အခန်း ၁၄၉
Vol. 15 Ch. 149
အခန်း (၁၄၉) - ရည်ရွယ်ချက် (၁)
ချင်းယွင်တောင်၊ တာ့ကျူးတောင်ထိပ်….
ကျန်းရှောင်ဖန်းသည် သူ၏အခန်းထဲ၌ ငိုင်တိငိုင်တိုင် ထိုင်နေရင်း ကြောင်တောင်တောင်ဖြင့် ငေးကြည့်နေမိလေသည်။
နေသာသည့် နေ့လယ်ခင်းတစ်ခုဖြစ်ရာ နွေးထွေးသော နေရောင်ခြည်တို့သည် ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဖြာကျနေပြီး စိမ်းစိုသော ကျောက်ကြမ်းပြင်ပေါ်တွင် တောက်ပနေလေသည်။
လေထုထဲ၌ ပျင်းရိဖွယ်ရာ အငွေ့အသက်များ လွှမ်းခြုံနေသောကြောင့် အခန်းထဲရှိ တာ့ဟွမ်နှင့် ရှောင်ဟွေးတို့မှာလည်း နုံးချည့်နေကြလေသည်။
တာ့ဟွမ်သည် ကျန်းရှောင်ဖန်း၏ ခြေရင်းတွင် ဝပ်နေပြီး ၎င်း၏ဦးခေါင်းကို ရှေ့ခြေထောက်နှစ်ဖက်ကြား၌ ဝှက်ထားလေသည်။
မျက်လုံးများမှာ တစ်ဝက်ခန့် မှိတ်နေပြီး နားရွက်များမှာလည်း တွဲကျနေကာ တစ်ကိုယ်လုံးတွင် အမြီးလေးသာ ရံဖန်ရံခါ လှုပ်ခတ်နေလေသည်။
အမြဲတမ်း သွက်လက်တက်ကြွနေတတ်သည့် မျောက်ကလေး ရှောင်ဟွေးပင်လျှင် ဤအချိန်တွင် တာ့ဟွမ်၏ ကိုယ်ပေါ်၌ မှောက်လျက်သား လဲလျောင်းနေ၏။
တာ့ဟွမ်၏ ဗိုက်ကို ခေါင်းအုံးသဖွယ် အသုံးပြုကာ မျက်လုံးများမှိတ်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချေပြီ။ ၎င်း၏ခန္ဓာကိုယ်မှာ တာ့ဟွမ်၏ ဗိုက်မှ အသက်ရှူနှုန်းနှင့်အညီ အနည်းငယ် နိမ့်ချည်မြင့်ချည် လှုပ်ရှားနေလေသည်။
အေးချမ်းလှသော နေ့လယ်ခင်းတွင် အရာအားလုံးမှာ ယခင်အတိုင်းပင် တည်ရှိနေသယောင်ပင်။
ကျန်းရှောင်ဖန်း၏ မျက်လုံးများမှာမူ ရီဝေနေဆဲပင်။ သူ ချင်းယွင်တောင်သို့ ပြန်ရောက်လာခဲ့သည်မှာ ယခုဆိုလျှင် သုံးရက်မြောက်နေ့သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
ရုတ်တရက် အိပ်ငိုက်နေသည့် တာ့ဟွမ်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ ခေါင်းကို မော့လိုက်၏။ ၎င်း၏မျက်လုံးနှစ်ဖက် ပွင့်လာပြီး နားရွက်များမှာလည်း ထောင်မတ်သွားလေသည်။
ကျန်းရှောင်ဖန်း မျက်မှောင်ကြုတ်လိုက်မိစဉ် အခန်းအပြင်ဘက်မှ နှေးကွေးသော ခြေသံများကို ကြားလိုက်ရ၏။ မကြာမီတွင် တံခါးဖွင့်သံ ထွက်ပေါ်လာပြီး တံခါးမှာ ပွင့်ဟသွားလေသည်။
နေရောင်ခြည်များ အလုအယက် တိုးဝင်လာသဖြင့် ခဏတာမျှ မျက်စိကျိန်းသွားလေသည်။ ထိုစဥ် နေရောင်ခြည်ထဲတွင် ရပ်နေသော လူရိပ်တစ်ခုကိုသာ မြင်လိုက်ရသည်။
မျက်စိအသားကျသွားချိန်တွင်မူ သူ၏မျက်နှာမှာ ဖြူလျော်သွားတော့၏။ ထျန်းပုယီသည် တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် တံခါးဝတွင် ရပ်နေခြင်းပင် ဖြစ်ပေသည်။
ဤသုံးရက်အတွင်း ထျန်းပုယီ သူ့ထံသို့ ပထမဆုံးအကြိမ် လာရောက်ကြည့်ရှုခြင်း ဖြစ်၏။ အစားအသောက် လာပို့ပေးသည့် စီနီယာအကိုကြီး စုန့်တာ့ရန်မှလွဲလျှင် သူသည် ပထမဆုံး လာရောက်သူလည်း ဖြစ်လေသည်။
ထျန်းပုယီ၏ တင်းကျပ်သော အမိန့်ကြောင့် ကျန်သူများ လာရောက်ရန် မဝံ့ရဲကြခြင်း ဖြစ်မည်ဟု သူ ခန့်မှန်းမိ၏။
ထိုအချိန်တွင် တာ့ဟွမ်သည် အမြီးကို ခါယမ်းရင်း ထျန်းပုယီ၏ ခြေထောက်များကို ပွတ်သပ်ကာ အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေလေသည်။
သို့သော် ရှောင်ဟွေးမှာမူ ထိုသို့မခံစားရပေ။ ၎င်းသည် အိပ်မက်ကောင်းနေစဉ် အနှောင့်အယှက် ခံလိုက်ရသဖြင့် မကျေမနပ် ဖြစ်နေလေသည်။
၎င်းက ‘ကွိကွိ’ ဟု နှစ်ချက်ခန့် အော်လိုက်သော်လည်း ထျန်းပုယီမှာ ရန်စရမည့်သူ မဟုတ်မှန်း သိနေသဖြင့် ရှေ့သို့တိုးကာ ရိုင်းရိုင်းစိုင်းစိုင်း မပြုမူရဲချေ။
ရှောင်ဟွေးသည် အနည်းငယ် အော်ဟစ်ပြီးနောက် ကျန်းရှောင်ဖန်း၏ ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကိုမှီ၍ ပြန်လည်အိပ်ပျော်သွားပြန်၏။
ထျန်းပုယီသည် ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး ၎င်း၏ခြေရင်းရှိ တာ့ဟွမ်ကို ကြည့်ကာ ခေါင်းကို ပွတ်သပ်ပေးလိုက်လေသည်။ တာ့ဟွမ်က အသံတိုးတိုးဖြင့် နှစ်ချက်ခန့် ဟောင်ကာ ၎င်း၏လက်ဖဝါးကို ခေါင်းဖြင့် ပွတ်သပ်နေလေသည်။
ထျန်းပုယီသည် တာ့ဟွမ်၏ခေါင်းကို ပုတ်ပေးပြီးနောက် ပြန်မတ်တပ်ရပ်ကာ ကျန်းရှောင်ဖန်းကို ကြည့်လိုက်သည်။
ကျန်းရှောင်ဖန်းမှာ သူ့ကို တည့်တည့်မကြည့်ရဲပေ။
“ဆရာ...”
ထျန်းပုယီသည် သူ့ကို ခဏမျှ စိုက်ကြည့်နေပြီး ဘာမှပြန်မပြောဘဲ ဖြည်းညှင်းစွာ အနားသို့ တိုးလာ၏။ ကျန်းရှောင်ဖန်းမှာ စိတ်မလုံသဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိလေသည်။
သို့သော် ထျန်းပုယီသည် ဘာမှမလုပ်ဘဲ ကုလားထိုင်ပေါ်တွင် ဖြည်းညှင်းစွာ ထိုင်လိုက်၏။ ကျန်းရှောင်ဖန်းသည် စိုးရိမ်ထိတ်လန့်နေသော်လည်း ထို့ထက်ပိုသည်မှာ မည်သို့စပြောရမည်ကို မသိဘဲ ဖြစ်နေခြင်းပင်။
အမှန်စင်စစ် သူ ပြန်ရောက်လာကတည်းက ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ရမည်ဟု မျှော်လင့်ထားပြီးသားပင်။ လူများစွာ၏ စစ်ဆေးမေးမြန်းမှုကို ခံရမည်ကိုပင် သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်ပေသည်။
သို့သော် ဤနွေးထွေးငြိမ်သက်သော နေ့လယ်ခင်းတွင် သူ နှစ်ပေါင်းများစွာ နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်ယုံကြည်ခဲ့ရသော ဆရာဖြစ်သူ ထျန်းပုယီသည် သူ၏ရှေ့တွင် တိတ်ဆိတ်စွာ ထိုင်နေသောအခါ ခေါင်းကိုသာ ငုံ့ထားနိုင်ပြီး စကားတစ်လုံးမျှပင် ပြောမထွက်တော့ပေ။
အချိန်အတော်အတန်ကြာ ကုန်ဆုံးသွားပြီးနောက် ထျန်းပုယီက ဖြည်းညှင်းစွာ ခေါ်လိုက်လေသည်။
“နံပါတ် ၇...”
ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ တုန်ရင်သွားပြီး အလိုအလျောက်ပင် ပြန်ထူးလိုက်မိလေသည်။
“ဟုတ်ကဲ့ ဆရာ...”
“မင်း ငါ့ကို ပြောချင်တဲ့ စကားရှိသေးလား”
ကျန်းရှောင်ဖန်းသည် ခေါင်းကို ဖြည်းညှင်းစွာ မော့၍ ထျန်းပုယီကို ကြည့်လိုက်၏။ ထျန်းပုယီသည်လည်း သူ့ကို တည်ငြိမ်စွာ ပြန်ကြည့်နေရာ သူ ဘာတွေးနေသည်ကို ကျန်းရှောင်ဖန်း ခန့်မှန်း၍မရချေ။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျန်းရှောင်ဖန်းသည် ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်လေသည်။
ထျန်းပုယီသည် ဤတပည့်ကို စိုက်ကြည့်နေရင်း သူ၏လက်အင်္ကျီအတွင်း၌ ဝှက်ထားသော လက်ကို တင်းတင်းဆုပ်လိုက်သည်။
ခဏအကြာတွင် ထျန်းပုယီသည် သူ၏ရင်ထဲမှ ခံစားချက်များကို ဖုံးကွယ်ထားသကဲ့သို့ တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ဒီမနက် လုံရှို့တောင်ထိပ်က ချီဟောင် သတင်းလာပို့တယ်။ မနက်ဖြန် မနက်စောစောမှာ ငါတို့ဂိုဏ်းချုပ်က မင်းကို ထုံထျန်းတောင်ထိပ်က ယွီချင်းခန်းမမှာ တွေ့ချင်တယ်တဲ့။”
ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် လှုပ်ခတ်သွား၏။ နောက်ဆုံးတော့ သူ ရင်ဆိုင်ရပေတော့မည်။
အေးမြသော တောင်ပေါ်လေညင်းသည် ပွင့်ဟနေသော တံခါးမှတစ်ဆင့် အခန်းထဲသို့ တိုးဝင်လာလေသည်။
ထိုလေညင်းနှင့်အတူ အဝေးရှိ ဝါးတောအတွင်းမှ ဝါးရွက်လှုပ်သံများ ပါလာသယောင် ရှိပေသည်။ သို့သော် အခန်းထဲရှိ လူနှစ်ဦးမှာမူ ထိုအရာများကို သတိမပြုမိကြချေ။
ရှောင်ဟွေးမှာ ပြန်လည် အိပ်ပျော်သွားပြီး တာ့ဟွမ်မှာလည်း ပြန်လည်လဲလျောင်းသွားကာ သူတို့ကို အနှောင့်အယှက် မပေးတော့ပေ။ ထျန်းပုယီ တစ်ဦးတည်းသာ ဤတပည့်ကို အာရုံစိုက်ကာ ကြည့်နေဆဲပင် ဖြစ်လေသည်။
သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးမှ...
“ဒီရက်ပိုင်း မင်းရဲ့ စီနီယာအစ်ကိုတွေက မင်းကို ပစ်ပယ်ထားကြသေးလား”
ကျန်းရှောင်ဖန်းက ခေါင်းခါယမ်းကာ ပြောလိုက်၏။
“မ... မဟုတ်ပါဘူး၊ စီနီယာအစ်ကိုတွေ အကုန်လုံးက ကျွန်တော့်အပေါ်... ကျွန်တော့်အပေါ် ကောင်းကြပါတယ်”
ထျန်းပုယီ ဘာမှထပ်မပြောတော့ဘဲ အခန်းထဲတွင် တိတ်ဆိတ်မှုက လွမ်းမိုးသွားပြန်သည်။
အချိန်အတော်ကြာပြီးနောက် ထျန်းပုယီသည် ရုတ်တရက် သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။ သူသည် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ခေါင်းကို မော့ကာ ထရပ်လိုက်၏။
ထို့နောက် နောက်သို့ပင် ပြန်မကြည့်ဘဲ စကားတစ်လုံးမျှ မပြောဘဲ တံခါးဆီသို့ လျှောက်သွားတော့သည်။
ကျန်းရှောင်ဖန်းသည် ရင်းနှီးနေသော ထိုကျောပြင်ကို ကြည့်ကာ ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေ၏။
ထျန်းပုယီသည် အခန်းပြင်သို့ ထွက်ခွာခါနီးတွင် ခြေလှမ်းရပ်လိုက်သော်လည်း နောက်သို့ လှည့်မကြည့်ပေ။ ကျန်းရှောင်ဖန်းသည် ငေးငိုင်နေရင်းမှ ခေါ်လိုက်လေသည်။
“ဆရာ...”
“နံပါတ် ၇”
ထျန်းပုယီ၏ အသံမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ထိုအသံနောက်ကွယ်တွင်မူ ထူးခြားသော ခံစားချက်များ ကိန်းအောင်းနေသယောင် ရှိလေသည်။
“ငါ မင်းကို နောက်ဆုံးအကြိမ် မေးမယ်၊ မင်းက ငါတို့ ချင်းယွင်ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်တွေကို ခိုးယူဖို့ တခြားဂိုဏ်းက လွှတ်လိုက်တဲ့ သူလျှိုလား။”
ကျန်းရှောင်ဖန်းသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ဖြည်းဖြည်းချင်း ဒူးထောက်လိုက်သည်။
“ဆရာ... ကျွန်တော့်ကိုယုံပေးပါ။ ကျွန်တော် ဆရာ့မျက်နှာကို ညှိုးနွမ်းစေမယ့် ဘာကိစ္စမျိုးမှ မလုပ်ခဲ့ပါဘူး”
သူသည် ထျန်းပုယီကို အသံတိုးတိုးဖြင့် ပြောလိုက်သော်လည်း သူ၏ရင်ထဲမှ လှိုက်လှိုက်လှဲလှဲနှင့် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ပြောလိုက်ခြင်း ဖြစ်ပေသည်။
နေရောင်ခြည်ထဲတွင် ဖွဖွသက်ပြင်းချသံလေးတစ်ခု ထွက်ပေါ်လာလေသည်။ ကျန်းရှောင်ဖန်း ခေါင်းကို ပြန်မော့လိုက်ချိန်တွင်မူ ထိုရင်းနှီးသော ကျောပြင်မှာ ပျောက်ကွယ်သွားချေပြီ။
ကျန်းရှောင်ဖန်းသည် တံခါးကို ငေးကြည့်နေမိပြီး အချိန်အတော်ကြာမှ ဖြည်းဖြည်းချင်း ထရပ်ကာ ကုတင်ပေါ်သို့ ပြန်ထိုင်လိုက်၏။
မျောက်ကလေး ရှောင်ဟွေးမှာ သူ၏လှုပ်ရှားမှုကြောင့် နိုးလာပြီး ခေါင်းလှည့်ကြည့်ကာ ကျန်းရှောင်ဖန်းမှန်း သိသောအခါ သွားဖြဲပြလိုက်၏။
၎င်းသည် အိပ်ရေးဝသွားသဖြင့် အားအင်များ ပြန်လည် ပြည့်ဝလာပြီး သူ၏ပခုံးသို့ ခုန်တက်လာလေသည်။
ကျန်းရှောင်ဖန်းသည် အလိုအလျောက်ပင် လက်ကို ဆန့်ထုတ်၍ ရှောင်ဟွေးကို ပွေ့ဖက်လိုက်သော်လည်း သူ၏အကြည့်မှာမူ အပြင်ဘက်သို့သာ ရောက်ရှိနေ၏။
“မင်း သိပါတယ်နော်... ငါ အဲဒီလူကို ကတိပေးခဲ့တယ်၊ သေရင်တောင် မပြောဘူးလို့... သေရင်တောင် မပြောဘူးလို့...”
ရှောင်ဟွေး နားလည်သလားတော့ မသိ၊ ၎င်းက ဂရုမစိုက်ဟန်ဖြင့် ကျန်းရှောင်ဖန်း၏ ဆံပင်များကို ထိုးဖွနေလေသည်။
ကျန်းရှောင်ဖန်းသည် မလှုပ်မယှက်ဘဲ ရှောင်ဟွေး ပြုမူသမျှကို ခွင့်ပြုထားပြီး ဖြည်းညှင်းစွာ ပြောလိုက်ပြန်သည်။
“ရှောင်ဟွေး... အခု မင်းတစ်ယောက်တည်းပဲ ငါ့နားမှာ ရှိတော့တာ...”
ရှောင်ဟွေးက ‘ကွိကွိ’ ဟု အော်ကာ ဟီးဟီးရယ်နေ၏။ ၎င်း တကယ် နားလည်သလားဆိုသည်မှာမူ မသိနိုင်ချေ။ အဝေးတစ်နေရာတွင်မူ တာ့ဟွမ်သည် ပြန်လည် အိပ်ပျော်သွားပြီး အိပ်မက်ထဲတွင် အမြီးလေးကို ကိုယ်အောက်သို့ လိပ်သွင်းထားလေသည်။
နေရောင်ခြည်မှာ ပုံမှန်အတိုင်းပင် ဖြာကျနေဆဲဖြစ်၏။ တံခါးအပြင်ဘက်တွင် ရပ်နေသော တုပိရှုသည် ပါးစပ်ကိုဟကာ သမ်းဝေလိုက်မိလေသည်။ သို့သော် ခဏချင်းတွင်ပင် သူ၏အိပ်ချင်စိတ်များ ပျောက်ကွယ်သွားတော့သည်။
ထျန်းပုယီသည် ကျန်းရှောင်ဖန်း၏ အခန်းထဲမှ ဖြည်းဖြည်းချင်း လျှောက်ထွက်လာသည်ကို မြင်လိုက်ရသောကြောင့်ပင်။
“ဆရာ...”
တုပိရှုက ခေါ်လိုက်ရင်း ထျန်းပုယီ၏ မျက်နှာအမူအရာမှ တစ်စုံတစ်ခုကို သိလို၍ အကဲခတ်လိုက်၏။ သို့သော် ထျန်းပုယီ၏ မျက်နှာမှာ မည်သည့်ခံစားချက်မှ မဖော်ပြဘဲ ခေါင်းကို အနည်းငယ်သာ ငြိမ့်ပြပြီး သူ၏ဘေးမှ ဖြတ်ကျော်ကာ ရှိုကျင့်ခန်းမဆီသို့ လျှောက်သွားလေသည်။
တုပိရှုသည် ရိုသေစွာ ဘေး၌ ကပ်ရပ်နေပြီး ထျန်းပုယီ အဝေးသို့ ရောက်သွားမှ သူ၏ကျောပြင်ကို ကြည့်ကာ ကျန်းရှောင်ဖန်းအတွက် သက်ပြင်းချလိုက်မိ၏။
တာ့ကျူးတောင်ထိပ်တွင်မူ ယခင်က အေးအေးဆေးဆေး နေတတ်သည့် ဂျူနီယာညီလေးအပေါ် ယခုကဲ့သို့ ကိစ္စမျိုး ဖြစ်လာမည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။
ထိုအချိန်တွင် အမြဲတစေ တက်ကြွနေတတ်သော သူကိုယ်တိုင်ပင်လျှင် စိတ်မရွှင်မလန်း ဖြစ်နေရကာ ကျန်းရှောင်ဖန်းအတွက် ပိုမို စိုးရိမ်ပူပန်နေမိလေသည်။
သူ၏အတွေးထဲတွင် နစ်မျောနေစဉ် အနောက်မှ အသံတစ်ခု ကြားလိုက်ရလေသည်။
“အစ်ကို ၆...”
တုပိရှုမှာ ထိတ်လန့်သွားပြီး လှည့်ကြည့်လိုက်ရာ ကျန်းရှောင်ဖန်းသည် အခန်းထဲမှ ထွက်လာပြီး သူ၏နောက်တွင် ရပ်နေသည်ကို မြင်လိုက်ရသဖြင့် အံ့သြသွားလေသည်။
မျောက်ကလေး ရှောင်ဟွေးမှာ သူ၏ပခုံးပေါ်တွင် ရှိနေပြီး တုပိရှုကို ကြည့်ကာ သွားဖြဲပြနေလေသည်။ တာ့ဟွမ်တစ်ကောင်သာ လိုက်မလာဘဲ အိပ်ပျော်နေဆဲပင် ဖြစ်သည်။
“အာ... ဂျူနီယာညီလေး”
တုပိရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“တစ်ခုခု လိုချင်လို့လား”
ကျန်းရှောင်ဖန်းက သူ့ကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“အစ်ကို ၆... ကျွန်တော် တောင်နောက်ဘက်ကို ခဏလောက် သွားချင်လို့ပါ။”
တုပိရှုသည် ထိုစကားကို ကြားသောအခါ ဆွံ့အသွားပြီး စိတ်ထဲတွင် တစ်မျိုး ဖြစ်သွား၏။ သူတို့ တောင်ပေါ်သို့ ပြန်ရောက်လာကတည်းက ထျန်းပုယီက ကျန်းရှောင်ဖန်းကို စောင့်ကြည့်ရန် အမိန့်မပေးထားသော်လည်း ဆရာကတော် စုရုကမူ တိတ်တဆိတ် မှာကြားထားခဲ့ပြီး ဖြစ်ပေသည်။
သို့သော် အမြဲတမ်း ရိုးသားလှသော ဂျူနီယာညီလေး၏ နွမ်းလျနေသော မျက်နှာကို ကြည့်ကာ စိတ်မကောင်းဖြစ်ရသည်။ သို့သော် ဆရာဖြစ်သူ၏ အလိုကို မလွန်ဆန်ရဲသဖြင့် ခဏအကြာတွင် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်လေသည်။
“ဂျူနီယာညီလေး... မင်း သိတဲ့အတိုင်း အခု... ငါ... ငါက...”
ကျန်းရှောင်ဖန်းက ခေါင်းကို အသာငုံ့လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။
“မနက်ဖြန် ဂိုဏ်းချုပ်က ကျွန်တော့်ကို ထုံထျန်းတောင်ထိပ်ကို လာခိုင်းထားတယ်... အဲဒါကြောင့် အရင်က နေရာလေးတွေကို နောက်ဆုံးတစ်ခေါက်လောက် သွားကြည့်ချင်လို့ပါ”
တုပိရှု၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားလေသည်။ ရုတ်တရက် အကြောင်းရင်းမရှိဘဲ သူ၏မျက်ဝန်းများမှာ ပူနွေးလာလေသည်။
ယခု သူ၏ရှေ့တွင် ရပ်နေသော လူငယ်လေးမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက တောင်ပေါ်သို့ ပထမဆုံး စရောက်လာသည့် ကောင်လေးတစ်ယောက်ကဲ့သို့ ဖြစ်နေချေပြီ။
ထမင်းစားပွဲတွင် ဆရာ့မိသားစုထဲမှ မည်သူက အရင်ဆုံး မီးဖိုချောင်ထဲ ဝင်မည်နည်းဟု လောင်းကြေးထပ်ခဲ့ကြသည့် မြင်ကွင်းများကို သူ ပြန်လည် မြင်ယောင်လာမိသည်။
သို့သော် ဆရာအမိန့်ကိုမူ သူ မလွန်ဆန်ရဲချေ။ သူ အခက်တွေ့နေစဉ်မှာပင် ခြေသံများကို ကြားလိုက်ရသဖြင့် နှစ်ဦးသား လှည့်ကြည့်လိုက်ရာ ထျန်းလင်းအာ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူမ၏ မျက်နှာတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေလေသည်။
ဤသုံးရက်အတွင်း ကျန်းရှောင်ဖန်းသည် ထျန်းလင်းအာနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်၏။ သူမ၏မျက်နှာမှာ အနည်းငယ် ဖြူလျော်နေပြီး နွမ်းလျနေလေသည်။
ဤရက်ပိုင်းအတွင်း သူမလည်း စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်မည်။ သို့သော် နေရောင်ခြည်အောက်တွင်မူ သူမသည် လှပနေဆဲပင်။
ကျန်းရှောင်ဖန်းက ခေါင်းငုံ့လိုက်၏။
ထျန်းလင်းအာသည် သူတို့နှစ်ဦးရှိရာသို့ လျှောက်လာပြီး တုပိရှုကို မျက်နှာမူလိုက်သော်လည်း မျက်လုံးထောင့်မှနေ၍ ကျန်းရှောင်ဖန်း၏အရိပ်အခြေကို အမြဲကြည့်နေလေသည်။ သူမက ပြောလိုက်လေသည်။
“အစ်ကို ၆... အဖေက ပြောပြီးပြီ၊ ရှောင်ဖန်းက ဘာမှမလုပ်ပါဘူးတဲ့၊ သူ့ကို သွားခွင့်ပြုလိုက်ပါတော့”
တုပိရှုမှာ အံ့သြသွားပြီး ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်မှာလည်း တုန်လှုပ်သွား၏။ သူသည် ရှိုကျင့်ခန်းမရှိရာဘက်သို့ လှည့်ကြည့်လိုက်သော်လည်း ခန်းမဆောင်၏ အဝင်ဝကိုသာ မြင်ရပြီး ထျန်းပုယီ၏ အရိပ်အယောင်ကိုမူ မတွေ့ရတော့ချေ။
ကျန်းရှောင်ဖန်းသည် ရှိုကျင့်ခန်းမရှိရာဘက်သို့ ဖြည်းဖြည်းချင်း ဦးညွှတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ...”
ထျန်းလင်းအာသည် ဘေး၌ ရပ်နေရင်း တစ်စုံတစ်ခုကို ပြောချင်ပုံရသော်လည်း နောက်ဆုံးတွင် ဘာမှမပြောတော့ဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ကာ လှည့်ထွက်သွားလေသည်။
သူမ အဝေးသို့ ရောက်သွားသည်ကို ကြည့်ရင်း တုပိရှုက ရုတ်တရက် ပြောလိုက်လေသည်။
“အံသြစရာမရှိဘူးပဲ... ဒီမနက် ဂျူနီယာညီမလေးနဲ့ လုံရှို့တောင်ထိပ်က ချီဟောင်တို့ အကြီးအကျယ် ရန်ဖြစ်ကြတယ်ဆိုတာ ဒါကြောင့်ကိုး”
ကျန်းရှောင်ဖန်းမှာ ထိတ်လန့်သွားပြီး မေးလိုက်မိသည်။
“ဘာဖြစ်လို့လဲ...”
“စီနီယာအစ်ကိုချီဟောင်က မနက်က ဒီကိုရောက်လာပြီး ဆရာနဲ့ ဆရာကတော်ကို စကားပြောပြီးတဲ့နောက် စီနီယာညီမလေးက သူ့ကို ခေါ်ထုတ်သွားတယ်”
“ခဏနေတော့ ဂျူနီယာညီမလေးက တစ်ခုခုပြောလိုက်ပုံပဲ၊ ချီဟောင်က အခက်တွေ့နေတဲ့ ပုံစံနဲ့... အဲဒါနဲ့ ဂျူနီယာညီမလေးက စိတ်ဆိုးသွားတာပဲ”
တုပိရှုက ခဏရပ်ကာ ကျန်းရှောင်ဖန်းကို ကြည့်ပြီး ဆက်ပြောလိုက်သည်။
“ငါ ထင်တာတော့... ဂျူနီယာညီမလေးက မင်းအတွက် ဂိုဏ်းတူဦးလေးချန်းစုန့်ဆီမှာ သွားပြီး အသနားခံပေးဖို့ပြောတဲ့ပုံပဲ။ အဲဒါကြောင့် သူတို့ ရန်ဖြစ်ကြတာ နေမှာ”
ကျန်းရှောင်ဖန်းသည် ခါးသီးစွာ ပြုံးလိုက်ပြီး ဘာပြန်ပြောရမှန်း မသိသဖြင့် ခေါင်းကိုသာ ခါယမ်းကာ တောင်နောက်ဘက်သို့ လျှောက်သွားတော့သည်။