← Chapters

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

အခန်း (၂၃၁-၂၃၂)

Vol. 24 Ch. 231-232

အခန်း (၂၃၁)အာမခံချက်

လဲ့ချန်က သူ၏ ခေါင်းပေါင်းပဝါကို ဆွဲချွတ်လိုက်ရာ လန်ဇီ၏ မျက်နှာက အရှေ့တည့်တည့်တွင် ပေါ်ထွက်လာ၏။

ဤကဲ့သို့သော ကောင်စုတ်လေးက ရွာထဲတွင် အမြဲတမ်း ဗိုလ်ကျစိုးမိုးပြီး မောက်မာရိုင်းစိုင်းနေခဲ့ကာ ယနေ့တွင်မူ သူခိုးအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားခဲ့ချေပြီ။

အားကော်ကလည်း သူ့ကို မှတ်မိသွား၏။

"အစ်ကိုချန်... ဒီကောင်က ခေါင်းဆောင်ဝေ့ရဲ့ ဆဌမမြောက်ညီလေးပဲ..."

လန်ဇီက မချိပြုံး ပြုံး၍ ပြန်လည်ချေပလိုက်သည်။

"လဲ့ချန်... မင်း အလွန်အကျွံမလုပ်နဲ့... ငါတို့က ခေါင်းဆောင်ဝေ့ရဲ့လူတွေပဲ... မင်း ငါတို့ကို ထိရဲရင် စမ်းကြည့်လိုက်လေ..."

လဲ့ချန်က သူ့မျက်နှာကို လက်ဝါးဖြင့် ဖြတ်ရိုက်လိုက်၏။

ပါးစပ်ပိတ်ထား... ငါ့အိမ်မှာ ကြက်ခိုး နွားခိုး လုပ်နေပြီးတော့ မင်းက အခုထိ လေထွားရဲသေးတယ်ပေါ့လေ..."

ရှောင်လျိုမှာမူ ကြောက်ရွံ့လွန်းသဖြင့် တုန်တုန်ရင်ရင် ဖြစ်နေချေပြီ။

"အစ်ကိုလဲ့... ကျွန်တော်တို့က အမိန့်ကို နာခံရုံသက်သက်ပါ..."

"မင်းတို့ကို ဘယ်သူက ခိုင်းစေတာလဲ... ခေါင်းဆောင်ဝေ့က မင်းတို့ကို ဒီကို ဘာလာလုပ်ခိုင်းတာလဲ..."

လန်ဇီနှင့် ရှောင်လျိုတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အချိန်အတော်ကြာအောင် မည်သို့ဖြေရမည်ကို ဝေခွဲမရ ဖြစ်နေကြ၏။

ဘေးမှနေ၍ အခြေအနေကို စောင့်ကြည့်နေသော အားကော်က အဆက်မပြတ် အော်ဟစ်အားပေးလိုက်သည်။

"အစ်ကိုချန်... ဒီကောင်နှစ်ယောက်က ပုံမှန်ဆိုရင် အရမ်းဗိုလ်ကျစိုးမိုးတတ်တာ... ဒါပေမဲ့ ဒီနေ့တော့ သူတို့ရဲ့ ကလိမ်ကကျစ်ကွက်တွေက အစ်ကို့ဆီမှာ အရေးနိမ့်သွားပြီပေါ့..."

လဲ့ချန်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ဤလူနှစ်ယောက်ကို မည်သို့ စီမံရမည်ကို တွေးဆလိုက်၏။

သင်ခန်းစာပေးရန် လိုအပ်သည်မှာ သေချာသော်လည်း ကိစ္စရပ်များကို အရှိန်အဟုန် မပြင်းထန်စေသင့်ချေ။ အဆုံးစွန်တွင်မူ ခေါင်းဆောင်ဝေ့က ရွာထဲ၌ သြဇာညောင်းသူဖြစ်သဖြင့် ဆက်ဆံရေး လုံးဝပျက်ပြားသွားပါက မည်သူ့အတွက်မျှ အကျိုးရှိမည် မဟုတ်ပေ။

ထိုအခိုက်၌ ချီလန်က အိမ်ထဲမှ အလောတကြီး ပြေးထွက်လာပြီး ပျာပျာသလဲ ပြောလိုက်၏။

"မကောင်းတော့ဘူး... ဝက်ဝံသားရေ ပျောက်သွားပြီ..."

"ဘာ..."

လဲ့ချန်က ရုတ်ခြည်း လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးအစုံက လန်ဇီနှင့် ရှောင်လျိုထံသို့ တစ်ဟုန်ထိုး ကျရောက်သွားသည်။

"ဒါကြောင့်မို့လို့ကိုး..."

သူက ဤဝက်ဝံသားရေကို နောက်ရက်အနည်းငယ်အတွင်း ဈေးကွက်၌ ဈေးကောင်းကောင်းဖြင့် ရောင်းချရန် ပြင်ဆင်ထားခြင်း ဖြစ်သော်လည်း ဤကောင်နှစ်ကောင်က ၎င်းအပေါ် မျက်စိကျနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

လဲ့ချန်က တခြားကို အရေးမစိုက်ဘဲ လျှော်ကြိုးတစ်ချောင်းကို ဆွဲထုတ်၍ သူတို့နှစ်ယောက်ကို အလျင်အမြန်ပင် တုပ်နှောင်လိုက်၏။

"ပြောစမ်း... ဝက်ဝံသားရေကို ဘယ်မှာ ဝှက်ထားလဲ..."

လန်ဇီကမူ အကျင့်ယုတ်စွာဖြင့် ငြင်းဆန်နေဆဲ ဖြစ်၏။

"ဘာဝက်ဝံသားရေလဲ... ငါ မသိဘူး..."

"မသိဘူး ဟုတ်လား... ကောင်းပြီ... ငါတို့ အေးအေးဆေးဆေး စကားပြောကြတာပေါ့... အားကော်... ခြံထဲက လျှော်ကြိုးကို သွားယူချေ..."

အားကော်က ချက်ချင်း သဘောပေါက်သွားပြီး လျှော်ကြိုးကို ရှာဖွေရန် လှည့်ထွက်သွား၏။

ထိုအခြင်းအရာကို မြင်သော် ရှောင်လျိုမှာ အလွန်အမင်း ထိတ်လန့်သွားတော့သည်။

"အစ်ကိုလဲ့... ကျွန်တော့်ကို အသက်ချမ်းသာပေးပါ... ဝက်ဝံသားရေက... ဝက်ဝံသားရေက ရွာအဝင်ဝက ကျိုင်းပင်အိုကြီးအောက်မှာ ရှိပါတယ်... ကျွန်တော်တို့ အဝေးကြီး မရွှေ့ရသေးပါဘူး..."

"ရှောင်လျို... မင်းက သတ္တိကြောင်တဲ့ကောင်ပဲ..."

လန်ဇီက ဒေါသတကြီး ဆဲရေးလိုက်၏။

လဲ့ချန်က သူ့ဗိုက်ကို ခြေထောက်ဖြင့် တစ်ချက် ကန်ထည့်လိုက်သည်။

“အခုထိ ဂျစ်ကန်ကန် လုပ်နေသေးတယ်ပေါ့... မင်းကို သစ်ပင်ပေါ်မှာ ဆွဲကြိုးချိတ်ပြီး ခေါင်းဆောင်ဝေ့ရဲ့ လက်ပါးစေက သူများပစ္စည်းကို ဘယ်လိုခိုးလဲဆိုတာ ရွာသားတစ်ရွာလုံးကို ပြရမလား..."

လန်ဇီမှာ နာကျင်လွန်းသဖြင့် ချွေးစေးများ တစ်ကိုယ်လုံး ပြန်လာပြီး အတုံ့အဆိုင်းမရှိ အညံခံလိုက်ရတော့သည်။

“အစ်ကိုလဲ့... ဒါက ခေါင်းဆောင်ဝေ့က အစ်ကို့ရဲ့ ဝက်ဝံသားရေကို သဘောကျလို့ ကျွန်တော်တို့ကို အတင်းခိုးခိုင်းတာပါ... သူက အောင်မြင်ရင် ဆုလာဘ် အမြောက်အမြား ပေးမယ်လို့ ပြောခဲ့လို့ပါ..."

"ဒီလိုကိုး... အားကော်... ဒီနှစ်ကောင်ကို သေချာတုပ်ထား... ငါတို့ ဝက်ဝံသားရေကို သွားယူမယ်... ပြီးတော့... ခေါင်းဆောင်ဝေ့နဲ့ သွားတွေ့ကြတာပေါ့..."

ချီလန်က ကမန်းကတန်း ရှေ့သို့လှမ်း၍ လဲ့ချန်၏ လက်မောင်းကို ဖက်ကာ တားဆီးလိုက်၏။

"ကျွန်မတို့ ဝက်ဝံသားရေ ဘယ်မှာရှိလဲ သိရပြီပဲ... ခေါင်းဆောင်ဝေ့ကို သွားပြီး မဆွပေးပါနဲ့တော့... တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြန်ယူလာရအောင်... ကိုယ့်အတွက် ပြဿနာ မရှာပါနဲ့တော့နော်..."

လဲ့ချန်က သူမ၏ လက်ဖဝါးကို ပုတ်၍ နွေးထွေးစွာ နှစ်သိမ့်လိုက်သည်။

"စိတ်မပူပါနဲ့ ဇနီးလေး... ငါတို့ ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး... ခေါင်းဆောင်ဝေ့က အလွန်အကျွံ လုပ်လာပြီ... သူက ဒီနေ့ ငါတို့ပစ္စည်းကို မျက်စိကျတယ်... မနက်ဖြန် ဘာလုပ်ဦးမလဲ ဘယ်သူသိမလဲ... ငါတို့ သူ့ကို သင်ခန်းစာပေးရမယ်... ငါတို့ကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ မရဘူးဆိုတာ သူ သိသွားအောင် လုပ်ရမယ်..."

ချီလန်က ထပ်မံ ဖျောင်းဖျချင်သော်လည်း လဲ့ချန်ကမူ အပြင်သို့ လျှောက်လှမ်းသွားချေပြီ။

သူက ဇနီးဖြစ်သူဘက်သို့ လှည့်၍ ဆိုလိုက်၏။

"စိတ်မပူနဲ့... ငါ့မှာ အစီအစဉ် ရှိပါတယ်... ငါ ကိစ္စတွေကို အကြီးအကျယ်ဖြစ်အောင် မလုပ်ပါဘူး... အဲဒီ ဝေ့ဆိုတဲ့ အကောင်ကို သင်ခန်းစာ အနည်းငယ် ပေးရုံသက်သက်ပါ..."

ကျိုင်းပင်အိုကြီးအောက်တွင် လဲ့ချန်နှင့် အားကော်တို့က မြက်ပင်များကို ဖယ်ရှားလိုက်သောအခါ ဝက်ဝံသားရေကို အမှန်တကယ်ပင် တွေ့ရှိလိုက်ရသည်။

"တောက်... ဒီခွေးကောင်တွေ... သူတို့က အမှန်တကယ် ခိုးရဲတယ်ပေါ့..."

"သွားစို့... ငါတို့ အဲဒီဝေ့ဆိုတဲ့ အဘိုးကြီးနဲ့ စာရင်းသွားရှင်းကြမယ်... သူ ဘာဆင်ခြေတွေ ပေးဦးမလဲ ကြည့်ကြတာပေါ့..."

သူတို့နှစ်ယောက်က အရှိန်အဟုန်ဖြင့် ပြေးလွှားခဲ့ကြပြီး မကြာမီမှာပင် ထျဲ့တန်၏ အိမ်သို့ ရောက်ရှိသွားကြ၏။

"ထျဲ့တန်... ရွှေရှန်း... မြန်မြန် ထွက်လာခဲ့ကြ..."

လဲ့ချန်က အားကုန်ထုတ်၍ အော်ဟစ်လိုက်သည်။

ထျဲ့တန်နှင့် ရွှေရှန်းတို့က အော်သံကြောင့် ထွက်လာကြရာ လဲ့ချန်၏ လက်ထဲတွင် ဝက်ဝံသားရေကို မြင်သည်နှင့် အခြေအနေကို ချက်ချင်း သဘောပေါက်သွားကြတော့သည်။

"အစ်ကိုချန်... ဘာဖြစ်လို့လဲ..."

လဲ့ချန်က အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်ပြီးနောက် ဆိုလိုက်၏။

"သွားစို့... ငါနဲ့အတူ ခေါင်းဆောင်ဝေ့ကို သင်ခန်းစာသွားပေးမယ်..."

လူလေးယောက်က ဒေါသတကြီးဖြင့် ခေါင်းဆောင်ဝေ့၏ အိမ်ဆီသို့ တစ်ဟုန်ထိုး လျှောက်လှမ်းသွားကြရာ လမ်းခရီးတွင် ရွာသားအများအပြားက ဝိုင်းအုံကြည့်ရှု၍ တီးတိုး ပြောဆိုနေကြချေပြီ။

"လဲ့ချန်က ဘာလုပ်မလို့လဲ... သူက ပုန်ကန်မလို့လား..."

"ငါ ကြားတာတော့ ခေါင်းဆောင်ဝေ့က လူလွှတ်ပြီး သူ့ရဲ့ ဝက်ဝံသားရေကို ခိုးခိုင်းတယ်တဲ့... ဒါက အတော်လေး လွန်လွန်းတယ်..."

"အမှန်ပဲလား... ခေါင်းဆောင်ဝေ့က အမြဲတမ်း လဲ့ချန်ကို ဖိနှိပ်ထားတာ မဟုတ်ဘူးလား... ဒီတစ်ခါတော့ ကြည့်ကောင်းပြီပေါ့..."

"ငါ့အထင်တော့ လဲ့ချန်က ဒီတစ်ကြိမ် တကယ် ဒေါသထွက်သွားတာပဲ... ပွဲကတော့ ကြည့်ကောင်းတော့မယ်..."

သူတို့ခေါင်းဆောင်ဝေ့၏ အိမ်ရှေ့ တံခါးဝသို့ ရောက်ရှိသွားသောအခါ ရွာသားအမြောက်အပြားက အခြေအနေကို ကြည့်ရှုရန် စုရုံးရောက်ရှိနေကြပြီ ဖြစ်၏။

လဲ့ချန်က အတုံ့အဆိုင်းမရှိဘဲ ခြံဝင်းတံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်သည်။

"ခေါင်းဆောင်ဝေ့... ဒီကိုထွက်လာခဲ့စမ်း..."

ခြံဝင်းထဲတွင် အေးအေးလူလူ လက်ဖက်ရည် သောက်နေသော ခေါင်းဆောင်ဝေ့မှာ ဤအသံကို ကြားလိုက်ရသောအခါ မျက်နှာပျက်သွားတော့သည်။

"လဲ့ချန်... မင်း ဘာလုပ်တာလဲ..."

လဲ့ချန်က ဝက်ဝံသားရေကို မြေပြင်ပေါ်သို့ ဘုန်းခနဲ ပစ်ချလိုက်၏။

“ငါ ဘာလုပ်လဲ ဟုတ်လား... မင်း ကိုယ့်ကိုယ်ကိုယ် အသိစိတ်မရှိဘူးလား... မင်း ငါ့ရဲ့ ဝက်ဝံသားရေကို ခိုးခိုင်းပြီးတော့ အခုမှ ဘာမှမသိသလို ဟန်ဆောင်မနေနဲ့..."

ခေါင်းဆောင်ဝေ့က ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်သည်။

"မင်း... မင်း ဘာတွေ လျှောက်ပြောနေတာလဲ... ငါက အဲဒီလို ကိစ္စမျိုးကို လုပ်ပါ့မလား..."

"ပါးစပ်ပိတ်ထား..."

အားကော်က ထိန်းမထားနိုင်တော့ဘဲ ဒေါသတကြီး အော်ငေါက်လိုက်၏။

"လန်ဇီနဲ့ ရှောင်လျို နှစ်ယောက်စလုံး ဝန်ခံပြီးပြီ... မင်းက သူတို့ကို ခိုင်းတာလို့ သေချာပေါက် ပြောပြီးပြီ..."

ထိုစကားကို ကြားသော် ပတ်ဝန်းကျင်ရှိ ရွာသားများက လေသံတိုးတိုးဖြင့် ဝေဖန်ပုတ်ခတ်ကြတော့သည်။

"အမလေး... ဒီခေါင်းဆောင်ဝေ့က အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်သလိုလိုနဲ့... နောက်ကွယ်မှာ ဒီလို ကြက်ခိုးနွားခိုး အလုပ်မျိုး လုပ်လိမ့်မယ်လို့ မထင်ထားဘူး..."

"လူ့မျက်နှာ မြင်ရုံနဲ့ စိတ်ကို သိဖို့ ခက်တာပဲ... နောက်ဆိုရင် သူ့ကို သတိထားရမယ်..."

"ခေါင်းဆောင်ဝေ့... မင်းက ဒီဝက်ဝံသားရေကို အမြဲတမ်း မျက်စိကျနေတာ မဟုတ်ဘူးလား... အခု မင်း ခိုးပြီးပြီဆိုတော့ ငါက မင်းကို လက်ဆောင်ပေးရဦးမလား..."

လဲ့ချန်က ထပ်မံ ပြောဆိုလိုက်သောအခါ ခေါင်းဆောင်ဝေ့မှာ ချွေးစေးများ ပြန်လာပြီး အကြပ်ရိုက်သွားချေပြီ။

အကယ်၍ သူက အလျှော့မပေးပါက နောင်တွင် ရွာထဲ၌ ခေါင်းမော့ရဲတော့မည် မဟုတ်ချေ။

"လဲ့... လဲ့ချန်... ဒါက ငါ့အမှားပါ... ငါ သေချာ မစဉ်းစားမိလို့ပါ..."

"ငါ မင်းကို တောင်းပန်ပါတယ်... ဒီလိုလုပ်ရင် ရမလား... မင်းရဲ့ ဆုံးရှုံးမှုအတွက် ငါ နှစ်ဆ ပြန်လျော်ပေးမယ်... အဆင်ပြေရဲ့လား..."

လဲ့ချန်က နှာခေါင်းရှုံ့၍ သရော်လိုက်၏။

"ဒီလောက်နဲ့ ပြီးမလား... မင်းက ငါ့ကို သူတောင်းစားလိုမျိုး လှည့်စားဖို့ ကြိုးစားနေတာလား..."

သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လေသံကို မြှင့်၍ အော်ဟစ်လိုက်သည်။

"ရွာသူရွာသားအပေါင်းတို့... ခေါင်းဆောင်ဝေ့က လူတွေကို ဘယ်လို ဗိုလ်ကျစိုးမိုးတတ်လဲဆိုတာ ခင်ဗျားတို့ အားလုံး သိကြပါတယ်... ဒီနေ့တော့ သူ သူခိုးမိသွားပြီး ငွေနဲ့ ရှင်းချင်နေတယ်... ငါ လဲ့ချန်က လောဘကြီးတဲ့သူ မဟုတ်ဘူး... ငါ အလိုရှိတာက ခေါင်းဆောင်ဝေ့က လူအများအရှေ့မှာ အာမခံချက် ကတိစာချုပ် ရေးပေးရမယ်... နောင်ကို ရွာသားတွေကို ဘယ်တော့မှ မနှိပ်စက်တော့ပါဘူးဆိုတဲ့ ကတိပဲ..."

ခေါင်းဆောင်ဝေ့၏ မျက်နှာက တစ်မုဟုတ်ချင်း မည်းမှောင်သွားပြီး ယနေ့တွင်မူ သူ အရှုံးပေးရတော့မည်ကို သိရှိလိုက်၏။

"ကောင်းပြီ... လဲ့ချန်... မင်းက ငါ့ကို ကတိစာချုပ် ရေးခိုင်းတာမဟုတ်လား... ငါ ရေးပေးမယ်..."

သူက အိမ်ထဲသို့ လှည့်ဝင်သွားပြီး စာရွက်နှင့် စုတ်တံကို ယူဆောင်ကာ ခြံဝင်းထဲရှိ ကျောက်စားပွဲပေါ်တွင် အလျင်အမြန်ပင် ရေးသားလိုက်၏။ ထို့နောက် စာရွက်ကို လဲ့ချန်၏ ရှေ့တွင် ဘုန်းခနဲ ချလိုက်သည်။

"ကြည့်လိုက်... မင်း ကျေနပ်ပြီလား..."

လဲ့ချန်က ထိုစာချုပ်ကို ကောက်ယူ၍ သေချာစွာ ဖတ်ရှုလိုက်၏။

“ငါ ဝေ့တာရှန်းက ရွာသားတွေကို နောင်ကို ဗိုလ်ကျစိုးမိုးခြင်း မပြုတော့ပါဘူးလို့ အာမခံပါတယ်... အကယ်၍ ဒီကတိကို ဖောက်ဖျက်ပါက ရွာတွင်း စည်းမျဉ်းများအတိုင်း ပြစ်ဒဏ်ကို နာခံရန် သဘောတူပါတယ်..."

စာချုပ်၏ အဆုံးတွင် ခေါင်းဆောင်ဝေ့၏ လက်မှတ်နှင့် လက်ဗွေနှိပ်ချက် ပါရှိလေသည်။

"ရွာသူရွာသားတို့... အားလုံး မြင်တဲ့အတိုင်း ဒါက ခေါင်းဆောင်ဝေ့ ကိုယ်တိုင် ရေးထားတာ ဖြစ်ပါတယ်... နောင်ကို ကျွန်တော်တို့ ရွာထဲမှာ ဘယ်သူမဆို သူ့ရဲ့ အနိုင်ကျင့်မှုကို ခံရရင် ဒီစာချုပ်ကို ယူပြီး ကျွန်တော့်ဆီ လာခဲ့ကြပါ..."

ခေါင်းဆောင်ဝေ့၏ အမူအရာက အလွန်တရာ ဆိုးဝါးနေသော်လည်း လူအများ၏ စောင့်ကြည့်မှုအောက်တွင် သူ၏ ဒေါသကို အောင့်အီးထားရုံမှတစ်ပါး အခြားမရှိချေ။

"ကောင်းပြီ... လဲ့ချန်... မင်း အခု ကျေနပ်ပြီမဟုတ်လား... ဒါဆိုရင်လည်း မြန်မြန် ထွက်သွားစမ်း... ငါ့မျက်စိရှေ့က ဖယ်သွားတော့..."

လဲ့ချန်က လှည့်ထွက်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး နောက်သို့ လှည့်ကြည့်လိုက်၏။

"ဒါနဲ့... ခေါင်းဆောင်ဝေ့... မင်း ငါ့ရဲ့ ဝက်ဝံသားရေကို အခုထိ အလိုရှိနေသေးလား..."

(မူရင်းဇာတ်လမ်းကိုက ဟိုရောက်လိုက် ဒီရောက်လိုက် ဖြစ်နေပါတယ်ရှင်။ ဝေ့က မြို့ပေါ်မှာ ကားနဲ့ချမ်းသာသလိုရေးထားပြီး အခုကျ ရွာကလူတဲ့။ ဇာတ်လမ်းကလည်း ဒီမှာတင်ဝေ့နေတယ်။ စက်ရုံးအလုပ်ထွက်တာလည်းမပါသလို မြို့ပေါ်မှာ နေစရာရတာလည်းမနေဘူး။ အလုပ်တွေဘယ်လောက် စာချုပ်ချုပ် တသက်လုံး ပိုက်ဆံမရှိတာချည်းပဲ။ စိတ်ပျက်စရာကြီး။ စာစဉ်(၁၅)လောက်ကနေစပြီး မူရင်းရေးသူက တလွဲတွေစရေးတာပဲ။ စာရေးသူ စာအုပ်ရွေးချယ်မှုမှားသွားပါတယ်။ စာဖတ်သူများကို အထူးပဲတောင်းပန်အပ်ပါတယ်။ စာရေးသူကတော့ ဇာတ်သိမ်းခါနီးမို့ အဆုံးထိရေးရမှာဖြစ်လို့ ချစ်ရတဲ့စာဖတ်သူများ ဖတ်ရအဆင်မပြေရင် ငွေကြေးအကုန်ကျခံပြီး မဖတ်ကြပါနဲ့တော့နော်။ ခုလိုသောက်တလွဲဇာတ်လမ်းတွေကို ဖတ်ခိုင်းစေမိတာ တကယ်ပဲ အားနာမိပါတယ်။ ဒီစာစဉ်ကို အားနာမိတဲ့အတွက် မေတ္တာလက်ဆောင်အနေနဲ့ နောက်ထပ်စာစဉ်အသစ် စဆုံးfreeတစ်အုပ်ကို (၇)လပိုင်းကျ Lucky Star channel မှာ freeရေးပေးမှာမို့ လဲ့ချန်ဝယ်ဖတ်မိသူတိုင်း free gp linkလေးလာယူပေးကြပါ။ gpစတာနဲ့ ကြော်ငြာလိုက်ပါမယ်။ အထူးပင် အားနာမိပါတယ်)(⁠´⁠;⁠︵⁠;⁠`⁠)

အခန်း (၂၃၂) ရန်တိုက်ပေးခြင်း

အဘိုးကြီးဝေ့က အံကြိတ်၍ ပြောလိုက်သည်။

"မရှိဘူး..."

"ဒါဆိုလည်း ကောင်းတာပေါ့... မင်း အဲဒီအကြောင်း တွေးနေဦးမလားလို့ ငါ တကယ် စိုးရိမ်နေတာ... သွားစို့... ခေါင်းဆောင်ဝေ့... နောက်မှ ပြန်တွေ့ကြတာပေါ့..."

ထိုသို့ပြောပြီးနောက် လဲ့ချန်က အားကော်၊ ထျဲ့တန်နှင့် ရွှေရှန်းတို့ကို ခေါ်၍ ထွက်ခွာသွားရာ ဝေ့လောင်တာမှာ ဒေါသတကြီးဖြင့် ခြေဆောင့်၍ ကျန်ရစ်ခဲ့တော့သည်။

အိမ်အပြန်လမ်းတွင် ရွာသားများအားလုံးက လဲ့ချန်ကို အားကျအတုယူဖွယ် ကြည့်နေကြ၏။

အချို့လူများကမူ ရှေ့သို့ တိုးလာပြီး နှုတ်ဆက်စကား ဆိုကြသည်။

"လဲ့ချန်... မင်းက ဒီနေ့ ငါတို့ရွာမျက်နှာကို တကယ် ပင့်မြှောက်ပေးလိုက်တာပဲ..."

"ဟုတ်ပပ... ခေါင်းဆောင်ဝေ့က လူအများကြီးကို ဗိုလ်ကျစိုးမိုးခဲ့တာ... အခုတော့ သူ့ကို ဆုံးမမယ့်သူ ပေါ်လာပြီ..."

လဲ့ချန်က အပြုံးတစ်ခုဖြင့်သာ ပြန်လည် တုံ့ပြန်လိုက်၏။

လဲ့ချန်နှင့် သူ၏လူများ ထွက်ခွာသွားပြီးနောက် ဝေ့လောင်တာ၏ အိမ်ဝင်းအတွင်း၌ မည်သူမျှ အသံမထွက်ရဲကြချေ။

သူသည် တစ်ကိုယ်လုံး တုန်ရင်နေပြီး ဒေါသအဟုန်ကြောင့် သွေးအန်မတတ် ဖြစ်နေ၏။

"လန်ဇီ... ရှောင်လျို... မင်းတို့ ဖင်တွေကို ဒီဘက်ဆွဲလာခဲ့ကြစမ်း..."

လန်ဇီနှင့် ရှောင်လျိုတို့က သူတို့၏ ခေါင်းများကို ပေါင်ကြားထဲ မြှုပ်လုမတတ် ဝှက်ထားရင်း ဖြည်းညင်းစွာ လျှောက်လာကြသည်။

ဝေ့လောင်တာက လက်ဖက်ရည်ခွက်ကို ကောက်ယူ၍ ဘုန်းခနဲ မြေပြင်ပေါ်သို့ ရိုက်ခွဲကာ အော်ငေါက်လိုက်၏။

"အသုံးမကျတဲ့ကောင်တွေ... အသုံးမကျတဲ့ အမှိုက်နှစ်ကောင်... သာမန် ကိစ္စလေးတစ်ခုကိုတောင် မင်းတို့က ဖျက်ဆီးပစ်ကြတယ်... ငါ့မျက်နှာကို လုံးဝ ပျက်စီးစေတာပဲ..."

လန်ဇီက သူ့လည်ပင်းကို ကျုံ့၍ အားနည်းစွာဖြင့် ပြန်ပြောလိုက်သည်။

"အစ်ကိုကြီး... ဒါ... ဒါ ကျွန်တော့်အပြစ် မဟုတ်ပါဘူး... ကျွန်တော်တို့ ဝက်ဝံသားရေကို ရပြီးပြီဥစ္စာ... ရှောင်လျိုကပဲ ဝက်ဝံသားတွေ ထပ်ယူမယ်ဆိုပြီး အတင်း... အတင်း လုပ်နေလို့ပါ..."

ရှောင်လျိုက ဒေါသတကြီး ပေါက်ကွဲသွား၏။

"မင်းက လျှောက်ပြောနေတာပဲ... ဝက်ဝံလက်ဖဝါးက အရမ်းတန်ဖိုးရှိတာလေ... ငါက အစ်ကိုကြီးကို ရိုသေ လေးစားတဲ့အနေနဲ့ ယူဖို့ ပြင်တာကို ဘယ်သူသိမှာလဲ..."

"ပါးစပ်ပိတ်စမ်း... လူအတွေ... မင်းတို့က ဘာတစ်ခုမှ အသုံးမကျတဲ့ကောင်တွေပဲ..."

လျိုတာကျူးက ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။

"ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားလို့ မရဘူး... အဲဒီကောင် လဲ့ချန်က ငါတို့ကို အရှက်ခွဲသွားတာ... သူ့ကို နာနာလေး မဆုံးမရင် နောင်ကျရင် ပြဿနာ ရှာလာလိမ့်မယ်..."

ခေါင်းဆောင်ဝေ့က မျက်မှောင်ကုပ်၍ မေးလိုက်၏။

"မင်းမှာ ဘာအကြံကောင်း ရှိလို့လဲ..."

လျိုတာကျူးက အနားသို့ တိုးကပ်၍ အသံကို နှိမ့်ကာ ပြောလိုက်သည်။

“လဲ့ချန်က သူ့ရဲ့ မြွေခြံကို ပြင်ဆင်ပြီး မြွေမွေးပြီး ချမ်းသာအောင် လုပ်မယ်လို့ ပြောသံ ကြားတယ်... အဲဒီမြွေခြံသာ ရုတ်တရက် မီးလောင်သွားရင်..."

"ငါတို့လက်ချက်လို့ သူများတွေ ရိပ်မိသွားရင် ဘယ်လိုလုပ်မလဲ..."

လျိုတာကျူးက ကောက်ကျစ်စွာ ကျိတ်ရယ်လိုက်၏။

"စိတ်မပူပါနဲ့... ကျွန်တော် အကုန်စုံစမ်းပြီးပြီ... မြွေခြံက ရွာနဲ့ ဝေးတဲ့အပြင် ညဘက်ဆို လူသူ လုံးဝ မရှိဘူး... လမင်းမသာဘဲ မှောင်မိုက်တဲ့ ညတစ်ညမှာ အဲဒီနေရာကို မီးရှို့ပစ်လိုက်ရုံပဲ... မီးက တစ်ဟုန်ထိုး ကြီးလာရင် မြွေတွေကလည်း နေရာအနှံ့ ထွက်ပြေးကြလိမ့်မယ်... အဲဒီအခါကျရင် လဲ့ချန်တစ်ယောက် အသက်ရှင်ဖို့တောင် ခက်သွားလိမ့်မယ်... သူက မြွေတွေကို ဘယ်လိုလုပ် ထပ်မွေးနိုင်တော့မှာလဲ..."

ခေါင်းဆောင်ဝေ့က သူ့မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်သည်။ ဤအကွက်က အတော်လေး ရက်စက်ပြီး သူ သဘောကျလှ၏။ သို့သော်လည်း အစီအစဉ်ကို သေချာစနစ်တကျ ချမှတ်ရန် လိုအပ်သေးသည်။

"လဲ့ချန်ကို စောင့်ကြည့်ဖို့ လူလွှတ်လိုက်... သူ ဘယ်အချိန်မှာ အပူအပင်မရှိ ဆော့ကစားနေလဲ ဆိုတာကို ကြည့်ကြတာပေါ့..."

ခေါင်းဆောင်က ခေါင်းညိတ်၍ သဘောတူလိုက်၏။

“လဲ့ချန်... မင်းက ကိုယ့်ကိုယ်ကိုယ် အစွမ်းထက်တယ် ထင်နေတာလား... စောင့်ကြည့်နေလိုက်... ဒီတစ်ကြိမ်တော့ မင်းကို သေချင်စိတ် ပေါက်သွားအောင် ငါ လုပ်ပြမယ်…”

လဲ့ချန် အိမ်သို့ ပြန်ရောက်သောအခါ ချီလန်က စိုးရိမ်တကြီးဖြင့် ဆီးကြိုမေးလိုက်သည်။

"ရှင် ဘယ်လိုနေသေးလဲ... ဘာမှမဖြစ်ဘူးမလား..."

"စိတ်မပူပါနဲ့... အားလုံး ရှင်းလင်းပြီးသွားပြီ... ခေါင်းဆောင်ဝေ့က အလျှော့ပေးသွားတဲ့အပြင် ရွာသားတွေကို နောက်နောင် မဗိုလ်ကျတော့ပါဘူးဆိုတဲ့ ခံဝန်ကတိစာပါ ရေးပေးလိုက်တယ်..."

"ခေါင်းဆောင်ဝေ့က သဘောထား သေးသိမ်တဲ့သူ... ဒီကိစ္စကို ဒီအတိုင်း လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ဘူးလို့ ကျွန်မ စိုးရိမ်မိတယ်..."

"သူ ထပ်လာရဲရင်တော့ လူ့လောကထဲ လူဖြစ်လာရတာကို နောင်တရသွားအောင် ငါ လုပ်ပစ်မယ်..."

ထိုသို့ ပြောလိုက်သော်လည်း နောက်ဆက်တွဲ ပြဿနာများကို ရှောင်ရှားနိုင်ရန်အတွက် ဝက်ဝံသားရေကို အမြန်ဆုံး ရောင်းချပစ်ရန် သူ ဆုံးဖြတ်လိုက်၏။

နောက်တစ်နေ့ နံနက်အစောပိုင်းတွင် လဲ့ချန်က အမွှေးအမျှင် ရှင်းလင်းထားသော ဝက်ဝံသားရေကို ယူ၍ ဈေးသို့ ထွက်လာခဲ့သည်။

လူများမှာ အသွားအလာ များပြားလှသဖြင့် ဈေးဝန်းတစ်ခုလုံး သောသောညံကာ စည်ကားလှ၏။

"အိုး... ဒါက လဲ့ချန် မဟုတ်လား..."

လဲ့ချန် လှည့်ကြည့်လိုက်သောအခါ သက္ကလပ်ဦးထုပ်ကို ဆောင်းထားသည့် ဝဝတုတ်တုတ် သူဌေးကြီး လီဆန်းဖြစ်နေကြောင်း တွေ့လိုက်ရသည်။

"အစ်ကိုလီ... မတွေ့ရတာ ကြာပြီနော်..."

လဲ့ချန်က ပြုံး၍ နှုတ်ဆက်လိုက်၏။

"ဟုတ်ပပ... မင်း မလာတာ ကြာပြီဆိုတော့ ငါ့ကို မေ့သွားပြီလို့ ထင်နေတာ... ဒါနဲ့... ဒီတစ်ခေါက်ကော ဘာပစ္စည်းကောင်းတွေ ယူလာလဲ..."

"ဟုတ်ကဲ့...အစ်ကို့ကို ကတိပေးထားတဲ့အတိုင်းပါပဲ..."

"အာ... ငါ့ကို ပြစမ်းပါဦး..."

လီဆန်းက ချက်ချင်းပင် စိတ်ဝင်စားသွားပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာသည်။

လဲ့ချန်က သူ့နောက်ကျောမှ ဝက်ဝံသားရေကို ဆွဲထုတ်၍ လီဆန်း၏ ရှေ့တွင် ဖြန့်ပြလိုက်၏။

ထိုဝက်ဝံသားရေမှာ အမှန်တကယ်ပင် အထူးခြားဆုံး သာလွန်ကောင်းမွန်သည့် ပစ္စည်း ဖြစ်သည်။

"အမလေး... ဘုရားရေ... ဒါက တကယ့်ကို ရှားပါးတဲ့ ပစ္စည်းကောင်းပဲ..."

လဲ့ချန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

"ဟုတ်ပါတယ်... ကျွန်တော် အသက်ဘေးနဲ့ ရင်းပြီး အမဲလိုက်ခဲ့ရတာပါ..."

"လူငယ်လေး... ငါတို့ သိကျွမ်းခဲ့တာလည်း ကြာပြီပဲ... ဒီသားရေအတွက် ငါ ယွမ်ငါးရာ့ငါးဆယ် ပေးမယ်... ဘယ်လိုလဲ..."

လဲ့ချန် စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ကြားဖြတ်အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။

"ခြောက်ရာ... ငါ ယွမ်ခြောက်ရာ ပေးမယ်..."

သူတို့ နှစ်ယောက်စလုံး လှည့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူတစ်ယောက် တိုးဝှေ့ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

"ဟေး... လဲ့ချန်... မင်း ဒီမှာ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး... ဒီသားရေကို ငါ ယွမ်ခြောက်ရာနဲ့ ယူမယ်... ဘယ်လိုလဲ..."

လီဆန်းမှာ အလန့်တကြား ဖြစ်သွားပြီး အော်လိုက်၏။

"ဟေး... ချမ့်သိုသို့... မင်းက ဘာသဘောလဲ... ဒီဝက်ဝံသားရေကို ငါက အရင်ကတိပေးထားတာကွ... ငါ့စီးပွားရေးကို လာပြီး မလုနဲ့..."

"ကတိပြုထားတယ် ဟုတ်လား... ငါ ဘာလို့ မသိရတာလဲ... လဲ့ချန်... မင်းပဲ ပြောစမ်း... သူနဲ့ ကတိပြုထားတာ ရှိလား..."

"ဒီလိုပါ...အစ်ကိုချမ့်... အမှန်အတိုင်း ပြောရရင် ပစ္စည်းကောင်းတွေရှိရင် အစ်ကို့လီကိုပဲ အရင်ဦးစားပေး ရောင်းပါ့မယ်လို့ ကျွန်တော် ပြောဖူးပါတယ်..."

ထိုစကားကို ကြားသောအခါ ချမ့်သိုသို့၏ မျက်နှာက မည်းမှောင်သွား၏။

သို့သော်လည်း သူက အရှုံးမပေးဘဲ ဈေးကို ထပ်မြှင့်လိုက်သည်။

"ဒါဆိုလည်း... ငါ ယွမ်ခုနစ်ရာ ပေးမယ်... လဲ့ချန်... ဒီဈေးဆိုရင်တော့ မင်း သဘောကျလိမ့်မယ် မဟုတ်လား..."

လီဆန်းက မကျေမနပ် ဖြစ်ကာ ခြေဆောင့်၍ ပြောလိုက်၏။

"လဲ့ချန်... မင်းက လောဘကြီးပြီး ငါတို့ကြားက ကတိတွေကို မေ့ပစ်လို့ မရဘူးလေ... ငါတို့ သဘောတူထားတာ ရှိတယ်..."

လဲ့ချန်က အလွန်စိတ်ရှုပ်ထွေးနေသည့် ပုံစံ ဖမ်းလိုက်ပြီးနောက် သက်ပြင်းချ၍ ပြောလိုက်သည်။

"အစ်ကိုချမ့်... တကယ်ပဲ အားနာပါတယ်...အစ်ကိုက ဈေးပိုပေးတာ မှန်ပေမယ့် ကျွန်တော့်မှာ အစ်ကိုလီနဲ့ ကြိုတင် သဘောတူညီချက် ရှိထားတာမို့လို့ ဒီတစ်ကြိမ်တော့ သူ့ကိုပဲ ရောင်းရပါလိမ့်မယ်... စိတ်မရှိပါနဲ့ခင်ဗျာ..."

ဝက်ဝံသားရေကို ဝယ်ယူခွင့်မရကြောင်း သိလိုက်ရသောအခါ ချမ့်သိုသို့၏ စိတ်ထဲတွင် အကြံတစ်ခု ရုတ်ချည်း ပေါ်လာပြီး လီဆန်းကို ညစ်ပတ်သည့် နည်းလမ်းဖြင့် တိုက်ခိုက်ရန် ပြင်လိုက်၏။

"ဟေး... ညီလေးလဲ့ချန်... ငါ မင်းကို သတိပေးလိုက်မယ်... ဒီလိုထိပ်တန်း ဝက်ဝံသားရေမျိုးက ဈေးကွက်ထဲမှာ အနည်းဆုံး ယွမ်ခြောက်ရာလောက်ရတာ... အဲဒီမြေခွေးအိုကြီး လီဆန်းက မင်းကို ယွမ်ငါးရာ့ငါးဆယ်ပဲ ပေးတာ... မင်းကို အတော်လေး အမြတ်ထုတ်နေတာပဲ..."

လီဆန်း၏ မျက်နှာက တစ်မုဟုတ်ချင်း ရဲခနဲ ဖြစ်သွားပြီး ချမ့်သိုသို့၏ နှာခေါင်းကို လက်ညှိုးထိုးကာ ဆဲဆိုတော့သည်။

"ခွေးကောင်... ငါတို့ကိုလာပြီး ရန်မတိုက်နဲ့... ဒီလူငယ်က လူအ မဟုတ်ဘူး... မင်းရဲ့ လိမ်ညာတဲ့ စကားတွေကို သူ ယုံမှာ မဟုတ်ဘူး..."

ချမ့်သိုသို့က ပြန်လည် ချေပလိုက်၏။

"ငါက လျှောက်ပြောနေတာ ဟုတ်လား... ဒီဝက်ဝံသားရေက ဘယ်လောက် တန်လဲဆိုတာ မင်းဘာမင်း ပြန်စဉ်းစားကြည့်ဦး..."

လီဆန်းမှာ ဒေါသအိုး ပေါက်ကွဲမတတ် ဖြစ်ကာ ဝုန်းဒိုင်းကြဲလျက် လဲ့ချန်၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။

"ခြောက်ရာ့ငါးဆယ်... လူငယ်လေး... ငါ ယွမ်ခြောက်ရာ့ငါးဆယ် ပေးမယ်..."

*ဟော... ကြိုးကြာနှင့် ဗျိုင်းတို့ စစ်ပြိုင်ကြသောအခါ တံငါသည်က အကျိုးအမြတ် ရရှိလေပြီ…*

“အစ်ကိုလီ... ကျွန်တော်တို့ သဘောတူထားတဲ့ ဈေးအတိုင်းပဲ အစ်ကို့ကို သေချာပေါက် ရောင်းပါ့မယ်..."

ထိုမြင်ကွင်းကို မြင်သော်လည်း ချမ့်သိုသို့က စိတ်ပျက်ခြင်းမရှိဘဲ ပြောလိုက်၏။

"ညီလေး လဲ့ချန်... ငါ ဝက်ဝံသားရေကို ဝယ်ခွင့်မရပေမယ့် မင်းကိုတော့ အတော်လေး စိတ်ဝင်စားမိတယ်... မင်းရဲ့ သားကောင်တွေ တကယ့်ကို ကောင်းမွန်တာပဲ... ငါတို့ အတူတူ ပူးပေါင်းကြမလား..."

လီဆန်းက ငွေများကို ရေတွက်ပြီးခါစတွင် ထိုစကားကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် နားစွင့်လိုက်၏။

ချမ့်သိုသို့က ဈေးကွက်ကို ထပ်မံ မြှူဆွယ်လိုက်သည်။

"မင်းသာ ပစ္စည်းကို ပုံမှန် ပံ့ပိုးပေးနိုင်ရင် ဈေးနှုန်းကို မင်း သဘောကျစေရမယ်... ဈေးကွက်ပေါက်ဈေးထက် အနည်းဆုံး နှစ်ဆယ်ရာခိုင်နှုန်း ပိုပေးမယ်..."

လီဆန်းက စိတ်ဆိုးမာန်ဆိုးဖြင့် စားပွဲကို ဘုန်းခနဲ ပုတ်လိုက်၏။

"အဓိပ္ပာယ်မရှိတာ... လူငယ်လေး... သူ့ရဲ့ ကောက်ကျစ်တဲ့ စကားတွေကို မယုံနဲ့... ငါက ဈေးပိုပေးနိုင်တဲ့အပြင် ပစ္စည်းရောက်တာနဲ့ ငွေအကြွေ ချက်ချင်း ရှင်းပေးမှာ... ဘယ်တော့မှ မလိမ်ဘူး..."

“အစ်ကိုတို့ရဲ့ စေတနာကို ကျွန်တော် ကျေးဇူးတင်ပါတယ်... ဒီလို လုပ်ရင်ကော ဘယ်လိုလဲ..."

"ဘာအကြံလဲ..."

သူတို့ နှစ်ယောက်စလုံးက ပြိုင်တူ မေးလိုက်ကြသည်။

"ပစ္စည်းကောင်းတွေကို တစ်လှည့်စီ ဝယ်ကြတာပေါ့... ဒါဆိုရင် အစ်ကိုတို့ နှစ်ယောက်စလုံး အချိုးကျ ရနိုင်တာပဲ မဟုတ်လား..."

ချမ့်သိုသို့နှင့် လီဆန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ဖက်လူ၏ စိုးရိမ်ပူပန်မှုကို ရုတ်ခြည်း အာရုံခံလိုက်မိကြသည်။

ဈေးအပြိုင်ပေးတဲ့သူက နိုင်မယ်ဆိုရင် တခြားတစ်ယောက်က တမင်သက်သက် ဈေးကစားလာရင် ဘယ်လိုလုပ်မလဲ…

ဤသည်က ထောင်ချောက်တစ်ခု ဖြစ်၏။

"ကောင်းပြီ..."

သူတို့နှစ်ယောက်စလုံးက တစ်ပြိုင်နက်ပင် သဘောတူလိုက်ကြသည်။

လီဆန်းက သူ့လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ဝမ်းသာအားရ ပြောလိုက်၏။

"ဒီပထမဆုံး ပစ္စည်းကတော့ ငါ့အလှည့်ပဲ... ခေါင်းဆောင်ချမ့်ကတော့ နောက်တစ်ကြိမ်အတွက် အဆင်သင့် ပြင်ထားလိုက်ပေတော့..."

All Chapters