အခန်း (၂၃၃-၂၃၄)
Vol. 24 Ch. 233-234
အခန်း(၂၃၃) တိုးတက်မှုများစွာ ရှိလာခြင်း
"ပြဿနာမရှိပါဘူး...ငါ စောင့်နေပါ့မယ်... ဒါပေမဲ့ ညီလေးလဲ့ချန်... မင်းဘက်ကလည်း ပစ္စည်းအရည်အသွေးကိုတော့ သေချာပေါက် အာမခံရမယ်နော်..."
"စိတ်မပူပါနဲ့... ကျွန်တော့်ရဲ့ ပစ္စည်းတွေက တကယ့်ကို ထိပ်တန်း အဆင့်တွေချည်းပါပဲ..."
သူဌေးနှစ်ယောက်ကို လိုက်ပို့ပြီးနောက် လဲ့ချန်က သူ့ငွေအိတ်ကို ပွတ်သပ်ရင်း စိတ်ထဲ၌ အလွန် ကျေနပ်အားရနေမိသည်။
သူ အိမ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် နောက်ဖေးဝင်းထဲမှ ဆူညံသံများကို ကြားလိုက်ရ၏။
စိတ်ဝင်စားမှုကြောင့် သူက တိတ်တဆိတ် ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
ဟော... တပည့်ဖြစ်သူများမှာ အလုပ်ရှုပ်နေကြချေပြီ။
အားကော်နှင့် ထျဲ့တန်တို့က မြှားပစ်ပြိုင်နေကြခြင်းဖြစ်ပြီး တစ်ယောက်တစ်လှည့် ပစ်ခတ်နေကြသဖြင့် အတော်လေး စည်ကားလှ၏။
ရွှစ်…
မြှားတစ်စင်းက ပစ်မှတ်ဗဟိုတည့်တည့်သို့ ထိမှန်သွားသည်။
"ဟားဟား... မြင်လား... ဒါမှ တကယ့် မြှားပစ်ပညာကွ..."
အားကော်က သူ့ရင်ဘတ်ကို ပုတ်၍ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။
ထျဲ့တန်ကမူ လုံးဝ မကျေနပ်ချေ။
"အထာပေးမနေနဲ့ဦး... တည်ငြိမ်ခြင်း၊ တိကျခြင်းနဲ့ ပြတ်သားခြင်းဆိုတာ ဘာလဲဆိုတာ ကျွန်တော်ပြရသေးတာပေါ့..."
ထိုသို့ပြောပြီးနောက် သူက မြှားကို တင်၊ လေးကြိုးကို ဆွဲ၊ ပစ်မှတ်ကို ချိန်ကာ လှုပ်ရှားမှု အားလုံးကို တစ်ဆက်တည်း ညင်သာစွာ ပြုလုပ်လိုက်သည်။
မြှားက လေထဲသို့ ပျံထွက်သွားပြီး ပစ်မှတ်ဗဟိုကို ကွက်တိမထိသော်လည်း အတော်လေး နီးကပ်လှ၏။
အားကော်၏ မြှားပစ်စွမ်းရည်က သိသိသာသာ သာလွန်သော်လည်း ထျဲ့တန်၏ အားသာချက်မှာ တည်ငြိမ်ခြင်း ဖြစ်သည်။
မလှမ်းမကမ်းတွင် ရွှေရှန်းနှင့် ယွမ်ပေါင်တို့က ထောင်ချောက်တစ်ခုကို စမ်းသပ်နေကြ၏။
ရွှေရှန်းက ဆောင့်ကြောင့်ထိုင်၍ သေချာ ရှင်းပြနေသည်။
"ကြည့်စမ်း... ဒီကွင်းလျှောထုံးကို သားကောင်က နင်းမိတာနဲ့ ချက်ချင်း တင်းခနဲ ဖြစ်သွားအောင် ချည်ရတာ..."
"ဪ... နားလည်ပြီ... ဒါဆိုရင် ငါတို့က..."
"ဟုတ်တယ်... အဲဒါပဲ... မင်းက သင်ရတာ တော်တော် မြန်တာပဲ..."
ယွမ်ပေါင်က သူ့ခေါင်းကို ရှက်ကိုးရှက်ကန်း ဆွဲရင်း ပြောလိုက်၏။
"စီနီယာအစ်ကိုက သွန်သင်ရတာ အကောင်းဆုံးပါပဲ..."
လဲ့ချန်က ချက်ချင်း ရှေ့သို့မထွက်သေးဘဲ တစ်ခဏမျှ တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။
ဤကလေးများက အမှန်တကယ်ပင် တိုးတက်မှုများစွာ ရှိလာကြချေပြီ။
သို့သော်လည်း အနီးကပ် သေချာကြည့်လျှင် ပြုပြင်ရန် လိုအပ်သည့် ပြဿနာအချို့ ရှိနေသေး၏။
အားကော် ပစ်လိုက်သည့် မြှားတစ်စင်းက လွဲချော်သွားပြီး ရွှေရှန်း၏ နားရွက်ဘေးမှ ကပ်၍ ဖြတ်ပြေးသွားသည်။
"ဟေး... အစ်ကိုအားကော်... မင်း မျက်စိကန်းနေလား... ငါ့ကို သတ်မလို့လား..."
ရွှေရှန်းက သူ့နားရွက်ကို အုပ်၍ ထိတ်လန့်တုန်လှုပ်စွာဖြင့် အလောတကြီး အော်ဟစ်လိုက်၏။
အားကော်က ဖြဲစပ်စပ်ဖြင့် ရယ်မောလိုက်သည်။
"အိုး... ရွှေရှန်းရယ် တောင်းပန်ပါတယ်ကွာ... ဒါက မင်းရဲ့ တုံ့ပြန်မှု အရှိန်ကို စမ်းသပ်ရုံတင်ပါ... ဟီးဟီး..."
ထိုစကားကို ကြားသောအခါ ရွှေရှန်းက ဒေါသတကြီး ပေါက်ကွဲသွားတော့သည်။
"စမ်းသပ်တယ် ဟုတ်လား... ကိုယ့်ဦးနှောက်ကိုပဲ စမ်းသပ်လိုက်...ကျွန်တော်က ထောင်ချောက်ဆင်တာ အစ်ကို့ထက် တော်လို့ မနာလိုဖြစ်ပြီး တမင်သက်သက် ပြဿနာရှာတာ မဟုတ်လား..."
အားကော်က သူ့နှုတ်ခမ်းကို မဲ့၍ မထီမဲ့မြင် ပြုလိုက်၏။
"မင်းရဲ့ စွမ်းရည်လေးနဲ့လာပြီး ကြွားမနေနဲ့... မင်းက ယုန်တစ်ကောင်တောင် မိအောင် ဖမ်းနိုင်တာ မဟုတ်ဘူး..."
"ဘယ်သူက ယုန်မမိဘူး ပြောလဲ... ပြီးခဲ့တဲ့အကြိမ်က သုံးကောင်တောင် တစ်ပြိုင်နက် ဖမ်းမိသေးတယ်..."
"ဟားဟား... ငါက ဘေးကနေ မင်းကို ခြောက်လှန့်ရုံတင်ပါ..."
အားကော်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူတို့ နှစ်ယောက်မှာ ချကြတော့မည့်ကဲ့သို့ ဖြစ်လာသည်။
လဲ့ချန်က စိတ်ထဲမှ ခေါင်းယမ်းလိုက်မိ၏။ အချိန်က ကွက်တိပင်ဖြစ်သဖြင့် သူ ရှေ့ထွက်ရမည့် အချိန် ရောက်ပြီ ဖြစ်သည်။
"မင်းတို့တွေ ဘာလုပ်နေကြတာလဲ... ဒီအတိုင်း အချိန်ဖြုန်းနေကြတာလား..."
လဲ့ချန်၏ အသံကို ကြားလိုက်ရသောအခါ တပည့်များက ချက်ချင်းပင် လက်ရှိအလုပ်များကို ရပ်တန့်၍ လိမ္မာယဉ်ကျေးစွာဖြင့် မတ်တတ်ရပ်လိုက်ကြ၏။( ဟိုးအရှေ့မှာကျ ရွှေရှန်းတို့ သုံးယောက်က လဲ့အားကော်ရဲ့တပည့်တွေဖြစ်ပြီး လဲ့အားကော်ကို လေးစားကြတယ်တဲ့။ အခုကျ အကုန် လဲ့ချန်ရဲ့တပည့်တွေတဲ့။ မူရင်းရေးသူက ဟိုရောက်လိုက် ဒီရောက်လိုက် ရေးထားတော့ ပြန်ရေးတဲ့သူရော ဖတ်တဲ့သူတွေပါ တကယ်အဆင်မပြေဖြစ်ရတယ်)
လဲ့ချန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“အင်း... အတော်လေး တိုးတက်လာတာပဲ... ဒါပေမဲ့... ပြုပြင်ရမယ့်နေရာတွေ ရှိနေသေးတယ်..."
သူက တစ်ယောက်ချင်းစီကို ထောက်ပြ ဝေဖန်လိုက်၏။
"အားကော်... မင်းမြှားပစ်က တိကျပေမဲ့ စိတ်မြန်လွန်းတယ်... ထျဲ့တန်... မင်းမြှားပစ်က တည်ငြိမ်ပေမဲ့ ဖျတ်လတ်မှု မရှိဘူး... ရွှေရှန်း... မင်းထောင်ချောက်ဆင်တဲ့ နည်းစနစ်က ကောင်းပေမဲ့ ဖုံးကွယ်မှုအပိုင်းက အတော်လေး ညံ့ဖျင်းတယ်... ယွမ်ပေါင်... မင်းက လက်တွေ့ ပိုလုပ်ဖို့ လိုတယ်... နားထောင်နေရုံနဲ့ ဘာမှ ဖြစ်မလာဘူး..."
တပည့်များက ခေါင်းများကို ငုံ့ထားကြပြီး အနည်းငယ် စိတ်ဓာတ်ကျသွားသည့် ပုံစံ ပေါက်သွားကြ၏။
ထိုမြင်ကွင်းကို မြင်သောအခါ လဲ့ချန်က အားပေး စကားဆိုလိုက်သည်။
"စိတ်မပျက်ကြပါနဲ့... မင်းတို့ အခုကတည်းက အတော်လေး ကောင်းကောင်း လုပ်နိုင်နေကြပါပြီ... လာကြ... လာကြ... ငါ့ရဲ့ အထူးဆန်းပြားတဲ့ နည်းစနစ်အချို့ကို မင်းတို့အားလုံးကို သင်ပေးမယ်..."
သူက အားကော်၏ အနားသို့ လျှောက်သွားပြီး လေးနှင့် မြှားကို ကောက်ယူရန် အချက်ပြလိုက်၏။
"သေချာကြည့်ထား..."
ထိုသို့ပြောရင်း သူက အားကော်၏ လက်မောင်း အနေအထားကို ပြုပြင်ပေးလိုက်သည်။
"မြှားပစ်တယ်ဆိုတာ မြန်ဖို့ မဟုတ်ဘူး... တည်ငြိမ်ဖို့ပဲ... လေးကြိုးကို ဆွဲတဲ့အခါ အသက်ရှူနှုန်းက အရမ်းအရေးကြီးတယ်..."
အားကော်က နားလည်သလိုဖြင့် ခေါင်းညိတ်လိုက်ပြီး လဲ့ချန်၏ ညွှန်ကြားချက်အတိုင်း ထပ်မံ စမ်းသပ်ကြည့်၏။
ဤတစ်ကြိမ်တွင် သူက အသက်ကို အောင့်ထားပြီး လေးကြိုးကို ဖြည်းညင်းစွာ ဆွဲလိုက်သည်။
ရွှစ်…
မြှားက လေထုကို ထွင်းဖောက်၍ ပစ်မှတ်ဗဟိုတည့်တည့်သို့ ထိမှန်သွားတော့သည်။
"အမလေး..."
အခြားတပည့်များက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြ၏။
လဲ့ချန်က ထျဲ့တန်ဘက်သို့ လှည့်လိုက်သည်။
"မင်းပြဿနာက အားကော်နဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ... မင်းက တည်ငြိမ်ဖို့ကိုပဲ အလွန်အမင်း အာရုံစိုက်နေတော့ ဖျတ်လတ်မှုကို ဆုံးရှုံးသွားတယ်... တကယ့် တိုက်ပွဲထဲမှာ သားကောင်က မင်း ချိန်တာကို ဒီအတိုင်း မတ်တတ်ရပ်ပြီး စောင့်နေမှာ မဟုတ်ဘူး..."
သူက သစ်ခက်တစ်ချောင်းကို ကောက်ယူ၍ လေထဲသို့ မြှောက်တင်လိုက်၏။
"စမ်းကြည့်လိုက်..."
ထျဲ့တန်က အံ့အားသင့်သွားပြီး ကမန်းကတန်း လေးကို မြှောက်လိုက်သည်။
သူ ချိန်ရွယ်ပြီးသည့် အချိန်တွင် သစ်ခက်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ချေပြီ။
"မြင်လား... အမဲလိုက်တဲ့အခါ အခြေအနေအလိုက် ပြောင်းလဲနိုင်စွမ်းက အဓိက သော့ချက်ပဲ... ဒီနေ့ ငါ မင်းကို နည်းလမ်းအချို့ သင်ပေးမယ်..."
လဲ့ချန်က တပည့်တစ်ယောက်ချင်းစီကို စိတ်ရှည်လက်ရှည် လမ်းညွှန်ပေးလိုက်၏။
ညနေစောင်း အချိန်သို့ ရောက်သောအခါ သူတို့အုပ်စုသည် မီးပုံဘေးတွင် ဝိုင်းဖွဲ့ထိုင်၍ လတ်ဆတ်သော တောယုန်သားကို ကင်နေကြသည်။
ရွှေရှန်းက ယုန်သားတစ်လုပ်ကို ကိုက်ရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"ဆရာ... ချမ့်သိုသို့တို့နဲ့ စီးပွားရေး ကိစ္စကို ဘယ်လို ဆွေးနွေးခဲ့တာလဲ... သူတို့က အရမ်းပါးနပ်တဲ့သူတွေလို့ ကျွန်တော် ကြားဖူးတယ်..."
လဲ့ချန်က ပြုံး၍ ပြောလိုက်သည်။
"စီးပွားရေးလုပ်တဲ့ သော့ချက်က တစ်ဖက်လူကို အမြတ်ရသွားတယ်လို့ ခံစားရအောင်လုပ်ဖို့ပဲ... ဒါက အပြန်အလှန် အကျိုးရှိစေတဲ့ အကွက်မျိုးပေါ့... ဒါနဲ့... ငါတို့အုပ်စုကို အဖွဲ့နှစ်ဖွဲ့ ခွဲဖို့ ငါ စီစဉ်ထားတယ်... အားကော်နဲ့ ထျဲ့တန်... မင်းတို့ နှစ်ယောက်က ငါနဲ့အတူ တောနက်တောင်ကြီးထဲကို လိုက်ပြီး ချမ့်သိုသို့နဲ့ လီဆန်းတို့ကို ထောက်ပံ့ဖို့ သားရဲကြီးတွေကို အမဲလိုက်ရမယ်... ရွှေရှန်းနဲ့ ယွမ်ပေါင်... မင်းတို့ နှစ်ယောက်ကတော့ တောင်နားက သာမန်သားကောင်တွေကိုပဲ ဖမ်းပြီး တခြားကုန်သည်တွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းရမယ်..."
"ဒီလိုနည်းနဲ့ဆိုရင် ဖောက်သည်ကြီးတွေကို ပစ္စည်း ပုံမှန်ထောက်ပံ့ပေးနိုင်ရုံတင်မကဘဲ တခြားသူတွေကိုလည်း စိတ်အနှောင့်အယှက် မဖြစ်စေတော့ဘူး..."
"ကျွန်တော်ကတော့ အစ်ကိုချန်နဲ့အတူ တောနက်ထဲကို လိုက်မယ်... အဲဒီမှာ သေချာပေါက် ပစ္စည်းကြီးကြီးမားမားတွေ ရှိမှာပဲ..."
"အလွန်အမင်း စိတ်လှုပ်ရှားမနေနဲ့ဦး..."
လဲ့ချန်က သူ့ခေါင်းကို ခေါက်လိုက်၏။
"တောနက်ထဲက အန္တရာယ်များတယ်... ခြေတစ်လှမ်း မှားတာနဲ့ အသက်ပျောက်သွားနိုင်တယ်... လွန်ခဲ့တဲ့ နှစ်ရက်တင် ငါ အဲဒီမှာ ဝံပုလွေအုပ်တစ်အုပ်ကို တွေ့ခဲ့သေးတယ်..."
"ဝံပုလွေတွေ ဟုတ်လား... အဲဒါက အရမ်းအန္တရာယ်များတာပဲ..."
"ဒါကြောင့်မလို့ မင်းတို့တွေ ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ လိုအပ်တာပေါ့..."
လဲ့ချန်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
"မနက်ဖြန်ကစပြီး ငါ လေ့ကျင့်မှု အရှိန်ကို မြှင့်တင်မယ်... မင်းတို့တွေ သာယာနေမယ်ဆိုရင်တော့..."
နောက်တစ်နေ့ နံနက်အစောပိုင်းတွင် သူတို့ တောင်ပေါ်သို့ ရောက်ရှိလာကြသည်။
လဲ့ချန်က မျက်မှောင်ကုပ်၍ အသံထွက်ပေါ်လာရာ အရပ်သို့ စိုက်ကြည့်လိုက်၏။
တပည့်များက ဗီဇအရ တစ်ယောက်နားတစ်ယောက် တိုးကပ်သွားကြပြီး သူတို့၏ ဆရာကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။
"ပစ္စည်းတွေကို သိမ်းကြ... ငါတို့ ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာရမယ်..."
"အစ်ကိုချန်... ဘာဖြစ်လို့လဲ..."
လဲ့အားကော်က သတ္တိမွေး၍ မေးလိုက်ရင်း လက်များကမူ ကျောပိုးအိတ်ကို အလောတကြီး သိမ်းဆည်းနေချေပြီ။
လဲ့ချန်က ချက်ချင်း ပြန်မဖြေဘဲ ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော အသံများကို သေချာ နားစွင့်နေလိုက်၏။
"ဝံပုလွေအုပ်ရဲ့ လှုပ်ရှားမှုက နည်းနည်း ထူးဆန်းနေတယ်... သူတို့ တစ်ခုခုကြောင့် နှောင့်ယှက်ခံလိုက်ရတဲ့ပုံပဲ... နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ငါတို့ အမြန်ဆုံး ဆုတ်ခွာရမယ်..."
ထိုစကားကို ကြားသောအခါ တပည့်များ၏ လှုပ်ရှားမှုက ပို၍ မြန်ဆန်လာသည်။
ခဏအတွင်းမှာပင် စခန်းချသည့် နေရာကို သန့်ရှင်းရေး လုပ်ပြီးသွား၏။
"ငါ့အနားမှာပဲနေကြ... သတိအမြဲရှိပါစေ..."
လဲ့ချန်က တိုးညင်းစွာ ညွှန်ကြားချက်ပေး၍ တောင်အောက်သို့ ဆင်းသည့် လမ်းကြောင်းအတိုင်း ရှေ့မှ ဦးဆောင် လျှောက်လှမ်းခဲ့သည်။
သူက အရှေ့ဆုံးမှ လျှောက်သွားရင်း ခြေလှမ်းအနည်းငယ် လျှောက်တိုင်း ပတ်ဝန်းကျင်ကို သေချာစောင့်ကြည့်လိုက်၏။
ရုတ်တရက် သူက လက်ကိုမြှောက်၍ လူတိုင်းကို ရပ်တန့်ရန် အချက်ပြလိုက်သည်။
"သွေးညှီနံ့ ရနေတယ်..."
တပည့်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေကြ၏။
ခဏမျှ စဉ်းစားပြီးနောက် လဲ့ချန်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
"သွားကြည့်ကြတာပေါ့... တကယ်လို့ တစ်ယောက်ယောက် ဒဏ်ရာရနေတာဆိုရင် ငါတို့ ဒီအတိုင်း ပစ်ထားပြီး အသေခံလို့ မရဘူး..."
သွေးညှီနံ့နောက်သို့ လိုက်သွားကြရာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူတစ်ယောက်ကို ခဏအတွင်းမှာပင် တွေ့ရှိလိုက်ကြသည်။
ထိုလူမှာ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေပြီး ဒဏ်ရာ ပြင်းထန်လှသည့် ပုံစံ ပေါက်နေ၏။
"ရွှေရှန်း... ယွမ်ပေါင်... မင်းတို့ နှစ်ယောက် ဒီဒဏ်ရာရတဲ့သူကို တွဲပြီး ဘေးကင်းတဲ့ ခိုလှုံရာတစ်ခု သွားရှာလိုက်... အားကော်... ထျဲ့တန်... မင်းတို့ကတော့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့ ငါ့နားမှာပဲနေခဲ့..."
"ဟုတ်ကဲ့... ဆရာ..."
ရွှေရှန်းနှင့် ယွမ်ပေါင်တို့က ဒဏ်ရာရထားသောလူကို ဂရုတစိုက် တွဲထူ၍ တောင်အောက်သို့ လျှောက်သွားကြတော့သည်။
လဲ့ချန်သည် လဲ့အားကော်၊ ထျဲ့တန်တို့နှင့်အတူ ထိုနေရာပတ်ဝန်းကျင်တွင် ကာကွယ်ရေး အဆောက်အအုံများကို စတင် ပြင်ဆင်လိုက်၏။
"ငါ အရင်က သင်ပေးထားတာတွေကို မှတ်မိကြလား..."
လဲ့ချန်က ထောင်ချောက်ကို ဆင်ရင်း အသံကိုနှိမ့်၍ ပြောလိုက်သည်။
"တည်ငြိမ်ခြင်းနဲ့ ဖျတ်လတ်ခြင်းက တစ်ပြိုင်နက်တည်း အရေးကြီးတယ်... အားကော်... မင်းက အဝေးတိုက်ခိုက်မှုကို တာဝန်ယူ... ထျဲ့တန်... မင်းကတော့ ငါနဲ့အတူ အနီးကပ် တိုက်ပွဲကို ဆင်နွှဲ..."
တပည့်နှစ်ယောက်စလုံးက တည်ကြည်စွာ ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ နေရာကိုယ်စီတွင် အသင့်ပြင်လိုက်ကြ၏။
ညဉ့်နက်လာသည်နှင့်အမျှ လဲ့ချန်က သူ၏ သစ်ခုတ်ဓားမကို တင်းကြပ်စွာ ဆုပ်ကိုင်၍ အရှေ့ဘက်သို့ စိုက်ကြည့်နေလိုက်သည်။
ရုတ်တရက် မှောင်မိုက်သော ညအမှောင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော စိမ်းဖန့်ဖန့် မျက်လုံးတစ်စုံ လင်းခနဲ ပေါ်ထွက်လာ၏။
ထို့နောက် ဒုတိယတစ်စုံ၊ တတိယတစ်စုံ…
အခန်း (၂၃၄) သန်မာလှသော ကျားဆိုး ပြန်လည်ပေါ်လာခြင်း
တောအုပ်တစ်ခုလုံးမှာ မရေမတွက်နိုင်သော ဝံပုလွေမျက်လုံးများ၏ အရောင်အဝါများဖြင့် လင်းထိန်သွား၏။
"သူတို့ လာကြပြီ..."
လဲ့ချန်က တိုးညင်းသော အသံဖြင့် အော်ဟစ်လိုက်သည်။
လဲ့အားကော်က သူ၏ဆရာ သင်ကြားပေးထားသည့် အတိုင်း အသက်ရှူခြင်းကို ထိန်းညှိလိုက်ပြီး မြှားတစ်စုံကို အားယူ၍ တစ်ချက်တည်း ပစ်ခတ်လိုက်၏။ မြှားအရှိန်က လေထုကို ဖြတ်သန်းသွားပြီး ဝံပုလွေအုပ်ထဲမှ အကြီးမားဆုံးသော ခေါင်းဆောင်ဝံပုလွေ၏ မျက်လုံးကို တည့်တည့် စိုက်ဝင်သွားသည်။
"လက်ရာကောင်းတယ်..."
လဲ့ချန်က သူ့ကို ချီးကျူးလိုက်ရင်းနှင့် တစ်ပြိုင်နက်ပင် သူ့ထံသို့ တစ်ဟုန်ထိုး ခုန်အုပ်လာသော ဝံပုလွေတစ်ကောင်ကို ဓားမဖြင့် ခုတ်ပိုင်းချလိုက်၏။ ထျဲ့တန်ကလည်း အရှုံးမပေးဘဲ ဝံပုလွေ၏ တိုက်ခိုက်မှုကို သွက်လက်စွာ ရှောင်တိမ်းကာ ၎င်း၏ လည်ပင်းကို ဓားဖြင့် အားကုန် လွှဲခုတ်လိုက်သည်။
တိုက်ပွဲက ပြင်းထန်သော်လည်း ခဏမျှသာ ကြာမြင့်လိုက်၏။
ခေါင်းဆောင်ဝံပုလွေကို ဆုံးရှုံးလိုက်ရသော ဝံပုလွေအုပ်မှာ တစ်မုဟုတ်ချင်းပင် ပရမ်းပတာ ဖြစ်သွားကြသည်။ အချို့ဝံပုလွေများက ရှေ့နောက်မတွေးဘဲ ဇွတ်တိုးတိုက်ခိုက်နေကြသော်လည်း အများစုကမူ အော်ဟစ်ညည်းညူရင်း နောက်ဆုတ်သွားကြပြီး နောက်ဆုံးတွင် အရပ်ရပ်သို့ ထွက်ပြေး လွင့်စင်သွားကြတော့သည်။
လဲ့ချန်က ၎င်းတို့ကို လိုက်လံ မတိုက်ခိုက်တော့ချေ။ အဘယ်ကြောင့်ဆိုသော် တောနက်တောင်ကြီးထဲ၌ အသည်းအသန် ထွက်ပြေးနေသော ရန်သူကို အတင်းမလိုက်ရဟူသည့် အခြေခံသဘောတရားကို သူ ကောင်းစွာ နားလည်ထားသောကြောင့် ဖြစ်၏။ သူသည် မိမိ၏ ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး လဲ့အားကော်နှင့် ထျဲ့တန်တို့ထံ လျှောက်လာကာ ၎င်းတို့၏ ပုခုံးကို ပုတ်ပေးလိုက်သည်။
"ကောင်းတယ်... မင်းတို့ လုပ်နိုင်ခဲ့ပြီ..."
လဲ့အားကော်က သွားဖြူဖြူများကို ပေါ်အောင် ဖြဲပြုံး ပြုံးလိုက်ရင်းကဆို၏။
"ဟီးဟီး... အစ်ကိုချန်... ကျွန်တော် အကြီးဆုံး ဝံပုလွေကို ထိအောင် ပစ်နိုင်ခဲ့တာ..."
ထျဲ့တန်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်ရင်း ပြောလိုက်သည်။
"ကျွန်တော်... ကျွန်တော် အစောက ဝံပုလွေ အကိုက်ခံရတော့မလို့..."
"အလေ့အကျင့် များလာရင် အဆင်ပြေသွားမှာပါ..."
လဲ့ချန်က သူ၏ တပည့်နှစ်ယောက်ကို ကျေနပ် အားရသော မျက်လုံးများဖြင့် ကြည့်ရင်း ပြောလိုက်၏။ (ရေးရင်းနဲ့ ကျိန်ဆဲချင်လာပြီ)
"ဒီအတွေ့အကြုံက မင်းတို့အတွက် အလွန် တန်ဖိုးရှိတယ်... မှတ်ထားကြ... ဘယ်တော့မှ အမှတ်မရှိ သတိမမူတာမျိုး မဖြစ်စေနဲ့... အထူးသဖြင့် တောနက်ထဲမှာပေါ့..."
သူတို့ သုံးယောက်က ရွှေရှန်းနှင့် ယွမ်ပေါင်တို့ ရှိရာဆီသို့ ပြန်လာကြသည်။ ဒဏ်ရာရရှိထားသော မုဆိုးမှာ သတိမရသေးသော်လည်း အသက်ရှူသံမှာမူ အတော်လေး တည်ငြိမ်သွားပြီ ဖြစ်၏။
"အစ်ကိုချန်... ဒီမုဆိုးက ဒဏ်ရာအတော် ပြင်းထန်တယ်..."
လဲ့အားကော်က မုဆိုး၏ အရိုးပေါ် အရေတင်လုနီးပါး ဖြစ်နေသော နက်ရှိုင်းလှသည့် ဒဏ်ရာများကို မြင်သောအခါ အံ့အားသင့်သွားသည်။
"တောင်အောက်ရောက်မှပဲ ပြောကြတာပေါ့..."
လဲ့ချန်က လေးနက်သော အသံဖြင့် ဆိုလိုက်၏။
မိုးသောက်အလင်း ရောက်ရှိလာသောအခါ လဲ့ချန်တို့က ရွာထဲသို့ ပြန်ရောက်လာသည်။ သူက တပည့်များကို ဒဏ်ရာရနေသော မုဆိုးအား ရွာရှိ တစ်ဦးတည်းသော ဆရာဝန်ထံသို့ ပို့ဆောင်ရန် ညွှန်ကြားလိုက်၏။ ထို့နောက် သူ ဘာလုပ်သနည်း။ သူ၏ တပည့်များနှင့် အရေးပေါ် အစည်းအဝေး ပြုလုပ်လိုက်သည်။
“တောနက်ထဲ သွားတာက နောက်စရာ မဟုတ်ဘူး... ငါတို့အားလုံး ဒီနေ့ ဒါကို ကြုံတွေ့ခဲ့ရပြီး တောနက်ရဲ့ အန္တရာယ်တွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီ...”
သူက တောနက်ထဲတွင် အမဲလိုက်ခြင်း၏ အန္တရာယ်များကို အသေးစိတ် ရှင်းလင်းပြသခဲ့၏။ သားရဲတိရစ္ဆာန်များ၊ ထောင်ချောက်များ၊ အဆိပ်ရှိသော ပိုးမွှားများနှင့် အခြားသော မသိနိုင်သည့် အန္တရာယ်များအထိ ပါဝင်သည်။ သူသည် မိမိ၏ ရင်ထဲရှိ အတွေ့အကြုံ အသေးအဖွဲမှစ၍ အားလုံးကို အကုန်အစင် သွန်သင် ဆုံးမလိုက်၏။
တပည့်များကလည်း အထူးပင် အာရုံစိုက်၍ နားထောင်ကြသည်။ ၎င်းတို့၏ ဆရာက မိမိ၏ အတွေ့အကြုံများဖြင့် ၎င်းတို့အတွက် လမ်းခင်းပေးနေခြင်း မဟုတ်ပါလော။
ဒဏ်ရာရရှိထားသော မုဆိုးဖြစ်သူ ကျောက်ချန်မှာလည်း ရွာထဲတွင် ထင်ရှားကျော်ကြားသူ တစ်ဦးဖြစ်သည်။ ဆရာဝန်ဝမ်၏ ကျွမ်းကျင်လှသော လက်ပညာကြောင့် ကျောက်ချန်မှာ အသက်ဘေးမှ လွတ်မြောက်လာပြီး သတိပြန်လည်လာခဲ့၏။ ကျိုးတာ့ယာက အလွန် စိတ်လှုပ်ရှားစွာဖြင့် လဲ့ချန်၏ လက်ကို ဆွဲကိုင်လိုက်သည်။
"အစ်ကိုလဲ့ချန်... ကျွန်မ ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး... အစ်ကိုသာ မရှိရင် ကျွန်မအဖေ တောင်ပေါ်မှာ အသက်ပျောက်နေလောက်ပြီ..."
“ဒီလောက်ထိ အားနာမနေပါနဲ့... ဘာမှ မဟုတ်ပါဘူး..."
လဲ့ချန်က ပြုံး၍ ပြန်လည် ဖြေကြားလိုက်ပြီးနောက် မေးမြန်းလိုက်၏။
"ဒဏ်ရာက ဘယ်လိုလုပ် ဒီလောက်ပြင်းထန်သွားရတာလဲ... ဝက်ဝံနဲ့ တိုးခဲ့တာလား..."
ကျောက်ချန်၏ မျက်နှာက ပြာနှမ်းသွားပြီး ခေါင်းခါပြလိုက်သည်။
"ဝက်ဝံမဟုတ်ဘူး... အဲဒါ... အဲဒါ ကျား နှစ်ကောင်..."
"ကျားနှစ်ကောင်..."
လဲ့ချန်နှင့် သူ၏ တပည့်များမှာ မှင်တက်သွားကြ၏။
"ဟုတ်တယ်..."
ကျောက်ချန်က ထိတ်လန့်တုန်လှုပ်နေဆဲ အမူအရာဖြင့် ထိုမြင်ကွင်းကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ပြောဆိုရာ လူတိုင်း၏ ကျောပြင်ကို အေးစိမ့်သွားစေသည်။ သူသည် သမင်တစ်ကောင်ကို ခြေရာခံ လိုက်လံရှာဖွေနေစဉ် မတော်တဆပင် ကျား၏ နယ်မြေထဲသို့ ရောက်ရှိသွားခြင်းဖြစ်၏။ အထီးတစ်ကောင်နှင့် အမတစ်ကောင် ဖြစ်သော ထိုကျားနှစ်ကောင်မှာ အလွန် ကြီးမားပြီး အဆမတန် ရက်စက် ကြမ်းကြုတ်ကြသည်။
"ငါ အသက်လွတ်ပြေးခဲ့ရတာ... မဟုတ်ရင် ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်း ဆုတ်ဖြဲခံရမှာ သေချာတယ်..."
"အဲဒီကျားနှစ်ကောင်က ဘယ်မှာလဲ..."
လဲ့ချန်က အတင်းအကျပ် မေးမြန်းလိုက်၏။
ကျောက်ချန်က ခေါင်းခါလိုက်သည်။
"ငါ သတိလစ်သွားပြီးတဲ့နောက် ဘာမှ မမှတ်မိတော့ဘူး..."
လဒ့ချန်က အတွေးနက်သွားသည်။ အစောပိုင်းက ဒဏ်ရာရရှိသွားခဲ့သော ကျားနှစ်ကောင် ပြန်လည် ပေါ်လာခြင်း ဖြစ်ဟန်တူ၏။
"ဦးလေးကျောက်... ကျားနဲ့ တိုးခဲ့တဲ့ နေရာကို မှတ်မိသေးလား..."
"မှတ်မိတာပေါ့... သေချာပေါက် မှတ်မိတာပေါ့..."
ကျောက်ချန်က ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။
"ငါ အဲဒီနေရာကို ကောင်းကောင်းသိတယ်... ငါ မင်းတို့ကို ခေါ်သွားပေးနိုင်တယ်..."
လဲ့ချန်က သူ၏ တပည့်များကို တစ်ချက် ကြည့်လိုက်ပြီး စိတ်ကူးတစ်ခု ရရှိသွား၏။
"ကောင်းပြီ... ဦးလေး ဒဏ်ရာ သက်သာလာရင် ငါတို့ အတူတူ သွားကြည့်ကြတာပေါ့..."
လဲ့ချန်က ကျောက်ချန် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသည်ကို စောင့်ဆိုင်းရင်း တပည့်များကို လက်တွေ့ လေ့ကျင့်ခန်းများ သင်ကြားပေးနေခဲ့သည်။ သူသည် ဤအတောအတွင်း အမဲလိုက်၍ ရရှိထားသော သားကောင်များကို မြို့ပေါ်ရှိ မှောင်ခိုဈေးတွင် သွားရောက် ရောင်းချကာ ငွေအချို့ ရှာဖွေရန်အတွက် အချိန်အနည်းငယ် ဖယ်ချန်ထားလိုက်၏။
"အစ်ကိုချန်... ကျွန်တော်တို့ ဘယ်သွားကြမလို့လဲ..."
လဲ့အားကော်က စုစူးစမ်းစမ်း မေးမြန်းလိုက်သည်။
"ပစ္စည်းအချို့ ဝယ်ပြီး တောင်ပေါ် တက်ကြမယ်..."
ရက်အနည်းငယ် ကြာပြီးနောက် ကျောက်ချန်၏ ဒဏ်ရာများ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်၏။ လဲ့ချန်သည် သူ၏ တပည့် လေးယောက်နှင့်အတူ ကျောက်ချန်၏ နောက်မှ လိုက်ပါ၍ တောနက်တောင်ကြီးထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။ ကျောက်ချန် ပြောဆိုသော နေရာမှာ တောင်နက်ပိုင်းရှိ ဆိတ်ငြိမ်သော ချောက်ကမ်းပါး လျှိုမြောင်တစ်ခု အတွင်း၌ ရှိပြီး လူသူအရောက်အပေါက် နည်းပါးလှသော နေရာ ဖြစ်၏။
သူက လျှိုမြောင်၏ ဝင်ပေါက်ကို ညွှန်ပြလိုက်သည်။
"ဒီနေရာပဲ... ငါ ကျားနဲ့ တိုးခဲ့တဲ့ နေရာက ဒီနေရာပဲ..."
လဲ့ချန်က ပတ်ဝန်းကျင်ကို မျက်ခုံးပင့်၍ သေချာစွာ လေ့လာ စောင့်ကြည့်လိုက်၏။ လျှိုမြောင်ဝင်ပေါက်တွင် ပေါင်းမြက်များ ထူထပ်စွာ ပေါက်ရောက်နေပြီး သစ်ပင်များ အုပ်ဆိုင်းနေကာ ညှီစို့စို့ သွေးညှော်နံ့တစ်ခုလည်း သင်းပျံ့နေသည်။
"အစ်ကိုချန်... ဒီနေရာက တစ်ခုခု မှားယွင်းနေသလိုပဲ..."
လဲ့ချန်က ခေါင်းညိတ်လိုက်၏။
"သတိထားကြ... ငါ့အနားက မခွာနဲ့..."
လူစုမှာ အလွန်အမင်း တင်းမာနေသော အခြေအနေနှင့်အတူ လျှိုမြောင်ထဲသို့ သတိကြီးစွာဖြင့် တိုးဝင်လာခဲ့ကြသည်။ ကျောက်ချန် ပြသသော လမ်းကြောင်းအတိုင်း လဲ့ချန်နှင့် လူစုမှာ မြေပြင်တစ်လက်မချင်းစီကို သေချာစွာ ရှာဖွေလိုက်ကြ၏။ ရှုပ်ထွေးနေသော ချုံပုတ်များကြားတွင် သွေးချင်းချင်းနီနေပြီး စုတ်ပြတ်သတ်နေသော တိရစ္ဆာန် အသေကောင်အချို့ ပျံ့နှံ့နေသည်မှာ အလွန်ထိတ်လန့်ဖွယ် ကောင်းလှသည်။
"တောက်... ဒီတိရစ္ဆာန်နှစ်ကောင်က တကယ့်ကို ရက်စက်တာပဲ..."
ယွမ်ပေါင်က မိမိရှေ့မှ ထိတ်လန့်ဖွယ် မြင်ကွင်းကို ကြည့်ပြီး မခံမရပ်နိုင်ဖြစ်ကာ ဆဲရေး တိုင်းထွာလိုက်၏။ သူက မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး တောဝက် တစ်ကောင်၏ အသေကောင်ကို သေချာစွာ စစ်ဆေးလိုက်သည်။
"အစ်ကိုချန်... ဒီသွားရာတွေနဲ့ လက်သည်းရာတွေကို ကြည့်ပါဦး... ဒါက သေချာပေါက် ကျားလက်ချက်ပဲ..."
ထျဲ့တန်နှင့် ရွှေရှန်းတို့လည်း အနားသို့ တိုးကပ်လာကြပြီး ၎င်းတို့၏ မျက်နှာများမှာ ဖြူလျော်နေကြ၏။ ယွမ်ပေါင်က ပတ်ဝန်းကျင်၏ လှုပ်ရှားမှုများကို သတိကြီးစွာဖြင့် လှည့်ပတ် ကြည့်ရှုလိုက်သည်။
လဲ့ချန်က ထိုင်ချလိုက်ပြီး မြေကြီးပေါ်မှ အမွေးအမှင် တစ်စုကို ကောက်ယူကာ နမ်းရှိုက်ကြည့်လိုက်၏။
"ဒါက ကျားအမွေးပဲ... ပြီးတော့ အတော်လေး လတ်ဆတ်သေးတယ်... ဦးလေးကျောက် လိမ်ပြောနေတာ မဟုတ်ဘူး... ဒီအနီးအနားမှာ ကျားတွေ တကယ် ရှိနေတယ်..."
သူတို့က လျှိုမြောင်၏ အောက်ခြေအထိ ဆက်လက် ဝင်ရောက်ခဲ့ကြပြီး လမ်းခရီးတစ်လျှောက်တွင် ကျား၏ ခြေရာများကို ထပ်မံ တွေ့ရှိခဲ့ရသည်။ နက်ရှိုင်းသော လက်သည်းရာများ၊ ပြန့်ကျဲနေသော အမွေးအမှင်များနှင့် နင်းခြေခံထားရသော မြက်ခင်းပြင်များ ဖြစ်၏။ သို့သော်လည်း ကျား၏ အရိပ်အယောင်ကိုမူ လုံးဝ မတွေ့ရချေ။
"ထူးဆန်းတယ်... ဒီခြေရာတွေက အားလုံး လတ်ဆတ်နေတာပဲ... ကျားက ဒီအနားမှာပဲ ရှိနေသင့်တာ..."
လဲ့ချန်က မျက်မှောင်ကြုတ်လိုက်မိပြီး ၎င်း၏ ရင်ထဲ၌ မရေရာသော မလုံခြုံမှုတစ်ခု ဝင်ရောက်လာသည်။
"အစ်ကိုချန်... ဦးလေးကျောက်ချန်တစ်ယောက် နေရာမှားတာများ ဖြစ်နိုင်မလား..."
လဲ့အားကော်က ခေါင်းကို ကုတ်လိုက်၏။
"မဖြစ်နိုင်ဘူး..."
အစ်ကိုချန်က ခေါင်းခါလိုက်သည်။
"ဦးလေးကျောက်က ဒီတောင်အုပ်အကြောင်းကို ကောင်းကောင်းသိတယ်... ပြီးတော့ သူကိုယ်တိုင် ကျားကို မျက်ဝါးထင်ထင် မြင်ခဲ့တာဆိုတော့ မှားစရာ အကြောင်းမရှိဘူး..."
အချိန်အတော်ကြာ ရှာဖွေပြီးနောက် ဘာမှ မတွေ့ရှိရသဖြင့် လဲ့ချန်က ရွာသို့ အရင်ပြန်ရန် ဆုံးဖြတ်လိုက်၏။
"ဒီနေ့တော့ ပြန်ကြစို့... မနက်ဖြန်မှ ပြန်လာမယ်..."
လဲ့ချန်က လူတိုင်းကို ပြောလိုက်သည်။
"ဒီကျားနှစ်ကောင်က အရမ်းဉာဏ်များတယ်... ငါတို့ သေချာ စီမံကိန်းချဖို့လိုမယ်..."
လူတိုင်းက သဘောတူ ခေါင်းညိတ်ကြပြီး လာခဲ့သည့် လမ်းအတိုင်း ရွာသို့ ပြန်လည် ထွက်ခွာခဲ့ကြ၏။ သို့သော်လည်း ၎င်းတို့ ရွာဝင်ဝသို့ ရောက်ရှိလိုက်သည်နှင့် တစ်ပြိုင်နက် ထိတ်လန့်တုန်လှုပ်ဖွယ် အငွေ့အသက်များက ဆီးကြိုနေတော့သည်။
"ကိစ္စကြီးတော့မယ်... ကိစ္စကြီးတော့မယ်..."
ရွာသားတစ်ဦးက အသည်းအသန် ပြေးလွှားရင်း အော်ဟစ်လာသည်။
"ရွာထဲကို ကျားဝင်လာပြီ... အဘိုးကျန်း ကျားကိုက်လို့ သေသွားပြီ..."
လဲ့ချန်၏ ရင်ဘတ်က ဒိန်းခနဲ ဖြစ်သွားပြီး မကောင်းသော နိမိတ်တစ်ခု ဝင်ရောက်လာ၏။
"ဘာဖြစ်တာလဲ... အကျိုးအကြောင်း သေသေချာချာ ပြောစမ်း..."
"စောစောကတင်... စောစောကတင် ကျားနှစ်ကောင်က ရွာထဲကို ရုတ်တရက် ပြေးဝင်လာပြီး မြင်တဲ့လူအကုန် လိုက်ကိုက်တာပဲ... အဘိုးကျန်းက... အဘိုးကျန်းက အချိန်မီ မရှောင်နိုင်လို့... ကျားကိုက်သတ်တာ ခံလိုက်ရပြီ..."
ရွာသားများမှာ အလွန်အမင်း ကြောက်လန့်နေသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်ကြချေ။
"တောက်... ဒီတိရစ္ဆာန် နှစ်ကောင်က တကယ့်ကို မျက်နှာပြောင်လွန်းတယ်..."
လဲ့အားကော်က ဒေါသတကြီး ဟောက်လိုက်သည်။
လဲါချန်၏ မျက်နှာက မည်းမှောင်သွားပြီး ရွာ၏ အရှေ့ဘက်စွန်းဆီသို့ ချက်ချင်း ပြေးထွက်သွားတော့၏။ အဘိုးကျန်း၏ ရုပ်အလောင်းမှာ သွေးအိုင်ထဲတွင် လဲလျောင်းနေပြီး ပတ်ဝန်းကျင်ရှိ ရွာသားများမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။
"အစ်ကိုချန်... ဒီကျားနှစ်ကောင်က တကယ့်ကို ဉာဏ်များလွန်းတယ်..."
ယွမ်ပေါင်က အခြေအနေကို သုံးသပ်ရင်း ပြောလိုက်သည်။