အခန်း ၃၃၃
Vol. 34 Ch. 333
အခန်း (၃၃၃)
ထောက်ပံ့ကြေးဆိုသည်မှာ တကယ်လိုအပ်နေသူများကို ပေးမှသာ အဓိပ္ပာယ်ရှိပေသည်
ထိုနေ့က လျန်ထျန်းသည် ထုံးစံအတိုင်း သူ၏ လျှပ်စစ်စကူတာကို စီးကာ အစားအသောက်ပို့ရန် လမ်းပေါ်တွင် ကြိုးစားပန်းစား သွားလာနေခဲ့လေသည်။
လျန်ထျန်းသည် အတန်ငယ် အဆင့်မြင့်သော စားသောက်ဆိုင်တစ်ဆိုင်သို့ အစားအသောက် သွားယူသောအခါ အစားအသောက်များ မရသေးသဖြင့် စောင့်ဆိုင်းနေစဉ် အောက်ပါဖြစ်ရပ်လေး ဖြစ်ပွားခဲ့လေသည်။
သူမမှာ ခြေဆုံးခေါင်းဖျား နာမည်ကြီးတံဆိပ်များ ဝတ်ဆင်ထားပြီး ဇိမ်ခံလက်ကိုင်အိတ်ကို ကိုင်ကာ နောက်ဆုံး ပေါ် လက်ကိုင်ဖုန်းကို ကိုင်ဆောင်လျက် ဇိမ်ခံကားကြီးတစ်စီးပေါ်မှ ဆင်းလာသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ အမျိုးသမီးသည် ကားသော့ခတ်ပြီးနောက် စားသောက်ဆိုင်အတွင်းသို့ ကျော့ရှင်းစွာ ဝင်ရောက်သွားကာ စားပွဲထိုးကို လှမ်းပြောလိုက်လေသည်။
"ထုံးစံအတိုင်းပဲ (၈၈၈) ပြားတန် နေ့လယ်ခင်း လက်ဖက်ရည်ပွဲကို ယူခဲ့ပေးပါ...။”
ထိုစဉ် သူမ၏ ဖုန်းမြည်လာသဖြင့် ကိုင်လိုက်လေသည်။ တစ်ဖက်မှ ဖုန်းဆက်သူမှာ သူမ၏ သူငယ်ချင်း ဖြစ်ဟန် တူပေသည်။ ခေတ္တမျှ ရယ်မောစကားပြောပြီးနောက် သူမက ကြွားလုံးထုတ်တော့သည်။
"ယောက်ျားရှာရင် အာဏာရှိတဲ့သူကိုပဲ ရှာရမယ်…။ နင်သိလား…၊ အခု ငါက ထောက်ပံ့ကြေး အမျိုးစုံ ရနေတာ လစဉ် အခွန်ဆိုရင်လည်း သောင်းနဲ့ချီပြီး ဆောင်နေရတာ...။”
"ဟုတ်တယ် ငါ ဘာမှလုပ်စရာ မလိုဘူး လစဉ် ငွေရဖို့ပဲ ထိုင်စောင့်နေရုံပဲ အိမ်အတွက်လည်း ပူစရာမလိုဘူး…။ မြို့ထဲက တန်ဖိုးနည်းအိမ်ရာတွေကို စိတ်ကြိုက် ရွေးလို့ရတယ်...။”
"အို…၊ အဆက်အသွယ်မရှိတဲ့ ။ဒီဆင်းရဲသားတွေက ဒီလို ကံကောင်းမှုမျိုးကို ဘယ်လိုလုပ် ရနိုင်မှာလဲ…၊ ပြောရ ရင် ဒီထောက်ပံ့ကြေးတွေ အကုန်လုံးက ငါတို့လက်ထဲကိုပဲ ရောက်လာတာပေါ့...။”
သူမတို့ စကားပြောနေစဉ်မှာပင် သူမမှာထားသော အစားအသောက်များ ရောက်လာခဲ့လေသည်။ ထို့ကြောင့် သူမသည် (၈၈၈) ပြား တန်ဖိုးရှိသော နေ့လယ်ခင်း လက်ဖက်ရည်ကို သောက်သုံးရင်း ဆင်းရဲသားများ ရရှိသင့် သည့် ထောက်ပံ့ကြေးများကို သူမ မည်ကဲ့သို့ ရရှိခဲ့ကြောင်း သူငယ်ချင်းဖြစ်သူအား ကြွားလုံးထုတ်နေခဲ့ လေသည်။
ဤစကားများကို ကြားသောအခါ အစားအသောက်ကို စောင့်ဆိုင်းနေသော လျန်ထျန်းမှာ ပြင်းထန်သော ရွံရှာမှု ကို ခံစားလိုက်ရသော်လည်း လတ်တလောတွင် ထိုကိစ္စကို ဂရုစိုက်ရန် ခွန်အား မရှိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ သူသည် အစားအသောက်များကို အရေးတကြီး ပို့ဆောင်ရန် လိုအပ်နေသဖြင့် မတရားမှုများ နှင့် ကြုံတွေ့ရတိုင်း မတ်တတ်ရပ်ကာ ဝင်ရောက် ဖြေရှင်းပေးနိုင်စွမ်း မရှိခဲ့ပေ။ သို့သော်လည်း သူသည် ဤကိစ္စ ကို စိတ်ထဲတွင် မှတ်ထားလိုက်ပြီး နောင်တစ်ချိန် အခွင့်အရေးရပါက ဤမတရားမှုကို သေချာပေါက် ပြုပြင်ပေး မည်ဟု တွေးတောလိုက်လေသည်။
တိုက်ဆိုင်စွာပင် မွန်းတည့်ချိန် အလုပ်အရှုပ်ဆုံး အချိန်တွင် လျန်ထျန်း အစားအသောက်များ ပို့ဆောင်ပြီးစီး သွားပြီးနောက် အခြား ဖြစ်ရပ်တစ်ခု ထပ်မံ ဖြစ်ပွားခဲ့လေသည်။ ဤဖြစ်ရပ်ကပင် သူ၏ ဦးစားပေး လုပ်ဆောင်ရ မည့် အစီအစဉ်ကို ပြောင်းလဲသွားစေခဲ့ပြီး တစ်စက္ကန့်လေးမျှပင် နောက်ကျမခံလိုတော့ပေ။
အခြေအနေမှာ ဤသို့ဖြစ်သည်။
လျန်ထျန်းသည် နေ့လယ် (၂) နာရီကျော်သည်အထိ အလုပ်များနေခဲ့ပြီး အမှာစာများလည်း အလွန်နည်းပါး သွားခဲ့ပြီ ဖြစ်သည်။ ပူပြင်းလှသော ဤကဲ့သို့ နေ့ရက်မျိုးတွင် နေ့လယ် (၂) နာရီဝန်းကျင်သည် အပူအိုက်ဆုံး အချိန်ဖြစ်ပြီး ခံစားရသည့် အပူချိန်မှာ မွန်းတည့်ချိန်ထက်ပင် ပိုမို မြင့်မားနေလေသည်။
ထို့ကြောင့် ဤအချိန်သည် ပို့ဆောင်ရေးသမား အများစု နေ့လယ်စာ စားကြပြီး ခေတ္တ အနားယူနိုင်သည့် အချိန် ဖြစ်လေသည်။ သို့မဟုတ်ပါက သူတို့၏ ခန္ဓာကိုယ်များမှာ တစ်နေ့ကုန် ပြေးလွှားလှုပ်ရှားရန် ခံနိုင်ရည် ရှိကြမည် မဟုတ်ပေ။
လျန်ထျန်းတစ်ယောက် အမြန်စားသောက်ရန် လေအေးပေးစက် ပါရှိသည့် လမ်းဘေး စားသောက်ဆိုင်တစ်ဆိုင် ကို ရှာဖွေနေစဉ် လမ်းဘေးတွင် သခွားသီး ရောင်းနေသော အဖိုးအိုတစ်ဦးကို ဖြတ်ကျော်သွားခဲ့လေသည်။
ထိုအဖိုးအိုမှာ အလွန်အိုမင်းနေပုံရပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများနှင့် အသက်အရွယ်ကြောင့် ဖြစ်သော အစက်အပြောက်များ ပြည့်နှက်နေကာ ခန္ဓာကိုယ်မှာလည်း သစ်ကိုင်းခြောက်လေးပမာ ပိန်ချုံးနေလေ သည်။ မြေကြီးပေါ်တွင် ခင်းထားသော ဂုန်နီအိတ်ဟောင်းလေးမှာ ရိုးရှင်းသော ဈေးဆိုင်လေး ဖြစ်နေပြီး အဖိုးအို မှာ ကိုယ်တိုင် ပြုလုပ်ထားသော သစ်သားထိုင်ခုံပု အစုတ်လေးပေါ်တွင် ထိုင်နေလေသည်။
သူသည် သူ၏ သခွားသီးဆိုင်လေးကို စောင့်ရင်း ထိုင်နေခဲ့သော်လည်း ပူပြင်းလှသော အိုက်စပ်စပ် ရာသီဥတု တွင် လမ်းပေါ်၌ သွားလာနေသူဟူ၍ မရှိသလောက် ရှားပါးလှလေသည်။ အဖိုးအိုသည် ခပ်ရှားရှား ဖြတ်လျှောက် သွားသူ တစ်ဦးဦးကို တွေ့သည့်အခါမှသာ ခေါင်းမော့၍ မေးခွန်းတစ်ခု မေးရှာလေသည်။
"သခွားသီး ယူဦးမလား...။”
ဖြတ်သွားဖြတ်လာများက ဆိုင်ပေါ်ရှိ သခွားသီးများမှာ အရှည်မညီဘဲ ကောက်ကွေးနေသည်ကို သတိထားမိ ကြပြီး အများစုမှာ လျစ်လျူရှုကာ ထွက်သွားခဲ့ကြသည်။ သို့သော် အဖိုးအိုမှာ ဘယ်သောအခါမျှ လက်မလျှော့ခဲ့ ပေ။ ဤသခွားသီးများကို ရောင်းချခြင်းသည် သူ၏ တစ်ခုတည်းသော ဝင်ငွေရင်းမြစ် ဖြစ်နိုင်ပြီး အကုန်မရောင်း ရမချင်း သူ ထွက်သွားမည် မဟုတ်ပေ။
လျန်ထျန်း ဖြတ်သွားသောအခါ အဖိုးအိုက သူ့ကို မေးလိုက်သည်။
"သခွားသီး ယူဦးမလား...။”
ယုတ္တိတန်တန် စဉ်းစားကြည့်မည်ဆိုလျှင် ပို့ဆောင်ရေးသမားများသည် မွန်းလွဲပိုင်းတွင် ဆက်လက် မပို့ဆောင်မီ နေ့လယ်စာကို အမြန်စားပြီး ခေတ္တ အနားယူသင့်ပေသည်။ သူတို့က ဘာကြောင့် သခွားသီး ဝယ်ရမည်နည်း။ ဤ အရာများကို သယ်သွားရန် ဝန်ထုပ်ဝန်ပိုး ဖြစ်မည် မဟုတ်ပါလား။
သို့သော် လျန်ထျန်းသည် အဖိုးအို၏ မျှော်လင့်နေသော မျက်လုံးများကို ကြည့်လိုက်ပြီးနောက် ဂုန်နီအိတ်ဟောင်း ဆိုင်လေးပေါ်ရှိ အရှည်မညီဘဲ ကောက်ကွေးနေသော သခွားသီးများကို ကြည့်လိုက်လေသည်။ ခေတ္တမျှ စဉ်းစား ပြီးနောက် လျန်ထျန်းက မေးလိုက်သည်။
"အဖိုး...၊ ဒီသခွားသီးတွေကို ကိုယ်တိုင် စိုက်ထားတာလား...။ တစ်ကျင်းကို ဘယ်လောက်လဲ...။”
အဖိုးအိုသည် ဈေးမေးသူ ရှိလာသည်ကို ကြားသောအခါ အမြန် ပြန်ဖြေလိုက်လေသည်။
"တစ်ကျင်းကို တစ်ဒသမငါး ပြားပါ...။ ကိုယ်တိုင် စိုက်ထားတာပါ...။ ကြည့်ရတာ မလှပေမဲ့ အရသာတော့ ကောင်းပါတယ်...။ အရင်ဆုံး တစ်လုံး မြည်းကြည့်ပါဦး...၊ မကြိုက်ရင် ပိုက်ဆံပေးစရာ မလိုပါဘူး...။”
ပြောရင်းနှင့် အဖိုးအိုသည် သခွားသီးတစ်လုံးကို ကောက်ယူကာ ဘေးရှိ ရေပုံးထဲမှ ရေသန့်ဖြင့် ဆေးကြောပြီး လျန်ထျန်းထံသို့ ကမ်းပေးလိုက်လေသည်။ လျန်ထျန်းမှာ တုံ့ဆိုင်းနေခြင်း မရှိဘဲ လှမ်းယူကာ တစ်ကိုက် ကိုက် စားလိုက်လေသည်။
"ဂျွတ်...။”
အရသာမှာ ကြွပ်ရွပြီး ချိုမြိန်နေကာ သူ ငယ်ငယ်က မိသားစု စိုက်ပျိုးခဲ့သော ဟင်းသီးဟင်းရွက်များ၏ အရသာ နှင့် တူညီနေလေသည်။ ထို့ပြင် ပူပြင်းလှသော ဤကဲ့သို့ နေ့ရက်မျိုးတွင် သခွားသီး စားရခြင်းက ရေငတ်ပြေစေ ပြီး လန်းဆန်းစေကာ မည်သည့် အချိုရည်ထက်မဆို ပို၍ ကောင်းမွန်လေသည်။ ထို့ကြောင့် လျန်ထျန်းသည် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ဒါဆိုရင် ဒါတွေ အကုန်လုံးကို ထုပ်ပေးပါ...။ ကျွန်တော် အကုန်ယူမယ်...။”
ထိုစကားကို ကြားသောအခါ အဖိုးအိုမှာ အစပိုင်းတွင် မှင်တက်သွားပြီးနောက် တွေဝေစွာဖြင့် မေးလိုက်လေ သည်။
"အကုန် ယူမလို့လား...။ ဒါဆို...၊ တခြားဟာတွေရော ယူဦးမလား...။”
အဖိုးအို၏ အနောက်ဘက်တွင် အလွန်ဟောင်းနွမ်းနေသော ခြေနင်းသုံးဘီးစက်ဘီး တစ်စီးရှိပြီး ကိုယ်ထည်မှာ သံချေးများ တက်နေကာ နောက်ခန်းထဲတွင် ပိုသစ်သော ဂုန်နီအိတ်တစ်အိတ် ရှိနေလေသည်။ ဖောင်းကြွနေသော ဂုန်နီအိတ်၏ ပုံစံအရ သခွားသီးအချို့ ကျန်ရှိနေသေးပြီး ဆိုင်ပေါ်ရှိ ပမာဏနှင့် အတူတူလောက်ပင် ရှိနိုင်လေ သည်။
ဤသည်ကို မြင်သောအခါ လျန်ထျန်းမှာ သိပ်မစဉ်းစားတော့ဘဲ ခေါင်းညိတ်ပြလိုက်လေသည်။
"ဟုတ်ကဲ့...၊ အကုန်ယူမယ်...။ အားလုံးကို ချိန်ပေးပါ...။”
ထိုစကားကို ကြားသောအခါ အဖိုးအိုသည် ရှားရှားပါးပါး ပျော်ရွှင်သော အပြုံးတစ်ခုကို ဖော်ပြလာခဲ့လေသည်။ သူ့အတွက် ပျော်ရွှင်မှုဆိုသည်မှာ ဤမျှ ရိုးရှင်းပေလိမ့်မည်။ သူ ယူလာသော သခွားသီးများအားလုံးကို အမြန်ဆုံး ရောင်းချလိုက်ရခြင်းက အကြီးမားဆုံးသော ပျော်ရွှင်မှုပင် ဖြစ်သည်။
အဖိုးအိုက သုံးဘီးစက်ဘီးပေါ်မှ သခွားသီးများ ယူနေစဉ် လျန်ထျန်းသည် သူ့ကို စကားပြောနေခဲ့လေသည်။
"အဖိုး...၊ အသက် ဘယ်လောက်ရှိပြီလဲ...။”
အဖိုးအိုက အလုပ်များနေရင်း ပြန်ဖြေလိုက်လေသည်။
"ရှစ်ဆယ့်ခြောက်ပါ...။”
လျန်ထျန်းက ဆက်၍ မေးလိုက်သည်။
"နေ့တိုင်း ဆိုင်လာခင်းဖို့ ဘယ်အချိန် လာရလဲ...။”
အဖိုးအိုက ပြောလိုက်သည်။
"မနက် ငါးနာရီ ထပြီး ခြောက်နာရီလောက် ဒီနေရာကို ရောက်တယ်...။ ခုနစ်ဖာလုံ၊ ရှစ်ဖာလုံလောက်တော့ ဝေး တယ်...။”
လျန်ထျန်းက မေးလိုက်လေသည်။
"နေ့လယ် သုံးနာရီတောင် ထိုးတော့မယ်...၊ ထမင်းစားပြီးပြီလား...။”
အဖိုးအိုက ပြန်ဖြေလေသည်။
"မနက်စောစော ထတုန်းက ရေတစ်ခွက်ပဲ သောက်လာခဲ့ရတာ...။ အိမ်မှာ စားစရာ မရှိလို့ သခွားသီး လာရောင်း ပြီး အိမ်ပြန်ရောက်မှ စားစရာဝယ်ပြီး စားရမှာပါ...။”
လျန်ထျန်းက မေးလိုက်လေသည်။
"အိမ်မှာ တခြားလူတွေကော ရှိသေးလား...။”
အဖိုးအိုက ပြန်ပြောလေသည်။
"အသက် ရှစ်ဆယ်ကျော် မိန်းမအိုကြီး တစ်ယောက်တော့ ရှိတယ်...။ သူက လမ်းမလျှောက်နိုင်တော့ဘဲ နေ့တိုင်း ကုတင်ပေါ်မှာပဲ လဲနေရတာပါ...။”
ဤနေရာသို့ ရောက်သောအခါ အဖိုးအိုသည် သခွားသီးများ အားလုံးကို ပြင်ဆင်ပြီးသွားလေပြီ။ ထိုခေတ်ဟောင်း ချိန်ခွင်များအနက် တစ်ခုပေါ်တွင် ချိတ်ဆွဲကာ အမြန်ချိန်တွယ်လိုက်ရာ ချိန်ခွင်လျှာမှာ အလွန်မြင့်တက်သွားပြီး အလေးချိန်မှာ သခွားသီးထက် သိသိသာသာ ပိုများနေလေသည်။
အဖိုးအိုက ချိန်ခွင်ကို သေချာကြည့်ပြီးနောက် စတင် ပြောဆိုလိုက်လေသည်။
"ရှစ်ကျင်းခွဲ ဆိုတော့...၊ ရှစ်ကျင်းပဲ ထားလိုက်ပါ...။ ဆယ့်နှစ်လီ ကျပါတယ်...။”
သခွားသီးများ အပြည့်ပါသော အိတ်ကြီးကို ကြည့်ရင်း လျန်ထျန်းက အလေးချိန်မှာ ရှစ်ကျင်းခွဲထက်မကဘဲ ကိုးကျင်းနီးပါး ရှိမည်ဟု ခံစားလိုက်ရသည်။ သို့သော် သူ ဘာမျှမပြောခဲ့ပေ။ သူက ပိုက်ဆံအိတ်ကို ထုတ်လိုက် လေသည်။ ငွေသားအနည်းငယ် ဆောင်ထားတတ်ခြင်းမှာ လျန်ထျန်း အမြဲတမ်း ပြုလုပ်လေ့ရှိသော အကျင့် တစ်ခု ဖြစ်လေသည်။
သူသည် ငွေ (၁၀၀) လီတန် တစ်ရွက်ကို ထုတ်ကာ တိုက်ရိုက် ကမ်းပေးလိုက်လေသည်။
"အဖိုး...၊ ဒီမှာပါ...။”
(၁၀၀) လီတန် အနီရောင် ငွေစက္ကူကို မြင်လိုက်ရသောအခါ အဖိုးအိုသည် အလိုအလျောက် လက်ကို နောက် ဆုတ်လိုက်ပြီး တုန်ရီစွာဖြင့် ပြောလိုက်လေသည်။
"အို... ၊ ပိုက်ဆံအတန်ကြီးပဲ...၊ ကျွန်တော် အမ်းစရာ မရှိပါဘူး...။”
လျန်ထျန်းက ပြုံးလိုက်ပြီး ငွေစက္ကူကို အဖိုးအို၏ လက်ထဲသို့ အတင်းထည့်ပေးကာ ပြောလိုက်လေသည်။
"ပြန်အမ်းစရာ မရှိရင်လည်း မအမ်းပါနဲ့တော့...၊ ယူသာထားလိုက်ပါ...။”
အဖိုးအိုသည် ငွေစက္ကူကို ကိုင်ထားရင်း ချက်ချင်း ခေါင်းခါလိုက်လေသည်။
"ဟင့်အင်း...၊ မဖြစ်ဘူး...။ ကျသင့်ငွေ အတိအကျပဲ ပေးပါ...။ ခဏလေး စောင့်ဦး...။”
ပြောရင်းနှင့် အဖိုးအိုသည် ငွေကိုယူကာ ဘေးနားရှိ ဆိုင်ငယ်လေးတစ်ခုသို့ သွားရောက်ပြီး ဆိုင်ရှင်ကို ရှာကာ ပြောလိုက်လေသည်။
"ကျေးဇူးပြုပြီး ပိုက်ဆံလေး အကြွေလဲပေးလို့ ရမလား...။”
ဆိုင်ရှင်သည် (၁၀၀) လီတန် ငွေစက္ကူကို မြင်သောအခါ မှင်တက်သွားပြီးနောက် ခေါင်းခါကာ ပြုံးလိုက် လေသည်။
"ဘယ်သူက ငွေသား သုံးနေသေးလို့လဲ...။ အခုက မိုဘိုင်းငွေပေးချေမှုချည်းပဲလေ...။ ကျွန်တော့်မှာလည်း အကြွေ မရှိပါဘူး...။”
လျန်ထျန်းသည် အမြန်ပြေးသွားကာ အဖိုးအိုကို ပြန်ဆွဲခေါ်လာပြီး ပြောလိုက်လေသည်။
"အဖိုး...၊ လာပါ...။ တကယ် လိုက်ရှာဖို့ မလိုတော့ပါဘူး...။”
သို့သော် အဖိုးအိုမှာ အတော်လေး ခေါင်းမာပြီး သူ၏ ရပ်တည်ချက်ကို ထပ်ခါတလဲလဲ ခိုင်မာစွာ ပြောဆိုနေခဲ့ လေသည်။
"ရှာရမှာပေါ့...၊ ရှာရမှာပေါ့...။ ဒီလောက် အများကြီး ပေးထားတာကို...။”
လျန်ထျန်းသည် သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက် ဖွင့်ဟပြောဆိုလိုက်လေသည်။
"တကယ်တော့ အဖိုးက အသက်လည်း ကြီးပြီ ဘဝလည်း ခက်ခဲနေတာကို မြင်လို့ ပိုပေးချင်ရုံ သက်သက်ပါ...။”
ထိုစကားကို ကြားသောအခါ အဖိုးအိုက ပြုံးလိုက်လေသည်။
"မလွယ်ကူပေမဲ့ မယူသင့်တဲ့ ဒီပိုက်ဆံကိုတော့ ကျွန်တော် လက်မခံနိုင်ပါဘူး...။”
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ချက်ချင်း တုန်လှုပ်သွားရပြီး စောစောက အဆင့်မြင့် စားသောက်ဆိုင် တွင် ဖြစ်ပျက်ခဲ့သည်များကို မတွေးဘဲ မနေနိုင်တော့ပေ။ ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် သူက အဖိုးအိုကို မေး လိုက်လေသည်။
"အဖိုး...၊ အဖိုးက ဒီလောက် အသက်ကြီးနေပြီကို စားစရာ ဝယ်ဖို့ ပိုက်ဆံရှာဖို့ သခွားသီး လာရောင်းနေ ရတုန်းပဲလား...။”
"အဖိုး မိသားစုက ဒီလောက် ဆင်းရဲနေတာတောင် ထောက်ပံ့ကြေး ဒါမှမဟုတ် အကူအညီ ဘာတစ်ခုမှ မရဘူး လား...။ ရွာမှာ အသက် ရှစ်ဆယ်ကျော်တဲ့သူတွေ ထောက်ပံ့ကြေး ရတယ်လို့ ကျွန်တော် ကြားဖူးပါတယ်...။”
အဖိုးအိုက လက်ကာပြရင်း ပြောလိုက်လေသည်။
"ထောက်ပံ့ကြေး ဆိုတာလည်း မရှိပါဘူး...။ ဘာထောက်ပံ့ကြေးမှ မရှိပေမဲ့ အခုက တကယ်တော့ အတော်လေး ကောင်းနေပါပြီ...။ စပါးအခွန်တွေ မပေးရတော့ဘူးလေ...။”
"ဟိုအရင်ခေတ်တွေတုန်းကဆိုရင် ကျွန်တော်တို့မှာ စားစရာ သောက်စရာ မလောက်ငရင်တောင် အစိုးရကို စပါးအခွန် ပေးခဲ့ရသေးတာပဲ...။ အခု သူတို့က မတောင်းတာပဲ အဆန်းဖြစ်နေပြီ...။”
ဤစကားကို ကြားပြီးနောက် လျန်ထျန်းမှာ ပို၍ပင် စိတ်မကောင်း ဖြစ်သွားရလေသည်။ မှန်ပေသည်။ ဤအရွယ် အဖိုးအိုများအားလုံးသည် လူငယ်ဘဝက နိုင်ငံတော်သို့ စပါးအခွန်များ ပေးဆောင်ခဲ့ကြသူများ ဖြစ်သည်။ သူတို့ သည် နိုင်ငံတော်၏ အခက်ခဲဆုံး အချိန်များတွင် ထောက်ပံ့ပေးခဲ့ကြသူများ ဖြစ်သော်လည်း ယခု အိုမင်းလာ ချိန်တွင် ထောက်ပံ့ကြေး အနည်းငယ်မျှပင် မရရှိနိုင်ကြပေ။
သို့သော် လျန်ထျန်း နားလည်ထားသည်မှာ အစိုးရက သူတို့ကို ထောက်ပံ့ကြေး မပေးခြင်း မဟုတ်ဘဲ လူအချို့က သူတို့အယောင်ဆောင်ကာ သူတို့၏ ထောက်ပံ့ကြေးများကို အလွဲသုံးစား လုပ်သွားခဲ့ခြင်း ဖြစ်ကြောင်းပင်တည်း။
အဆင့်မြင့် စားသောက်ဆိုင်မှ ဇိမ်ခံကားကို မောင်းနှင်ကာ တန်ဖိုးနည်း အိမ်ရာတွင် နေထိုင်ပြီး တစ်နပ်လျှင် ၈၈၈ ပြား တန်သော နေ့လယ်ခင်း လက်ဖက်ရည်ကို သောက်သုံးနေသည့် ထိုအမျိုးသမီးကဲ့သို့ပင် ဖြစ်သည်။ သို့သော် ဤကဲ့သို့သော ဇိမ်ခံဘဝနေထိုင်မှုမျိုးကို ထိန်းသိမ်းရန်အတွက် မရေမတွက်နိုင်သော လူများစွာ၏ ပျော်ရွှင်မှု များကို စတေးရန် လိုအပ်ပေသည်။
ဤသည်ကို တွေးမိသောအခါ လျန်ထျန်းသည် လက်သီးကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်ပြီး သူ၏ စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်လေပြီ။
သို့သော် ထိုသို့မလုပ်မီ သူ ဝယ်ယူခဲ့သော သခွားသီး ရှစ်ကျင်း အားလုံးကို သူ၏ လျှပ်စစ်စကူတာပေါ်သို့ တင် လိုက်လေသည်။ သူသည် ချက်ချင်း ထွက်မသွားသေးဘဲ အဖိုးအိုကို ဆိုင်သိမ်းရန် ကူညီပေးခဲ့ပြီး ဘေးနားရှိ အသားဆိုင်သို့ပင် သွား၍ အသားဝယ်ခဲ့လေသည်။
"သူဌေး...၊ အလတ်ဆတ်ဆုံး အသားတစ်တုံး ပေးပါ...။”
ဆိုင်ရှင်က အသားတစ်တုံးကို လက်ညှိုးထိုးပြကာ မေးလိုက်လေသည်။
"ဘယ်လောက် ယူမလဲ...။”
လျန်ထျန်းသည် ကြီးမားသော အသားတုံးကြီးကို ကြည့်ကာ တုံ့ဆိုင်းမနေဘဲ ပြောလိုက်လေသည်။
"အကုန်လုံး ယူမယ်...။”
ဆိုင်ရှင်က ချက်ချင်း ချိန်တွယ်လိုက်ရာ ငါးကျင်းကျော် ရှိပြီး လီ ရှစ်ဆယ်ကျော် ကျသင့်လေသည်။ အနီးရှိ အဖိုးအိုမှာ ဤသည်ကို မြင်သောအခါ အမြန်ပြေးလာပြီး ပိုက်ဆံရှင်းရန် ကြိုးစားရင်း တစ်ခုခုကို ပြောလိုက် လေသည်။
"ဒီလိုဆိုရင် ပိုက်ဆံအမ်းလို့ ရပြီလေ...။”
သို့သော် လျန်ထျန်းက အဖိုးအိုကို ပိုက်ဆံမရှင်းရန် တားလိုက်ပြီး သူကိုယ်တိုင် ငွေပေးချေမှုကုဒ်ကို အမြန် စကင်ဖတ်ကာ ပိုက်ဆံရှင်းလိုက်ပြီးနောက် အဖိုးအို၏ သုံးဘီးစက်ဘီးထဲသို့ အသားများ ထည့်ပေးလိုက် လေသည်။
"အဖိုး...၊ ကြည့်ပါဦး…။ အဖိုး ဘယ်လောက်တောင် ပိန်နေပြီလဲ...။ ကောင်းကောင်းမွန်မွန် စားဖို့ လိုတယ်လေ... ။ စားဖို့သောက်ဖို့ကိုတော့ နှမြောမနေပါနဲ့...၊ ရော့...၊ ဒီအသားတွေကို ယူသွားလိုက်ပါ...။”
အဖိုးအိုသည် စက်ဘီးနောက်တွဲရှိ အသားများကို ကြည့်ရင်း မျက်လုံးများတွင် မျက်ရည်များ ပြည့်လာကာ သူ့ ဘာသာ တိုးတိုးလေး ရေရွတ်နေတော့သည်။
"အသားမစားရတာ နှစ်အတော်ကြာပြီ...။ မိန်းမကြီးကလည်း အသားစားချင်နေတာ ကြာလှပြီ...။”
နောက်ဆုံးတွင် လျန်ထျန်းသည် အဖိုးအို၏ ဖိနပ်များ စုတ်ပြဲနေသည်ကို သတိထားမိသွားသဖြင့် သူ့ကို ဖိနပ်ဆိုင် တစ်ဆိုင်ထဲသို့ ဆွဲခေါ်သွားလေသည်။ သက်ကြီးရွယ်အိုများနှင့် သင့်တော်သော သာမန် အနက်ရောင် အားကစား ဖိနပ် တစ်ရံ ဖြစ်သည်။ သို့သော် ဖိနပ်တစ်ရံလျှင် လီ တစ်ရာ နှစ်ရာခန့် ကျသင့်မည်ကို ကြားသောအခါ အဖိုးအို က ချက်ချင်း ပြောလိုက်လေသည်။
"ချွတ်လိုက်တော့မယ်...။”
လျန်ထျန်းက သူ့ကို တားထားဆဲဖြစ်ပြီး အဖိုးအိုမှာ ဆိုင်ဝန်ထမ်းနှင့် ထပ်မံ ဈေးဆစ်ရန် ကြိုးစားနေခဲ့လေသည်။
"လီ နှစ်ဆယ်လောက် ရမလား...၊ အများဆုံး လီသုံးဆယ်ပေါ့...။ ဒီထက်ပိုရင်တော့ မလိုချင်တော့ဘူး...။”
သို့သော် အမှတ်တံဆိပ် စတိုးဆိုင်များတွင် ဈေးဆစ်၍ မရကြောင်းကို အဖိုးအို မသိခဲ့ပေ။ ဆိုင်ဝန်ထမ်းမှာလည်း မျက်နှာပေါ်တွင် အနေရခက်သော အပြုံးတစ်ခု ဖြစ်ပေါ်နေလေသည်။
နောက်ဆုံးတွင် လျန်ထျန်းက တိုက်ရိုက်ပင် ငွေရှင်းလိုက်ပြန်ပြီး အဖိုးအိုနှင့် လမ်းခွဲမည့်အချိန်တွင် အဖိုးအိုက (၁၀၀) လီကို သူ့ထံ ပြန်ပေးချင်နေခဲ့လေသည်။ လျန်ထျန်းက မည်ကဲ့သို့ လက်ခံနိုင်မည်နည်း။ သူက အဖိုးအိုကို ငွေများယူရန်၊ ဖိနပ်အသစ်ကို စီးရန်နှင့် အသားများကို အိမ်သို့ အမြန်ဆုံး ယူသွားရန် ပြောလိုက်လေသည်။
အဖိုးအိုမှာ ထွက်ခွာသွားစဉ် သူ၏ သုံးဘီးစက်ဘီးကို တွန်းရင်း ခြေလှမ်းအနည်းငယ် လှမ်းတိုင်း လှည့်ကြည့်ကာ ကျေးဇူးတင်စကား အဆက်မပြတ် ဆိုနေခဲ့လေသည်။ လျန်ထျန်းသည် ထွက်ခွာသွားသော အဖိုးအိုကို ကြည့်ရင်း နှာခေါင်းများ ရှုံ့မဲ့လာကာ မျက်ရည်များ ဝဲလာခဲ့သည်။ သူသည် နှာခေါင်းရှုံ့ရင်း သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"ထောက်ပံ့ကြေးဆိုတာက တကယ်လိုအပ်နေသူတွေကို ပေးမှသာ အဓိပ္ပာယ်ရှိတာ...။”