အခန်း ၁၂၁
Vol. 13 Ch. 121
အခန်း ၁၂၁။ ပွဲတော်ကြီး….. သားကောင်များ အပြည့်အမောက်ဖြင့် ပြန်လည်ရောက်ရှိလာခြင်း
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် လူအများ၏ အကြည့်တို့သည် လျိုယုံးဟောက်ထံသို့ စူးစိုက်ကျရောက်သွားကြလေသည်။ သံသယဝင်နေသူများ ရှိသကဲ့သို့ မနာလို ဝန်တိုနေသူများလည်း ပါဝင်ပေသည်။
"လျိုယုံးဟောက်.. ဒီတောင်မျို စပါးအုံးမြွေကို မင်းတို့မျိုးနွယ်စုက အမဲလိုက်ခဲ့တာပါလို့ ဘာအထောက်အထားနဲ့ ပြောရဲတာလဲ.. ဒီလောက် အလှမ်းကွာဝေးနေတာတောင် ကိုယ့်လူကိုယ် မှတ်မိနိုင်သေးလို့လား"
လျိုရွဲ့လွေ့က နူးညံ့သောအသံဖြင့် ငေါက်ငမ်းလိုက်လေသည်။
"သခင်မလေး ရွဲ့လွေ့ ပြောတာ မှန်တယ်.. အခု အကွာအဝေးက အရမ်းဝေးလွန်းတော့ မြွေကြီးရဲ့ခေါင်းနဲ့ ရထားလုံးကို ယှဉ်ကြည့်မှပဲ တောင်မျို စပါးအုံးမြွေဆိုတာ ခန့်မှန်းနိုင်တာလေ.. ဒါကို လျိုမျိုးနွယ်စုက သတ်ခဲ့တာပါလို့ ဘယ်လိုလုပ် အတိအကျ ပြောနိုင်မှာလဲ.. ဘာကို အခြေခံပြီး ပြောတာလဲ"
ခရီးသွား ကုန်သည်အချို့က ထောက်ခံလိုက်ကြသည်။
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တီးတိုးပြောဆိုသံများ ဆူညံသွားပြီး လျိုယုံးဟောက်၏ ကြွားလုံးထုတ်မှုအပေါ် လှောင်ပြောင်လိုက်ကြလေသည်။ လျိုယုံးဟောက်သည် လျိုမျိုးနွယ်စု၏ တရားဝင် ဆက်ခံသူသားတစ်ယောက် ဖြစ်သော်ငြားလည်း နာမည်မကြီးလှပေ။ လွန်ခဲ့သော လအနည်းငယ်ကပင် ဝမ်မျိုးနွယ်စု ရှေ့မှောက်၌ အသက်ဆယ့်တစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ ရိုက်နှက်မှုကို ခံခဲ့ရသူ ဖြစ်ပေသည်။
"ခင်ဗျားတို့ ဘာမှနားမလည်ဘဲ မပြောကြနဲ့"
လျိုယုံးဟောက်က မျက်နှာနီမြန်းစွာဖြင့် အော်ဟစ်လိုက်လေသည်။
"ဝေးနေပေမယ့်လည်း ရထားလုံးအမိုးပေါ်မှာ အပြင်ကို အတော်လေး ထွက်နေတဲ့ ကန့်လန့်ဖြတ်တန်း နှစ်ချောင်းကို မြင်နိုင်တယ်မလား.. ကုန်ပစ္စည်းတွေ ပိုသယ်နိုင်ဖို့ ငါ့အဖေကိုယ်တိုင် အထူးပြုပြင်ထားတဲ့ ရထားလုံးပဲ.. တခြားဘယ်သူမှ ဒီလိုလုပ်ထားတာ ငါမမြင်ဖူးဘူး"
လျိုယုံးဟောက်၏ စကားကို ကြားသောအခါ လူအများက အဝေးသို့ လှမ်းကြည့်လိုက်ကြရာ အမြင်အာရုံကောင်းသူများက ရထားလုံးမှ ထွက်နေသော ကန့်လန့်ဖြတ်တန်းများကို အမှန်တကယ် မြင်တွေ့လိုက်ရပြီး ချက်ချင်းပင် အံ့ဩတကြီး ရေရွတ်လိုက်ကြလေသည်။
"ဟယ်.. သခင်လေးလျို ပြောတဲ့အတိုင်း တကယ်ပဲဟ.. လျိုမျိုးနွယ်စုရဲ့ ရထားလုံးပဲ ဖြစ်ရမယ်"
"ဟား.. ဟား.."
လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုမှ လူငယ်များအားလုံး ရွှင်မြူးစွာ အော်ဟစ်လိုက်ကြသည်။ သူတို့သည် အမြဲတမ်း လှေတစ်စီးတည်း စီးလာသူများ ဖြစ်ကြသည်။ မဟုတ်သေး.. သူတို့အသုံးအနှုန်းအရဆိုလျှင် သစ်တစ်ပင်တည်းမှ သစ်ကိုင်းများ ဟု ခေါ်ဆိုကြလေသည်။ ရှေ့ဆောင် ရထားလုံးမှာ လျိုမျိုးနွယ်စုမှ ဖြစ်နေသောကြောင့် ဤမျှ ကြီးမားသော ယာဉ်တန်းကြီးသည် လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့၏ ပူးပေါင်းယာဉ်တန်း ဖြစ်ရပေမည်။ သူတို့သည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရပြီးနောက် နောက်ဆုံးတွင် မိမိတို့၏ ယာဉ်တန်း ပြန်လည်ရောက်ရှိလာမှုကို ကြိုဆိုခွင့် ရရှိခဲ့လေပြီ။
"သခင်လေးလျို.. သခင်လေးတို့ မျိုးနွယ်စုတော့ တော်တော်လေး ချမ်းသာသွားတော့မယ်.. အဲဒီ ထိပ်သီး အဆင့်သုံး တောင်မျို စပါးအုံးမြွေ တစ်ကောင်တည်းနဲ့တင် ကြီးစွာသော ဓနဥစ္စာတွေ ရပြီပေါ့"
အရပ်ဒေသအနှံ့ လှည့်လည်သွားလာနေသော ကုန်သည်အချို့က မြှောက်ပင့်ပြောဆိုလာကြသည်။
အဆင့်သုံး သားရဲတစ်ကောင်၏ အသားနှင့် သွေးများသည် အလွန်တရာ ဈေးကြီးလှပြီး ပျမ်းမျှအားဖြင့် တစ်ပေါင်လျှင် ရွှေတာရာ တစ်ပြားခန့် တန်ဖိုးရှိပေသည်။ အဆင့်သုံး သားရဲအများစုမှာ အလွန် ကြီးမားကြပြီး ထောင်နှင့်ချီသော ပေါင်ချိန်များ ရှိတတ်ကာ ထို့ထက်ပင် ပိုမိုလေးလံတတ်ပေသည်။
တောင်မျို စပါးအုံးမြွေသည် အဆင့်သုံး သားရဲများစွာထဲတွင် ခန္ဓာကိုယ် ရှည်လျားပြီး ပျမ်းမျှထက် ပိုမိုလေးလံသော သားရဲအမျိုးအစားတွင် ပါဝင်ပေသည်။ သို့ရာတွင် ထိပ်သီး အဆင့်သုံး တောင်မျို စပါးအုံးမြွေတစ်ကောင်သည် အနည်းဆုံး ပေါင်ချိန် ငါးထောင် ခြောက်ထောင်ခန့် ရှိနိုင်ပြီး တစ်ယူနစ် ဈေးနှုန်းမှာ သာမန် အဆင့်သုံး သားရဲများထက်ပင် ပိုမို ဈေးကြီးလှပေသည်။
ထို့အပြင် တောင်မျို စပါးအုံးမြွေထံမှ ရရှိသော အစိတ်အပိုင်းများစွာမှာ အလွန်တန်ဖိုးကြီးမားလှသည်။ ဥပမာအားဖြင့် ဧရာမ မြွေသည်းခြေသည် အဆင့်သုံး ဆေးရည်များအတွက် အကောင်းဆုံးသော ကုန်ကြမ်းဖြစ်ပြီး မြွေရေခွံကိုလည်း အရည်အသွေးမြင့် သားရေချပ်ဝတ်တန်ဆာများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ပေသည်။ အသားနှင့် သွေးတို့အပြင် အဖိုးတန်ဆုံးအရာမှာ ထိုဦးချိုတစ်ချောင်းပင် ဖြစ်တန်ကောင်းသည်။ ၎င်းသည် ဝိညာဉ်လက်နက်များ သန့်စင်ရန် အရည်အသွေး မပြည့်မီသေးသော်ငြားလည်း ချီသန့်စင်ခြင်း အဆင့်တွင် အသုံးပြုနိုင်သော နတ်လက်နက်အချို့ကို ဖန်တီးနိုင်ပေသည်။
ဝိညာဉ်လက်နက်အဆင့်နှင့် အလှမ်းဝေးသော်လည်း ချီသန့်စင်ခြင်း အဆင့်အတွက် အသုံးဝင်လှသော ထိုအရာများကို အသေးစား ဝိညာဉ်ရတနာများဟု ခေါ်ဆိုလေ့ရှိကြသည်။ ဝမ်ရှိုကျဲ့၏ ဖုံးကွယ်ခြင်း ကျောက်စိမ်းဆွဲကြိုးသည် သာမန်အားဖြင့် တွေ့ရများသော အသေးစား ဝိညာဉ်ရတနာတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် ထိပ်သီး အဆင့်သုံး တောင်မျို စပါးအုံးမြွေတစ်ကောင်သည် ရွှေတာရာ သောင်းနှင့်ချီ၍ တန်ဖိုးရှိတန်ကောင်းပေသည်။
၎င်းသည် များပြားလှသော ဓနဥစ္စာများနှင့် ညီမျှသည်ဟု ဆိုရပေမည်။ သို့သော် သာမန် ဘိုးဘေးများအနေဖြင့် ထိုကဲ့သို့သော စပါးအုံးမြွေနှင့် ရင်ဆိုင်ရပါက အမဲလိုက်ရန်မဆိုထားနှင့် အသက်ရှင်လျက် လွတ်မြောက်လာနိုင်ခြင်းကပင် ကံကောင်းလှပြီဟု ဆိုရပေမည်။
မြှောက်ပင့်စကားများက လျိုယုံးဟောက်အား လွှမ်းမိုးသွားလေသည်။ ဤခရီးသွား ကုန်သည်များ၏ ရည်ရွယ်ချက်မှာ ရိုးရှင်းလှသည်။ လျိုမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ငယ်ကို ပိုမိုမြှောက်ပင့်ပေးခြင်းဖြင့် နောင်တွင် ကျန်ရစ်သော အစိတ်အပိုင်းအချို့ကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် အခွင့်အရေး ရရှိလိုခြင်းပင် ဖြစ်သည်။
ထူးဆန်းနေသလော…..
လျိုယုံးဟောက်သည် ဤခံစားချက်ကို အလွန် နှစ်သက်သဘောကျသော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိနေပေသည်။ မျိုးနွယ်စုခေါင်းဆောင်ငယ် တစ်ယောက်အနေဖြင့် ဖခင်ဖြစ်သူနှင့် အခြားသူများ ယခုတစ်ကြိမ် ပြင်ပ နယ်မြေသို့ သွားရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အမဲလိုက်ရန်မဟုတ်ဘဲ ဝမ်မျိုးနွယ်စုအား ပစ်မှတ်ထားရန်ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားပေသည်။
ကိစ္စရပ်များက အလွန် ချောမွေ့နေခဲ့ခြင်းလော။ ဘိုးဘေးများနှင့် ပြင်ပ အကူအညီပေးသူများသည် အလွန် စိတ်အားထက်သန်နေကြပြီး လမ်းခရီးတွင် တောရိုင်းသားရဲတစ်ကောင်ကို အမဲလိုက်ခဲ့ကြခြင်း ဖြစ်နိုင်ပေမည်လော။ လူတိုင်း အပိုဝင်ငွေများ ရရှိခဲ့ကြသည်ဟု တွေးထင်စရာပင်။
ပို၍ တွေးတောမိလေလေ ပို၍ ဖြစ်နိုင်ခြေရှိလေလေဟု ထင်မြင်လာကာ လျိုယုံးဟောက်၏ ရင်တွင်း၌ လှိုက်လှဲစွာ တုန်လှုပ် စိတ်လှုပ်ရှားလာလေသည်။ လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုမှ မျိုးဆက်သစ် လူငယ်များသည် ပိုမို၍ စိတ်လှုပ်ရှားလာကြသည်။ သူတို့ စိတ်လှုပ်ရှားလေလေ လျိုရွဲ့လွေ့မှာမူ ပိုမို၍ စိုးရိမ်ပူပန်လာကာ မျက်နှာတစ်ခုလုံး ဖြူလျော့လာလေသည်။
"ရွဲ့လွေ့.. ဘာမှမဖြစ်ပါဘူး.. အစ်ကိုရှိုကျဲ့က ဘုန်းကံကြီးမားသူပါ.. လမ်းမှာ တစ်ခုခုကြောင့် နှောင့်နှေးနေတာ ဖြစ်မှာပါ"
လျိုယွမ်ရွေ့က နှစ်သိမ့်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင်…….
မြို့ရိုးပေါ်တွင် လူပိုများလာပြီး အားလုံးမှာ စိတ်လှုပ်ရှားဖွယ်ရာ အဖြစ်အပျက်ကို လာရောက်ကြည့်ရှုကြခြင်း ဖြစ်ပေသည်။
အခြားသော ရထားလုံးတစ်စီး မြို့တွင်းသို့ ရောက်ရှိလာပြီး ရထားလုံးထဲမှ ဆင်းလာသူများမှာ ဝမ်မျိုးနွယ်စုမှ ကုန်းစွန်းဟွေး၊ ဝမ်လော်ရီနှင့် ဝမ်လော်မြောင်တို့ ဖြစ်ကြသည်။ သူတို့သည်လည်း ဝမ်ရှိုကျဲ့နှင့် သူ၏အဖွဲ့ကို တွေ့မြင်နိုင်မလားဆိုသည့် မျှော်လင့်ချက်ဖြင့် နေ့စဉ် လာရောက်ကြခြင်း ဖြစ်သည်။ ရထားလုံးပေါ်မှ ဆင်းဆင်းချင်းပင် ဆူညံနေသော ဆွေးနွေးသံများကို ကြားလိုက်ရသဖြင့် မြို့ရိုးပေါ်သို့ အပြေးအလွှား တက်သွားကြလေသည်။
"ဒေါ်လေးကုန်းစွန်း.. လော်ရီ.. မြောင်မြောင်.. ပြန်ရောက်လာတဲ့ ယာဉ်တန်းက လျိုမျိုးနွယ်စုနဲ့ ကျောက်မျိုးနွယ်စုကလို့ အားလုံးက ပြောနေကြတယ်"
လျိုရွဲ့လွေ့က မျက်နှာမကောင်းစွာဖြင့် နှုတ်ဆက်လိုက်သည်။
"ရွဲ့လွေ့.. ရှိုကျဲ့ကို ယုံကြည်လိုက်ပါ"
မျိုးနွယ်စု၏ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်လေ့ရှိသော ကုန်းစွန်းဟွေးသည် ရှိုကျဲ့၏ စွမ်းရည်များကို ကောင်းစွာ သိရှိထားသဖြင့် တည်ငြိမ်အေးဆေးစွာပင် ရှိနေခဲ့လေသည်။
"နှင်းတွေ ကျလာပြီဟေ့.. နှင်းတွေ ကျလာပြီ"
လူတစ်ဦးက အော်ဟစ်လိုက်လေသည်။
အမှန်တကယ်ပင် ကောင်းကင်ယံမှ နှင်းပွင့်များ လွင့်ပျံကျဆင်းလာလေသည်။ လေတိုက်ခတ်ပြီး နှင်းပွင့်များ လွင့်ဝဲလာမှုကြောင့် အမြင်အာရုံကို ကွယ်စေကာ ယာဉ်တန်း၏ ပုံရိပ်မှာလည်း ပိုမို ဝေဝါးလာလေသည်။
ဝမ်မျိုးနွယ်စုမှ လူများ၏ မျက်နှာများမှာ ပိုမို၍ လေးနက်တည်ကြည်လာကြလေသည်။ ယခုကျဆင်းသော နှင်းများမှာ အနည်းငယ် သည်းထန်ပုံရပြီး ရှိုကျဲ့နှင့် အခြားသူများ အမြန်ပြန်မလာပါက နှင်းပိတ်ဆို့မှုများနှင့် ကြုံတွေ့ရလျှင် ဒုက္ခရောက်နိုင်ပေသည်။
သို့ရာတွင် လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုမှ လူငယ်များမှာမူ ပိုမို၍ မောက်မာလာကြပြီး ကောလာဟလ အမျိုးမျိုး ထွက်ပေါ်လာလေတော့သည်။
ရုတ်တရက်…..
"မြို့စောင့်တပ်မှူး စစ်ဆေးရေး လာနေပြီဟေ့"
လူတစ်ဦးက အော်ဟစ်လိုက်လေသည်။
မြို့စောင့်တပ်မှူး လဲ့ယန်ချိုးပေလော။
သူသည် ဖင်းအန်း မြို့နယ်တွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ကောင်းကင်လူသား မွန်မြတ်သော မျိုးနွယ်စုမှ ဂုဏ်ယူဖွယ်ရာ သားတစ်ဦး ဖြစ်ကာ သူ၏ အဆင့်အတန်းမှာ လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုမှ လူငယ်များထက် များစွာ သာလွန်မြင့်မားလှပေသည်။ သူသည် နဂါးတစ်ကောင်ကဲ့သို့ ခြေလှမ်းကျဲကြီးများဖြင့် မြို့ရိုးပေါ်သို့ လျှောက်လှမ်းလာသောအခါ ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး စစ်သည်တစ်စု ခြံရံထားသော လဲ့ယန်ချိုးအား အားလုံးက ရိုသေလေးစားစွာဖြင့် ကြည့်ရှုနေကြလေသည်။
လဲ့ယန်ချိုးတွင် နယ်မြေအား ကာကွယ်စောင့်ရှောက်ရန်နှင့် ငြိမ်းချမ်းရေးထိန်းသိမ်းရန် တာဝန်ရှိပြီး ဤ ကျိုးရွှမ် ဂိတ် သည် သူ၏ အုပ်ချုပ်မှုအောက်တွင် ရှိကာ အရေးအကြီးဆုံးသော ကာကွယ်ရေးခံတပ် တစ်ခုလည်း ဖြစ်ပေသည်။
"သခင်မ ကုန်းစွန်း"
ကုန်းစွန်းဟွေးကို မြင်သည်နှင့် လဲ့ယန်ချိုးက ရှေ့သို့တက်ကာ အရိုအသေပေး နှုတ်ဆက်လိုက်ပြီး လော်ရီ၊ လော်မြောင်၊ ရွဲ့လွေ့နှင့် အခြားသူများကိုလည်း ရွှင်လန်းစွာ လက်ပြနှုတ်ဆက်လိုက်လေသည်။ ကုန်းစွန်းဟွေးသည်လည်း မျိုးဆက်သစ် လူငယ်များကို ဦးဆောင်ကာ အလျင်အမြန် ပြန်လည်နှုတ်ဆက်လိုက်လေသည်။
အားလုံးသည် ယာဉ်တန်း ချဉ်းကပ်လာမည့်အချိန်ကို မြို့ရိုးပေါ်မှ စောင့်ဆိုင်းနေကြလေသည်။ အချိန်အနည်းငယ် ကြာပြီးနောက် နောက်ဆုံးတွင် ယာဉ်တန်းသည် မြို့တံခါးအပြင်ဘက်သို့ ဆိုက်ရောက်လာလေသည်။ နှင်းများမှာ ပိုမို သည်းထန်လာသဖြင့် အားလုံးမှာ အကြမ်းဖျင်း ပုံစံကိုသာ မြင်တွေ့နိုင်ကြလေသည်။ ဧရာမ ယာဉ်တန်းကြီးထဲတွင် မြင်းဆွဲရထားလုံးများစွာသည် အမိုးများ ဖယ်ရှားခံထားရပြီး အမဲလိုက်ရာမှ ရရှိလာသော သားကောင်များဖြင့် ပြည့်နှက်နေပုံရသည်။ ၎င်းတို့၏ ပုံပန်းသဏ္ဌာန်နှင့် အငွေ့အသက်များအရ အများစုမှာ ကြမ်းကြုတ်သော သားရဲများ ဖြစ်ကြပေသည်။
၎င်းသည် မုဆိုးများ သားကောင်များ အပြည့်အမောက်ဖြင့် ပြန်လည်ရောက်ရှိလာခြင်းကို ကြေညာနေသည့်နှယ် ပေါ်လွင်နေလေသည်။ ယာဉ်တန်းထဲတွင် မြင်းစီးသူရဲ တစ်စုလည်း ပါဝင်လာသော်လည်း နှင်းကျနေသော ရာသီဥတုကြောင့် အားလုံးမှာ လည်ပင်းနှင့် မျက်နှာအများစုကို လည်စည်းများဖြင့် ဖုံးကွယ်ထားကြလေသည်။
"ကောင်းပြီလေ.. မင်းကို ငါ့အဖေနဲ့ တွေ့ဖို့ ခေါ်သွားပေးမယ်.. ဒါပေမဲ့ အဆင်ပြေမယ် မပြေဘူးဆိုတာတော့ ငါ အာမမခံနိုင်ဘူးနော်"
လျိုယုံးဟောက်က ကုန်သည် ကိုယ်စားလှယ်တစ်ဦးထံမှ လာဘ်ငွေကို တိတ်တဆိတ် အိတ်ထဲထည့်လိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ဟား ဟား.. မျိုးနွယ်စုခေါင်းဆောင်ငယ်လျိုက ကူညီပေးနိုင်ရင်ကို လုံလောက်နေပါပြီဗျာ"
ကုန်သည် ကိုယ်စားလှယ်က ရယ်မောလျက် ဆိုလေသည်။
အခြားသော ကုန်သည် ကိုယ်စားလှယ်များနှင့် ခရီးသွား ကုန်သည်များသည်လည်း လျိုယုံးဟောက်နှင့် အဆက်အသွယ်ရရန် ကြိုးပမ်းလျက် ဝိုင်းအုံလာကြလေသည်။ ယာဉ်တန်းမှ ဖော်ပြနေသော တိုက်ပွဲဝင် လက်ရပစ္စည်းများအရ လျိုမျိုးနွယ်စုသည် ကြီးမားသော ဓနဥစ္စာများကို ရရှိတော့မည်မှာ အသေအချာပင် ဖြစ်လေသည်။
"ဖင်းအန်း ဝမ်မျိုးနွယ်စုရဲ့ ဆောင်းဦးနဲ့ ဆောင်းရာသီ အမဲလိုက်အဖွဲ့ ပြန်လည်ရောက်ရှိလာပြီ.. မြို့တံခါးကို ဖွင့်ပေးပါ"
ယာဉ်တန်းမှ မြင်းစီးသူရဲတစ်ဦးက ရှေ့သို့တက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
ဝမ်မျိုးနွယ်စု ဟုတ်သလား။
ထိုနေရာရှိ စည်ကားသိုက်မြိုက်နေသော ပတ်ဝန်းကျင်မှာ ချက်ချင်းပင် ရေခဲရိုက်ထားသကဲ့သို့ အေးခဲသွားလေသည်။ လျိုယုံးဟောက်၏ ယခင် အခိုင်အမာ ပြောဆိုချက်များအရ ဤသည်မှာ လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့၏ ယာဉ်တန်းဖြစ်သည်ဟု အားလုံးက ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။ ဖင်းအန်း မြို့နယ်မှ ဝမ်မျိုးနွယ်စုက မည်သို့မည်ပုံ ရုတ်တရက် ပေါ်ပေါက်လာရပါသနည်း။
"ခင်ဗျားတို့က လျိုမျိုးနွယ်စုရဲ့ ယာဉ်တန်း မဟုတ်ဘူးလား.. ဘယ်လိုလုပ်ပြီး ဝမ်မျိုးနွယ်စု ဖြစ်သွားရတာလဲ"
မြို့တံခါးအရာရှိသည်လည်း ဇဝေဇဝါဖြစ်သွားကာ အော်ဟစ်မေးမြန်းလိုက်လေသည်။
"ဘာတွေ လာပြောနေတာလဲ.. ငါက ဖင်းအန်း ဝမ်မျိုးနွယ်စုက ဝမ်တင့်ကျူပဲ.. မြို့တံခါး တံတားကို အမြန်ချပြီး မြို့တံခါးကို ဖွင့်ပေးလိုက်စမ်း"
မြို့တံခါးအပြင်ဘက်ရှိ မြင်းစီးသူရဲက သူ၏ လည်စည်းကို ဖယ်ရှားလိုက်ရာ တင်းမာခက်ထန်သော လူလတ်ပိုင်းအရွယ် မျက်နှာတစ်ခု ပေါ်ထွက်လာလေသည်။
ဝမ်တင့်ကျူပေလော။
သူသည် ဖင်းအန်း မြို့နယ်၏ ဒုတိယ မြို့စောင့်တပ်မှူး ဖြစ်ပြီး ထင်ရှားသော ရာထူးနေရာကို ရယူထားသူ ဖြစ်ပေသည်။ မြို့စောင့်တပ်သား အများအပြားနှင့် မြို့တံခါးအရာရှိတို့က သူ့ကို ကောင်းစွာ မှတ်မိကြပေသည်။
"တကယ်ပဲ ဒုတိယ မြို့စောင့်တပ်မှူး ဝမ်ပါလား"
"မြို့တံခါးကို အမြန်ဖွင့်.. မြို့တံခါးကို ဖွင့်ပေးကြ"
စက်သီးကြိုး လှည့်သံများနှင့်အတူ မြို့တံခါးမှာ တဖြည်းဖြည်း ပွင့်လာပြီး ကျုံးကို ဖြတ်သန်းထားသော ကြိုးတံတားမှာလည်း ဖြည်းညင်းစွာ ကျဆင်းလာလေသည်။
"ဦးလေးသုံးပါလား.. တကယ်ပဲ ဦးလေးသုံး ဖြစ်နေတယ်.. ရွဲ့လွေ့.. သူတို့ မှားနေကြပြီ.. ဒါက ငါတို့ ဝမ်မျိုးနွယ်စုရဲ့ ယာဉ်တန်းပဲ"
ဝမ်လော်ရီက လျိုရွဲ့လွေ့၏ လက်ကို ဆွဲကိုင်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
လျိုရွဲ့လွေ့၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး သူမ၏ ရင်တွင်း၌ တိတ်တဆိတ် ရယ်မောလိုက်လေသည်။ 'ငါက ဝမ်မျိုးနွယ်စုဝင်မှ မဟုတ်တာ' ဟု တွေးလိုက်သော်လည်း သူမ၏ မျက်နှာအမူအရာမှာမူ စိတ်လှုပ်ရှားမှု၊ ဝမ်းမြောက်မှုတို့ဖြင့် ပြည့်နှက်နေပေသည်။
"အစ်ကိုရှိုကျဲ့က ဘယ်မှာလဲ.. အားလုံးက လုံခြုံအောင် ပတ်ထားကြတော့ ဘယ်သူဘယ်ဝါမှန်း မသိရတော့ဘူး"
"ကြည့်ပါဦး.. အဲဒါ သမီးရဲ့ အစ်ကိုပဲ.. အနက်ရောင် မြင်းကို စီးနေတဲ့သူလေ.. အဲဒီမြင်းကို သမီး မှတ်မိတယ်.. သူ့နာမည်က အနက်ရောင် လေပြင်း တဲ့.. နာမည်ကလည်း ဆိုးလိုက်တာ"
ဝမ်လော်မြောင်က မိခင်ဖြစ်သူအပေါ်သို့ တွယ်တက်ကာ မြင်းစီးသူရဲတစ်ဦးကို လက်ညှိုးထိုးပြလိုက်လေသည်။
"လျိုယုံးဟောက်.. ဒါက လျိုမျိုးနွယ်စုရဲ့ ယာဉ်တန်းလို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား"
"ဟုတ်တယ်လေ.. မင်းက သိပ်သေချာနေတော့ ငါတို့အားလုံးက မင်းကို ယုံကြည်ခဲ့ကြတာပေါ့"
"မဖြစ်နိုင်ဘူး.. မဖြစ်နိုင်ဘူး.. ဝမ်မျိုးနွယ်စု ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ဒီရထားလုံးတွေ.. ဒီလောက်များပြားလှတဲ့ ရထားလုံးတွေက ငါတို့ လျိုမျိုးနွယ်စုကဟာတွေ ဖြစ်တာ အသေအချာပဲ.. သူတို့များ အတူတူ ပြန်လာခဲ့ကြတာလား"
လျိုယုံးဟောက်၏ မျက်နှာမှာ ခဲလုမတတ် ဖြစ်သွားပြီး သူ၏ မျက်လုံးများမှာ မှိုင်းညှို့ကာ မယုံကြည်နိုင်ဖြစ်နေလေသည်။
ထိုစကားကြောင့် လူအုပ်ကြီးမှာ ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် လုံးဝ မဖြစ်နိုင်သောအရာတော့ မဟုတ်သောကြောင့်ပေတည်း။
မြို့တံခါး ပွင့်သွားသည်နှင့် မြို့တံခါးအရာရှိက လှမ်းမေးလိုက်လေသည်။
"ဒုတိယ မြို့စောင့်တပ်မှူး ဝမ်.. လျိုမျိုးနွယ်စုနဲ့ ကျောက်မျိုးနွယ်စုတို့က ဝမ်မျိုးနွယ်စုရဲ့ ယာဉ်တန်းနဲ့ ပူးပေါင်းလာခဲ့ကြတာလား"
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.. ငါတို့က လျိုမျိုးနွယ်စု၊ ကျောက်မျိုးနွယ်စုတို့နဲ့ အမြဲတမ်း သဘောထားကွဲလွဲနေတာဆိုတော့ သဘာဝကျကျပဲ ကိုယ့်လမ်းကိုယ် သွားကြတာပေါ့"
ဝမ်တင့်ကျူက ကျယ်လောင်စွာ ပြန်ပြောလိုက်လေသည်။
ထိုစကားများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် မြို့ရိုးပေါ်တွင် ဆူညံပွက်လော ရိုက်သွားလေတော့သည်။ အထူးသဖြင့် ထို ခရီးသွား ကုန်သည်များနှင့် ကုန်သည် ကိုယ်စားလှယ်များသည် လျိုယုံးဟောက်အား ဝိုင်းအုံလာကြလေသည်။ ဤသည်မှာ ဝမ်မျိုးနွယ်စု၏ ယာဉ်တန်းဖြစ်သည်မှာ ထင်ရှားနေပါလျက် မင်းက လျိုမျိုးနွယ်စု၏ ယာဉ်တန်းဟု အတင်းအဖျင်း ပြောဆိုနေခဲ့သည်။ မင်း၏ ရည်ရွယ်ချက်က ဘာလဲ။ ငွေကြေးလိမ်လည်ရန် ကြိုးစားနေခြင်းလော။
"မဖြစ်နိုင်ဘူး.. မဖြစ်နိုင်ဘူး.. အဲဒီ ရထားလုံးတွေက လျိုမျိုးနွယ်စုရဲ့ ရထားလုံးတွေ ဖြစ်တာ သေချာတယ်.. ကြည့်စမ်း.. ရထားလုံးပေါ်မှာ ငါတို့ လျိုမျိုးနွယ်စုရဲ့ အမှတ်အသားတွေ ရှိတယ်.. ဝမ်တင့်ကျူ.. ငါတို့ လျိုမျိုးနွယ်စုရဲ့ ရထားလုံးတွေက မင်းတို့အဖွဲ့ထဲ ဘာလို့ ရောက်နေရတာလဲ"
လျိုယုံးဟောက်သည် မြို့ရိုးထိပ်သို့ ပြေးသွားကာ အော်ဟစ်လိုက်လေသည်။
လျိုမျိုးနွယ်စု၏ အမှတ်အသားမှာ အတော်လေး သိသာထင်ရှားနေသဖြင့် ထိုအရာက အားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားလေသည်။ ခဏတာမျှ လူတိုင်း စကားပြောဆို ဆွေးနွေးနေကြလေသည်။
"ဟွန်း.. ဒီကိစ္စမှာ ဘာများ ထူးဆန်းနေလို့လဲ.. ငါတို့ ဒီခရီးစဉ်မှာ သားကောင် အများကြီး အမဲလိုက်နိုင်ခဲ့တယ်.. တိုက်ဆိုင်စွာနဲ့ပဲ စခန်းမှာ ပိုင်ရှင်မဲ့ ရထားလုံး တစ်သုတ်ကို တွေ့လို့ အသုံးပြုခဲ့တာပဲ.. နယ်စပ်ဒေသမှာ ဒီလိုကိစ္စမျိုးက အလွန် အဖြစ်များတယ်လေ"
ဝမ်တင့်ကျူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။
ထိုစကားမှာ မှန်ကန်လှပေသည်။ နယ်စပ်ဒေသသည် အန္တရာယ်များပြားလှပြီး မည်သည့်အရာမဆို ဖြစ်ပွားနိုင်ပေသည်။ အချို့သော အဖွဲ့များသည် ကြမ်းကြုတ်သော သားရဲများကို အမဲလိုက်နေစဉ်မှာပင် သားရဲများ၏ တန်ပြန် အမဲလိုက်ခြင်းကို ခံရတတ်ပေသည်။ ကျန်ရှိနေသော ရိက္ခာပစ္စည်းများကို အခြားအဖွဲ့များက ရယူသွားခြင်းမှာ သာမန်ကိစ္စတစ်ရပ်သာ ဖြစ်ပေသည်။ အလားတူ ဖြစ်ရပ်မျိုးမှာ ရေတွက်၍မရနိုင်အောင်ပင် ဖြစ်ပွားခဲ့ဖူးပေသည်။
"မင်းတို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်.. ငါတို့ လျိုမျိုးနွယ်စုရဲ့ ရထားလုံးတွေနဲ့ ငါတို့ရဲ့ သားကောင်တွေကို မင်းတို့ ရှင်းရှင်းလင်းလင်း လုယက်လာခဲ့တာပဲ"
လျိုယုံးဟောက်က အံ့ဩဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်လေသည်။
ဝမ်တင့်ကျူ စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင်…..
"ဦးလေးသုံး.. ကလေးတစ်ယောက်နဲ့ ငြင်းခုံနေလို့ ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး.. မြို့ထဲကို ဝင်ကြပါစို့"
ဝမ်ရှိုကျဲ့က မြင်းစီး၍ ရှေ့သို့ထွက်လာကာ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။
"ရှိုကျဲ့ ပြောတာ လုံးဝ မှန်တယ်.. မျိုးနွယ်စုခေါင်းဆောင်က အမိန့်ပေးလိုက်ပြီ.. မြို့ထဲကို ဝင်ကြစို့"
ဝမ်တင့်ကျူက အားရပါးရ ရယ်မောလိုက်ပြီးနောက် ချက်ချင်းပင် လက်ကာပြလိုက်လေသည်။
"မြို့ထဲကို ဝင်ကြဟေ့"
အမိန့်ပေးသံနှင့်အတူ ဧရာမ ယာဉ်တန်းကြီးသည် တဖြည်းဖြည်း ပြန်လည် စတင်လှုပ်ရှားလာလေသည်။ ရှေ့ဆောင် ရထားလုံးသည် ကြိုးတံတားပေါ်သို့ ဦးစွာ မောင်းနှင်သွားပြီးနောက် မြို့တံခါး၊ စင်္ကြံလမ်းနှင့် နောက်ဆုံးတွင် မြို့ရိုးခံတပ်အတွင်းသို့ ဝင်ရောက်သွားလေသည်။ နောက်ဘက်ရှိ ရထားလုံးများသည်လည်း တစ်စီးပြီးတစ်စီး မြို့ထဲသို့ ဝင်ရောက်လာကြလေသည်။
ဤအချိန်သို့ ရောက်သောအခါ….
ယာဉ်တန်းမှာ လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့၏ ယာဉ်တန်း လုံးဝမဟုတ်ကြောင်း အားလုံးက အဆုံးသတ်တွင် ယုံကြည်သွားကြလေပြီ။ လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုမှ လူတစ်ဦးတစ်ယောက်မျှပင် ပါဝင်လာခြင်း မရှိချေ။
ခရီးသွား ကုန်သည်များနှင့် ကုန်သည် ကိုယ်စားလှယ်များမှာ ဒေါသတကြီး ဖြစ်နေကြလေသည်။ သူတို့သည် လျိုယုံးဟောက်အား ဝိုင်းရံလိုက်ကြပြီး ပေးထားသော လာဘ်ငွေများကို ပြန်လည်တောင်းဆိုကြတော့သည်။ ထို့နောက် သူတို့သည် ဝမ်လော်ရီ၊ ကုန်းစွန်းဟွေးနှင့် အခြားသူများထံသို့ အပြေးအလွှား သွားရောက်ကြပြန်လေသည်။
"သခင်မ ကုန်းစွန်း.. ကျွန်တော့်ကို မှတ်မိပါသေးရဲ့လား.. ကျွန်တော်က လီ ဆိုင်က ရှောင်လျိုပါ"
"သခင်မလေး လော်ရီ.. ဒီပါးနီက တောင်ပိုင်း စီရင်စုရဲ့ ထုတ်ကုန်ဖြစ်ပြီး သခင်မလေးရဲ့ မွန်မြတ်တဲ့ အငွေ့အသက်၊ လှပတဲ့ အသွင်အပြင်နဲ့ အလိုက်ဖက်ဆုံး ဖြစ်ပါလိမ့်မယ်"
"သခင်မလေး လော်မြောင်.. ဒီ လက်ဝတ်ရတနာလေးက ကျွန်တော့်ရဲ့ ရိုသေလေးစားမှုကို ပြသတာပါ.. ကျွန်တော့်ကို သခင်မလေးရဲ့ အစ်ကိုနဲ့ မိတ်ဆက်ပေးနိုင်မလား"
ကလေးငယ်တစ်ဦးသာ ရှိသေးသော အသက်ရှစ်နှစ်အရွယ် လော်မြောင်၏ မျက်လုံးများမှာ အံ့ဩမှုကြောင့် ပြူးကျယ်သွားလေသည်။ သို့ဆိုလျှင် သူမကဲ့သို့ သခင်မလေး လော်မြောင်သည် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပြီလော။ ထို့နောက် သူမသည် မျိုးစုံသော လက်ဆောင်ပဏ္ဏာများကို ပျော်ရွှင်စွာ လက်ခံလိုက်ပြီး သူမ၏ ပါးစပ်လေးမှာ ပြုံးရွှင်မှုကြောင့် ပိတ်၍ပင် မရနိုင်တော့ဘဲ မကြာသေးမီကမှ ကျွတ်သွားသော သွားများနေရာရှိ ကွက်လပ်အချို့ကိုပင် မြင်တွေ့နေရလေသည်။
"လော်မြောင်.. အခြားသူတွေရဲ့ ပစ္စည်းတွေကို ယူခွင့်မရှိဘူး.. ဒါက သမီးရဲ့ အစ်ကိုကို အခက်တွေ့စေလိမ့်မယ်.. အားလုံးကို ပြန်ပေးလိုက်စမ်း"
ကုန်းစွန်းဟွေးက တင်းကျပ်စွာ ပြောလိုက်လေသည်။
"အင်းပါ..."
သနားစရာ ဝမ်လော်မြောင်မှာ လက်ဆောင်ပစ္စည်းများ သူမ၏လက်ထဲတွင် နွေးပင် မနွေးသေးမီ အားလုံးကို ပြန်လည်ပေးအပ်လိုက်ရလေသည်။
ကုန်းစွန်းဟွေး၏ ပုံမှန် အေးချမ်းသော အမူအကျင့်ကြောင့် လှည့်စားမခံလေနှင့်။ စည်းကမ်းပိုင်းနှင့် ပတ်သက်လာလျှင် သူမသည် အလွန်တရာ တင်းကျပ်သူ ဖြစ်ပေသည်။ ဤမျှ ငယ်ရွယ်သော အရွယ်တွင်ပင် ဝမ်လော်မြောင်သည် ရေတွက်၍မရနိုင်သော အပြစ်ပေးမှုများကို ခံခဲ့ရပြီး ဖြစ်လေသည်။
"ကြည့်ကြပါဦး.. ကြည့်ကြပါဦး.. ဟို ရထားလုံးထဲမှာ နဖူးအဖြူရောင်၊ ခန္ဓာကိုယ် အရောင်ဝါဝင်းနေတဲ့ ကျားခေါင်းကြီး တစ်ခေါင်း ပါလာတယ်.. အဲဒါ အရွယ်ရောက်ပြီးသား အဆင့်သုံး ကြမ်းကြုတ်တဲ့ သားရဲ ဖြစ်တဲ့ နဖူးဖြူ ရွှေရောင် ကျား မဟုတ်ဘူးလား"
လူအုပ်ကြီး မြို့ထဲသို့ စုပြုံဝင်ရောက်သွားစဉ် လူတစ်ဦးက အော်ဟစ်လိုက်လေသည်။
"ပထမက တောင်မျို စပါးအုံးမြွေ.. အခုက နဖူးဖြူ ရွှေရောင် ကျား.. ဘုရားရေ.. ဝမ်မျိုးနွယ်စုက အဆင့်သုံး ကြမ်းကြုတ်တဲ့ သားရဲ နှစ်ကောင်တောင် အမဲလိုက်နိုင်ခဲ့တာလား"
"ဟို ရထားလုံးတွေထဲမှာ ဘာတွေပါလာလဲ ကြည့်ကြပါဦး.. အဲဒါ နာမည်ကြီး အဆင့်နှစ် ထိပ်တန်း ကြမ်းကြုတ်တဲ့ သားရဲဖြစ်တဲ့ သံကျောကုန်း တောဝက်တွေပဲ"
"အဆင့်သုံး ကြမ်းကြုတ်တဲ့ သားရဲတွေတောင် ပါလာတာပဲ.. အဆင့်နှစ်က ဘာများ အထူးအဆန်း ဖြစ်နေလို့လဲ"
"မဟုတ်ဘူး.. မဟုတ်ဘူး.. ကြည့်လိုက်ပါဦး.. အရေအတွက်က အများကြီးပဲ"
အားလုံးက အနီးကပ် ကြည့်ရှုလိုက်ကြရာ အမှန်တကယ်ပင် များပြားလှပေသည်။ ရထားလုံး သုံးလေးစီးခန့်မှာ အရွယ်အစား မျိုးစုံရှိသော သံကျောကုန်း တောဝက်များဖြင့် ပြည့်နှက်နေလေသည်။ အကြီးဆုံးအကောင်မှာ ခမ်းနားထည်ဝါပြီး အနည်းဆုံး ပေါင်တစ်ထောင်ခန့် အလေးချိန် ရှိမည်ဖြစ်ပေသည်။ ထို့အပြင် သံကျောကုန်း တောဝက်ငယ် အကောင်နှစ်ဆယ် သုံးဆယ်ခန့်မှာ ခွာများကို ကြိုးတုပ်ခံထားရပြီး ရထားလုံးများထဲတွင် ထည့်သွင်းခံထားရကာ ကျယ်လောင်စွာ အော်ဟစ်မြည်တွန်နေကြလေသည်။
အားလုံးမှာ အံ့ဩမှင်တက်ကာ အသက်ရှူမှားသွားကြလေတော့သည်။ ဝမ်မျိုးနွယ်စုသည် သံကျောကုန်း တောဝက်ငယ်များကို ဤမျှများပြားစွာ ဖမ်းဆီးလာခဲ့ခြင်းမှာ ၎င်းတို့ကို မွေးမြူရန် ရည်ရွယ်ထားခြင်း ဖြစ်ပေမည်လော။
"အဖွဲ့ရဲ့ နောက်ဆုံးမှာ လိပ်ကြီးတစ်ကောင် ပါလာတယ်.. အဲဒါ အဆင့်သုံး ရေဓာတ် ဝိညာဉ်လိပ်ပဲ.. အသက်ရှင်လျက် ရှိနေတုန်းပဲဟ.. သူ့ရဲ့ ကျောကုန်းပေါ်မှာလည်း အမဲလိုက်လာတဲ့ ကြမ်းကြုတ်တဲ့ သားရဲတွေ အများကြီး တင်လာသေးတယ်"
ဝမ်မျိုးနွယ်စု၏ ယာဉ်တန်း ပြန်လည်ရောက်ရှိလာမှုသည် ကြီးကျယ်ခမ်းနားလှသော ပွဲတော်ကြီးတစ်ခုကို ဖန်တီးပေးလိုက်သကဲ့သို့ပင် ဖြစ်နေလေတော့သည်။ စောင့်ကြည့်နေသူများမှာ အံ့အားသင့်၊ ထိတ်လန့်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြလေသည်။
အခြားတစ်ဖက်တွင်မူ လျိုမျိုးနွယ်စုမှ လူများမှာ ဘေးသို့ တွန်းဖယ်ခံလိုက်ရပြီး အရေးစိုက်ခြင်း မခံရတော့ချေ။
"မဖြစ်နိုင်ဘူး.. ဒါ မဖြစ်နိုင်ဘူး"
လျိုယုံးဟောက်သည် မြေကြီးပေါ်သို့ပင် လဲကျသွားပြီး သူ၏ ခန္ဓာကိုယ်မှာ လုံးဝ ပုံပျက်ပန်းပျက် ဖြစ်နေကာ တွေဝေငေးမောစွာ ရေရွတ်နေလေတော့သည်။