အခန်း ၃၃၉
Vol. 34 Ch. 339
အခန်း (၃၃၉)
ခန္ဓာကိုယ်တစ်ဝက်က ဓားလှံလက်နက်များ ဖောက်ထွင်းမဝင်နိုင်ခြင်း
လျန်ထျန်း၏ စကားများကို ကြားပြီးနောက် ဥက္ကဋ္ဌဝမ်မှာ ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။ သို့သော် သူက စိတ်မချသေးသည့်ဟန်ဖြင့် အလျင်အမြန်ပင် ထပ်၍ ပြောလိုက်လေသည်။
"ဒါပေမဲ့..၊ မြန်မာနိုင်ငံမြောက်ပိုင်း ဆိုတာ သိပ်ကို အန္တရာယ်များတဲ့ နေရာပဲ...။ မင်းက ဘာတွေများ သွားလုပ်ဖို့ စီစဉ်နေတာလဲ...။”
"မင်းမှာ ရာထူးကြီးပိုင်းက အသိအကျွမ်းတွေ ရှိတယ်ဆိုတာကို ငါ သိပါတယ်...။ ဒါပေမဲ့ လူတွေကယ်ဖို့ မြန်မာနိုင်ငံ မြောက်ပိုင်းကို စစ်တပ်တစ်ခုလုံး စေလွှတ်ခိုင်းလို့ ရနိုင်ပါ့မလား...။”
"ဒါက ဖြစ်နိုင်ချေ လုံးဝမရှိဘူး...။ တကယ်လို့သာ အဲ့ဒီလောက် လွယ်ကူနေမယ်ဆိုရင် အစိုးရက လုပ်ဆောင်နေ လောက်ပြီ...။ မင်းက ဘာကိစ္စ ဝင်ပူပန်နေစရာ လိုတော့မှာလဲ...။”
"လက်ရှိ နိုင်ငံတကာ အခြေအနေတွေရဲ့ ရှုပ်ထွေးမှုက သာမန်လူတွေ တွေးထင်ထားတာထက် အများကြီး ပိုပါ တယ်...။ နိုင်ငံတိုင်းမှာ သူတို့ကိုယ်ပိုင် အခက်အခဲတွေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိကြတာမို့လို့ သူတို့တွေအနေနဲ့ ဘာမှ လုပ်ဆောင်မှာ မဟုတ်သလို လုပ်ဆောင်ခွင့်လည်း ရှိမှာ မဟုတ်ဘူး...။”
ခေတ္တမျှ ရပ်နားပြီးနောက် မစ္စတာဝမ်က ဆက်လက် ခန့်မှန်းပြောဆိုလိုက်ပြန်သည်။
"မင်းရဲ့ လုံခြုံရေးကုမ္ပဏီမှာ ကျွမ်းကျင်တဲ့သူတွေ အများကြီး ရှိသေးတယ် ဆိုပေမဲ့ အသန်မာဆုံး လက်သီးက ကျည်ဆန်ကိုတော့ မယှဉ်နိုင်ပါဘူး...။”
"ငါ ပြောပါရစေ...၊ အဲ့ဒီလို မိုက်မဲတဲ့ အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ပါနဲ့...။ ကိုယ်ရော သူများပါ ဒုက္ခရောက် သွားလိမ့်မယ်...။”
"ဘယ်လိုပဲ ကြည့်ကြည့် အရမ်း အန္တရာယ်များလွန်းပါတယ်...။ မင်း မြန်မာနိုင်ငံမြောက်ပိုင်းကို လုံးဝ သွားလို့ မဖြစ်ဘူး...။ အနည်းဆုံးတော့ အခုလို အခြေအနေဆိုးကြီး ပြီးသွားတဲ့အထိ လုံခြုံတဲ့ နေရာတစ်ခုခုမှာ ပုန်းနေ သင့်တယ်...။”
မစ္စတာဝမ် မည်မျှပင် စိုးရိမ်နေကြောင်းကို မြင်သောအခါ လျန်ထျန်းက ပြုံး၍ ပြောလိုက်လေသည်။
"မစ္စတာဝမ်...၊ အဲ့ဒီလောက်ကြီးလည်း တွေးမနေပါနဲ့...။”
"စိတ်မပူပါနဲ့...၊ ကျွန်တော်လည်း မအပါဘူး...။ လူသွားကယ်မှာပါ…၊ သေဖို့ သွားမှာ မဟုတ်ပါဘူး...။ ကိုယ့် လုံခြုံရေးကို အရင်ဆုံး ဦးစားပေးမှာပါ...။”
"ကျွန်တော့်လုံခြုံရေးနဲ့ ပတ်သက်ပြီး ရာနှုန်းပြည့် ယုံကြည်မှု ရှိပါတယ်...။ ပြီးတော့ စစ်တပ်ဖြစ်ဖြစ် ကျွန်တော့်ရဲ့ လုံခြုံရေး ကျွမ်းကျင်သူတွေဖြစ်ဖြစ် ခေါ်သွားမှာ မဟုတ်ပါဘူး...။”
"လူတစ်ယောက်တည်းနဲ့တင် ကျွန်တော့်လုံခြုံရေးကို ရာနှုန်းပြည့် အာမခံနိုင်ပါတယ်...။ သူ ရှိနေလို့သာ မြန်မာနိုင်ငံ မြောက်ပိုင်းက လူတွေကို ကယ်တင်ဖို့ ကျွန်တော် ရဲရဲဝံ့ဝံ့ တွေးရဲတာပါ...။”
ဤစကားကို ကြားသောအခါ မစ္စတာဝမ်နှင့် တက်ရောက်လာကြသော အမှုဆောင်အရာရှိများအားလုံး မှင်တက် သွားကြလေသည်။ မစ္စတာဝမ်သည် လျန်ထျန်း၏ နဖူးကိုပင် လှမ်းစမ်းလိုက်ပြီးနောက် နားမလည်နိုင်စွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"ကိုယ်ပူနေတာလည်း မဟုတ်ဘဲနဲ့...၊ ဘာလို့ လျှောက်ပြောနေရတာလဲ...။”
လျန်ထျန်းသည် ဥက္ကဋ္ဌဝမ်၏ လက်ကို သူ၏နဖူးပေါ်မှ ဖယ်ရှားလိုက်ပြီး လေးလေးနက်နက် ဆိုလိုက်လေသည်။
"ဝမ်အဖိုးကြီး...၊ ကျွန်တော် လျှောက်ပြောနေတာ မဟုတ်သလို ခင်ဗျားကိုလည်း လိမ်မနေပါဘူး...။ အခုလို လုပ်ကြတာပေါ့...၊ ခင်ဗျားကို နေရာတစ်ခု ခေါ်သွားမယ်...။ အဲ့ဒီရောက်ရင် အရာအားလုံးကို နားလည်သွား လိမ့်မယ်...။”
ထိုသို့ပြောပြီးနောက် လျန်ထျန်းသည် ဥက္ကဋ္ဌဝမ်ကို ဆွဲခေါ်သွားကာ အခန်းထဲရှိ အဆင့်မြင့် အမှုဆောင်အရာရှိ များအားလုံးကို ချန်ရစ်ခဲ့ပြီး အယ်လာမာ ဌာနချုပ် အဆောက်အအုံ၏ အမိုးဆီသို့ ဦးတည်သွားလေသည်။
အဆောက်အအုံ၏ ခေါင်မိုးပေါ်တွင် ရဟတ်ယာဉ်တစ်စင်း ရှိနေပြီး ယင်းမှာ လျန်ထျန်း ကိုယ်တိုင် ဝယ်ယူ ထားခြင်း ဖြစ်ပေသည်။ လျှောက်လွှာတင်ရခြင်းနှင့် အခြားသော အလုပ်ရှုပ်သည့် ကိစ္စများကြောင့် ၎င်းကို မကြာခဏ အသုံးမပြုဖြစ်ပေ။ သို့သော် ယခုတစ်ကြိမ်တွင်မူ လူ့အသက်များကို ကယ်တင်ရန်အတွက် အချိန်ဆွဲ ၍မရဘဲ အလျင်အမြန် လုပ်ဆောင်ရန် လိုအပ်ကြောင်းကို သူ နားလည်ထားသဖြင့် ဤရဟတ်ယာဉ်ကို အသုံးပြု ရန် ဆုံးဖြတ်လိုက်လေသည်။
ရဟတ်ယာဉ် ပျံတက်သွားပြီးနောက် မစ္စတာဝမ်သည် လျန်ထျန်း ယခင်က ပြောခဲ့သည့် စကားများနှင့် ပတ်သက် ၍ သံသယဝင်နေဆဲဖြစ်ကာ ဆက်လက် မေးမြန်းလိုက်လေသည်။
"လူတစ်ယောက် ခေါ်သွားရုံနဲ့ မင်းရဲ့ လုံခြုံရေးကို ရာနှုန်းပြည့် အာမခံနိုင်တယ်လို့ ပြောခဲ့တယ်နော်...။ အဲ့ဒီလူက ဘယ်သူများလဲ...၊ အနိုင်မခံအရှုံးမပေးတဲ့ စူပါမန်းများလား...။”
အနည်းငယ် အဓိပ္ပာယ်မရှိလှသော ဤမေးခွန်းကို ရင်ဆိုင်ရချိန်တွင် လျန်ထျန်းက ခေတ္တမျှ တွေးတောလိုက်ပြီး အလွန် လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
"ခပ်ဆင်ဆင်ပါပဲ...။ အနည်းဆုံးတော့ သူ့ခန္ဓာကိုယ်တစ်ဝက်က ဓားလှံလက်နက်တွေ ဖောက်ထွင်းမဝင်နိုင်ဘူး...။ ပြီးတော့ သူက ပျံလည်း ပျံသန်းနိုင်တယ်...။”
"တကယ်လို့များ အန္တရာယ်နဲ့ ရင်ဆိုင်ရရင် သူက ကျွန်တော့်ကို ကာကွယ်ပေးမှာမို့ ဘယ်သူမှ ကျွန်တော့်ကို အန္တရာယ်မပြုနိုင်ဘူး...။ ဘာမှ လုပ်လို့မရတော့ဘူးဆိုရင်တောင် သူက ကျွန်တော့်ကို ခေါ်ပြီး ထွက်ပြေးနိုင် တယ်...။”
"စဉ်းစားကြည့်လေ...၊ လူတစ်စုက ကျွန်တော့်ကို ဝိုင်းရိုက်ချင်လို့ ဝိုင်းထားတယ် ဆိုပါတော့...၊ ကျွန်တော် လုံးဝ ထွက်ပြေးလို့မရတော့ဘူး၊ ပျံသန်းပြီး ထွက်ပြေးဖို့လည်း မဖြစ်နိုင်ဘူးလို့ သူတို့က ထင်နေကြမှာ...။”
"ဒါပေမဲ့ ရုတ်တရက် လူတစ်ယောက် ပေါ်လာပြီး ကျွန်တော့်ကို ဆွဲခေါ်သွားတယ်...။ မျက်စိတစ်မှိတ်အတွင်းမှာပဲ မိုးကုပ်စက်ဝိုင်းထဲမှာ ပျောက်ကွယ်သွားတယ်ဆိုရင် သူတို့တွေ ဘယ်လောက်တောင် ကြောင်အမ်းအမ်း ဖြစ်ကျန် ရစ်ခဲ့မလဲနော်...၊ ဟားဟားဟား...။”
ထိုမြင်ကွင်းကို စိတ်ကူးကြည့်ရုံဖြင့်ပင် လျန်ထျန်းမှာ အသံထွက်သည်အထိ ရယ်မောလိုက်လေသည်။ သို့သော် အမှန်တရားကို မသိရှိရှာသော မစ္စတာဝမ်မှာမူ ဤစကားကို ကြားသောအခါ မျက်လုံးပြူးသွားပြီး ခေါင်းခါယမ်း ကာ ဆိုလိုက်လေသည်။
"အကုန် ပြီးသွားပါပြီ...။ ငါ မသိအောင် သူ ဘယ်လို တုန်လှုပ်ချောက်ချားစရာတွေနဲ့များ ကြုံတွေ့ခဲ့ရလို့လဲ...၊ သူ တကယ်ကို ရူးသွားရှာပြီ...။”
ထိုသို့ဖြင့် လူတစ်ယောက်က အခြေအနေအမျိုးမျိုးကို စိတ်ကူးယဉ်ကာ အားရပါးရ ရယ်မောနေစဉ် အခြားတစ် ယောက်မှာမူ အလွန်အမင်း စိုးရိမ်ပူပန်မှုများဖြင့် မျက်မှောင်ကြုတ်နေတော့သည်။
မကြာမီပင် ရဟတ်ယာဉ်သည် သုတေသနဌာနတစ်ခု၏ အပေါ်သို့ ရောက်ရှိလာခဲ့လေသည်။ ဖြည်းညင်းစွာ ဆင်းသက်ပြီးနောက် သုတေသနဌာန၏ အမိုးပေါ်တွင် နည်းပညာမြင့် အပေါက်တစ်ခု ပေါ်ထွက်လာကာ ရဟတ်ယာဉ် ဆင်းသက်ရန်အတွက် အချိန်ကိုက်ပင် ဖြစ်နေလေသည်။
ရဟတ်ယာဉ်ပေါ်မှ ဆင်းဆင်းချင်းပင် ဂျာကင်အဖြူများ ဝတ်ဆင်ထားသော သုတေသီ ဆယ်ဂဏန်းခန့်က တန်းစီ၍ ကြိုဆိုနေကြလေသည်။ အဖွဲ့၏ ရှေ့ဆုံးမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက နွေးထွေးစွာ လျှောက်လာပြီး လျန်ထျန်းနှင့် လက်ဆွဲနှုတ်ဆက်ကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။
"မစ္စတာလျန်...၊ ခင်ဗျား လာကြည့်ဖို့ အချိန်ရလာပြီပဲ...။”
"ကျွန်တော်တို့ရဲ့ သုတေသနက အဓိက အောင်မြင်မှုတွေကို ဆက်တိုက် ရရှိနေပါပြီ...။ ဒါတွေက ခင်ဗျားရဲ့ ခိုင်မာ တဲ့ ထောက်ပံ့မှုတွေနဲ့ ခွဲခြားလို့ မရပါဘူး...။”
"ပရောဂျက်က ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်နေဆဲဖြစ်ပြီး အနည်းငယ်လေးတောင် ပေါက်ကြားလို့ မရပေမဲ့ အနာဂတ်မှာ ထုတ်ဖော်ပြသမယ့်အချိန်ကျရင် ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေမှာ အသေအချာပါပဲ...။”
"ခင်ဗျားဆီက သတင်းရရချင်းပဲ ကျွန်တော်တို့ ချက်ချင်း ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်...။ ကျန်းချောင်က အခု နောက်ဆုံးပေါ် စက်ကိရိယာတွေကို တပ်ဆင်ထားပြီး အထဲမှာ ခင်ဗျားကို စောင့်နေပါတယ်...။”
ဤစကားကို ကြားသောအခါ လျန်ထျန်းက ခေါင်းညိတ်ပြလိုက်လေသည်။
"ကောင်းပါပြီ...၊ ဒါဆိုရင် လမ်းပြပေးပါဦး....။ မြန်မြန် သွားကြတာပေါ့...။”
ဤအချိန်အထိ မစ္စတာဝမ်မှာ လုံးဝ ဇဝေဇဝါ ဖြစ်နေဆဲဖြစ်ပြီး လျန်ထျန်း ယခင်က ပြောခဲ့သည့် စကားများကို မယုံကြည်နိုင်သေးပေ။ သို့သော် သုတေသီများ၏ လမ်းပြမှုဖြင့် ၎င်းတို့သည် နည်းပညာမြင့် တံခါးတစ်ချပ်ပြီး တစ်ချပ် ဖြတ်သန်းသွားကြရာ အောက်ဘက်သို့ စဉ်ဆက်မပြတ် ဆင်းနေရသကဲ့သို့ ခံစားရလေသည်။
မှန်ပေသည်။ သူတို့ မြေအောက်သို့ ဆင်းသွားကြခြင်း ဖြစ်သည်။ မြေအောက်တွင် သုတေသနအခြေစိုက်စခန်း အသစ်တစ်ခုကို တိုးချဲ့ထားခြင်း ဖြစ်ပေသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ဧရာမ အားကစားကွင်းကြီးနှင့် တူ သော အကြီးဆုံး အခန်းကြီးထဲသို့ ဝင်ရောက်လာခဲ့ကြလေသည်။ ကွာခြားချက်မှာ 'ပွဲကြည့်စင်' များနေရာတွင် အဆင့်မြင့် စက်ကိရိယာ အမျိုးမျိုးဖြင့် ပြည့်နှက်နေခြင်းပင် ဖြစ်သည်။
စက်ကိရိယာတိုင်းတွင် အလယ်ဗဟိုသို့ ချိတ်ဆက်ထားသော ကေဘယ်ကြိုး တစ်ချောင်းစီ ရှိနေလေသည်။ အလယ်ဗဟိုတွင် အိမ်ငယ်လေးတစ်လုံးနှင့်တူသော အဆောက်အအုံတစ်ခု ရှိနေပြီး ၎င်းနှင့် ချိတ်ဆက်ထားသော ရေတွက်၍မရနိုင်သည့် ကြိုးများစွာ ရှိနေလေသည်။ ကြိုးများ၏ အစွန်းများတွင်လည်း မီးရောင်များ လင်းလက် နေကာ အထဲသို့ တစ်စုံတစ်ရာ ပေးပို့နေသကဲ့သို့ ထင်မှတ်ရပေသည်။
နောက်တစ်စက္ကန့်တွင် အိမ်၏ အမိုး ပွင့်လာခဲ့လေသည်။ ထို့နောက် ဖြစ်ပျက်ခဲ့သည့် အရာက မစ္စတာဝမ်၏ ကမ္ဘာ့အမြင်ကို လုံးဝ ပြောင်းလဲသွားစေလိမ့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အလွန်အမင်း မယုံနိုင်စရာကောင်းသော အရာတစ်ခုကို မြင်တွေ့ရတော့မည် ဖြစ်သောကြောင့်ပင်။
“ဘုန်း...”
“ဝှစ်...”
ခြေထောက်မှ 'မီးတောက်' များ ထွက်ပေါ်နေသော လူတစ်ဦးသည် လေထဲသို့ ပျံတက်သွားပြီး နောက်ဆုံးတွင် မြေပြင်မှ မီတာဆယ်ဂဏန်းအထက်၌ တည်ငြိမ်စွာ ရပ်တန့်နေလေသည်။ သူ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက် မှုနှင့်အတူ ဧရာမ မီးလုံးကြီးတစ်ခုက သူ၏ လက်ဝါးထဲတွင် ပေါ်ထွက်လာပြီး နေမင်းကြီးကို ကိုင်ဆောင်ထား သကဲ့သို့ ထင်ရသည်အထိ တဖြည်းဖြည်း ကြီးမားလာတော့သည်။
အသိသာဆုံး ခံစားမှုမှာ ပြင်းထန်လှသော အပူရှိန်ပင် ဖြစ်သည်။ မီတာရာနှင့်ချီ ဝေးကွာသော နေရာမှပင် အပူလှိုင်းများ ရိုက်ခတ်လာသည်ကို ခံစားရနိုင်ပြီး အသက်ရှူရပင် ခက်ခဲလာစေသည်။ မစ္စတာဝမ်မှာ အကန့် အသတ်သို့ ရောက်ရှိနေပြီဟု ခံစားလိုက်ရချိန်တွင် မီးလုံးကြီးမှာ လေထဲရှိ လူ၏ လက်ဝါးထဲသို့ ရုတ်တရက် ပြန်လည် စုပ်ယူခံလိုက်ရလေသည်။
ထို့နောက် လေထဲရှိ လူသည် ရှေ့သို့ ကိုင်းညွတ်လိုက်ရာ မီတာတစ်ရာကျော် အကွာအဝေးကို မျက်စိ တစ်မှိတ် အတွင်း ဖြတ်ကျော်သွားပြီး လျန်ထျန်း၏ အရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ သူတို့နှစ်ဦးသည် အချင်း ချင်း သိကျွမ်းနေကြသည်မှာ သိသာထင်ရှားလှပြီး နောက်ပြောင်နေသကဲ့သို့ပင် စကားပြောဆိုလိုက်ကြလေသည်။
"လျန်အိုကြီး... ၊ ဘယ်လိုလဲ...။ ကျွန်တော့်ရဲ့ စွမ်းရည်သစ်က မမိုက်ဘူးလား...။”
"ထုတ်လွှတ်နိုင်ရုံတင် မကဘူး ပြန်လည် စုပ်ယူနိုင်သေးတယ်...။ အရင်ကထက် အများကြီး ပိုအဆင့်မြင့်သွားပြီး စွမ်းအားလည်း ပိုကြီးလာတယ်...။”
"ခုနက လန့်သွားသေးလား...၊ ဒါပေမဲ့ စိတ်မပူပါနဲ့...။ ကျွန်တော်က ခင်ဗျားကို နည်းနည်းလေးတောင် အထိခိုက် ခံမှာ မဟုတ်ပါဘူး...။ ကျွန်တော့်ရဲ့ တိုက်ခိုက်မှုတွေက ခင်ဗျားရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာမယ့် ရန်သူတွေ ဆီကိုပဲ ဦးတည်သွားမှာပါ...။”
လျန်ထျန်းက ကျန်းချောင်၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်ပြီးနောက် ရယ်မောလျက် ဆဲဆိုလိုက်လေ သည်။
"မင်း တမင်သက်သက် လုပ်တာ မဟုတ်လား....။ ငယ်ငယ်တုန်းက 'မီးဆော့ရင် အိပ်ရာထဲ သေးပါတတ်တယ်' ဆိုတဲ့ စကားကို မကြားဖူးဘူးလား...။”
"ဒါပေမဲ့ မင်း အခုလို တက်ကြွနေတာကို မြင်ရတော့...၊ဒါချောင်...၊ မင်းအတွက် ငါ တကယ် ဝမ်းသာပါ တယ်ကွာ...။”
လျန်ထျန်း၏ နောက်ဆုံးစကားမှာ နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ထွက်ပေါ်လာခြင်း ဖြစ်ပြီး နောက်ပြောင် နေခြင်း မဟုတ်ပေ။ သို့သော် ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းကြောင့် ဘေးနားရှိ မစ္စတာဝမ်မှာ တစ်ခဏမျှ မှင်တက်သွားရပြီးနောက် တံတွေးမြိုချကာ တုန်ရီသော အသံဖြင့် ပြောလိုက်လေသည်။
"စူပါမန်း... တကယ်ပဲ စူပါမန်း ရှိနေတာကိုး...။”
စကားဆုံးသည်နှင့် မစ္စတာဝမ်၏ မျက်လုံးများ ပြာဝေသွားကာ ကိုယ်လုံးမှာ နောက်သို့ လန်ကျသွားပြီး အလွန် အမင်း တုန်လှုပ်မှုကြောင့် သတိလစ် မေ့မြောသွားလေတော့သည်။