အခန်း ၁၄၆
Vol. 15 Ch. 146
အခန်း (၁၄၆) - ယိုကျီ (၂)
သူတို့နှစ်ယောက် ရယ်မောကာ စကားပြောနေရင်း ရှေ့ကို သတိမထားမိကြပေ။ ရုတ်တရက် သူတို့ရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာသဖြင့် တိုက်မိလုနီးပါး ဖြစ်သွားကြ၏။
သူတို့မှာ လန့်သွားကြပြီး ကိုယ်ကို ခက်ခက်ခဲခဲ ထိန်းလိုက်ကြရသည်။ ကျိုးယီရှန်က ဒေါသတကြီး အော်လိုက်၏။
“မင်းတို့ ဘာလုပ်နေတာလဲ...”
မမျှော်လင့်ဘဲ သူ၏ စကားမဆုံးခင်မှာပင် သူ၏ အသံမှာ ရပ်တန့်သွားလေသည်။ ရှောင်ဟွမ်မှာ အံ့အားသင့်သွားပြီး မော့ကြည့်လိုက်ရာ သူမလည်း တုန်လှုပ်သွားလေသည်။
သူတို့ရှေ့တွင် လူနှစ်ယောက် ရပ်နေလေသည်။ ရှေ့ဆုံးတွင် ရပ်နေသူမှာ နုပျိုလှပသော အမျိုးသမီးငယ်လေး ဖြစ်ပြီး အစိမ်းနုရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။
ထိုသူမှာ သူတို့ကို ဒုက္ခပေးခဲ့ဖူးသော ပိယောင်ပင် ဖြစ်လေသည်။
ပိယောင်၏ နောက်တွင်တော့ နောက်ထပ် အမျိုးသမီးတစ်ယောက် ရှိနေပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ မျက်နှာကိုလည်း အနက်ရောင်ပုဝါဖြင့် ဖုံးအုပ်ထားသဖြင့် သူမ၏ ရုပ်ရည်ကို သေချာ မမြင်ရပေ။
ကျိုးယီရှန်က အကြောက်အကန် ရယ်မောရင်း ပြောလိုက်၏။
“ကျုပ် မှားသွားပါတယ်... ကျုပ် မှားသွားပါတယ်...”
သူသည် ပြောရင်းဖြင့် ရှောင်ဟွမ်ကို မျက်ရိပ်ပြလိုက်၏။ ရှောင်ဟွမ်မှာ ငယ်သော်လည်း အလွန်ပါးနပ်သူ ဖြစ်ရာ အခြေအေနကိုချက်ချင်း နားလည်သွားသည်။
သူတို့နှစ်ယောက်လုံး လှည့်ပြေးရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူတို့၏ ကိုယ်ခန္ဓာများ ပေါ့ပါးသွားကာ အမျိုးသမီးတစ်ယောက်စီ၏ မချီခြင်းကို ခံလိုက်ရလေသည်။
ထို့နောက် သူတို့၏ အမြင်များ ဝေဝါးသွားပြီး လမ်းအချို့ကို ဖြတ်ကျော်ပြီးနောက် သတိပြန်ဝင်လာချိန်တွင် လမ်းကြားလေး တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျိုးယီရှန်၏ နဖူးတွင် ချွေးများ စိုရွှဲနေ၏။ သူသည် သူ့ရှေ့ရှိ အမျိုးသမီးမှာ သူ့ထက် အဆပေါင်းများစွာ ပိုမို ကျွမ်းကျင်သည်ကို သိရှိထားသဖြင့် ဤတစ်ကြိမ်တွင် မည်သို့သော ဒုက္ခကို ခံစားရမည်ကို မသိပေ။ သူက မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်၏။
“မိန်းကလေး... ကျုပ်... အဲဒီနေ့က ကျုပ်ရဲ့ အမှားတွေပါ။ အား... ကျုပ် မိန်းကလေးရဲ့ ငွေတွေကို အကုန် ပြန်ပေးပါ့မယ်။ ကျေးဇူးပြုပြီး သဘောထားကြီးကြီးထားပြီး ကျုပ်တို့ကို လွှတ်ပေးပါဗျာ။”
ပိယောင်က မျက်မှောင်ကြုတ်လိုက်၏။ လျိုပိုတောင်မှ ပြန်လာကတည်းက သူမ၏ မျက်နှာမှာ အနည်းငယ်ဖြူဖျော့ပြီး နွမ်းနယ်နေပုံရလေသည်။ သူမက ကျိုးယီရှန်ကို စိုက်ကြည့်ကာ ပြောလိုက်၏။
“ဘယ်သူက ရှင့်ရဲ့ ငွေတွေကို လိုချင်လို့လဲ။ ကျွန်မ ရှင့်ကို မေးခွန်းအချို့ မေးမယ်။ အမှန်အတိုင်း ဖြေရမယ်။”
ကျိုးယီရှန်က ချက်ချင်းပြောလိုက်သည်။
“မိန်းကလေး... ကြိုက်သလို မေးပါ။ ကျုပ် အမှန်အတိုင်း ဖြေပါ့မယ်။ မိန်းကလေးက ကံဇာတာအကြောင်း မေးချင်တာလား၊ ဒါမှမဟုတ် အသက်ရှည်ဖို့လား၊ ဒါမှမဟုတ် အိမ်ထောင်ရေးအကြောင်းလား”
“ဒါတွေအားလုံးက ကျိုးယီရှန် ဆိုတဲ့ ရှေ့ဖြစ်ဟော နတ်ဘုရားရဲ့ အထူးကျွမ်းကျင်တဲ့ ပညာရပ်တွေပဲ။ လာ... လာ... လာ... ကျုပ် မိန်းကလေးအတွက် ဟောပေးပါ့မယ်။”
သူသည် စကားပြောလေလေ ပို၍ သွက်လက်လာလေလေ ဖြစ်နေသော်လည်း သူ့ဘေးရှိ ရှောင်ဟွမ်က သူ၏ အင်္ကျီကို မကြာခဏ ဆွဲနေသည်ကို သတိပြုမိလိုက်၏။ သူက အံ့အားသင့်စွာဖြင့် လှည့်မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ရှောင်ဟွမ်မှာ ချွေးများ ပြန်နေပြီး သူ့ကို စိုက်ကြည့်ကာ ပိယောင်ကို ဖားယားသော အပြုံးဖြင့် ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
“ဟိုလေ... စီနီယာအစ်မ... အစ်မက ကျွန်မတို့ကို ဘာမေးချင်လို့လဲဟင်။”
ပိယောင်သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်၏။
“ခုနက မင်းတို့ အရှေ့ပင်လယ် တည်းခိုခန်းရှေ့မှာ ဘာကို ကြည့်နေကြတာလဲ။”
ကျိုးယီရှန်နှင့် ရှောင်ဟွမ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြောလိုက်လေသည်။
“ဘာမှ... ဘာမှ မဟုတ်ပါဘူး။ ကျုပ်တို့က အဲဒီနားကနေ ဖြတ်သွားရင်းနဲ့ ကျင့်ကြံသူတွေ အများကြီးကို တွေ့လို့ ရပ်ကြည့်နေတာပါ။”
ပိယောင်က အေးစက်စွာ ပြောလိုက်၏။
“ဒါဆို ချင်းယွင်ဂိုဏ်းက လူအားလုံး အဲဒီမှာ ရှိနေကြတာပေါ့။”
ကျိုးယီရှန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ရှိလောက်ပါတယ်...”
ပိယောင်က ထပ်မံ၍ တိတ်ဆိတ်သွားပြန်၏။ အတော်ကြာမှ သူမက မေးလိုက်လေသည်။
“ဒါဆို ရှင်တို့... အဲဒီမှာ ရှင်တို့ကို ကယ်ဖူးတဲ့ ချင်းယွင်ဂိုဏ်းက တပည့်လေးကို တွေ့ခဲ့ကြသေးလား။”
ကျိုးယီရှန်မှာ ခေတ္တမျှ ကြောင်အသွားပြီးမှ သူမ ဆိုလိုသည်ကို နားလည်လိုက်ကာ ပြောလိုက်၏။
“မိန်းကလေး ပြောတာက ကျန်းရှောင်ဖန်းဆိုတဲ့ ကောင်လေးကိုလား။”
ပိယောင်သည် သူတို့က ကျန်းရှောင်ဖန်း၏ နာမည်ကို သိနေလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ခေါင်းညိတ်ကာ မေးလိုက်၏။
“ဘာဖြစ်လို့လဲ... ရှင်တို့ သူ့ကို တွေ့ခဲ့လို့လား။”
တစ်ချိန်တည်းမှာပင် သူမ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပေါ်လွင်နေလေသည်။
ကျိုးယီရှန်နှင့် ရှောင်ဟွမ်တို့ နှစ်ဦးလုံးက ခေါင်းခါလိုက်ကြ၏။
ပိယောင်သည် ချက်ချင်းပင် စိတ်ပျက်သွားလေသည်။ သူမက တစ်ခုခုကို ထပ်ပြောချင်ပုံရသော်လည်း ရုတ်တရက် စိတ်ဝင်စားမှု မရှိတော့သကဲ့သို့ လက်ကာပြကာ ကျိုးယိရှန်တို့ကို လွတ်ပေးလိုက်သည်။
“ရှင်တို့ သွားကြတော့”
ထိုစကားလုံးများမှာ ကျိုးယီရှန်နှင့် ရှောင်ဟွမ်တို့အတွက် နတ်တေးသံကဲ့သို့ပင် ဖြစ်နေ၏။ သူတို့သည် ချက်ချင်း ကျေးဇူးတင်စကား ပြောကာ လမ်းကြားလေးထဲမှ အမြန် ထွက်ခွာသွားကြတော့သည်။
မမျှော်လင့်ဘဲ သူတို့ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်တွင် ပိယောင်က နောက်မှ လှမ်းပြောလိုက်သည်။
“နေဦး...”
ကျိုးယိရှန်၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားလေသည်။
ပိယောင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ခုနက လမ်းမပေါ်မှာ ရှင်တို့ နဂါးနက်ဂူ အပြင်ဘက်က လမင်းရှေးဟောင်းတွင်း အကြောင်း ပြောနေကြတာ။ အဲဒါက ဘာကို ဆိုလိုတာလဲ။”
ထိုစကားကို ကြားပြီးနောက်တွင်တော့ ကျိုးယီရှန်သည် ရင်ထဲက အလုံးကြီး ကျသွားတော့သည်။ သူသည် လမင်းရှေးဟောင်းတွင်းနှင့် ပတ်သက်သည့် ပုံပြင်ကို အမြန် ပြောပြလိုက်၏။ နောက်ဆုံးတွင်တော့ သူက ပြောလိုက်သည်။
“ဒါပါပဲ... ဒဏ္ဍာရီအရတော့ လပြည့်ညမှာ အဲဒီ လမင်းရှေးဟောင်းတွင်းထဲကို ငုံ့ကြည့်ရင် ကိုယ် အချစ်ဆုံး လူကို မြင်ရလိမ့်မယ်လို့ ပြောကြတာပဲ။”
ပိယောင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဘာစကားမှ မပြောတော့ဘဲ ကြောင်အစွာ ရပ်နေမိ၏။
ကျိုးယီရှန်ကတော့ ဤစိတ်ပြောင်းလွယ်သော မိန်းကလေးမှာ အခြား ထူးဆန်းသော မေးခွန်းများ ရှိနေသေးသလားဟု စဉ်းစားနေဆဲတွင် ရှောင်ဟွမ်က သူ့ကို ဆွဲလိုက်သဖြင့် သတိဝင်လာကာ နှစ်ယောက်လုံး ဖြည်းဖြည်းချင်း အပြင်သို့ ထွက်လာခဲ့ကြတော့သည်။
သို့သော် ပိယောင်နှင့် သူမဘေးရှိ အမျိုးသမီးမှာ သူတို့ကို မတားမြစ်ခဲ့ကြပေ။
အချိန်အတော်ကြာပြီးနောက် ထိုဆိတ်ငြိမ်သော လမ်းကြားလေးထဲတွင် ပိယောင်နှင့် အနက်ရောင် ဝတ်စုံဝတ် အမျိုးသမီးသာ ကျန်ရစ်တော့သည်။
“အဒေါ်ယို… သူ ဘယ်သူ့ကို မြင်ခဲ့မယ်လို့ အဒေါ် ထင်သလဲ။”
သူမက စကားပြောရင်း ခါးသီးစွာ ရယ်မောလိုက်၏။ သူမ၏ ရယ်မောသံထဲတွင် ဝမ်းနည်းမှုအချို့ ပါဝင်နေလေသည်။
“ကျမတို့ ပြောနေဖို့ လိုသေးလို့လား။ အဲဒါက သူ့ရဲ့ စီနီယာအစ်မ ထျန်းလင်းအာပဲ ဖြစ်မှာပေါ့”
“ဒါမှမဟုတ်ရင်လည်း ချင်းယွင်ဂိုဏ်းက ထျန်းယာဓားကို ကိုင်ဆောင်ထားတဲ့ အဲဒီ မိန်းမလှလေးပဲ ဖြစ်မှာ။ ကျမက ဘာမို့လို့လဲ။”
ပိယောင်က အဒေါ်ယိုဟု ခေါ်လိုက်သော ထိုနက်ပြာရောင် ဝတ်စုံဝတ် အမျိုးသမီးက အေးဆေးစွာ ပြောလိုက်၏။
“အဲဒီလို မတွေးပါနဲ့။ ဒီယောင်္ကျားတွေက တစ်ခါတလေကျရင် သူတို့ရဲ့ နှလုံးသားထဲမှာ ဘာရှိသလဲဆိုတာကို သူတို့ကိုယ်တိုင်တောင် သိတာမဟုတ်ဘူး”
ပိယောင်က မျက်လုံးကို မှိတ်လိုက်ပြီး အတော်ကြာမှ ပြန်ဖွင့်လိုက်၏။ သူမ၏ မျက်ဝန်းထဲတွင် တောင်းပန်တိုးလျိုးလိုသော အကြည့်များဖြင့် ပြည့်နှက်နေပြီး အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးကို ပြောလိုက်သည်။
“အဒေါ်ယို... ကျမ သူ့ကို သွားတွေ့ချင်တယ်။”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးက ချက်ချင်း ခေါင်းခါလိုက်ပြီး ပြောလိုက်၏။
“မဖြစ်ဘူး။”
ပိယောင်က သနားစဖွယ် တောင်းပန်လိုက်သည်။
“အဒေါ်ယို... အခု သူ့ရဲ့ အခြေအနေက တကယ်ပဲ သေတာထက် ပိုဆိုးနေတာပါ။ ကျမ... ကျမ... ကျမရဲ့ နှလုံးသားထဲက ဒီအတွေးကို တကယ်ပဲ လက်မလွှတ်နိုင်ဘူး”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးက သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်လေသည်
“မင်းရဲ့ အဖေက မင်းက စိတ်လိုက်မာန်ပါ လုပ်တတ်မှန်း သိလို့ ငါ့ကို မင်းနောက်ကနေ စောင့်ကြည့်ခိုင်းလိုက်တာ”
“အခု ချင်းယွင်ဂိုဏ်းက ကျွမ်းကျင်သူ အများအပြား အဲဒီ တည်းခိုခန်းထဲမှာ ရှိနေကြတာ။ ငါတို့သာ အဆင်မခြင် ဝင်သွားမယ်ဆိုရင် သေချာပေါက် ဒုက္ခရောက်လိမ့်မယ်။”
ပြောရင်းဖြင့် သူမ၏ အသံမှာ ပိုမို နူးညံ့သွားပြီး ဆက်ပြောလိုက်၏။
“ယောင်အာ… ငါတို့မှာ အခွင့်အရေး ရှိပါသေးတယ်။ သူ့ကို သေချာပေါက် ထပ်တွေ့ရပါလိမ့်မယ်။”
ပိယောင်က ကြောင်အစွာ ရပ်နေပြီး အတော်ကြာမှ ပြောလိုက်သည်။
“ဒါပေမဲ့... ဒါပေမဲ့ သူက လမ်းမှန်ဂိုဏ်းတွေရဲ့ စည်းကမ်းကို ဖောက်ဖျက်ခဲ့တာလေ။ သူတို့က သူ့ကို... သူ့ကို သတ်ပစ်လိုက်ကြမှာလား...”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးက မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်ပြီး ပြောလိုက်လေသည်။
“ပိယောင်... သတိထားစမ်းပါ။ မင်းက အမြဲတမ်း ဒီလောက်အထိ ထုံထိုင်းနေတတ်တဲ့သူ မဟုတ်ပါဘူး”
“ကျန်းရှောင်ဖန်းက အခု သွေးစုပ်ပုလဲကို ကိုင်ဆောင်ထားရုံတင်မကဘဲ ကျမတို့ ဂိုဏ်းနဲ့ ပတ်သက်တယ်လို့ သံသယရှိနေကြတာ”
“ဒါပေမဲ့ အရေးကြီးဆုံးက သူက ထျန်းယင်းကျောင်းတော်ရဲ့ ဗြဟ္မာ့ဉာဏ်တော်ကို ကျင့်ကြံထားတာပဲ။ ဒါက အကြီးမားဆုံး ပြဿနာပဲ”
“သူတို့သာ အမှန်တရားကို မသိရဘူးဆိုရင် ထျန်းယင်းကျောင်းတော်က ချင်းယွင်ဂိုဏ်းကို အလွယ်တကူလွှတ်ပေးမှာ မဟုတ်ဘူး”
“ကျမ ခန့်မှန်းရသလောက်တော့ ချင်းယွင်ဂိုဏ်းက ကျန်းရှောင်ဖန်းကို ချင်းယွင်တောင်ကို ပြန်ခေါ်သွားလိမ့်မယ်။ အဲဒီမှာ ဂိုဏ်းချုပ် တာအိုရွှမ်ကိုယ်တိုင် စစ်ဆေးမေးမြန်းပြီး ဆုံးဖြတ်ချက် ချလိမ့်မယ်”
“ဒါမှလည်း ထျန်းယင်းကျောင်းတော်ကို သေချာ ရှင်းပြနိုင်မှာလေ။ အဲဒီတော့ သူက အခုလောလောဆယ် ဘေးကင်းပါလိမ့်မယ်။”
ပိယောင်က သူမ၏ ဖြူဖျော့နေသော နှုတ်ခမ်းကို မသိစိတ်ဖြင့် ကိုက်လိုက်သော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးက ဒါကို မြင်သောအခါ စိတ်မကောင်း ဖြစ်သွားပုံရ၏။ သူမက ပိယောင်၏ ဆံပင်ကို အသာအယာ ပွတ်သပ်ပေးကာ တိုးတိုးလေး ပြောလိုက်သည်။
“အဆင်ပြေသွားမှာပါ... စိတ်မပူပါနဲ့။ မင်းရဲ့ အဖေလည်း ပြောထားတယ် မဟုတ်လား... သူကတော့ ဒီတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူးလို့။”
ပိယောင်က ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ခေါင်းမော့ကာ အမျိုးသမီး၏ လက်ကို ဆွဲပြီး အလောတကြီး ပြောလိုက်၏။
“အဒေါ်ယို... ကျမ သိပါတယ်။ အဒေါ်က အခု တိုက်ခိုက်တာတွေ မလုပ်တော့ဘူးဆိုတာကို။ ဒါပေမဲ့ ကျမအတွက်ကြောင့်... ကျေးဇူးပြုပြီး သူ့ကိုလည်း ကူညီပေးပါဦး။”
အနက်ရောင် ဝတ်စုံဝတ် အမျိုးသမီးသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမ၏ အကြည့်ကို လမ်းကြားလေး၏ အပြင်ဘက်သို့ လွှဲလိုက်လေသည်။
ပိယောင်က ထပ်မံ အော်ဟစ်လိုက်၏။
“အဒေါ်ယို...”
အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးက သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်၏။
“ကောင်းပြီ... တကယ်လို့ မင်းရဲ့ အဖေက သူ့ကို ကယ်ဖို့ ဆုံးဖြတ်ခဲ့ရင် ငါ မင်းကို တစ်ကြိမ်လောက် ကူညီပေးပါ့မယ်။”
ပိယောင်၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားလေသည်။
အနက်ရောင် ဝတ်စုံဝတ် အမျိုးသမီးက ပြုံးလိုက်သော်လည်း သူမ၏ အပြုံးမှာ မျက်နှာဖုံးနောက်ကွယ်တွင် ဖုံးကွယ်နေသဖြင့် မည်သူမျှ မမြင်နိုင်ပေ။
သူမ၏ နှလုံးသားထဲတွင် ဖြစ်ပေါ်နေသော လှိုင်းလုံးကလေးများကိုလည်း မည်သူမျှ မသိနိုင်ပါချေ။
ထိုမှောင်မိုက်ပြီး ကြမ်းတမ်းလှသော ညတွင် ထိုလူသားလေးက သူ၏ အသက်ကို ပဓာနမထားဘဲ ထိုသားရဲကြီးဆီသို့ ပြေးဝင်သွားချိန်တွင် အမှောင်ထဲတွင် ရှိနေသော သူမမှာ စွဲလန်းသွားခဲ့ရခြင်း ဖြစ်သည်။
ဝေဝါးလှသော အတိတ်ပုံရိပ်များထဲမှ လွန်ခဲ့သော နှစ်ပေါင်းများစွာက နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ထိုလူသား၏ ပုံရိပ်နှင့်ပင် တူညီနေတော့၏။