← Chapters

အခန်း ၃၃၄

Vol. 34 Ch. 334

အခန်း ၃၃၄

Vol. 34 Ch. 334

အခန်း (၃၃၄)

'အတွင်းစိတ်' ကို ပို၍ ဂရုစိုက်ခြင်း

အဘိုးအို ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် သူ၏ စကားတချို့မှာ လျန်ထျန်း၏ စိတ်ထဲတွင် စွဲထင်နေဆဲ ဖြစ်လေသည်။

"ကောင်လေး...၊ ပုံမှန်ဆို (၁၂) လီပဲ တန်တဲ့အရာကို မင်းဆီက (၁၀၀) ယူရတာ ငါ့စိတ်ထဲ မလုံမလဲ ဖြစ်ရတယ် ကွာ...။”

"မင်းက ငါ့ကို ပစ္စည်းတွေ အများကြီး ထပ်ဝယ်ပေးပြန်ပြီ ငါက ဒီလောက်နဲ့ မထိုက်တန်ပါဘူး...။ ငါက ကိုယ်နဲ့ မဆိုင်တဲ့အရာဆို ဘယ်တော့မှ လက်မခံတတ်ဘူး...။”

အဘိုးအိုသည် ထိုလုပ်ငန်းစဉ်တစ်လျှောက်လုံး ဤကဲ့သို့သော စကားများကို အများအပြား ပြောဆိုခဲ့လေသည်။ ဤစကားများကို ထောက်ရှုခြင်းအားဖြင့် အဘိုးအိုသည် ငယ်စဉ်ကတည်းက ရိုးသားဖြောင့်မတ်သူတစ်ဦး ဖြစ်ကြောင်း သိနိုင်ပေသည်။ သူသည် မိမိနှင့် မသက်ဆိုင်သည့် အရာများကို မည်သည့်အခါမျှ မယူတတ်ဘဲ မိမိ ၏ ကြိုးစားအားထုတ်မှုအပေါ်၌သာ ရပ်တည်ကာ အခြားသူများက မိမိထံမှ လာမတောင်းဆိုလျှင်ပင် လုံလောက် ပြီဟု ခံယူထားသူ ဖြစ်လေသည်။

သို့သော်လည်း အချို့သော သူများမှာမူ သူကဲ့သို့သော လူပေါင်းများစွာ၏ ထောက်ပံ့ကြေးများကို ခိုးယူကာ အလွန်တရာ ဇိမ်ကျကျ နေထိုင်နေကြလေသည်။ ဤသည်မှာ လောကတွင် အကြီးမားဆုံးသော မတရားမှုကြီး မဟုတ်ပါလော။ မကြာသေးမီက ပြုလုပ်ခဲ့သော စစ်ဆေးမှုများအရ ထောက်ပံ့ကြေးများစွာ အလွဲသုံးစား လုပ်ခံ ထားရကြောင်း ပေါ်ပေါက်လာခြင်းနှင့်လည်း အတိအကျ ကိုက်ညီနေလေသည်။ ဤသည်က အလားတူ ဖြစ်ရပ် များစွာသည် နေရာအနှံ့အပြားတွင် ထပ်တလဲလဲ ဖြစ်ပွားနေကြောင်းကို ဖော်ပြနေပေသည်။

လျန်ထျန်းသည် ဤမတရားမှုကို လုံးဝ သည်းမခံနိုင်တော့သဖြင့် သူ၏ ဖုန်းကို ချက်ချင်း ထုတ်ကာ ဖုန်းနံပါတ် တစ်ခုကို ခေါ်ဆိုလိုက်လေသည်။ ဖုန်းဝင်သွားသည်နှင့် တစ်ပြိုင်နက် သူက ချက်ချင်း ဆိုလိုက်သည်။

"ညွှန်ကြားရေးမှူးတန်...၊ ခင်ဗျားနဲ့ စစ်ဆေးရေးအဖွဲ့က ဘီမြို့တော်ကို မပြန်ကြသေးဘူး မဟုတ်လား...။ ကျုပ် ခင်ဗျားနဲ့ လူကိုယ်တိုင် ဆွေးနွေးစရာလေး ရှိလို့ပါ...။”

တန်ကော်ဟွာက ဖုန်း၏ အခြားတစ်ဖက်မှ ပြန်လည် ဖြေကြားလိုက်သည်။

"ကျွန်တော် မပြန်ရသေးပါဘူး...။ မှောင်ရိပ်ထဲက ကျန်နေသေးတဲ့ သူလျှိုတွေကို တတ်နိုင်သမျှ ရှင်းလင်းပစ် ချင်လို့ပါ...။ ဒီနေ့ နေ့လယ် အစည်းအဝေး ရှိတယ် ညကျမှပဲ ဆက်ပြောကြတာပေါ့...။”

ထိုစကားကို ကြားသောအခါ လျန်ထျန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ ညကျမှပဲ ဆက်ပြောကြတာပေါ့...။ ကျုပ်လည်း ဒီနေ့ နေ့လယ် လုပ်စရာလေးတွေ ရှိသေးတယ် ပြီးမှပဲ ဆက်သွယ်လိုက်ပါ့မယ်...။”

ဖုန်းချပြီးနောက် လျန်ထျန်းသည် အမြန် အစားစားကာ ခေတ္တမျှ အနားယူပြီးနောက် အမှာစာများ ဆက်လက် လက်ခံ၍ အစားအသောက်များကို လိုက်လံ ပို့ဆောင်လေတော့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် အစားအသောက် တစ်ခုတည်းကိုသာ ပို့ဆောင်ခြင်း မဟုတ်ပေ။ အစားအသောက် ပေးအပ်ချိန်တွင် ဖောက်သည် များထံသို့ သခွားသီးတစ်လုံးကိုပါ ပြုံး၍ ကမ်းပေးတတ်လေသည်။

"ဒီသခွားသီးတွေက သက်ကြီးရွယ်အိုတွေ ကိုယ်တိုင် စိုက်ပျိုးထားတာပါ...။ အပြင်ပန်းကြည့်ရင် သိပ်မလှပေမဲ့ တကယ် စားကောင်းပါတယ်...။ ခင်ဗျားတို့ကို အလကား လက်ဆောင်ပေးတာပါ...။”

"နောင် ခင်ဗျားတို့ သွားရင်းလာရင်း ကိုယ်တိုင်စိုက် ဟင်းသီးဟင်းရွက်တွေ ရောင်းနေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ တွေ့ရင် အားပေးကြဖို့ မျှော်လင့်ပါတယ်...။ သူတို့ကိုယ်စား ကျုပ်ကပဲ ကျေးဇူးတင်ပါတယ်...။”

ထိုသို့ဖြင့် လျန်ထျန်းသည် မွန်းလွဲပိုင်း တစ်လျှောက်လုံး အစားအသောက်များ လိုက်လံပို့ဆောင်ရင်း လူများကို သခွားသီးများ မြည်းစမ်းကြည့်ရန် အခမဲ့ ပေးဝေနေခဲ့လေသည်။ သူ၏ ဤသို့သော ကြေညာပေးမှုများက ဟင်းသီးဟင်းရွက် ရောင်းချနေသည့် သက်ကြီးရွယ်အို အချို့အတွက် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု မျှော်လင့်ရပေသည်။

အဘယ်ကြောင့်ဆိုသော် သက်ကြီးရွယ်အို များစွာအတွက် သူတို့ ကိုယ်တိုင်စိုက်ပျိုးထားသည့် ဟင်းသီးဟင်း ရွက်နှင့် သစ်သီးများကို ရောင်းချခြင်းကသာ သူတို့၏ တစ်ခုတည်းသော ဝင်ငွေရင်းမြစ် ဖြစ်နေသောကြောင့်ပင်။

သို့သော် ကိုယ်တိုင်စိုက်ပျိုးထားသော သီးနှံများမှာ ဓာတုမြေဩဇာနှင့် ပိုးသတ်ဆေးများ အသုံးပြုကာ စိုက်ပျိုး ထားသည့် သီးနှံများကဲ့သို့ အရွယ်အစား ညီညာခြင်း သို့မဟုတ် ဆွဲဆောင်မှု ရှိခြင်းမျိုး အသေအချာပင် မရှိနိုင် ပေ။

လူအများစုသည် အပြင်ပန်း သဏ္ဌာန်ကိုသာ ကြည့်၍ ဆုံးဖြတ်တတ်ကြသော်လည်း စစ်မှန်သော အချိုဓာတ်မှာမူ အတွင်းပိုင်းမှသာ လာခြင်းဖြစ်သည်။ ဤအချက်ကို လူများများ သိလာစေရန် ပြုလုပ်ခြင်းဖြင့် သူတို့သည် အပြင် ပန်း သဏ္ဌာန်ကိုသာ ကြည့်ခြင်းမှ ရပ်တန့်ကာ 'အတွင်းပိုင်း' ကို ပို၍ ဂရုစိုက်လာကြမည် ဖြစ်သည်။

ဤကဲ့သို့ ပူပြင်းလှသော နေ့တစ်နေ့တွင် သက်ကြီးရွယ်အိုများ ပို၍ ရောင်းရစေရန်၊ စောစော ရောင်းကုန်စေရန် နှင့် နေပူထဲတွင် အချိန်ကြာမြင့်စွာ နေရခြင်းမှ ကင်းဝေးစေရန် ကူညီပေးခြင်းကပင်လျှင် ကောင်းမှုကုသိုလ် တစ်ခု ဖြစ်ပေသည်။ လျန်ထျန်းသည် မွန်းလွဲပိုင်း အချိန်လေးအတွင်းမှာပင် သခွားသီး (၈) ကျင်းလုံးကို လိုက်လံ ပေးဝေခဲ့လေသည်။

ည (၁၀) နာရီ ကျော်သည်အထိ အလုပ်များနေခဲ့သဖြင့် သူသည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်သည်။ သို့ သော် ပြင်းပြလှသော အတွင်းစိတ်ဆန္ဒကြောင့် မွန်းလွဲပိုင်းက သဘောတူညီထားသည့်အတိုင်း တန်ကော်ဟွာ ထံသို့ ဆက်သွယ်ကာ သွားရောက် တွေ့ဆုံခဲ့လေသည်။ သူတို့နှစ်ဦး တွေ့ဆုံပြီးနောက် လျန်ထျန်းသည် ထိုနေ့က သူမြင်တွေ့ ကြားသိခဲ့ရသမျှကို အားလုံး ပြောပြလိုက်လေသည်။

ထိုအကြောင်းများကို ကြားသောအခါ တန်ကော်ဟွာသည် လက်သီးကို ချက်ချင်း ကျစ်ကျစ်ပါအောင် ဆုပ်လိုက် ပြီး တရားမျှတမှုကို လိုလားသော ဒေါသသံဖြင့် ခပ်သြသြ ဆိုလိုက်သည်။

"ကျွန်တော်က တောနယ်ကလာတာပါ...။ ဒီလိ ကိစ္စမျိုးတွေက နေရာတိုင်းမှာ အရမ်းကို အဖြစ်များလွန်းပါ တယ်...။”

"အဓိကကတော့ ဒီနေရာတွေမှာ ကြီးကြပ်ကွပ်ကဲမှု အားနည်းနေပြီး စစ်ဆေးတွေ့ရှိပြီးနောက် ပေးတဲ့ ပြစ်ဒဏ် တွေကလည်း မပြင်းထန်လို့ပါပဲ...။”

"ဒါပေမဲ့ ပြီးခဲ့တဲ့ စစ်ဆေးမှုတွေကနေ ပြဿနာကို ရှာတွေ့ကတည်းက အထက်လူကြီးတွေဆီ အကြံပြုချက်တွေ တင်ပြထားပြီးပါပြီ...။”

"အထက်အာဏာပိုင်တွေကလည်း ဒီကိစ္စကို အရမ်း အလေးထားပြီး အဆိုပြုချက် တချို့ကိုတောင် ရေးဆွဲထား ပြီးပါပြီ...။”

"အခြားသူတွေ ကြောက်ရွံ့သွားအောင် တစ်ယောက်လောက်ကိုတော့ စံပြအနေနဲ့ အပြစ်ပေးရမယ့် အချိန်ရောက် နေပါပြီ...။”

တန်ကော်ဟွာ၏ နောက်ထပ် စကားများကို ကြားသောအခါ လျန်ထျန်းမှာ ပို၍ စိတ်လှုပ်ရှားလာကာ အကြောင်း စုံကို နားထောင်ပြီးနောက်တွင်မူ လက်နှစ်ဖက်ကို မြှောက်၍ပင် အော်ဟစ်လိုက်မိတော့သည်။

"အရမ်းကောင်းတယ်...။”

"ဒါဆိုရင် ဒီကိစ္စကို ညွှန်ကြားရေးမှူးတန်ဆီပဲ အပ်လိုက်တော့မယ်...။ ကျုပ်ဘက်က ကူညီပေးနိုင်တာရှိရင်လည်း အစွမ်းကုန် ကူညီပေးပါ့မယ်...။”

"နိုင်ငံတစ်ဝန်းမှာရှိတဲ့ သန်းနဲ့ချီတဲ့ အစားအသောက် ပို့ဆောင်သူတွေက နေ့တိုင်း နေရာအနှံ့ကို သွားလာနေကြ တာဆိုတော့ သူတို့ အတွေ့ရအများဆုံးက မတရားတဲ့ လူတွေနဲ့ ကိစ္စတွေပဲလေ...။”

"အခုဆို လူတိုင်းရဲ့ ဆိုင်ကယ်ဦးထုပ်မှာ ကင်မရာတွေ ပါနေပြီဆိုတော့ မှတ်တမ်းတွေ အများကြီး ရိုက်ကူးထား နိုင်ပြီး အဲ့ဒါတွေအားလုံးက သက်သေအဖြစ် အသုံးဝင်မှာပါ...။”

ထိုသို့ဖြင့် သူတို့နှစ်ဦးသည် တစ်ညလုံး ထိုကိစ္စနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဆွေးနွေး ခဲ့ကြလေသည်။

ရက်အနည်းငယ် အကြာတွင် ဇိမ်ခံကားကို မောင်းနှင်ကာ တန်ဖိုးသင့် တိုက်ခန်းတွင် နေထိုင်ပြီး ဇိမ်ခံလက်ကိုင် အိတ်များ ကိုင်ဆောင်လျက် တစ်နပ်လျှင် (၈၈၈) ပြားကျသင့်သော နေ့လယ်ခင်း လက်ဖက်ရည်ဝိုင်းများကို စားသုံးနေသည့် အမျိုးသမီးနှင့်တကွ သူမ၏ နောက်ကွယ်မှ လူများအားလုံး ဖမ်းဆီးခံလိုက်ရလေသည်။

သေချာသည်မှာ မုန်လာဥတစ်ပင်ကို နုတ်လိုက်သောအခါ အခြားသော ရွှံ့နွံများပါ ကပ်ပါလာသကဲ့သို့ အခြား သော လူများစွာမှာလည်း ဖော်ထုတ်ခံရကာ သူတို့နှင့်အတူ ဖမ်းဆီးခံလိုက်ရလေသည်။

တရားခွင်တွင် ထိုလူများက သူတို့သည် ကြီးမားသော ရာဇဝတ်မှုများကို ကျူးလွန်ထားခြင်း မရှိဟု ခံယူထားကြ သဖြင့် အလွန်ပင် မကျေမနပ် ဖြစ်နေကြလေသည်။ သူတို့၏ နောက်ကွယ်တွင်လည်း ဤကိစ္စကို သေးငယ်သွား အောင်နှင့် ပျောက်ကွယ်သွားအောင် ကူညီဖြေရှင်းပေးလိုသည့် အဆက်အသွယ်များနှင့် ကွန်ရက်များလည်း ရှိနေ ကြပေသည်။

ဥပမာအားဖြင့် သူတို့ကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူနိုင်သည်ဟု အကြံပြုထားသော်လည်း ၎င်းတို့မှာ ရာထူးချထားခြင်း သို့မဟုတ် ခံဝန်ဖြင့် လွှတ်ပေးခြင်းကဲ့သို့သော ဟန်ပြသက်သက်နှင့် ထိရောက်မှုမရှိသည့် လုပ်ထုံးလုပ်နည်းများသာ ဖြစ်လေသည်။

သို့သော်လည်း တန်ကော်ဟွာသည် နေရာတွင်ပင် မှတ်တမ်းဗီဒီယို အချို့ကို ထုတ်ပြန်ခဲ့ပြီး တရားခွင်အတွင်း တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် အများပြည်သူသို့ ချပြလိုက်လေသည်။

ထိုဗီဒီယိုထဲတွင် အစားအသောက် ပို့ဆောင်သူ အများအပြားသည် သူတို့၏ ပို့ဆောင်ရေး လမ်းကြောင်းများ ပေါ်တွင် ဟင်းသီးဟင်းရွက် ရောင်းချနေသူများနှင့် အမှိုက်ကောက်နေသော သက်ကြီးရွယ်အိုများကို မြင်တွေ့နေ ရကြောင်း ပြသထားလေသည်။ အထိခိုက်ရဆုံးသော မြင်ကွင်းတစ်ခုမှာ အခြားသူများ စားသုံးပြီး၍ အမှိုက်ပုံးထဲ သို့ လွှင့်ပစ်ထားသော ဖရဲသီးအခွံများကို အဘိုးအိုတစ်ဦးက ကောက်ယူနေခြင်းပင် ဖြစ်သည်။

ထိုဖရဲသီးအခွံတွင် အခြားသူများအတွက်မူ အရသာမရှိနိုင်တော့သည့် အနီရောင် အသားလွှာ ပါးပါးလေးသာ ကျန်ရှိတော့သော်လည်း အဘိုးအိုကမူ ၎င်းကို ကောက်ယူကာ နတ်သုဒ္ဓါကို စားသုံးနေရသကဲ့သို့ စားသောက်နေ လေသည်။ ထို့အပြင် အမှိုက်ပုံး ပတ်ဝန်းကျင် တစ်ဝိုက်တွင် ယင်ကောင်များနှင့် ပိုးမွှားများ သောင်းကျန်းနေပြီး မကောက်ရသေးသော ဖရဲသီးအခွံများပေါ်တွင်လည်း ယင်ကောင်များနှင့် ပိုးမွှားများ အုံခဲနေသဖြင့် ကြည့်ရသည် မှာ အလွန်ပင် စက်ဆုပ်ဖွယ် ကောင်းလှပေသည်။

အဘိုးအိုနှင့် ဆုံတွေ့ခဲ့သည့် ပို့ဆောင်သူသည် အနီးသို့ သွားရောက်ကာ အကြံပေးစကား ဆိုလိုက်လေသည်။

"အဘိုး...၊ ဒီနေရာမှာ ဘာလုပ်နေတာလဲ...။ ဒီဖရဲသီးက စားလို့ မရတော့ဘူးလေ...။”

သို့သော် အဘိုးအိုက မော့ကြည့်ကာ ပြုံး၍ ဆိုလိုက်သည်။

"စားလို့ ရပါတယ်ကွ...။ ဒီအခွံက အရမ်းကောင်းတာကို မစားဘဲ ပစ်လိုက်ရင် နှမြောစရာကြီးပေါ့...။”

ထိုသို့ ပြောရင်းနှင့် အဘိုးအိုသည် အခြား ဖရဲသီးအခွံ တစ်ခုကို ကောက်ယူကာ ဆက်စားရန် ပြင်လိုက်ရာ ထိုအခွံ ပေါ်တွင် ယင်ကောင်များနှင့် ပိုးမွှားများ အများအပြား ရှိနေသည်မှာ ထင်ရှားလှပေသည်။ အဘိုးအိုသည် ပါးစပ် ထဲသို့ မထည့်မီ ပျံသန်းနေသော ပိုးမွှားများကို လက်ဖြင့် ဝှေ့ယမ်း နှင်ထုတ်လိုက်ရုံသာ ပြုလုပ်ခဲ့လေသည်။

ပို့ဆောင်သူသည် အမြန်ပင် ထပ်မံ တားဆီးရန် ကြိုးစားလိုက်ပြီး တားဆီးရန်အတွက် သူ၏ လက်ကို တိုက်ရိုက် ဆန့်ထုတ်လိုက်လေသည်။

"အဘိုး...၊ ဒါကို တကယ် စားလို့ မရဘူးနော်...။ နေမကောင်း ဖြစ်သွားလိမ့်မယ်...။ ခဏလေး စောင့်နေဦး...။”

ထိုသို့ ပြောပြီးနောက် ပို့ဆောင်သူသည် အနီးနားရှိ စတိုးဆိုင်သို့ အမြန်သွားကာ ရေခဲမုန့် တစ်ဘူး ဝယ်လာပြီး အဘိုးအိုကို ပေးလိုက်လေသည်။

"အဘိုး...၊ ရေငတ်ပြေအောင်နဲ့ အပူကျသွားအောင် ဒါလေး စားလိုက်ပါဦး...။”

ထိုဘူးထဲတွင် တုတ်ချောင်းပါသော ရေခဲမုန့် အသေးလေး လေးခု ပါရှိလေသည်။ အဘိုးအိုသည် တစ်ခုကို ဂရုတစိုက် ကိုင်ယူကာ ကြည့်လိုက်လေသည်။

"ဒါ...၊ ဒါက ရေခဲမုန့်ဆိုတာလား...။ ငါ တစ်ခါမှ မစားဖူးဘူး...။”

ပြောပြောဆိုဆိုပင် သူသည် ရေခဲမုန့်ကို တုန်ယင်နေသော လက်များဖြင့် ယူကာ မြည်းစမ်းရန် ပါးစပ်ထဲသို့ ထည့် လိုက်လေသည်။ သို့သော် တစ်ငုံမျှသာ စားပြီးနောက်တွင်မူ အမြန် ပြန်ထုတ်လိုက်လေသည်။ တစ်ခါတည်းနှင့် အကုန်စားပစ်ရန် နှမြောနေသည်မှာ သိသာထင်ရှားလှပြီး ခေါင်းညိတ်ကာ ပြုံး၍ ချီးကျူးလိုက်လေသည်။

"အရမ်းကောင်းတာပဲ...၊ အရမ်းလည်း ချိုတယ်...။ မင်းလည်း နည်းနည်းလောက် စားကြည့်ပါဦး...။”

ပို့ဆောင်သူသည် အဘိုးအိုမှာ အစားအသောက်ကို နှစ်သက်သော်လည်း စားရမည်ကို နှမြောနေကြောင်း သတိ ပြုမိသဖြင့် တစ်ဘူးလုံးကို ကမ်းပေးကာ ဆိုလိုက်သည်။

"ကျွန်တော် မစားတော့ပါဘူး...။ အဘိုးပဲ အကုန်စားလိုက်ပါ...။”

အဘိုးအိုသည် သူ၏ ဘဝတွင် ပထမဆုံးသော ရေခဲမုန့်ကို ကျယ်လောင်စွာ ပြုံးရယ်လျက် တစ်ကိုယ်တည်း ရေရွတ်ရင်း စားသောက်နေတော့သည်။

"လတ်ဆတ်ပြီး ချိုလိုက်တာ...၊ နူးညံ့ပြီးလည်း ချိုတယ်...။ အရမ်းချိုပြီး အရမ်း စားကောင်းတာပဲ...။”

All Chapters