အခန်း ၁၂၄
Vol. 13 Ch. 124
အခန်း ၁၂၄။ ရွှင်လန်းဖွယ်ရာ….. ခမ်းနားကြီးကျယ်မှု….. ဖီးနစ်ငှက်တို့၏ တေးသံသာ
ရွှေတစ်သောင်းတန် နာမည်ကြီးမြင်း.. ခြေလေးဖက်ဖြူသည့် မီးတောက်မြင်း….
လူအများစုသည် ၎င်းတို့၏ တစ်သက်တာတွင် ဤမျှတန်ဖိုးကြီးမားသော မြင်းတစ်ကောင်အကြောင်းကို ကြားဖူးရန်ပင် ခဲယဉ်းလှပေသည်။ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခွင့်ရရန် ဆိုသည်မှာ ပို၍ပင် ဝေးကွာလှ၏။
သို့သော် ဤအချိန်တွင်မူ လူတစ်ထောင်မကသော ပရိသတ်ကြီးမှာ ချက်ချင်းပင် အုတ်အော်သောင်းနင်း ဖြစ်သွားကြလေသည်။ ဤသည်မှာ မွန်မြတ်သော မျိုးနွယ်စုတစ်ခုမှ မျိုးနွယ်စုခေါင်းဆောင်ငယ် တစ်ဦး၏ မင်္ဂလာဆောင်အတွက် စံသတ်မှတ်ချက်ပင် ဖြစ်ပေသည်။ အမှန်တကယ်ပင် ခမ်းနားထည်ဝါလှ၏။ သခင်မလေး ရွဲ့လန်၏ အနာဂတ် မိသားစုမှာ သာမန်မဟုတ်ကြောင်း ပေါ်လွင်နေပေသည်။ သတို့သားမှာ မည်သို့ပင် ကြည့်စေကာမူ အမြင်အာရုံတွင် ပိုမို ကြည့်ကောင်းနေပြီး တောက်ပနေသကဲ့သို့ ရှိနေပေသည်။
တစ်ချိန်တည်းမှာပင် ဝမ်ရှိုကျဲ့၏ မင်္ဂလာယာဉ်တန်းကြီးသည် မုခ်ဦးဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာလေသည်။ ယာဉ်တန်း၏ ရှေ့ဆုံးတွင် ဝမ်ရှိုကျဲ့ ရှိနေပြီး သူ၏နောက်တွင် ခမ်းနားထည်ဝါသော မင်္ဂလာဝတ်စုံများကို ဆင်မြန်းထားပြီး အရပ်မြင့်မြင့် မြင်းကြီးများကို စီးနင်းလာကြသော ဆွေမျိုးများ လိုက်ပါလာကြသည်။ ဝမ်ရှိုကျဲ့အပြင် အထင်ရှားဆုံး လူတစ်ဦးမှာ ချန်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ငယ် ချန်ဖန်ကျယ်ပင် ဖြစ်ပေသည်။
လွန်ခဲ့သော တစ်နှစ်တာ ကာလအတွင်း ချန်ဖန်ကျယ်သည် အလွန် နာမည်ကြီးနေခဲ့၏။ ပထမဦးစွာ သူ၏ဖခင်ဖြစ်သူ ချန်တီဝေသည် နှစ်ပေါင်းများစွာ အားထုတ်မှုများနောက်တွင် ဝိညာဉ်ပလ္လင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ ထို့နောက် သူသည် ဝမ်မျိုးနွယ်စု၏ သမီးအကြီးဆုံး ဝမ်လော်ရီနှင့် လက်ထပ်ခဲ့သည်။ သူသည် ဂုဏ်ယူဝင့်ကြွားမှုများနှင့် ကျေနပ်အားရမှုများ ပြည့်နှက်နေပေသည်။
ဝမ်ရှိုကျဲ့၏ ယောက်ဖ တစ်ယောက်အနေဖြင့် ချန်ဖန်ကျယ်သည် မင်္ဂလာပွဲတွင် ကူညီလုပ်ကိုင်ပေးရန် သဘာဝကျစွာပင် တာဝန်ရှိပေသည်။ ထို့ကြောင့် သူသည် သတို့သမီးကို သွားရောက်ကြိုဆိုရမည့် အရေးကြီးသော တာဝန်ကို ယူထားရခြင်း ဖြစ်၏။
သို့သော် ဝမ်ရှိုကျဲ့၏ ဝတ်စားဆင်ယင်မှုမှာ အမှန်တကယ်ပင် ခမ်းနားလွန်းလှပြီး သူ၏ မင်္ဂလာပွဲထက်ပင် များစွာ သာလွန်နေပေသည်။ လူတို့သည် အမြဲတမ်း နှိုင်းယှဉ်ခံရမည်ကို ကြောက်ရွံ့တတ်ကြသည် မဟုတ်ပါလော။
"ယောက်ဖသုံး"
ချန်ဖန်ကျယ်သည် သူ၏ မြင်းကြီးကို စီးနင်းကာ သူ့ဘာသာ ရေရွတ်နေစဉ် သူနှင့်ယှဉ်၍ မြင်းစီးလာသော ရှို မျိုးဆက်၏ တတိယမြောက်ဖြစ်သူ ဝမ်ရှိုနော်က သက်ပြင်းချကာ ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်လတုန်းက အစ်ကိုတို့ မင်္ဂလာပွဲကို သွားတုန်းကဆိုရင် အစ်ကိုက ကျွန်တော် မြင်ဖူးသမျှထဲမှာ အရုပ်အချောဆုံးနဲ့ အခမ်းနားဆုံး သတို့သားလို့ ထင်ခဲ့တာ.. အခု ရှိုကျဲ့နဲ့ ယှဉ်လိုက်တော့.. ဟူး.."
ချန်ဖန်ကျယ်၏ မျက်နှာမှာ ညိုမည်းသွားလေသည်။
"ဝမ်ရှိုနော်.. မင်းက ဘာလို့ နာကျင်စရာ အတိတ်တွေကို လာပြောနေရတာတုန်း"
သူ၏ ရေခဲ ဝိညာဉ် ပိုးသားဝတ်ရုံမှာ မခမ်းနားခဲ့ဘူးလား။ ကောင်းပြီလေ.. ရှိုကျဲ့၏ ဝတ်စုံနှင့်တော့ အမှန်တကယ် မယှဉ်နိုင်ခဲ့ချေ။ သို့သော် ထိုအချိန်က နွေရာသီ ဖြစ်နေသည်လေ။ အကယ်၍ သူသာ ရွှေနှင့် မီး ဓာတ်နှစ်မျိုးပါသည့် ပိုးသားဝတ်ရုံကို ဝတ်ဆင်ခဲ့ပါက အပူလောင်၍ သေဆုံးသွားမည် မဟုတ်ပါလော။ ချန်ဖန်ကျယ်မှာ ရင်တွင်း၌ ညည်းညူနေသော်လည်း အပြင်ပန်းတွင်မူ ရယ်မောကာ ပြန်ပြောလိုက်သည်။
"ရှိုနော်.. မင်း အသက် နှစ်ဆယ့်တစ်နှစ် ရှိနေပြီ မဟုတ်လား.. မငယ်တော့ဘူးနော်.. ဘာလို့ အခုထိ အိမ်ထောင်မပြုသေးတာတုန်း.. ဪ.. ပြီးခဲ့တဲ့ အချိန်တုန်းက မင်း တိုက်ရိုက်မျိုးဆက်တွေရဲ့ ဆောင်းဦးရာသီ လူပျိုအပျို တွေ့ဆုံပွဲကို သွားခဲ့တယ်လို့ ငါတို့ ချန်မျိုးနွယ်စုက ညီမလေးတွေ ပြောတာ ကြားလိုက်သေးတယ်"
ယခုတစ်ကြိမ် မျက်နှာညိုမည်းသွားသူမှာ ဝမ်ရှိုနော် ဖြစ်ပေသည်။
"ယောက်ဖသုံး.. ခင်ဗျား ကျုပ်ကို နောက်ကျော ဓားနဲ့ထိုးတာပဲ.. အဲဒီ တွေ့ဆုံပွဲဆိုတာကလည်း အကြီးစား ကြွားလုံးထုတ်ပွဲကြီး တစ်ခုထက် မပိုပါဘူး.. သူက အဲဒီလိုမျိုး တစ်ခါမှ မကြုံဖူးတော့ နောက်ဆုံး ရလဒ်က..."
သို့သော် ထို တိုက်ရိုက်မျိုးဆက်မှ မိန်းကလေးများမှာ ဝမ်ရှိုကျဲ့ကို အတော်လေး စိတ်ဝင်စားပုံရ၏။ သူတို့သည် ရှိုကျဲ့အကြောင်းကိုသာ ဆက်တိုက် မေးမြန်းနေခဲ့ကြသည်။ နောက်ဆုံးတွင် သူက ပြုံး၍သာ ပြန်ပြောနိုင်ခဲ့သည်။
"ကျွန်တော်က အတွေ့အကြုံ ရအောင်လို့ သွားကြည့်ရုံပါ.. လတ်တလော မိသားစု ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ အချစ်ရေးအတွက် အချိန်မရှိသေးပါဘူး.. အစ်မလော်ရီကို လက်ထပ်ဖို့ ရွှေတစ်ထောင်တန် မြင်းကြီး စီးလာတဲ့ ယောက်ဖသုံး လိုတော့ မဟုတ်ဘူးပေါ့"
ချန်ဖန်ကျယ်၏ မျက်နှာမှာ ထပ်မံ ညိုမည်းသွားပြန်ပြီး ရင်တွင်း၌ ညည်းညူလိုက်မိလေသည်။ ရွှေတစ်ထောင်တန် မြင်းက ဘာဖြစ်နေလို့လဲ.. ဒါက အမြင့်ဆုံး အဆင့်အတန်း တစ်ခုပဲလေ.. ပြီးတော့ ငါ့ရဲ့ ထူးခြားတဲ့ မြင်းက ရွှေတာရာ သုံးထောင်တောင် တန်တာ။ လူတိုင်းက ဝမ်ရှိုကျဲ့လိုမျိုး ချမ်းသာနေမယ်လို့ မင်း ထင်နေတာလား။
ထို့နောက် သူတို့နှစ်ဦးမှာ စတင် ရယ်မောလိုက်ကြလေသည်။ တစ်ယောက်ကို တစ်ယောက် ဓားနှင့်ထိုးကာ ထိုလုပ်ငန်းစဉ်ကို နှစ်သက်သဘောကျနေကြသော်လည်း သူတို့၏ ရင်တွင်း၌မူ သွေးများ ယိုစီးနေကြပေသည်။ ရှေ့ဆုံးမှ သွားနေသော ဝမ်ရှိုကျဲ့သည် လှည့်ကြည့်ကာ ပြောလိုက်သည်။
"အစ်ကိုသုံး.. ယောက်ဖ.. တော်ကြပါတော့.. လက်ဖွဲ့ငွေ သေတ္တာတွေ ယူလာခဲ့ကြ"
"ရှိုယုံး.. ရှိုလျန်.. လက်ဖွဲ့ငွေ သေတ္တာတွေ ယူလာခဲ့ကြ"
ဝမ်ရှိုနော်က အလျင်အမြန် အော်ဟစ်လိုက်လေသည်။
ထို့နောက် ညီငယ်များဖြစ်ကြသော ပဉ္စမမြောက် ဝမ်ရှိုယုံးနှင့် ဆဋ္ဌမမြောက် ဝမ်ရှိုလျန်တို့မှာ စကားနားထောင်စွာဖြင့် မြင်းပေါ်မှဆင်းကာ ရထားလုံးဆီသို့ ပြေးသွားကြသည်။ သူတို့သည် ဝမ်ရှိုကျဲ့ထံသို့ သေတ္တာကြီး တစ်လုံးစီကို သယ်ဆောင်လာပြီး ဖွင့်ပြလိုက်ကြ၏။
သေတ္တာတစ်လုံး အတွင်း၌ အသေးစား ရွှေဒင်္ဂါးပြားများ အပြည့်ပါရှိသည်။ အခြား သေတ္တာတစ်လုံး အတွင်း၌မူ ဆီစိမ်စက္ကူများဖြင့် ထုပ်ပိုးကာ သေသပ်စွာ စီရီထားသော မုယောသကြားလုံးများ အပြည့် ပါရှိပေသည်။
တစ်နှစ်တာ ကာလ ကုန်လွန်သွားခဲ့ပြီဖြစ်ရာ မိသားစု၏ ကောင်လေးနှစ်ယောက်ဖြစ်သော ရှိုယုံးနှင့် ရှိုလျန်တို့မှာလည်း များစွာ ကြီးပြင်းလာခဲ့ကြလေပြီ။ သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ လျင်မြန်စွာ တိုးတက်လာရုံသာမက သူတို့၏ ခန္ဓာကိုယ်များမှာလည်း လူကြီးပေါက်စလေးများကဲ့သို့ ပိုမို သန်စွမ်းတောင့်တင်းလာကြပေသည်။
လက်ဖွဲ့ငွေ သေတ္တာများကို သယ်ဆောင်လာသော ဝမ်မျိုးနွယ်စု၏ မင်္ဂလာယာဉ်တန်းကြီးကို မြင်လိုက်ရသည်နှင့် လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းအုံလာကြလေသည်။ ဝမ်မျိုးနွယ်စုသည် အမှန်တကယ်ပင် သဘောထားကြီးမားလှပေသည်။ လက်ဖွဲ့ငွေ သေတ္တာ နှစ်လုံးတောင် ပြင်ဆင်လာခဲ့သည် မဟုတ်ပါလော။
ဝမ်ရှိုကျဲ့သည် ဓလေ့ထုံးစံအတိုင်း မြင်းပေါ်မှဆင်းကာ လက်တစ်ဖက်စီတွင် ရွှေဒင်္ဂါးပြားများနှင့် မုယောသကြားလုံးများကို တစ်ဆုပ်စီ ဆုပ်ကိုင်လိုက်ပြီး ရှန်းယင် မှ စောင့်ကြည့်နေသူများကို ဦးညွှတ်လိုက်သည်။
"ကျွန်တော် ဝမ်ရှိုကျဲ့.. ဝမ်မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ပါ.. လျိုမျိုးနွယ်စုရဲ့ မွန်မြတ်တဲ့ သမီးတော်ကို လက်ထပ်ဖို့ ရှန်းယင် ကို ရောက်လာတာပါ.. အားလုံးရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
ထိုသို့ပြောပြီးနောက် သူသည် ရွှေဒင်္ဂါးပြားများနှင့် မုယောသကြားလုံးများကို လူအုပ်ထဲသို့ ပစ်ကျွေးလိုက်ရာ ရှန်းယင် မှ လူများမှာ ချက်ချင်းပင် လုယက်ကောက်ယူကြတော့သည်။ အထူးသဖြင့် မုယောသကြားလုံးများမှာ အလွန် ဈေးကြီးပေသည်။ ဒင်္ဂါးပြား သုံးလေးပြားခန့်ဖြင့် သကြားလုံး အတုံးသေးသေးလေး တစ်တုံးသာ ဝယ်ယူနိုင်၏။ သာမန် မိသားစု အများစုအတွက် မုယောသကြားလုံး ဆိုသည်မှာ ဇိမ်ခံပစ္စည်း တစ်ခု ဖြစ်ပေသည်။
"ဝမ်မျိုးနွယ်စုက တကယ် လက်ဖွာတာပဲ.. မုယောသကြားလုံးတွေကိုတောင် ပစ်ကျွေးနေတယ်.. ငါတို့ သခင်မလေး ရွဲ့လန် ကို လက်ထပ်မယ့် မျိုးနွယ်စုခေါင်းဆောင်ကို ငါတို့ အပြည့်အဝ ထောက်ခံတယ်"
"သခင်မလေး ရွဲ့လန် နဲ့ မျိုးနွယ်စုခေါင်းဆောင် ဝမ် က တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲပါပဲ.. ရွှေနဲ့ မြအလား ထပ်တူကျပါတယ်"
"မျိုးနွယ်စုခေါင်းဆောင် ဝမ် နဲ့ သခင်မလေး ရွဲ့လန် တို့ သားသမီးရတနာ အမြန်ရပါစေလို့ ဆုတောင်းပေးပါတယ်"
ရွာသူရွာသားများသည် အမျိုးမျိုးသော မင်္ဂလာစကားများကို ပြောဆိုကြလေသည်။ အသံအကျယ်ဆုံး နေရာများသို့ ဝမ်ရှိုကျဲ့က ပစ်ကျွေးလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်တရက် အလွန် စည်ကားသိုက်မြိုက်သွားတော့သည်။ ထို့နောက် ဝမ်ရှိုကျဲ့၊ ချန်ဖန်ကျယ်နှင့် ညီငယ်များအားလုံးမှာ အဖွဲ့ထဲသို့ ဝင်ရောက်လာပြီး သကြားလုံးများ ပစ်ကျွေးခြင်းကို အရှိန်မြှင့်လိုက်ကြရာ မြင်ကွင်းမှာ အလွန် အသက်ဝင်ကာ ခမ်းနားသွားလေသည်။
ဤသည်မှာ ရွှမ်ဝူ လောကရှိ ထူးခြားသော ဓလေ့ထုံးစံများထဲမှ တစ်ခုပင် ဖြစ်ပေသည်။
မည်သည့် မိသားစုက သမီးကို ပေးစားသည်ဖြစ်စေ အားလုံးက ကြီးကျယ်ခမ်းနားပြီး စည်ကားသိုက်မြိုက်စေချင်ကြသည်။ ပို၍ စည်ကားလေလေ၊ မင်္ဂလာပွဲ၏ ခမ်းနားမှုနှင့် အနာဂတ်ဘဝ၏ ပျော်ရွှင်မှုတို့ကို ပိုမို ကိုယ်စားပြုလေလေ ဖြစ်ပေသည်။ ဝမ်ရှိုကျဲ့က ပို၍ စည်ကားအောင် လုပ်လေလေ၊ လျိုမျိုးနွယ်စုအတွက် ဂုဏ်သတင်း ပိုမို တက်လေလေ ဖြစ်ပေသည်။
မုယောသကြားလုံးများမှာ ရှားပါးသော စားစရာဖြစ်ရာ ကလေးများသာမက လူကြီးများပါ လုယက်ကောက်ယူနေကြ၏။ သို့သော် အားလုံးမှာ ရွာတစ်ရွာတည်းမှ ဖြစ်သဖြင့် စည်းကမ်းတကျ ရှိနေဆဲဖြစ်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်း မရှိချေ။
ရုတ်တရက်….
သူမ အနှစ်သက်ဆုံး မုယောသကြားလုံးကို အကြိမ်ကြိမ် လုယူရန် ကြိုးစားသော်လည်း မရခဲ့သော အသက် ခုနစ်နှစ် ရှစ်နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသည် မြေပြင်ပေါ်တွင် ထိုင်ချကာ ငိုကြွေးတော့သည်။ ဝမ်ရှိုကျဲ့သည် ချက်ချင်းပင် ပြေးသွားကာ ထိုမိန်းကလေးငယ်ကို ထူပေးလိုက်ပြီး သူမ၏ လက်ထဲသို့ မုယောသကြားလုံး တစ်ဆုပ် အပြည့် ထည့်ပေးလိုက်လေသည်။ မိန်းကလေးငယ်သည် ဝမ်းသာအားရ ငိုကြွေးရင်း ဝမ်ရှိုကျဲ့အား ဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် သတို့သား အစ်ကို.. အစ်ကို နဲ့ သတို့သမီး အစ်မ တို့ သားသမီးလေးတွေ အမြန်ရပါစေလို့ ဆုတောင်းပေးပါတယ်.. ကလေးတွေ အများကြီး မွေးနိုင်ပါစေ.. အားလုံးလည်း အစ်ကို့လို ချောမောလှပကြပါစေ"
တကယ်ကို ကောင်းမွန်လှတဲ့ မင်္ဂလာစကားလေးပါလား။ ဝမ်ရှိုကျဲ့မှာ အလွန် သဘောကျသွားပြီး သူမကို နောက်ထပ် တစ်ဆုပ် ထပ်ပေးလိုက်လေသည်။
ထို့နောက်တွင်တော့ သူသည် ဝိုင်းရံခြင်း ခံလိုက်ရလေတော့သည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ညီငယ်များသည် သေတ္တာများကို ကိုင်ဆောင်ကာ သူ့ကို လာရောက် ကယ်တင်ပေးခဲ့ကြ၏။ ဤစိတ်လှုပ်ရှားဖွယ် အခြေအနေမှာ နှစ်မောင်းခန့် (နာရီဝက်ခန့်) ကြာမြင့်ခဲ့ပေသည်။
ထိုအချိန်တွင် ဝမ်ရှိုကျဲ့အား ကြိုဆိုရန် အထူးစောင့်ဆိုင်းနေခဲ့ကြသော လျိုမျိုးနွယ်စုဝင်များသည် ဤအစီအစဉ်ကို အဆုံးသတ်ရန် ထွက်လာကြလေသည်။
"ဒီလောက်ဆို ရပါပြီ.. သတို့သားရဲ့ အချိန်အခါကောင်းကို မနှောင့်နှေးစေနဲ့တော့"
လျိုမျိုးနွယ်စု၏ ဩဇာအာဏာမှာ အလွန် ကြီးမားလှပေသည်။ ရွာသူရွာသားများသည် ချက်ချင်းပင် ကျေနပ်အားရစွာ နောက်ဆုတ်သွားကြပြီး လမ်းဖယ်ပေးလိုက်ကြ၏။ လျိုမျိုးနွယ်စုဝင် တစ်ဦးက ရှေ့သို့တက်ကာ ဝမ်ရှိုကျဲ့အား ပြုံးလျက် ဦးညွှတ်လိုက်သည်။
"ငါက လျိုမျိုးနွယ်စုရဲ့ လူကြီးမျိုးဆက်ထဲက သတ္တမမြောက် ဖြစ်တဲ့ လျိုကောင်းယွမ် ပါ.. ဒီလောက် အဝေးကြီးကနေ လာခဲ့ရတာ မင်းအတွက် ပင်ပန်းနေလောက်ပြီ ရှိုကျဲ့.. မဏ္ဍပ်ထဲ သွားပြီး လက်ဖက်ရည်ချိုချိုလေး သောက်ရင်း ခဏ နားကြရအောင်"
"ဪ.. ဦးလေးခုနစ် ကိုး"
ဝမ်ရှိုကျဲ့က အလျင်အမြန်ပင် ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။
"ဦးလေးခုနစ် ကိုယ်တိုင် လာရောက် ကြိုဆိုပေးတာ ရှိုကျဲ့ အရမ်း အားနာမိပါတယ်"
ကျန်ရှိနေသော မျိုးဆက်သစ် လူငယ်များသည်လည်း ရှေ့သို့ထွက်ကာ ရိုသေစွာ နှုတ်ဆက်ကြလေသည်။ တစ်ချိန်တည်းမှာပင် မင်္ဂလာယာဉ်တန်းမှ အကြီးအကဲ သုံးဦးဖြစ်သော ရှန်းယန် ကုန်းစွန်းမျိုးနွယ်စုမှ ကုန်းစွန်းချန်၊ ယင်းရှိုး လုမျိုးနွယ်စုမှ လုကျန်းကျယ်နှင့် ဖင်းအန်း ဝမ်မျိုးနွယ်စုမှ ဝမ်တင့်ကျူ တို့သည်လည်း ရှေ့သို့ထွက်ကာ လျိုကောင်းယွမ်အား ရိုသေစွာ နှုတ်ဆက်ကြလေသည်။ ပထမ နှစ်ဦးမှာ ဝမ်ရှိုကျဲ့၏ ဦးလေးများဖြစ်ကြပြီး ဝမ်တင့်ကျူမှာ သူ၏ ဦးလေးသုံး ဖြစ်ပေသည်။ မိခင်ဘက်မှ ဆွေမျိုးများနှင့် ဖခင်ဘက်မှ ဆွေမျိုးများ နှစ်ဖက်စလုံးမှ အကြီးအကဲများ ပါဝင်နေသဖြင့် အဖွဲ့အစည်းမှာ အတော်လေး ပြည့်စုံလှပေသည်။
တစ်ချိန်တည်းမှာပင် ဝမ်တင့်ကျူသည် အဖွဲ့ကို ကိုယ်စားပြု၍ လျိုကောင်းယွမ်နှင့် သူ၏ အဖွဲ့အား အနီရောင် စာအိတ်များ ပေးအပ်လိုက်လေသည်။ လမ်းပြပေးသော လျိုကောင်းယွမ်အတွက် စာအိတ်မှာ ရွှေတာရာ နှစ်ဆယ် ပါဝင်သော အနီရောင် စာအိတ်ကြီး ဖြစ်ပေသည်။ လျိုမျိုးနွယ်စုက အထူးပြင်ဆင်ထားသော ဗုံနှင့် တေးဂီတ အဖွဲ့သည် ပျော်ရွှင်ဖွယ် မင်္ဂလာတေးသီချင်းများကို စတင် တီးခတ်လိုက်ရာ မြင်ကွင်းမှာ အလွန် စည်ကားသိုက်မြိုက်သွားလေတော့သည်။
အားလုံး လက်ဖက်ရည် သောက်သုံးပြီး ခဏတာ အနားယူပြီးနောက်။ ဦးလေးငယ်ဖြစ်သူ လုကျန်းကျယ် က ထွက်လာပြီး ပြောလိုက်သည်။
"အစ်ကိုလျို.. အချိန်လည်း တော်တော်လေး လင့်နေပြီဆိုတော့ ရှေ့ကနေ လမ်းပြပေးပါဦး"
သတို့သမီးကို သွားရောက်ကြိုဆိုပြီး ဝမ်မျိုးနွယ်စုသို့ အပြန်ခရီးစဉ်အတွက် အချိန်မှာ အတော်လေး ကျပ်တည်းလှပေသည်။ ကြီးမားသော အနီရောင် စာအိတ်ကြီးကို လက်ခံရရှိထားသော လျိုကောင်းယွမ်သည် သဘာဝကျစွာပင် အခက်အခဲ မဖြစ်စေဘဲ ချက်ချင်း အော်ဟစ်လိုက်လေသည်။
"သတို့သားကို ခေါ်လာခဲ့ကြ"
ထို့နောက် လျိုမျိုးနွယ်စုဝင်များက ရှေ့မှဦးဆောင်၍ လမ်းရှင်းပေးကာ မင်္ဂလာယာဉ်တန်းကြီးက နောက်မှ လိုက်ပါသွားကြလေသည်။ သူတို့၏ နောက်တွင်ရော၊ ဘေးပတ်လည်တွင်ပါ စောင့်ကြည့်သူများ ပိုမိုများပြားစွာ လိုက်ပါလာကြပြီး မြင်ကွင်းမှာ အလွန် စည်ကားသိုက်မြိုက်ကာ ခမ်းနားလှပေသည်။
လျိုမျိုးနွယ်စု၏ ပင်မစံအိမ်သို့ ငါးမိုင်ခန့် အလိုသို့ ရောက်ရှိသောအခါ လမ်းကို ကျယ်ပြန့်ခိုင်ခံ့သော ကျောက်စိမ်းပြာပြားများဖြင့် ခင်းကျင်းထားသည်ကို တွေ့ရသည်။ ဤအချိန်တွင် စောင့်ကြည့်သူများ ပိုမို များပြားလာပြီး အခြေအနေမှာ မစည်ကားသေးကြောင်း အော်ဟစ်လာကြရာ နောက်ဘက်မှ ဗုံနှင့် တေးဂီတ အဖွဲ့က စတင် တီးခတ်လေတော့သည်။ သူတို့သည် လျိုမျိုးနွယ်စု၏ ခြံတံခါးဝသို့ ဝင်ရောက်တော့မည် ဖြစ်သော်လည်း အခြေအနေကို စည်ကားစေမည့် အစီအစဉ် မရှိသေးခြင်းမှာ စည်းကမ်းနှင့် မကိုက်ညီလှချေ။
အဖွဲ့ထဲမှ ကုန်းစွန်းချန်နှင့် လုကျန်းကျယ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ စင်ပေါ်သို့ တက်ရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း သိလိုက်ကြ၏။
သတို့သမီး သွားရောက်ကြိုဆိုသည့် အစီအစဉ်တွင် များသောအားဖြင့် မိခင်ဘက်မှ ဦးလေးများက တူဖြစ်သူကို ထောက်ခံအားပေးရန် ရှေ့ထွက်လာလေ့ ရှိကြသည်။ သို့သော် ဝမ်ရှိုကျဲ့မှာ အနည်းငယ် ထူးခြားနေပြီး မိခင်ဘက်မှ ဆွေမျိုး နှစ်အုပ်စု ရှိနေပေသည်။
မင်္ဂလာပွဲ မတိုင်မီ လအတော်ကြာကတည်းက ထိုဆွေမျိုး နှစ်အုပ်စုမှာ ဤအစီအစဉ်နှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြပေသည်။ အကြောင်းရင်းမှာ သေချာပေါက်ပင် ဘိုးဘေးနှစ်ဦးက ဦးစွာ အငြင်းပွားခဲ့ကြသောကြောင့် ဖြစ်၏။
ဘိုးဘေးမင်ရှန်းနှင့် ဘိုးဘေးမန်တို့သည် မည်သူက ရှိုကျဲ့၏ အစစ်အမှန် မိခင်ဆွေမျိုးဖြစ်ကြောင်းကို စကားဖြင့်ရော၊ လုပ်ရပ်ဖြင့်ပါ ပေါ်ပေါ်ထင်ထင် တစ်မျိုး၊ တိတ်တဆိတ် တစ်ဖုံ အမြဲ ယှဉ်ပြိုင်နေခဲ့ကြပေသည်။ ယခုအခါ မိသားစု တစ်စုတွင် သွေးဆက် ရှိနေပြီး အခြား မိသားစု တစ်စုတွင် ဖြောင့်မတ်မှန်ကန်မှု ရှိနေလေပြီ။
သဘာဝကျစွာပင် မည်သူကမျှ အညံ့မခံလိုကြချေ။ ထို့ကြောင့် ဤနေရာတွင် မြင်ကွင်းမှာ ရုတ်တရက် ရှည်ကြာသွားခဲ့လေတော့သည်။
"မင်္ဂလာတေးဂီတကို တီးခတ်ကြလော့"
မလာမီက ဘိုးဘေးမင်ရှန်း၏ ကိုယ်တိုင် သင်ကြားလမ်းညွှန်မှုများကို ရရှိထားခဲ့သော လုကျန်းကျယ်က သူ သေချာစွာ ပြင်ဆင်ထားသည့် ဗုံနှင့် တေးဂီတ အဖွဲ့ကို စတင် တီးခတ်စေလိုက်သည်။ ချက်ချင်းပင် ဗုံသံ၊ မောင်းသံများ ထွက်ပေါ်လာလေသည်။ ပတ်ဝန်းကျင် အခြေအနေမှာ ချက်ချင်းပင် စည်ကားသိုက်မြိုက်သွားပြီး စောင့်ကြည့်နေသူများအားလုံးက အားပေးထောက်ခံကြောင်း အော်ဟစ်လိုက်ကြ၏။
"ဒီလောက်လေးပဲလား"
ထို့အတူ ဘိုးဘေးမန်၏ ညွှန်ကြားချက်များကို ရရှိထားခဲ့သော ကုန်းစွန်းချန်ကလည်း အထင်သေးသော အမူအရာဖြင့် ပြောလိုက်သည်။
"ကျွန်တော် ပြောပါရစေ အစ်ကိုလု ရယ်.. ခင်ဗျားရဲ့ တူကို ထောက်ခံအားပေးတဲ့နေရာမှာ ဒီထက်နည်းနည်းလောက် ပိုပြီး စဉ်းစားဉာဏ် ရှိလို့ မရဘူးလား"
ထိုသို့ပြောပြီးနောက် ကုန်းစွန်းချန်က လက်ခုပ်တီးလိုက်လေသည်။ ထို့နောက် ယာဉ်တန်း၏ အဆုံးမှ အဖွဲ့ငယ်လေး တစ်ဖွဲ့ စတင် လှုပ်ရှားလာသည်။ သူတို့သည် သေချာစွာ ဝတ်ဆင်ထားသော ကျွမ်းဘားအဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး ကျွမ်းထိုးခြင်း၊ ကခုန်ခြင်းနှင့် ရံဖန်ရံခါ မီးမှုတ်ခြင်း အစီအစဉ်များကိုပါ ဖျော်ဖြေတင်ဆက်ကြလေသည်။ မြင်ကွင်းမှာ အမှန်တကယ်ပင် စည်ကားလှပြီး ပရိသတ်၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားနိုင်ခဲ့ပေသည်။ လျိုမျိုးနွယ်စု၏ ဘေးထွက်မျိုးဆက် အများအပြားပင်လျှင် ဝိုင်းအုံလာကြပြီး စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုအားပေးနေကြတော့သည်။
"ကျွန်တော့်ရဲ့ ကျွမ်းဘားအဖွဲ့ကို လုံကျိုးစီရင်စုကနေ ဖိတ်ခေါ်လာတာဗျ"
ကုန်းစွန်းချန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
"လုံကျိုးစီရင်စုက မွန်မြတ်တဲ့ မိသားစု အများအပြားက သူတို့ရဲ့ မင်္ဂလာပွဲတွေမှာ ဒီအဖွဲ့ကို ငှားရမ်းလေ့ ရှိကြတယ်.. ရှိုကျဲ့က ငါတို့ ကုန်းစွန်းမျိုးနွယ်စုရဲ့ တိုက်ရိုက်မျိုးဆက် မြေးဖြစ်တဲ့အတွက် သူ့ရဲ့ မင်္ဂလာပွဲနေ့မှာ ပိုစည်ကားလေ ပိုကောင်းလေမို့ ပေါ့ပေါ့တန်တန် လုပ်လို့မရဘူး လို့ ငါတို့ရဲ့ ဘိုးဘေးက ပြောထားတယ်"
အဖွဲ့ထဲမှ ဝမ်ရှိုကျဲ့မှာ မည်သို့မျှ မတတ်နိုင်သလို ဖြစ်နေလေသည်။ ဦးလေးနှစ်ဦးမှာ လမ်းတစ်လျှောက်လုံး အချင်းချင်း ငြင်းခုံလာခဲ့ကြပြီး မည်သူကမျှ နောက်ဆုတ်ပေးလိုခြင်း မရှိကြချေ။ သို့သော် သူက ဤကိစ္စများကို ဝင်ရောက်စွက်ဖက်၍ မရနိုင်ပေ။ ထို့အပြင် ယနေ့သည် သူ၏ မင်္ဂလာပွဲနေ့ ဖြစ်ရာ အနည်းငယ် စည်ကားနေခြင်းမှာ သာမန်ပင် ဖြစ်ပေသည်။
မထင်မှတ်ထားဘဲ
ဝမ်ရှိုကျဲ့၏ ဦးလေးငယ် လုကျန်းကျယ်က နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။
"ဒီလောက်လေးပဲလား"
ထို့နောက် သူသည် ကျောက်စိမ်းသေတ္တာ တစ်လုံးထဲမှ အနီရောင် ယပ်တောင် တစ်ချောင်းကို လေးနက်တည်ကြည်စွာ ထုတ်ယူလိုက်လေသည်။ ၎င်း ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် အပူလှိုင်း တစ်ခု ရိုက်ခတ်လာ၏။
"မီးယပ်တောင်"
ဝမ်ရှိုကျဲ့မှာ အံ့အားသင့်သွားလေသည်။ တကယ်ကြီးလား။ ထိုမျက်နှာသာကို ရရှိရန်အတွက် လုမျိုးနွယ်စုက မီးယပ်တောင်ကိုပင် ထုတ်ယူလာခဲ့သည်ပေါ့။ ထိုအရာသည် ဝိညာဉ်လက်နက် တစ်ခုဖြစ်ပြီး စစ်မြေပြင်တွင် အဓိက သတ်ဖြတ်နိုင်သော လက်နက်တစ်ခု ဖြစ်သည် မဟုတ်ပါလော။
လုကျန်းကျယ်က လေးနက်စွာ ပြောလိုက်လေသည်။
"ဒီပွဲအတွက် ဒီယပ်တောင်ကို အသုံးပြုဖို့ ဘိုးဘေးက ခွင့်ပြုထားတယ်.. မီးယပ်တောင်ထဲကို စွမ်းအင်တွေ ဖြည့်သွင်းဖို့ မီးဝိညာဉ်ကျောက်တုံး ငါးတုံးတောင် သုံးခဲ့ရပြီး မီးယပ်တောင်ကို လေ့ကျင့်ဖို့ တစ်လကျော် အချိန်ယူခဲ့ရတယ်"
ထိုသို့ပြောပြီးနောက် သူသည် ယပ်တောင်ကို ခတ်လိုက်လေသည်။
ရုတ်တရက်
မီးယပ်တောင်မှာ တောက်ပစွာ လင်းလက်သွားပြီး ပြင်းထန်သော မီးတောက်များထဲမှ ခမ်းနားထည်ဝါလှသော မီးဖီးနစ်ငှက် အရိပ်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ၎င်းသည် ကောင်းကင်ယံတွင် ကခုန်နေပြီး မီးတောက်များမှာ တဟုန်းဟုန်း တောက်လောင်နေကာ အမြင်အာရုံကို အလွန် ဆွဲဆောင်နိုင်သော မြင်ကွင်းတစ်ခုကို ဖန်တီးပေးလိုက်ပေသည်။
ထို့နောက် မီးယပ်တောင်ထဲမှ အခြား မီးဖီးနစ်ငှက် အရိပ်တစ်ခု ထပ်မံ ထွက်ပေါ်လာပြီး မီးဖီးနစ်ငှက်နောက်သို့ လိုက်လံကစားနေကာ နတ် စုံတွဲတစ်တွဲအလား ဖြစ်နေပေသည်။
"ကောင်းလိုက်တာဟေ့"
လူအုပ်ကြီးမှာ ရူးသွပ်လုမတတ် ဖြစ်သွားကြလေသည်။ ဤကဲ့သို့သော မင်္ဂလာပွဲ မြင်ကွင်းမျိုးကို တစ်ခါမှ မကြားဖူး၊ မမြင်ဖူးခဲ့ကြချေ။ လျိုမျိုးနွယ်စု၏ တိုက်ရိုက်မျိုးဆက်များပင်လျှင် လန့်နိုးသွားကြပြီး ပင်မစံအိမ်ထဲမှ ထွက်လာကာ ကြည့်ရှုကြတော့သည်။
ဘုရားရေ
သူတို့၏ ကျယ်ပြန့်လှသော အတွေ့အကြုံများနှင့်ပင် မင်္ဂလာပွဲတစ်ခုတွင် မီးရှူးမီးပန်းများ ဖောက်ရန် ဝိညာဉ်လက်နက်ကို အသုံးပြုသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။
ဤဝမ်မျိုးနွယ်စု၏ မင်္ဂလာယာဉ်တန်းကြီးသည် အမှန်တကယ်ပင် ပျော်ရွှင်အောင် မည်သို့ ပြုလုပ်ရမည်ကို သိရှိထားပေသည်။
မည်သို့ပင်ဆိုစေကာမူ မင်္ဂလာယာဉ်တန်း ပိုမို စည်ကားလေလေ၊ လျိုမျိုးနွယ်စုအတွက် မျက်နှာပန်း ပိုလှလေလေ ဖြစ်ပေသည်။ ဤသည်မှာ လက်ထပ်မည့်သူသည် ဤမင်္ဂလာပွဲကို အလွန် အလေးထားကြောင်းနှင့် အလေးအနက်ထားကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။ အကယ်၍ မင်္ဂလာယာဉ်တန်းက ပြင်ဆင်မှုမရှိဘဲ ရောက်လာပါက လျိုမျိုးနွယ်စုကို မျက်နှာပျက်စေမည် ဖြစ်ပေသည်။ ၎င်းတို့၏ တိုက်ရိုက် သမီးတော်ကို အလေးမထားသကဲ့သို့ ခံစားရစေမည် ဖြစ်၏။
လွန်ခဲ့သော နှစ်လက ချန်ဖန်ကျယ် လာရောက် တောင်းရမ်းစဉ်ကလည်း ဤအစီအစဉ်မှာ အလွန် စည်ကားခဲ့ပေသည်။ ဖင်းအန်း မြို့နယ်မှ သာမန်ပြည်သူများအတွက် ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးရန်နှင့် သူတို့၏ ဗဟုသုတကို ကျယ်ပြန့်စေရန် ပင်လယ်ရပ်ခြားမှ တိုင်းတပါး အကအဖွဲ့ တစ်ဖွဲ့ကိုပင် ဖိတ်ခေါ်၍ ကျင်းပပေးခဲ့ကြသေးသည်။ သို့သော် ချန်ဖန်ကျယ် ပြုလုပ်ခဲ့သောအရာမှာ လုကျန်းကျယ် ပြုလုပ်ခဲ့သောအရာနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ညံ့ဖျင်းနေသေးပေသည်။ ခမ်းနားသော မီးရှူးမီးပန်းများ ဖောက်ရန်အတွက်သာ မီးဝိညာဉ်ကျောက်တုံး ငါးတုံး အပြည့်ပါရှိသော ဝိညာဉ်လက်နက် တစ်ခုကို အသုံးပြုခြင်းမှာ အလွန်တရာ ဖြုန်းတီးလွန်းရာ ကျပေသည်။
သို့ဖြစ်ရာ……
လျိုမျိုးနွယ်စု၏ တိုက်ရိုက်မျိုးဆက်များသည်လည်း အလွန် ပျော်ရွှင်သွားကြလေသည်။ ဝမ်မျိုးနွယ်စုသည် မီးရှူးမီးပန်းများအတွက် ငွေကြေးအမြောက်အမြား အကုန်အကျခံခဲ့ခြင်းက သခင်မလေး ရွဲ့လန် ကို အလွန် တန်ဖိုးထားကြောင်း ပြသနေခြင်းပင် ဖြစ်ပေသည်။
ဤမြင်ကွင်းသည် လျိုမျိုးနွယ်စု၏ ပင်မစံအိမ်သို့လည်း ရောက်ရှိသွားခဲ့သည်။ ပင်မ ခန်းမဆောင်ကို စောင့်ကြပ်နေသော လျိုမျိုးနွယ်စု၏ မျိုးနွယ်စု ခေါင်းဆောင် ဇနီးမောင်နှံကလည်း ချီးကျူးစကား ပြောဆိုလိုက်ကြ၏။
မင်္ဂလာယာဉ်တန်းထဲတွင် လုကျန်းကျယ်မှာ သူ့ကိုယ်သူ အတော်လေး ကျေနပ်နေပြီး ကုန်းစွန်းချန်ကို ရန်စသကဲ့သို့ ကြည့်လိုက်ကာ ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူက မွေးစား တိုက်ရိုက်မျိုးဆက် မြေးပဲလေ.. သိပ်ပြီးတော့ အလေးအနက် မရှိပါဘူး.. ငါတို့ လုမျိုးနွယ်စုလိုတော့ မဟုတ်ဘူးပေါ့.. ငါတို့က ရှိုကျဲ့နဲ့ တိုက်ရိုက် သွေးဆွေမျိုး နှစ်ထပ်တောင် တော်တာကိုး"
လူတိုင်း၏ အကြည့်များက ကုန်းစွန်းချန်ထံသို့ ကျရောက်သွားကြလေသည်။ ထို့နောက် သူက မျက်လုံးပြူးကာ ပြောလိုက်သည်။
"ဒီလောက်လေးပဲလား"
ထို့နောက် ကုန်းစွန်းချန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် လက်ယပ်ခေါ်လိုက်လေသည်။
"လာစမ်း.. ငါတို့ ကုန်းစွန်းမျိုးနွယ်စုက ငါတို့ရဲ့ တိုက်ရိုက်မျိုးဆက် မြေးအတွက် ပြင်ဆင်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ အဆုံးသတ် အစီအစဉ်ကို အားလုံးကို ပြသလိုက်စမ်း"
ဘာ……..
ဒီအချိန်အထိတောင် ခင်ဗျားတို့ ကုန်းစွန်းမျိုးနွယ်စုမှာ ကြီးကျယ်ခမ်းနားတဲ့ အဆုံးသတ် အစီအစဉ် ရှိနေသေးတယ် ဟုတ်လား။
စောင့်ကြည့်နေသူများနှင့် လျိုမျိုးနွယ်စုမှ လူများအားလုံးမှာ အံ့အားသင့်သွားကြပြီး မျှော်လင့်ချက် ကြီးစွာဖြင့် ရှေ့သို့ လှမ်းကြည့်လိုက်ကြလေတော့သည်။