အခန်း (၂၃၅-၂၃၆)
Vol. 24 Ch. 235-236
အခန်း (၂၃၅) မဟာဗျူဟာမြောက် နည်းဗျူဟာများ
“အဲဒီကျားတွေက ငါတို့ကို တောထဲ ရောက်အောင် တမင်သွေးဆောင်ပြီး ရွာကို တိုက်ခိုက်ဖို့ ကြံစည်နေတာလို့ ငါ သံသယရှိတယ်...”
လဲ့ချန်က လေပူတစ်ချက်ကို ပြင်းထန်စွာ မှုတ်ထုတ်လိုက်ပြီး သူ့ရင်ထဲရှိ ဒေါသမီးကို အားတင်း၍ ဖိနှိပ်လိုက်၏။
“ချန်မင်ကျီကို သွားရှာကြစို့...”
လဲ့ချန်က ချန်မင်ကျီကို ရှာဖွေတွေ့ရှိသောအခါ လျှိုမြောင်ဝင်ပေါက်တွင် တွေ့ရှိခဲ့သည့် အရာများနှင့် ရွာတွင်း ဖြစ်ပျက်နေသော အခြေအနေများကို အသေးစိတ် ရှင်းလင်းပြောပြလိုက်သည်။ ထိုစကားကို ကြားရသောအခါ ချန်မင်ကျီ၏ မျက်နှာအမူအရာကလည်း တစ်မုဟုတ်ချင်း တည်ကြည်လေးနက်သွား၏။
“အဲ့ကျားနှစ်ကောင်က တကယ့်ကို ဝိညာဉ်တွေဖြစ်နေပြီ ထင်တယ်... ငါတို့ သူတို့ကို တတ်နိုင်သမျှ အမြန်ဆုံး ရှင်းလင်းပစ်ရမယ်... မဟုတ်ရင် နောက်ဆက်တွဲ အန္တရာယ်တွေက အတောမသတ် ဖြစ်လာလိမ့်မယ်...”
ထိုသတင်း ပျံ့နှံ့သွားသောအခါ ရွာသားများမှာ အလွန်အမင်း ဒေါသထွက်သွားကြပြီး အဘိုးကျန်းအတွက် ကလဲ့စားချေရန် စိတ်ပိုင်းဖြတ်ထားကြောင်း ထုတ်ဖော်ပြောဆိုကြ၏။ လဲ့ချန်က ရွာထဲတွင် အတော်ဆုံး မုဆိုးဖြစ်သဖြင့် သူတစ်ဦးတည်းသာလျှင် ထိုရက်စက် ကြမ်းကြုတ်သော ကျားဆိုးနှစ်ကောင်ကို နှိမ်နင်းရန် ၎င်းတို့ကို ဦးဆောင်နိုင်မည် ဖြစ်သည်။
“အစ်ကိုလဲ့ချန်... ဒီတစ်ကြိမ်တော့ အစ်ကို့ကိုပဲ အားကိုးရတော့မယ်နော်...”
ရွာသားတစ်ဦးက လဲ့ချန်ထံသို့ ကောက်နှံရိက္ခာအိတ်တစ်အိတ် ကမ်းပေးရင်း ပြောလိုက်သည်။
“ဒါက ကျွန်တော်တို့ရဲ့ အနည်းငယ်သော ကျေးဇူးတုံ့ပြန်မှုမလို့ အစ်ကို မဖြစ်မနေ လက်ခံပေးပါ...”
အခြားသော ရွာသားများကလည်း ထိုနည်းတူစွာပင် ၎င်းတို့ သိုလှောင်ထားသော ကောက်နှံများ၊ ဟင်းသီးဟင်းရွက်များနှင့် အသားများကို လဲါချန်၏ အိမ်သို့ အသီးသီး ယူဆောင်လာကြ၏။
“မိဘပြည်သူတို့ စိတ်အေးအေးထားကြပါ... ငါ သေချာပေါက် အဲ့တိရစ္ဆာန် နှစ်ကောင်ကို သုတ်သင်ပြီး အဘိုးကျန်းအတွက် ကလဲ့စားချေပေးပါ့မယ်...”
လဲ့ချန်က ရွာသားများ ပေးအပ်သော လက်ဆောင်များကို လက်ခံလိုက်သည်။
ထိုညနေခင်းတွင် လဲ့ချန်နှင့် ချန်မင်ကျီတို့သည် ကျားများကို ဝိုင်းဝန်းပိတ်ဆို့ နှိမ်နင်းမည့် သီးခြား စီမံကိန်းကို ဆွေးနွေးခဲ့ကြ၏။
“မနက်ဖြန် မနက်မှာ ငါတို့ လူစုကို နှစ်ဖွဲ့ ခွဲလိုက်မယ်...”
လဲ့ချန်က ဆိုသည်။
“တစ်ဖွဲ့က တောင်ပေါ်တက်ပြီး ကျားကို အပြင်ထွက်လာအောင် သွေးဆောင်မယ်... ကျန်တဲ့တစ်ဖွဲ့ကတော့ ကျားကို ဖမ်းဖို့ ရွာပတ်ပတ်လည်မှာ ထောင်ချောက်တွေ ဆင်ထားရမယ်...”
ချန်မင်ကျီက ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ... အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့... ငါ အခုချက်ချင်း လူအင်အား သွားရောက် စီစဉ်လိုက်မယ်...”
လဲ့ချန် မထွက်ခွာမီ ချီလန်က သူ၏ ခရီးဆောင်အိတ်ကို ပြင်ဆင်ပေးနေရင်း မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
“အစ်ကိုချန်... သတိထားရမယ်နော်...”
ချီလန်က လဲ့ချန်၏ လက်ကို တင်းကျပ်စွာ ဆွဲကိုင်ထားရင်းက ပြော၏။
“ကျွန်မနဲ့ ရှောင်ရှောင်က အစ်ကို အိမ်ပြန်လာမှာကို စောင့်နေမယ်...”
လဲ့ချန်က ချီလန်၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး တိုးညင်းသော အသံဖြင့် ဆိုလိုက်သည်။
“စိတ်မပူပါနဲ့... ငါ သေချာပေါက် ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ပါ့မယ်...”
နောက်တစ်နေ့ နံနက်တွင် လဲ့ချန်နှင့် ချန်မင်ကျီတို့သည် ရွာသားများကို ဦးဆောင်၍ တောနက်တောင်ကြီးထဲသို့ ထပ်မံ ထွက်ခွာခဲ့ကြ၏။ ဤတစ်ကြိမ်တွင် ၎င်းတို့သည် လျှိုမြောင်ထဲသို့ တိုက်ရိုက် မသွားဘဲ တောင်ခြေ၌ ပုန်းကွယ် အကွက်ချကာ ကျားပေါ်လာသည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသော်လည်း တောအုပ်တစ်ခုလုံးမှာ လေတိုက်သဖြင့် သစ်ရွက်များ လှုပ်ခါသံမှတစ်ပါး တိတ်ဆိတ်ငြိမ်သက်နေ၏။
“အစ်ကိုချန်... အချိန်တစ်ဝက်လောက်ရှိနေပြီ... ဘာလို့ ဘာလှုပ်ရှားမှုမှ မရှိသေးတာလဲ...”
လဲ့အားကော်က အနည်းငယ် စိတ်မရှည် ဖြစ်လာသည်။
လဲ့ချန်က ခေါင်းခါပြလိုက်ပြီး သူ့ကို အသံမထွက်ရန် အချက်ပြလိုက်၏။
“လောမနေနဲ့... ကျားတွေက အလွန် ဉာဏ်များတယ်... ငါတို့ စိတ်ရှည်ရှည်နဲ့ စောင့်ရမယ်...”
ကွက်တိပင်... ၎င်းတို့၏ နောက်ဘက်မှ သစ်ကိုင်းတစ်ချောင်း ကျိုးပျက်သွားသည့် တိုးညင်းသော "ဖြောက်..." ဟူသည့် အသံတစ်ခု ထွက်ပေါ်လာပြီး တောအုပ်၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ လဲ့အားကော်၏ တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထွက်သွားပြီး သူက အသံကို တိုး၍ ပြောလိုက်၏။
“အစ်ကိုချန်... ကျွန်တော် ဘာလို့ ခံစားနေရလဲ မသိဘူး... ဟိုတိရစ္ဆာန်နှစ်ကောင်က ကျွန်တော်တို့ နောက်ကို လိုက်နေသလိုပဲ...”
လဲ့ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နှုတ်ခမ်းတွင် လက်တင်ကာ အသံတိတ်ရန် အမူအရာ ပြုလုပ်လိုက်သည်။ လူတိုင်းက ချက်ချင်းပင် အသက်ရှူသံကို ထိန်းချုပ်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်လိုက်ကြ၏။ ထူထပ်လှသော တောအုပ်က နေရောင်ခြည်ကို ပိတ်ဆို့ထားသဖြင့် အသံထွက်ပေါ်ရာ အရပ်ကို အတိအကျ ခွဲခြားရန် ခက်ခဲလှသည်။
“အစ်ကိုအားကော်... ခြောက်လှန့်မနေပါနဲ့...”
ယွမ်ပေါင်က တိုးညင်းသော အသံဖြင့် ညည်းတွားလိုက်၏။
“ဒီတောနက်တောင်ကြီးထဲမှာ သတ္တဝါအသေးအဖွဲလေးတွေလည်း ရှိနေနိုင်တာပဲကို...”
သူ့စကားပင် မဆုံးသေးမီ နောက်ထပ် "ဂျွတ်..." ဟူသော အသံတစ်ခု ထပ်မံ ထွက်ပေါ်လာပြီး ဤတစ်ကြိမ်တွင် ပိုမို နီးကပ်လာခဲ့ပြီ ဖြစ်သည်။ လဲ့ချန်၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွား၏။ လဲ့အားကော်၏ အာရုံခံစားမှုက မှန်ကန်နေဟန်တူသည်။ ထိုကျားနှစ်ကောင်က တကယ့်ကို ကောက်ကျစ် စဉ်းလဲလှပေသည်။
“ဘယ်သူမှ အသံမထွက်နဲ့...”
လဲ့ချန်က တိုးညင်းစွာ အမိန့်ပေးလိုက်၏။
“ငါတို့ အခြေအနေကို ပြောင်းပြန်လှန်ပြီး သူတို့ကို ထောင်ချောက် ပြန်ဆင်ကြမယ်...”
လဲ့ချန်က လူတိုင်းကို အလျင်အမြန် စုစည်းလိုက်ပြီး တိုးညင်းသော စကားလုံးများဖြင့် တန်ပြန်ဗျူဟာကို ဆွေးနွေးလိုက်ကြသည်။ ၎င်းတို့သည် အတော်လေး ပွင့်လင်းသော နေရာတစ်ခုကို ရွေးချယ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များနှင့် နွယ်ပင်များကို အသုံးပြု၍ ထောင်ချောက်တစ်ခုကို ပါးနပ်စွာ တည်ဆောက်လိုက်ကြ၏။ ထောင်ချောက်၏ အောက်ခြေတွင် ချွန်ထက်သော သစ်သားငြောင့်များနှင့် သစ်ရွက်ခြောက်များကို ဖုံးအုပ်ထားသဖြင့် မျက်စိဖြင့် ခွဲခြားရန် အလွန် ခက်ခဲသည်။
အရာအားလုံး အဆင်သင့် ဖြစ်သွားသောအခါ လူစုမှာ ထူထပ်သော ချုံပုတ်များထဲတွင် ပုန်းကွယ်လိုက်ကြပြီး သားကောင် ထောင်ချောက်ထဲ သက်ဆင်းလာမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြ၏။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး တောအုပ်တစ်ခုလုံးက ထူးဆန်းစွာ ခြောက်ကပ်ငြိမ်သက်နေကာ တစ်ခါတစ်ရံမှသာ ငှက်အော်သံ အချို့ ထွက်ပေါ်လာသည်။
“ဂျိမ်း...”
ထောင်ချောက် လှုပ်ရှားသွားသည့် အသံက ရုတ်တရက် ဟုန်းခနဲ ထွက်ပေါ်လာသည်။ လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းများကို ပြူထွက်၍ ကြည့်လိုက်ကြ၏။ သို့သော်လည်း ထောင်ချောက်ထဲ၌ မိနေသော သားကောင်ကို မြင်လိုက်ရသောအခါ လူတိုင်းမှာ မှင်တက်သွားကြတော့သည်။
ထောင်ချောက်ထဲတွင် ပိတ်မိနေသူမှာ ၎င်းတို့ မျှော်လင့်ထားသည့် ကျားမဟုတ်ဘဲ လူတစ်ဦး ဖြစ်နေသောကြောင့်တည်း။ မျက်နှာတစ်ခုလုံးတွင် အမာရွတ်များ ပြည့်နှက်နေသော ထိုထွားကျိုင်းသည့် အမျိုးသားမှာ အခြားသူမဟုတ်ဘဲ ခေါင်းဆောင်ဝေ့ အဖွဲ့၏ လက်ပါးစေ အမာရွတ်နှင့်လူ ဖြစ်နေ၏။
“ဘယ်လိုလုပ်... ဘယ်လိုလုပ် သူ ဖြစ်နေရတာလဲ...”
လဲ့အားကော်က ဝေခွဲမရသော မျက်နှာထားဖြင့် ကြည့်နေသည်။
လဲ့ချန်က မျက်မှောင်ကြုတ်လိုက်မိပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း မရေမရာ ခံစားလိုက်ရ၏။ သူက ထောင်ချောက်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး ထိုအမာရွတ်နှင့်လူကို ငုံ့ကြည့်လိုက်သည်။
“ပြောစမ်း... မင်း ဘာလို့ ငါတို့နောက်ကို သံသယဖြစ်စရာကောင်းအောင် ခိုးကြောင်ခိုးဝှက် လိုက်နေရတာလဲ...”
ထိုအမာရွတ်နှင့်လူမှာ ထောင်ချောက်အတွင်းရှိ သစ်သားငြောင့်များ စိုက်ဝင်နေသဖြင့် နာကျင်စွာ အော်ဟစ်နေရသော်လည်း ၎င်း၏ လေသံကမူ ဂျစ်ကန်ကန်နိုင်နေဆဲ ဖြစ်၏။
“လဲ့ချန်... မင်း... မင်း သိပ်ပြီး ဘဝင်မြင့်မနေနဲ့... ငါ... ငါ ဒီနေ့ မင်းလက်ထဲမှာ ရှုံးနိမ့်သွားတာ... မင်း တကယ့်ကို ရက်စက်တယ်...”
လဲ့ချန်က သရော်ပြုံး ပြုံးလိုက်ပြီး သူ၏ ခါးမှ ဓားမကို ဆွဲထုတ်ကာ အမာရွတ်နှင့်လူ၏ လည်ပင်းသို့ ဖိကပ်လိုက်သည်။
“စကားမရှည်နဲ့... မင်းကို ခေါင်းဆောင်ဝေ့ စေလွှတ်လိုက်တာလား... သူ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ...”
အေးစိမ့်လှသော ဓားသွားက အရေပြားပေါ်သို့ ဖိကပ်လာပြီး သေခြင်းတရား၏ ခြိမ်းခြောက်မှုက အမာရွတ်နှင့်လူကို တစ်မုဟုတ်ချင်း တုန်လှုပ်သွားစေသည်။
“ငါ... ငါပြောမယ်... ငါပြောမယ်... ခေါင်းဆောင်ဝေ့... ခေါင်းဆောင်ဝေ့က မင်းတို့ရဲ့ မြွေခြံကို မီးရှို့ဖို့ လုပ်နေတာ...”
“ဘာ...”
လဲ့အားကော်နှင့် ကျန်တဲ့လူများမှာ တစ်ပြိုင်နက်ပင် အလန့်တကြား ဖြစ်သွားကြ၏။
အစ်ကိုချန်၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားသည်။ မြွေခြံက သူ သွေးနှင့်ချွေး ရင်းနှီး၍ ပင်ပင်ပန်းပန်း တည်ဆောက်ထားခဲ့ရခြင်း ဖြစ်ပြီး ၎င်းအထဲတွင် သူ သေချာစွာ မွေးမြူထားသော အဆိပ်မြွေများစွာ ရှိနေသည်။ ၎င်းသာ မီးရှို့ခံလိုက်ရပါက ဆုံးရှုံးမှုက အဆမတန် ကြီးမားလိမ့်မည် ဖြစ်၏။
“သူ ဘယ်အချိန်မှာ လှုပ်ရှားမှာလဲ...”
အမာရွတ်နှင့်လူက စကားများကို ထစ်ထစ်အအဖြင့် ဆိုသည်။
“အခု... အခုပဲ... သူ... သူက ငါ့ကို မင်းတို့ဆီမှာ တမင်ခြေရာပြပြီး မင်းတို့ကို အချိန်ဆွဲထားဖို့ ခိုင်းလိုက်တာ...”
ထိုစကားကို ကြားလိုက်ရသောအခါ လဲ့ချန်၏ ရင်ထဲ၌ ဒေါသမီးများ ဟုန်းခနဲ တောက်လောင်သွား၏။
“ခေါင်းဆောင်ဝေ့... မင်းကတော့ တကယ့်ကို မျက်နှာပြောင်လွန်းတယ်…”
သို့သော်လည်း လူတိုင်းကို အံ့အားသင့်စေသည်မှာ လဲ့ချန်၏ မျက်နှာတွင် အနည်းငယ်မျှပင် ပြာယာခတ်သွားခြင်း မရှိချေ။ သူက မိမိ၏ ဓားမကို အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ နားလည်ပြီ...”
လူစုမှာ တစ်ယောက်ကိုတစ်ယောက် ဝေခွဲမရစွာ စိုက်ကြည့်လိုက်ကြပြီး အစ်ကိုချန်က ဘာကြောင့် ဤမျှ တည်ငြိမ်နေရသလဲဆိုသည်ကို တွေးတောမရ ဖြစ်နေကြ၏။ သူ၏ မြွေခြံက မီးရှို့ခံရတော့မည် ဖြစ်ပါလျက် သူက အနည်းငယ်မျှပင် မစိုးရိမ်ဘူးလော။
“အစ်ကိုချန်... မြွေခြံက...”
လဲ့အားကော်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
လဲ့ချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းပြပြီး သူ့စကားကို ဖြတ်ပြောလိုက်၏။
“စိတ်မပူနဲ့... ငါ ကြိုတင် ပြင်ဆင်ထားပြီးသား...”
အမှန်စင်စစ် လဲ့ချန်သည် ခေါင်းဆောင်ဝေ့အနေဖြင့် ဤကဲ့သို့ အကွက်ယုတ် ကောက်ကျစ်မည့် နည်းလမ်းကို သုံးလာနိုင်ကြောင်း ကြိုတင် တွက်ဆထားပြီး ဖြစ်သဖြင့် ရွာမှမထွက်ခွာမီကပင် ကာကွယ်ရေးများကို ကြိုတင် စီမံထားခဲ့ခြင်း ဖြစ်၏။
“ဒီရက်ပိုင်းအတွင်း ငါ မင်းတို့ကို နည်းဗျူဟာတွေ သင်ပေးခဲ့တာက အလကား မဟုတ်ဘူး...”
လဲ့ချန်က လဲ့အားကော်၊ ထျဲ့တန်၊ ရွှေရှန်းနှင့် ယွမ်ပေါင်တို့ကို လှည့်ကြည့်လိုက်သည်။
“ဒီနေ့တော့ ခေါင်းဆောင်ဝေ့နဲ့ သူ့ရဲ့ လူမိုက်အုပ်စုကို ငါတို့ရဲ့ အရည်အချင်းကို ပြသရမယ့် အချိန်ပဲ...”
လဲ့ချန်က လဲ့အားကော်နှင့် ထျဲ့တန်တို့ကို လှည့်၍ ညွှန်ကြားလိုက်၏။
“မင်းတို့ နှစ်ယောက် အခုချက်ချင်း ရွာကို ပြန်သွားပြီး ငါ သင်ပေးထားတဲ့အတိုင်း ဒင်းတို့ကို အသေအလဲ ပညာပေးလိုက်... မှတ်ထားကြ... ငါ့မျက်နှာကို အိုးမဲ အသုတ်မခံစေနဲ့...”
“ဟုတ်ကဲ့ အစ်ကိုချန်...”
လဲ့အားကော်နှင့် ထျဲ့တန်တို့၏ မျက်လုံးများထဲတွင် ကလဲ့စားချေလိုသော မီးတောက်များ တောက်လောင်လာပြီး အမိန့်ကို နာခံကာ ချက်ချင်းပင် တစ်ဟုန်ထိုး ပြေးထွက်သွားကြတော့သည်။
လဲ့ချန်က လက်ကို ဝှေ့ယမ်း၍ ဆိုလိုက်၏။
“ကျန်တဲ့လူတွေ ငါ့နောက်ကို လိုက်ခဲ့ကြ... ငါတို့ ကျားလိုက်ရှာမယ်... ဒီနေ့တော့ ငါတို့အတွက် နှစ်ထပ်ကွမ်း ပျော်ရွှင်မှု ဖြစ်စေရမယ်...”
လူစုမှာ တိုက်ခိုက်လိုစိတ်များနှင့် စိတ်ဓာတ်များ အဆမတန် မြင့်တက်လာပြီး လဲ့ချန်၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြကာ ၎င်းတို့၏ ပုံရိပ်များမှာ တောနက်တောင်ကြီးထဲသို့ ပျောက်ကွယ်သွားကြတော့သည်။
“ပြေး... အသက်လုပြီး ပြေး…”
လဲ့အားကော်နှင့် ထျဲ့တန်တို့မှာ ရွာဆီသို့ လမ်းခရီးတစ်လျှောက်လုံး အားကုန်ထုတ်၍ ပြေးလာခဲ့ကြသဖြင့် ၎င်းတို့၏ အဆုတ်များပင် ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေ၏။ ၎င်းတို့သည် အသက်ပင် ကောင်းကောင်း မရှူနိုင်ဘဲ ရွာရှိ သွက်လက်ချက်ချာသော လူငယ်သူငယ်ချင်း အချို့ကို အလျင်အမြန် စုစည်းလိုက်ကြသည်။
“အစ်ကိုချန် ပြောတာကတော့ ဝေ့ခွေးအိုကြီးနဲ့ သူ့ရဲ့ လူမိုက်အုပ်စုက ဒီည မြွေခြံကိုလာပြီး မီးရှို့ကြမလို့တဲ့... ငါတို့ သူတို့ကို ကောင်းကောင်း ပညာပေးရမယ်...”
“အစ်ကိုအားကော်... ကျွန်တော်တို့ ဘာလုပ်ကြမလဲ...”
မာကန်က လက်တစ်ဖက်မှ တစ်ဝက်ခန့် စားထားသော ပြောင်းဖူးမုန့်ပေါင်းကို ကိုင်ထားရင်းက ဝေဝေဝါးဝါး မေးမြန်းလိုက်သည်။
အခန်း(၂၃၆) ကျားနှင့် သတ်ပုတ်ခြင်း
“တွင်းတူး... ကျော့ကွင်းထောင်... ဆီလောင်း... အစ်ကိုချန် သင်ပေးထားတဲ့အတိုင်းပဲ လုပ်ကြ...”
လဲ့အားကော်က လက်ဟန်ခြေဟန်ဖြင့် အော်ဟစ် ညွှန်ကြားနေ၏။
“မြန်မြန်လုပ်ကြ… ငါတို့လက်ထဲကနေ တစ်ကောင်မှ လွတ်မသွားစေနဲ့...အပြတ်ရှင်းပစ်ရမယ်...”
ယခင်က ညီညာပြန့်ပြူးနေသော မြွေခြံဝန်းကျင်မှာ ယခုအခါ၌မူ လုံးဝ မှတ်မိနိုင်စွမ်း မရှိတော့ချေ။ တွင်းကို အလွန် ကောင်းမွန်စွာ တူးထားပြီး ခြောက်သွေ့သော သစ်ကိုင်း သစ်ရွက်များဖြင့် ဖုံးအုပ်ထားသဖြင့် သေချာ စေ့စေ့စပ်စပ် မကြည့်လျှင် မည်သို့မျှ မသိနိုင်ပေ။ တွင်းခြေ၌မူ ဦးရေပြား ကျိန်းစပ်လောက်အောင် ချွန်ထက်နေသည့် ဝါးစူး ဝါးချွန်များကို ရေတွက်၍မရအောင် စိုက်ထူထား၏။
ထို့ထက် ပို၍ ဆိုးသည်မှာ အစ်ကိုချန်ထံမှ ငှားရမ်းလာသော ဆေးအဆီများကို တွင်းပတ်ပတ်လည်၌ လောင်းထည့်ရန် လဲ့အားကော်က လူများကို ခိုင်းစေခဲ့ခြင်း ဖြစ်သည်။ ထိုဆေးအဆီက စူးရှသောအနံ့ ရှိပြီး အရေပြားပေါ်သို့ ထိမှန်ပါက အလွန်အမင်း ယားယံစေ၏။ ရန်သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို တစ်မုဟုတ်ချင်း ပျက်ပြားသွားစေနိုင်သဖြင့် အလွန် အံ့ဩဖွယ်ကောင်းသော ဆေးအဆီပင်ဖြစ်သည်။
ညချမ်းအချိန်သို့ ရောက်ရှိလာ၏။ လဲ့အားကော်နှင့် သူ၏လူများသည် မြွေခြံဘေးရှိ ချုံပုတ်များထဲတွင် တုတ်များကို မြဲမြံစွာ ဆုပ်ကိုင်၍ အသက်ရှူပင်မဝဘဲ ပုန်းကွယ်နေကြသည်။ သူတို့က သားကောင်များ ရောက်ရှိလာမည့်အချိန်ကိုသာ အာရုံစိုက်၍ စောင့်ဆိုင်းနေကြ၏။
“လာကြပြီ...”
ထျဲ့တန်က တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
ဟိုးအဝေးဆီမှ လူရိပ်အုပ်စုကြီးတစ်ခုက တိတ်တဆိတ် ကပ်လျက် လျှောက်လှမ်းလာကြပြီး ရှေ့ဆုံးမှ ခေါင်းဆောင်ဝေ့နှင့် လျိုတာကျူးတို့က ဦးဆောင်လာကြ၏။
“အားလုံး သတိထားကြ...”
ခေါင်းဆောင်ဝေ့က တိုးညှင်းစွာ ပြောလိုက်သည်။
“အဲဒီကောင် လဲ့ချန်ရဲ့ မြွေခြံကို မီးတိုက်ပစ်မယ်...ပြီးရင် သူ ဘယ်လောက်ထိ မာန်တက်နိုင်ဦးမလဲ ကြည့်ကြတာပေါ့...”
“ကောင်းလိုက်တဲ့ အကြံ... သူ့မြွေတွေကို မီးရှို့ပစ်မယ်... သူ ဘယ်လောက် ဘဝင်မြင့်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့...”
ထိုလူအုပ်စုသည် ရှေ့တွင် ရှိနေသော အန္တရာယ်ကို လုံးဝ သတိမပြုမိဘဲ မြွေခြံဆီသို့ သတိကြီးစွာဖြင့် တိုးကပ်လာကြ၏။
“ဘုန်း…”
“အား...”
“အမေရေ...”
ဝေ့၏ လက်ပါးစေများသည် တစ်ယောက်ပြီးတစ်ယောက် ထောင်ချောက်တွင်းထဲသို့ ပြုတ်ကျသွားကြပြီး ဝါးစူးများ စိုက်ဝင်ကုန်သဖြင့် အော်ဟစ်ညည်းတွားသံများ ဆူညံသွားတော့သည်။
“သတ်ကြ...”
အားကော်က ချုံပုတ်ထဲမှ လူများကို ဦးဆောင်၍ ပြေးထွက်လာ၏။
“ဒီခွေးကောင်တွေကို အသေရိုက်ကြ...”
အားကော်က ရက်စက်လွန်းလှသဖြင့် သူ၏ တုတ်ချက်တစ်ချက်ကြောင့် လက်ပါးစေတစ်ယောက်မှာ လွင့်ထွက်သွားပြီး ခေါင်းတွင် သွေးချင်းချင်းနီသွားသည်။ ထျဲ့တန်နှင့် သူ၏လူများသည်လည်း ညှာတာမှုမရှိဘဲ တုတ်၊ ဒုတ်ကောက်များကို တပြိုင်နက်ပင် ဝှေ့ယမ်း တိုက်ခိုက်ကြတော့၏။
ခေါင်းဆောင်ဝေ့နှင့် လျိုတာကျူးတို့မှာ ရုတ်တရက် အခြေအနေကြောင့် မျက်နှာများ ဖြူလျော်သွားကြသည်။
“ဘာဖြစ်တာလဲ...သူတို့က ဘယ်လိုလုပ်ပြီး ကြိုတင် ပုန်းကွယ်နေကြတာလဲ...”
အဘိုးကြီးဝေ့က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
“ငါတို့တော့ ထောင်ချောက်ထဲမိပြီ...”
“ပြေးကြ...”
သူတို့နှစ်ယောက်စလုံးက လှည့်ထွက်၍ ထွက်ပြေးရန် ပြင်လိုက်သော်လည်း အားကော်နှင့် သူ၏လူများက ပိတ်ဆို့ ဝိုင်းရံထားကြပြီ ဖြစ်၏။
“ပြေးမလို့လား... မင်းတို့ လွတ်နိုင်မယ် ထင်နေတာလား...”
အားကော်က ယုတ်မာသော အပြုံးဖြင့် ပြုံးလိုက်သည်။
*အစ်ကိုချန် ပြောထားပြီးသား... ဒီနေ့ ဒီတောင်ပေါ်မှာ ဘယ်သူက ဆရာလဲဆိုတာ မင်းတို့ကို ပြပေးရမယ်...”
ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားလေတော့သည်။ အားကော်နှင့် သူ၏လူများသည် အစ်ကိုချန် သင်ပေးထားသည့် မဟာဗျူဟာများကို ထုတ်သုံး၍ ရန်သူများကို အပြတ်အသတ် အနိုင်ယူလိုက်ကြ၏။ လက်ပါးစေ သုံးယောက်ကို ဖမ်းဆီးရမိပြီး ကျန်ရှိသောသူများမှာမူ မိဘများကို တိုင်တည် အော်ဟစ်လျက် ယုန်ထက်ပင် မြန်အောင် ထွက်ပြေးသွားကြတော့သည်။
ခေါင်းဆောင်ဝေ့နှင့် လျိုတာကျူးတို့သည် အခြေအနေ မဟန်တော့ကြောင်း သိရှိသွားသောအခါ မြွေတဲကို မီးရှို့ရန် အသည်းအသန် ကြိုးစားကြတော့၏။
“အသေခံပြီး တိုက်မယ်...”
အဘိုးကြီးဝေ့က အော်ဟစ်လိုက်ပြီး မီးတုတ်ကို မြွေခြံဆီသို့ လှမ်းပစ်လိုက်သည်။
ထိုအရေးကြီးသော အခိုက်အတန့်၌ ကောင်းကင်ယံမှ ရေစည်ကြီးတစ်လုံး ပြုတ်ကျလာသကဲ့သို့ ရေများ ကျလာပြီး မီးတောက်များကို ငြိမ်းသတ်သွား၏။
“တဟားဟား...အဘိုးကြီးဝေ့... မင်း အံ့ဩသွားလား...မထင်မှတ်ထားဘူးမလား...”
လဲ့အားကော်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“အစ်ကိုချန်က မင်းတို့ရဲ့ ယုတ်ပတ်တဲ့ အကွက်ကို ကြိုတင်
တွက်ချက်ထားပြီးသားပဲ...”
လဲ့ချန် မထွက်ခွာမီကပင် ထိုအဘိုးကြီး ယုတ်မာလာပါက အသုံးပြုရန် မြွေခြံဘေးတွင် ရေစည် အပိုင်းအစများနှင့် ရေများကို အဆင်သင့် ပြင်ဆင်ထားရန် အားကော်ကို မှာကြားခဲ့ခြင်းဖြစ်သည်။ သူတို့၏ အကြံအစည် ပျက်ပြားသွားသောအခါ ခေါင်းဆောင်ဝေ့နှင့် လျိုတာကျူးတို့သည် ရုန်းရင်းဆန်ခတ် ဖြစ်နေသော အခြေအနေကို အခွင့်ကောင်းယူ၍ တောနက်တောင်ကြီးထဲသို့ ထွက်ပြေး လွတ်မြောက်သွားကြ၏။
“မလိုက်နဲ့တော့...”
အားကော်က လူများကို တားဆီးလိုက်သည်။
“ထွက်ပြေးနေတဲ့ ရန်သူကို အတင်း မလိုက်နဲ့... အရင်ဆုံး ဒီကောင်တွေကို တုပ်နှောင်ထားလိုက်...”
တရားခံနှစ်ယောက်ကို ဖမ်းမမိခဲ့သော်လည်း မြွေခြံကို ကာကွယ်နိုင်ခဲ့သဖြင့် အစ်ကိုချန် ပေးအပ်သော တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီဖြစ်၍ သူ အလွန် ဝမ်းသာနေမိသည်။
“အစ်ကိုချန်က တကယ့်ကို တော်တာပဲ...ဒီကောင်တွေက မြွေတဲကို တကယ် မီးရှို့ချင်နေတာ...သေချင်လို့ ထင်တယ်...”
အားကော်က တုပ်နှောင်ခံထားရသော လက်ပါးစေများကို ကြည့်၍ တဟက်ဟက် ရယ်မောလိုက်၏။
ခေါင်းဆောင်ဝေ့နှင့် လျိုတာကျူးတို့သည် သူတို့၏ စခန်းသို့ ပြန်လည် ရောက်ရှိသွားသောအခါ ဒေါသအိုး ပေါက်ကွဲသွားပြီး အိမ်ရှိ ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးကြတော့သည်။
“အဲဒီ လဲ့ချန်က တကယ်ကို လည်တဲ့ကောင်ပဲ...ငါ သူ့ကို သတ်ပစ်မယ်...”
အဘိုးကြီးဝေ့က အံကြိတ်၍ ပြောလိုက်၏။
လျိုတာကျူးကလည်း သူ၏ ခါးကို နှိပ်လျက် ဝက်ခေါင်းကဲ့သို့ ဖူးရောင်နေသော မျက်နှာဖြင့် ဒေါသတကြီး ဆဲဆိုလိုက်သည်။
“ ဒီအတိုင်း မကျေနပ်နိုင်ဘူး...ညီအစ်ကိုတွေ အားလုံး ဒဏ်ရာရကုန်ပြီ... နောက်ဆို ကျွန်တော်တို့ ဘယ်လို မျက်နှာပြရတော့မလဲ...”
“သောက်ပိုစကားတွေ...”
ခေါင်းဆောင်ဝေ့က ကုလားထိုင်တစ်လုံးကို ကောက်ယူ၍ နံရံသို့ လွှဲပစ်လိုက်သည်။
“မြန်မြန်သွား...ကျားတောင်က တတိယခေါင်းဆောင် ဝံပုလွေချိုင့်ဝှမ်းက ဒုတိယခေါင်းဆောင်နဲ့ မြွေခေါင်းတောင်က အရူးခွေးတို့ကို သွားဆက်သွယ်...ငါ ငွေအမြောက်အမြား ပေးပြီးတော့ လဲ့ချန်ကို အပြတ် ရှင်းခိုင်းမယ်...”
လျိုတာကျူးသည် လူရှာရန်အတွက် ထော့နင်းထော့နင်းဖြင့် ထွက်ခွာသွားတော့သည်။ အဘိုးကြီးဝေ့က တွေးမိလေ လေ ဒေါသထွက်လေ လေ ဖြစ်သဖြင့် ဖန်ခွက်အချို့ကို ထပ်မံ ရိုက်ခွဲပစ်လိုက်၏။
“သွား... လက်နက်တွေ ဝယ်ပစ်...လဲ့ချန်ကို သေအောင် လုပ်ရမယ်...”
တောနက်တောင်ကြီးထဲ၌ လဲ့ချန်နှင့် ယွမ်ပေါင်တို့က ကိုယ်ကို ကွေးညွှတ်၍ ဂူအပြင်ဘက်မှ အခြေအနေကို အကဲခတ်နေကြသည်။ ဂူဝမှ ညှီစော်နံသော အနံ့ဆိုးများ ထွက်ပေါ်နေပြီး တစ်ခါတစ်ရံတွင် တိုးညှင်းသော ဟောက်သံများကို ကြားနေရ၏။
ယွမ်ပေါင်က ဂူဝကို လက်ညှိုးထိုးပြလျက်
“အစ်ကိုချန်... အဲဒီသားရဲနှစ်ကောင်က တကယ် ဒီထဲမှာ ရှိနေတာပဲ...”
“ဟုတ်တယ်...သူ အပြင်းအထန် ဒဏ်ရာရထားတာ...လမ်းလျှောက်ရင်တောင် ထော့နင်းထော့နင်း ဖြစ်နေတယ်...”
လဲ့ချန်က ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်လိုက်၏။ ထိပ်တိုက် တိုက်ခိုက်၍ မရနိုင်သဖြင့် မဟာဗျူဟာတစ်ခု စဉ်းစားရန် လိုအပ်သည်။ အတွေ့အကြုံ ရင့်ကျက်သော လဲ့ချန်သည် ယွမ်ပေါင်နှင့်အတူ ကျားဂူ ပတ်ပတ်လည်တွင် ထောင်ချောက်မျိုးစုံကို ဆင်လိုက်ကြသည်။
ဂူဝတွင် တိရစ္ဆာန်ထောင်ချောက် ဆင်ထား၏။ ရေအရင်းအမြစ်သို့ သွားရာ လမ်းကျဉ်းလေးတွင်မူ ကျော့ကွင်းကြိုးကို ပြင်ဆင်ထားသည်။ ထို့ပြင် ပုန်းကွယ်ရန် လွယ်ကူသော နေရာများတွင် တွင်းနက်အချို့ကို တူးပြီး သစ်ကိုင်းများဖြင့် ဖုံးအုပ်ထားလိုက်ကြ၏။
“အစ်ကိုချန်... ဒီဆေးမှုန့်က... တကယ် အာနိသင် ရှိရဲ့လား...”
ယွမ်ပေါင်က ထောင်ချောက် ပတ်ပတ်လည်တွင် မီးခိုးရောင် ဆေးမှုန့်များကို ဖြန်းနေသော လဲ့ချန်ကို ကြည့်၍ ရင်တထိတ်ထိတ် ဖြစ်နေမိသည်။
“ဒါ မိသားစု လျှို့ဝှက်ဆေးနည်းပဲ...သားရဲတွေ ဒီအနံ့ကို ရတာနဲ့ မူးနောက်သွားပြီး တွင်းထဲကို အလိုလို ပြုတ်ကျသွားလိမ့်မယ်...”
ထောင်ချောက်များ ဆင်ပြီးသွားပြီ ဖြစ်၏။ သူတို့ နှစ်ယောက်စလုံးက သစ်ပင်ကြီးပေါ်သို့ အလျင်အမြန် တက်ရောက်၍ သေချာစွာ ပုန်းကွယ်လိုက်ကြသည်။ ညမှောင်သည်အထိ စောင့်ဆိုင်းပြီးမှ ထိုကောင်များကို အမိဖမ်းရုံသာ ရှိတော့သည်။
ညဉ့်နက်လာပြီ ဖြစ်သော်လည်း အဘယ်ကြောင့် ထွက်မလာကြသေးသနည်း။ ယွမ်ပေါင်မှာ စိတ်မရှည် ဖြစ်လာပြီး ခြေထောက်များပင် ထုံကျဉ်လာပြီ ဖြစ်၏။
“အစ်ကိုချန်... သူတို့တွေ အထဲမှာပဲ အောင်းနေကြတာလား...”
လဲ့ချန်က ခေါင်းခါလိုက်သည်။
“စိတ်မပူနဲ့...ကျားတွေက ညဘက်မှ လှုပ်ရှားတတ်တာ... ပြီးတော့ သူက ဒဏ်ရာရထားတာ ဆိုတော့ အင်အား ဖြည့်ဖို့အတွက် အစာရှာထွက်မှာ သေချာတယ်...”
ညချမ်းအချိန် သစ်ပင်ထိပ်ဖျားပေါ်၌ ဖြစ်၏။ လဲ့ချန်နှင့် ယွမ်ပေါင်တို့မှာ အသက်ပင် ပြင်းပြင်းမရှူရဲကြချေ။
“အမေရေ...ကျွန်တော့် ခြေထောက်တွေ အတော် ထုံနေပြီ...”
ယွမ်ပေါင်က ခြေထောက်များ အလွန် ကိုက်ခဲနေသဖြင့် တိုးညှင်းစွာ ညည်းတွားလိုက်သည်။
ရုတ်တရက်... ဂူထဲမှ လှုပ်ရှားသံတစ်ခု ထွက်ပေါ်လာ၏။
“ရှူး...အသံမထွက်နဲ့...ခေတ္တ စောင့်ဦး...”
လဲ့ချန်က လက်ညှိုးတစ်ချောင်းကို ထောင်ပြလျက် ဂူဝကိုသာ စိုက်ကြည့်နေသည်။
ထော့နင်းထော့နင်းဖြင့် ကြီးမားသော ကျားကြီး နှစ်ကောင် ထွက်လာ၏။ လရောင်အောက်တွင် ၎င်း၏ သားရေမှာ ငွေရောင်ကဲ့သို့ တောက်ပနေပြီး လှပသော်လည်း အလွန် အန္တရာယ်များသော အသွင်ရှိသည်။
“လာကြပြီ...ငြိမ်ငြိမ်နေ...”
ယွမ်ပေါင်က ထိတ်လန့်တကြား တံတွေးမြိုချလိုက်ရင်း ကျား၏ လှုပ်ရှားမှုကို မျက်ခြေမပြတ် ကြည့်နေမိသည်။
ရုတ်တရက် ရှေ့ဆုံးမှ ကျားကြီးက ရပ်တန့်သွား၏။ ၎င်းက မြေကြီးကို အဆက်မပြတ် နမ်းရှုတ်နေသည်။
“အစ်ကိုချန်... ဒုက္ခပဲ...သူ ဆေးအနံ့ကို ရသွားတာလား...”
“စိတ်အေးအေးထား...အရင်ကြည့်ရအောင်...”
လဲ့ချန်က အမဲလိုက်သေနတ်ကို မြဲမြံစွာ
ဆုပ်ကိုင်၍ မြေပြင်ဆီသို့ စိုက်ကြည့်နေလိုက်သည်။
ကျားကြီးက ဇဝေဇဝါဖြင့် ပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်နေ၏။ ‘ဒါ ဘာအနံ့လဲ…’ ၎င်းက ခေါင်းကို ခါလိုက်ပြီး ရှေ့သို့ ခြေလှမ်းအချို့ ထပ်မံ လှမ်းလိုက်သည်။
ဂျောက်…
ပြင်းထန်သော အသံနှင့်အတူ ထောင်ချောက်သည် ကျား၏ ရှေ့ခြေဖဝါးကို မြဲမြံစွာ ညှပ်ပစ်လိုက်တော့သည်။
“ဘုရားရေ... လန့်သေတော့မှာပဲ...”
ယွမ်ပေါင်မှာ သစ်ပင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွား၏။
“မြဲမြံအောင် ကိုင်ထား...ပွဲကောင်းက အခုမှ စတာ...”
လဲ့ချန်က သူ့ကို လှမ်းဆွဲလိုက်သည်။
အခြားကျားတစ်ကောင်မှာမူ ၎င်း၏ အဖော် အော်ဟစ်သံကြောင့် ထိတ်လန့်သွားပြီး နောက်သို့ ဆုတ်ခွာသွား၏။ ၎င်းက ဒေါသတကြီး ဟောက်လျက် ရန်သူကို ရှာဖွေနေသည်။
“မင်ကျီ...ပစ်...”
လဲ့ချန်က အော်ဟစ်လိုက်သည်။
ချန်မင်ကျီသည် သေနတ်ကို အသင့်ချိန်ရွယ်ထားပြီး ဖြစ်၍ ဤအခိုက်အတန့်ကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်၏။
ချန်မင်ကျီက မောင်းခလုတ်ကို ဆွဲရန် ပြင်လိုက်စဉ်မှာပင် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပွားလေတော့သည်။ အခြားကျားတစ်ကောင်က သူတို့၏ ဘေးဘက်မှ မည်သို့ လှည့်ပတ်လာသည်မသိဘဲ ချန်မင်ကျီထံသို့ ရုတ်တရက် အဟုန်ပြင်းစွာ ခုန်အုပ်လိုက်ခြင်း ဖြစ်၏။
“သေပြီ...”
ချန်မင်ကျီက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး နောက်ဆုံး စက္ကန့်၌ ဘေးသို့ လှိမ့်ချကာ သေစေနိုင်သော တိုက်ခိုက်မှုကို ရှောင်လွှဲလိုက်သည်။
သူက ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်ပြီး အော်ဟစ်လိုက်၏။
“လဲ့ချန်...ဖမ်း...”
ထိုအချိန်မှာပင် သူ၏ လက်ထဲမှ အမဲလိုက်သေနတ်ကို လဲ့ချန်ထံသို့ လှမ်းပစ်ပေးလိုက်သည်။
လဲ့ချန်က အမဲလိုက်သေနတ်ကို လက်ဝယ်ရရှိသည်နှင့် အလျင်အမြန် လှည့်၍ မိမိထံသို့ ခုန်အုပ်လာသော ကျားကြီးထံသို့ ချိန်ရွယ်လိုက်၏။ သေချာ စေ့စေ့စပ်စပ် ကြည့်ရန် အချိန်မရတော့သဖြင့် မောင်းခလုတ်ကို ပြတ်သားစွာပင် ဆွဲလိုက်တော့သည်။
ဒိုင်း…
သေနတ်သံ ထွက်ပေါ်လာပြီး ကျည်ဆန်က ကျား၏ ပခုံးရိုးကို ထိမှန်သွား၏။ ကျားကြီးက နာကျင်စွာဖြင့် အော်ဟစ်လိုက်သော်လည်း တိုက်ခိုက်မှုအရှိန်က လျော့ကျမသွားဘဲ လဲ့ချန်ထံသို့ ပိုမို ရူးသွပ်စွာဖြင့် ခုန်အုပ်လာတော့သည်။