← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂။ အောင်မြင်မှုကြီး…လက်တစ်ဖက်တည်းဖြင့် ကောင်းကင်ကို ဖုံးကွယ်ခြင်း

ဝမ်မျိုးနွယ်စု၏ ယာဉ်တန်း နောက်သို့လိုက်ကာ လူအများမှာ မြို့တော်အတွင်းသို့ တစ်သီတစ်တန်းကြီး ဝင်ရောက်လာကြ၏။ လူအုပ်ကြီး၏ ဆူညံပွက်လောရိုက်သံများမှာ ပိုမိုကျယ်လောင်လာပြီး အထူးသဖြင့် ခရီးသွားကုန်သည်များနှင့် အဝေးမှ ကျင့်ကြံသူများမှာ ၎င်းတို့ရှေ့မှ မြင်ကွင်းကြောင့် အလွန်တရာ တုန်လှုပ်အံ့ဩသွားကြကာ ဝမ်မျိုးနွယ်စု၏ ဂုဏ်သတင်းကို ဖြန့်ဝေပြောဆိုနေကြလေသည်။

မွန်မြတ်သော မျိုးနွယ်စုတစ်ခုသည် အခြားသူများ မကောင်းသော ရည်ရွယ်ချက်များ မမွေးမြူနိုင်စေရန်နှင့် အကြောက်တရားဖြင့် ရိုသေလေးစားလာစေရန် ဟန့်တားနိုင်စွမ်း ရှိရမည်။ ပထမအချက်အနေဖြင့် မလိုအပ်သော ပြဿနာများကို လျှော့ချပေးနိုင်ပြီး ဒုတိယအချက်မှာ ဂုဏ်သတင်း ကျော်ကြားလေလေ အကျိုးအမြတ်များ ရရှိရန် လွယ်ကူလေလေ ဖြစ်သောကြောင့်ပင်။ သို့သော် တစ်ချိန်တည်းမှာပင် မွန်မြတ်သော မျိုးနွယ်စုတစ်ခုသည် ၎င်းတို့၏ အမှန်တကယ် စွမ်းအားကို လျှို့ဝှက်ထားရင်း ဟန့်တားနိုင်စွမ်းကိုလည်း ထိန်းသိမ်းထားရမည် ဖြစ်ပေသည်။

ရှင်းရှင်းပြောရလျှင် ဝမ်မျိုးနွယ်စုကို အလွန် အင်အားကြီးမားသည်ဟု လူအများ ထင်မှတ်လာစေရန် ဂုဏ်သတင်း တည်ဆောက်ရမည့်အပြင် ၎င်းတို့ တကယ်တမ်း မည်မျှအထိ အင်အားကြီးမားသလဲ ဆိုသည်ကိုတော့ လျှို့ဝှက်ဆန်းကြယ်စွာ ဖုံးကွယ်ထားရမည် ဖြစ်၏။ ဤကိစ္စရပ်၏ သိမ်မွေ့မှုများနှင့် လျှို့ဝှက်ချက်များကို သေချာစွာ စဉ်းစားချင့်ချိန်၍ ဆုပ်ကိုင်ထားရမည် ဖြစ်ပေသည်။

ထို့ကြောင့် ဝမ်ရှိုကျဲ့၏ စီစဉ်ညွှန်ကြားမှုအောက်တွင် တောင်မျို စပါးအုံးမြွေ၏ ဦးခေါင်းကို ပထမဆုံး ရထားလုံး၏ အမိုးပေါ်တွင် တင်ထားခဲ့သည်။ ထို့အပြင် နဖူးဖြူ ရွှေရောင် ကျား၏ ဦးခေါင်းကိုလည်း မတော်တဆဟန်ဖြင့် ရထားလုံးအတွင်း၌ တစ်ဝက်တစ်ပျက် ဖုံးကွယ်ပြသထားခဲ့လေသည်။ သားကောင် အများအပြားကို သယ်ဆောင်လာသော ရေဓာတ် ဝိညာဉ်လိပ်သည်လည်း ဝန်းမြို့တော်အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာရာ စောင့်ကြည့်နေသူများ၏ အံ့အားသင့်မှုများကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေတော့သည်။

အံ့ဩတုန်လှုပ်မှုများအပြင် ဝမ်မျိုးနွယ်စုအပေါ် ရိုသေလေးစားမှုများလည်း ဖြစ်ပေါ်လာကြ၏။ အဆင့်သုံး သားရဲတစ်ကောင်ကိုပင် ယဉ်ပါးအောင် ဆုံးမနိုင်စွမ်းရှိသော ဝမ်မျိုးနွယ်စု၏ တိုးတက်ကြီးပွားလာမှုမှာ ရှောင်လွှဲ၍မရနိုင်သော အမှန်တရားပင် ဖြစ်ပေသည်။ ဤသည်မှာ ၎င်းတို့၏ အောင်မြင်မှုများကို ထုတ်ဖော်ပြသသည့် ချီတက်ပွဲတစ်ခုဖြစ်ပြီး မကြာမီ ကာလအတွင်း ဖင်းအန်း မြို့နယ်ကို ဝမ်မျိုးနွယ်စုက လွှမ်းမိုးနိုင်ရန် အုတ်မြစ်ချလိုက်ခြင်းပင် ဖြစ်သည်။

ဘာကို ပြသမလဲ၊ ဘာကို ဖုံးကွယ်မလဲနှင့် ဘယ်လိုပုံစံနဲ့ ပြသမလဲ ဆိုသည်တို့မှာ ကျပန်းဆုံးဖြတ်ချက်များ မဟုတ်ဘဲ ဝမ်မျိုးနွယ်စု၏ သေချာစွာ ချင့်ချိန်တိုင်ပင်ထားသော ရလဒ်များသာ ဖြစ်ပေသည်။ လူအုပ်ကြီးက ဝမ်မျိုးနွယ်စုကို ချီးမွမ်းပြောဆိုနေကြစဉ် ဝမ်ရှိုကျဲ့ထံသို့လည်း အာရုံစိုက်လာကြပြီး အနာဂတ် တောက်ပမည့် လူငယ် မျိုးနွယ်စု ခေါင်းဆောင်တစ်ဦးအဖြစ် ဝိုင်းဝန်းချီးကျူးလိုက်ကြလေသည်။

"အစ်ကို"

ဝမ်လော်မြောင်သည် မိခင်၏ လက်ထဲမှ ရုန်းထွက်ကာ ပြေးလာပြီး သူမ၏ စိတ်လှုပ်ရှားနေသော မျက်နှာလေးမှာ နီမြန်းနေကာ မျက်လုံးများထဲတွင် အစ်ကိုဖြစ်သူအပေါ် ဂုဏ်ယူမှုနှင့် လေးစားမှုများ အပြည့်အဝ ရှိနေလေသည်။ လမ်းပိတ်ဆို့နေသော ခရီးသွားကုန်သည်များ၊ ကျင့်ကြံသူများ၊ စီးပွားရေး ကိုယ်စားလှယ်များနှင့် မြို့စောင့်တပ်သားများအားလုံးက မိမိတို့သဘောဆန္ဒအလျောက် လမ်းဖယ်ပေးလိုက်ကြ၏။

ထိုကလေးမလေးမှာ ဝမ်မျိုးနွယ်စု၏ တရားဝင် သမီးတော် ဝမ်လော်မြောင် ပင်ဖြစ်သည်။ ဝမ်ရှိုကျဲ့နှင့် ဖအေတူ မအေကွဲ ညီမလေးဖြစ်ပြီး သူမ၏ အဆင့်အတန်းမှာ အလွန် မြင့်မြတ်လှပေသည်။ သူမသည် သူမ၏ ခြေတံတိုလေးများဖြင့် ပြေးလာကာ အပေါ်သို့ ခုန်တက်လိုက်သည်။ ရုတ်တရက် ဝမ်ရှိုကျဲ့က လှမ်း၍ သူမကို မြင်းပေါ်သို့ ဆွဲတင်လိုက်ပြီး မြို့တော်အပြင်ဘက်သို့ အတူတကွ စီးနင်းထွက်ခွာလာရင်း ရယ်မောကာ မေးလိုက်လေသည်။

" ကောင်မလေး.. ငါတို့မတွေ့ရတာ တစ်လတောင် ရှိသွားပြီ၊ နင်က ဘယ်လိုလုပ်ပြီး ပိုချစ်စရာကောင်းလာရတာလဲ"

ဝမ်လော်မြောင်က ပျော်ရွှင်စွာဖြင့် ပြန်ပြောလိုက်သည်။

"အစ်ကို့ စကားတွေက ပိုချိုလာတယ်နော်.. သမီးက အစ်မရွဲ့လန်နဲ့ စာရေးတဲ့အခါ အစ်ကို့အကြောင်းကို ကောင်းကောင်းလေး ချီးမွမ်းပေးထားတာ တန်သွားတာပေါ့"

ဝမ်ရှိုကျဲ့က မချိပြုံး ပြုံးရင်း ပြန်ပြောလိုက်သည်။

"အယ်.. နင်က သခင်မလေး ရွဲ့လန်ဆီ တကယ်ကြီး စာရေးလိုက်တာလား.. နင့်ရဲ့ ပဲပင်ပေါက် စာလုံးတွေနဲ့ သူများကို ပြလို့ဖြစ်ပါ့မလား.. ဒါက ငါတို့ ဝမ်မျိုးနွယ်စုရဲ့ ပညာရေးအခြေခံ ညံ့ဖျင်းမှုကို ဖော်ပြနေသလို ဖြစ်မနေဘူးလား"

ဝမ်လော်မြောင်မှာ အလွန်ဒေါသထွက်သွားပြီး သူမ၏ လက်သီးဆုပ်လေးများကို ဝှေ့ယမ်းကာ ပြောလိုက်လေသည်။

"ဝမ်ရှိုကျဲ့.. အစ်ကို.. အစ်ကိုက အရမ်းလွန်တယ်.. အစ်ကို့ကို ချမယ်.. သမီးက မရီး ပျော်အောင်တောင် ကူညီပေးထားတာကို အစ်ကိုက ဘာမှနားမလည်ဘူး.. ဟွန်း.. မရီးရဲ့ ပြန်စာကို အစ်ကို့ကို ပြမလို့ စဉ်းစားထားတာ၊ အခုတော့ သမီးကို တောင်းပန်ရင်တောင် ပြမှာမဟုတ်ဘူး"

"အစကတည်းက မိန်းကလေးတွေကြားက လျှို့ဝှက်စကားတွေကို ငါက ကြည့်ချင်နေတာမှ မဟုတ်တာ"

"အစ်ကို.. အစ်ကို.. နောက်တစ်ခါ အစ်မရွဲ့လန်ဆီ စာရေးရင် အစ်ကိုက လူဆိုးကြီးလို့ ရေးလိုက်မယ်"

"ရပါတယ်.. ငါသာ မိန်းမ မရရင် နင့်လို တရားဝင် သမီးကိုပဲ နိုင်ငံရေး လက်ထပ်ပွဲအတွက် အသုံးချပစ်လိုက်မယ်"

အနီးကပ် လိုက်ပါလာသော ကုန်းစွန်းဟွေးသည် ထိုမြင်ကွင်းကို ကြည့်ရင်း ရယ်ချင်စိတ်နှင့် စိတ်သက်သာရာရမှုတို့ ရောထွေးစွာ ခံစားလိုက်ရပေသည်။ ရှိုကျဲ့နှင့် လော်မြောင်တို့ တွေ့ဆုံတိုင်း ဤလုပ်ရိုးလုပ်စဉ်အတိုင်း ဖြတ်သန်းရလေ့ရှိပြီး ရှိုကျဲ့သည်လည်း ၎င်းကို သဘောကျနေပုံရ၏။ လော်မြောင်သည်လည်း အကြိမ်တိုင်း ဒေါသထွက်လုမတတ် ဖြစ်ရသော်လည်း အစ်ကိုဖြစ်သူ၏ ရင်ခွင်ထဲသို့သာ ပြန်လည်ပြေးဝင်သွားလေ့ရှိပေသည်။

ရှိုကျဲ့နှင့် လော်မြောင်တို့၏ ဆက်ဆံရေးမှာ တကယ်ကို ကောင်းမွန်လှပေသည်။

ထို့နောက် ဝမ်ရှိုကျဲ့သည် မြင်းပေါ်မှ ဆင်းကာ ကုန်းစွန်းဟွေး၊ လျိုရွဲ့လွေ့နှင့် လျိုယွမ်ရွေ့တို့အား ကျေးဇူးတင်စကား ပြောကြားပြီးနောက် ယာဉ်တန်းနှင့်အတူ ဝမ်မျိုးနွယ်စု၏ ပင်မစံအိမ်သို့ လိုက်ပါသွားလေသည်။

စိတ်လှုပ်ရှားဖွယ် မြင်ကွင်းကို စောင့်ကြည့်ရန် လူအများအပြား နောက်မှ လိုက်ပါလာကြပြီး လူအုပ်ကြီးမှာ ပို၍ပို၍ ကြီးမားလာ၏။ ယခင်က စည်ကားသိုက်မြိုက်နေသော ကျိုးရွှမ် ဂိတ်၏ မြို့တော်သည် ရုတ်တရက် ဟာလာဟင်းလင်း ဖြစ်သွားပြီး လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုမှ လူများ၊ မြို့စောင့်တာဝန်ကြောင့် ထွက်ခွာ၍မရသော စစ်သားအချို့သာ ကျန်ရစ်ခဲ့ကာ ခြောက်ကပ်သွားလေတော့သည်။

ဖင်းအန်း မြို့နယ်၏ မြို့စောင့်တပ်မှူး လဲ့ယန်ချိုးသည် ဤမြင်ကွင်းကို စောင့်ကြည့်ရင်း ကျဆင်းလာသော နှင်းပွင့်များကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။

"ဖင်းအန်း မြို့နယ်တော့ လုံးဝ ပြောင်းလဲသွားခဲ့ပြီပေါ့"

လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုမှ လူငယ်များသည် လုံးဝ ရှုံးနိမ့်သွားသော အသွင်အပြင် ရှိနေကြသည်။ စိတ်နှလုံး အားနည်းပြီး ဖိအားကို မခံနိုင်သော လူငယ်အများအပြားမှာ မြေပေါ်သို့ ခွေယိုင်ကျသွားကာ စတင် ငိုကြွေးကြတော့သည်။

......

ဝမ်မျိုးနွယ်စု၏ ယာဉ်တန်းကြီးမှာ ဖြည်းညင်းစွာ ရွေ့လျားလာလေသည်။ မူလက တစ်နာရီခွဲပင် မကြာသော ခရီးစဉ်မှာ နှစ်နာရီခွဲအထိ ကြာမြင့်သွားခဲ့၏။ ယာဉ်တန်း၏ နောက်တွင် လိုက်ပါလာသူ လူဦးရေမှာ သုံးလေးထောင်ထက် မနည်းရှိနေပေသည်။ အထက်စီးမှ စီးမိုးကြည့်လိုက်ပါက လူပင်လယ်ကြီး တစ်ခုအလား ဖြစ်နေပေသည်။

ဝမ်မျိုးနွယ်စု၏ ပင်မစံအိမ်မှ သတင်းရရှိထားပြီးဖြစ်ရာ ကျန်ရစ်ခဲ့သော မျိုးနွယ်စုဝင်များ၊ အစေခံများနှင့် အိမ်စေမိန်းကလေးများ အားလုံး အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။ လူအင်အား မလုံလောက်မည်ကို စိုးရိမ်သဖြင့် သယ်ယူပို့ဆောင်ရေးတွင် ကူညီရန် ဘေးထွက် မျိုးနွယ်ခွဲများမှ လူအများအပြားကို အထူးခေါ်ယူထားခဲ့ပေသည်။

ဝမ်ရှိုရှင်းသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းလျက် လျှောက်လာလေသည်။

"ရှိုကျဲ့"

ဝမ်မျိုးနွယ်စု ဆုတ်ယုတ်ကျဆင်းနေခဲ့သည်မှာ နှစ်ငါးဆယ် ရှိခဲ့ပြီဖြစ်ပြီး အသက် လေးဆယ့်သုံးနှစ်တိုင် နေထိုင်လာခဲ့သော သူ၊ ဝမ်ရှိုရှင်းသည် ဝမ်မျိုးနွယ်စု၏ ဤမျှ ခမ်းနားထည်ဝါမှုကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။ ချက်ချင်းပင် သူက ဂရုတစိုက် အကြံပြုလိုက်လေသည်။

"အချို့ အင်အားကြီးတဲ့ မွန်မြတ်တဲ့ မျိုးနွယ်စုတွေဟာ ဆောင်းဦးနဲ့ ဆောင်းရာသီ အမဲလိုက်ရာကနေ လူအများ အာရုံစိုက်လောက်တဲ့ အကျိုးအမြတ် အကြီးအကျယ် ရလာရင် သားကောင် အနည်းငယ်ကို ထုတ်ပြီး တစ်နှစ်ပတ်လုံး အသားမစားနိုင်တဲ့ ဆင်းရဲသားတွေကို ချက်ကျွေးလေ့ရှိကြတယ်.. တစ်ချိန်တည်းမှာပဲ အချို့ အင်အားကြီး မျိုးနွယ်စုတွေက ဒေသခံ အဆင့်နိမ့် မျိုးနွယ်စုတွေကို သားရဲ တစ်ဝက် ဒါမှမဟုတ် တစ်ကောင်လုံးကို ဈေးချိုချိုနဲ့ ရောင်းချပြီး လူထုရဲ့ ထောက်ခံမှုကို ရယူကာ ဂုဏ်သတင်းကို မြှင့်တင်လေ့ရှိကြတယ်.. ဒီအစဉ်အလာကို 'ပိုလျှံခြင်း ပွဲတော်' လို့ ခေါ်တယ်"

သေချာသည်မှာ ဝမ်ရှိုရှင်း ဖြတ်သန်းခဲ့သော လေးဆယ့်သုံးနှစ်တာ ကာလအတွင်း ဝမ်မျိုးနွယ်စုတွင် ပိုလျှံခြင်း ပွဲတော် ကျင်းပနိုင်ရန် အင်အားရော၊ အဆင့်အတန်းပါ မရှိခဲ့ချေ။ ဆောင်းဦးနှင့် ဆောင်းရာသီ အမဲလိုက်ပွဲတိုင်းတွင် ဝမ်မျိုးနွယ်စုသည် တိတ်ဆိတ်စွာ သွားရောက်ပြီး စိတ်ပျက်အားငယ်စွာဖြင့်သာ ပြန်လာခဲ့ရလေ့ရှိ၏။ သို့သော် ဘိုးဘေးကျိုးရွှမ် အသက်ထင်ရှားရှိစဉ်ကမူ သားကောင်ရရှိမှု ကောင်းမွန်သောအခါများတွင် ပိုလျှံခြင်း ပွဲတော်ကို ကျင်းပလေ့ရှိခဲ့ပေသည်။

ထိုစကားကို ကြားသောအခါ အသက်ကြီးသော မျိုးနွယ်စုဝင် အချို့၏ မျက်လုံးများထဲတွင် ပြင်းပြသော မျှော်လင့်ချက်များ ပေါ်ထွက်လာသည်။ ဝမ်မျိုးနွယ်စုသည် နှစ်ငါးဆယ်တိုင်တိုင် ဆုတ်ယုတ်ကျဆင်းခဲ့ရပြီး ယခုအခါ အခြေအနေကို ပြောင်းလဲနိုင်ခဲ့ပြီဖြစ်ရာ သူတို့သည်လည်း မျိုးနွယ်စု၏ ဂုဏ်သိက္ခာကို မြှင့်တင်လိုပြီး ၎င်းတို့၏ ပိုင်နက်နယ်မြေအပေါ် အာဏာသက်ရောက်မှုကို တိုးမြှင့်လိုကြပေသည်။

ဝမ်ရှိုကျဲ့က ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ကောင်းပြီလေ.. ငါတို့ဆီမှာ သာမန် တောရိုင်းနွားတွေ၊ တောဝက်တွေ ငါးကောင် ခြောက်ကောင်လောက် ကျန်သေးတယ်လို့ မှတ်မိတယ်.. တစ်မျိုးကို တစ်ကောင်စီ ယူလိုက်ပြီး ကျန်တာတွေကို ဆားနယ်ပြီး ရေခဲတိုက်ထဲ ထည့်ထားလိုက်မယ်.. အဲဒါအပြင် မျိုးနွယ်စု ဂိုဒေါင်ထဲက သိုလှောင်ထားတဲ့ အသားတချို့ကိုပါ ထုတ်ပြီး ပွဲတော် ကျင်းပလိုက်မယ်၊ အဲဒီအပြင် ဂိုဒေါင်ကိုလည်း ရှင်းလင်းပြီးသား ဖြစ်သွားတာပေါ့.. ပြီးတော့ ဆန်ပြုတ်ဆိုင် အနည်းငယ် ဖွင့်ပြီး ဆန်ပြုတ် ဝေပေးလိုက်ပါ.. လူတိုင်းအတွက် အသားလုံလုံလောက်လောက် မရှိနိုင်ဘူးလေ.. သားရဲအသားကို ဈေးချိုချိုနဲ့ ရောင်းဖို့ကတော့ အဲဒီ အဆင့်မြင့် စိမ်းပြာရောင်ခွာ တောရိုင်းနွားကြီးကို သုံးလိုက်မယ်.. အဲဒီနွားကြီးက ပေါင် သုံးထောင် အပြည့်ရှိတာဆိုတော့ လုံလောက်မှာပါ.. အဲဒီ အဆင့်နိမ့် မျိုးနွယ်စုတွေကို သတိပေးထားလိုက်၊ သူတို့သာ ဈေးပေါတဲ့ ဝိညာဉ်အသားတွေကို ခရီးသွားကုန်သည်တွေဆီ ပြန်ရောင်းရဲရင် ငါတို့ ဝမ်မျိုးနွယ်စု ရက်စက်တယ်လို့ အပြစ်မတင်နဲ့လို့"

မျိုးနွယ်စု၏ ရိက္ခာသိုလှောင်ရုံမှာ သေးငယ်သည်မဟုတ်သော်လည်း ယခုတစ်ကြိမ် ရရှိလာသော သားကောင်များမှာ အလွန် များပြားလှသဖြင့် ရေခဲတိုက်ပင် လုံလောက်မည် မဟုတ်ပေ။ ဝမ်မျိုးနွယ်စုဝင်များချည်းသာ အားရပါးရ စားသောက်မည် ဆိုပါကပင် နှစ်နှစ်ခန့်အထိ ကောင်းစွာ စားသောက်နိုင်မည်ဟု ခန့်မှန်းရ၏။

ဝမ်ရှိုကျဲ့မှာ အလွန် စိတ်လှုပ်ရှားသွားပြီး အစီအစဉ်ကို အကောင်အထည်ဖော်ရန် လူအများကို ဦးဆောင်သွားလေတော့သည်။

ဒေသခံများနှင့် အချို့သော အဆင့်နိမ့် ရွှမ်ဝူ မျိုးနွယ်စုများသည် ဝမ်မျိုးနွယ်စုက ပွဲတော်ကျင်းပရန် ပြင်ဆင်နေကြောင်းနှင့် ထုတ်ယူလာသော ဟင်းလျာ ကုန်ကြမ်းများမှာ အလွန်များပြားပြီး အံ့မခန်းဖြစ်ကြောင်း သိရှိသွားသောအခါ ချက်ချင်းပင် လှုပ်လှုပ်ရွရွ ဖြစ်သွားကြလေသည်။

လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့က အလှည့်ကျ ပွဲတော်များ ကျင်းပခဲ့ကြဖူးသည်။ သို့သော် ၎င်းတို့၏ အတိုင်းအတာမှာ အလွန် သေးငယ်လှပြီး ယခု ဝမ်မျိုးနွယ်စု၏ ပွဲတော်ကြီး၏ ဆယ်ပုံတစ်ပုံမျှပင် ရှိမည်မဟုတ်ချေ။ သူတို့က ဖင်းအန်း မြို့နယ်၏ ထိပ်တန်း မျိုးနွယ်စုများ ဟု ကြွေးကြော်ကာ ဆူညံအောင်သာ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပေသည်။

ပွဲတော် ကျင်းပခြင်းကိစ္စတွင် မျိုးနွယ်စု ခေါင်းဆောင် ဝမ်ရှိုကျဲ့ ကိုယ်တိုင် ပါဝင်ရန် မလိုအပ်ပေ။ အစ်ကိုကြီးများ၊ မိသားစုမှ အမျိုးသမီးများနှင့် ညီအစ်ကို မောင်နှမများက တာဝန်ယူ စီစဉ်လိုက်ရုံဖြင့် လုံလောက်၏။

ဤအချိန်တွင် ဝမ်ရှိုကျဲ့သည် လျိုရွဲ့လွေ့၊ လျိုယွမ်ရွေ့တို့နှင့်အတူ ပင်မစံအိမ်သို့ ပြန်လာခဲ့ပြီး ဘိုးဘေးကျီရှန်းထံသို့ ချက်ချင်း သွားရောက် ဂါရဝပြု နှုတ်ဆက်လေသည်။ ၎င်းတို့နှင့်အတူ ဘိုးဘေးလုံယန်နှင့် ဘိုးဘေးရှောင်ဟန်တို့လည်း လိုက်ပါသွားကြသည်မှာ သေချာပေသည်။

ဤသည်မှာ မှန်ကန်သော ကျင့်ဝတ်ပင် ဖြစ်သည်။ အကြောင်းမူကား ဘိုးဘေးကျီရှန်းသည် စာကို လက်ခံရရှိပြီးနောက် ဝမ်မျိုးနွယ်စု၏ ပင်မစံအိမ်ကို စောင့်ကြပ်ပေးရန် မဆိုင်းမတွ လာရောက်ကူညီပေးခဲ့သောကြောင့် ဖြစ်ပေသည်။ ဤကျေးဇူးမှာ သေးငယ်လှသည် မဟုတ်ချေ။

ရင်းနှီးစွာ နှုတ်ဆက် စကားပြောဆိုပြီးနောက် ဘိုးဘေးကျီရှန်းသည် သူ၏တာဝန် ပြီးဆုံးသွားပြီဖြစ်၍ ပြန်လည် ထွက်ခွာသွားလေသည်။ သဘာဝကျစွာပင် ဝမ်ရှိုကျဲ့သည် ဘိုးဘေးကျီရှန်းကို အချည်းနှီး အပင်ပန်းခံစေမည် မဟုတ်ပေ။ မကြာမီတွင် ဝိညာဉ်အသားများနှင့် ဝိညာဉ်ဆန် တစ်လှည်း အပြည့်ကို ရှန်းယင်ရှိ လျိုစံအိမ်သို့ တိုက်ရိုက် ပေးပို့သွားမည် ဖြစ်၏။

ကိစ္စရပ်များ အားလုံးကို ဖြေရှင်းပြီးနောက် ဝမ်ရှိုကျဲ့သည် နောက်ဆုံးတွင် အနည်ထိုင်သွားကာ ဝန်ထုတ်ဝန်ပိုးများ အားလုံးကို တစ်ပြိုင်နက်တည်း ချထားလိုက်ရသကဲ့သို့ ပေါ့ပါးလွတ်လပ် သွားလေသည်။ ထို့နောက် သူသည် ရေမိုးချိုး သန့်စင်လိုက်ပြီး မည်သူနှင့်မျှ မတွေ့ရန်နှင့် မည်သည့်အရာကိုမျှ မတွေးတောလိုတော့ကြောင်း ဝမ်ကွေ့အား မှာကြားကာ အိပ်ရာထဲတွင် နေ့တစ်ပိုင်းနှင့် ညတစ်ပိုင်း အနားယူလိုက်လေတော့သည်။

ဤကာလအတွင်း လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့ကို ရင်ဆိုင်ဖြေရှင်းရသည်မှာ အမှန်တကယ်ပင် ပင်ပန်းလှသည်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု ကြီးမားပြီး အမှားအယွင်း တစ်စုံတစ်ရာမျှ ခွင့်ပြု၍မရခဲ့ချေ။

သို့သော် ယခုမူ သူ အမှန်တကယ် အနားရသွားခဲ့ပြီ ဖြစ်ပေသည်။

......

ဝမ်မျိုးနွယ်စု၏ ပွဲတော်ကြီးမှာ အလွန် စည်ကားသိုက်မြိုက်လှပြီး ဖင်းအန်း မြို့နယ် တစ်ခုလုံးတွင် အကြီးကျယ်ဆုံးသော ပွဲတော်ကြီးတစ်ခု ဖြစ်လာခဲ့ပေသည်။ လူအများစုက ဖင်းအန်း မြို့နယ်ရှိ ဝမ်မျိုးနွယ်စုအကြောင်းကိုသာ ပြောဆိုနေကြ၏။

ဖင်းအန်း မြို့နယ်ရှိ အခြားသော မျိုးနွယ်စု နှစ်ခုဖြစ်သည့် လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့မှာ ထောင့်တစ်နေရာ၌ မေ့ပျောက်ခံထားရသကဲ့သို့ ဖြစ်သွားပြီး မည်သူကမျှ ထည့်သွင်း ပြောဆိုခြင်း မရှိကြတော့ချေ။ ကျယ်ပြောလှသော ဖင်းအန်း မြို့နယ်ကြီးတွင် ဖင်းအန်း ဝမ်မျိုးနွယ်စု ဟူသော ရွှမ်ဝူ မျိုးနွယ်စု တစ်ခုတည်းသာ ရှိတော့သကဲ့သို့ ထင်မှတ်ရပေသည်။

ဤအချိန်တွင် မဟာချန် အစိုးရအဖွဲ့မှ ရထားလုံးတစ်စီးသည် ဝမ်မျိုးနွယ်စု ပင်မစံအိမ်၏ ဝင်ပေါက်တွင် တိတ်ဆိတ်စွာ ဆိုက်ကပ်လာလေသည်။ ရထားလုံးပေါ်မှ ပထမဆုံး ဆင်းလာသူမှာ မြို့စောင့်တပ်မှူး ယူနီဖောင်းကို ဝတ်ဆင်ထားပြီး ထူးခြားသော အငွေ့အသက်များ ရှိနေသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ ဤလူမှာ မြို့စောင့်တပ်မှူး လဲ့ယန်ချိုး ပင် ဖြစ်ပေသည်။

ထို့နောက် အသက် ခုနစ်ဆယ် ရှစ်ဆယ်အရွယ် အဘိုးအို နှစ်ဦးသည် တုန်တုန်ယင်ယင်ဖြင့် ရထားလုံးပေါ်မှ ဆင်းလာကြလေသည်။

ဝမ်စံအိမ်၏ အရှေ့ဘက် ကွင်းပြင်မှာ စည်ကားနေဆဲပင် ဖြစ်၏။ ဆန်ပြုတ်နှင့် အသားရရှိရန် တန်းစီနေသူများ ရှိသကဲ့သို့ ဒေသခံ အဆင့်နိမ့် ရွှမ်ဝူ မျိုးနွယ်စုများသည်လည်း အချိန်ကြာမြင့်စွာ စုဆောင်းထားခဲ့ရသော ရွှေတာရာများကို ကိုင်ဆောင်ကာ ဈေးချိုသော ဝိညာဉ်အသားများ လာရောက်ဝယ်ယူနေကြလေသည်။ ဤကဲ့သို့သော အခွင့်အရေးမျိုးကို မည်သည့် သာမန်လူကမျှ လက်လွတ်ခံမည် မဟုတ်ပေ။

သို့သော် ဝမ်မျိုးနွယ်စုသည် အလုပ်လုပ်ရာတွင် အမြဲတမ်း ရှင်းလင်းတိကျမှု ရှိသည်။ မိသားစု တစ်စုတွင် လူဘယ်လောက်ရှိသလဲ၊ ဘယ်လောက် ဝယ်ယူသွားသလဲ ဆိုသည်ကို သူတို့ ကောင်းစွာ သိရှိကြပြီး သတ်မှတ်ချက် ကန့်သတ်ချက်များ ရှိပေသည်။ ထို့အပြင် ပွဲတော်တွင် ပါဝင်စားသောက်ကြမည့် ဒေသခံများအနေဖြင့်လည်း ဒေသခံ အိမ်ထောင်စုစာရင်း အထောက်အထား ရှိရမည်ဖြစ်ပြီး စာရင်းပေးသွင်းရမည် ဖြစ်ရာ ထပ်ခါတလဲလဲ လာရောက် စားသောက်၍ မရနိုင်ချေ။

အကယ်၍ တစ်စုံတစ်ယောက်က ပြဿနာရှာရန် ကြိုးစားလာပါက ဝမ်မျိုးနွယ်စု၏ နည်းလမ်းများမှာ သက်သက်လွတ်စားသူများကဲ့သို့ သိမ်မွေ့ညင်သာနေမည် မဟုတ်ကြောင်း သေချာပေသည်။ သို့သော် ဤမျှ တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ထားသော်ငြားလည်း သုံးရက်နှင့် သုံးည ကြာပြီးနောက်တွင်ပင် တန်းစီနေသူများစွာ ရှိနေဆဲပင် ဖြစ်၏။

မြို့စောင့်တပ်မှူး လဲ့ယန်ချိုးက ပြုံးလျက် ချီးကျူးလိုက်ပြီး အသားဝေနေသော ဝမ်လော်ချိုးအား လှမ်းပြောလိုက်လေသည်။

"ကျွတ်.. ကျွတ်.. ဝမ်မျိုးနွယ်စုက တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ အရှိန်အဝါ ရှိတာပဲ.. ညီမလေး လော်ချိုး.. ငါ့ကို မှတ်မိတယ်မလား"

ဝမ်လော်ချိုးသည် သူ့ကို မော့ကြည့်လိုက်ပြီးနောက် စာရင်းသွင်းခြင်းနှင့် အသား၊ ဆန်ပြုတ် ဝေခြင်းကို ဆက်လက်လုပ်ဆောင်ရင်း အရေးမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။

"မှတ်မိတာပေါ့.. ငါ့ရဲ့ အစ်ကိုလေး ဆူတာခံရပြီး ငိုသွားတဲ့ လဲ့ ဆိုလား ဘာဆိုလား နာမည်နဲ့ တစ်ယောက်လေ..."

လဲ့ယန်ချိုး၏ မျက်နှာမှာ အနေခက်သွားပြီး ချက်ချင်းပင် စိတ်ညစ်သွားလေသည်။ သူ ဘယ်တုန်းကများ အဆူခံရလို့ ငိုခဲ့ဖူးပါသလဲ။ သို့သော် မိန်းကလေးငယ် တစ်ဦးနှင့် သူ ငြင်းခုံနေ၍ မရသဖြင့် ခြောက်ကပ်ကပ် ရယ်မောလိုက်ကာ ပြောလိုက်လေသည်။

"ထားပါတော့.. အတိတ်က ကိစ္စတွေကို ပြန်မပြောပါနဲ့တော့.. ဒါနဲ့ မင်းရဲ့ အစ်ကိုလေး ရှိလား.. ငါ သူ့ကို တွေ့ချင်လို့.. သခင်မလေး လော်ချိုး ငါ့ကို ကူညီပြီး သတင်းလေး သွားပို့ပေးနိုင်မလား"

ဝမ်လော်ချိုးက စိတ်မရှည်စွာ ပြန်ပြောလိုက်ပြီး အစေခံတစ်ဦးကို လက်ယပ်ခေါ်ကာ ပြောလိုက်လေသည်။

"ငါ အလုပ်များနေတာကို မမြင်ဘူးလား.. ကျွင်းယန်.. ဝမ်ကွေ့ဆီ သွားပြီး အစ်ကိုလေးကို လဲ့ ဆိုလား ဘာဆိုလား နာမည်နဲ့ လူတစ်ယောက် လာရှာနေတယ်လို့ သွားပြောချည်.. ဪ.. မြို့စောင့်တပ်မှူး တဲ့"

အိုယန်ကျွင်းယန်မှာ လည်ပင်းကို ပုလိုက်ပြီး တာဝန်ထမ်းဆောင်ရန် အပြေးအလွှား သွားလေတော့သည်။

"ဟုတ်ကဲ့ပါ သခင်မလေး ခြောက်"

သခင်မလေး ခြောက် နှင့် အလုပ်လုပ်ရသည်မှာ ဂုဏ်သိက္ခာကြီးမားလှသည်ဟု သူ မတွေးဘဲ မနေနိုင်တော့ချေ။ တန်ခိုးအာဏာ ကြီးမားလှသော မြို့စောင့်တပ်မှူးပင်လျှင် စောင့်ဆိုင်းနေရသည် မဟုတ်ပါလော။

မကြာမီပင်….

......

ဝမ်စံအိမ် ရှေ့ပိုင်းရှိ ပင်မ ခန်းမဆောင် အတွင်း၌ ဝမ်ရှိုကျဲ့နှင့် လဲ့ယန်ချိုးတို့သည် မျက်နှာချင်းဆိုင် ထိုင်ကာ လက်ဖက်ရည် သောက်သုံးရင်း အခါအားလျော်စွာ စကားစမြည် ပြောဆိုနေကြလေသည်။

လဲ့ယန်ချိုးသည် အားရပါးရ ရယ်မောနေပြီး ဝမ်ရှိုကျဲ့၏ အမြင်များကို လက်ခံထောက်ခံနေကာ ခေါင်းဆောင်တစ်ဦးရှေ့တွင် ရောက်နေသော လက်အောက်ငယ်သား တစ်ဦးအလား ဖြစ်နေပေသည်။ အသက် ခုနစ်ဆယ် ရှစ်ဆယ်အရွယ် အဘိုးအို နှစ်ဦးမှာမူ ခေါင်းငိုက်စိုက်ကျကာ လက်အုပ်ချီလျက် ရပ်နေကြပြီး ကံကြမ္မာ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရသကဲ့သို့ တုန်ရီနေကြလေသည်။ ဤအဘိုးအို နှစ်ဦးမှာ သဘာဝကျစွာပင် လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့မှ အကြီးအကဲများ ဖြစ်ကြပေသည်။

လက်ဖက်ရည် သုံးကြိမ်တိုင်တိုင် သောက်သုံးပြီးနောက်။ လဲ့ယန်ချိုးက သတိထားကာ မေးမြန်းလိုက်လေသည်။

"ညီလေး ရှိုကျဲ့.. ဖင်းအန်း မြို့နယ်ရဲ့ အစောင့်တပ်မှူး တစ်ယောက်အနေနဲ့ ငါ လျစ်လျူရှုထားလို့ မရတဲ့ ကိစ္စတချို့ ရှိတယ်.. အထူးသဖြင့် အထက်က စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီး ရှိနေတာဆိုတော့လေ.. လျိုမျိုးနွယ်စုနဲ့ ကျောက်မျိုးနွယ်စုက ကျန်ရစ်သူတွေကို ဘယ်လို ဖြေရှင်းဖို့ စီစဉ်ထားလဲလို့ ငါ မေးချင်တာပါ"

ဝမ်ရှိုကျဲ့က လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်လိုက်ရင်း ပြောလိုက်သည်။

"ဖြေရှင်းရမယ် ဟုတ်လား.. တပ်မှူးလဲ့.. ခင်ဗျား နောက်နေတာပဲ ဖြစ်ရမယ်.. ကျွန်တော်တို့ ဝမ်မျိုးနွယ်စုက ဥပဒေကို လေးစားလိုက်နာတဲ့ ရိုးရာ မျိုးနွယ်စု တစ်ခုပါ.. တခြား မျိုးနွယ်စုတွေကို အရေးယူ ဖြေရှင်းဖို့ ကျွန်တော်တို့မှာ ဘာအာဏာမှ မရှိပါဘူး"

ဝမ်ရှိုကျဲ့မှာ သာမန်အားဖြင့် အလွယ်တကူ ကိုင်တွယ်၍ရသူ မဟုတ်ကြောင်း သိထားသော လဲ့ယန်ချိုးသည် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်လေသည်။ သူက ဆက်ပြောလိုက်သည်။

"ညီလေး.. စကားကို လှည့်ပတ်မပြောကြေးလေကွာ.. မင်းတို့ ဝမ်မျိုးနွယ်စုရယ် လျို၊ ကျောက် မျိုးနွယ်စုတွေရယ် ပြင်ပ နယ်မြေမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို အားလုံး သိနေကြတာပဲ.. ဒါပေမဲ့ ကိစ္စက ပြီးဆုံးသွားပြီဆိုတော့ ဘယ်သူမှ ဆက်ပြီး အပြစ်ရှာနေမှာ မဟုတ်ပါဘူး"

"ဒါပေမဲ့ အထက်က အပြစ်တင်တာမျိုး မခံရအောင် တချို့ကိစ္စတွေကို သေသေချာချာ ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်.. အဲဒီလို အပြစ်တင်ခံရတာကို ငါ လက်မခံနိုင်ဘူး"

ဝမ်ရှိုကျဲ့က လက်ဖက်ရည်ကို သောက်လိုက်ပြီး အဘိုးအို နှစ်ဦးကို တစ်ချက် ကြည့်ကာ ပြတ်သားစွာ ပြောလိုက်လေသည်။

"တပ်မှူးလဲ့.. အဓိပ္ပာယ်မရှိတာတွေ လာမပြောပါနဲ့.. ပြင်ပ နယ်မြေ၊ အတွင်း နယ်မြေဆိုတာ ဘာတွေလဲ.. နောက်တစ်ခါ ထပ်ပြောလိုက်မယ်.. ကျွန်တော်တို့ ဝမ်မျိုးနွယ်စုက ဥပဒေကို လိုက်နာတဲ့ မျိုးနွယ်စုပါ.. တရားမဝင်တဲ့ ကိစ္စတွေကို ဘယ်တော့မှ မလုပ်ဘူး"

သူ၏ စကားကြောင့် အဘိုးအို နှစ်ဦးမှာ တုန်ရီသွားကြလေသည်။

လဲ့ယန်ချိုးက 'ဟုတ်ပါရဲ့.. မင်းရဲ့ စွမ်းရည်တွေနဲ့ဆို ဝမ်ရှိုကျဲ့.. မင်းက ဥပဒေကို လိုက်နာရင်းနဲ့ကို အားလုံးကို ရှင်းလင်းပစ်နိုင်မှာပါ.. ဥပဒေချိုးဖောက်ဖို့ စွန့်စားနေစရာမှ မလိုတာ' ဟု ရင်တွင်း၌ တီးတိုး ရေရွတ်လိုက်လေသည်။ ဝမ်ရှိုကျဲ့၏ အရေးမစိုက်သော အမူအရာကို မြင်သောအခါ လဲ့ယန်ချိုးမှာ မချိပြုံး ပြုံးလိုက်မိလေသည်။

"ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ.. ငါ ဖြေရှင်းမယ့် နည်းလမ်းတစ်ခု အကြံပြုမယ်.. ငါ ပြောတာကို နားထောင်ကြည့်ပါဦး"

ဝမ်ရှိုကျဲ့သည် ထောက်ခံခြင်း သို့မဟုတ် ကန့်ကွက်ခြင်း တစ်စုံတစ်ရာမျှ မပြုဘဲ ငြိမ်သက်နေ၏။ လဲ့ယန်ချိုးက ဂရုတစိုက် ရှင်းပြလိုက်လေသည်။

"မင်းတို့ မျိုးနွယ်စု သုံးခုကြားက ပဋိပက္ခလိုမျိုး ကိစ္စတွေက မဟာချန် မှာ.. လုံကျိုးစီရင်စု ဒါမှမဟုတ် ချန်နင် အစောင့်တပ်စခန်း မှာတောင် အရင်က ဖြစ်ဖူးတဲ့ ထုံးစံတွေ ရှိတယ်.. ရိုးရာ အစဉ်အလာအရ မျိုးနွယ်စု အငြင်းပွားမှုကနေ တစ်ဖက်က ဆုတ်ခွာပြီး တခြားနေရာကို ထွက်ပြေးသွားရင် ကျန်တဲ့ မျိုးနွယ်စုက ဆက်ပြီး လိုက်လံနှောင့်ယှက်တာမျိုး မလုပ်ရဘူးလေ..

အခု လျိုမျိုးနွယ်စုနဲ့ ကျောက်မျိုးနွယ်စုမှာ အသက်ကြီးသူတွေ၊ အမျိုးသမီးတွေနဲ့ အရွယ်မရောက်သေးတဲ့ ယောကျ်ားလေးတွေပဲ ကျန်တော့တာ.. အရင်ထုံးစံတွေအရ သူတို့ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ဝမ်မျိုးနွယ်စုက တစ်ဝက်ဈေးနဲ့ ပြန်ဝယ်လိုက်ဖို့ ငါ အကြံပြုချင်တယ်.. ပြီးရင် လျိုနဲ့ ကျောက် မျိုးနွယ်စုက အသက်ရှင်ကျန်ရစ်သူတွေဟာ အဲဒီငွေကို သုံးပြီး တခြား စီရင်စုကို ပြောင်းရွှေ့၊ အသက်မွေးဝမ်းကျောင်းအတွက် မြေတချို့ ဝယ်ယူပြီး လုံကျိုးစီရင်စုကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ကျိန်ဆိုခိုင်းလိုက်ပေါ့"

ပြောပြီးနောက် လဲ့ယန်ချိုးသည် ဝမ်ရှိုကျဲ့၏ မျက်နှာအမူအရာကို ဂရုတစိုက် အကဲခတ်လိုက်လေသည်။

သူ အံ့အားသင့်သွားရသည်မှာ ဝမ်ရှိုကျဲ့သည် တိတ်ဆိတ်လျက်ပင် ရှိနေပြီး လက်ဖက်ရည်ကို ဆက်လက် သောက်သုံးနေကာ လုံးဝ ဂရုမစိုက်သည့် အသွင် ပေါက်နေခြင်းပင် ဖြစ်ပေသည်။

လဲ့ယန်ချိုးမှာ ဘာလုပ်ရမှန်း မသိဖြစ်သွားသော်လည်း မြို့စောင့်တပ်မှူး တစ်ဦးအနေဖြင့် ဤရှုပ်ထွေးလှသော ကိစ္စရပ်တွင် ဝင်ရောက်ပါဝင်ရမည်သာ ဖြစ်၏။ သူက ဆက်လက် ဖြောင်းဖျလိုက်လေသည်။

"မျိုးနွယ်စုခေါင်းဆောင် ဝမ်.. ကြည့်ပါဦး.. သူတို့တွေက အသက်ကြီးသူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေ အစုအဝေးလေး တစ်ခုပါပဲ.. တခြား စီရင်စုကို ပြောင်းရွှေ့သွားပြီးနောက် အခြေချနိုင်ခဲ့ရင်တောင်မှ သေးငယ်တဲ့ မျိုးနွယ်စုလေး တစ်ခုအဖြစ်ပဲ ရှိနေမှာပါ.. ဒီတစ်သက်တော့ အဆင့်ကိုး မျိုးနွယ်စုအဖြစ် ပြန်လည်ရောက်ရှိလာဖို့ လုံးဝ အခွင့်အရေး မရှိတော့ပါဘူး"

"နောက် နှစ်တစ်ရာ ကြာတဲ့အခါ ဝမ်မျိုးနွယ်စုကို ဘယ်သူမှတောင် မှတ်မိတော့မှာ မဟုတ်ပါဘူး"

"ပြီးတော့ မျိုးနွယ်စုခေါင်းဆောင် ဝမ် အနေနဲ့ ဒီ အသက်ကြီးသူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို မျိုးဖြုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် မင်းတို့ မျိုးနွယ်စုရဲ့ ဂုဏ်သတင်းကို ထိခိုက်စေလိမ့်မယ်"

ဝမ်ရှိုကျဲ့က ရယ်မောလိုက်လေသည်။

"ဟီး ဟီး.. တပ်မှူးလဲ့.. ခင်ဗျားက ကျွန်တော့်ကို အမြဲတမ်း လူဆိုးကြီးဖြစ်အောင် လုပ်နေတာပဲ.. ဒါ သိပ်မမှန်ဘူးနော်.. ရပ်ကွက်ဟောင်းက အိမ်နီးချင်းတွေကို လွမ်းနေရမှာ ဖြစ်ပေမယ့် လျိုနဲ့ ကျောက် မျိုးနွယ်စုတွေ ပြောင်းရွှေ့ချင်တယ်ဆိုရင် အချိန်မရွေး ထွက်သွားလို့ ရပါတယ်.. ဘယ်သူမှ တားဆီးမထားပါဘူး"

လဲ့ယန်ချိုးသည် ဝမ်ရှိုကျဲ့နှင့် ဆက်ဆံရသည်မှာ အလွန်ပင်ပန်းနွမ်းနယ်လာသည်ဟု ခံစားလိုက်ရ၏။ အကယ်၍ သူသာ ဖင်းအန်း ၏ မြို့စောင့်တပ်မှူး မဟုတ်ခဲ့လျှင်၊ လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့ထံမှ ကျေးဇူးများစွာ မခံစားခဲ့ရလျှင် ဤရှုပ်ထွေးသော ကိစ္စရပ်တွင် ပါဝင်ပတ်သက်လိုမည် မဟုတ်ချေ။

မင်းရဲ့ သဘောတူညီချက်မပါဘဲ ဝမ်ရှိုကျဲ့ရယ်.. သူတို့က သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းချပြီး ထွက်ပြေးရဲပါ့မလား။

သူတို့ မျိုးနွယ်စုတွေထဲမှာ လူကြီး လူငယ် အများကြီး ရှိတယ်လေ.. လမ်းခရီးမှာ ဓားပြတွေနဲ့ တွေ့ပြီး အသက်ခံရမှာကို မင်း မကြောက်ဘူးလား။ လဲ့ယန်ချိုးက ဆက်ပြောလိုက်လေသည်။

"ဆယ်ပုံ သုံးပုံ.. သူတို့အတွက် ငါပဲ ဆုံးဖြတ်ပေးလိုက်မယ်.. ဘာပဲဖြစ်ဖြစ် အရင် မှားခဲ့တာက သူတို့ပဲလေ.. သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဝမ်မျိုးနွယ်စုကို မူလတန်ဖိုးရဲ့ ဆယ်ပုံ သုံးပုံနဲ့ ရောင်းချလိမ့်မယ်.. မျိုးနွယ်စုခေါင်းဆောင် ဝမ်.. ငါ့ကို ပြတ်ပြတ်သားသား အဖြေတစ်ခု ပေးပါ.. အဆင်ပြေရင် ပြေတယ်ပေါ့.. မပြေဘူးဆိုရင် ငါ အခုချက်ချင်း ထွက်သွားမယ်၊ မင်းတို့ရဲ့ ရှုပ်ထွေးနေတဲ့ ကိစ္စတွေမှာ ထပ်ပြီး မပါဝင်တော့ဘူး.. နောင် အထက်က အပြစ်တင်လာရင်တောင် ငါ ဝင်မစွက်ဖက်တော့ဘူး"

ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ဝမ်ရှိုကျဲ့သည် လုံလောက်အောင် ဖိနှိပ်ထားပြီးပြီဟု ခံစားလိုက်ရသဖြင့် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။

"တပ်မှူးလဲ့ကတောင် ဖွင့်ပြောလာမှတော့ ခင်ဗျား မျက်နှာကို ထောက်ထားပေးရမှာပေါ့"

လဲ့ယန်ချိုးသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး 'မင်း မျက်နှာသာပေးတဲ့အတွက် ကျေးဇူးပဲ' ဟု တွေးလိုက်လေသည်။ သူ စကားမပြောနိုင်မီ ဝမ်ရှိုကျဲ့က ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော့်မှာ စည်းကမ်းချက် နှစ်ခု ရှိတယ်"

လဲ့ယန်ချိုးက လေးနက်စွာ ပြောလိုက်လေသည်။

"ပြောပါဦး ညီလေး ရှိုကျဲ့.. ငါ အတတ်နိုင်ဆုံး ညှိနှိုင်းပေးပါ့မယ်"

ဝမ်ရှိုကျဲ့က ဆိုလေသည်။

"ပထမအချက်.. သူတို့ ဘယ်ကို ပြောင်းရွှေ့ရမလဲ ဆိုတာကို ဝမ်မျိုးနွယ်စုက ဆုံးဖြတ်မယ်.. အဲဒီက အခြေအနေတွေကိုလည်း ကျွန်တော် အမြဲ စောင့်ကြည့်နေမှာဖြစ်တယ်"

လဲ့ယန်ချိုးက မဆိုင်းမတွ သဘောတူလိုက်လေသည်။

"ဒါ ပြဿနာမရှိပါဘူး.. မျိုးနွယ်စုခေါင်းဆောင် ဝမ်.. သူတို့ကို အသက်ရှင်သန်ဖို့ လမ်းစလေးတော့ ပေးလိုက်ပါ.. အသက်မရှင်နိုင်မယ့် စီရင်စုဆီတော့ မပို့လိုက်ပါနဲ့"

နေရာတစ်ခုကို ကျပန်း သတ်မှတ်ပေးပြီးနောက် ဝမ်ရှိုကျဲ့က ဆက်ပြောလိုက်သည်။

"ဒါဆိုရင် လျိုမျိုးနွယ်စုကို မြောက်ပိုင်း တောင်တန်း စီရင်စုဆီ သွားခိုင်းလိုက်၊ ကျောက်မျိုးနွယ်စုကို တောင်ပိုင်း သဲကန္တာရ စီရင်စုဆီ လွှတ်လိုက်မယ်.. မိုင် ထောင်ဂဏန်းကနေ သောင်းဂဏန်းလောက်ပဲ ဝေးတာပါ.. ဒုတိယအချက်.. အသက် ဆယ့်နှစ်နှစ်ကနေ ခြောက်ဆယ်ကြား ယောကျ်ားတွေ အားလုံး ကျန်ခဲ့ရမယ်.. သူတို့ ဘိုးဘေးတွေရဲ့ အပြစ်အတွက် ပေးဆပ်တဲ့အနေနဲ့ ငါတို့ ဝမ်မျိုးနွယ်စုမှာ ငါးနှစ်တိတိ ကြမ်းတမ်းတဲ့ အလုပ်ကြမ်းတွေကို လုပ်ကိုင်ပေးရမယ်"

လဲ့ယန်ချိုး၏ မျက်နှာမှာ ပျက်ယွင်းသွားလေသည်။ 'ဝမ်ရှိုကျဲ့က တကယ်ကို ရက်စက်လွန်းတယ်' ဟု သူ၏ ရင်တွင်း၌ တွေးလိုက်မိ၏။

ထို လူငယ်များနှင့် ခွန်အားကြီးမားသူများ မပါရှိဘဲ လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့မှာ ဤမျှ ဝေးကွာပြီး စိမ်းသက်လှသော စီရင်စုတွင် အခြေချ နေထိုင်နိုင်ရန် ခက်ခဲလှပေမည်။ ဒေသခံ မျိုးနွယ်စုများ၏ ပစ်မှတ်ထား အနိုင်ကျင့်မှုကို ခံရရန်သာ ရှိပေတော့သည်။ ထို့အပြင် အလုပ်ကြမ်း ငါးနှစ်တိတိ လုပ်ကိုင်ပြီးနောက် ထိုလူငယ်များတွင် ရည်မှန်းချက် တစ်စုံတစ်ရာ ကျန်ရှိနေပါဦးမည်လား။ အာဏာလုပွဲများတွင် ယှဉ်ပြိုင်လိုစိတ်များ မည်သို့လျှင် ရှိနိုင်ပါတော့မည်နည်း။

အားလုံး ပြီးဆုံးသွားပြီ ဖြစ်ပေသည်။

လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့မှာ အခြေခံအားဖြင့် အဆုံးသတ်သွားပြီ ဖြစ်၏။ နောင်တွင် ၎င်းတို့သည် သာမန် ရွှမ်ဝူ မျိုးနွယ်စုလေး တစ်ခု အဖြစ်သာ အများဆုံး ရပ်တည်နိုင်ပေလိမ့်မည်။ နှစ်ပေါင်း ခုနစ်ဆယ် ရှစ်ဆယ် ကြာပြီးနောက်တွင်ပင်၊ အနှစ်တစ်ရာဆိုသည်ကို မဆိုထားနှင့်တော့ ဝမ်မျိုးနွယ်စု သို့မဟုတ် ဖင်းအန်း မြို့နယ်ဆိုသည်ကို မည်သူကမျှ မှတ်မိတော့မည် မဟုတ်ချေ။ မျိုးနွယ်စု ခေါင်းဆောင် အဘိုးအို နှစ်ဦး၏ မျက်နှာများမှာ အလွန်တရာ အရှက်ရစရာ ဖြစ်နေကြလေသည်။

ဝမ်ရှိုကျဲ့၏ မဟာဗျူဟာမှာ သူတို့ ပြန်လည် နာလန်ထူနိုင်မည့် အခွင့်အရေးကို လုံးဝ ပိတ်ဆို့ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။ သူသည် လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့ကို မျိုးပြုန်းသွားစေရန် စီစဉ်နေခြင်း ဖြစ်ပေသည်။ သို့သော် သူတို့ သဘောမတူပါက လျိုမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုမှ လူတစ်ဦးတစ်ယောက်မျှ ဖင်းအန်း မြို့နယ်မှ အသက်ရှင်လျက် ထွက်ခွာနိုင်မည် မဟုတ်သည်မှာ သေချာသလောက်ပင် ဖြစ်၏။ လဲ့ယန်ချိုးက အဆုံးသတ် မှတ်ချက်ချလိုက်လေသည်။

"ထားလိုက်ပါတော့.. ထားလိုက်ပါတော့.. လျိုမျိုးနွယ်စုနဲ့ ကျောက်မျိုးနွယ်စုတွေက မျိုးနွယ်စုခေါင်းဆောင် ဝမ် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ပွင့် ချန်ထားပေးခဲ့တာကိုပဲ ကျေးဇူးတင်သင့်နေပါပြီ.. မျိုးနွယ်စုခေါင်းဆောင်ဝမ်ရဲ့ အစီအစဉ်အတိုင်း ဆက်လုပ်ကြတာပေါ့"

ဤသို့ ပြုလုပ်ခြင်းဖြင့် လဲ့ယန်ချိုးသည် ကွယ်လွန်သွားပြီဖြစ်သော လျိုကျီတိ နှင့် ကျောက်ဘိုကျွင်း တို့အတွက် တရားမျှတမှု ပြုလုပ်ပေးနိုင်ခဲ့ပြီဟု ခံစားလိုက်ရ၏။ မည်သို့ပင်ဆိုစေကာမူ သေဆုံးသွားပြီဖြစ်သော ၎င်းတို့၏ ဘိုးဘေးများအတွက်နှင့် အနာဂတ်တွင် တောက်ပမည့် ဝမ်ရှိုကျဲ့အား အပြစ်ပြုရန် မဖြစ်နိုင်ပေ မဟုတ်ပါလော။

အဘိုးအို နှစ်ဦးမှာ စိတ်ပျက်လက်ပျက် ဖြစ်နေကြသော်လည်း ဤအချိန်တွင် ၎င်းတို့၏ ကံကြမ္မာကို ကိုယ်တိုင် ဆုံးဖြတ်ခွင့် မရှိတော့ချေ။ တစ်ချိန်တည်းမှာပင် သူတို့သည် ဝမ်ရှိုကျဲ့အား ဦးညွှတ်လိုက်ကြလေသည်။

"ဟုတ်ကဲ့ပါ အရှင်လဲ့.. ကျွန်တော်တို့ရဲ့ အသက်တွေကို ချမ်းသာပေးတဲ့အတွက် မျိုးနွယ်စုခေါင်းဆောင် ဝမ် ကို ကျေးဇူးတင်ပါတယ်"

ဝမ်ရှိုကျဲ့က ဧည့်သည်များကို လက်ဖက်ရည် တိုက်ကျွေးကာ လိုက်ပို့ရင်း ပြောလိုက်သည်။

"ဒီလိုဆိုမှတော့ အရှင်လဲ့ကို ညစာစားဖို့အတွက် ကျွန်တော် ဆက်ပြီး မဆိုင်းထားတော့ပါဘူး"

လဲ့ယန်ချိုးသည် ကျန်ရစ်သော မျိုးနွယ်စု ခေါင်းဆောင် အဘိုးအို နှစ်ဦးကို ဦးဆောင်ကာ ပြုံးလျက် လက်အုပ်ချီ နှုတ်ဆက်လိုက်လေသည်။

"မျိုးနွယ်စုခေါင်းဆောင် ဝမ် ကို အနှောင့်အယှက် ပေးမိသွားပြီ.. ငါတို့ ပြန်ခွင့်ပြုပါဦး"

သူတို့ ပင်မ ခန်းမဆောင်၏ ဝင်ပေါက်သို့ ရောက်သောအခါ ဝမ်ရှိုကျဲ့ထံမှ နောက်ထပ် စကားတစ်ခွန်းက သူတို့၏ နားထဲသို့ ရောက်ရှိလာလေသည်။

"အရှင်လဲ့.. ခင်ဗျား မထွက်သွားခင် သူတို့ရဲ့ အဆင့်ကိုး မျိုးနွယ်စု တံဆိပ်တုံးတွေကို သိမ်းယူဖို့ မမေ့နဲ့ဦးနော်.. တချို့ မျိုးနွယ်စုတွေက ဟန်လုပ်နေကြရုံပါ.. အခွင့်အရေး ပေးလိုက်ရင်တောင် အဆင့်အတန်း တစ်ခုကို ရောက်မလာနိုင်ကြဘူးလေ"

လဲ့ယန်ချိုးမှာ အံ့အားသင့်သွားပြီး အလျင်အမြန်ပင် လက်အုပ်ချီလိုက်ကာ ပြန်ပြောလိုက်လေသည်။

"သေချာတာပေါ့.. သေချာတာပေါ့.. မျိုးနွယ်စုခေါင်းဆောင် ဝမ် ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ပါ့မယ်"

လဲ့ယန်ချိုး ရထားလုံးပေါ်သို့ ရောက်ရှိသွားပြီးနောက် ဖင်းအန်း မြို့နယ်ရှိ ဝမ်မျိုးနွယ်စု၏ ခြံတံခါးကြီး တဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြည့်ကာ သက်ပြင်းရှည်ကြီးကို မချဘဲ မနေနိုင်တော့ချေ။

"ဒီနေ့ကစပြီး ဖင်းအန်း မြို့နယ်ကို ဝမ်မျိုးနွယ်စုက လွှမ်းမိုးသွားတော့မှာပဲ"

လဲ့ယန်ချိုး မသိလိုက်သောအရာမှာ သူတို့ ထွက်ခွာသွားပြီးနောက်ပိုင်းတွင်။

ဝမ်ရှိုကျဲ့သည် သူ၏ စနစ် မှတ်စုစာအုပ်ကို ပေါ့ပေါ့ပါးပါးပင် ထုတ်ယူလိုက်ပြီး ဂုဏ်သတင်း ကဏ္ဍတွင် တရားဝင် ပြောင်းလဲမှုများကို ပြုလုပ်လိုက်ခြင်းပင် ဖြစ်ပေသည်။

【မျိုးနွယ်စု ဂုဏ်သတင်း】:【ကျေးရွာ ဂုဏ်သတင်း (၁၀၀) လက်တစ်ဖက်တည်းဖြင့် လွှမ်းမိုးခြင်း】

......

All Chapters