အခန်း ၃၃၅
Vol. 34 Ch. 335
အခန်း (၃၃၅)
အခြားသူများ ကြောက်ရွံ့သွားစေရန် တစ်ယောက်ကို စံပြအနေဖြင့် အပြစ်ပေးခြင်း
အဘိုးအိုသည် ရေခဲမုန့်ကို အနည်းငယ်စီ ကိုက်စားပြီးနောက် ရေခဲမုန့်ဘူးကို သူ၏ဘေးရှိ အမှိုက်ကောက်ရာတွင် အသုံးပြုသော အိတ်ထဲသို့ ထည့်လိုက်လေသည်။
ထို့နောက် ပို့ဆောင်သူသည် အဘိုးအိုနှင့် ခေတ္တမျှ ဆက်လက် စကားပြောနေခဲ့လေသည်။
"အဘိုး...၊ အသက်ကြီးနေပြီကို ဘာလို့ အပြင်ထွက်ပြီး အမှိုက်ကောက်နေသေးတာလဲ...။”
အဘိုးအိုသည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ဒူးကိုဖက်ထားရင်း ပြုံး၍ ဖြေလိုက်လေသည်။
"အခြားနည်းလမ်းမှ မရှိတာ...။ ငါတို့ အပြင်ထွက်ပြီး အမှိုက်မကောက်ရင် ဘာစားဘာသောက်ရမှာလဲ...။”
"အိမ်မှာ အိပ်ရာထဲကနေ မထနိုင်တဲ့ အဘွားအိုတစ်ယောက် ရှိသေးတယ်...။ ငါ ငတ်ချင်ငတ်ပါစေ သူ့ကိုတော့ အငတ်မခံနိုင်ဘူး...။”
ပို့ဆောင်သူက ထပ်မေးလိုက်လေသည်။
"အဘိုးရဲ့ သားသမီးတွေကရော...၊ သူတို့က အဘိုးတို့ကို မစောင့်ရှောက်ဘူးလား...။”
သားသမီးများအကြောင်း ရောက်သွားသောအခါ အဘိုးအို၏ မျက်လုံးများမှ အရောင်အဝါများ မှေးမှိန်သွားလေ သည်။
"အငတ်ဘေးကြုံတုန်းက ငါ့သားနှစ်ယောက်လုံး ငတ်သေသွားခဲ့တယ်...။ အခုတော့ ငါတို့ အဘိုးကြီးအဘွားကြီး နှစ်ယောက်ပဲ ကျန်တော့တယ်...။ ဘယ်သူမှလည်း ငါတို့ကို ဂရုမစိုက်ဘူး ဘယ်သူမှလည်း လာမမေးကြဘူး...။”
ပို့ဆောင်သူက ရုတ်တရက် ထမေးလိုက်လေသည်။
"ရွာကဖြစ်ဖြစ် ရပ်ကွက်ကဖြစ်ဖြစ်ရော...၊ အထူးထောက်ပံ့ကြေး ဘာညာ မပေးကြဘူးလား...။”
အဘိုးအိုက ခေါင်းယမ်းလိုက်လေသည်။
"ငါတော့ တစ်ခါမှ မကြားဖူးပါဘူး...။ အရင်က တစ်ယောက်ယောက်က လာမေးဖူးပေမဲ့ နောက်တော့လည်း အဆက်အသွယ် ပြတ်သွားတာပဲ...။”
ထိုစကားကို ကြားသောအခါ ပို့ဆောင်သူမှာ ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။
"အဘိုး...၊ မသွားနဲ့ဦးနော် ဒီနေရာမှာ ခဏစောင့်နေဦး...။”
ပို့ဆောင်သူသည် ငွေတချို့ ယူရန်နှင့် သစ်သီးတချို့ ဝယ်ရန် ခေတ္တ ထွက်သွားလေသည်။ သူ ပြန်ရောက်လာသော အခါ ပို့ဆောင်သူသည် အဘိုးအိုအား လီ (၂၀၀) နှင့် သစ်သီးအချို့ကို ပေးလိုက်လေသည်။
သို့သော် အဘိုးအိုက ငြင်းဆန်ခဲ့ပြီး သစ်သီးများစွာထဲမှ စတော်ဘယ်ရီသီး တစ်လုံးကိုသာ မြည်းစမ်းရန် ယူလိုက် ကာ သြရှရှ အသံဖြင့် ဆိုလိုက်လေသည်။
"ချိုလိုက်တာ...၊ အရမ်းချိုတာပဲ...။ ငါ့အသက် ရှစ်ဆယ်ကျော်ပြီ မပုပ်မသိုးသေးတဲ့ စတော်ဘယ်ရီသီးကို အခုမှ ပထမဆုံးအကြိမ် စားဖူးတာပဲ...။ ဪ…၊ ဒါက ဒီလို အရသာမျိုးကိုး...။”
မြည်းစမ်းပြီးနောက် အဘိုးအိုသည် သစ်သီးအိတ်ကို ကောက်ယူကာ ပို့ဆောင်သူအား ကမ်းပေးလိုက်လေသည်။
"ကောင်လေး...၊ မင်း အိမ်ပြန်ယူသွားပြီး စားလိုက်ပါ...။ ငါ တစ်လုံးပဲ မြည်းကြည့်ပါမယ်...။ ပိုက်ဆံကိုတော့ ငါ လက်မခံနိုင်ဘူးကွယ်...။”
ပို့ဆောင်သူ တစ်ယောက်အနေဖြင့် သူ ပေးပြီးသားကို မည်သို့လုပ် ပြန်ယူနိုင်မည်နည်း။ သူက သစ်သီးများကို အဘိုးအို၏ အမှိုက်ကောက်ရာတွင် သုံးသော သုံးဘီးစက်ဘီးပေါ်သို့ ပြန်တင်ပေးလိုက်ပြီး ငွေများကို အဘိုးအို၏ အင်္ကျီအိတ်ကပ်ထဲသို့ တိုက်ရိုက် ထိုးထည့်ပေးလိုက်လေသည်။
"ကျေးဇူးပြုပြီး မငြင်းပါနဲ့ ယူထားလိုက်ပါ...။ အိမ်ပြန်ရောက်ရင် အဘွားကိုလည်း မြည်းခိုင်းလိုက်ဦး...။ ပြီး တော့ ပိုက်ဆံကို အဝတ်အစားသစ်လေး ဝယ်ဝတ်ဖို့ သုံးလိုက်ပါ...။”
အဘိုးအိုမှာ မျက်ရည်ကျသည်အထိ ပီတိဖြစ်သွားရပြီး ငွေနှင့် သစ်သီးများကို လက်ခံရယူပြီးနောက်တွင်ပင် တတွတ်တွတ် ရေရွတ်နေခဲ့လေသည်။
"ပိုက်ဆံရော ပစ္စည်းရော ပေးတာပဲ...။ ငါက အလကားသက်သက်တော့ လက်မခံနိုင်ပါဘူး...။ ကျေးဇူးတင် ပါတယ် ကလေးရယ်...၊ ကျေးဇူးတင်ပါတယ်...။”
ဗီဒီယိုမှာ ထိုနေရာတွင် ပြီးဆုံးသွားသော်လည်း တရားခွင်မှ တိုက်ရိုက်ထုတ်လွှင့်မှုကမူ မပြီးဆုံးသေးသကဲ့သို့ အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များကလည်း အဆုံးမသတ်သေးပေ။
တန်ကော်ဟွာသည်လည်း ဤတရားခွင်ကို အများပြည်သူထံ တိုက်ရိုက်ထုတ်လွှင့်နိုင်စေရန်အတွက် အစွမ်းကုန် ကြိုးပမ်းခဲ့လေသည်။ အကယ်၍ သူသည် လက်ရှိတွင် အကျင့်ပျက်ခြစားမှု နှိမ်နင်းရေးဌာန ဌာနချုပ်၏ အကြီး အကဲ ရာထူးနေရာတွင် မရှိခဲ့ပါက ဤကိစ္စမှာ ဖြစ်နိုင်မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် မှတ်ချက်ပေးခြင်းကို အပြည့်အဝ ဖွင့်လှစ်ထားပြီး နိုင်ငံသားအားလုံးက သူတို့၏ ထင်မြင်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြနိုင်ကြလေသည်။
[အမှိုက်ပုံးဘေးမှာ ပုပ်နေတဲ့ ဖရဲသီးကို စားနေတဲ့ ဒီအဘိုးအိုကို ပထမဆုံး မြင်လိုက်ရတုန်းက ငါ ငိုတောင် ငိုချင်သွားတယ်...]
[ပို့ဆောင်သူက အရမ်းကောင်းတဲ့ အလုပ်ကို လုပ်ခဲ့တာပဲ...။ ဒီကျိုးပဲ့နေတဲ့ ကမ္ဘာကြီးကို ဖာထေးပေးနေတဲ့ သူတွေ အမြဲတမ်း ရှိနေတာပဲ...။ နောင် ငါလဲ ဒီလိုကိစ္စမျိုး ကြုံလာရင်လည်း ဝင်ကူညီမှာပဲ...]
[တကယ်တော့ အဘိုးအိုက လီ (၂၀၀) ကို မြင်တော့ တကယ်လိုချင်နေတာပါ၊ ဒါပေမဲ့ သူက ပြန်ပေးဖို့လည်း နှမြောနေတာ သိသာပါတယ်...။ သူက လက်မခံတာက သိက္ခာကြောင့်လို့ ပြောပေမဲ့ လက်ခံလိုက်တာက ဘဝ လိုအပ်ချက်ကြောင့်ပါပဲ...]
[အဘိုးအိုက ငယ်ငယ်တုန်းက စပါးအခွန်တွေဆောင်ပြီး နိုင်ငံအတွက် အကျိုးပြုခဲ့မှာ သေချာတယ်လို့ ငါ ထင်တယ်...။ အခု သူ အသက်ကြီးလာတော့ သူတစ်ပါးကို ဒုက္ခပေးမယ့်အစား အမှိုက်ကောက်ဖို့ကိုပဲ ရွေးချယ် ခဲ့တယ်...။ သူ မှားလို့လား...၊ သူက အသက်ရှင်ရပ်တည်ဖို့ ကြိုးစားနေရုံပါပဲ...]
[အကယ်လို့ ငါ့မှာသာ အကန့်အသတ်မရှိတဲ့ စည်းစိမ်တွေ ရှိနေခဲ့ရင် ကမ္ဘာအနှံ့ လှည့်လည်ပြီး ဆင်းရဲသားတိုင်း ကို ကူညီပေးမှာပဲ...။ ဒါပေမဲ့ ငါက အဆုံးမှာတော့ သာမန်လူတစ်ယောက်ပါပဲ...။ ငါ့မှာ သနားကြင်နာမှုနဲ့ ကိုယ်ချင်းစာတရားပဲ ရှိတယ်…။ သက်ရှိအားလုံးကို ကယ်တင်နိုင်တဲ့ စွမ်းရည်မှ မရှိတာ...]
[ပြဿနာရဲ့ အဓိကအချက်ကို ပြန်ကောက်ရရင် အစိုးရက သူတို့ကို မမြင်တာ သို့မဟုတ် အလေးမထားတာ မဟုတ်ဘူး…။ သူတို့ကို ကူညီဖို့ ချထားပေးတဲ့ ငွေတွေကို လူတချို့က အလွဲသုံးစား လုပ်သွားကြလို့ပဲ...။ ဒါ ကြောင့် ဒီငွေတွေကို အလွဲသုံးစား လုပ်တဲ့သူတွေက တကယ်ကို သေထိုက်တယ်...။ အကြိမ်တစ်ရာလောက်ကို သေထိုက်တာ...]
[ဟုတ်တယ်...၊ ဒီလို ငွေမျိုးကို အလွဲသုံးစားလုပ်တဲ့ သူတွေကို အပြစ်ပေးရမယ် မဟုတ်ရင် တစ်နိုင်ငံလုံးက ပြည်သူတွေ သဘောတူကြမှာ မဟုတ်ဘူး...]
ဤမှတ်ချက်များကို ဖတ်ရှုပြီးနောက် အမြင့်ဆုံးနေရာတွင် ထိုင်နေကြသော တရားသူကြီးများမှာ အလွန်ပင် နေရထိုင်ရ ခက်လာကြလေသည်။
မူလက သူတို့ကို အဆက်အသွယ် အချို့နှင့် လူအချို့က ချဉ်းကပ်ကာ အမှုကို သင့်တင့်လျောက်ပတ်စွာ ကိုင် တွယ်ရန် ညွှန်ကြားထားကြလေသည်။ ထင်ရှားသည်မှာ ဖမ်းဆီးခံရသူ အားလုံးတွင် နောက်ခံ အင်အားကြီးမားသူ များ ရှိနေခြင်းပင် ဖြစ်သည်။ အရာရှိများ အချင်းချင်း အကာအကွယ်ပေးသည့် ဖြစ်စဉ်မျိုးမှာ အချိန်တိုင်းတွင် တည်ရှိနေပေသည်။
ယခင်ကလည်း ဤကဲ့သို့သော အမှုများ ဖြစ်ပွားခဲ့ဖူးပြီး တရားသူကြီးများက ကိုင်တွယ်ရ လွယ်ကူမည့် နောက် ထပ် ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်မည်ဟု ယူဆထားခဲ့ကြသည်။ သို့သော် အားလုံး မျှော်လင့်မထားသည်မှာ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်သော တန်ကော်ဟွာက ကြီးကြပ်ရေးမှူးအဖြစ် ရုတ်တရက် ရောက်ရှိလာပြီး တရားခွင်တစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ခြင်းပင် ဖြစ်သည်။
အမြင့်ဆုံးနေရာမှ စာရွက်စာတမ်းများကို တိုက်ရိုက် ထုတ်ပြန်ခဲ့ပြီး စည်းမျဉ်းသစ်များမှာ ချက်ချင်း အသက်ဝင် လာခဲ့လေသည်။ ၎င်းကို ဤတရားခွင်မှ စတင်၍ အသုံးပြုရမည် ဆိုသည့် အချက်ကပင် အများကြီး ပြောပြနေ ပေသည်။
ဤသည်က ထိပ်ပိုင်းခေါင်းဆောင်များလည်း ဤကိစ္စကို စောင့်ကြည့်နေကာ အလွန် အလေးထားကြောင်းကို ဖော်ပြနေပေသည်။ သူတို့က ပွင့်ပွင့်လင်းလင်းပင် ပြောဆိုနေကြခြင်း ဖြစ်သည်။
ဤတရားခွင်၏ ရည်ရွယ်ချက်မှာ အခြားသူများ ကြောက်ရွံ့သွားစေရန် တစ်ယောက်ကို စံပြအနေဖြင့် အပြစ်ပေး ရန်ပင် ဖြစ်သည်။
ဒေသခံတစ်ဦးတွင် အဆက်အသွယ်များနှင့် ဆက်ဆံရေးများ မည်မျှပင် ရှိစေကာမူ အထက်မှ ဤကဲ့သို့ ဖိအား ပေးမှုကိုမူ ခံနိုင်ရည် မရှိနိုင်ပေ။
နောက်ဆုံးတွင် တရားသူကြီးများမှာ အံကြိတ်ကာ စည်းမျဉ်းသစ်များအရ ထိုလူများကို သေဒဏ် ချမှတ်မည်ဖြစ် ပြီး ပြစ်ဒဏ်ကို ချက်ချင်း အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ကြေညာရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိ တော့ပေ။
ပြစ်ဒဏ်ကို ကြားသိရသောအခါ ပြည်သူများအပေါ် ကာလကြာရှည်စွာ အမြတ်ထုတ်ခဲ့သူများမှာ ကြောက်ရွံ့ လွန်း၍ မလှုပ်ရှားနိုင်တော့ပေ။ အချို့မှာ ထိုနေရာတွင်ပင် ငိုယိုကာ အော်ဟစ်လိုက်ကြလေသည်။
"ဘာလို့ သေဒဏ် ချမှတ်ရတာလဲ...၊ အရင်က ဒီလို မဟုတ်ပါဘူး...။ ငါတို့ ငွေနည်းနည်းလေးပဲ အလွဲသုံးစား လုပ်ခဲ့တာပါ ပြန်ပေးလိုက်လို့ မရဘူးလား...။”
တန်ကော်ဟွာသည် မတ်တတ်ရပ်ကာ လျန်ထျန်းနှင့် ပြောဆိုခဲ့သော စကားများကို အသုံးပြု၍ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
"မင်းတို့က ငွေနည်းနည်းလေး အလွဲသုံးစား လုပ်တယ်လို့ မြင်ပေမဲ့ အဲ့ဒါက ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ အတွက်တော့ အသက်ကယ်ဖို့ ငွေတွေ ဖြစ်နိုင်တယ်...။”
"ရှေးခေတ်ကတည်းက သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်တဲ့ သူတိုင်း သေဒဏ်ပေးခံရတယ်...။ ဘာလို့လဲဆိုတော့ မင်းတို့ စားလိုက်တဲ့အရာက တခြားတစ်ယောက်ရဲ့ အသက်ကယ် အစားအစာ ဖြစ်နေနိုင်လို့ပဲ...။”
"အခုလို ဖွံ့ဖြိုးတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ လမ်းပေါ်မှာ လူတွေ ငတ်သေနေတာကို ငါတို့ ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ...။ ဒါကြောင့် မင်းတို့ကို သေဒဏ်ပေးတာက လုံးဝ တရားမျှတတယ်...၊ မင်းတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး ငွေတွေ ပြန်ပေးဆပ်ခိုင်းတာက မှန်ကန်တဲ့ လုပ်ရပ်ပဲ...။”
ထိုသို့ဖြင့် ထိုလူများ၏ ကံကြမ္မာ အဆုံးအဖြတ်ကို သတ်မှတ်ပြီးစီးသွားလေသည်။
မှတ်ချက်ကဏ္ဍတွင် အားပေးထောက်ခံမှုများနှင့် လက်ခုပ်သံများဖြင့် ပြည့်နှက်နေလေသည်။
အချို့နေရာများတွင် အဂတိလိုက်စားခဲ့သော်လည်း ဖမ်းဆီးမခံရသေးသူများလည်း ရှိနေပေသည်။ ဤမြင်ကွင်း ကို မြင်တွေ့ပြီးနောက် သူတို့သည် တစ်နေ့တွင် ဤကဲ့သို့သော ကိစ္စမျိုး သူတို့ထံ ကျရောက်လာမည်ကို ကြောက် ရွံ့ကာ ထောင့်တစ်နေရာတွင် ပုန်းအောင်းလျက် တုန်ရီနေကြလေသည်။
ယခုမှစ၍ ဆင်းရဲနွမ်းပါးသူများအတွက် ထောက်ပံ့ကြေးများနှင့် ပတ်သက်၍ မည်သူကမျှ မရိုးမသား လုပ်ရဲ တော့မည် မဟုတ်ဟု ယုံကြည်ရပေသည်။ အမှန်တကယ်ပင် ခေါင်းဖြတ်အပြစ်ပေးခြင်းကသာ လူများကို တကယ် ကြောက်ရွံ့သွားစေနိုင်ပြီး ၎င်းသည် အခြားသူများ ကြောက်ရွံ့သွားစေရန် တစ်ယောက်ကို စံပြအနေဖြင့် အပြစ်ပေးရန် အကောင်းဆုံးနည်းလမ်းလည်း ဖြစ်ပေသည်။
ထို့နောက် နောက်ထပ် အပြောင်းအလဲများ ဆက်လက် ဖြစ်ပေါ်လာခဲ့လေသည်။
အရေးကြီးဆုံးအချက်မှာ ဆင်းရဲနွမ်းပါးသော သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ကြေးများကို သူတို့အနေ ဖြင့် ရရှိရန် အလွန်အမင်း ကြိုးပမ်းအားထုတ်နေရသည့် အရာမျိုး မဖြစ်စေရန် သေချာစေခြင်းပင် ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် အစိုးရအရာရှိများကသာ အိမ်တိုင်ရာရောက် ကိုယ်တိုင် သွားရောက်စစ်ဆေးကာ သူတို့၏ အခြေအနေများကို လေ့လာရမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်လွှာများကို ချက်ချင်း ဆောင်ရွက်ပေးရမည် ဖြစ်လာလေသည်။
ဤကိစ္စနှင့် ပတ်သက်၍ ပေါ့ဆရန် သို့မဟုတ် အချက်အလက်များ လိမ်လည်ရန် ရဲတင်းသူ မည်သူမဆို ဖမ်းမိပါက ပြင်းထန်စွာ အပြစ်ပေးခံရမည် ဖြစ်သည်။
လောဘတက်ရန် အခွင့်အရေးမှာ ပို၍ပင် နည်းပါးသွားလေသည်။ အတိတ်က စံပြဖြစ်ရပ်များနှင့် သင်ခန်းစာ များက ဤနေရာတွင် ရှိနေပေသည်။ မည်သူက ဓားသွားပေါ် သွေးစွန်းခံရဲမည်နည်း။
ဤနည်းအားဖြင့် လောကကြီးတွင် တရားမျှတမှု အချို့ကို နောက်ဆုံးတွင် ပြန်လည် ရရှိသွားလေတော့သည်။