အခန်း ၁၄၃
Vol. 15 Ch. 143
အခန်း (၁၄၃) - ရှေ့မတိုးသာ နောက်မဆုတ်သာ (၁)
အနီရောင်အလင်းတံတိုင်းကြီးမှာ ချက်ချင်းပင် တုန်ခါသွားလေသည်။ ကောင်းကင်ယံရှိ သရဲဘုရင်နှင့် မိစ္ဆာဂိုဏ်းသားများ၊ ထောင်ချောက်မိနေသော သားရဲကြီး ခွေ့နျိုတို့သည် တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။
အနီရောင်အလင်းတန်းများ လက်သွားပြီးနောက် ထျန်းလင်းအာသည် ထိတ်လန့်သွားသော်လည်း သူမ တိုက်ခိုက်လိုက်သော အလံမှာ အနီရောင်အလင်း၏ အကာအကွယ်အောက်တွင် တုန်ခါသွားရုံသာရှိပြီး အနည်းငယ်မျှပင် ရွေ့လျားခြင်းမရှိသည်ကို တွေ့လိုက်ရသည်။
ခဏအကြာတွင် လူအများ သတိဝင်လာကာ မိစ္ဆာဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် ဝိုင်းအုံလာကြလေသည်။
ထျန်းလင်းအာ မျက်နှာဖြူလျော့သွားပြီး အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။ သူမ ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် ရှေ့၌ အလင်းတစ်ချက် လက်သွားပြီးနောက် ဖီးနစ်ဝိညာဥ်သည် မြေကြီးထဲသို့ တိုးဝင်သွားလေသည်။
ကောင်းကင်ထက်ရှိ သရဲဘုရင်၏ မျက်နှာထားမှာ ချက်ချင်းပြောင်းလဲသွား၏။ သူက ဒေါသတကြီး ပြောလိုက်လေသည်။
“ဒီမိန်းကလေးကတော့ အသက်ကိုမနှမြောဘဲ ငါ့အစီအစဉ်ကို ဖျက်ဆီးရဲတယ်ပေါ့လေ”
သူ၏ပုံရိပ်သည် လျှပ်စီးပမာ အရှိန်အဟုန်ဖြင့် ဆင်းသက်လာလေသည်။ ထိုအချိန်မှာပင် အဝေးမှ လေတိုးသံများ ဆက်တိုက်ထွက်ပေါ်လာပြီး အလင်းတန်းများစွာ ပေါ်ပေါက်လာ၏။
လမ်းမှန်ဂိုဏ်းသားများနှင့် မိစ္ဆာဂိုဏ်းသားများ ရောက်ရှိလာကြပြီ ဖြစ်သည်။ တိုက်ပွဲများမှာ နေရာအနှံ့ဖြစ်ပွားနေပြီး အပြင်းထန်ဆုံးမှာ ချန်းစုံ့နှင့် ပိုင်တုကျစ်၊ ထျန်းပုယီနှင့် အကြီးအကဲ တုန့်မုတို့၏ တိုက်ပွဲပင် ဖြစ်လေသည်။
တစ်ဖက်တွင်လည်း စုရုသည် ဒဏ်ရာရနေသော သွေးစုပ်မိစ္ဆာနှင့် လင်းဖုန်းတို့နှစ်ဦးကို တစ်ယောက်တည်း ခုခံနေရလေသည်။
ထျန်းယင်းကျောင်းတော်မှ ဘုန်းကြီးများနှင့် ဖန်ရှန်းတောင်ကြားမှ တပည့်များလည်း အားလုံး ရောက်ရှိလာကြသည်။
လူအများအပြား ရောက်ရှိလာပြီး ကမ်းခြေရှိ ကြီးမားလှသော အလင်းတံတိုင်းကြီးနှင့် ထောင်ချောက်မိနေသော သားရဲကြီးကို မြင်လိုက်ရသောအခါ တိုက်ခိုက်မှုများ ရပ်တန့်သွားလေသည်။
ပိုင်တုကျစ်နှင့် အကြီးအကဲတွမ့်မုတို့သည် ချန်းစုန့်နှင့် ထျန်းပုယီကို ထားရစ်ကာ နောက်သို့ ခုန်ဆုတ်လိုက်ကြလေသည်။
ချန်းစုန့်နှင့် ထျန်းပုယီတို့လည်း သူတို့ကို ဆက်မတိုက်နိုင်တော့ဘဲ အခြေအနေကို စောင့်ကြည့်နေကြ၏။
အထူးသဖြင့် ထျန်းပုယီသည် အဝေးတွင် မိစ္ဆာဂိုဏ်းသားများ ဝိုင်းရံထားခြင်း ခံနေရသော သမီးဖြစ်သူကို မြင်လိုက်ရသောအခါ မျက်နှာပျက်သွားပြီး ထိုနေရာသို့ သွားရန် ပြင်လိုက်လေသည်။
ပိုင်တုကျစ်နှင့် အကြီးအကဲ တွမ့်မုတို့သည် အတူရပ်နေကြ၏။ သူတို့သည် ချင်းလုံတစ်ယောက်တည်းနှင့် သုံးယောက်ကို ခုခံနေသည်ကို အံ့သြစွာ ကြည့်နေကြပြီးနောက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
သရဲဘုရင်က အောက်သို့ ဆင်းသက်လာသော်လည်း ရှေးဟောင်းအိုးကြီးမှာမူ ကောင်းကင်တွင် လည်ပတ်နေဆဲဖြစ်ကာ အနီရောင်အလင်းတန်းများကို ထုတ်လွှတ်နေဆဲပင့။
ပိုင်တုကျစ်က မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ကွေ့လုံတိန်ပါလား”
အနားရှိ အကြီးအကဲ တွမ့်မုလည်း ထိတ်လန့်သွားပြီး ကောင်းကင်သို့ မော့ကြည့်ကာ မှင်တက်သွားလေသည်။
သူတို့နှစ်ဦးသည် မိစ္ဆာဂိုဏ်းတွင် ဝါရင့်သူများဖြစ်သဖြင့် အတွေ့အကြုံနှင့် ဗဟုသုတမှာ သာမန်တပည့်များထက် များစွာ သာလွန်သည်။
ထိုရှေးဟောင်းအိုးကြီး၏ ဘေးနှစ်ဖက်တွင် နဂါးခေါင်းရုပ်များ ထွင်းထုထားပြီး ဆန်းကြယ်သော အစီအရင်ကြီးနှင့် ပေါင်းစပ်လိုက်သောအခါ မိစ္ဆာဂိုဏ်း၏ ဒဏ္ဍာရီလာ ကွေ့လုံကျန့်အစီအရင်နှင့် အလွန်တူနေလေသည်။
ဤ ကွေ့လုံကျန့် အစီအရင်ကို ကွေ့လုံတိန်ရှိမှသာ ဖော်ဆောင်နိုင်ခြင်း ဖြစ်၏။ ဤအိုး၏ စွမ်းအားကို အသုံးပြု၍ လောကကြီး၏ စွမ်းအင်များကို လှုံ့ဆော်နိုင်လေသည်။
မည်မျှပင် စွမ်းအားကြီးမားပါစေ ဤအစီအရင်ထဲတွင် ပိတ်မိပါက လွတ်မြောက်ရန် မဖြစ်နိုင်တော့ချေ။
အမှန်စင်စစ် ဤကဲ့သို့ အဖိုးတန်ရတနာမျိုး မရှိပါက သရဲဘုရင်နှင့် အခြားသူများအနေဖြင့် ခွေ့နျိုကဲ့သို့သော ရှေးဟောင်းသားရဲကြီးကို ဖမ်းဆီးနိုင်ရန်မှာ မဖြစ်နိုင်သော အရာပင်။
လက်ရှိမြင်ကွင်းတွင် တိုက်ခိုက်နေသူအားလုံး နီးပါး ရပ်တန့်သွားကြပြီး အာရုံများအားလုံး ဤနေရာသို့ ရောက်ရှိနေကြလေသည်။
သရဲဘုရင်က ကောင်းကင်မှ ဆင်းသက်လာသကဲ့သို့ ထျန်းပုယီကလည်း သမီးဖြစ်သူအတွက် စိုးရိမ်စိတ်ဖြင့် ဓားကို စီးနင်းကာ အပြေးလာနေလေသည်။
ကျန်းရှောင်ဖန်းမှာမူ အနားတွင် ရှိနေသဖြင့် ထျန်းလင်းအာထံသို့ အရင်ဆုံး ရောက်ရှိသွားသော်လည်း သူ့အနားတွင်လည်း မိစ္ဆာဂိုဏ်းသား အများအပြား ဝိုင်းအုံနေလေပြီ။
အခြေအနေမှာ အလွန်ပင် စိုးရိမ်ရလှပြီး အဆုံးအဖြတ်မှာ ထျန်းလင်းအာအပေါ်တွင် မူတည်နေလေသည်။
ကျန်းရှောင်ဖန်းသည် မိစ္ဆာဂိုဏ်းများ ရောက်ရှိလာသည်ကို မြင်သောအခါ အလွန်စိုးရိမ်သွားကာ ထျန်းလင်းအာ၏ နောက်သို့ ခုန်ဝင်လိုက်၏။
သူ၏ ဝိညာဉ်ဝါးမျိုတုတ်မှ စိမ်းဖန့်ဖန့်အလင်းတန်းများ ထွက်ပေါ်လာပြီး မိစ္ဆာဂိုဏ်းများရှေ့တွင် အလင်းတံတိုင်းသဖွယ် ကာကွယ်လိုက်လေသည်။
မိစ္ဆာဂိုဏ်းသားများထံမှ ထူးဆန်းသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး မှော်လက်နက်များဖြင့် တိုက်ခိုက်လာကြ၏။ ကျန်းရှောင်ဖန်းသည် ပြင်းထန်သော တိုက်ခိုက်မှုကြောင့် တုန်ခါသွားသော်လည်း အဆုံးတွင်မူ ခုခံနိုင်ခဲ့လေသည်။
ထိုသို့ အန္တရာယ်ရှိနေသည့် အချိန်မှာပင် ထျန်းလင်းအာသည် ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး မြေကြီးထဲမှ ဖီးနစ်ဝိညာဥ်ကို ပြန်လည်ဆွဲထုတ်လိုက်ရာ ၎င်းနှင့်အတူ အလံတစ်ခုလည်း ပါလာလေသည်။
ချက်ချင်းပင် အနီရောင်အလင်းတန်းများ ပြင်းထန်စွာ တုန်ခါသွားပြီး ကွေ့လုံကျန့် အစီအရင်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားလေသည်။
အထူးသဖြင့် ထျန်းလင်းအာရှေ့ရှိ အလင်းတံတိုင်းမှာ လူတစ်ရပ်ခန့်ရှိသော အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားလေသည်။
အနီရောင်အလင်းတံတိုင်းထဲမှ သားရဲကြီး ခွေ့နျိုသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ မြေကြီးတစ်ခုလုံး တုန်ခါသွားကာ ၎င်း၏ ခြေထောက်တစ်ဖက်ကို အားပြု၍ အပြင်သို့ တိုးထွက်ရန် ကြိုးစားလေတော့သည်။
ထျန်းလင်းအာသည် ဝမ်းသာအားရဖြင့် ဖီးနစ်ဝိညာဥ်ကို ပြန်သိမ်းရန် ပြင်လိုက်စဉ် သူမနောက်မှ ကျန်းရှောင်ဖန်း၏ အော်ဟစ်သံကို ကြားလိုက်ရလေသည်။
“စီနီယာအစ်မ... သတိထား။”
သူမ ထိတ်လန့်သွားပြီး မော့ကြည့်လိုက်သောအခါ ကြီးမားလှသော သားရဲကြီးမှာ သူမရှေ့သို့ ရောက်ရှိနေပြီ ဖြစ်၏။ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက အလင်းတံတိုင်းကို ပြင်းထန်စွာ ဆောင့်လိုက်သဖြင့် မြေကြီးတုန်ဟည်းသွားလေသည်။
ထိုအချိန်တွင် ကွေ့လုံကျန့် အစီအရင်မှာ ပျက်စီးနေပြီ ဖြစ်သဖြင့် ထိုအပေါက်ကြီးမှာ ပိုမိုကြီးမားလာကာ ခွေ့နျို လွတ်မြောက်တော့မည့် အခြေအနေသို့ ရောက်ရှိနေလေသည်။
ထို့ပြင် အနီရောင်အလင်းတန်းများ၏ တုန်ခါမှုကြောင့် အောက်သို့ ဆင်းသက်လာသော သရဲဘုရင်မှာလည်း ဘေးသို့ လွင့်စင်သွားလေသည်။
ခွေ့နျိုသည် ၎င်း၏ ကြီးမားလှသော မျက်လုံးကြီးများကို ဖွင့်ကာ ကြောက်မက်ဖွယ်ကောင်းသော အကြည့်များဖြင့် ကြည့်လိုက်၏။ ထို့နောက် ထျန်းလင်းအာကို ၎င်း၏ ဦးခေါင်းကြီးဖြင့် တိုက်ခိုက်ရန် ကြိုးစားလေတော့သည်။
ထျန်းလင်းအာမှာ အလွန်အမင်း ထိတ်လန့်သွားလေသည်။ သူမရှေ့တွင် ကြီးမားလှသော ပါးစပ်ကြီးကို မြင်လိုက်ရပြီး ညှီစို့စို့အနံ့များက နှာခေါင်းထဲ တိုးဝင်လာသည်။ သူမသည် ကြောက်လန့်လွန်းသဖြင့် မလှုပ်ရှားနိုင်တော့ချေ။
ခွေ့နျို လွတ်မြောက်တော့မည့် အခြေအနေကို မြင်သောအခါ မိစ္ဆာဂိုဏ်းသားများမှာ ကြောက်လန့်တကြား နောက်သို့ ဆုတ်ခွာသွားကြလေသည်။
ကျန်းရှောင်ဖန်း တစ်ယောက်သာလျှင် ကြောက်လန့်နေသော်လည်း အံကြိတ်ကာ ရှေ့သို့ တိုးဝင်သွားလေသည်။ သူ၏ ဝိညာဉ်ဝါးမျိုတုတ်မှ စိမ်းဖန့်ဖန့်အလင်းများ ထွက်ပေါ်လာပြီး ခွေ့နျို၏ ဦးခေါင်းကို ရိုက်နှက်လိုက်သည်။
အဝေးမှ ချင်းလုံသည် စုန့်တာ့ရန်၏ ဓားချက်ကို ရှောင်တိမ်းရင်း ကျန်းရှောင်ဖန်းဘက်သို့ လှမ်းကြည့်လိုက်ရာ ထိုမြင်ကွင်းကို မြင်ပြီး မှင်တက်သွားလေသည်။ သူက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။
“ဒါ... ဒါက ဘယ်လိုလုပ်ပြီး...”
ခွေ့နျိုသည် ရှေးဟောင်းသားရဲကြီးဖြစ်သည့်အတိုင်း တိုက်ခိုက်မှု လာသည်ကို သိရှိကာ ၎င်း၏ ဦးခေါင်းဖြင့်ပင် ခုခံလိုက်သည်။
ကျယ်လောင်သော အသံကြီးနှင့်အတူ ဝိညာဉ်ဝါးမျိုတုတ်မှာ လွင့်ထွက်သွားပြီး ကျန်းရှောင်ဖန်းလည်း ပြင်းထန်သော စွမ်းအင်များကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရလေသည်။
ကျန်းရှောင်ဖန်း၏ တိုက်ခိုက်မှုကြောင့် ထျန်းလင်းအာ သတိဝင်လာကာ နောက်သို့ ဆုတ်ရန် ပြင်လိုက်၏။ သို့သော် ခွေ့နျိုမှာ နှစ်ပေါင်းများစွာအတွင်း ယခုကဲ့သို့ အရှက်ရမှုမျိုး မကြုံဖူးသဖြင့် အလွန်အမင်း ဒေါသထွက်ကာ ရှေ့ရှိလူကို သတ်ပစ်ရန်သာ စိတ်အားထက်သန်နေသည်။
ထျန်းလင်းအာမှာ နောက်သို့ အနည်းငယ်သာ ဆုတ်နိုင်သေးသဖြင့် ခွေ့နျို၏ ကြီးမားလှသော ပါးစပ်ကြီးက သူမထံသို့ တစ်ဖန် ဦးတည်လာပြန်သည်။
အဝေးမှ လူအများက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ စုရု မျက်နှာပျက်သွားပြီး ချီဟောင်နှင့်အတူ ပြေးထွက်လာကြသော်လည်း ထျန်းပုယီက ပို၍ မြန်ဆန်လေသည်။
သို့သော် အကွာအဝေးမှာ ဝေးလံနေဆဲဖြစ်သဖြင့် အချိန်မီရန် ခဲယဉ်းနေဆဲပင်
ထျန်းလင်းအာသည်လည်း သာမန်တပည့်တစ်ဦး မဟုတ်သဖြင့် လက်လျှော့ခြင်း မရှိဘဲ ဖီးနစ်ဝိညာဥ်ကို အသုံးပြု၍ ခုခံရန် ကြိုးစားလေသည်။ သူမအနားရှိ ကျန်းရှောင်ဖန်းကလည်း ထပ်မံ၍ ခုန်ဝင်လာပြန်သည်။
ခွေ့နျိုသည် ဖီးနစ်ဝိညာဥ်၏ အလင်းမှာ အစီအရင်၏ အလင်းနှင့် တူနေသဖြင့် ပိုမိုဒေါသထွက်သွားပုံရ၏။ ၎င်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး တောင်ကြီးတစ်တောင် ပြိုကျလာသကဲ့သို့ ဖိနှိပ်လိုက်လေသည်။
ဖီးနစ်ဝိညာဥ်မှာ ခွေ့နျို၏ ဖိအားအောက်တွင် နိမ့်ဆင်းသွားပြီး ထျန်းလင်းအာမှာလည်း ပြင်းထန်သော စွမ်းအားကြောင့် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားရ၏။
ထိုစဉ် သူမသည် သူမရှေ့သို့ ရောက်ရှိလာသော ကျန်းရှောင်ဖန်းကို မြင်လိုက်ရသဖြင့် အလောတကြီး ပြောလိုက်၏။
“ရှောင်ဖန်း... မြန်မြန်သွားတော့။”
ကျန်းရှောင်ဖန်းသည်လည်း ဤသားရဲကြီးမှာ အလွန်စွမ်းအားကြီးကြောင်း သိရှိသော်လည်း ဤကဲ့သို့သော အခြေအနေတွင် သူမကို ထားရစ်ခဲ့ရန် မဖြစ်နိုင်ချေ။
လောကကြီးတစ်ခုလုံး တုန်လှုပ်ချောက်ချားနေသည့်ကြားတွင် ထိုမိန်းကလေး၏ ပုံရိပ်မှာ သူ့နှလုံးသားထဲတွင် စွဲထင်နေလေသည်။
“မြန်မြန်သွားတော့...”
လေပြင်းများက သူ၏မျက်နှာကို တိုးဝှေ့သွားသကဲ့သို့ သူ၏ နှလုံးသားထဲတွင်လည်း တစ်ခုခု လှုပ်ရှားလာ၏။
ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ရသော ထိုမျက်နှာလေးမှာ သူ၏ရှေ့တွင် ရှိနေလေသည်။ အတိတ်က ပုံရိပ်များမှာ သူ၏ စိတ်ထဲတွင် တလိမ့်လိမ့် တက်လာ၏။
ဘယ်အရာက မင်းကို အသည်းအသန် ချစ်မိစေခဲ့တာလဲ။ ဘယ်အရာက မင်းကို ဒီလောက်ထိ နာကျင်စေခဲ့တာလဲ။
သွေးစက်ဂူထဲက ပုံရိပ်တွေကို သတိရနေတာလား။
မီးနဂါးဂူထဲက မြေအောက်ချော်ရည်တွေထဲ ခုန်ချသွားတဲ့ မြေခွေးဝိညာဉ်တွေကို သတိရနေတာလား။
သူ အသက်ကို ပြင်းပြင်းရှူလိုက်၏။
လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသယောင် ရှိလေသည်။
ဝိညာဉ်ဝါးမျိုတုတ်ကို တင်းတင်းဆုပ်ကိုင်ရင်း ထိုလူငယ်လေးသည် ရှေ့သို့ တိုးဝင်သွားလေတော့သည်။
သူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ တိုးဝင်သွားလေသည်။ ထျန်းလင်းအာနှင့် သားရဲကြီးကြားတွင် ရပ်တန့်လိုက်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
သူ၏ပုံစံမှာ သေမင်းကို ရင်ဆိုင်နေသော စစ်သည်တော်တစ်ဦးကဲ့သို့ပင် ဖြစ်လေသည်။ ဝိညာဉ်ဝါးမျိုတုတ်နှင့် တစ်သားတည်း ဖြစ်သွားချိန်တွင် နှစ်ပေါင်းရှစ်ရာက ပုံရိပ်များ ပြန်လည်ပေါ်ပေါက်လာသကဲ့သို့ပင်။
ဘယ်သူ့အတွက်နဲ့ မင်းရဲ့နှလုံးသားကို အဆုံးရှုံးခံမှာလဲ။
ဘယ်သူ့အတွက်နဲ့ မင်းက ရူးသွပ်မှာလဲ။
ခွေ့နျိုက ဟိန်းဟောက်နေစဉ်မှာပင် သူကလည်း အော်ဟစ်လိုက်၏။ ဝိညာဉ်ဝါးမျိုတုတ်မှ အရင်က တစ်ခါမျှ မမြင်ဖူးသော တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာလေသည်။
ထိုစဉ် ကောင်းကင်ယံမှ မိုးကြိုးသံကြီး တစ်ချက် ဟိန်းထွက်လာ၏။
ကျန်းရှောင်ဖန်းသည် ဒူးထောက်ကျသွားပြီး သူ၏ နဖူး၊ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာကာ ဝိညာဉ်ဝါးမျိုတုတ်ပေါ်သို့ ကျသွားလေသည်။
ထျန်းလင်းအာသည် တစ်စုံတစ်ဦးက ဆွဲမလိုက်သကဲ့သို့ ခံစားလိုက်ရပြီး နောက်သို့ လွင့်ထွက်သွား၏။ ထျန်းပုယီ ရောက်ရှိလာပြီး သူမကို ကယ်ထုတ်လိုက်ခြင်း ဖြစ်လေသည်။
သို့သော် သူ ပြန်လှည့်ကြည့်လိုက်ချိန်တွင် ကျန်းရှောင်ဖန်းမှာ ခွေ့နျို၏အောက်တွင် ပိတ်မိနေသည်ကို တွေ့လိုက်ရသဖြင့် မှင်တက်သွား၏။
ခွေ့နျိုသည် ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ကြီးမားလှသော ခြေထောက်ဖြင့် ကျန်းရှောင်ဖန်းကို နင်းချရန် ပြင်လိုက်၏။
ထိုပြင်းထန်လှသော စွမ်းအားကြောင့် အနားရှိ လူအားလုံးမှာ ထိတ်လန့်သွားကြပြီး ထျန်းပုယီပင်လျှင် မျက်နှာပျက်သွားရလေသည်။