← Chapters

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း ၁၂၆။ အင်အားကြီးမားလှသော ယောက်ဖ၏ လွှမ်းမိုးနိုင်စွမ်း

လူတိုင်း၏ အာရုံစိုက်မှုများမှာ ဝမ်ရှိုကျဲ့ထံသို့ ကျရောက်နေပြီး စင်္ကြံလမ်း၏ ထောင့်တစ်နေရာတွင် တိတ်တဆိတ် ပေါ်လာသော ဆယ်ကျော်သက် အရွယ် အချောအလှ အစေခံ ကောင်မလေး တစ်ဦးကို မည်သူကမျှ သတိမထားမိလိုက်ကြချေ။

ထိုမြင်ကွင်းကို ချောင်းကြည့်ပြီးနောက် အစေခံ ကောင်မလေးမှာ ချက်ချင်းပင် လေးနက်သော မျက်နှာထားဖြင့် နောက်သို့ ပြန်ပြေးသွားလေသည်။

ရွှေလန် ခြံဝင်းအတွင်း၌……

ယနေ့သည် သတို့သမီး၏ မင်္ဂလာရှိသော နေ့ကြီးရက်ကောင်း ဖြစ်ပေသည်။ ရွှေလန် ခြံဝင်းကို နံနက်စောစောကတည်းက အကြိမ်ပေါင်းများစွာ သန့်ရှင်းရေး ပြုလုပ်ထားပြီး စင်္ကြံလမ်းပေါ်ရှိ အုတ်ချပ်များကိုပင် ရေကြည်ဖြင့် ဆေးကြောထားရာ အသစ်ကဲ့သို့ တောက်ပနေပေသည်။ စင်္ကြံလမ်းအောက်ရှိ မီးပုံးများအားလုံးကိုလည်း အနီရောင် မီးပုံးများဖြင့် အစားထိုးထားပြီး ခြံဝင်းအတွင်းရှိ သစ်ပင်များတွင်ပင် အနီရောင် မီးပုံးငယ်များ ချိတ်ဆွဲထားရာ မြင်လိုက်သည်နှင့် ပျော်ရွှင်ဖွယ် အငွေ့အသက်များ အပြည့်အဝ ရှိနေပေသည်။

သတို့သမီး အခန်းအတွင်း၌ သတို့သမီး လျိုရွဲ့လန် သည် မိတ်ကပ်လိမ်းသော မှန်တင်ခုံရှေ့တွင် ထိုင်နေပြီး သူမကို သေချာစွာ ပြင်ဆင်ပေးနေသော အလွန်လှပသည့် လူလတ်ပိုင်း အမျိုးသမီး အချို့က ဝိုင်းရံထားကြသည်။

မင်္ဂလာပွဲ ဖြစ်သောကြောင့် မင်္ဂလာဝတ်စုံမှာ ခမ်းနားထည်ဝါလှပြီး မိတ်ကပ်များ ဝတ်စုံပေါ်သို့ ပေကျံခြင်းမှ ကင်းဝေးစေရန် မင်္ဂလာဝတ်စုံ မဝတ်ဆင်မီ မိတ်ကပ်လိမ်းခြင်းနှင့် ဆံပင်ပြင်ဆင်ခြင်းများကို ဦးစွာ ပြုလုပ်ရမည် ဖြစ်ပေသည်။

ဤအချိန်တွင် လျိုရွဲ့လန်၏ မိတ်ကပ်မှာ တစ်ဝက်သာ ပြီးစီးသေးသော်လည်း သူမ၏ ဖြူစင်သော မျက်လုံးများမှာ ကြည်လင်တောက်ပနေပြီး ဉာဏ်ပညာများလည်း ပြည့်နှက်နေပေသည်။ သူမသည် ကောင်းကင်ယံမှ နတ်သမီးလေး တစ်ပါးကဲ့သို့ အလွန် ရှားပါးလှသော အလှပိုင်ရှင် မဟုတ်သော်ငြားလည်း အဆင့်မြင့် အလှပိုင်ရှင် တစ်ဦး ဖြစ်သည်မှာတော့ သေချာပေသည်။ ထိုနေရာတွင် ထိုင်နေရုံဖြင့်ပင် မွန်မြတ်သော မိသားစုမှ သခင်မလေး တစ်ဦး၏ နူးညံ့သိမ်မွေ့သော ကိုယ်ဟန်အမူအရာများ ရှိနေပြီး သာမန် မိန်းကလေးများတွင် မရှိနိုင်သော မွန်မြတ်သည့် အငွေ့အသက်များလည်း ရှိနေပေသည်။

ဤမွန်မြတ်သော အငွေ့အသက်မှာ အလိုလိုက်ခံထားရခြင်း မဟုတ်ဘဲ ကြွယ်ဝသော နောက်ခံသမိုင်းကြောင်းနှင့် အင်အားကြီးမားသော မိသားစုက ပြုစုပျိုးထောင်ပေးလိုက်ခြင်း ဖြစ်ရာ အခြားသူများ လိုက်လံ အတုယူရန် ခက်ခဲလှပေသည်။

သို့သော် ယနေ့တွင် သူမ အနည်းငယ် စိုးရိမ်ပူပန်နေပုံရပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးမှာ အနည်းငယ် တင်းမာနေကာ ရှည်လျားသော မျက်တောင်လေးများမှာလည်း အနည်းငယ် တုန်ခါနေပေသည်။

"သခင်မလေး ရွဲ့လန်.. မိန်းကလေးတိုင်း ဒီအချိန်ကို ဖြတ်သန်းရတာချည်းပါပဲ.. ပြီးတော့ သတို့သားလောင်းက ရုပ်ချောပြီး အရည်အချင်းရှိတယ်.. စိတ်နေသဘောထားကလည်း အလွန် ကောင်းမွန်တယ်.. သူက တကယ့် လူကောင်း တစ်ယောက်ပါ လို့ ငါကြားထားတယ်"

သူမကို ပြင်ဆင်ပေးနေသော လှပသည့် အမျိုးသမီးက နူးညံ့စွာ နှစ်သိမ့်ပေးလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် အန်တီလျို"

သူမက ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်နှင့် ရှက်ရွံ့မှု အရိပ်အယောင် အချို့ ဖြတ်ပြေးသွားလေသည်။ လှပသော အမျိုးသမီးမှာ အလွန် ကျွမ်းကျင်လှပြီး အချိန်တိုအတွင်းမှာပင် လျိုရွဲ့လန်၏ ဆံပင်ကို ပြင်ဆင်ပေးလိုက်သည်။

သူမ၏ နှုတ်ခမ်းများကိုလည်း တောက်ပသော အနီရောင် နှုတ်ခမ်းနီများ ဆိုးပေးလိုက်ရာ တောက်ပသော အရောင်နှင့် သူမ၏ ဖြူဖွေးနူးညံ့သော အသားအရေတို့မှာ အချင်းချင်း လိုက်ဖက်ညီသွားပြီး သူမ၏ အသားအရေကို ကျောက်စိမ်းကဲ့သို့ ဖြစ်သွားစေကာ ဖူးပွင့်နေသော ပီအိုနီ ပန်းတစ်ပွင့်အလား လှပသွားစေပေသည်။

လျိုရွဲ့လွေ့သည် ဘေးတွင် ရပ်နေပြီး သူမ၏ အစ်မဖြစ်သူ၏ လှပသော အသွင်အပြင်ကို ကြည့်ကာ အနည်းငယ် အားကျလာမိလေသည်။

"အစ်မ.. ဒီနေ့ အစ်မ အရမ်း လှနေတာပဲ.. ကောင်းကင်ဘုံက နတ်သမီးလေး ကျလာသလိုပဲ.. အစ်မကို လက်ထပ်ရတဲ့ ယောက်ဖ ကတော့ တကယ်ကို ကံကောင်းတာပဲ"

လျိုရွဲ့လွေ့၏ စကားကို ကြားသောအခါ မိတ်ကပ်ပြင်ဆင်ပေးနေသော လှပသည့် အမျိုးသမီးက ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်ပြီး နောက်ပြောင်လိုက်လေသည်။

"ရွဲ့လွေ့ က အားကျနေတယ်ဆိုရင် အဒေါ် ကူညီပေးလို့ ရပါတယ်.. ဘယ်မိသားစုမှာ သင့်တော်တဲ့ လူပျိုလေး ရှိလဲ သိလား"

စကားပြောနေသော လှပသည့် အမျိုးသမီးမှာ ဝမ်မျိုးနွယ်စု၏ စတုတ္ထမြောက် အစ်မဖြစ်သူ ဝမ်လျိုကျီ ပင် ဖြစ်ပေသည်။ သူမ၏ ခင်ပွန်းမှာ လျိုမျိုးနွယ်စုမှ ထိပ်တန်း အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။ သူမသာ အခြား မိသားစုတစ်ခုသို့ လက်ထပ်သွားခဲ့မည်ဆိုပါက လွန်ခဲ့သော အချိန်အတန်ကြာကတည်းက ဝမ်မျိုးနွယ်စုသို့ ပြန်သွားပြီး ကူညီပေးနေမည် ဖြစ်ပေသည်။

ဤအချိန်တွင် သူမက လျိုရွဲ့လန်အနီးတွင် အဖော်ပြုပေးနေခြင်းက သူတို့ကို ပိုမို ရင်းနှီးသွားစေသလို ဖြစ်နေပေသည်။

လျိုရွဲ့လွေ့၏ မျက်နှာမှာ နီမြန်းသွားပြီး စကားလမ်းကြောင်းကို အလျင်အမြန် လွှဲလိုက်လေသည်။

"ယွမ်ရွေ့ က မနက်စောစောကတည်းက အစ်မအတွက် မျက်နှာပန်း လှအောင် လုပ်ပေးချင်နေတာ.. အခု ဘယ်လို အခြေအနေ ရှိနေပြီလဲ မသိဘူး"

သူမ စကားပြောနေစဉ်မှာပင် တံခါးပေါက်မှ အချောအလှ အစေခံ ကောင်မလေး တစ်ဦး ရုတ်တရက် အပြေးအလွှား ဝင်လာလေသည်။ သူမ၏ ပုံစံမှာ အနည်းငယ် ချွေးထွက်နေပြီး တံခါးဝသို့ ဝင်လာသည်နှင့် စိုးရိမ်တကြီး ပြောလိုက်လေသည်။

"သခင်မလေး.. ပြဿနာတော့ တက်ပြီ.. သခင်လေး ယွမ်ရွေ့ က နည်းနည်း လွန်သွားပြီ ထင်တယ်"

"အစ်မ.. အခုထိ......"

လျိုရွဲ့လွေ့ စကားမဆုံးမီ ထိုသတင်းကြောင့် သူမလည်း တင်းမာသွားပြီး အလျင်အမြန် မေးလိုက်လေသည်။

"ချောင်အာ.. ဘာဖြစ်လို့လဲ"

"သခင်လေး ယွမ်ရွေ့ က သခင်လေး ယွမ်ချန် ကို ခေါ်လာပြီးတော့.. သတို့သားလောင်း ကို ဧရာမ ကျောက်တုံးကြီး တစ်တုံးကို မ ခိုင်းတယ်"

စကားပြောရင်း ချောင်အာ က ကျောက်တုံးကြီး၏ အရွယ်အစားကို လက်ဖြင့် သရုပ်ပြလိုက်လေသည်။

"အဲဒီ ကျောက်တုံးကြီးက သခင်လေး ယွမ်ချန် ပုံမှန် လေ့ကျင့်တဲ့အခါ သုံးတဲ့ဟာလေ.. အလေးချိန် ပေါင် နှစ်ထောင်တောင် ရှိတယ်.. သခင်လေး ယွမ်ဟွေးတောင် မနည်း မ ရတာ"

ချောင်အာ က စိုးရိမ်တကြီး ဆက်ပြောလိုက်လေသည်။

"သတို့သားလောင်းက အရမ်း ရုပ်ချောတာ.. တစ်ခုခု ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ"

သူမ၏ ဘေးရှိ လူလတ်ပိုင်း လှပသည့် အမျိုးသမီးက ရယ်မောလိုက်လေသည်။

"ချောင်အာ.. သခင်မလေး ရွဲ့လန် တောင် အိမ်ထောင်မကျသေးဘူး.. နင်က အစေခံမလေး ဖြစ်ပြီး သတို့သားလောင်း အတွက် စိုးရိမ်နေပြီလား.. နင် မရှက်ဘူးလားဟယ်"

"စိတ်မပူပါနဲ့.. ယွမ်ရွေ့ က ပညာတတ်ပါ.. သူ စည်းကမ်းတွေကို သိပါတယ်.. လျှောက်လုပ်မှာ မဟုတ်ပါဘူး"

နောက်ထပ် အတူလိုက်ပါလာသော လူလတ်ပိုင်း လှပသည့် အမျိုးသမီး တစ်ဦးကလည်း ရယ်မောလိုက်လေသည်။

"ဒီ သတို့သားလောင်း က လာပြီး လက်ထပ်မှာလေ.. သူ့ရဲ့ အရှိန်အဝါကို ငါတို့က မနှိမ်ထားရင် ငါတို့ ရွဲ့လန် လက်ထပ်သွားတဲ့အခါ အနိုင်ကျင့် မခံရနိုင်ဘူးလား.. ယွမ်ရွေ့ က သူ့အစ်မအတွက် စဉ်းစားပေးနေတာပါ"

"ဒါပေမဲ့ ဒါတွေက ဓလေ့ဟောင်းတွေပါ.. အိမ်ထောင်ရေး သာယာပြီး မိသားစု ကြီးပွားတိုးတက်ချင်ရင် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး သေသေချာချာ လုပ်ဆောင်ရမယ်.. ခင်ပွန်းဖြစ်သူကို ရိုသေလေးစားဖို့အတွက် အရာရာတိုင်းမှာ စဉ်းစားပေးရမယ်.. အမြဲတမ်း မိဘအိမ်ကိုပဲ ဘယ်လိုလုပ် အားကိုးနေလို့ ရမှာလဲ"

လျိုရွဲ့လန်၏ မျက်လုံးများမှာ အနည်းငယ် တုန်ခါသွားသော်လည်း သူမ စိုးရိမ်နေဆဲဖြစ်ကာ နူးညံ့သာယာသော အသံဖြင့် ပြောလိုက်လေသည်။

"ရွဲ့လွေ့.. ညီမ သွားပြီး ကိုင်တွယ်ဖြေရှင်းပေးလိုက်ပါ.. ယွမ်ရွေ့ တို့ကို အရမ်း လွန်သွားအောင် ပေးမကစားနဲ့နော်.. နည်းနည်းလောက် စည်ကားသွားအောင် လုပ်ရင် ရပါပြီ"

"ဟုတ်ကဲ့ အစ်မ.. ညီမ အခုပဲ သွားလိုက်ပါ့မယ်"

လျိုရွဲ့လွေ့ လည်း အနည်းငယ် ဂဏာမငြိမ် ဖြစ်နေပြီး ယောက်ဖဖြစ်သူ အခွင့်ကောင်းယူ ခံရမည်ကို စိုးရိမ်သဖြင့် ခွင့်တောင်းပြီးနောက် ချက်ချင်း ပြေးထွက်သွားလေတော့သည်။

......

တစ်ချိန်တည်းမှာပင် ခြံဝင်းအတွင်း၌

"ယွမ်ရွေ့.. ငါ ဒီစမ်းသပ်မှုကို မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ"

ဝမ်ရှိုကျဲ့သည် ယွမ်ရွေ့ တို့အဖွဲ့ နောက်ပြောင်နေမှန်း သိထားသဖြင့် သိပ်ဂရုမစိုက်ဘဲ ပြုံးလျက် မေးလိုက်လေသည်။

လျိုယွမ်ရွေ့သည် လက်နှစ်ဖက်ကို လက်ပိုက်ထားကာ ပေါ့ပေါ့ပါးပါး ပြုံးလျက် ပြောလိုက်လေသည်။

"ယောက်ဖ.. ယောက်ဖ သိပါတယ်.. ယောက်ဖ အရှုံးပေးလိုက်တာနဲ့ စမ်းသပ်မှုတွေ အားလုံးကို အောင်မြင်သွားမှာပါ"

ဝမ်ရှိုကျဲ့ သိထားပေသည်။ ဤသည်မှာ ရွှမ်ဝူ မိသားစုများအကြားရှိ ဓလေ့ထုံးစံ တစ်ခုဖြစ်၏။

ယောက်ဖငယ်များနှင့် ခယ်မငယ်များသည် ၎င်းတို့၏ အစ်မ မင်္ဂလာမဆောင်မီ သတို့သားကို ၎င်းတို့၏ အင်အားကို ပြသလေ့ရှိကြပြီး ၎င်းမှာ အစ်မဖြစ်သူအား ထောက်ခံအားပေးကြောင်း ပြသခြင်း တစ်မျိုးပင် ဖြစ်ပေသည်။ ဤသည်မှာ သတို့သားက အနာဂတ်တွင် ၎င်းတို့၏ အစ်မကို ကောင်းမွန်စွာ ဆက်ဆံစေရန် သေချာစေရန်အတွက် ဖြစ်၏။

သေချာသည်မှာ ဤအရာမှာ ရိုးရာ ဓလေ့ထုံးစံ တစ်ခုမျှသာ ဖြစ်ပေသည်။ ယနေ့ခေတ်တွင်မူ ၎င်းသည် မင်္ဂလာပွဲ အခမ်းအနား၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပြောင်းလဲလာခဲ့ပြီး အဓိကအားဖြင့် ပျော်ရွှင်ဖွယ် အငွေ့အသက် ဖန်တီးရန်အတွက် ဖြစ်ပေသည်။

"ယွမ်ရွေ့.. မင်းလည်း တစ်ချိန်ကျရင် မိန်းမယူရဦးမှာပဲ.. အဲဒီအခါကျရင် ငါ ဝင်ပါလို့ ငါ့ကို အပြစ်မတင်နဲ့နော်"

ဝမ်ရှိုကျဲ့က ပြုံးလျက် ပြောလိုက်လေသည်။

"မင်း ယောက်ဖရဲ့ အကြောင်းကို သိတယ်မလား.. ငါတို့ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်.. ဒါမှ ငါတို့ လက်စားချေမှု သံသရာထဲ မရောက်သွားမှာပေါ့"

မထင်မှတ်ထားဘဲ ယွမ်ရွေ့ က အရေးမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်လေသည်။

"ကျွန်တော် ဂရုမစိုက်ပါဘူး.. ကျွန်တော်က ပညာတတ်လေ.. အရှုံးပေးတာက ဘာမှားနေလို့လဲ.. ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ ကျွန်တော့်ကို ကာကွယ်ပေးဖို့ ကျွန်တော့် ဇနီးကိုပဲ အားကိုးရမှာပဲလေ"

ဝမ်ရှိုကျဲ့ မှာ ချွေးများပင် ပြန်လာမိလေသည်။ အရှက်မရှိသော ယောက်ျားတစ်ယောက်မှာ အမှန်တကယ်ပင် အနိုင်ယူ၍ မရနိုင်ချေ။ သူ၏ ယခင်ဘဝက ဂုဏ်ယူဝင့်ကြွားသော စာရေးဆရာ တစ်ဦးက တစ်ခါက ပြောဖူးလေသည်။ 'မင်း လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ကမ္ဘာပေါ်က အရာအားလုံး ရှင်းလင်းသွားတာကို မင်း တွေ့ရလိမ့်မယ်' တဲ့။

ထိုစကားမှာ အမှန်တရား အချို့ ပါဝင်နေပေသည်။

"ယောက်ဖ.. အရမ်း ခက်ခဲနေတယ်ဆိုရင် အရှုံးပေးလိုက်ပါ"

"ဟုတ်တယ်.. ဟုတ်တယ်.. ယောက်ဖကို အနာဂတ်ကျရင် ကျွန်တော်တို့ အစ်မက အကာအကွယ် ပေးလိမ့်မယ်"

ယောက်ဖငယ်များနှင့် ခယ်မငယ်များသည် စတင် နောက်ပြောင်လာကြလေသည်။

ချန်ဖန်ကျယ်သည်လည်း ဘေးတွင် အားရပါးရ ရယ်မောနေလေသည်။ လွန်ခဲ့သော နှစ်လက ဝမ်ရှိုကျဲ့ သူ့ကို ဤကဲ့သို့ပင် ဆက်ဆံခဲ့သည်ကို ပြန်တွေးမိလေသည်။ ပြုသူအသစ် ဖြစ်သူအဟောင်း ပင်။ ထိုအချိန်က သူသည် ထိုလှည့်ကွက်များကို မခုခံနိုင်ခဲ့ဘဲ ပွဲချင်းပြီး အရှုံးပေးခဲ့ရသည် မဟုတ်ပါလော။

"အင်း.. ငါ့ဇနီးကို အရှုံးပေးရတာ ငါ ဝန်မလေးပါဘူး"

အလွယ်တကူ အရှက်မရတတ်သော ဝမ်ရှိုကျဲ့သည် မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲပင် ဖြစ်၏။

"ဒါပေမဲ့.. ငါ စမ်းကြည့်ချင်ပါသေးတယ်.. မလုပ်နိုင်တော့မှ အရှုံးပေးပါ့မယ်"

"ယောက်ဖက အရမ်း မိုက်တာပဲ.. ယောက်ဖက အစွမ်းထက်တယ်"

ယောက်ဖငယ်များနှင့် ခယ်မငယ်များထံမှ အားပေးဟစ်ကြွေးသံများ ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားလေသည်။ သူတို့အားလုံးမှာ ယောက်ဖဖြစ်သူ ကျောက်တုံးကြီးကို မည်သို့ မ မည်ကို ကြည့်ချင်နေကြလေသည်။

"ရှိုကျဲ့.. မင်းရဲ့ ခါးကို ဒဏ်မဖြစ်စေနဲ့ဦးနော်.. မင်းရဲ့ မင်္ဂလာဦးညကို ထိခိုက်သွားရင် မကောင်းဘူး"

ချန်ဖန်ကျယ်က မျက်နှာပြောင်တိုက်လျက် အားရပါးရ ရယ်မောကာ ပြောလိုက်လေသည်။

ဤလူမှာ အမှန်တကယ်ပင် အိမ်ထောင်သည် တစ်ယောက်ဖြစ်ပြီး သူ၏ မျက်နှာပြောင်တိုက်နိုင်မှုမှာ လူပျိုလူရွယ်လေးများနှင့် နှိုင်းယှဉ်ပါက အဆင့်တစ်ခု ကွာခြားနေပေသည်။

ဝမ်ရှိုကျဲ့က သူ့ကို ဂရုမစိုက်ဘဲ ကုန်းကွကာ ကျောက်တုံးကြီးကို ပုတ်လိုက်ပြီး လျိုယွမ်ချန် အား ပြောလိုက်လေသည်။

"ယွမ်ချန်.. မင်းရဲ့ ဒီကျောက်တုံးကြီးက ပေါင် တစ်ထောင် နှစ်ထောင်လောက်တော့ ရှိမှာပဲနော်"

လျိုယွမ်ချန်က အားရပါးရ ရယ်မောလိုက်လေသည်။

"ယောက်ဖ.. ဒီကျောက်တုံးကြီးက ပေါင် နှစ်ထောင် အတိ ရှိပါတယ်"

"မိုက်တယ်.. မင်း တော်တော် ကြိုးစား လေ့ကျင့်ထားတာပဲ" ဝမ်ရှိုကျဲ့က ချီးကျူးလိုက်လေသည်။

သို့သော် ဤလူကြီးက ယောက်ဖ ဟု ခေါ်နေသည်ကို ကြားရသည်မှာ တစ်စုံတစ်ရာ ထူးဆန်းနေပြီး ပြောပြ၍မရသော ထူးဆန်းမှုတစ်ခု ရှိနေပေသည်။

"အစ်ကိုလေး.. သတိထားဦးနော်"

ဝမ်ရှိုယုံး နှင့် ဝမ်ရှိုလျန် တို့က အနည်းငယ် စိုးရိမ်တကြီး ပြောလိုက်ကြလေသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် သူ၏ ညီအရင်းများ ဖြစ်ကြပေသည်။ တကယ်တမ်း အရေးကြုံလာသောအခါ သူတို့မှာ ယုံကြည်စိတ်ချရသူများဖြစ်ပြီး အစ်ကိုကြီးအတွက် စိုးရိမ်ပူပန်ပေးကြလေသည်။

"စိတ်မပူပါနဲ့.. ငါ စမ်းကြည့်ရုံလေးပါ"

ဝမ်ရှိုကျဲ့က သူတို့ကို ပေါ့ပေါ့ပါးပါး နှစ်သိမ့်လိုက်ပြီးနောက် သူ၏ လက်ဖဝါးကို ကျောက်တုံးကြီးပေါ်သို့ တင်ကာ စမ်းသပ်ကြည့်ရန် အနည်းငယ် တွန်းကြည့်လိုက်လေသည်။

ရုတ်တရက် ဖိချ၊ လိမ်ချိုးပြီး မ တင်လိုက်မှုနှင့်အတူ ဧရာမ ကျောက်တုံးကြီးကို သူက အလွယ်တကူပင် ခေါင်းပေါ်သို့ မြှောက်တင်လိုက်လေသည်။

ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

လျိုယွမ်ရွေ့၊ ချန်ဖန်ကျယ် နှင့် အခြားသူများ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်းပင် ရေခဲရိုက်ထားသကဲ့သို့ ဖြစ်သွားလေသည်။

သူတို့ရှေ့ရှိ မြင်ကွင်းက လူတိုင်းကို မှင်တက်သွားစေပြီး ဧရာမ လူကြီး လျိုယွမ်ချန် ပင်လျှင် အံ့အားသင့်သွားကာ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်သည့် အသွင် ဖြစ်နေလေသည်။

ဤကျောက်တုံးကြီးမှာ ပေါင် နှစ်ထောင် အလေးချိန်ရှိပြီး သူကိုယ်တိုင်ပင် မတင်ရန် ခက်ခဲလှပေသည်။

"ယောက်ဖက တကယ်ကို အံ့ဩစရာပါပဲ.. ကျွန်တော် လေးစားပါတယ်"

ဧရာမ လူကြီးမှာ ပွင့်လင်းရိုးသားသူဖြစ်ပြီး အံ့အားသင့်မှုမှ သတိပြန်ဝင်လာပြီးနောက် သူ၏ လေးစားမှုကို ချက်ချင်း ဖော်ပြလိုက်လေသည်။

အခြားသော ယောက်ဖငယ်များနှင့် ခယ်မငယ်များသည်လည်း ခဏတာ အံ့အားသင့်သွားပြီးနောက် အော်ဟစ် အားပေးကြလေသည်။

"တော်လိုက်တာ ယောက်ဖ.. ယောက်ဖက တကယ် သန်မာတာပဲ.. တကယ့် ယောကျ်ားကောင်း တစ်ယောက်ပါပဲ"

ရွှမ်ဝူ လောကတွင် ဤကဲ့သို့ ရိုးရှင်းလှပေသည်။ သင် သန်မာပါက အခြားသူများကို အလွယ်တကူ လွှမ်းမိုးနိုင်ပေသည်။

"ယွမ်ရွေ့.. ငါ စမ်းသပ်မှုကို အောင်မြင်ပြီလား.. မင်းရဲ့ အစ်မကို ကာကွယ်ပေးဖို့ အရည်အချင်း ပြည့်မီပြီလား"

ဝမ်ရှိုကျဲ့သည် လျိုယွမ်ရွေ့ကို ပြုံးလျက် ကြည့်လိုက်ပြီး အရင်ကကဲ့သို့ပင် တည်ငြိမ်အေးဆေးနေဆဲ ဖြစ်၏။

သူသည် ကျောက်တုံးကြီးကို ကိုင်ထားဆဲဖြစ်ပြီး ခွန်အားများ ကျန်ရှိနေသေးသည့် အသွင် ရှိနေပေသည်။

ဝမ်ရှိုကျဲ့၏ သွေးဆက် နိုးထလာမှုနှင့်အတူ သူ၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများမှာ တစ်နေ့ထက်တစ်နေ့ တိုးတက်လာနေကြောင်း မည်သူမျှ မသိရှိကြချေ။ သူ၏ နေ့စဉ် ခွန်အား လေ့ကျင့်မှုများနှင့် ကြိုးစားပမ်းစား ကျင့်ကြံမှုများ ပေါင်းစပ်လိုက်သောအခါ သူ၏ ခွန်အားအပေါ် အတော်လေး ယုံကြည်မှု ရှိနေပေသည်။

ယွမ်ရွေ့ ၏ စမ်းသပ်မှုမှာ လွယ်ကူလွန်းလှပေသည်။

လျိုယွမ်ရွေ့မှာ အံ့အားသင့်မှုမှ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရပြီး မချိပြုံး ပြုံးကာ ခေါင်းခါလိုက်လေသည်။

"ကျွန်တော် ယောက်ဖကို အထင်သေးမိသွားတယ်.. ယောက်ဖရဲ့ ခွန်အားက တကယ် အထင်ကြီးစရာပါပဲ.. ယောက်ဖ ကျွန်တော့်အစ်မကို ကာကွယ်နိုင်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်"

"ဟီး ဟီး"

ဝမ်ရှိုကျဲ့ ရယ်မောလိုက်ပြီးနောက် ရုတ်တရက် လျိုယွမ်ချန် အား အော်ပြောလိုက်လေသည်။

"လူကြီး.. ဖမ်း"

ထိုသို့ပြောရင်း သူက လက်မောင်းကို လိမ်ကာ လှည့်လိုက်ပြီးနောက် ကျောက်တုံးကြီးမှာ လည်ထွက်သွားပြီး မလှမ်းမကမ်းရှိ ဧရာမ လူကြီး လျိုယွမ်ချန် ထံသို့ ပျံသန်းသွားလေသည်။

လျိုယွမ်ချန်သည် အလျင်အမြန်ပင် လက်နှစ်ဖက်ဖြင့် ဖမ်းလိုက်လေသည်။

ကျောက်တုံးကြီးမှာ သူ၏ လက်ထဲတွင် ဆက်လက် လည်ပတ်နေသဖြင့် သူ့ကို ခြေလှမ်း အတော်များများ နောက်ဆုတ်သွားစေပြီး ကျောက်တုံးကြီးကို လွတ်ကျလုနီးပါး ဖြစ်သွားစေသည်။

တော်သေးတာပေါ့ ငါ လျင်မြန်စွာ တုံ့ပြန်လိုက်နိုင်လို့.. မဟုတ်ရင် အရှက်ကွဲတော့မှာပဲ။ လျိုယွမ်ချန်မှာ တိတ်တဆိတ် ထိတ်လန့်သွားပြီး ကျောက်တုံးကြီးကို အောက်ချရန် ပြင်လိုက်လေသည်။

သူ မတုံ့ပြန်နိုင်မီမှာပင် ဝမ်ရှိုကျဲ့က ရှေ့သို့ ပြေးဝင်လာပြီး သူ၏ ခါးကို ဖမ်းကိုင်ကာ သူ့ကို မြှောက်တင်လိုက်လေသည်။

တစ်ခဏအတွင်းမှာပင် လျိုယွမ်ချန်သည် လေထဲတွင် ပျံသန်းနေသကဲ့သို့ ခံစားလိုက်ရလေသည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ အောက်သို့ ကျဆင်းသွားပြီး တစ်ဝက်တစ်ပျက်တွင် ရပ်တန့်သွားကာ လေထဲတွင် တွဲလောင်းဖြစ်နေလေသည်။

သူ အနည်းငယ် တွေဝေသွားပြီး ဘာဖြစ်သွားမှန်း မသိလိုက်ချေ။ လေထဲတွင် ပေါလောပေါ်နေသကဲ့သို့ သူ၏ ခေါင်းထဲတွင် အူဝေနေသည်ကိုသာ ခံစားလိုက်ရလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးတွင် အံ့အားသင့်စွာဖြင့် အသက်ရှူမှားသံများ ထွက်ပေါ်လာလေသည်။ ဝမ်ရှိုကျဲ့ ကိုယ်တိုင် သတိမထားမိသော်လည်း အခြားသူများအားလုံးက ရှင်းလင်းစွာ မြင်တွေ့လိုက်ရပေသည်။

ဝမ်ရှိုကျဲ့သည် သူ့ကို လေထဲသို့ ပစ်တင်လိုက်ပြီးနောက် သူ၏ ခြေထောက် နှစ်ချောင်းကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်ကာ စွမ်းအားကြီးမားသော ဘုရင်တစ်ပါးက ကြေးအိုးကြီးကို မြှောက်တင်လိုက်သကဲ့သို့ သူ့ကို လေထဲတွင် မြှောက်ထားလိုက်ခြင်းပင် ဖြစ်ပေသည်။

သူ၏ ယောက်ဖငယ်များနှင့် ခယ်မငယ်များအနေဖြင့် သူတို့အားလုံးမှာ ဆွံ့အ မှင်တက်သွားကြလေသည်။

သူတို့၏ ယောက်ဖမှာ အမှန်တကယ်ပင် ထိုမျှလောက် အစွမ်းထက်ပါသလော။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားမှာ အခြားသူများထက် များစွာ သာလွန်နေသည်ဟု မဆိုထားနှင့်၊ တိုက်ရိုက်မျိုးဆက်၏ သားအကြီးဆုံးဖြစ်သော လျိုယွမ်ဟွေး ပင်လျှင် များစွာ ညံ့ဖျင်းနေသေးပေသည်။

ဤအချိန်တွင် လျိုယွမ်ရွေ့မှာ လုံးဝ လက်ခံသွားပြီး မချိပြုံး ပြုံးကာ ပြောလိုက်လေသည်။

"ယောက်ဖ.. ယွမ်ချန် ကို အောက်ချပေးလိုက်ပါ.. သူက ငယ်ပါသေးတယ်.. သူ့ကို မလန့်ပါစေနဲ့"

"ကောင်းပြီ.. ကောင်းပြီ"

"သူက ငယ်ပါသေးတယ်" ဟူသော စကားစုကြောင့် ဝမ်ရှိုကျဲ့မှာ တုန်လှုပ်သွားပြီး သူ၏ စိတ်ဓာတ်များမှာ လွင့်ပျောက်လုနီးပါး ဖြစ်သွားလေသည်။ သူ၏ လက်များကို အနည်းငယ် ဖြေလျှော့လိုက်ပြီးနောက် ဧရာမ လူကြီး လျိုယွမ်ချန် ကို မြေကြီးပေါ်သို့ ညင်သာစွာ ချပေးလိုက်လေသည်။

သူက အနီရောင် စာအိတ်တစ်အိတ်ကို သူ၏ ရင်ခွင်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်ပေးလိုက်ပြီး ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

"ယွမ်ချန်.. သွားကစားတော့"

"ကျေးဇူးတင်ပါတယ် ယောက်ဖ"

လျိုယွမ်ချန်သည် သူ၏ ကျောက်တုံးကြီးကို ပျော်ရွှင်စွာ ဖက်ထားပြီး ရွှင်မြူးစွာ ပြေးထွက်သွားကာ မကြာမီပင် အမြင်အာရုံမှ ပျောက်ကွယ်သွားလေတော့သည်။

ဤဖြစ်ရပ်အပြီးတွင် လူတို့ ဝမ်ရှိုကျဲ့အား ကြည့်ရှုသော အကြည့်များမှာ ပြောင်းလဲသွားပြီး အကြောက်တရားနှင့် လေးစားမှု အရိပ်အယောင် အချို့ ပါဝင်လာပေသည်။

တစ်ချိန်တည်းမှာပင် စင်္ကြံလမ်း၏ အဆုံးတွင် စောင့်ကြည့်နေသော အစေခံ ကောင်မလေး ချောင်အာ မှာလည်း စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းနေလေသည်။ သူမ ချက်ချင်းပင် လှည့်၍ ခြံဝင်းအတွင်းသို့ ပြန်ပြေးသွားလေသည်။

"သခင်မလေး.. သတို့သားလောင်း က အံ့ဩစရာပါပဲ.. သူက အရမ်း သန်မာတာပဲ.. သခင်လေး ယွမ်ချန် တောင် သူ့ကို မယှဉ်နိုင်ဘူး" သူမက လျိုရွဲ့လန် အား အဖြစ်အပျက်များကို စိတ်လှုပ်ရှားစွာ ပြန်ပြောပြလေသည်။

စတုတ္ထအစ်မ ဝမ်လျိုကျီ က ပျော်ရွှင်စွာ ပြောလိုက်လေသည်။

"သူက ငါတို့ ဝမ်မျိုးနွယ်စုရဲ့ ထူးချွန်တဲ့သူပဲလေ.. ငါ့ရဲ့ စတုတ္ထမောင်လေး ရှိုကျဲ့က တကယ်ကို ထူးခြားတာပဲ"

"သတို့သားလောင်း က အဲဒီလောက်တောင် သန်မာတာလား" လူလတ်ပိုင်း လှပသည့် အမျိုးသမီး နှစ်ဦးသည်လည်း အနည်းငယ် အံ့အားသင့်သွားပြီးနောက် အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြလေသည်။

"ငါတို့ ရွဲ့လန် က တကယ် ကံကောင်းတာပဲ"

ထိုအချိန်တွင် ဉာဏ်ကောင်းသော သတို့သမီးသစ် လျိုရွဲ့လန် ၏ လှပသော မျက်နှာပေါ်တွင် အနည်းငယ် တွေဝေနေသော အမူအရာတစ်ခု ရှိနေလေသည်။ အမျိုးသားတစ်ဦး သန်မာခြင်းက ကောင်းမွန်သောအရာ ဖြစ်သော်လည်း ၎င်းက ကံကောင်းခြင်းနှင့် မည်သို့ ပတ်သက်နေပါသနည်း။ သူမ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေလေသည်။

အခြေအနေကို သတင်းပို့ခဲ့သော အစေခံ ကောင်မလေး ချောင်အာမှာ အခြေအနေကို ဆက်လက် စောင့်ကြည့်ရန် ထပ်မံ ထွက်သွားပြီ ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် ခြံဝင်းအတွင်း၌ ဝမ်ရှိုကျဲ့က ပြောလိုက်လေသည်။

"ယွမ်ရွေ့.. အချိန်တော်တော်လင့်နေပြီလား.. မင်းရဲ့ အစ်မကို သွားကြိုလို့ ရပြီလား"

ဤအချိန်တွင် လျိုယွမ်ရွေ့သည်လည်း အံ့အားသင့်မှုမှ သတိပြန်ဝင်လာပြီး ပြုံးလျက် နှုတ်ဆက်ကာ ပြန်ပြောလိုက်လေသည်။

"ယောက်ဖ.. ကျွန်တော် ယောက်ဖကို သွားခွင့်ပြုချင်ပေမယ့် ကျွန်တော့်ရဲ့ ညီအစ်ကို မောင်နှမတွေက သဘောတူလား ဆိုတာကိုတော့ မေးရဦးမယ်"

ထိုသို့ပြောရင်း သူက သူ၏ ယောက်ဖငယ်များနှင့် ခယ်မငယ်များကို လှည့်ကြည့်လိုက်လေသည်။

ယောက်ဖငယ်များနှင့် ခယ်မငယ်များသည် ချက်ချင်းပင် လန်းဆန်းလာကြပြီး တစ်ခဲနက် အော်ဟစ်လိုက်ကြလေသည်။

"ကျွန်တော်တို့ သဘောမတူဘူး.. သိပ်မပျော်ရသေးဘူး.. ယောက်ဖ.. နောက်တစ်ပွဲလောက် ထပ်လုပ်ပါဦး"

"ကောင်းပါပြီ.. ယွမ်ရွေ့.. မင်းဆီမှာ ဘာလှည့်ကွက်တွေ ရှိသေးလဲ ထုတ်သုံးလိုက်ပါတော့.. ငါ တတ်နိုင်သလောက် လုပ်မယ်.. မလုပ်နိုင်ရင် အရှုံးပေးမယ်"

ဝမ်ရှိုကျဲ့ကလည်း ဤလူပျိုလူရွယ်လေးများနှင့် မိန်းကလေးငယ်များကို အရင် တစ်ပွဲတည်းဖြင့် ကျေနပ်အောင် မလုပ်နိုင်ကြောင်း သိရှိထားပေသည်။

"ယောက်ဖက တကယ်ကို ရဲရင့်တာပဲ"

လျိုယွမ်ရွေ့က ရယ်မောကာ နှုတ်ဆက်လိုက်လေသည်။ "ဒါဆိုရင် ကျွန်တော် အားနာမနေတော့ဘူးနော်"

"ကျွန်တော်တို့ ရွှမ်ဝူ မျိုးနွယ်စုက လူတွေအားလုံးဟာ ရှေ့ဆောင် လမ်းပြတွေချည်းပါပဲ.. ကျွန်တော်တို့ ဘာအတွက် အသက်ရှင်နေကြတာလဲ.. အစားအစာအတွက် အသက်ရှင်နေကြတာပါ.. ကျွန်တော့်အစ်မက ယောက်ဖတို့ ဝမ်မျိုးနွယ်စုကို လက်ထပ်သွားပြီဆိုတော့ သူ စားစရာ တစ်ခုခုတော့ ရှိရမှာပေါ့.. ယောက်ဖ.. အဲဒါ မှန်တယ် မဟုတ်လား"

"မှန်ပါတယ်" ဝမ်ရှိုကျဲ့က သဘောတူညီကြောင်း ခေါင်းညိတ်လိုက်သည်။

"ဒါဆို အသားကို ဘယ်လို ရယူမလဲ.. သေချာပေါက် အမဲလိုက်ပြီး ရယူရမှာပေါ့.. ကျွန်တော်တို့ ရွှမ်ဝူ မျိုးနွယ်စုရဲ့ ဘိုးဘေးတွေအားလုံးဟာ အမဲလိုက်ပြီး မိသားစုကို ကျွေးမွေးခဲ့ကြတာပဲ.. အမဲလိုက်တယ်ဆိုတာ လေးပစ်ကျွမ်းကျင်မှု အပေါ်မှာပဲ မူတည်နေတာလေ.. ဒါကြောင့် ယောက်ဖ.. ယောက်ဖရဲ့ လေးပစ်ကျွမ်းကျင်မှုကို ကျွန်တော်တို့ကို ပြသလိုက်ရင်ကော ဘယ်လိုလဲ"

အသားကို စိုက်ပျိုးရေး လုပ်ခြင်းဖြင့်လည်း ရနိုင်ကြောင်း ဝမ်ရှိုကျဲ့ အမှန်တကယ် ပြောချင်ခဲ့သော်လည်း လျိုယွမ်ရွေ့၏ စိတ်ခံစားမှုအတိုင်း လိုက်လျောရန်အတွက် သူ၏ စကားများကို မြိုချလိုက်ရလေသည်။

"ကောင်းပြီလေ.. ဒါဆို ယွမ်ရွေ့ ကို လေးနဲ့ မြား ယူလာပေးဖို့ ဒုက္ခပေးရတော့မှာပေါ့"

ဝမ်ရှိုကျဲ့သည် သူ၏ လေးပစ်ကျွမ်းကျင်မှုအပေါ် အတော်လေး ယုံကြည်မှု ရှိပေသည်။

သူ၏ လေးပစ်စွမ်းရည်မှာ မူလကတည်းက အလွန် ကောင်းမွန်နေပြီး သူ၏ သွေးဆက် နိုးထလာပြီးနောက်တွင် ပိုမို တိုးတက်လာခဲ့ပေသည်။ ဤအချက်ကို သူကိုယ်တိုင် နားမလည်ရုံသာမက ဘိုးဘေးပင်လျှင် အနည်းငယ် ဇဝေဇဝါ ဖြစ်ခဲ့ရလေသည်။ သို့သော် သူ၏ စွမ်းအားမှာ ပေါက်ကွဲထွက်တတ်သော တိုက်ပွဲဝင် ခန္ဓာကိုယ် ရှိသူများထက် အနည်းငယ် ညံ့ဖျင်းနေသေးပြီး သူ၏ လေးပစ်စွမ်းရည်မှာလည်း မွေးရာပါ လေးသမား အချို့၏ အမြင့်ဆုံး အဆင့်သို့ မရောက်ရှိနိုင်သေးချေ။

အချုပ်ပြောရလျှင် သူသည် ကဏ္ဍတိုင်းတွင် အားကောင်းသော်လည်း မည်သည့် ကဏ္ဍတွင်မှ အသန်မာဆုံး မဟုတ်ချေ။

မထင်မှတ်ထားဘဲ လျိုယွမ်ရွေ့ က ထပ်မံ ရယ်မောလိုက်လေသည်။

"လေးပစ်စွမ်းရည်ကိုချည်းပဲ ပြနေလို့ ဘာထူးမှာလဲ.. ယောက်ဖအတွက် ကျွန်တော် ပြိုင်ဘက် တစ်ယောက် စီစဉ်ပေးထားတယ်"

ထိုသို့ပြောရင်း သူက လက်ခုပ်တီးလိုက်လေသည်။

လက်ခုပ်သံ ဆုံးသွားသည်နှင့် နံရံအပြင်ဘက်မှ ပိန်လှီသော ပုံရိပ်တစ်ခု လိမ့်ဝင်လာလေသည်။

သူသည် လေထဲတွင် ခြေလှမ်း အတော်များများ လှမ်းလိုက်ပြီး သူ၏ ကိုယ်ခံပညာမှာ အလွန် ကောင်းမွန်ကာ နှစ်ကြိမ် သုံးကြိမ် အသက်ရှူရုံမျှဖြင့် ဝမ်ရှိုကျဲ့၏ ရှေ့တွင် ရပ်တန့်သွားလေသည်။ ဝမ်ရှိုကျဲ့သည် သူ့ကို သေချာစွာ ကြည့်လိုက်ရာ သူမှာ အလွန် ပိန်လှီပြီး ယဉ်ကျေးသိမ်မွေ့ပုံ ရသော်လည်း သူ၏ အသွင်အပြင်မှာ အနည်းငယ် ညစ်ပတ်ပြီး အိုမင်းနေကြောင်း တွေ့လိုက်ရသည်။ သူ၏ ခါးတွင် မြားတောင့် တစ်တောင့်နှင့် ကျောတွင် လေးတစ်လက်ကို လွယ်ထားရာ ကျွမ်းကျင်သော လေးမုဆိုး တစ်ဦးဖြစ်ကြောင်း ထင်ရှားနေပေသည်။

သို့သော် ဤလူမှာ အနည်းငယ် ရင့်ကျက်လွန်းနေပြီး အသက် သုံးဆယ် သို့မဟုတ် လေးဆယ် အရွယ်ခန့် ရှိပေလိမ့်မည်။

ဝမ်ရှိုကျဲ့မှာ အနည်းငယ် အံ့အားသင့်သွားပြီး တုံ့ဆိုင်းစွာဖြင့် မေးလိုက်လေသည်။

"ယွမ်ရွေ့.. သူကရော ညီငယ် တစ်ယောက်ပဲလား"

လျိုယွမ်ရွေ့က ခေါင်းခါလိုက်လေသည်။

"မဟုတ်ပါဘူး"

အသစ်ရောက်လာသူကို အေးဆေးစွာ ကြည့်လိုက်ပြီး သူက ပြောလိုက်သည်။

"အစ်ကို ယွမ်ရှန်း.. အစ်ကို့ရဲ့ ယောက်ဖကို အစ်ကို့ကိုယ်အစ်ကို မိတ်ဆက်ပေးလိုက်ပါဦး"

ပိန်လှီသော အမျိုးသားက ခေါင်းညိတ်လိုက်ပြီး ဝမ်ရှိုကျဲ့ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်လေသည်။

"မင်္ဂလာပါ ယောက်ဖ.. ကျွန်တော်က လျိုယွမ်ရှန်း ပါ.. ဒီနှစ် အသက် လေးဆယ် ရှိပါပြီ.. အိမ်ထောင်မရှိသေးပါဘူး"

သူသည် ဤကစားပွဲတွင် ပါဝင်ခွင့်ရှိကြောင်း ပြသရန် "အိမ်ထောင်မရှိသေးပါဘူး" ဟူသော စကားလုံးကို အလေးပေး ပြောဆိုလိုက်လေသည်။

"အင်း.. ဒါက..."

ဝမ်ရှိုကျဲ့၏ နဖူးမှ ချွေးအေး တစ်စက် စီးကျလာလေသည်။

ဤလူက အတော်လေး ပွင့်လင်းသော်လည်း အသက် လေးဆယ်အရွယ်တွင် အိမ်ထောင်မရှိသေးခြင်းမှာ ဂုဏ်ယူစရာ ကိစ္စတစ်ခုတော့ မဟုတ်လောက်ဘူး မဟုတ်ပါလော။

"ယောက်ဖ က ကျွန်တော့်ကို အထင်သေးနေတာလား"

လျိုယွမ်ရှန်း က ဝမ်ရှိုကျဲ့ကို လွမ်းဆွေးနေသော အမူအရာဖြင့် ကြည့်ကာ မေးလိုက်လေသည်။

"ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်နိုင်မှာလဲ" ဝမ်ရှိုကျဲ့က ရယ်မောလိုက်လေသည်။

"အစ်ကို ယွမ်ရှန်း ကစားပွဲမှာ ပါဝင်လာတာက ကျွန်တော့်ရဲ့ မင်္ဂလာပွဲကို ပိုပြီး အရောင်အသွေး စုံလင်သွားစေတာပေါ့.. အထူး ကြိုဆိုပါတယ်ဗျာ"

"ဒါဆိုရင် နောက်ကစားပွဲကို စလိုက်ကြရအောင်" လျိုယွမ်ရွေ့ က လိမ္မာပါးနပ်စွာ ပြုံးလိုက်လေသည်။

"ယောက်ဖ.. ဟိုဘက်ကို ကြည့်လိုက်.. ကြေးပြားကြီးတွေ ချိတ်ဆွဲထားတာ ရှိတယ်"

စကားပြောရင်း သူက ခြံဝင်း၏ အခြားတစ်ဖက်သို့ လက်ညှိုးထိုးပြကာ ဝမ်ရှိုကျဲ့ကို ထိုဘက်သို့ ကြည့်ရန် အချက်ပြလိုက်လေသည်။

ဝမ်ရှိုကျဲ့ လှမ်းကြည့်လိုက်သော်လည်း ဘာကိုမျှ မတွေ့ရချေ။

သူက လျိုယွမ်ရွေ့ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်လေသည်။

"ဘယ်မှာလဲ"

"ဟိုအဝေးကို ကြည့်လေ"

လျိုယွမ်ရွေ့က ဆက်လက် ပြုံးနေလေသည်။

ဝမ်ရှိုကျဲ့ ထပ်မံ ကြည့်လိုက်သော်လည်း ဘာကိုမျှ မတွေ့ရသေးချေ။

"ပိုပြီး ဝေးဝေးကို ကြည့်"

ဝမ်ရှိုကျဲ့၏ တုံ့ပြန်မှုကို ကြိုတင် သိရှိထားသကဲ့သို့ လျိုယွမ်ရွေ့ က ပေါ့ပေါ့ပါးပါး ထပ်ပေါင်း ပြောလိုက်လေသည်။

သူညွှန်ပြရာ ဘက်သို့ ဝမ်ရှိုကျဲ့ ကြည့်လိုက်ရာ ပိုပိုပြီး ဝေးဝေးသို့ ရောက်သွားပြီး နောက်ဆုံးတွင် ဆယ်မီတာခန့် အကွာရှိ သစ်ပင်တစ်ပင်တွင် ချိတ်ဆွဲထားသော ကြေးပြားကြီး အချို့ကို တွေ့လိုက်ရလေသည်။

ဝမ်ရှိုကျဲ့ စကားမပြောနိုင်မီမှာပင် ဘေးမှ ချန်ဖန်ကျယ် က အသက်ရှူမှားသွားကာ ပြောလိုက်လေသည်။

"ယွမ်ရွေ့.. ဒီကစားပွဲက နည်းနည်း အရမ်း မလွန်လွန်းဘူးလား.. မင်းရဲ့ ယောက်ဖအတွက် မျက်နှာလေး ဘာလေး ချန်ထားပေးသင့်တယ်"

ထိုသို့ပြောနေစဉ် သူက တိတ်တဆိတ် လက်မထောင်ပြလိုက်လေသည်။ ကောင်းတယ်.. ကောင်းတယ်.. ဟု သဘောရလေသည်။

လျိုယွမ်ရွေ့ က အောင်ပွဲခံသည့် အကြည့်ဖြင့် ပြန်ကြည့်လိုက်လေသည်။ အစ်ကိုချန် က သူ့ကို သင်ပေးရန် စာရေးခဲ့သည်မှာ အလွန် ကောင်းမွန်ပေသည်။

ထို့နောက် သူတို့ နှစ်ယောက်စလုံးသည် အောင်ပွဲကို ရရှိထားပြီးဖြစ်သည့်အလား အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြလေတော့သည်။

...

All Chapters