အခန်း ၉၆၀
Vol. 69 Ch. 960
အခန်း ၉၆၀ နင့်ရဲ့သခင်မနာမည်က ယွီရွှမ် မဟုတ်လား
ကောင်းကင်ဖြတ်သန်းသူများအကြား ဖြစ်ပွားခဲ့သော ပရမ်းပတာဖြစ်မှုများသည် သားရဲအုပ်ကြီး တဖြည်းဖြည်းချင်း အုပ်စုမခွဲမီအထိ လဝက်နီးပါးမျှ ကြာမြင့်ခဲ့သည်။ သူတို့၏ ဘိုးဘေး မရှိဘဲနှင့် ကောင်းကင်ဖြတ်သန်းသူများသည် အရေအတွက် တစ်သန်းကျော်မျှရှိသော သားရဲများကို ရင်ဆိုင်နိုင်ရန် မျှော်လင့်ချက်မရှိခဲ့ချေ။ ခုခံမှုပုံစံအားလုံးမှာ ချက်ချင်းပင် ချေမှုန်းခြင်းခံလိုက်ရပြီး တိုက်ခိုက်သူများ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ရိုင်းစိုင်းရုန်းရင်းဆန်ခတ်မှုများအောက်တွင် မျိုးနွယ်စုတစ်ခုလုံးမှာ ရွှေ့ပြောင်းသွားရန်သာ တတ်နိုင်ခဲ့တော့သည်။
ဤအရာမှာ အတိတ်တုန်းက ထျန်းရှဲ့ကျီသည် မဟာမျိုးနွယ်စုကြီးလေးခု၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည့်အလား ဖြစ်ပေသည်။ သူသည် ဆက်တိုက်ထွက်ပြေးနေရင်းနှင့် အသက်ရှင်သန်နိုင်မည့် လမ်းစကို ရှာဖွေခဲ့ရသည်။
သို့သော်လည်း ကွဲပြားခြားနားသော အချက်တစ်ခု ရှိနေသည်မှာ ရွှေ့ပြောင်းနေကြသော ကောင်းကင်ဖြတ်သန်းသူများသည် မျှော်လင့်ချက်ကင်းမဲ့ခြင်းနှင့် မျှော်လင့်ချက်ရှိခြင်းတို့အကြား ပိတ်မိနေကြခြင်း ဖြစ်သည်။ သူတို့သည် ထိုအခိုက်အတန့်၌ ရင်ဆိုင်နေရသော ကံကြမ္မာကြောင့် မျှော်လင့်ချက်မဲ့နေကြသော်လည်း သူတို့၏ မျှော်လင့်ချက်မှာ မည်သည့်အချိန်တွင်မဆို ပေါ်ပေါက်လာနိုင်သည့် သူတို့၏ ပထမဘိုးဘေးအပေါ်၌ တည်ရှိနေခြင်းကြောင့် ဖြစ်၏။
လွန်ခဲ့သော လဝက်တာကာလအတွင်း ကောင်းကင်ဖြတ်သန်းသူများ၏ ဆယ်ပုံလေးပုံမှာ သားရဲအုပ်ကြီးကြောင့် သေဆုံးခဲ့ကြရသည်။ ထိုသောင်းဂဏန်းမျှသော လူများ၏ သေဆုံးမှုများသည် ပြင်းထန်သော သွေးညှီနံ့ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများ နဂါးငွေ့တန်းကို ဖြတ်သန်းရွှေ့ပြောင်းရာ လမ်းကြောင်း တစ်ကြောင်းလုံးတွင် ပြည့်နှက်နေခဲ့တော့သည်။
ကောင်းကင်ဖြတ်သန်းသူများ အတွက်မူ ဤအရာသည် အလွန်အမင်း ကြီးမားသော ရိုက်ခတ်မှုတစ်ခု ဖြစ်ပေသည်။ အမှန်စင်စစ်အားဖြင့် သူတို့ မူလက နေထိုင်ခဲ့သော နဂါးငွေ့တန်းဆီသို့ မည်သည့်အခါမျှ ပြန်လည်မလာနိုင်တော့မည့် ဖြစ်နိုင်ခြေ အလွန်မြင့်မားသည်။ အဘယ်ကြောင့်ဆိုသော် သားရဲအုပ်ကြီးသည် ထိုနယ်မြေကို သိမ်းပိုက်ပြီးသည်နှင့် နယ်မြေအား သူတို့အချင်းချင်း ခွဲဝေယူလိုက်ကြသောကြောင့် ဖြစ်၏။
ဤသည်ကား လွန်ခဲ့သော ရေတွက်၍မရနိုင်သည့် နှစ်ပေါင်းများစွာက သူတို့၏ ပထမဘိုးဘေးသည် ထိုနေရာကို သိမ်းပိုက်ထားသော သားရဲအုပ်ကြီးထံမှ ဤနဂါးငွေ့တန်းအား လုယူခဲ့သည့် ပုံစံနှင့် အတူတူပင် ဖြစ်ချေသည်။
ကောင်းကင်ဖြတ်သန်းသူများသည် သူတို့၏ဇာတိမြေသို့ မပြန်ရဲကြတော့ချေ။ သူတို့၏ လူများ သေဆုံးခဲ့ရသောကြောင့် ကောင်းကင်ဖြတ်သန်းသူများနှင့် အခြား မဟာမျိုးနွယ်စုများအကြားရှိ စွမ်းအားညီမျှမှုမှာ ယိုင်နဲ့သွားခဲ့ရတော့သည်။
နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် အတွင်းပိုင်းအရပ်၌ သားရဲအုပ်ကြီး သောင်းကျန်းခဲ့သည့် ကိစ္စသည် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် အပြင်ဘက်ရှိ မျိုးနွယ်စုများထံသို့ ပျံ့နှံ့သွားခြင်း မရှိနိုင်သော်လည်း နဂါးငွေ့တန်း၏ အတွင်းပိုင်းရှိ အခြားသော မဟာမျိုးနွယ်စုကြီး သုံးခုကမူ အချိန်အတန်ကြာပြီးနောက် ဤအကြောင်းကို ဧကန်မုချ သိရှိသွားကြပေလိမ့်မည်။
ထိုမျိုးနွယ်စုကြီး လေးခုသည် အတူတကွ လက်တွဲလုပ်ဆောင်ကြလင့်ကစား သူတို့အကြား၌ သားစဉ်မြေးဆက် တည်ရှိခဲ့သော ရန်ငြိုးရန်စများလည်း ရှိကြပေသည်။ ထို့ကြောင့် စွမ်းအားညီမျှမှု ပျက်ပြားသွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ဖြတ်သန်းသူများကို စောင့်ကြိုနေမည့်အရာမှာ ပျက်စီးခြင်း ကံကြမ္မာဆိုးသာ ဖြစ်ပေလိမ့်မည်။
သူတို့၏ ရွှေ့ပြောင်းသွားမှုကြောင့် ကောင်းကင်ဖြတ်သန်းသူများသည် အချိန်ကာလတစ်ခုအထိ အရိပ်အယောင်မရှိ ပျောက်ကွယ်သွားကြပေလိမ့်မည်။ သူတို့သည် အနားယူရန်နှင့် အင်အားပြန်လည်ဖြည့်တင်းရန်အတွက် လူသူအရောက်အပေါက်နည်းသော အရပ်ဒေသတစ်ခုကို ရှာဖွေကြမည်ဖြစ်ပြီး သူတို့အား တစ်ဖန်ပြန်လည် အာဏာပြင်းထန်လာစေမည့် စွမ်းအားများကို စုဆောင်းမိသည့်အခါမှသာ တစ်ကျော့ပြန် ထွက်ပေါ်လာကြပေလိမ့်မည်။
ကောင်းကင်ဖြတ်သန်းသူများ၏ မူလဇာတိမြေတွင် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာ ရှိနေပြီး ထိုသတ္တဝါများသည် သူတို့၏နယ်မြေကို သိမ်းပိုက်ထားကြသော်လည်း ထိပ်ပြောင်ကြိုးကြာ၏ စွမ်းရည်များနှင့် သလင်းကျောက်များအပေါ် စွဲလန်းမှုတို့ကြောင့် ၎င်းသည် ထိုကျင့်ကြံခြင်းဂြိုဟ်ပေါင်း တစ်ရာကျော်အား တိုင်ဖုန်းမုန်တိုင်းတစ်ခုအလား တိုက်ခတ်ဖျက်ဆီးနိုင်ခဲ့သည်။ ရှေ့နောက် ခေါက်တုံ့ခေါက်ပြန် သုံးကြိမ်မျှ တဟုန်ထိုး ပြေးလွှားရင်း သူယူဆောင်နိုင်သမျှသော သလင်းကျောက်အားလုံးကို သိမ်းကျုံးယူငင်ခဲ့လေသည်။
သူသည် အသူရာနဂါးနှင့်အတူ စုမင် ဘေးနားသို့ ပြန်လည်ရောက်ရှိလာသောအခါ အလွန်အမင်း စိတ်လှုပ်ရှားနေဆဲဖြစ်ရာ ဝမ်းသာအားရဖြင့် ကခုန်မတတ် ဖြစ်နေတော့သည်။ သူ့ခန္ဓာကိုယ်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရင်နေခဲ့၏။
"ငါ ချမ်းသာပြီကွ။ တောက်... ငါ ချမ်းသာပြီ။ သလင်းကျောက် သုံးတုံးကွ။ ကောင်းကင်ဖြတ်သန်းသူတွေရဲ့ နယ်မြေတစ်ခုလုံးမှာ သလင်းကျောက် သုံးတုံးတောင် ရှိတာ" ထိပ်ပြောင်ကြိုးကြာသည် စိတ်လှုပ်ရှားစွာ ပြောဆိုရင်း စုမင်ကို ခိုးကြောင်ခိုးဝှက် လှမ်းကြည့်လိုက်သည်။
အသူရာနဂါးသည်လည်း မူလက အလွန်စိတ်လှုပ်ရှားနေခဲ့သော်လည်း ထိပ်ပြောင်ကြိုးကြာ၏ စကားများကို ကြားလိုက်ရသောအခါ ခဏမျှ ဆွံ့အသွားခဲ့ရသည်။ မိမိတို့အနေဖြင့် သလင်းကျောက် သန်းပေါင်းများစွာကို လုယူခဲ့သည်ကို သူ မှတ်မိနေသောကြောင့် ဖြစ်၏။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် သူသည် ထိပ်ပြောင်ကြိုးကြာ၏ မျက်လုံးအမူအရာကို မြင်တွေ့လိုက်ရလေသည်။
စုမင်က သူတို့ကို ဂရုမစိုက်ချေ။ ထိုကြိုးကြာသည် မိမိအား သလင်းကျောက်များ တောင်းမည်ကို စိုးရိမ်နေသဖြင့် သလင်းကျောက် သုံးတုံးတည်းသာ ရှိကြောင်း ပြောနေခြင်းဖြစ်သည်အား သူ သိရှိပေသည်။ ဤအရေအတွက်ကို အခြားသူများ ကြားရပါက ဆွံ့အသွားကြမည်ဖြစ်ပြီး ထိပ်ပြောင်ကြိုးကြာ၏ ကပ်စေးနှဲမှုအဆင့်မှာ သူတစ်ပါးကို ဒေါသအိုး ပေါက်ကွဲစေနိုင်လောက်သည့် အခြေအနေသို့ ရောက်ရှိနေပြီဟု ထင်မှတ်ကြပေလိမ့်မည်။
သို့သော်လည်း စုမင်သည် ထိပ်ပြောင်ကြိုးကြာကို နားလည်ထားသဖြင့် သူသည် မယုံနိုင်လောက်စရာ စိတ်ဓာတ်ကြံ့ခိုင်မှုဖြင့် သလင်းကျောက် သုံးတုံးဟု မပြောမီ စိတ်ထဲ၌ အချိန်အတော်ကြာအောင် ဒွန်တွဲနေခဲ့ရမည်ဖြစ်ကြောင်း သိပေသည်။ အဆုံးစွန်၌ ဤကြိုးကြာသည် အိမ်ပြင်ထွက်သည့်အခါ မည်သည့်သလင်းကျောက်မျှ ကောက်မရခဲ့ပါက မိမိကိုယ်မိမိ သလင်းကျောက်များ ဆုံးရှုံးသွားခဲ့ရသည်ဟု သတ်မှတ်တတ်သော ထိပ်ပြောင်ကြိုးကြာ မဟုတ်လော။
စုမင်သည် တစ်ချိန်က ကောင်းကင်ဖြတ်သန်းသူများ ပိုင်ဆိုင်ခဲ့သော နဂါးငွေ့တန်းကို တည်ငြိမ်သော မျက်နှာအမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ သူ့နှလုံးသားထဲတွင် သနားကြင်နာတတ်သော စိတ်ဓာတ်မရှိသလို သူ့အတွင်း၌ ကြင်နာမှု အနည်းငယ်သာ ရှိပေသည်။ သူသည် ထိုအရာကို လောကရှိ သက်ရှိအားလုံးအတွက် ခွဲဝေမပေးနိုင်ချေ။
"သွားကြစို့" စုမင် မတ်တပ်ရပ်လိုက်ပြီး သဲလုံးကြီးပေါ်တွင် ထိုင်နေသော သဲဝိညာဉ်အိုကြီးကို လှမ်းကြည့်လိုက်သည်။ ထိုအဖိုးအိုသည် ခေါင်းမော့ကာ စုမင်ကို စိုက်ကြည့်လိုက်၏။ သူတို့၏ အကြည့်ချင်း ဆုံမိသွားသည့်ခဏ၌ပင် ထိုအဖိုးအို၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားခဲ့ပြီး ဟင်းလင်းပြင်အတွင်းသို့ လွင့်စင်သွားခဲ့တော့သည်။ သို့သော်လည်း စုမင်၏ နှလုံးသားထဲ၌ ပဲ့တင်ထပ်သွားသော အသံတစ်သံက ဘေးပတ်ဝန်းကျင် ဟင်းလင်းပြင်ထံမှ ထွက်ပေါ်လာခဲ့လေသည်။
"မင်း ငါ့ကို နောက်ထပ် နှစ်ကြိမ် တိုက်ခိုက်ခိုင်းဖို့ တောင်းဆိုလို့ရသေးတယ်။ ငါတို့ရဲ့ ကတိကိုတော့ မမေ့နဲ့ဦး။ ငါ့ရဲ့နာမည်ကို သီချင်းထဲမှာ ထည့်ရေးပေးပါ"
စုမင် ခေါင်းညိတ်လိုက်သည်။ သူသည် လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ လွန်ခဲ့သော အချိန်ကတည်းက ကိုယ်ပေါ်၌ ရေးထွင်းထားခဲ့သော မှော်သင်္ကေတမှာ ချက်ချင်းပင် အသက်ဝင်လာခဲ့တော့သည်။ သူ ထိုသို့ ပြုလုပ်လိုက်သည်နှင့် သူ့ခြေဖဝါးအောက်မှ လှိုင်းတွန့်အလွှာ တစ်လွှာ ဖြန့်ကျက်သွားခဲ့၏။ ထိုလှိုင်းတွန့်များသည် ထိပ်ပြောင်ကြိုးကြာနှင့် အသူရာနဂါးကြီးတို့ကိုပါ လွှမ်းမိုးသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သင်္ကေတထံမှ ထွက်ပေါ်လာသော အလင်းရောင်မှာ စူးရှလွန်းသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထိုအခိုက်အတန့်၌ စုမင်သည် ထိပ်ပြောင်ကြိုးကြာ၊ အသူရာနဂါးကြီးတို့နှင့်အတူ သဲလုံးကြီးပေါ်မှ ပျောက်ကွယ်သွားခဲ့တော့သည်။
အသက်ရှိုက်စာ ဆယ်ကြိမ်ခန့် ကြာပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်သံက သဲလုံးကြီးထံမှ ထွက်ပေါ်လာခဲ့သည်။ ထိုအသံကြီး ဟင်းလင်းပြင်အတွင်း ပဲ့တင်ထပ်သွားသည်နှင့် အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့၏။ သဲလုံးကြီးပေါ်တွင် အက်ကြောင်းများ ပေါ်ပေါက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအက်ကြောင်းများသည် တစ်ပြင်လုံးသို့ ဖြန့်ကျက်သွားခဲ့ရာ မျက်နှာပြင် တစ်ပြင်လုံးတွင် ပင့်ကူအိမ်တစ်အိမ် လွှမ်းခြုံထားသည့်အလား ထင်မှတ်ရပေသည်။
ဟင်းလင်းပြင်အတွင်း ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည့်အခါ ဧရာမ သဲလုံးကြီးမှာ ကြေမွပျက်စီးသွားခဲ့ပြီး ကောင်းကင်ဖြတ်သန်းသူ မျိုးနွယ်စု ပထမဘိုးဘေးသည် သဲမှုန်များအကြားမှ ထွက်ပေါ်လာခဲ့တော့သည်။
သူ့မျက်နှာအမူအရာမှာ မည်းမှောင်နေခဲ့ပြီး မျက်လုံးများထဲ၌ အပြင်းထန်ဆုံးသော ဒေါသများ ဖုံးကွယ်နေခဲ့သည်။ သူသည် ကောင်းကင်ဖြတ်သန်းသူများ မူလက ပိုင်ဆိုင်ခဲ့သော နဂါးငွေ့တန်းကို စိုက်ကြည့်လိုက်ပြီး ထိုနေရာတွင် ရှိနေကြသော အဆုံးအစမရှိသည့် ရက်စက်ကြမ်းကြုတ်သော သားရဲများအား လှမ်းကြည့်ကာ မိမိ၏လူများ သေဆုံးပြီးနောက် ဟင်းလင်းပြင်အတွင်း ကျန်ရှိနေခဲ့သည့် သွေးညှီနံ့များကို နမ်းရှူရင်း တစ်စုံတစ်ရာမျှ စကားမဆိုခဲ့ချေ။
အချိန်အတော်ကြာပြီးနောက် ထိုပထမဘိုးဘေးသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး စုမင်၏ ခြေရာလက်ရာများကို ဆက်လက်ရှာဖွေရန် မရွေးချယ်ခဲ့ချေ။ အဘယ်ကြောင့်ဆို သူသည် စုမင်အား မသတ်နိုင်ကြောင်း သိရှိထားသောကြောင့် ဖြစ်၏။ ထို့ပြင် မိမိအနေဖြင့် ထပ်မံ၍ ချိပ်ပိတ်ချုပ်နှောင်ခြင်း ခံရမည့် ဖြစ်နိုင်ခြေ အလွန်မြင့်မားပြီး ထိုအချိန်ကျပါက စုမင်သည် သနားကြင်နာတတ်သော လူတစ်ဦးမဟုတ်သလို လူအများအပြားကို သတ်ဖြတ်ပြီးနောက် နောင်တရတတ်သည့် အမျိုးအစားလည်း မမဟုတ်ကြောင်း သူ လုံးဝ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်ကျပါက ကောင်းကင်ဖြတ်သန်းသူများကို စောင့်ကြိုနေမည့်အရာမှာ စစ်မှန်သော မျိုးတုံးသတ်ဖြတ်ခြင်းသာ ဖြစ်ပေလိမ့်မည်။
အကယ်၍ အခြားတစ်စုံတစ်ဦးကသာ ထိုပထမဘိုးဘေးကို ခြိမ်းခြောက်ခဲ့မည်ဆိုပါက သူသည် ထိုခြိမ်းခြောက်မှုကို ယုံကြည်လိမ့်မည်မဟုတ်သလို ဤအတိုင်းလည်း လွှတ်ထားလိမ့်မည်မဟုတ်ချေ။ သို့သော်လည်း အတိတ်တုန်းက အခြားသူများက မိမိဆရာကို လိုက်လံဖမ်းဆီးခဲ့သည့် ကိစ္စတစ်ခုတည်းအတွက်နှင့် နှစ်ပေါင်းတစ်ထောင် ကြာပြီးနောက်တွင် လူများ၏ ဆယ်ပုံလေးပုံကို သတ်ဖြတ်ခဲ့လေသည်။ ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော လူစားမျိုးဖြစ်သဖြင့် ကောင်းကင်ဖြတ်သန်းသူ ပထမဘိုးဘေးအနေဖြင့် စုမင်၏ခြိမ်းခြောက်မှုကို လုံးဝ အပေါ့အပါး မတွေးရဲတော့ခြင်း ဖြစ်ပေသည်။
'ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင် အဲဒီသဲဝိညာဉ်က ကတိ တစ်ခုခု ပေးထားပုံရပြီး အကြိမ်ကြိမ် တိုက်ခိုက်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ နောက်တစ်ကြိမ် သူ လှုပ်ရှားလိုက်တာနဲ့တင် ငါ အနာဂတ်မှာ သူ့ကို သတ်နိုင်ခဲ့ရင်တောင် ငါ့ရဲ့လူတွေအားလုံး သေဆုံးသွားကြပြီဖြစ်လို့ သူပြောခဲ့သလိုပဲ ငါတစ်ယောက်တည်းပဲ ကျန်ခဲ့ရတော့မှာ'
'သူ့မှာ ရက်စက်ပြီး ယုတ်မာကောက်ကျစ်တဲ့ နှလုံးသားရှိတယ်။ မျိုးနွယ်စု တစ်ခုလုံးကို မျိုးတုံးအောင် လုပ်ပစ်နိုင်စွမ်းရှိတယ်။ သူက အဲဒီကနေ ဖြစ်လာမယ့် အကျိုးဆက်တွေကို ခံနိုင်ရည်ရှိပေမဲ့ ငါကတော့ မခံနိုင်ဘူး'
ကောင်းကင်ဖြတ်သန်းသူ ပထမဘိုးဘေး တိတ်ဆိတ်သွားခဲ့ရသည်။ သူ၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်နှင့် အဆင့်အတန်းအရ သူသည် တစ်ခါမျှ ခြိမ်းခြောက်ခြင်း မခံခဲ့ရဖူးချေ။ ယခုအခါတွင်မူ သူ့နှလုံးသားထဲ၌ ဖြစ်ပေါ်လာသော ဤခံစားချက်ကြောင့် စိတ်ထဲတွင် အလွန်အမင်း ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေခဲ့ရသည်။ အချိန်အတော်ကြာပြီးနောက် သူသည် စိတ်ထဲ၌ သက်ပြင်းချလိုက်ပြီး မိမိ၏လူများ ရှိရာအရပ်ဆီသို့ ဦးတည်ရွေ့လျားသွားတော့သည်။
'သူ့မှာ တာအိုနှလုံးသား မရှိဘူး။ သူ ပျက်စီးသွားမယ့် နေ့ကို ငါ စောင့်ကြည့်နေမယ်' ကောင်းကင်ဖြတ်သန်းသူ ပထမဘိုးဘေးသည် ဝေးကွာသော အရပ်သို့ ထွက်ခွာသွားတော့သည်။
နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် အတွင်းပိုင်းအရပ်၌ တိတ်ဆိတ်ငြိမ်သက်သော နဂါးငွေ့တန်းတစ်ခု ရှိပေသည်။ ထိုနေရာတွင် ဧရာမ ဥက္ကာပျံကြီးတစ်ခဲ ရှိနေပြီး ၎င်းသည် နဂါးငွေ့တန်းအတွင်း၌ မျောလွင့်နေခဲ့၏။ ထိုဥက္ကာပျံပေါ်တွင် ရက်စက်ကြမ်းကြုတ်သော သားရဲအချို့၏ အသိုက်များ ရှိနေသော်လည်း လွန်ခဲ့သော လဝက်ခန့်က အမျိုးသမီးတစ်ဦး ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး သူမ၏ လကပ်ဘေးနယ်ပယ် စွမ်းအားဖြင့် ရက်စက်ကြမ်းကြုတ်သော သားရဲအားလုံးကို သတ်ဖြတ်ကာ ဤဥက္ကာပျံ၏ ပိုင်ရှင် ဖြစ်လာခဲ့သည်။
ထိုနေရာတွင် ရွှီဟွေသည် စုမင်၏တောင်းဆိုမှုအရ မှော်သင်္ကေတ တစ်လုံးကို ပြင်ဆင်ထားခဲ့ပြီးနောက် တင်ပျဉ်ခွေထိုင်လျက် အချိန်အား ဖြည်းညှင်းစွာ ရေတွက်နေခဲ့၏။
ဤနေရာသည် ကောင်းကင်ဖြတ်သန်းသူများနှင့် အလွန်အမင်း ဝေးကွာပေသည်။ သားရဲပင်လယ်ကြီး သယ်ဆောင်လာသော ရုန်းရင်းဆန်ခတ်မှုများသည် ဤနေရာကို မသက်ရောက်နိုင်သောကြောင့် ဤနဂါးငွေ့တန်းသည် ငြိမ်သက်အေးချမ်းနေခြင်း ဖြစ်ပေသည်။
ဥက္ကာပျံ၏ အပြင်ဘက် ဟင်းလင်းပြင်အတွင်း၌ ဧရာမ ဟင်းလင်းပြင် သားရဲကြီးတစ်ကောင် ပုန်းကွယ်နေခဲ့သည်။ မိကျောင်းတစ်ကောင်နှင့် တူသော ထိုသတ္တဝါသည် ထိုအခိုက်အတန့်၌ မျက်လုံးများကို ပိတ်လျက် မျောလွင့်နေခဲ့၏။ ၎င်းသည် လှုပ်ရှားခြင်းမရှိသော်လည်း အကယ်၍ မည်သည့်အန္တရာယ်ရှိသော အငွေ့အသက်မျိုးမဆို ပေါ်ပေါက်လာပါက ချက်ချင်းဆိုသလို နိုးထလာပေလိမ့်မည်။ ပြောရန်ပင် မလိုတော့ဘဲ ဤအရာမှာ သူတို့ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် အတွင်းပိုင်းအရပ်သို့ လာမည့်လမ်းတွင် စုမင်၏အကူအညီဖြင့် ရွှီဟွေ ယဉ်ပါးအောင် ပြုလုပ်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် သားရဲကြီး ဖြစ်ပေသည်။
ရွှီဟွေသည် လဝက်တိုင်တိုင် စောင့်ဆိုင်းခဲ့ပြီး ဖြစ်သည်။ စုမင်နှင့် ပြုလုပ်ခဲ့သော ကတိကဝတ်အရ အကယ်၍ သူသည် တစ်လကြာပြီးနောက် ပြန်မလာခဲ့ပါက သူမအနေဖြင့် ဆက်လက်စောင့်ဆိုင်းရန် မလိုတော့ဘဲ အမှောင် အစောင့်အရှောက် ကိုးယောက်နှင့် ပြန်လည်ဆုံတွေ့ရန် ချက်ချင်း နောက်ပြန်လှည့်သွားရမည် ဖြစ်၏။
သို့သော်လည်း ရွှီဟွေတွင် သူမ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိပေသည်။ အကယ်၍ စုမင်သည် တစ်လကြာပြီးနောက် ပြန်မလာခဲ့ပါက သူမသည် ပြန်သွားရန် ရွေးချယ်လိမည်မဟုတ်ချေ။ ထိုအစား သူမသည် သူ့ကို လိုက်လံရှာဖွေရန် ထွက်ခွာသွားပေလိမ့်မည်။
သူမသည် ရှေ့ရှိ နေရာပြောင်းရွှေ့ခြင်း မှော်သင်္ကေတကို လဝက်တိုင်တိုင် စိုက်ကြည့်နေခဲ့ခြင်း ဖြစ်၏။ ယနေ့တွင်မူ သူမ မျက်စိရှေ့၌ အလင်းရောင်တစ်ချက် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထိုသို့ ဖြစ်ပျက်လိုက်သည့် ခဏ၌ ရွှီဟွေ၏ အကြည့်မှာ စူးစိုက်သွားခဲ့ရသည်။ သူမသည် တည်ငြိမ်နေပုံရသော်လည်း သူမ နှလုံးသားထဲ၌ အနည်းငယ် စိုးရိမ်ပူပန်နေခဲ့ရသည်။
သူမ မတ်တပ်ရပ်လိုက်သောအခါ နေရာပြောင်းရွှေ့ခြင်း မှော်သင်္ကေတထံမှ ထွက်ပေါ်လာသော အလင်းရောင်မှာ စူးရှလွန်းသော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဥက္ကာပျံ၏ ဘေးရှိ ဟင်းလင်းပြင် သားရဲကြီးသည်လည်း ၎င်းကို စိုက်ကြည့်နေခဲ့၏။ အလင်းရောင်မှာ အတောက်ပဆုံးအဆင့်သို့ ရောက်ရှိသွားပြီးနောက် ပျောက်ကွယ်သွားခဲ့ပြီး ပြောင်းရွှေ့ခြင်းအစီအရင်သင်္ကေတအတွင်း၌ စုမင် ပေါ်ပေါက်လာခဲ့တော့သည်။ သူ ဘေးနား၌ ခွေးအိုကြီးနှစ်ကောင်အသွင် ဖန်တီးထားကြသော ထိပ်ပြောင်ကြိုးကြာနှင့် အသူရာနဂါးတို့ ရှိနေကြ၏။
မီးလျှံဂြိုဟ်သခင်မှာမူ စုမင် လက်မောင်းပေါ်ရှိ အမှတ်အသား ပုံရိပ်တစ်ခုအဖြစ်သို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ရွှီဟွေသည် စုမင်ကို စိုက်ကြည့်လိုက်ပြီးနောက် သူမ မျက်နှာတွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
စုမင်သည်လည်း ရွှီဟွေကို မြင်တွေ့လိုက်ရသဖြင့် သူမ ဘေးနားသို့ လျှောက်လှမ်းသွားခဲ့၏။
"အရာအားလုံး အဆင်ပြေပြေ ပြီးသွားခဲ့တယ်မလား"
"အင်း"
"ဒါဆိုရင် ကောင်းတာပေါ့" ရွှီဟွေသည် အသေးစိတ်အချက်အလက်များကို ထပ်မံ၍ မမေးမြန်းတော့ချေ။ ထိုအစား သူမသည် အကြည့်ကို ထိပ်ပြောင်ကြိုးကြာနှင့် အသူရာနဂါးကြီးတို့ထံသို့ ရွှေ့လိုက်သည်။ သူမသည် ထိပ်ပြောင်ကြိုးကြာကို စိုက်ကြည့်လိုက်ရာ ထိပ်ပြောင်ကြိုးကြာသည်လည်း သူမအား အလွန်အမင်း စိတ်ကြီးဝင်ပြီး ရန်စသောမျက်နှာထားဖြင့် ပြန်လည်စိုက်ကြည့်နေခဲ့၏။
အသူရာနဂါးမှာမူ ရွှီဟွေကို မြင်လိုက်ရသည်တွင် ခဏမျှ ဆွံ့အသွားခဲ့ရပြီးနောက် စုမင်သည် သူ့ဘေးနား၌ လှပသော အမျိုးသမီးများ အမြဲတမ်း ရှိနေတတ်သဖြင့် ကံကောင်းလွန်းသည်ဟု တွေးတောကာ စိတ်ထဲ၌ အလွန်အမင်း မနာလိုဖြစ်သွားခဲ့ရပြီး ရွှီဟွေအား ရန်လိုသော မျက်နှာထားဖြင့် စိုက်ကြည့်မိလိုက်တော့သည်။
သူသည် မည်သို့ပင်ဖြစ်စေ မိမိ၏ သခင်မလေးအတွက် စုမင် ဘေးနားရှိ အမျိုးသမီး အားလုံးကို စောင့်ကြည့်ကူညီပေးရမည် မဟုတ်လော။
ရွှီဟွေသည် ထိပ်ပြောင်ကြိုးကြာ၏ ရန်စပြီး အာခံလိုသော အကြည့်အပေါ် သာမန်ကာလျှံကာသာ ပြုံးလိုက်ပြီး သူ့ကို လုံးဝ ဂရုမစိုက်ခဲ့ချေ။ သို့သော်လည်း သူမသည် အသူရာနဂါး၏ ရန်လိုမှုများ ပြည့်နှက်နေသော အကြည့်အပေါ်၌မူ အနည်းငယ် စိတ်ဝင်စားသွားခဲ့ရသည်။
"ဒါက နင့်ကောင် မဟုတ်ဘူးမလား" ရွှီဟွေသည် ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ သူမ၏ တည်ငြိမ်အေးဆေးသော အမူအရာနှင့် ဉာဏ်ပညာတို့မှာ စုမင် ဆုံတွေ့ဖူးသမျှသော အမျိုးသမီးများအနက် မည်သူမျှ မပိုင်ဆိုင်ထားကြသည့် အရာများ ဖြစ်ကြ၏။
သူ ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် ငါ ခန့်မှန်းကြည့်မယ်။ ဒါက မိန်းကလေးတစ်ယောက်ရဲ့ အိမ်မွေးတိရစ္ဆာန်ပဲ ဖြစ်ရမယ်။ ပြီးတော့ အကြောင်းပြချက် တစ်ခုကြောင့် နင့်ဘေးနားကို ရောက်လာတာ..." ရွှီဟွေ စကားပြောလိုက်စဉ် သူမ မျက်လုံးများထဲ၌ ဆန်းပြားသော အလင်းရောင်တစ်စ လင်းလက်သွားခဲ့သည်။ သူမသည် အသူရာနဂါးကို စိုက်ကြည့်လိုက်သောအခါ ထိုနဂါးကြီးသည် မိမိဖန်တီးထားသော ရုပ်သွင်အား အထွင်းအဖောက် မြင်တွေ့ခြင်းခံလိုက်ရသည့်အလား ချက်ချင်း ခံစားလိုက်ရတော့သည်။
"အသူရာနဂါးလား... ငါ အခုမှ မှတ်မိတော့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းက အသူရာ မဟာလောကရဲ့ ဧကရာဇ်က အသူရာနဂါးတစ်ကောင်ကို နတ်ဘုရား အနှစ်သာရ နယ်မြေထဲကို ပို့ဆောင်ပြီး ပြည်နှင်ဒဏ်ပေးခဲ့သလို ဒီနေရာမှာ ချိပ်ပိတ် ချုပ်နှောင်ခဲ့တယ်လို့ ငါ ကြားဖူးတယ်။ အဲဒါ နင်များလား" ရွှီဟွေ၏ တည်ငြိမ်သော အကြည့်ကြောင့် အသူရာနဂါးသည် ဗီဇအရ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသွားခဲ့ရသည်။ သူသည် မျက်စိရှေ့ရှိ ဤအမျိုးသမီးသည် မိမိ၏ သခင်မလေးအတွက် အလွန်အမင်း ကြီးမားသော ရန်သူတော်ကြီး ဖြစ်လာလိမ့်မည်ဟု ပြင်းထန်စွာ ခံစားလိုက်ရသောကြောင့် ဖြစ်၏။
"အသူရာနဂါးတွေက အသူရာ မဟာလောကမှာ မယုံနိုင်လောက်အောင် ထူးခြားဆန်းပြားတဲ့ အဆင့်အတန်းရှိတဲ့ မျိုးနွယ်စုတစ်ခုပဲ။ ဒါကြောင့် သူတို့က ကြီးလေးတဲ့ ပြစ်မှုတစ်ခုခုကို မကျူးလွန်ထားရင် ဒီလိုနေရာမျိုးကို အပို့ခံရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ အတိတ်တုန်းက အသူရာ မဟာလောကဆီကနေ ထွက်ပေါ်လာခဲ့တဲ့ သတင်းတစ်ခုကို ငါ မှတ်မိနေသေးတယ်။ တတိယမင်းသားက လက်ထပ်တော့မှာ ဖြစ်ပြီး သတို့သမီးကတော့ အသူရာ မဟာလောကရဲ့ ရှေးဟောင်းခေတ်ကတည်းက ကြီးမြတ်တဲ့ တော်ဝင်မျိုးနွယ်စုကြီးရဲ့ သမီးတော် ဖြစ်တယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးက မင်္ဂလာပွဲကနေ ထွက်ပြေးသွားခဲ့တယ်။ တကယ်လို့ သူမအနေနဲ့ အသူရာမဟာလောကကနေ ထွက်ပြေးနိုင်ခဲ့တယ်ဆိုရင် သူ့ရဲ့ဘေးနားမှာ ကမ္ဘာဖြတ်သန်းနိုင်တဲ့ အသူရာနဂါးကြီးတစ်ကောင် ရှိနေခဲ့လို့ပဲ ဖြစ်ရမယ်"
"တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းက အဲဒီအမျိုးသမီးကို ပြန်ရှာတွေ့ခဲ့ပြီး အသူရာ မဟာလောကဆီကို ပြန်ခေါ်သွားခြင်း ခံခဲ့ရတယ်။ နင်ကတော့ ဒီနေရာကို အပို့ခံလိုက်ရတာပေါ့" ရွှီဟွေသည် ပြုံးလိုက်ပြီး အသူရာနဂါးကြီးကို လှမ်းကြည့်ကာ မေးလိုက်လေသည်။ "နင့်ရဲ့သခင်မနာမည်က ယွီရွှမ် မဟုတ်လား"