အခန်း ၁၄၅
Vol. 15 Ch. 145
အခန်း (၁၄၅) - ယိုကျီ (၁)
တံခါးအပြင်ဘက်တွင် လူအချို့ ရပ်နေလေသည်။ လင်းကျင်းယွီက သူတို့ကို တစ်ခုခုပြောလိုက်ပြီးနောက် သူ၏ ခြေသံများမှာ တဖြည်းဖြည်း ဝေးကွာသွားလေသည်။
အခန်းထဲတွင် အလွန်ပင် တိတ်ဆိတ်နေ၏။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိဘဲ ကျန်းရှောင်ဖန်းသည် ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်ပြီး စောင်ကို မလိုက်လေသည်။
လျိုပိုတောင်တွင် ဝတ်ဆင်ခဲ့သော အဝတ်အစားများကိုပင် ဆက်လက် ဝတ်ဆင်ထားရဆဲဖြစ်သည်ကို သတိပြုမိလိုက်ရာ မည်သူမျှ သူ့အဝတ်အစားကို လဲမပေးခဲ့ကြကြောင်း သိလိုက်ရသည်။
သူသည် မသိစိတ်ဖြင့် ကုတင်ခေါင်းရင်းသို့ လက်လှမ်းကြည့်လိုက်သော်လည်း ရုတ်တရက် သူ၏လက်မှာ လေထဲတွင် ရပ်တန့်သွားလေသည်။
ထိုနေရာတွင် ဘာမှ မရှိတော့ပေ။
နှစ်ပေါင်းများစွာ သူ့အနားတွင် ရှိနေခဲ့သော ဝိညာဉ်ဝါးမျိုတုတ်မှာ ပျောက်ကွယ်သွားချေပြီ။
သူသည် ကြောင်အစွာ ထိုင်နေမိပြီး နှုတ်ခမ်းများမှာ အနည်းငယ် တုန်ယင်နေလေသည်။
ရုတ်တရက် သူသည် ကုတင်ပေါ်မှ ဝုန်းခနဲ ထလိုက်ပြီး အခန်းတံခါးဆီသို့ ဦးတည်ကာ တံခါးကို ဆွဲဖွင့်လိုက်လေသည်။
တံခါးအပြင်ဘက်တွင် ရပ်နေသော လူနှစ်ယောက်မှာ အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ကြ၏။ ထိုသူတို့မှာ စုန့်တာရန်နှင့် တုပိရှုတို့ ဖြစ်ကြသည်။
ကျန်းရှောင်ဖန်းကို ကြည့်နေသော သူတို့နှစ်ဦးလုံး၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေ၏။ အတော်ကြာမှ တုပိရှုက အနေခက်စွာ ရယ်မောရင်း ပြောလိုက်သည်။
“ဂျူနီယာညီလေး... မင်း နိုးလာပြီလား...”
သူတို့နောက်ကွယ်ရှိ ကောင်းကင်ယံမှ နေရောင်ခြည်သည် ကျန်းရှောင်ဖန်း၏ မျက်နှာပေါ်သို့ ဖြာကျလာ၏။ ကျန်းရှောင်ဖန်းမှာ ရုတ်တရက် မူးဝေသွားကာ ကိုယ်ဟန်ချက် ပျက်သွားလေသည်။
စုန့်တာရန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး ဘာမှမစဉ်းစားဘဲ ရှေ့သို့တိုးကာ ဖေးမရန် ပြင်လိုက်သော်လည်း လက်ကို ဆန့်ထုတ်လိုက်သည့် ခဏမှာပင် ရုတ်တရက် ပြန်ရုပ်သိမ်းလိုက်လေသည်။
ကျန်းရှောင်ဖန်းမှာ ကြောင်အသွားပြီး သူ့ကို ငယ်စဉ်ကတည်းက အမြဲတမ်းဂရုစိုက်ခဲ့သော စီနီယာအစ်ကိုကြီးကို ကြည့်လိုက်ရာ စီနီယာအစ်ကိုကြီး၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေသည်ကို တွေ့လိုက်ရလေသည်။
စုန့်တာရန်၏ နှုတ်ခမ်းများမှာ တုန်ယင်နေပြီး နောက်ဆုံးတွင်တော့ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဂျူနီယာညီလေး... မင်း ဒဏ်ရာတွေက အရှင်းမပျောက်သေးဘူး။ အခန်းထဲမှာပဲ နားနားနေနေ နေတာ ပိုကောင်းမယ်။ အပြင်ကို လျှောက်သွားမနေနဲ့ဦး။”
ကျန်းရှောင်ဖန်းသည် ဖြည်းဖြည်းချင်း နောက်သို့ ဆုတ်လိုက်ပြီး ပြန်လှည့်တော့မည့် ဆဲဆဲတွင် မထိန်းနိုင်တော့ဘဲ ရုတ်တရက် မေးလိုက်မိသည်။
“စီနီယာအစ်ကိုကြီး... ကျုပ်ရဲ့ ဝိညာဉ်ဝါးမျိုတုတ်ရော...”
စုန့်တာရန်နှင့် တုပိရှုတို့၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားလေသည်။ ခေတ္တမျှ ကြာပြီးနောက် စုန့်တာရန်က အေးစက်စွာ ပြောလိုက်သည်။
“ဂျူနီယာညီလေး... မင်းရဲ့ မှော်လက်နက်ကို ဆရာက ခဏသိမ်းထားတယ်။ မင်း... မင်း စိတ်မပူပါနဲ့။”
ကျန်းရှောင်ဖန်းက ဘာမှ ထပ်မပြောတော့ဘဲ နောက်သို့ လှည့်ကာ တံခါးကို အသာအယာ ပိတ်လိုက်လေသည်။
တည်ခိုခန်း၏ အခြားတစ်ဖက်ရှိ ယအခန်းတစ်ခုထဲတွင် ချန်းစုန့်၊ ထျန်းပုယီနှင့် ရှောင်ယိချိုင်တို့ သုံးဦးက မျက်နှာချင်းဆိုင် ထိုင်နေကြလေသည်။
သူတို့ သုံးဦးကြားရှိ စားပွဲပေါ်တွင် စိမ်းညို့ညို့ အရောင်ရှိသော ဝိညာဉ်ဝါးမျိုတုတ်မှာ ငြိမ်သက်စွာ လဲလျောင်းနေလေသည်။
ရုတ်တရက် လက်တစ်ဖက် ဆန့်ထွက်လာပြီး ဝိညာဉ်ဝါးမျိုတုတ်ကို ကောက်ယူလိုက်၏။ ထိုသူမှာ ချန်းစုန့်ပင် ဖြစ်သည်။
သူသည် ထိုတုတ်ကို သူ့ရှေ့တွင် ထားကာ လက်ဖြင့် အသာအယာ ပွတ်သပ်နေ၏။ သူ၏လက်က တုတ်၏ အစွန်းတစ်ဖက်ရှိ သွေးစုပ်ပုလဲကို ထိမိသွားချိန်တွင် သူ၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားလေသည်။
အတော်ကြာပြီးနောက် သူက ပြောလိုက်၏။
“ဒါက သွေးစုပ်ပုလဲ ဆိုတာလား...”
ထျန်းပုယီက နှာခေါင်းရှုံ့လိုက်သည်။
ရှောင်ယီချိုင်က ထျန်းပုယီနှင့် ချန်းစုန့်တို့ကို ကြည့်ကာ ပြောလိုက်သည်။
“ဂိုဏ်းတူဦးလေးတို့ခင်ဗျာ... အခု ဘာဆက်လုပ်သင့်သလဲဆိုတာကို ကျုပ်ကို လမ်းညွှန်ပေးပါဦး။”
ချန်းစုန့်က ရှောင်ယိချိုင်ကို တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“တူလေးရှောင်... မင်းက အမြဲတမ်း စိတ်ကူးဉာဏ်ကောင်းပြီး ပြတ်သားတဲ့သူပဲ။ မင်းရဲ့ အကြံဉာဏ်ကို ဘာလို့ မပြောတာလဲ”
ရှောင်ယီချိုင်က ခေါင်းခါလိုက်ပြီး ပြောလိုက်၏။
“ဒီကိစ္စက ကျုပ်ကိုင်တွယ်နိုင်စွမ်းထက် ကျော်လွန်နေတာ။ ဘာပြောရမှန်း မသိတော့ပါဘူး။”
ချန်းစုန့်က ထျန်းပုယီ၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ကာ ပြောလိုက်သည်။
“အခု အရှုပ်ထွေးဆုံး ပြဿနာက ထျန်းယင်းကျောင်းတော်က ဘုန်းကြီးတွေပဲ”
“သူတို့က ကျန်းရှောင်ဖန်း ဘယ်လိုလုပ်ပြီး ဗြဟ္မာ့ဉာဏ်တော်ကို ကျင့်ကြံခဲ့သလဲဆိုတာကို အမြဲလာမေးနေကြတယ်”
“သူတို့ရဲ့ အမူအရာတွေကလည်း အလွန် ပြင်းထန်ပြီး ဒေါသထွက်နေကြတာ။ သူတို့ရဲ့ ခေါင်းဆောင်ငယ်ဖာရှန်းကသာ ထိန်းသိမ်းမပေးထားဘူးဆိုရင် ကျန်းရှောင်ဖန်းကို သူတို့ဆီ အပ်ဖို့ တောင်းဆိုနေကြတာ ကြာလှပြီ”
ထျန်းပုယီက အေးစက်စွာ ပြောလိုက်သည်။
“သူတို့က ကျုပ်တို့ လူကို ခေါ်သွားချင်တာလား။ အမှန်တရားကို ကျုပ်တို့ မသိရသေးခင်အထိ သူတို့ စောင့်ရဦးမယ်။ နောက်ပြီး ဒါက ကျုပ်တို့ ဂိုဏ်းဝင်တစ်ယောက်ရဲ့ ကိစ္စပဲ။ သူတို့ ဝင်ပါစရာ မလိုဘူး။”
ချန်းစုန့်က မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ရှောင်ယီချိုင်က အရင် ပြောလိုက်သည်။
“ဒီအကြောင်းနဲ့ ပတ်သက်လို့ ဂိုဏ်းတူဦးလေးထျန်း... ဒီမနက်မှာ ဖန်ရှန်းတောင်ကြားက လီရွှင်းနဲ့ တွေ့ခဲ့တယ်။ သူလည်း... သူလည်း ကျန်းရှောင်ဖန်းကို လွှဲပေးဖို့ တောင်းဆိုနေတယ်”
ချန်းစုန့်မှာ အံ့အားသင့်သွားပြီး ထျန်းပုယီကတော့ မျက်လုံးပြူးကာ ဒေါသတကြီး မေးလိုက်လေသည်။
“ဒါက ဖန်ရှန်းတောင်ကြားနဲ့ ဘာဆိုင်လို့လဲ”
ရှောင်ယီချိုင်က တီးတိုး ပြောလိုက်သည်။
“ဂိုဏ်းတူဦးလေးထျန်း... စိတ်မဆိုးပါနဲ့အုံး။ တကယ်တော့ ဖန်ရှန်းတောင်ကြားက လူတွေက အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော်လည်း ခံစားရပါတယ်”
“လီရွှင်းက ပြောတာကတော့ သူက ဂျူနီယာညီလေး ကျန်းရှောင်ဖန်းနဲ့အတူ နတ်ဆိုးမြေခွေးတွေရဲ့ နဂါးနက်ဂူထဲကို သူတို့ဂိုဏ်းရဲ့ မှော်လက်နက် တစ်ခုကို ရှာဖို့ သွားခဲ့ကြတယ်တဲ့”
“နောက်ဆုံးမှာ ဂျူနီယာညီလေးက အရင်ရောက်သွားပြီး တခြားသူတွေ ရောက်လာတဲ့အချိန်မှာ မြေခွေးက သေနေပြီ။ ဒါပေမဲ့ အဲဒီ မှော်လက်နက်ကတော့ အရိပ်အယောင်တောင် မရှိတော့ဘူး”
“ဂျူနီယာညီလေးကလည်း သူ ဘာမှမမြင်ခဲ့ဘူးလို့ ပြောခဲ့တယ်တဲ့။ အဲဒီအချိန်ကတည်းက သူတို့က သံသယရှိနေတာ။ အခုကြည့်ရတာ ဂျူနီယာညီလေးကပဲ အဲဒါကို ခိုးယူသွားတာ ဖြစ်နိုင်...”
“ဝုန်း...”
ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာ၏။ ထျန်းပုယီသည် ဒေါသအလွန်အမင်း ထွက်သွားကာ စားပွဲကို လက်ဝါးဖြင့် အားကုန် ရိုက်ချလိုက်ခြင်း ဖြစ်သည်။
စားပွဲမှာ တုန်ခါသွားပြီးနောက် ပြိုကျသွားလေသည်။ စားပွဲခြေထောက်များမှာ ထိုလက်ဝါးချက်ကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားချေပြီ။
ရှောင်ယီချိုင်မှာ အနည်းငယ် အနေခက်သွားပြီး ချန်းစုန့်ကတော့ မျက်မှောင်ကြုတ်ကာ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
“ဖန်ရှန်းတောင်ကြားက လူတွေက သောက်ကျင့်မကောင်းကြဘူး။ ဒီကိစ္စက ခိုင်လုံတဲ့ အထောက်အထား မရှိဘူး။ သူတို့ကို ဂရုစိုက်နေစရာ မလိုပါဘူး။”
ရှောင်ယီချိုင်က ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။
“တကယ်တော့ ဖန်ရှန်းတောင်ကြားကိစ္စကို ခဏ ဘေးဖယ်ထားလို့ ရပါတယ်”
“ဒါပေမဲ့ ဒီတစ်ခါ ဂျူနီယာညီလေးက လူတိုင်းရဲ့ ရှေ့မှာပဲ... တခြားဂိုဏ်းပေါင်းစုံက လူတွေကလည်း ချင်းယွင်ဂိုဏ်းအနေနဲ့ ဒီကိစ္စကို ရှင်းပြဖို့ တစ်ယောက်ပြီးတစ်ယောက် တောင်းဆိုနေကြတယ်”
“လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာက နတ်ဆိုးဂိုဏ်းရဲ့ အဆိုးဝါးဆုံး လက်နက်က ဘာလို့ ချင်းယွင်ဂိုဏ်း တပည့်တစ်ယောက်ရဲ့ လက်ထဲမှာ ရှိနေရတာလဲဆိုတာကို ရှင်းပြပေးဖို့ပေါ့။”
ထျန်းပုယီသည် လက်သီးကို တင်းတင်းဆုပ်ထားရာ အရိုးချင်း ထိသံများပင် ထွက်ပေါ်နေ၏။ သူ၏ မျက်နှာမှာလည်း ဒေါသကြောင့် နီမြန်းနေလေသည်။
“ဒီကောင်စုတ်လေး...”
ချန်းစုန့်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဂျူနီယာညီလေးထျန်း... မင်း အဲဒီလောက် ဒေါသထွက်မနေပါနဲ့ဦး။ ဒါကို ဘယ်သူမှ မမျှော်လင့်ထားကြဘူးလေ။ ဒါပေမဲ့ ဒီတစ်ခါ ကိစ္စက ထင်ထားတာထက်ပိုဆိုးနေတယ်”
“ထျန်းယင်းကျောင်းတော်ရော နတ်ဆိုးဂိုဏ်းတွေနဲ့ပါ ပတ်သက်နေတာဆိုတော့ ဒါက ပေါ့သေးသေး ကိစ္စမဟုတ်ဘူး”
“ကျုပ်တို့ ဂိုဏ်းချုပ်ဆီကို အမြန်ဆုံး ပြန်သွားပြီး နောက်ဆုံး ဆုံးဖြတ်ချက် မချခင် တိုင်ပင်သင့်တယ်လို့ ထင်တယ်”
ထျန်းပုယီက သက်ပြင်းအရှည်ကြီး တစ်ခုကို ချလိုက်၏။ အချိန်အတော်ကြာ ကျင့်ကြံလာခဲ့သူ ဖြစ်သည့်အတိုင်း သူ၏ စိတ်ထဲရှိ ဒေါသများကို ချက်ချင်း နှိမ်နင်းလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“သဘောတူပါတယ်။ ကျုပ်တို့ အခုပဲ ထွက်ခွာကြတာပေါ့”
ပြောပြီးနောက် သူ၏ အကြည့်က ချန်းစုန့်၏ လက်ထဲရှိ ဝိညာဉ်ဝါးမျိုတုတ်ဆီသို့ ကျရောက်သွားလေသည်။
မမျှော်လင့်ဘဲ ချန်းစုန့်က အသာအယာ ပြုံးလိုက်ပြီး ထိုတုတ်ကို သူ၏ ရင်ခွင်ထဲသို့ ထည့်လိုက်လေသည်။
ထျန်းပုယီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဘေးမှ ရှောင်ယီချိုင်ကလည်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဂိုဏ်းတူဦးလေးချန်းစုန့်... အဲဒီ မှော်လက်နက်က...”
ချန်းစုန့်က သူ့ကို လက်ကာပြလိုက်ပြီး ထျန်းပုယီဘက်သို့ လှည့်ကာ ပြောလိုက်၏။
“ဂျူနီယာညီလေးထျန်း... မင်းရဲ့ တပည့်က ဒီလို ပြဿနာကြီးကို ဖန်တီးခဲ့တာ။ ဒါက ကျုပ်တို့ ချင်းယွင်ဂိုဏ်းကို လမ်းမှန်ဂိုဏ်းတွေရဲ့ ရှေ့မှာ မျက်နှာပျက်စေခဲ့သလို ထျန်းယင်းကျောင်းတော်ကိုလည်း စိတ်ဆိုးအောင် လုပ်ခဲ့တယ်”
“မင်းက သူ့ရဲ့ ဆရာတစ်ယောက်အနေနဲ့ တာဝန်ရှိတယ်လို့ ကျုပ် ထင်တယ်နော်။”
ထျန်းပုယီက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာ မေးလိုက်၏။
“အဲဒီတော့ ဘာဖြစ်လဲ”
ချန်းစုန့်က အေးဆေးစွာ ပြောလိုက်သည်။
“ကျုပ်က ချင်းယွင်ဂိုဏ်းရဲ့ စည်းကမ်းပိုင်းကို တာဝန်ယူထားရသူပဲ။ ဒီအထောက်အထားကို ကျုပ်ဆီမှာပဲ ထားမယ်။ ဂျူနီယာညီလေးထျန်း အနေနဲ့ ကန့်ကွက်စရာ မရှိဘူး မဟုတ်လား။”
ထျန်းပုယီသည် ချန်းစုန့်ကို အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ခြေဆောင့်ကာ ဒေါသတကြီး ထွက်ခွာသွားတော့သည်။
ချန်ဟဲမြို့၏ လမ်းမများပေါ်တွင် ထုံးစံအတိုင်း လူများဖြင့် စည်ကားနေလေသည်။
ကျိုးယီရှန်နှင့် ရှောင်ဟွမ်တို့နှစ်ဦးသည် လမ်းထိပ်ရှိ ထောင့်တစ်ခုတွင် ရပ်နေကြ၏။
သူတို့ရှေ့ရှိ “အရှေ့ပင်လယ် တည်းခိုခန်း” ဟု ရေးထိုးထားသော ဆိုင်းဘုတ်ကို ကြည့်ကာ နှစ်ယောက်လုံး မျက်မှောင်ကြုတ်နေကြလေသည်။
ရှောင်ဟွမ်သည် သူမလက်ထဲရှိ သကြားလုံးကို လျက်လိုက်ပြီးနောက် ကျိုးယီရှန်အား ပြောလိုက်သည်။
“အဘိုး... ချင်းယွင်ဂိုဏ်းက လူတွေ ဒီမှာတည်းနေတာ သေချာလား။”
ကျိုးယီရှန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ပေါက်ကရတွေ မပြောနဲ့။ တံခါးကနေ ဝင်ထွက်နေတဲ့သူတွေက တကယ့် တာအိုကျင့်ကြံသူတွေဆိုတာ မင်း မမြင်ဘူးလား။”
ပြောပြီးနောက် သူက သူ့ဘာသာ ရေရွတ်လိုက်၏။
“ဒီလူတွေ လျိုပိုတောင်ကို သွားပြီး အကြာကြီး ပျောက်နေတာ။ အခု ပြန်ရောက်လာကြပြီဆိုတော့ ဘာတွေများ ဖြစ်ခဲ့သလဲ မသိဘူး။”
ရှောင်ဟွမ်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“အဘိုးကို ကျွန်မ တကယ် နားမလည်နိုင်တော့ဘူး။ အဘိုးက ချင်းယွင်ဂိုဏ်းကလို့ ပြောရအောင်လည်း အဘိုးကိုယ်တိုင် သူတို့နဲ့ ပတ်သက်တယ်လို့ မပြောရဲဘူး”
“တကယ်လို့ မဟုတ်ဘူးလို့ ပြောရအောင်လည်း ဘာလို့ အဲဒီလောက် စိတ်ဝင်စားနေတာလဲ။”
ကျိုးယီရှန်မှာ အသက်ရှူမှားသွားကာ ဒေါသတကြီး ပြောလိုက်လေသည်။
“မင်းရဲ့ အဘိုး ငါက အဲဒီချင်းယွင်ဂိုဏ်းက ဂျူနီယာတွေကို အသိအမှတ်ပြုဖို့ ဝန်လေးနေတာက ငါက လောကီရေးရာတွေကို စိတ်ကုန်နေပြီမို့လို့ကွ”
“ငါက ဆင်းရဲသား တစ်ယောက်လိုပဲ တစ်လောကလုံးကို လွတ်လပ်စွာ လှည့်လည်ရင်း လူသားတွေရဲ့ ကောင်းကျိုးအတွက်...”
ရှောင်ဟွမ်က လှည့်ထွက်သွားလေသည်။
ကျိုးယီရှန်၏ ကြွားဝါသော စကားလုံးများမှာ လည်ချောင်းထဲတွင်ပင် ရပ်တန့်သွား၏။ သူသည် နှာခေါင်းရှုံ့လိုက်ပြီး အရှေ့ပင်လယ် တည်းခိုခန်းကို နောက်ဆုံးတစ်ချက် ကြည့်ကာ သူလည်း လှည့်ထွက်လာခဲ့တော့သည်။
ရှောင်ဟွမ်က လမ်းလျှောက်ရင်း ပွစိပွစိလုပ်နေလေသည်။
“အဘိုးက ပြောရဲဆိုရဲပဲနော်။ မူလက ကျွန်မတို့လည်း လျိုပိုတောင်ကို သွားကြည့်ချင်တာလေ”
“နောက်ဆုံးတော့ အရှေ့ပင်လယ်ဘက်မှာ ရက်အတော်ကြာ စုံစမ်းကြည့်တာတောင် ကျွန်မတို့ကို ဟိုဘက် ပို့ပေးမယ့် လှေသမား တစ်ယောက်မှ မရှိခဲ့ဘူး။”
ကျိုးယီရှန်မှာ အလွန် အနေခက်သွားကာ ရယ်မောရင်း ပြောလိုက်သည်။
“အဲဒါက ဒီလှေသမားတွေက ဗဟုသုတ မရှိလို့ပါ။ လျိုပိုတောင်က ဘယ်မှာလဲဆိုတာကိုတောင် မသိကြတာ။ အားလုံးက အသုံးမကျတဲ့သူတွေပဲ။”
သူသည် ထိုသို့ ပြောရင်းဖြင့် ဤကိစ္စများကို အမြဲတမ်း ပြန်ပြောနေလျှင် သူ့မြေးမလေးရှေ့တွင် သိက္ခာကျမည်ကို စိုးရိမ်နေမိ၏။ ထို့ကြောင့် သူက စကားလမ်းကြောင်း လွှဲလိုက်လေသည်။
“ကျန်းရှောင်ဖန်းဆိုတဲ့ ကောင်လေးက ဒီတစ်ခါ လျိုပိုတောင်မှာ သေသွားမလား မသိဘူးနော်”
ရှောင်ဟွမ်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။
“ပေါက်ကရတွေ မပြောနဲ့။ အဲဒီနေ့က ကျွန်မ သူ့ရဲ့ လက်ဖဝါးကို ကြည့်ပေးခဲ့တာပဲ”
“ဒီလူက ထူးခြားတဲ့ဇာတာ ရှိပေမဲ့၊ နတ်ဆိုးဆန်တဲ့လက္ခဏာတွေ ရှိပေမဲ့လည်း သူရဲ့ အသက်လမ်းကြောင်း ကံတရားနဲ့ မဆိုင်ဘူး။ သူက အသက်တိုမယ့်သူ မဟုတ်ပါဘူး။”
ကျိုးယီရှန်က ရယ်မောလိုက်ပြီး ရှောင်ဟွမ်ကို ပြောလိုက်သည်။
“ဒါနဲ့ ပြောရဦးမယ်... ငါ ပိုပြီး သိချင်လာတာက နဂါးနက်ဂူ အပြင်ဘက်က အဲဒီလမင်းရှေးဟောင်းတွင်းထဲမှာ သူ ဘာကို မြင်ခဲ့တာလဲ ဆိုတာပဲ။”
ရှောင်ဟွမ်က ရယ်မောကာ ပြောလိုက်၏။
“အခုထိ အဘိုးက ဒါကို မှတ်မိနေသေးတာလား။”
ကျိုးယီရှန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒါပေါ့... မင်း သိတဲ့အတိုင်းပဲ နတ်ဆိုးဆန်တဲ့ ဇာတာရှင်ဆိုတာ သန်းပေါင်းများစွာမှာ တစ်ယောက်ပဲ ရှိတာလေ။ ငါ အခု အဲဒီကောင်လေးအကြောင်းကို ပိုပြီး သိချင်လာပြီ။”
ရှောင်ဟွမ်ကလည်း ခေါင်းညိတ်ကာ ရယ်မောရင်း ပြောလိုက်လေသည်။
“တကယ်တော့ ကျွန်မလည်း အတူတူပါပဲ...”