← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း (၁၄၁) - ခွေ့နျို (၁)

အုံ့မှိုင်းသော ကောင်းကင်ယံမှ မိုးဖွဲလေးများမှာ ရုတ်တရက် ကျဆင်းလာလေသည်။ အဆုံးမဲ့ပင်လယ်ပြင်ကြီး၏ အဝေးတစ်နေရာမှ ပြင်းထန်သော လေပြင်းများမှာ လှောင်အိမ်မှ ဖောက်ထွက်လာသော သားရဲရိုင်းကြီးတစ်ကောင်ကဲ့သို့ ကျွန်းငယ်လေးထံ တဟုန်ထိုး တိုက်ခတ်လာလေသည်။

မိုးစက်များပါဝင်သော ထိုလေပြင်းမှာ ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းသွားပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် လူများအားလုံးမှာ မုန်တိုင်းဒဏ်ကို ခံလိုက်ရတော့သည်။

ကျန်းရှောင်ဖန်းသည် အခြားသူများနောက်မှ လိုက်ပါလာရင်း ရပ်တန့်လိုက်၏။ သူသည် မျက်နှာကို လာမှန်နေသော လေပြင်းနှင့် မိုးစက်များကို လက်ဖြင့် ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း ပဲစေ့ခန့်ရှိသော မိုးသီးမိုးပေါက်များမှာ သူ၏မျက်နှာကို နာကျင်စေလေသည်။

ရှေ့ရှိ ပင်လယ်ပြင်ကြီးမှာလည်း မုန်တိုင်းဒဏ်ကြောင့် လှိုင်းလုံးကြီးများဖြင့် ကြမ်းတမ်းနေပြီး ညမှောင်မှောင်တွင် အိပ်မောကျနေရာမှ နိုးထလာသော သားရဲကြီးတစ်ကောင် ဟိန်းဟောက်နေသကဲ့သို့ ထင်မှတ်ရလေ၏။

ကျန်းရှောင်ဖန်းနှင့် အခြားသူများ၏ ရှေ့တွင် ရှည်လျားသော ကမ်းရိုးတန်းတစ်ခုရှိနေပြီး ကမ်းခြေအဆုံးတွင် ကြမ်းတမ်းသော ပင်လယ်ပြင်ကြီး တည်ရှိလေသည်။

မှောင်မိုက်သည့် ညဘက်တွင် လှိုင်းလုံးကြီးများမှာ တစ်ခုပြီးတစ်ခု ပိုမိုမြင့်တက်လာကာ သဲသောင်ပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်နေ၏။ လှိုင်းလုံးများ ရိုက်ခတ်မိတိုင်း မြေပြင်ကြီးပင် တုန်ခါသွားသကဲ့သို့ ခံစားရလေသည်။

လှိုင်းလုံးများမှာ တစ်လုံးပြီးတစ်လုံး တက်လာနေ၏။ ကြမ်းတမ်းသော လှိုင်းလုံးကြီးများကို နင်းလျက် သူတို့ထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာနေသော ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင်နှင့်ပင် တူလေတော့သည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်မိုက်သော တိမ်တိုက်များကြားမှ ထွက်ပေါ်လာသော မိုးခြိမ်းသံများမှအပ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေလေသည်။

လူတိုင်း၏ မျက်နှာများမှာ ပျက်ယွင်းသွားကြတော့သည်။ ၎င်းမှာ ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားပင် ဖြစ်လေသည်။

ထျန်းလင်းအာက စုန့်တာရန်အား ထိတ်လန့်တကြား မေးလိုက်သည်။

“စီနီယာအကိုကြီး၊ ကျွန်မတို့ ဘာလုပ်ကြမလဲ။ ဒါကရော ဘာကြီးလဲ”

စုန့်တာရန်သည်လည်း ထိတ်လန့်နေ၏။ သူသည်လည်း ယခင်က ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးချေ။ သူ၏မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေပြီး နောက်ထပ် ဘာလုပ်သင့်သည်ကို စဉ်းစားနေရလေသည်။

သို့သော်လည်း နောက်ဆုံးတွင် ရပ်နေသော ကျန်းရှောင်ဖန်းမှာမူ ထိတ်လန့်နေသော်လည်း ယခင်က ကရုဏာမဲ့ပင်လယ်ထဲရှိ မဟူရာရေမြွေနှင့် ကြုံတွေ့ခဲ့ဖူးသောကြောင့် ပို၍ တည်ငြိမ်နေလေသည်။

သို့သော်လည်း မဟူရာမြွေ၏ စွမ်းအားမှာ သာမန်လူသားတစ်ဦး မယှဉ်နိုင်ကြောင်း ပြန်လည်သတိရမိသောအခါ သူ၏ရင်ထဲတွင် အေးစိမ့်သွားတော့သည်။

ထိုအချိန်မှာပင် သူ၏နှလုံးသားမှာ လှုပ်ခတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် မသိစိတ်ဖြင့် လှည့်ကြည့်လိုက်သောအခါ လုရွှယ်ချီမှာ သူ၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်ကို တွေ့လိုက်ရလေသည်။

လေနှင့် မိုးကြောင့် သူမ၏ အဝတ်အစားများနှင့် ဆံပင်များမှာ စိုရွှဲနေပြီး ဖြူဝင်းသော မျက်နှာလေးတွင် ကပ်ညိနေလေတော့သည်။ သူမသည် ရှေ့ရှိ မှောင်မိုက်သော ပင်လယ်ပြင်ကြီးကိုသာ ငေးမောကြည့်နေလေ၏။

ရှေ့တွင် ရပ်နေသော တုပိရှုက ရုတ်တရက် အော်ဟစ်လိုက်ပြီး တစ်နေရာကို လက်ညှိုးထိုးပြကာ အလောတကြီး ပြောလိုက်သည်။

“အားလုံး ဟိုရှေ့ကို ကြည့်ကြပါဦး။ တစ်စုံတစ်ယောက် ရှိနေသလိုပဲ”

အားလုံးမှာ အံ့အားသင့်ကာ ကြည့်လိုက်ကြသည်။ အမှန်တကယ်ပင် ရှေ့ရှိ သဲသောင်ပြင်တွင် လူအချို့မှာ အမှောင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာကြ၏။

သူတို့အားလုံးမှာ အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြသဖြင့် ညမှောင်မှောင်တွင် သေချာဂရုမစိုက်ပါက မြင်တွေ့ရန် ခက်ခဲလှသည်။ တုပိရှုမှာ မျက်စိလျင်သူ ဖြစ်သောကြောင့် သူတို့အား တွေ့ရှိသွားခြင်းပင် ဖြစ်ပေသည်။

သို့သော်လည်း သူတို့ကို မြင်တွေ့လိုက်ရသော်လည်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး မှောင်နေသောကြောင့် ထိုလူများ ဘာလုပ်နေသည်ကို သေချာမမြင်ရချေ။ သူတို့မှာ သဲသောင်ပြင်ပေါ်တွင် ဟိုတစ်စ ဒီတစ်စ ပျံ့နှံ့နေပြီး တစ်စုံတစ်ခုကို အလုပ်ရှုပ်နေကြကြောင်းသာ ခပ်မှိန်မှိန် မြင်ရလေသည်။

ထျန်းလင်းအာက မျက်မှောင်ကြုတ်ကာ လှည့်မေးလိုက်၏။

“အားလုံး သေချာကြည့်ကြစမ်း။ အဲဒီလူတွေက ဘယ်သူတွေလဲ”

တုပိရှုနှင့် စုန့်တာရန်တို့မှာ တစ်ချိန်တည်းမှာပင် ခေါင်းခါပြကြ၏။ နောက်မှ လုရွှယ်ချီက ရုတ်တရက် ပြောလိုက်လေသည်။

“ဒါတွေက နတ်ဆိုးဂိုဏ်းက လူတွေပဲ”

ထျန်းလင်းအာမှာ ခဏတာ အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားတော့သည်။ လောလောဆယ်တွင် လျိုပိုတောင်ပေါ်ရှိ လမ်းမှန်ဂိုဏ်းများမှာ နတ်ဆိုးဂိုဏ်းများနှင့် တိုက်ခိုက်နေကြရာ သဲသောင်ပြင်ပေါ်တွင် ထူးဆန်းသောအရာများကို လုပ်ဆောင်နေသော ထိုလူများမှာ နတ်ဆိုးဂိုဏ်းသားများသာ ဖြစ်ပေလိမ့်မည်။

ထိုသို့ တွေးမိသည်နှင့် သူမမှာ ပို၍ စိုးရိမ်သွားကာ နောက်သို့ လှည့်ကြည့်လိုက်၏။ သို့သော်လည်း ခုနက တိုက်ခိုက်နေသော နတ်ဆိုးဂိုဏ်း တပည့်များမှာ တောအုပ်ထဲမှ ထွက်မလာကြသေးချေ။

“စီနီယာအကိုကြီး၊ ကျွန်မတို့ ဘာလုပ်ကြမလဲ။”

အားလုံးမှာ စုန့်တာရန်အား ကြည့်လိုက်ကြ၏။ စုန့်တာရန်မှာ ခဏတာတွေဝေသွားပြီးနောက် နောက်ဆုံးတွင် လောလောဆယ် ရှောင်ကွင်းရန် ဆုံးဖြတ်လိုက်လေသည်။

“အခြေအနေက ငါတို့အတွက် မကောင်းဘူး။ အရင်ဆုံး ဒီကနေ ထွက်သွားပြီးမှ ဆုံးဖြတ်ကြတာပေါ့။”

ထိုသို့ပြောကာ သူက အားလုံးကို အသိပေးလိုက်ပြီး ကမ်းခြေမှ ပတ်သွားရန် ပြင်လိုက်၏။ သို့သော်လည်း သူတို့ ခြေလှမ်းများများစားစား မလှမ်းရသေးခင်မှာပင် ပင်လယ်နက်ထဲမှ နဂါးဟိန်းသံကဲ့သို့သော အသံရှည်ကြီးတစ်ခု ထွက်ပေါ်လာတော့သည်။

မကြာမီမှာပင် လေသံ၊ မိုးသံနှင့် မိုးခြိမ်းသံများမှာ ကောင်းကင်ယံတစ်ခုလုံးတွင် ပြိုင်တူမြည်ဟီးလာတော့သည်။

လျှပ်စီးကြောင်းတစ်ခုမှာ ကောင်းကင်ပြင်ကြီးကို ဖြတ်ကျော်ကာ လက်ခနဲ လင်းထိန်သွားပြီးနောက် ပြင်းထန်သော မိုးခြိမ်းသံကြီးမှာ ထွက်ပေါ်လာ၏။ ပင်လယ်ထဲတွင် တောင်ကုန်းငယ်တစ်ခုမျှ မြင့်မားသော လှိုင်းလုံးကြီးမှာ ရုတ်တရက် ကွဲအက်သွားလေသည်။

လှိုင်းလုံးများမှာ လွင့်စင်ထွက်သွား၏။ ကြမ်းတမ်းသော မုန်တိုင်းထဲတွင် မှောင်မိုက်သော ရေနက်ပိုင်းမှ မိုးခြိမ်းသံများကို နင်းလျက် ကြီးမားသော အရိပ်ကြီးတစ်ခုမှာ ပင်လယ်ထဲမှ ခုန်ထွက်လာပြီး ညအမှောင်ထုထဲသို့ ရောက်ရှိသွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာလေသည်။

လျိုပိုတောင် တစ်ခုလုံးမှာလည်း ထိုအချိန်တွင် တုန်ခါသွားတော့သည်။

ကျန်းရှောင်ဖန်းနှင့် အခြားသူများမှာ အသက်ရှူပင် မှားသွားကြလေသည်။ ၎င်းမှာ အလွန်ကြီးမားသော ထူးဆန်းသည့် သားရဲကြီးတစ်ကောင် ဖြစ်၏။ ၎င်း၏ ခေါင်းမှာ ချင်းယွင်တောင်၊ ထုံထျန်းတောင်ထိပ်ရှိ ရေချီလင်ထက်ပင် အနည်းငယ် ပိုကြီးလေသည်။ တစ်ကိုယ်လုံးမှာ နွားနှင့်တူသော်လည်း အစိမ်းရင့်ရောင် ခန္ဓာကိုယ်ရှိပြီး ဦးချိုမရှိချေ။

သို့သော်လည်း အဆန်းကြယ်ဆုံးမှာ ထိုသားရဲကြီး၏ ဝမ်းဗိုက်အလယ်တွင် တုတ်ခိုင်သော ခြေထောက်တစ်ချောင်းတည်းသာ ပါရှိခြင်းပင် ဖြစ်သည်။

ထိုသားရဲကြီးကို ကြည့်ရသည်မှာ လူပြိန်းများအကြားတွင် ခေတ်စားသော ပြဇာတ်တစ်မျိုးကဲ့သို့ ဖြစ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်အောက်တွင် ချစ်စရာကောင်းပြီး ရယ်စရာကောင်းသော ခံစားချက်ကိုလည်း ပေးစွမ်းနေလေသည်။

ထိုအချိန်တွင် သဲသောင်ပြင်ပေါ်ရှိ အနက်ရောင်ဝတ်စုံဝတ် လူများမှာ အမှောင်ထဲသို့ တိတ်ဆိတ်စွာ ဆုတ်ခွာသွားကြ၏။

သို့သော်လည်း သဲသောင်ပြင်ပေါ်တွင် ပေအနည်းငယ်အကွာတိုင်း၌ ထူးဆန်းသောအလံများ စိုက်ထူထားပြီး ၎င်းတို့မှ အနီရောင်အလင်းတန်းများ ထွက်ပေါ်နေလေသည်။

ထိုအလံမှာ သားရဲကြီး၏ ရှေ့တွင် စက်ဝိုင်းကြီးတစ်ခုအသွင် ဖော်ဆောင်နေပြီး မိုးနှင့်လေကြားတွင်ပင် ထင်ရှားစွာ မြင်တွေ့နေရလေသည်။

ချင်းယွင်ဂိုဏ်းသားများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နတ်ဆိုးဂိုဏ်းသားများ ဘာလုပ်နေကြသည်ကို သိချင်နေကြလေသည်။

ကြည့်ရသည်မှာ သူတို့က ထိုသားရဲကြီးကို ပစ်မှတ်ထားနေပုံရသော်လည်း ထောင်ချောက်မှာ သိသာလွန်းနေ၏။ မှောင်နေသော်လည်း မည်သူမဆို ထိုအနီရောင်အလင်းဝိုင်းကို မြင်တွေ့နိုင်လေသည်။ သူတို့ မသိသည်မှာ ထိုသားရဲကြီးသည် အဘယ်အရာ ဖြစ်သနည်းဟူသည်ပင်။

မျှော်လင့်ထားသည့်အတိုင်း ထိုသားရဲကြီးမှာ ပင်လယ်ထဲမှ ထွက်လာပြီးနောက် တစ်စုံတစ်ခုကို ခံစားမိသွားဟန်ဖြင့် လှိုင်းလုံးများအကြားတွင် ရပ်တန့်နေ၏။

၎င်းသည် ကုန်းပေါ်သို့ တက်မလာသေးဘဲ သူ၏ခေါင်းကြီးကို ဆန့်ထုတ်ကာ ပတ်ဝန်းကျင်ကိုသာ အကြိမ်ကြိမ် အနံ့ခံကြည့်နေလေသည်။

တုပိရှုက ရုတ်တရက် အံ့အားသင့်ကာ ရေရွတ်လိုက်၏။

“မကောင်းတော့ဘူး။ ဒီကောင်ကြီးက မျက်စိမကောင်းဘူး ထင်တယ်”

အားလုံးလည်း သဘောပေါက်သွားကြသည်။ ယခုအချိန်တွင် ထိုအနီရောင်အလင်းတန်းများမှာ အလွန်ပင် သိသာလှသော်လည်း သားရဲကြီးမှာ ကြည့်နေရုံသာ ကြည့်ပြီး ရှေ့ရှိ အရာများကို သတိမထားမိချေ။

၎င်းမှာ ရေနက်ပိုင်းတွင် မျက်စိကို အသုံးမပြုဘဲ နေထိုင်ခဲ့သောကြောင့် မျက်စိအမြင် အားနည်းသွားခြင်း ဖြစ်နိုင်ပေသည်။

မသိစိတ်ဖြင့်ပင် ချင်းယွင်ဂိုဏ်း တပည့်များမှာ ထိုသားရဲကြီးအတွက် စိုးရိမ်လာကြတော့သည်။

ခဏတာ ငြိမ်သက်သွားပြီးနောက် လျှပ်စီးများ လက်လာကာ မိုးခြိမ်းသံများ မြည်ဟီးလာလေသည်။ လေပြင်းနှင့် မိုးသည်းထန်မှုမှာ လျော့ပါးသွားမည့် အရိပ်အယောင်မရှိချေ။

သို့သော်လည်း ထိုသားရဲကြီးမှာမူ ဘာကိုမျှ သတိမထားမိဟန်ဖြင့် သူ၏ခေါင်းကို အေးအေးလူလူ ခါလိုက်လေသည်။

အားထုတ်လိုက်ပုံမပေါ်သော်လည်း ရုတ်တရက် မိုးခြိမ်းသံကြီး တစ်ချက်နှင့်အတူ ထိုကြီးမားသော ခန္ဓာကိုယ်ကြီးမှာ ကောင်းကင်သို့ ပျံတက်သွားကာ ရှေ့သို့ ခုန်တက်လိုက်လေသည်။

၎င်း၏ သန်မာလှသော ခြေထောက်တစ်ချောင်းမှာ လျိုပိုတောင်၏ သဲသောင်ပြင်ပေါ်သို့ ကျဆင်းသွားပြီး အနီရောင်အလင်းတန်းများ၏ အလယ်တွင် နက်ရှိုင်းသော ခြေရာကြီးတစ်ခုကို ချန်ထားခဲ့လေသည်။

ညအမှောင်ထုထဲ၌ တစ်ချိန်တည်းမှာပင် ဆန်းကြယ်သော မန္တန်ရွတ်ဆိုသံများ ထွက်ပေါ်လာတော့သည်။

ထိုမန္တန်သံများမှာ ငရဲပြည်မှ ညည်းတွားသံများကဲ့သို့ပင်။ နိမ့်ဆင်းကာ အဝေးမှ လာသကဲ့သို့ ခံစားရပြီး ညမုန်တိုင်းကို ဖြတ်ကျော်ကာ ပျံ့လွင့်လာလေသည်။

ထိုဆန်းကြယ်သော မန္တန်ရွတ်ဆိုသံနှင့်အတူ ခပ်မှိန်မှိန် အနီရောင်အလင်းတန်းများမှာလည်း တစ်ပြိုင်နက်တည်း လင်းထိန်လာတော့သည်။

အစောပိုင်းက ပျောက်ကွယ်သွားသော အနက်ရောင်ဝတ် လူများမှာလည်း မြေပြင်တွင် စိုက်ထူထားသော အလံများဆီသို့ ပြန်လည်ရောက်ရှိလာကြလေသည်။

သားရဲကြီးမှာ ရုတ်တရက် ခေါင်းမော့လိုက်ပြီးနောက် စူးရှသော အော်သံတစ်ခုကို ပြုလုပ်လိုက်လေတော့သည်။

“ဝွန်းးးးး...”

နားအက်ကွဲမတတ် အသံကြီးမှာ လေထုထဲတွင် လှိုင်းလုံးများကဲ့သို့ ပျံ့နှံ့သွားပြီး လေနှင့်မိုးများပင် ထိုဟိန်းဟောက်သံကြောင့် ဘေးသို့ လွင့်စင်ထွက်သွားလေသည်။

သို့သော်လည်း ဤအချိန်တွင် အနက်ရောင်ဝတ် လူအားလုံးမှာ သဲသောင်ပြင်ပေါ်ရှိ အလံများပေါ်သို့ သူတို့၏ လက်များကို တင်လိုက်ကြ၏။

ချက်ချင်းပင် မြေပြင်ပေါ်ရှိ အလံများမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာတော့သည်။ ကြည်လင်သော အနီရောင်အလင်းတန်းများမှာ တစ်ခုနှင့်တစ်ခု ဆက်သွယ်သွားပြီး ခဏအတွင်းမှာပင် ကြီးမားသော အနီရောင်အလင်းဝိုင်းကြီး ဖြစ်ပေါ်လာလေသည်။

ဘယ်သူ့တုံ့ပြန်မှုကိုမျှ မစောင့်ဆိုင်းဘဲ ထိုအနီရောင်အလင်းဝိုင်းမှာ ခမ်းနားထည်ဝါစွာ မြင့်တက်လာ၏။ အနီရောင်အလင်းတန်းများမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကာ ကြီးမားလှသော အနီရောင်အလင်းတံတိုင်းကြီး ဖြစ်လာပြီး ထိုသားရဲကြီးကို ပိတ်လှောင်လိုက်လေတော့သည်။

အလင်းတန်းများမှာ ကောင်းကင်ယံသို့ တိုက်ရိုက် ဦးတည်သွားပြီး အမြင့်တစ်နေရာတွင် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားလေသည်။

ညအမှောင်ထုမှာ ကွယ်ပျောက်သွားသကဲ့သို့ ခံစားရပြီး အမှောင်ထုမှာ ဖြည်းညင်းစွာ ဆုတ်ခွာသွားလေသည်။ ပုံရိပ်တစ်ခုမှာ လေထုထဲတွင် ပေါ်ထွက်လာလေသည်။

ကွေ့ဝမ်မှာ အမြင့်တွင် လွင့်မျောနေသော ရှေးဟောင်းအနီရောင်အိုးကြီးပေါ်တွင် ဂုဏ်ယူစွာ ရပ်နေလေသည်။ သူ၏ မျက်နှာမှာ တည်ကြည်လေးနက်နေပြီး လက်နှစ်ဖက်ဖြင့် သူ၏ရှေ့တွင် မန္တန်အစီအရင်ကို ကိုင်ထားကာ ဆန်းကြယ်သော မန္တန်များကို ရွတ်ဆိုနေလေသည်။

အနီရောင်အလင်းတန်းများ အားလုံးမှာ သူ၏ ခြေဖဝါးအောက်ရှိ ထိုရှေးဟောင်းအိုးကြီးဆီသို့ အစဉ်မပြတ် စီးဝင်နေကြလေသည်။

“ဝွန်းးး...”

ထိုသားရဲကြီး၏ ဒေါသတကြီး ဟိန်းဟောက်သံက ထွက်ပေါ်လာပြန်၏။ အနီရောင်အလင်းဝိုင်းအတွင်း ပိတ်မိနေသော သားရဲကြီးမှာ ဒေါသတကြီး ခုန်တက်လိုက်ပြီး အလင်းတံတိုင်းကို ပြင်းထန်စွာ တိုက်မိလေသည်။

လေထဲတွင် ရှိနေသော ကွေ့ဝမ်မှာ မျက်မှောင်ကြုတ်လိုက်ပြီး မန္တန်ရွတ်ဆိုသံမှာ ပို၍ မြန်ဆန်လာတော့သည်။

အဝေးတွင် ရပ်ကြည့်နေသော ချင်းယွင်ဂိုဏ်းသားများမှာလည်း ဆွံ့အလျက် ရှိနေကြသည်။

သူတို့မှာ ဤအချိန်သည် ထွက်ပြေးရန် အကောင်းဆုံး အခွင့်အရေးဖြစ်သည်ကိုပင် မေ့လျော့နေကြပြီး မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေကြလေသည်။

ကောင်းကင်တွင် ကွေ့ဝမ်၏ ခေါင်းပေါ်နားတွင်ပင် မိုးခြိမ်းသံတစ်ချက် မြည်ဟည်းသွားလေသည်။ ထိုသားရဲကြီးမှာ အလင်းတံတိုင်းကို သူ၏ ရှိသမျှ အားအင်များဖြင့် ဝင်တိုက်လိုက်ခြင်းပင်။

မိုးခြိမ်းသံများမှာ ကောင်းကင်ယံတွင် ဟိန်းဟောက်နေ၏။ ခဏချင်းမှာပင် ထိုကြီးမားလှသော အနီရောင်အလင်းတံတိုင်းကြီးမှာ သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ခါသွားပြီး လျှပ်စီးကြောင်းငယ် ထောင်ပေါင်းများစွာမှာ အလင်းတံတိုင်းပေါ်တွင် ပြေးလွှားကာ စူးရှသော အသံများကို ထွက်ပေါ်စေလေသည်။

အလင်းတံတိုင်း၏ အခြားတစ်ဖက်ရှိ အနက်ရောင်ဝတ်လူများပင် တုန်ခါမှုကို မထိန်းနိုင်ဘဲ ရှိနေကြလေသည်။

လေထဲတွင် ရှိနေသော ကွေ့ဝမ်၏ မျက်နှာမှာလည်း ချက်ချင်းပင် ဖြူလျော်သွားတော့သည်။.

သို့သော်လည်း ပြင်းထန်သော တုန်ခါမှုကြီးအပြီးတွင် ဤအနီရောင် အလင်းတံတိုင်းကြီးမှာ ကွဲအက်မသွားချေ။ အခြားတစ်ဖက်တွင်မူ ၎င်းမှာ ဖြည်းညင်းစွာ တည်ငြိမ်သွားပြီး ကွေ့ဝမ်၏ ခြေဖဝါးအောက်ရှိ ရှေးဟောင်းအိုးကြီးမှာ ပို၍ပင် တောက်ပလာလေသည်။

“ဝွန်း... ဝွန်း... ဝွန်း...”

သားရဲကြီးမှာ ဒေါသတကြီး အော်ဟစ်သောင်းကျန်းနေပြီး တစ်ချိန်တည်းမှာပင် ကောင်းကင်ယံတွင် မိုးခြိမ်းသံများမှာလည်း အဆက်မပြတ် မြည်ဟီးနေလေသည်။

သားရဲကြီး၏ ခန္ဓာကိုယ်မှာ အစိမ်းရောင်အလင်းတန်းများဖြင့် လွှမ်းခြုံလာတော့သည်။ ၎င်းသည် ပိတ်လှောင်ထားသော ကြီးမားလှသည့် အလင်းတံတိုင်းကို အကြိမ်ကြိမ် ဝင်တိုက်နေလေသည်။

မြေပြင်နှင့် ကောင်းကင်အကြားတွင် လေနှင့်မိုးမှာ တိုက်ခတ်နေပြီး နဝမမြောက် ကောင်းကင်ယံမှ မိုးကြိုးနတ်မင်းက ဒေါသတကြီး အော်ဟစ်နေသကဲ့သို့ပင်။

ဆက်တိုက် ထွက်ပေါ်လာသော မိုးခြိမ်းသံများမှာ လျိုပိုတောင်ကို တုန်ခါစေပြီး ပင်လယ်ပြင် တစ်ခုလုံးကိုလည်း လှုပ်ခတ်စေတော့သည်။

သို့သော်လည်း ကောင်းကင်နှင့် မြေပြင်၏ ပြင်းထန်သော စွမ်းအားများ ရှိနေလင့်ကစား ထိုအနီရောင် အလင်းတံတိုင်းနှင့် ကောင်းကင်မှ ရှေးဟောင်းအိုးကြီးမှာ ယိမ်းယိုင်ခြင်းမရှိဘဲ သားရဲကြီး၏ စွမ်းအားကို တဖြည်းဖြည်းချင်း ဖိနှိပ်ထားနိုင်လေသည်။

All Chapters