးကြာ၏ စွမ်းရည်များကို အပြည့်အဝ မသိရှိလင့်ကစား ထိုကြိုးကြာ၏ နောက်ကြောင်း ရာဇဝင်အား အနည်းငယ် ခန့်မှန်းမိပေသည်။ သူသည် မည်မျှပင် ဆိုးရွားသော စမ်းသပ်မှုများနှင့် ကြုံတွေ့ရပါစေ အိစန်းနှင့် အဆင့်အတန်းတူညီသည့် ရက်စက်ကြမ်းကြုတ်သော ဝိညာဉ်များနှင့် မတွေ့ဆုံသရွေ့ သေဆုံးမည်မဟုတ်ကြောင်း သူ သိရှိထား၏။
ထို့အပြင် စုမင်သည် အဆိပ် နကျယ်ကောင်အား ထိန်းချုပ်၍ ထိပ်ပြောင်ကြိုးကြာ၏ ခန္ဓာကိုယ်အတွင်းသို့ နတ်ဘုရား အဆင့်တက် ဝတ်ရည် ထိုးသွင်းစေခဲ့စဉ်က သူ့ခန္ဓာကိုယ် အတွင်းရှိ ပမာဏမှာ အနည်းငယ်မျှသာ ဖြစ်ပေသည်။ ယင်းသည် အိစန်း၏ အဆင့်အတန်းရှိသော ရက်စက်ကြမ်းကြုတ်သည့် သားရဲများကို ဆွဲဆောင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
အရေးကြီးဆုံးအချက်မှာ စုမင်သည် ထိပ်ပြောင်ကြိုးကြာ၏ ခန္ဓာကိုယ်အတွင်း၌ မိမိ၏ စိတ်ဝိညာဉ်အာရုံ အနည်းငယ်အား ချန်ထားခဲ့သောကြောင့် ကြိုးကြာ၏ လုပ်ဆောင်ချက် အားလုံးကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ပေသည်။ ဤသည်မှာ စုမင်အနေဖြင့် မင်နက်ဂြိုဟ်မှ ထွက်ခွာပြီးနောက်ပိုင်း တမင်တကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ထိပ်ပြောင်ကြိုးကြာသည် ထိုနေရာ၌ မကောင်းဆိုးဝါး နှစ်ကောင်ဟူသော အမည်နာမဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သောကြောင့်တည်း။
ထိုအခိုက်အတန့်၌ စုမင် မျက်လုံးမှိတ်ထားစဉ်အတွင်း သူ့အာရုံတစ်ဝက်ကို ထိပ်ပြောင်ကြိုးကြာ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်အာရုံထံသို့ စေလွှတ်၍ ကျင့်ကြံနေခြင်း ဖြစ်ပြီး ထိုသည်မှာ တစ်ပြိုင်နက်တည်း အလုပ်နှစ်ခု လုပ်ဆောင်နေသကဲ့သို့ ဖြစ်ပေသည်။ အကယ်၍ ထိပ်ပြောင်ကြိုးကြာအနေဖြင့် သူ မဖြေရှင်းနိုင်သော အန္တရာယ်နှင့် ကြုံတွေ့ရပါက သူသည် မီးလျှံဂြိုဟ်သခင်အား သူနှင့်အတူ ချက်ချင်း နေရာပြောင်းရန် ပြုလုပ်ပေမည်။
…..
ထိပ်ပြောင်ကြိုးကြာသည် ဟိန်းဟောက်လိုက်ပြီး မိမိ၏ ပစ်မှတ်ဆီသို့ မရောက်မချင်း နောက်လှည့်မကြည့်တော့မည့် အရှိန်အဝါမျိုးဖြင့် ဥက္ကာပျံတစ်ခဲအလား ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ သူ၏ လှုပ်ရှားမှုများကြောင့် ကျယ်လောင်သော လေတိုးသံများ ထွက်ပေါ်လာစဉ် ရှေ့သို့ အပြင်းအထန် တိုးဝင်သွားခဲ့၏။ အသူရာနဂါးသည်လည်း သူ့နောက်ကွယ်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ပြီး ထိပ်ပြောင်ကြိုးကြာကဲ့သို့ပင် ရူးသွပ်လျက် ရှိနေတော့သည်။
ဤလုပ်ဖော်ကိုင်ဖက်ဟောင်း နှစ်ကောင်စလုံးမှာ တစ်ကောင်က သလင်းကျောက်များအတွက်နှင့် အခြားတစ်ကောင်ကမူ မိမိ၏ နဂါးအကြောအတွက် အစွမ်းကုန် ကြိုးစားနေကြသည်ဟု ဆိုနိုင်ပေသည်။ ၎င်းတို့ထံမှ လေးနက်တည်ကြည်သော အငွေ့အသက်များနှင့်အတူ စိတ်လှုပ်ရှားမှုများ ထွက်ပေါ်နေပြီး ထူထပ်သည့် နတ်ဘုရား အဆင့်တက် ဝတ်ရည်ရနံ့သည် ပျံ့လွင့်သွားခဲ့ရာ မှောင်မိုက်သော ညဉ့်နက်သန်းခေါင်ယံကဲ့သို့ ဖြစ်နေသည့် နဂါးငွေ့တန်းကြီးအတွင်းရှိ လင်းထိန်နေသော မီးအိမ်တစ်အိမ်အလား ဘေးပတ်ဝန်းကျင်ရှိ ရက်စက်ကြမ်းကြုတ်သည့် သားရဲအားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်တော့သည်။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီးပါး အချိန်ကာလတစ်ခု ကြာမြင့်ပြီးနောက် သူတို့ ရှေ့ရှိ ဟင်းလင်းပြင်ထဲမှ တိုးလျသော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အလွန်အမင်း ကြီးမားသော ဟင်းလင်းပြင်သားရဲကြီး သုံးကောင်သည် နဂါးငွေ့တန်းအတွင်း ရုပ်လုံးပေါ်လာခဲ့၏။ သူတို့တွင် မိကျောင်းများနှင့် ဆင်တူသော ခန္ဓာကိုယ်များ ရှိကြပြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် မိမိတို့ ဘေးမှ မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းသွားကြသော ထိပ်ပြောင်ကြိုးကြာနှင့် အသူရာနဂါးကြီးတို့ထံသို့ မျက်တောင်မခတ် စိုက်ကြည့်လိုက်ကြသည်။ ထို့နောက် ကျယ်လောင်သော ဟိန်းဟောက်သံများနှင့်အတူ ဤဟင်းလင်းပြင်သားရဲကြီး သုံးကောင်သည် ထိပ်ပြောင်ကြိုးကြာ၏ နောက်သို့ လိုက်လံဖမ်းဆီးရန် တဟုန်ထိုး ပြေးထွက်လာကြတော့သည်။
နတ်ဘုရား အဆင့်တက် ဝတ်ရည်ထံမှ ရရှိသော ရနံ့သည် သူတို့အား အလွန်အမင်း ဆွဲဆောင်လိုက်သဖြင့် သူတို့မှာ ရူးသွပ်ခြင်း အခြေအနေသို့ ရောက်ရှိသွားခဲ့ကြခြင်း ဖြစ်ပေသည်။
"လာကြစမ်း၊ ငါ့ဆီကို လာကြစမ်း။ ငါ မင်းတို့ကို စောင့်နေတာ ကြာပြီကွ"
ထိပ်ပြောင်ကြိုးကြာ၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သလင်းကျောက်များထံမှ ရရှိသော စိတ်လှုပ်ရှားမှုမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပေရာ သူသည် ရူးသွပ်စွာဖြင့် ရှေ့သို့ တိုးဝင်ရင်း ဆက်တိုက် စူးရှစွာ အော်ဟစ်နေတော့သည်။ သူသည် ထိုသို့ ပြုလုပ်ခြင်းဖြင့်သာ မိမိ၏ ကြောက်ရွံ့မှုများကို ပေါက်ကွဲပစ်နိုင်သည့်အလား ထင်မှတ်ရပေသည်။
ဟိန်းဟောက်သံများနှင့်အတူ ထိပ်ပြောင်ကြိုးကြာနှင့် အသူရာနဂါးတို့သည် ရှည်လျားသော အလင်းတန်းနှစ်တန်းအသွင် ပြောင်းလဲ၍ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ အတွင်းပိုင်းအရပ်ရပ်သို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။ တဖြည်းဖြည်းနှင့် စပါးအုန်းမြွေများကဲ့သို့ ခန္ဓာကိုယ်ရှိသော်လည်း လူသားမျက်နှာများနှင့် ကျောပြင်ပေါ်၌ အတောင်ပံများ ပါရှိကြသော ပျံသန်းနိုင်သည့် မြွေဆိုးများ အုပ်စုကြီးသည် တရှူးရှူး မြည်သံများနှင့်အတူ နီးကပ်လာခဲ့သည်။ ဤရက်စက်ကြမ်းကြုတ်သော သားရဲ အရေအတွက်မှာ သောင်းဂဏန်းမျှ ရှိပြီး သူတို့၏ အမြီးများမှာ တုန်ခါလျက် ရှိနေ၏။ သူတို့၏ မျက်လုံးများမှာ နတ်ဘုရား အဆင့်တက် ဝတ်ရည်၏ ဆွဲဆောင်မှုကြောင့် နီရဲလျက် ရှိနေခဲ့ပြီ ဖြစ်သည်။ သူတို့သည် ကြီးမားသော ရန်လိုမှုများနှင့်အတူ ထိပ်ပြောင်ကြိုးကြာထံသို့ ရူးသွပ်သွားသည့်အလား တဟုန်ထိုး ပြေးဝင်လာကြတော့သည်။
အချိန်အနည်းငယ် ကြာပြီးနောက် ပိုမိုဝေးကွာသော နေရာတစ်နေရာမှ ပြင်းထန်သော ပေါက်ကွဲသံများ ပဲ့တင်ထပ်လာခဲ့သည်။ ထိုအသံများသည် သိပ်သည်းစွာ စုစည်းနေကြပြီး တစ်ကောင်ချင်းစီမှာ သာမန်လူသားတစ်ဦးနီးပါး ကြီးမားကြသော အစက်အပြောက်ပါ အဆိပ်ပျားအုပ်ကြီးထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ သူတို့သည် ကျယ်လောင်သော ဝူးဝူးဝါးဝါး မြည်သံများနှင့်အတူ ထိပ်ပြောင်ကြိုးကြာနှင့် အသူရာနဂါးတို့ထံသို့ ဦးတည်လာကြတော့သည်။
ထိပ်ပြောင်ကြိုးကြာသည် ဟိန်းဟောက်လိုက်ပြီး သူ၏ ဦးတည်ရာကို ပြောင်းလဲရန် လှည့်လိုက်လေသည်။ သူသည် မိမိ တတ်နိုင်သမျှ အမြန်ဆုံး အရှိန်နှုန်းဖြင့် ရှေ့သို့ ထပ်မံ တိုးဝင်သွားခဲ့၏။ ထိုအခိုက်အတန့်၌ သူ့နောက်ကွယ်တွင် ရက်စက်ကြမ်းကြုတ်သော သားရဲပေါင်း တစ်သိန်းနီးပါး ရှိနေပြီး ထိုသားရဲ အားလုံးမှာ ရူးသွပ်သွားသည့်အလား ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးနေကြတော့သည်။ ထိပ်ပြောင်ကြိုးကြာနှင့် အသူရာနဂါးတို့ အနည်းငယ်မျှ အရှိန်လျော့လိုက်သည်နှင့် ထိုသက်ရှိများသည် သူတို့အား ချက်ချင်း မှီလှမ်းသွားကြပေမည်။
"ဘယ်လောက်ရှိပြီလဲ" ထိပ်ပြောင်ကြိုးကြာက အော်ဟစ်မေးလိုက်သည်။ ထိုအခိုက်အတန့်၌ ကြောက်ရွံ့မှုများသည် သူ့နှလုံးသား အများစုကို လွှမ်းမိုးထားခဲ့ပြီ ဖြစ်ရာ လက်လျှော့အရှုံးပေးလိုသော အတွင်းစိတ်များ ပေါ်ပေါက်လာခဲ့ချေပြီ။
"တစ်သိန်းရှိပြီ" အသူရာနဂါးကြီးက ထိပ်ပြောင်ကြိုးကြာ၏ နောက်ကွယ်မှ အမြန် ပြန်ပြောလိုက်၏။ သူသည်လည်း အလွန်အမင်း ကြောက်ရွံ့နေခဲ့ပြီး အထူးသဖြင့် ထိုသားရဲအုပ်ကြီးထံမှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်း အငွေ့အသက်များကြောင့် ဖြစ်ပေသည်။ ထိုအရှိန်အဝါက သူ့အား တုန်လှုပ်ချောက်ချားစေ၏။
"တောက်... ဒီလောက်လေးပဲလား"
ထိပ်ပြောင်ကြိုးကြာသည် စိတ်ဝေခွဲမရ ဖြစ်သွားခဲ့သည်။ ဤရက်စက်ကြမ်းကြုတ်သော သားရဲအရေအတွက်မှာ သုံးသိန်းပင် မပြည့်သေးရာ စုမင်က သူ့အား သလင်းကျောက်များကို ပေးမည် မဟုတ်ချေ။ ထို့နောက် သူ့ဦးနှောက်ထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့၏။ မိမိအနေဖြင့် ငါးစာအဖြစ် ခံလိုက်ရပြီ ဖြစ်ရာ မည်သည့်နည်းနှင့်မျှ အလကားတော့ အလုပ်မခံနိုင်ချေ။
သူသည် အံကြိတ်ကာ အခြားဦးတည်ရာ တစ်ဖက်ဆီသို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။ သူ ပျံသန်းနေစဉ်အတွင်း ခက်ထန်စွာ ဆက်တိုက် ဟိန်းဟောက်နေခဲ့၏။ သူသည် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်အတွင်း ဆက်လက် လှုပ်ရှားနေသဖြင့် နတ်ဘုရား အဆင့်တက် ဝတ်ရည်၏ ရနံ့သည် ပိုမို ဝေးကွာသော နေရာများသို့ ပျံ့နှံ့သွားတော့သည်။
တစ်နာရီခန့် ကြာပြီးနောက် ဟင်းလင်းပြင်ထဲ၌ ဟိန်းဟောက်သံများ ပဲ့တင်ထပ်သွားပြီး လူသားဘီလူးကြီး ရာဂဏန်းမျှ လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။ ယင်းတို့အနက် တစ်ဦးချင်းစီမှာ ပေပေါင်း တစ်သိန်းနီးပါး မြင့်မားကြပြီး သူတို့အားလုံး၏ လက်ထဲတွင် ဧရာမ သစ်သားတုတ်ကြီးများကို ကိုင်ဆောင်ထားကြ၏။ သူတို့၏ မျက်နှာပေါ်တွင် မျက်လုံးများ မပါရှိကြဘဲ ဧရာမ ပါးစပ်ကြီးများသာ ရှိကြပေသည်။ သူတို့၏ ဆံပင်များမှာ မြွေများနှင့် ဆင်တူသော အနန္တဂဏန်းမျှသော သေးငယ်သည့် ကြိုးမျှင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ယင်းတို့မှာ ပခုံးပေါ်သို့ ဝဲကျနေရင်း စိတ်ကူး၍ မရနိုင်လောက်အောင် ကြီးမားသော ရှေးဦးအငွေ့အသက်များကို ထုတ်ဖော်နေကြတော့သည်။
သူတို့၏ နောက်ကွယ်တွင်မူ ပုံသဏ္ဌာန်အမျိုးမျိုး ရှိကြသော ရက်စက်ကြမ်းကြုတ်သည့် သားရဲပေါင်း တစ်သိန်းနီးပါး ရှိနေခဲ့သည်။ ထိုအခိုက်အတန့်၌ သူတို့သည် မိမိတို့ တစ်သက်တာတွင် တစ်ခါမျှ မကြုံတွေ့ဖူးသော ရူးသွပ်မှုများနှင့်အတူ ဒီရေလှိုင်းကြီး တစ်လှိုင်းအသွင် ပေါ်ထွက်လာသော သားရဲပင်လယ်ကြီး တစ်စင်းကဲ့သို့ ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။
ဟိန်းဟောက်သံ အားလုံးကြောင့် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ကြီးသည် တုန်ခါသွားခဲ့ပြီး အချိန်အတော်ကြာအောင် ပေါ်ပေါက်ခဲ့ခြင်း မရှိသော မုန်တိုင်းကြီးတစ်ခုကို နှိုးဆွပေးလိုက်လေသည်။
ထိပ်ပြောင်ကြိုးကြာ တုန်လှုပ်သွားခဲ့၏။ သူသည် ရှေ့သို့ ဆက်လက် ပျံသန်းသွားရင်း အော်ဟစ်လိုက်လေသည်။ "ဘယ်လောက်ရှိပြီလဲ"
"သုံးသိန်းနီးပါး ရှိပြီ... ဟင်"
အသူရာနဂါးသည် စကားတစ်ဝက်မျှသာ ပြောရသေးသော်လည်း ရုတ်တရက် ရပ်တန့်သွားခဲ့၏။ သူသည် ထိတ်လန့်ချောက်ချားဖွယ်ကောင်းသော အကြည့်ဖြင့် ရှေ့သို့ လှမ်းကြည့်လိုက်သည်။ ထိုအခိုက်အတန့်၌ ထိပ်ပြောင်ကြိုးကြာသည်လည်း မိမိတို့ ရှေ့မှောက်တွင် နဂါးငွေ့တန်းကြီး ဟိန်းဟောက်နေသည်ကို မြင်တွေ့လိုက်ရ၏။ သောင်းဂဏန်းထက်မကသော လေဆင်နှာမောင်းများ ပေါ်ပေါက်လာခြင်းကြောင့် အနန္တမျှသော ဂယက်လှိုင်းများ ပျံ့နှံ့လျက် ရှိနေတော့သည်။
ယင်းတို့အနက် တစ်ခုချင်းစီမှာ ပေပေါင်း သောင်းဂဏန်းမျှ မြင့်မားကြပြီး မြန်ဆန်သော အရှိန်နှုန်းဖြင့် ရှေ့သို့ တိုက်ခတ်လာနေကြခြင်း ဖြစ်ပေသည်။ အကယ်၍ တစ်စုံတစ်ဦးက သေချာစွာ ကြည့်ရှုမည်ဆိုပါက အတွင်း၌ လက်ဝါးအရွယ်အစားခန့် ရှိကြသော ခရမ်းပုစွန်ရောင် အရာဝတ္ထုများ ရှိနေသည်ကို မြင်တွေ့ရပေမည်။ ထိုအရာ အားလုံးမှာ လျင်မြန်စွာ လည်ပတ်နေကြခြင်း ဖြစ်ပြီး ထိုသို့ဖြင့် လေဆင်နှာမောင်းများအသွင် ပြောင်းလဲသွားခြင်း ဖြစ်ပေသည်။
အမှန်စင်စစ်အားဖြင့်မူ သူတို့၏ နောက်ကွယ်ရှိ နဂါးငွေ့တန်းကြီးမှာ ကြေမွပျက်စီးသွားသည့်အလား ထင်ရပေရာ ယင်းမှာ အရေအတွက် တစ်သိန်းထက်မကသော ဆင်များနှင့် ဆင်တူကြသည့် အနက်ရောင် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများကြောင့် ဖြစ်ပေသည်။ သူတို့သည် ရက်စက်ကြမ်းကြုတ်သော ရူးသွပ်မှု အလိုဆန္ဒများနှင့်အတူ ထိုနေရာဆီသို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။
"သုံးသိန်း... လေးသိန်း။ သားရဲ အရေအတွက်က လေးသိန်းမက ရှိနေပြီ" အသူရာနဂါးက ချက်ချင်းပင် ဟိန်းဟောက်လိုက်လေသည်။ သူသည် ထိုသားရဲအုပ်ကြီး၏ အဆုံးအစကို မြင်တွေ့နိုင်ခြင်း မရှိတော့ချေ။ မိမိတို့ ရှေ့တွင်လည်းကောင်း နောက်တွင်လည်းကောင်း ရက်စက်ကြမ်းကြုတ်သော သားရဲများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်၏။ ယင်းတို့မှာ အဆုံးအစ မရှိဘဲ မည်မျှအထိ ကျယ်ပြန့်သော ဒေသကို လွှမ်းမိုးထားသည်ကို မသိရှိနိုင်တော့ချေ။
"အား... တောက်... ဘာလို့ လေးသိန်းပဲ ရှိသေးတာလဲဟ"
ထိပ်ပြောင်ကြိုးကြာသည် လုံးဝ ရူးသွပ်လုမတတ် ဖြစ်သွားခဲ့ရပြီ။ သူသည် ဟိန်းဟောက်ရင်း ထပ်မံ၍ စိတ်ဝေခွဲမရ ဖြစ်သွားပြန်သည်။ အကယ်၍ ရက်စက်ကြမ်းကြုတ်သော သားရဲ သုံးသိန်းသာ ဆိုပါက သူသည် မည်သည့်တုံ့ဆိုင်းမှုမျှ မရှိဘဲ သားရဲတို့အား စုမင်ထံသို့ ချက်ချင်း ခေါ်ဆောင်သွားရန်နှင့် မိမိ၏ တာဝန်အား ပြီးမြောက်ရန် ရွေးချယ်ပေလိမ့်မည်။ သို့သော် ဖြစ်ပွားနေသည်မှာ လက်ရှိတွင် လေးသိန်းခန့် ရှိနေပြီး အနည်းငယ်မျှ ပိုမို ကြိုးစားလိုက်ရုံနှင့် သားရဲ ငါးသိန်း ဖြစ်လာမည်ဖြစ်ရာ ထိုသို့ဆိုလျှင် သလင်းကျောက်များ၏ ကိုးပုံကို ရရှိနိုင်မည် ဖြစ်ပေရာ...
ထိပ်ပြောင်ကြိုးကြာသည် မိမိ၏ ပြောင်နေသော ခေါင်းအရေခွံကို ရှိသမျှ အင်အားဖြင့် ဆုပ်ကိုင်လိုက်လေသည်။ သူသည် အံကြိတ်ရင်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ထွက်ခွာသွားရန် မရွေးချယ်ခဲ့ပေ။ ထိုအစား သူသည် ဦးတည်ရာကို ပြောင်းလဲ၍ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ ပိုမို နက်ရှိုင်းသော အရပ်ဆီသို့ ဦးတည်ရန် ရွေးချယ်လိုက်တော့သည်။ သူသည် ရူးသွပ်စွာဖြင့် အရှိန်မြှင့်တင်၍ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
အသူရာနဂါးသည်လည်း အံကြိတ်လိုက်ပြီးနောက် မိမိ ခန္ဓာကိုယ်အား ဧရာမ ခွေးကြီးတစ်ကောင်အသွင် ပြောင်းလဲ၍ ထိပ်ပြောင်ကြိုးကြာနှင့်အတူ လျင်မြန်စွာ ထွက်ပြေးတိမ်းရှောင်သွားတော့သည်။