← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅။ ယောက်ဖ…. ဦးလေး….. ဒီလက်စားချေမှု သံသရာက ဘယ်တော့များမှ အဆုံးသတ်မှာလဲ

လူမှုဆက်ဆံရေး ရင့်ကျက်လိမ္မာသော ကုန်းစွန်းချန်၌ ထုတ်မပြသေးသော လျှို့ဝှက် ဖဲချပ်တစ်ခု ရှိနေလိမ့်မည်ဟု သူမထင်ထားခဲ့သဖြင့် ဝမ်ရှိုကျဲ့မှာ အံ့အားသင့်သွားရပေသည်။

ထိုအချိန်မှပင် သူ သတိရသွားသည်။ ကုန်းစွန်းချန် မရောက်လာမီက မြင်းဆွဲရထားလုံး နှစ်စီးကို သူတစ်ယောက်တည်း ယူဆောင်လာခဲ့ပြီး ထိုရထားလုံးများအတွင်း၌ မည်သည့်အရာများ တင်ဆောင်လာကြောင်း မည်သူမျှ မသိရှိခဲ့ကြချေ။

ဖြစ်နိုင်တာက.. အဲဒီရထားလုံးတွေထဲမှာ...

လူတိုင်း သံသယဝင်နေကြစဉ်မှာပင်….

ရုတ်တရက်……

ယာဉ်တန်း၏ အဆုံးရှိ ရထားလုံး နှစ်စီး၏ တံခါးများ ပွင့်သွားပြီး ဧရာမ အရာဝတ္ထုကြီး တစ်ခုစီသည် ရထားလုံးများ အတွင်းမှ ထွက်ပေါ်လာလေသည်။

"ဝုန်း.. ဝုန်း"

ကျယ်လောင်လှသော အသံကြီး နှစ်ခုနှင့်အတူ ကျောက်စိမ်းပြာလမ်းမကြီးမှာ အက်ကွဲသွားလေသည်။ လူတိုင်း၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်မှာ ဧရာမ ရုပ်တုကြီးများနှင့် တူသော အရာဝတ္ထုကြီး နှစ်ခု ဖြစ်ပေသည်။ ထိုအရာများမှာ အရပ်ဆယ်ပေခန့် မြင့်ပြီး ကျယ်ပြန့်တုတ်ခိုင်ကာ အမည်းရောင် သလင်းကျောက် တစ်မျိုးဖြင့် သွန်းလုပ်ထားပုံရပြီး အဆုံးအစမဲ့သော ခွန်အားများကို ခံစားရစေသည်။

"ဒါက ဘာကြီးလဲ"

စောင့်ကြည့်နေကြသော လျိုမျိုးနွယ်စု၏ တိုက်ရိုက်မျိုးဆက် အချို့၏ မျက်နှာများမှာ ပြောင်းလဲသွားကြပြီး "ဒါက ရှန်းယန် ကုန်းစွန်းမျိုးနွယ်စုရဲ့ ကျောက်မင် ရုပ်သေးရုပ် နှစ်ခု မဟုတ်လား" ဟု ရေရွတ်လိုက်ကြလေသည်။

လျိုမျိုးနွယ်စုမှ လူများအတွက် ဤရုပ်သေးရုပ် နှစ်ခုမှာ သူစိမ်းများ မဟုတ်ကြချေ။

ရှန်းယင် လျိုမျိုးနွယ်စုနှင့် ရှန်းယန် ကုန်းစွန်းမျိုးနွယ်စုတို့မှာ တောင်တန်းတစ်ခုဖြင့် ခြားနားထားသည်။ တိတိကျကျ ပြောရလျှင် ၎င်းတို့သည် တောင်တန်းတစ်ခုတည်းကို မျှဝေပိုင်ဆိုင်ထားကြခြင်း ဖြစ်၏။ မျိုးနွယ်စု နှစ်ခုမှာ နယ်မြေချင်း ဆက်စပ်နေသဖြင့် ပွတ်တိုက်မှုများ ဖြစ်ပေါ်ခြင်းမှာ ရှောင်လွှဲ၍ မရနိုင်သော အရာပင် ဖြစ်ပေသည်။ သတ္တုတွင်း အရင်းအမြစ်များနှင့် ပတ်သက်၍ ပဋိပက္ခများမှာ တစ်ကြိမ် နှစ်ကြိမ်ထက်မက ဖြစ်ပွားခဲ့ဖူးပြီး ၎င်းတို့၏ ရင်တွင်း၌ မကျေနပ်မှု အချို့လည်း ရှိနေခဲ့ကြပေသည်။

ဤကျောက်မင် ရုပ်သေးရုပ် နှစ်ခုမှာ သာမန်အားဖြင့် ကုန်းစွန်းမျိုးနွယ်စု၏ သတ္တုတွင်း၌ တူးဖော်ရေးလုပ်ငန်းများအတွက် တပ်စွဲထားလေ့ရှိသော်လည်း နှစ်ဖက် ပဋိပက္ခများ ဖြစ်ပွားသောအခါတွင် ဤကျောက်မင် ရုပ်သေးရုပ် နှစ်ခုမှာ စစ်မြေပြင်တွင် တစ်ခါတစ်ရံ ပေါ်လာတတ်ပေသည်။

၎င်းတို့မှာ အလွန်တရာ အင်အားကြီးမားပြီး ထိုးဖောက်၍ မရနိုင်သော အသွင်ရှိပေသည်။ လျိုမျိုးနွယ်စု၏ ဘိုးဘေးမှလွဲ၍ မည်သူမျှ ဤကျောက်မင် ရုပ်သေးရုပ် နှစ်ခုကို မနှိမ်နင်းနိုင်ကြချေ။ အရှုံးအချို့ကို ခံစားရပြီးနောက် လျိုမျိုးနွယ်စုသည် အငြင်းပွားနေသော သတ္တုတွင်းကို စောင့်ကြပ်ရန်အတွက် ရုပ်သေးရုပ် နှစ်ခု ရယူရန် စတင် စဉ်းစားလာခဲ့ကြပေသည်။ ဘိုးဘေး၏ အဆက်အသွယ်များမှတစ်ဆင့် ရောင်းချသူ တစ်ဦးကိုပင် ရှာဖွေတွေ့ရှိထားခဲ့ပြီ ဖြစ်၏။

မထင်မှတ်ထားဘဲ ကုန်းစွန်းချန်သည် ဤကျောက်မင် ရုပ်သေးရုပ် နှစ်ခုကို လျိုမျိုးနွယ်စု၏ နယ်မြေအတွင်းသို့ ပေါ်ပေါ်ထင်ထင် ယူဆောင်လာခဲ့ရာ အမှန်တကယ်ပင် ရဲတင်းလွန်းလှပေသည်။

ဝမ်ရှိုကျဲ့မှာလည်း မှင်တက်သွားရလေသည်။

ချစ်လှစွာသော ဦးလေးရယ်.. ခင်ဗျားက မင်္ဂလာဆောင် လာတာ မဟုတ်ဘူးလား.. ပြဿနာ လာရှာတဲ့ ပုံစံမျိုး ဖြစ်အောင် လုပ်နေဖို့ လိုလို့လားဗျာ။

ပို၍ အံ့အားသင့်စရာ ကောင်းသည်မှာ ကျောက်မင် ရုပ်သေးရုပ် နှစ်ခု၏ ရင်ဘတ်တွင် ဗုံတစ်လုံးစီ ချိတ်ဆွဲထားခြင်းပင် ဖြစ်ပေသည်။ ထိုဗုံများမှာ အချင်း ဆယ်ပေခန့် ရှိပြီး ပေါင်တစ်ထောင်ကျော် အလေးချိန်ရှိကာ အထူးပြုလုပ်ထားသော စစ်ဗုံကြီးများ ဖြစ်ကြရာ သာမန် ရွှမ်ဝူ ကျင့်ကြံသူ တစ်ဦးအဖို့ မဖို့ရန်ပင် ခက်ခဲလှပေမည်။ သို့သော် ရုပ်သေးရုပ် နှစ်ခု၏ ခန္ဓာကိုယ်ပေါ်တွင် ချိတ်ဆွဲထားသောအခါတွင်မူ ၎င်းတို့မှာ တည်ငြိမ်နေပြီး အနည်းငယ်မျှပင် ရုန်းကန်နေရပုံ မပေါ်ချေ။

ကုန်းစွန်းချန်သည် အစီအရင် ပြားငယ်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအစီအရင် ပြားမှာ ကျောက်မင်ဖြင့် ပြုလုပ်ထားပြီး ထူးဆန်းသော သင်္ကေတများစွာကို ရေးထိုးထားပေသည်။ သူသည် သူ၏ လက်ဖဝါးကို အစီအရင် ပြားငယ်ပေါ်သို့ ဖိချလိုက်ပြီး ရွှမ်ချီ စွမ်းအင်များကို ဆက်တိုက် သွန်းလောင်းထည့်လိုက်လေသည်။

ထူးဆန်းသော အရာတစ်ခု ဖြစ်ပေါ်လာ၏။

ကျောက်မင် ရုပ်သေးရုပ် နှစ်ခုမှာ ရုတ်တရက် လှုပ်ရှားလာကြသည်။

"ဝုန်း"

ဧရာမ သံတူကြီးများနှင့်တူသော ၎င်းတို့၏ လက်သီးကြီးများမှာ ဧရာမ ဗုံကြီးများပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။ စစ်ဗုံကြီးများမှ မိုးကြိုးသံကဲ့သို့ ကျယ်လောင်လှသော အသံကြီးများ ရုတ်တရက် ထွက်ပေါ်လာကာ လူတို့၏ နားစည်များကို တုန်ခါသွားစေပြီး ရင်တွင်း၌ ထိတ်လန့်သွားစေသည်။

"ဝုန်း"

"ဝုန်း.. ဝုန်း"

သူတို့သည် ဧရာမ ဗုံကြီးများကို ထုနှက်နေသည်နှင့်အမျှ ဗုံသံများ၏ စည်းချက်များမှာ မြန်ဆန်လာပြီး ပျော်ရွှင်ဖွယ် မင်္ဂလာ ဗုံတေးဂီတကို တီးခတ်ဖန်တီးလိုက်လေသည်။ ကျောက်မင် ရုပ်သေးရုပ်များ၏ လေးလံလှသော ခြေသံများပင်လျှင် ဗုံတေးဂီတနှင့် ပေါင်းစပ်သွားသကဲ့သို့ ရှိနေပြီး အခြေအနေကို ပိုမို ပျော်ရွှင်မြူးတူးလာစေကာ တေးသွားမှာလည်း ပိုမို စိတ်လှုပ်ရှားဖွယ် ကောင်းလာလေသည်။ မြင်ကွင်းမှာ အလွန်တရာ အံ့မခန်း ဖြစ်သွားပေတော့သည်။

ဝမ်ရှိုကျဲ့မှာ အံ့အားသင့် မှင်တက်သွားရလေသည်။ ဦးလေးရဲ့ အကြံဉာဏ်က တကယ်ကို ထူးခြားတာပဲ။

လျိုမျိုးနွယ်စုမှ လူများ၏ မျက်နှာအမူအရာများမှာလည်း အလွန် ထူးဆန်းသွားကြ၏။ သူတို့သည် ဤမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေကြပြီး ကုန်းစွန်းချန်က သူ၏ တူဖြစ်သူ မင်္ဂလာပွဲကို လာရောက် ဂုဏ်ပြုခြင်းလော၊ သို့မဟုတ် ပြဿနာ လာရှာခြင်းလော ဟု တွေးတောနေကြလေသည်။ ခဏတာမျှ ဤအခြေအနေကို မည်သို့ ကိုင်တွယ်ရမည်ကိုပင် မသိဖြစ်သွားကြလေသည်။

အခြားတစ်ဖက်တွင်မူ သာမန် ပြည်သူများမှာ ဤမျှလောက် မတွေးတောကြချေ။ သူတို့သည် ပထမဆုံး အံ့အားသင့်သွားကြပြီးနောက် အလွန်တရာ စိတ်လှုပ်ရှားလာကြလေသည်။ ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသော ဆူနာမီလှိုင်းလုံးကြီး တစ်ခုအလား အားပေးဟစ်ကြွေးသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

ဤသည်ကို မြင်သောအခါ ကုန်းစွန်းချန်မှာ ပို၍ပင် စိတ်လှုပ်ရှားလာလေသည်။ သူသည် လက်ထဲရှိ အစီအရင် ပြားငယ်ကို ဆက်တိုက် ထိန်းချုပ်ကာ ကျောက်မင် ရုပ်သေးရုပ်များ၏ ဗုံတီးခတ်မှု စည်းချက်ကို အရှိန်မြှင့်လိုက်ရာ ဗုံတေးဂီတမှာ ပိုမို ခမ်းနားလာပြီး စည်းချက်မှာလည်း ပိုမို မြန်ဆန်လာလေသည်။

မြင်ကွင်းမှာ ခမ်းနားလှသော်လည်း ကျောက်မင် ရုပ်သေးရုပ်များမှာ လေးလံလွန်းလှပေသည်။ ၎င်းတို့ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် ကျောက်စိမ်းပြာ လမ်းမပေါ်၌ အပေါက်ကြီးများ ကျန်ရစ်ခဲ့၏။ လျိုမျိုးနွယ်စု၏ ခြံတံခါးဝရှိ ကျောက်စိမ်းပြာ လမ်းမကြီးမှာ သဘာဝဘေးအန္တရာယ် ကျရောက်ထားသည့် မြင်ကွင်းတစ်ခုအလား ဖြစ်နေပေတော့သည်။

လျိုမျိုးနွယ်စုမှ လူများ၏ မျက်နှာအမူအရာများမှာ ပိုမို ထူးဆန်းလာပြီး သံသယများ ပိုမို ကြီးထွားလာကြလေသည်။ ကုန်းစွန်းချန်သည် မင်္ဂလာဆောင်ကို အကြောင်းပြကာ ပြဿနာရှာရန်နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီးရန် ကြိုးစားနေခြင်းမှာ ထင်ရှားနေပေသည်။

သို့သော် သူတို့တွင် သက်သေအထောက်အထား မရှိချေ။

"ချစ်တူလေး.. ဦးလေးရဲ့ အကွက်က မကောင်းဘူးလား.. ဒီကျောက်မင် ရုပ်သေးရုပ် နှစ်ခုကို လေ့ကျင့်ဖို့ ငါ နှစ်လတောင် အချိန်ယူခဲ့ရတာကွ"

ကုန်းစွန်းချန်သည် သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူမှုများ အပြည့်ဖြင့် ဝမ်ရှိုကျဲ့ကို ကြည့်ကာ ပြုံးဖြီးဖြီး ပြောလိုက်သည်။

"ဖီးနစ်ငှက်က ဖီးနစ်ငှက်မလေးကို ပိုးပန်းတဲ့ စစ်ဗုံတေးသွားလေးက နားထောင်လို့ မကောင်းဘူးလား.. ဦးလေးက မင့်အတွက် မျက်နှာပန်း လှအောင် လုပ်ပေးလိုက်တယ် မဟုတ်လား"

ဝမ်ရှိုကျဲ့၏ မျက်နှာမှာ ညိုမည်းသွားပြီး 'ဦးလေးရယ်.. ကျေးဇူးတင်လိုက်တာဗျာ' ဟု ရင်တွင်းမှ ညည်းညူလိုက်မိလေသည်။

လျိုမျိုးနွယ်စုမှ လူများ၏ မျက်နှာအမူအရာများကို ကြည့်လိုက်ပါဦး။ ဒီနေ့က မင်္ဂလာရှိတဲ့ နေ့ကြီးရက်ကောင်းသာ မဟုတ်ရင် ခင်ဗျားကို ဖမ်း၊ အရေခွံခွာ၊ ဝိုင်းရိုက်ပြီး ရှန်းယင် မြို့နယ်ကနေ မောင်းထုတ်ပစ်လောက်ပြီ။

ဘေးတွင် ရပ်နေသော လုကျန်းကျယ်၏ မျက်နှာပေါ်တွင်လည်း ဘာမှမတတ်နိုင်သည့် အမူအရာများ ရှိနေပြီး 'ကုန်းစွန်းချန်.. မင်း နိုင်သွားပြီ.. ငါ အရှုံးပေးပါတယ်' ဟု တွေးနေပုံရလေသည်။

ကံကောင်းထောက်မစွာဖြင့် မြင်ကွင်းမှာ အနည်းငယ် ထူးဆန်းနေသော်လည်း အမှန်တကယ် အကျိုးသက်ရောက်မှုမှာမူ အလွန် ကောင်းမွန်လှပေသည်။ စောင့်ကြည့်နေသူ အားလုံး၏ စိတ်ခံစားမှုများမှာ တောက်လောင်လာပြီး ဗုံသံများ၏ ပြင်းထန်သော စည်းချက်များနှင့်အတူ ပျော်ရွှင်စွာ ကခုန်လာကြလေသည်။

ဤသို့ဖြင့် လျိုမျိုးနွယ်စုမှ လူများပင်လျှင် မည်သည့် အပြစ်ကိုမျှ မရှာနိုင်တော့ဘဲ ကုန်းစွန်းချန်ကို သူလုပ်ချင်ရာ လုပ်ခွင့်ပြုလိုက်ရတော့သည်။ မည်သို့ပင်ဆိုစေ သူသည် သတို့သား၏ ဦးလေးဖြစ်ပြီး မင်္ဂလာယာဉ်တန်း၏ အစီအစဉ်အရ မင်္ဂလာပွဲကို စည်ကားအောင် ကူညီပေးနေခြင်းသာ ဖြစ်ပေသည်။ ရှေ့မှ လမ်းရှင်းပေးနေသော ကျောက်မင် ရုပ်သေးရုပ် နှစ်ခုနှင့် ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသော ဖီးနစ်ငှက်နှင့် ဖီးနစ်ငှက်မလေးတို့၏ ကခုန်မှုများနှင့်အတူ ဝမ်မျိုးနွယ်စု မင်္ဂလာယာဉ်တန်းကြီးသည် စည်ကားသိုက်မြိုက်လှသော လူအုပ်ကြီးအလယ်မှ လျိုမျိုးနွယ်စု ပင်မစံအိမ်၏ ခြံတံခါးမကြီးဆီသို့ ဆိုက်ရောက်လာလေသည်။

ထိုအခါမှသာ ဦးလေး နှစ်ဦးသည် သူတို့၏ နတ်စွမ်းအင်များကို ရုပ်သိမ်းလိုက်ကြလေသည်။ ကောင်းကင်ယံရှိ ဖီးနစ်ငှက်များမှာ ပျောက်ကွယ်သွားပြီး ကျောက်မင် ရုပ်သေးရုပ်များမှာလည်း လေးလံသော ခြေလှမ်းများဖြင့် ရထားလုံးဆီသို့ ပြန်သွားကြလေသည်။

"ဝမ်မျိုးနွယ်စု သတို့သား ဝမ်ရှိုကျဲ့ ရောက်ရှိလာပါပြီ"

လျိုမျိုးနွယ်စု၏ ခြံတံခါးမကြီးမှာ အစောကြီးကတည်းက ပွင့်နေခဲ့ပြီး ဖြစ်သည်။ လျိုမျိုးနွယ်စုဝင် လျိုကောင်းယွမ် က ကျယ်လောင်စွာ အော်ဟစ် ကြေညာလိုက်သည်နှင့် လျိုမျိုးနွယ်စုဝင် အချို့သည် ဓလေ့ထုံးစံများနှင့်အညီ ဝမ်မျိုးနွယ်စု မင်္ဂလာယာဉ်တန်းကို ကြိုဆိုရန် ပင်မစံအိမ်ထဲမှ ထွက်လာကြလေသည်။

အခြွေအရံများနှင့် နောက်လိုက်များအားလုံးကို လျိုမျိုးနွယ်စုဝင်များက ဧည့်ခံကျွေးမွေးကြပြီး ဝမ်ရှိုကျဲ့ တစ်ဦးတည်းကိုသာ ပင်မ ခန်းမဆောင် အတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။

လျိုမျိုးနွယ်စု ပင်မ ခန်းမဆောင်၏ အပြင်အဆင်မှာ မူလကတည်းက ခမ်းနားကြီးကျယ်ပြီး ဖြစ်သော်လည်း ယနေ့တွင်မူ ပို၍ပင် တောက်ပစွာ အလှဆင်ထားပေသည်။ အနီရောင် 'မင်္ဂလာ' စာလုံးများနှင့် ပိုးသား ပန်းပွင့်များ နေရာအနှံ့ ရှိနေပြီး ပျော်ရွှင်ဖွယ် အငွေ့အသက်များကို ဖန်တီးပေးနေပေသည်။

လျိုမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် လျိုကောင်းဝမ် နှင့် သူ၏ ဇနီး ယောက္ခမလောင်း သခင်မရွှီ တို့သည် ခမ်းနားထည်ဝါသော အခမ်းအနား ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ဝမ်ရှိုကျဲ့ လာရောက် ဂါရဝပြုမည့်အချိန်ကို လေးနက်တည်ကြည်စွာ စောင့်ဆိုင်းနေကြလေသည်။

ဝမ်ရှိုကျဲ့သည် သူ၏ ဝတ်စုံကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး ရိုသေစွာ နှုတ်ဆက်လိုက်သည်။

"ရှိုကျဲ့ က ယောက္ခထီး နဲ့ ယောက္ခမ တို့ကို ဂါရဝပြုပါတယ်"

ယောက္ခထီး လျိုကောင်းဝမ် က ချောင်းဟန့်လိုက်ရာ ချက်ချင်းပင် အနီးကပ် အစေခံတစ်ဦးက ဝမ်ရှိုကျဲ့ကို ရိုသေစွာ တွဲထူပေးလိုက်လေသည်။

"ကောင်းတယ်.. ကောင်းတယ်.. ကောင်းတယ်"

ယောက္ခမလောင်း သခင်မရွှီ က ဝမ်ရှိုကျဲ့အား သေချာစွာ ကြည့်ရှုလိုက်ပြီး ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်လာကာ ပြောလိုက်သည်။

"ရှိုကျဲ့.. ကောလာဟလတွေအတိုင်းပဲ.. မင်းက တကယ်ကို ရုပ်ချောပြီး သူရဲကောင်းဆန်တာပဲ.. လာ.. လာ.. ထိုင်ပါဦး.. လက်ဖက်ရည်နဲ့ မုန့်တွေ တည်ခင်းလိုက်ကြ"

ဝမ်ရှိုကျဲ့သည် ညွှန်ကြားချက်အတိုင်း ဝင်ထိုင်လိုက်ပြီး သူ၏ ကျောကို မတ်မတ်ထားကာ အနည်းငယ်မျှပင် ပေါ့လျော့မှု မပြရဲချေ။ လက်ဖက်ရည် သောက်သုံးပြီး မုန့်များ စားသုံးကာ ပေါ့ပေါ့ပါးပါး စကားအနည်းငယ် ပြောဆိုပြီးနောက် အခမ်းအနား ပြီးဆုံးသွားပြီဟု သတ်မှတ်နိုင်ပေသည်။

ယောက္ခမလောင်း သခင်မရွှီ က ပြောလိုက်သည်။

"ရှိုကျဲ့.. အချိန်လည်း တော်တော်လေး လင့်နေပြီ.. ရွဲ့လန် က အိမ်နောက်ဖေးမှာ မင်းကို စောင့်နေတယ်.. သွားလိုက်ပါတော့"

"ဟုတ်ကဲ့ပါ.. ကျွန်တော် ခွင့်ပြုပါဦး"

ဝမ်ရှိုကျဲ့သည် မတ်တပ်ရပ်ကာ ဦးညွှတ်လိုက်ပြီးနောက် ပင်မ ခန်းမဆောင် အတွင်းမှ ရိုသေစွာ ထွက်ခွာလာကာ ငယ်သူငယ်ချင်း သူငယ်ချင်း တစ်စုကို ဦးဆောင်၍ ခြံဝင်းဆီသို့ ဦးတည်သွားလေသည်။

လျိုမျိုးနွယ်စု ပင်မစံအိမ်၊ ခြံဝင်း။

ဤနေရာ၏ အပြင်အဆင်မှာ စတုရန်းပုံစံ ဖြစ်ပြီး ပန်းခင်းများ၊ သစ်ပင်များနှင့် သိုင်းလေ့ကျင့်ရေး ကွင်းအဖြစ် အသုံးပြုနိုင်သော ကြီးမားသည့် ကျောက်သား မြေပြင်တစ်ခု ရှိပေသည်။ တစ်ချိန်တည်းမှာပင် ခြံဝင်းအတွင်း၌ တံခါးများနှင့် ခြံဝင်း အသီးသီးကို ဆက်သွယ်ထားသော စင်္ကြံလမ်းများလည်း ရှိပေသည်။

သတို့သမီးကို ကြိုဆိုရန် အိမ်နောက်ဖေးသို့ သွားမည်ဆိုပါက ခြံစည်းရိုးကို ကျော်မတက်ချင်လျှင် ဤနေရာကို မဖြတ်သန်းဘဲ သွား၍မရနိုင်ချေ။

"စစ်တပ်အတွက် မဖြစ်မနေ သိမ်းပိုက်ရမည့် နေရာ" ဖြစ်သော ဤနေရာ၌ လျိုမျိုးနွယ်စုမှ လူငယ် အမျိုးသား အမျိုးသမီး တစ်စုသည် ဝမ် မျိုးဆက်မှ လူများပင်လျှင် ပါဝင်ကာ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြပြီး အားလုံးမှာ စိတ်လှုပ်ရှား တက်ကြွနေသည့် အသွင်ရှိပေသည်။

ခေါင်းဆောင်မှာ ယွမ် မျိုးဆက်၏ တရားဝင် ဒုတိယသား လျိုယွမ်ရွေ့ ဖြစ်သည်။ အသက် ဆယ့်ရှစ်နှစ်အောက် လူငယ်များအကြားတွင် သူသည် အဆင့်အတန်း အမြင့်မားဆုံးနှင့် ဩဇာအကြီးမားဆုံး ဖြစ်ပေသည်။

ယနေ့တွင် လျိုယွမ်ရွေ့သည် သူ၏ ပုံမှန် သပ်ရပ်ကျော့ရှင်းသော ဝတ်စုံအစား ခမ်းနားထည်ဝါပြီး မင်္ဂလာရှိသော ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူသည် လူအုပ်ကြီးကို တင်းမာသော အကြည့်ဖြင့် ဝေ့ကြည့်လိုက်ကာ မေးလိုက်သည်။

"ငါ ခုနက ညွှန်ကြားထားတာတွေကို အားလုံး နားလည်ကြရဲ့လား"

"ကျွန်တော်တို့ နားလည်ပါတယ်"

တက်ကြွနေသော လျိုမျိုးနွယ်စုမှ လူပျိုလူရွယ်လေးများက တစ်ခဲနက် အော်ဟစ်လိုက်ကြလေသည်။

"ငါတို့ရဲ့ ကြွေးကြော်သံက..."

"ယောက်ဖ.. ယောက်ဖ.. ငါတို့ အစ်မက အကြီးအကဲပဲ.. မျိုးနွယ်စုခေါင်းဆောင်.. မျိုးနွယ်စုခေါင်းဆောင်.. လာမကြွားနဲ့.. ကြီးကြီးငယ်ငယ် ကိစ္စတွေ အားလုံးမှာ ဇနီးက အကြီးအကဲပဲ.. စကားနားမထောင်ရဲရင် ဦးလေးတွေ၊ အဒေါ်တွေကိုသာ သွားမေးလိုက်"

အသံမှာ ကျယ်လောင်ပြီး အရှိန်အဝါ ကြီးမားလှသဖြင့် လေထုကိုပင် အနည်းငယ် တုန်ခါသွားစေပေသည်။

"အို.. ယွမ်ရွေ့.. မင်း တော်တော်လေး စည်ကားအောင် လုပ်ထားတာပဲ"

ဤအချိန်တွင် ဝမ်ရှိုကျဲ့နှင့် ညီငယ် တစ်စုသည် ခြံဝင်းအတွင်းသို့ ဝင်ရောက်လာကြသည်။ ဤအခြေအနေကို မြင်သောအခါ မင်္ဂလာပွဲ၏ နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သဘာဝကျစွာပင် သူတို့ သဘောပေါက်လိုက်ကြ၏။

လျိုယွမ်ရွေ့သည်လည်း ပြုံးရွှင်သော မျက်နှာဖြင့် သူတို့ကို ကြိုဆိုလိုက်ပြီး ယဉ်ကျေးစွာ လက်အုပ်ချီကာ နှုတ်ဆက်လိုက်လေသည်။

"ယောက်ဖ.. နောက်ဆုံးတော့ ရောက်လာပြီပေါ့.. ကျွန်တော် စောင့်နေတာ ကြာလှပြီ"

ဝမ်ရှိုကျဲ့သည် အသက် ရှစ်နှစ် ကိုးနှစ်အရွယ်မှ ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်အရွယ်အထိ ရှိသော မျိုးဆက် နှစ်ခုမှ လူငယ်များကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ အားလုံးမှာ "ကျား၊ ဝံပုလွေ" ပုံစံများ ဖမ်းထားကြပြီး သူ့ကို စိုက်ကြည့်နေကြလေသည်။ သူသည် ဦးရေပြား အနည်းငယ် ထုံကျင်သွားသလို ခံစားလိုက်ရပြီး အနည်းငယ် အပြစ်ရှိသလို ခံစားရကာ ပြောလိုက်လေသည်။

"ယွမ်ရွေ့.. ငါတို့ သိလာတာ တော်တော်ကြာပြီလေ.. ငါတို့ ဆက်ဆံရေးက ညီအစ်ကို အရင်းတွေလိုပဲ.. ငါ့အကျင့်ကို မင်း သိပါတယ်.. ဒီခေတ်ဟောင်း ဓလေ့ထုံးစံတွေကို ကျော်လိုက်ကြရအောင်"

လျိုယွမ်ရွေ့ စကားမပြောနိုင်မီမှာပင် ဘေးတွင်ရှိနေသော ယောက်ဖဖြစ်သူ ချန်ဖန်ကျယ် က ရယ်မောလိုက်ပြီး ဝင်ပြောလေသည်။

"ရှိုကျဲ့.. လွန်ခဲ့တဲ့ နှစ်လတုန်းက မင်းအိမ်ကို မင်္ဂလာဆောင်ဖို့ လာတုန်းက မှတ်မိသေးတယ်.. ငါလည်း မင်းကို ဒီလိုပဲ ပြောခဲ့တာ.. အဲဒီတုန်းက မင်း ဘယ်လို ပြန်ဖြေခဲ့လဲ"

"အင်း.. ဟုတ်ပါပြီ"

ဝမ်ရှိုကျဲ့က ဘာမှမတတ်နိုင်စွာဖြင့် ရိုးသားစွာ ဝန်ခံလိုက်သည်။

"ငါ အဲဒီတုန်းက ပြောခဲ့တာက.. ဒီမင်္ဂလာပွဲက တစ်သက်မှာ တစ်ခါပဲ ရှိတာဆိုတော့ စည်စည်ကားကားလေး ဖြစ်ရမယ်၊ အခမ်းအနား အငွေ့အသက် ပိုပါရမယ်၊ ဒါမှ ငါတို့ အသက်ကြီးလာတဲ့အခါ အမှတ်တရတွေ အများကြီး ရှိနေမှာလို့"

"ရှိုကျဲ့ရဲ့ ဂရုစိုက်မှုကြောင့် ငါ့ရဲ့ မင်္ဂလာပွဲ အမှတ်တရတွေက မေ့မရနိုင်လောက်အောင် ဖြစ်ပြီး ငါ့နှလုံးသားထဲမှာ ထာဝရ စွဲထင်နေတော့မှာပါ"

ချန်ဖန်ကျယ်က စကားပြောရင်း မျက်ရည်ပင် ဝဲလာမိလေသည်။ သူ၏ မင်္ဂလာပွဲ ဤအစီအစဉ်တွင် ရှိုကျဲ့က သူ့ကို အရမ်း.. အရမ်း..

ယခု ပြန်တွေးကြည့်လျှင်တောင် သူ ငိုချင်စိတ် ပေါက်လာမိလေသည်။ အိမ်ထောင်ပြုရသည်မှာ တကယ်ကို မလွယ်ကူလှချေ။

"ယောက်ဖ.. ဒီတစ်ခါ မင်္ဂလာပွဲကို ခင်ဗျား အတင်း လိုက်ကူညီချင်နေတာ"

ဝမ်ရှိုကျဲ့ ရုတ်တရက် သဘောပေါက်သွားလေသည်။

"ဒီနေရာမှာ ကျွန်တော့်ကို စောင့်နေတာကိုး.. တကယ့်ကို ဝဋ်လည်တာပဲ"

"ဘယ်ဟုတ်ရမလဲ"

ဝမ်ရှိုကျဲ့နှင့် အချိန်အတော်ကြာ အတူနေခဲ့ဖူးသော ချန်ဖန်ကျယ်မှာ မျက်နှာပြောင်တိုက်ရန် များစွာ လေ့ကျင့်ထားပြီး ဖြစ်ပေသည်။

"ရှိုကျဲ့ရဲ့ မင်္ဂလာပွဲမှာ ဘာနောင်တမှ မကျန်ရစ်စေရဘူးလို့ ငါ တွေးထားလို့ပါ"

လျိုယွမ်ရွေ့ကလည်း ပြုံးလျက် ဝင်ပြောလေသည်။

"ယောက်ဖရဲ့ စကားတွေက ယွမ်ရွေ့ကို အမြဲတမ်း နက်နက်နဲနဲ တွေးတောမိစေတယ်.. ဒါဆိုရင်လည်း ယောက်ဖရဲ့ တန်ဖိုးရှိတဲ့ မင်္ဂလာအချိန်တွေကို မဖြုန်းတီးတော့ဘဲ အခမ်းအနားကို စလိုက်ကြရအောင်"

"ယွမ်ရွေ့.. မင်းက ပညာတတ်လေ.. ယဉ်ကျေးရမှာပေါ့"

ဝမ်ရှိုကျဲ့သည် ဤကိစ္စကို ရှောင်လွှဲ၍ မရနိုင်ကြောင်း သိလိုက်သဖြင့် လက်အုပ်ချီကာ ခြိမ်းခြောက်လိုက်လေသည်။

"မင်း ဒီနှစ် ဆယ့်ခြောက်နှစ် ရှိပြီနော်.. အစောကြီးပဲဖြစ်ဖြစ် နောက်ကျမှပဲဖြစ်ဖြစ် မင်းလည်း အိမ်ထောင်ပြုရမှာပဲလေ"

"သေချာတာပေါ့.. သေချာတာပေါ့.. ကျွန်တော်က ပညာတတ်ပါ.. ပြီးတော့ ယောက်ဖကိုလည်း ကိုယ့်အစ်ကိုအရင်းလို သဘောထားပါတယ်.. ယောက်ဖကို ဘယ်တော့မှ အခက်မတွေ့စေရပါဘူး"

လျိုယွမ်ရွေ့က ယဉ်ကျေးစွာ ဦးညွှတ်လိုက်ပြီးနောက် မေးလိုက်လေသည်။

"ယောက်ဖ အဆင်သင့် ဖြစ်ပြီလား"

"ငါ အဆင်သင့် ဖြစ်ပြီ"

ဝမ်ရှိုကျဲ့သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ ကိုယ်ဟန်ကို ပြင်ဆင်လိုက်လေသည်။

"အဟွတ်.. အဟွတ်"

လျိုယွမ်ရွေ့သည် ရုတ်တရက် လန်းဆန်းသွားပြီး လေးနက်စွာ စတင် ပြောဆိုလေသည်။

"ကျွန်တော်တို့ ရွှမ်ဝူ မျိုးနွယ်စုမှာ အရေးအကြီးဆုံးက 'ဝူ' (သိုင်း) ဆိုတဲ့ စာလုံးပါပဲ.. သိုင်းပညာ အင်အား မရှိဘဲနဲ့ မိသားစုကို ဘယ်လို ကာကွယ်နိုင်မှာလဲ.. ယောက်ဖ.. ကျွန်တော် ပြောတာ မှန်တယ် မဟုတ်လား"

လျိုယွမ်ရွေ့က ဝမ်ရှိုကျဲ့ကို ပြုံးလျက် ကြည့်ကာ မေးလိုက်သည်။

"မင်း ပြောတာ မှန်တယ်"

ဝမ်ရှိုကျဲ့က ခေါင်းညိတ်လိုက်သည်။ ဤအချက်ကို သူ ဝန်ခံရမည်သာ ဖြစ်ပေသည်။

"ဒါပေမဲ့ ဒီနေ့က ကျွန်တော့်အစ်မနဲ့ ယောက်ဖတို့ရဲ့ ပျော်ရွှင်စရာ မင်္ဂလာပွဲနေ့လေ.. လက်နက်တွေ ထုတ်သုံးဖို့က မသင့်တော်ပါဘူး.. ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ.. ယောက်ဖ.. ဒီနေ့ ယောက်ဖရဲ့ ခွန်အားကိုပဲ ပြသလိုက်ပါ.. အဲဒါဆိုရင် စမ်းသပ်မှုကို အောင်မြင်သွားပြီလို့ သတ်မှတ်ပေးပါ့မယ်"

လျိုယွမ်ရွေ့က ယဉ်ကျေးစွာ ပြောလိုက်လေသည်။

"ဒီလောက်လေးပဲလား"

ဝမ်ရှိုကျဲ့မှာ သံသယ ဝင်သွားလေသည်။

"ဒီလောက်လေးပါပဲ"

လျိုယွမ်ရွေ့က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"ယောက်ဖက ကျွန်တော့်ရဲ့ ချစ်လှစွာသော ယောက်ဖလေ.. ကျွန်တော်က ညီငယ် တစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီး ယောက်ဖကို တမင်တကာ အခက်တွေ့အောင် လုပ်ရက်ပါ့မလဲ"

ထိုသို့ပြောရင်း သူက လက်ကို ဖွဖွလေး တီးလိုက်လေသည်။

ရုတ်တရက်….

ဘေးဘက် စင်္ကြံလမ်းထဲမှ အသံဩဩကြီး တစ်ခု ထွက်ပေါ်လာလေသည်။

"ယွမ်ရွေ့.. ငါ ရောက်လာပြီ"

အသံဆုံးသွားသည်နှင့် "ဒုန်း.. ဒုန်း.. ဒုန်း" ဟူသော လေးလံလှသည့် ခြေသံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။

ပခုံးပေါ်တွင် ကျောက်တုံးကြီး တစ်တုံးကို ထမ်းထားသော အရပ် ကိုးပေခန့်ရှိ ဧရာမ လူကြီးတစ်ဦး လျှောက်လှမ်းလာလေသည်။ သူသည် အလွန်တရာ ကြွက်သားထွားကျိုင်းပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖောင်းကြွနေသော ကြွက်သားများဖြင့် ဖုံးလွှမ်းနေကာ မျက်နှာတစ်ခုလုံးမှာလည်း မုတ်ဆိတ်မွေးများဖြင့် ပြည့်နှက်နေပြီး စစ်မြေပြင်မှ ကြမ်းတမ်းသော စစ်သူကြီး တစ်ဦးအလား ပုံပေါက်နေပေသည်။

ဝမ်ရှိုကျဲ့၏ မျက်ခွံများမှာ တုန်ခါသွားပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရလေသည်။

ဧရာမ လူကြီးသည် ကျောက်တုံးကြီးကို မြေကြီးပေါ်သို့ "ဝုန်း" ခနဲ ပစ်ချလိုက်လေသည်။ ထူထဲလှသော ကျောက်စိမ်းပြာ ကြမ်းပြင်မှာ ချက်ချင်းပင် အပေါက်ကြီးတစ်ခု ဖြစ်သွားတော့သည်။

လျိုယွမ်ရွေ့က ဝမ်ရှိုကျဲ့ကို ပြုံးလျက် ဦးညွှတ်လိုက်လေသည်။

"ယောက်ဖ.. ကျွန်တော်တို့က ညီအစ်ကိုတွေလို ရင်းနှီးတာဆိုတော့ ယောက်ဖကို ကျွန်တော် အခက်မတွေ့စေပါဘူး.. ယောက်ဖက ဒီကျောက်တုံးကြီးကို ခေါင်းပေါ် ရောက်အောင် မ သွားရုံပါပဲ.. ဒါဆိုရင် ယောက်ဖမှာ ကျွန်တော့်အစ်မကို ကာကွယ်နိုင်စွမ်း ရှိတယ်လို့ ကျွန်တော်တို့ ညီငယ်တွေက အသိအမှတ်ပြုပေးပါ့မယ်"

"ဒါက..."

ဝမ်ရှိုကျဲ့မှာ ချွေးများ ပြန်လာပြီး သံသယဝင်နေသည့် အသွင်ဖြင့် ပြောလိုက်လေသည်။

"ယွမ်ရွေ့.. ဒါက မမှားဘူးလား.. အခမ်းအနားရဲ့ ဒီအစီအစဉ်က အိမ်ထောင်မကျသေးတဲ့ ရွယ်တူတွေ ဒါမှမဟုတ် ညီငယ်တွေအတွက်ပဲလေ.. ဘာလို့ ဒီဦးလေးကြီးက ဝင်ပါနေရတာတုန်း"

လျိုယွမ်ရွေ့က ရယ်မောလိုက်လေသည်။

"ယောက်ဖ.. ဒါက ကျွန်တော်တို့ ယွမ် မျိုးဆက်က ညီငယ်လေး ပါဗျ"

ထိုသို့ပြောရင်း သူက ဧရာမ လူကြီးဘက်သို့ လှည့်လိုက်လေသည်။

"လာစမ်း.. ယွမ်ချန်.. မင်းရဲ့ ယောက်ဖကို ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ ဆိုတာ ပြောပြလိုက်စမ်း"

ဧရာမ လူကြီးက ခေါင်းကုတ်လိုက်ပြီး ဝမ်ရှိုကျဲ့ကို ရိုးရိုးအအဖြင့် ပြုံးပြလိုက်လေသည်။

"ယောက်ဖ.. ကျွန်တော့်နာမည်က လျိုယွမ်ချန် ပါ.. ဒီနှစ် အသက် ဆယ့်ရှစ်နှစ် ရှိပါပြီဗျ"

ဆယ့်ရှစ်နှစ် ဟုတ်လား။

ဝမ်ရှိုကျဲ့မှာ အံ့အားသင့် မှင်တက်သွားရလေသည်။

အသိစိတ် ပြန်လည်ဝင်ရောက်လာရန် အချိန်အတော်ကြာ ယူလိုက်ရပြီးနောက် သူက အနေခက်စွာ ချောင်းဟန့်လိုက်ပြီး ပြောလိုက်လေသည်။

"ဒီ ညီငယ်လေး ယွမ်ချန်က... ကြည့်ရတာ တော်တော်လေး.. တော်တော်လေးကို ရင့်ကျက်နေတာပဲနော်"

လျိုယွမ်ရွေ့မှာမူ ပြုံးနေဆဲဖြစ်ပြီး ကြက်ခိုးစားထားသော မြွေပါကဲ့သို့ ကျေနပ်နေပုံရလေသည်။

"ယောက်ဖ.. ယွမ်ချန် က ငယ်ငယ်ကတည်းက ကြွက်သားတည်ဆောက်ရေး ကျင့်စဉ် တစ်ခုကို လေ့ကျင့်ခဲ့တာ.. အဲဒါ လေ့ကျင့်တာ လွန်သွားလို့ နည်းနည်း ရင့်ကျက်နေတဲ့ ပုံပေါက်သွားတာပါ"

ရင့်ကျက်တယ်.. မင်းက ဒါကို ရင့်ကျက်တယ်လို့ ခေါ်တာလား။

ဝမ်ရှိုကျဲ့၏ နှုတ်ခမ်းများမှာ တွန့်လိမ်သွားပြီး ရင်တွင်း၌ ညည်းညူလိုက်မိလေသည်။ ဒီ ယွမ်ရွေ့ ဆိုတဲ့ ကောင်စုတ်လေး.. ပညာတတ် တစ်ယောက်က မျက်နှာပြောင်တိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ရွှမ်ဝူ ကျင့်ကြံသူ တစ်ယောက်ထက်တောင် ပိုဆိုးနိုင်သေးတယ် တကား။

All Chapters