← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 24 Ch. 237-238

အခန်း(၂၃၇) သေစမ်း... သားရဲကောင်

သေနတ်သံများက တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ထွက်ပေါ်လာသဖြင့် နားစည်များပင် ကျိန်းစပ်မတတ် ဖြစ်သွားရ၏။

လဲ့ချန်၏ လက်ထဲမှ ပြောင်းနှစ်ထပ်သေနတ်၏ တုန်ခါမှုကြောင့် သူ၏ ပခုံးသားများမှာ အနည်းငယ် တုန်ခါသွားပြီး ကျား၏ အော်ဟစ်ညည်းတွားသံက နန်းတွင်းထဲထိ တိုးဝင်ကာ နှလုံးသားကို ရိုက်ခတ်သွားသည်။

“တောက်... ဒီကောင်က တော်တော်နဲ့ မသေနိုင်ပါလား..."

သူက မျက်မှောင်ကြုတ်လျက် ဒေါသတကြီး ရေရွတ်လိုက်၏။

ဒိုင်း... ဒိုင်း... ဒိုင်း...

ကျည်ဆန်များက ကျား၏ အရေပြားကို ဖောက်ဝင်သွားသဖြင့် ရုတ်ချည်းပင် အနီရောင် သွေးစက်များ တဖျောက်ဖျောက် ကျလာသော်လည်း ၎င်း၏ ခြေလှမ်းများက တုံ့ဆိုင်းမသွားဘဲ ပို၍ပင် သောင်းကျန်းလာသည်။

“အစ်ကိုချန်... သတိထားဦး..."

ယွမ်ပေါင်က သစ်ပင်ပေါ်မှနေ၍ တုန်လှုပ်ခြောက်ခြားသော အသံဖြင့် အော်ဟစ်အကြောင်းကြားလိုက်၏။

လဲ့ချန်က ခေါင်းမော့ကြည့်ကာ ပြုံးရခက်၊ မဲ့ရခက် အမူအရာဖြင့် ဆိုလိုက်သည်။

“ဘာတွေအလောတကြီး ဖြစ်နေတာလဲ... ဒီသားရဲကောင်က ဘာမှလုပ်နိုင်တာ မဟုတ်ဘူး..."

ကျား၏ အရှိန်က တဖြည်းဖြည်း နှေးကွေးသွားသော်လည်း သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသည့် ၎င်း၏ မျက်လုံးများကမူ လဲ့ချန်ထံသို့သာ စူးစိုက်ကြည့်နေဆဲဖြစ်၏။

လဲ့ချန်က လက်ထဲမှ အမဲလိုက်သေနတ်ကို အကဲခတ်ကြည့်လိုက်ရာ နှလုံးသားထဲတွင် မတင်မကျ ဖြစ်သွားသည်။ ကျည်ဆန်က ကုန်လုနီးပါး ဖြစ်နေပြီ။

“အစ်ကိုမင်ကျီ... မင်း တောင့်ခံနိုင်သေးရဲ့လား..."

သူက အံကြိတ်၍ အမောဖြေရင်း မေးလိုက်၏။

မလှမ်းမကမ်းတွင် ရပ်နေသော ချန်မင်ကျီက သူ့ဒဏ်ရာကို လက်တစ်ဖက်ဖြင့် ဖိထားပြီး အခြားလက်တစ်ဖက်က ဓားကို ဝှေ့ယမ်းကာ ပြန်ပြောလိုက်သည်။

“ငါ အဆင်ပြေတယ်... မင်းသာ ဒဏ်ရာမရအောင် သတိထားပါ..."

လဲ့ချန်က မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီး ကျည်ဆန်ကို ကမန်းကတန်း ထည့်သွင်းကာ နောက်ဆုံးကျည်ဆန် အနည်းငယ်ကို ပြောင်းဝထဲသို့ တွန်းပို့လိုက်၏။ ထို့နောက် ကျား၏ ရင်ဘတ်ကို တည့်တည့်ချိန်၍ မဆိုင်းမတွပင် မောင်းဖြုတ်လိုက်တော့သည်။

“သေစမ်း... သားရဲကောင်...”

နောက်ဆုံး ကျည်ဆန်က ကျား၏ ပခုံးကို ဖောက်ဝင်သွား၏။

ထိုသားရဲကြီးမှာ ယိမ်းထိုးသွားပြီးနောက် မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားကာ တစ်ချက်၊ နှစ်ချက် တွန့်လိမ်ပြီးနောက် လှုပ်ရှားမှု မရှိတော့ချေ။

လဲ့ချန်က မတ်တတ်ရပ်၍ နဖူးမှ ချွေးများကို သုတ်ကာ သက်ပြင်းချလျက် ဆိုလိုက်သည်။

“နောက်ဆုံးတော့ ပြီးသွားပြီ...”

သို့သော်လည်း သူ အမောမဖြေနိုင်သေးခင်မှာပင် ဂျွတ်ခနဲ အသံတစ်ချက် ထွက်ပေါ်လာ၏။

ထောင်ချောက်ထဲတွင် မိနေသော အခြားသားရဲတစ်ကောင်က ရုန်းထွက်လွတ်မြောက်သွားပြီး ဒဏ်ရာရထားသည့် ခန္ဓာကိုယ်ဖြင့် သူ့ထံသို့ တစ်ဟုန်ထိုး ထပ်မံ ခုန်အုပ်လာပြန်သည်။

လက်ထဲမှ သေနတ်က ကျည်ဆန်ကုန်နေပြီ ဖြစ်သဖြင့် ၎င်းကို ရှင်းပြရန်ပင် အခွင့်အရေး မရှိတော့ချေ။

လဲ့ချန်က လေပူတစ်ချက် မှုတ်ထုတ်၍ အော်ဟစ်လိုက်သည်။

“အစ်က်ုမင်ကျီ... ယွမ်ပေါင်... လမ်းဖယ်ကြ... ဒုတိယတစ်ကောင် လာပြန်ပြီ...”

သူက လျင်မြန်စွာပင် သူ၏ ဓားမကို ဆွဲထုတ်၍ ရှေ့သို့ တိုးဝင်လိုက်၏။

“လာစမ်း... သားရဲကောင်...”

“သတိထားဦး...”

ချန်မင်ကျီက လှမ်း၍ အော်ပြောလိုက်သည်။

ကျားက လေထဲသို့ ခုန်တက်လာရာ လဲ့ချန်က ကမန်းကတန်း တိမ်းရှောင်ပြီး လက်ထဲမှ သံဓားဖြင့် ပါးစပ်ကို ပင့်ခုတ်လိုက်၏။

၎င်း၏ လက်သည်းများက သူ့မျက်နှာကို ကပ်သီလေး ခြစ်မိသွားသည်။

ဤကောင်က ဘာလို့ ဒီလောက်ထိ ဇွဲသန်နေရတာလဲ... သေရမှာ မကြောက်ဘူးလား...။

သူက ခန္ဓာကိုယ်ကို တစ်ပတ်လှည့်၍ ဓားကို ပြန်ဝှေ့ယမ်းကာ ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး ဓားဖျားဖြင့် ကျား၏ ဝမ်းဗိုက်ကို ထိုးစိုက်လိုက်၏။

သွေးများ ပန်းထွက်လာသော်လည်း ၎င်းက အသက်အန္တရာယ် စိုးရိမ်ရလောက်သည့် ပျော့ကွက် မဟုတ်ချေ။

ထိုကျားက ရူးသွပ်သွားသကဲ့သို့ အသည်းအသန် ပြန်လည် တိုက်ခိုက်လာတော့သည်။

ဤတစ်ကြိမ်တွင်မူ လဲ့ချန်က မြေပြင်ပေါ်၌ လိမ့်၍ ရှောင်ကွင်းကာ ဓားဖြင့် ထပ်မံ ခုတ်ပိုင်းလိုက်၏။ ထက်မြက်သော ဓားချက်နှင့် လျင်မြန်သော လှုပ်ရှားမှုများကြောင့် ကျားမှာ ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး မရတော့ချေ။

သို့သော် ကျား၏ ထက်မြက်သော လက်သည်းက သူ့လက်မောင်းကို တည့်တည့်စုတ်ဖြဲသွားသဖြင့် နက်ရှိုင်းသော ဒဏ်ရာတစ်ခု ရရှိသွားသည်။

“အစ်ကိုချန်... ဒဏ်ရာရသွားပြီလား...”

မလှမ်းမကမ်းမှ ယွမ်ပေါင်၏ နှလုံးသားမှာ လည်ချောင်းဝထိ ဆောင့်တက်လာရ၏။

လဲ့ချန်က လက်ကို ကမန်းကတန်း ဝှေ့ယမ်းပြကာ အားတင်း၍ ဆိုလိုက်သည်။

“အရိုးမထိရင် ဘာမှညည်းတွားမနေနဲ့...”

ကျားက ခြေတစ်ဖက်ဖြင့် ခုန်ဆတ်နေပြီး လဲ့ချန်က ဘေးသို့ တိမ်းရှောင်လိုက်၊ ဘေးဘက်မှနေ၍ ဓားဖြင့် ခုတ်ပိုင်းလိုက်နှင့် အညှာတာမရှိ တိုက်ခိုက်နေ၏။

ကျားကြီးမှာ အချက်ပေါင်းများစွာ လွဲချော်သွားသဖြင့် ခွန်အားများ ကုန်ခမ်းလာသည်။

၎င်းက ခြေလှမ်းများ ယိမ်းထိုးလျက် နောက်ဆုံး ခွန်အားကို အသုံးပြု၍ လဲ့ချန်ထံသို့ ခုန်အုပ်လိုက်ပြန်၏။

ထိုအခိုက်၌ လဲ့ချန်က အခွင့်အရေးကို အရယူကာ လက်ထဲမှ ဓားကို ကျား၏ လည်ပင်းတည့်တည့်သို့ အားကုန် ထိုးစိုက်ပစ်လိုက်သည်။

“သေစမ်း...”

ကျားက နောက်ဆုံး ညည်းတွားသံ တစ်ချက်ကို ထုတ်ဖော်၍ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့၏။

လဲ့ချန်က ဓားကို မြေကြီးတွင် ထောက်၍ အမောတကော အသက်ရှူနေရသည်။

သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သောအခါ လက်မောင်းနှင့် ပခုံးများတွင် ဒဏ်ရာ အနည်းငယ် ရရှိထားသော်လည်း ကံကောင်းထောက်မစွာဖြင့် အရေးကြီးသော အင်္ဂါများကိုမူ မထိခိုက်ချေ။

“အစ်ကိုချန်... အဆင်ပြေရဲ့လား... တောင့်ခံနိုင်သေးလား...”

ယွမ်ပေါင်က သစ်ပင်နောက်မှ ခေါင်းပြူးကြည့်ကာ မျက်နှာငယ်လေးဖြင့် မေးရှာသည်။

“မသေနိုင်ပါဘူး... ဒဏ်ရာအသေးအဖွဲတင်ပါ...”

ယွမ်ပေါင်က အံ့အားသင့်လျက် ရေရွတ်လိုက်၏။

“အစ်ကိုချန်က ဒီကျားထက်တောင် ပိုပြီး ရက်စက်သေးတယ်...”

“ကဲ... တော်တော့... ဒီသားရဲကောင် နှစ်ကောင်ကို အခုချက်ချင်း ရွာထဲ ပြန်သယ်ကြမယ်... ဒီညတော့ ဘယ်သူမှ နားရမှာ မဟုတ်ဘူး...”

အဖွဲ့ဝင် လူငယ်အချို့က ကမန်းကတန်း အလုပ်စကြပြီး ကျားနှစ်ကောင်ကို တုတ်ထူထူများဖြင့် ချည်နှောင်ရန် အတော်လေး အားထုတ်လိုက်ရ၏။

ကျားကို ထမ်းလာကြသည့် လူတိုင်းမှာ မျက်နှာများ နီမြန်းလျက် အမောတကော ဖြစ်နေကြသည်။

ဤကျားက နွားသိုးတစ်ကောင်နီးပါး လေးလံလှပေသည်။

သူတို့ တောင်ပေါ်မှ ဆင်းလာကြစဉ် ထိုသတင်းက ရွာထဲသို့ အလျင်အမြန် ပျံ့နှံ့သွား၏။

သတင်းကြားကြားချင်းပင် ရွာသားအများအပြားက အလုပ်များကို ပစ်ချ၍ မည်သို့သော အရာလဲဟု ဝိုင်းဝန်း ကြည့်ရှုကြတော့သည်။

လူကြီး၊ လူငယ်မရွေး ထိုကြီးမားလှသော ကျားအလောင်းကြီး နှစ်ခုကို မျက်လုံးအစုံ ပြူးလျက် စိုက်ကြည့်နေကြ၏။

“ဘုရားရေ... ချန်ဇီက ချင်လင်တောင်ကြောက ဘုရင်ကို သတ်ပစ်လိုက်တာပဲ...”

“သေနတ် ကျည်ဆန် ကုန်သွားတယ်လို့ ကြားတယ်... နောက်ဆုံး ဓားနဲ့ပဲ ပွဲသိမ်းလိုက်တာတဲ့... တကယ့်ကို အံ့ဩဖို့ကောင်းတယ်...”

“မထင်ရဘူး... လဲ့ချန်က အမြဲတမ်း ပေါ့ပေါ့ပါးပါးနေတတ်ပေမဲ့ တကယ့်ကို ပညာရှင်ပဲ...”

လဲ့ချန်က နှလုံးသားထဲတွင် တိတ်တဆိတ် ဝမ်းသာပီတိ ဖြစ်နေရသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်စွာဖြင့် လက်ကို ဝှေ့ယမ်းကာ ပြုံးလိုက်၏။

“ကံကောင်းလို့ပါ...”

ရွာထဲသို့ ဝင်ဝင်ချင်းပင် ရင်းနှီးနေသော အော်ဟစ်သံများကို ကြားလိုက်ရသည်။

လဲ့အားကော်က စိတ်လှုပ်ရှားစွာ ပြေးလာပြီး သတင်းကောင်း ပြောရှာ၏။

“အစ်ကိုချန်... ခေါင်းဆောင်ဝေ့တို့ လူစုကို ကျွန်တော်တို့ ရှင်းပစ်လိုက်ပြီ... အခုတော့ သူတို့ ပြဿနာမရှာရဲတော့ဘူး...”

“ကောင်းတယ်... ကောင်းတယ်... မင်းတို့က အစ်ကို့ကို မျက်နှာပွင့်အောင် လုပ်ပေးတာပဲ...”

လဲ့ချန်က ခေါင်းညိတ်၍ အားကော်နှင့် ထျဲ့တန်တို့၏ ပခုံးကို ပုတ်ပေးလိုက်၏။

ရွာသားများက ထိုစကားကို ကြားသောအခါ ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။

သူရဲကောင်း... ကောင်းကင်က စေလွှတ်လိုက်တဲ့ သူရဲကောင်းပဲ...။

ထိုအခိုက်အတန့်တွင် လဲ့ချန်က ရွာရှိ အမျိုးသားများ၏ စံပြပုဂ္ဂိုလ် ဖြစ်သွားရတော့သည်။

“ချန်ဇီ... ရော့... ဒါက လယ်ကွင်းထဲက ခူးလာတဲ့ ဆေးပင်တွေပဲ... သွေးတိတ်စေပြီး ဒဏ်ရာတွေအတွက် ကောင်းတယ်...”

အဒေါ်ကျန်းက ဆေးပင်တစ်ဆုပ်ကို ဆွဲယူ၍ လဲ့ချန်ထံသို့ ကမ်းပေးလိုက်၏။

“မြန်မြန် မြည်းစမ်းကြည့်ဦး... ငါ့ရဲ့ ဒီအရက်အိုးက သုံးနှစ်ရှိပြီ... ဒီနေ့တော့ ကောင်းကောင်း အောင်ပွဲခံရမယ်...”

ဝမ်လောင်ဆန်းက အရက်အိုးကို မကာ လျှောက်လာသည်။

“လဲ့ချန်... ဒီကြက်မကြီးကို ယူသွားဦး... ဒီည အဒေါ်က မင်းအတွက် စွပ်ပြုတ်လုပ်ပေးမယ်... အားရှိသွားအောင်လို့...”

အဒေါ်လဲ့က လှုပ်လှုပ်ရှားရှား ဖြစ်နေသည့် ကြက်မကြီးတစ်ကောင်ကို သူ့လက်ထဲသို့ အတင်း ထည့်ပေး၏။

လဲ့ချန်က အားနာစွာဖြင့် ငြင်းပယ်ရန် ပြင်လိုက်သည်။

“အဒေါ်လဲ့... ဒါက... မသင့်တော်ပါဘူး...”

“ဘာမသင့်တော်ရမှာလဲ... မင်းသာမရှိရင် ငါတို့ရွာက လူဘယ်နှယောက်တောင် ဒုက္ခရောက်ဦးမလဲ မသိဘူး...”

အဒေါ်လဲ့က စကားကို ဖြတ်၍ ကြက်မကို လဲ့ချန်၏ လက်ထဲသို့ အတင်း ထိုးထည့်ပေးလိုက်တော့၏။

“ဟုတ်ပါတယ်... လဲ့ချန်က ကျွန်တော်တို့ရဲ့ သူရဲကောင်းကြီးပဲ...”

ပတ်ဝန်းကျင်ရှိ ရွာသားများကလည်း ထောက်ခံကြသည်။

“အားမနာပါနဲ့... ဒီနေ့ လဲ့ချန်အတွက် အောင်ပွဲခံ ညစာစားပွဲ လုပ်ကြမယ်...”

တစ်ယောက်ယောက်က အော်ဟစ်လိုက်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး သက်ဝင်လှုပ်ရှားသွားတော့သည်။

ဝင်းထဲတွင် စကားသံများဖြင့် ဆူညံနေပြီး လူတိုင်းက ထိုနေ့က အကြောင်းကိုသာ ပြောဆိုနေကြ၏။

အချို့က မီးမွှေး၍ ချက်ပြုတ်နေကြပြီး အချို့က ဝင်းကို တံမြက်စည်းလှည်းကာ အချို့က စားပွဲ၊ ကုလားထိုင်များကို ရွှေ့ပြောင်းနေကြသဖြင့် အားလုံးက ပျော်ရွှင်စွာ အလုပ်ရှုပ်နေကြသည်။

လဲ့ချန်က ဒဏ်ရာများကို ကမန်းကတန်း ဆေးကြောပြီး အိမ်ထဲသို့ ပြန်ဝင်လာ၏။

ချီလန်က သူမ၏ ခင်ပွန်းတွင် ဒဏ်ရာများ ပြည့်နှက်နေသည်ကို မြင်သောအခါ စိတ်မကောင်းဖြစ်ကာ မျက်ရည်များ ဝဲလာပြီး ရေနွေးကို ကမန်းကတန်း ပြင်ဆင်ပေးရှာသည်။

“ရှင်ကတော့ တကယ့်ကို အသက်နဲ့ လဲတာပဲ... ကျားနှစ်ကောင်နဲ့ တိုက်ဖို့ ဒီလောက်ထိ ဖြစ်ရလား...”

လဲ့ချန်က ဇနီးသည်၏ လက်ကို ဆွဲ၍ ညင်သာစွာ ဆိုလိုက်သည်။

“ဘာမှမဖြစ်ပါဘူး... ဒဏ်ရာအသေးအဖွဲတင်ပါ... စိုးရိမ်စရာမရှိပါဘူး...”

ထို့အပြင် ဒီကျားနှစ်ကောင်က ငွေအတော်ရနိုင်တာမို့ ငါတို့မိသားစု အကြာကြီး သက်တောင့်သက်သာ နေနိုင်တော့မယ်...။

သူမ၏ သမီးငယ်လေး ရှောင်ရှောင်ကလည်း ဖခင်ဖြစ်သူ၏ အနားတွင် ဝဲလည်ဝဲလည် လုပ်နေပြီး လက်ဖက်ရည် ကမ်းပေးကာ ခြေထောက်များကို နှိပ်ပေးရှာ၏။

“အဖေက တကယ့်ကို သတ္တိရှိတာပဲ... သမီး မြင်ဖူးသမျှထဲမှာ အတော်ဆုံးပဲ...”

နောက်တစ်နေ့ မနက်တွင် ကြက်မတွန်မီမှာပင် လဲ့ချန်က အိပ်ရာမှ နိုးလာခဲ့တော့သည်။

အခန်း (၂၃၈) တစ်ညတွင်းချင်း သူဌေးဖြစ်သွားခြင်း

တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသော်လည်း ကံကောင်းထောက်မစွာဖြင့် စိတ်လက်ပေါ့ပါးလန်းဆန်းနေဆဲပင်ဖြစ်၏။

“လဲ့အားကော်... ထျဲ့တန်...”

လဲ့ချန်က အော်ခေါ်လိုက်သည်။

လဲ့အားကော်က အိပ်ချင်မူးတူးမျက်လုံးများကို ပွတ်သပ်ရင်း ပြေးထွက်လာ၏။

“လာပြီ... လာပြီ... အစ်ကိုကြီး... ဘာလို့ ဒီလောက်တောင် စောနေရတာလဲ...”

ထျဲ့တန်သည်လည်း လျှော်ကြိုးတစ်ခွေကို ထမ်းပိုး၍ ရောက်ရှိလာသည်။

“ကျွန်တော် ဝက်တွေကို အစာကျွေးပြီးတာနဲ့ ကြိုးကို အသင့်ပြင်ထားတာ...”

သူတို့ သုံးယောက်စလုံးက ညီညီညွတ်ညွတ်ဖြင့် ကျားဘုရင်နှစ်ကောင်ကို လှည်းပေါ်သို့ အားစိုက်ဆွဲတင်ပြီး လျှော်ကြိုးဖြင့် သေသေချာချာ တုပ်နှောင်လိုက်ကြ၏။

လှည်းဘီးမှာ အလေးချိန်ကြောင့် တကျိကျိနှင့် မြည်ဟည်းနေပြီး လဲ့အားကော်နှင့် ထျဲ့တန်တို့က ရှေ့မှဆွဲ၊ နောက်မှတွန်းနှင့် အသည်းအသန် အားစိုက်နေကြရသလို လဲ့ချန်ကလည်း အလယ်မှနေ၍ လှည်းကို ထိန်းမတ်ပေးထားရသည်။

“အမလေး... ကြည့်စမ်းပါဦး... ဟိုကျားကြီးက အကြီးကြီးပဲ...”

လမ်းလျှောက်လာသည့် ရွာသားတစ်ဦးဖြစ်သော အဘွားဝမ်က အံ့အားသင့်တကြီး ရေရွတ်လိုက်၏။

“ဟုတ်ပတ်တော်... အဲဒီသွားတွေက ငါ့အိုးထက်တောင် ကြီးသေးတယ်...”

အဒေါ်ကျန်းသည်လည်း အနားသို့ တိုးကပ်၍ လှမ်းမျှော်ကြည့်လိုက်သည်။

ခရိုင်မြို့သို့ ရောက်ရှိလာသောအခါ လမ်းမထက်တွင် လူသူများဖြင့် စည်ကားသိုက်မြိုက်နေပြီဖြစ်ရာ လဲ့ချန်က တောင်ပိုင်းမြို့တော် သားရေပစ္စည်းဆိုင်သို့ တန်းတန်းမတ်မတ် ဦးတည်လိုက်၏။

မန်နေဂျာလီက လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ဝမ်းသာအားရ ကြိုဆိုရန် ထွက်လာပြီး သူ့မျက်လုံးများက လှည်းပေါ်မှ ကျားကြီးများထံသို့သာ စူးစိုက်ကျရောက်နေသည်။

“ဘုရားရေ... ညီလေးလဲ့... မင်းလက်ရာက တကယ့်ကို အံ့မခန်းပဲ... သားရေက တစ်ချက်ကလေးမှ မပျက်စီးဘူး... အမွှေးအမျှင်တွေကလည်း လှပလွန်းတယ်... သွားတွေရော လက်သည်းတွေရော အစုံအလင်ပဲ...”

လဲ့ချန်က ကမန်းကတန်း ချောင်းဟန့်၍ စကားဖြတ်လိုက်၏။

“မန်နေဂျာလီ... အရင်ဆုံး အလုပ်ကိစ္စကိုပဲ ပြောကြရအောင်...”

“အင်း... ညီလေးလဲ့... ဒီလိုလုပ်ရင် ဘယ်လိုလဲ... ငါ တစ်ထောင့်နှစ်ရာ ပေးမယ်... ပြီးခဲ့တဲ့တစ်ခေါက်ထက် သုံးရာ ပိုတိုးပေးတာနော်...”

“မန်နေဂျာလီ... မင်းက အတော်လေး ကတ်သီးကတ်သတ်နိုင်တာပဲ...”

ချမ့်သိုသို့က ဝိုင်းစက်နေသော ဗိုက်ကြီးကို ရှေ့သို့ပင့်၍ ကြွက်သားထွားကျိုင်းသော တပည့်နှစ်ယောက်ကို ခေါ်ဆောင်ကာ ခန့်ခန့်ညားညား လျှောက်လှမ်းဝင်ရောက်လာ၏။

“ဒီလောက် ကောင်းမွန်တဲ့ သားရေက အနည်းဆုံး နှစ်ထောင်တော့ တန်တယ်... ညီလေးလဲ့ချန်... ငါ့ကိုပဲ ရောင်းပါ... ငါ နှစ်ထောင်နှစ်ရာ ပေးမယ်...”

မန်နေဂျာလီ၏ မျက်နှာက ဒေါသကြောင့် တစ်မုဟုတ်ချင်း နီမြန်းသွားသည်။

“ဝတုတ်ချမ့်... မင်း ငါ့စီးပွားရေးကို လာပိတ်တာလား...”

“ဘာလို့ ရန်ဖြစ်နေကြတာလဲ... ပြီးခဲ့တဲ့တစ်ခေါက်က အလှည့်ကျ လုပ်ကြမယ်လို့ ကတိပေးထားပြီးသားလေ... ဒီတစ်ခေါက် ငါ့အလှည့်ပဲ...”

“ပေါက်ကရတွေ... ငါ အရင်မြင်တာ...”

မန်နေဂျာလီက ချမ့်သိုသို့၏ နှာခေါင်းကို လက်ညှိုးထိုး၍ ဒေါသတကြီး အော်ငေါက်လိုက်၏။

“မင်း ဘယ်သူ့ကို လေပူမှုတ်တယ်လို့ ပြောတာလဲ...”

ချမ်က မန်နေဂျာလီကို ဘေးသို့ တွန်းဖယ်ပစ်လိုက်သည်။

သူတို့ နှစ်ယောက်စလုံးက လက်သီးချင်း၊ ခြေသိုင်းချင်း ဖလှယ်၍ လုံးထွေးသတ်ပုတ်ကြသဖြင့် ဆိုင်တစ်ခုလုံး ဗောင်းဗန်းလန်အောင် ရှုပ်ထွေးသွားတော့သည်။

လဲ့ချန်က ဤအခြေအနေကို မြင်သောအခါ ကမန်းကတန်း ဝင်ရောက်ဖြန်ဖြေပေးလိုက်၏။

“သူဌေးနှစ်ယောက်စလုံး ရန်မဖြစ်ကြပါနဲ့... မိတ်ပျက်ရုံပဲ ရှိလိမ့်မယ်... ဒီလိုလုပ်ရင် ဘယ်လိုလဲ... ငါတို့ ဒီနေရာတင်ပဲ လေလံဆွဲကြမယ်... ဈေးအမြင့်ဆုံး ပေးနိုင်တဲ့သူကို ရောင်းမယ်...”

မန်နေဂျာလီနှင့် ချမ့်သိုသို့တို့က တစ်ယောက်ကိုတစ်ယောက် စောင်းငဲ့ကြည့်လိုက်ကြပြီး ယုံကြည်ချက်အပြည့်ရှိသော အပြုံးကိုယ်စီ ပြုံးလိုက်ကြ၏။

မန်နေဂျာလီက လက်များကို ပွတ်သပ်၍ အော်လိုက်သည်။

“ဒါဆိုလည်း ပြီးတာပဲ... ငါ သုံးထောင် ပေးတယ်...”

“သုံးထောင်ငါးရာ...”

ချမ့်သိုသို့က အတုံ့အဆိုင်းမရှိ ဈေးကို ချက်ချင်း မြှင့်လိုက်၏။

“လေးထောင်...”

“လေးထောင်ငါးရာ...”

သူတို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မလျှော့စတမ်း ဈေးပြိုင်ပေးနေကြသဖြင့် ကုန်စျေးနှုန်းမှာ တရိပ်ရိပ် တက်လှမ်းသွားတော့သည်။

ဆိုင်တစ်ခုလုံးတွင်လည်း ဈေးပြိုင်ပွဲကို ရင်တသပ်သပ်ဖြင့် စောင့်ကြည့်နေကြသော ဘေးလူများဖြင့် ပြည့်နှက်နေပြီ ဖြစ်၏။

“ငါးထောင်...”

မန်နေဂျာလီက အံကြိတ်၍ အော်ဟစ်လိုက်ရာ သူ့နဖူးပြင်ထက်တွင် ချွေးစေးများပင် စိမ့်ထွက်လာချေပြီ။

“ငါးထောင်နှစ်ရာ...”

ချမ့်သိုသို့၏ မျက်နှာမှာလည်း ရဲရဲနီနေတော့သည်။

ထိုသို့ အခြေအနေ တင်းမာနေဆဲတွင်ပင် လိုက်ကာက ပွင့်သွားပြီး ရွှေရောင်မျက်မှန်တပ်ထားသော အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး လျှောက်လှမ်းဝင်ရောက်လာ၏။

သူသည် ကျုံးရှန်ဝတ်စုံကို စမတ်ကျကျ ဝတ်ဆင်ထားပြီး တည်ငြိမ်ရင့်ကျက်သော အမူအရာ ရှိကာ သူ့နောက်တွင်လည်း စက်ကိရိယာများကို သယ်ဆောင်ထားသည့် လူငယ်အချို့ လိုက်ပါလာကြသည်။

ဆိုင်တစ်ခုလုံး တစ်ခဏချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားတော့၏။

ထိုအလယ်အလတ်အရွယ် အမျိုးသားက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

“မင်္ဂလာပါ ရဲဘော်တို့... ငါက မြို့တော် သဘာဝသမိုင်းပြတိုက်က ဒါရိုက်တာကျန်းဖြစ်ပါတယ်... ဒီနေရာမှာ ရှားပါးတဲ့ ဆိုက်ဘေးရီးယား ကျားဘုရင် နှစ်ကောင် ရှိနေတယ်လို့ ကြားလို့ပါ...”

သူ့မျက်လုံးများက ကျားနှစ်ကောင်ပေါ်သို့ ကျရောက်သွားသောအခါ အံ့အားသင့်မှုကို မဖုံးကွယ်နိုင်တော့ချေ။

“တကယ့်ကို ထိပ်တန်းအဆင့် နမူနာပဲ... အရွယ်အစားကော၊ အမွှေးအမျှင် အရောင်အသွေးကော စင်းလုံးချောပဲ...”

“လူငယ်လေး... ငါတို့ပြတိုက်က ဆိုက်ဘေးရီးယား ကျားဘုရင် ကာကွယ်စောင့်ရှောက်ရေး အထူးပြပွဲအတွက် ပြင်ဆင်နေတာ... ဒီလိုအရည်အသွေးမြင့်တဲ့ နမူနာမျိုး တကယ့်ကို အရေးတကြီး လိုအပ်နေတာပါ... မင်း သဘောက ဘယ်လိုလဲ...”

မန်နေဂျာလီနှင့် ချမ့်သိုသို့တို့၏ အမူအရာများ ကမန်းကတန်း ပြောင်းလဲသွားကြ၏။

ပြတိုက်ဆိုတာ ဘာလဲ။

ယင်းက အစိုးရပိုင် တရားဝင်အဖွဲ့အစည်း မဟုတ်ပါလား။

ဒါရိုက်တာကျန်းက ပြုံးလျက် ဆိုလိုက်သည်။

“ငါတို့ ဒီကျားနှစ်ကောင်ကို ယွမ်တစ်သောင်း ပေးပြီး ဝယ်ပါရစေ... ဘယ်လိုလဲ...”

ဤစကားကြောင့် ဆိုင်တစ်ခုလုံးတွင် သောသောညံအောင် ဆူပူအုတ်အော်မှုများ ဖြစ်ပွားသွားတော့သည်။

တစ်သောင်း။

ဤသည်က သာမန်အိမ်ထောင်စုတစ်ခုရဲ့ သုံးလေးနှစ်စာ ဝင်ငွေနှင့် ညီမျှသည် မဟုတ်ပါလား။

မန်နေဂျာလီနှင့် ချမ့်သိုသို့တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ဘက်လူ၏ မျက်လုံးထဲမှ မတတ်သာသည့် စိတ်ပျက်မှုကို ဖတ်လိုက်မိကြသည်။

သူတို့အနေဖြင့် ဤအစိုးရလုပ်ငန်းကို မပြိုင်ဆိုင်နိုင်ချေ။

“အပေးအယူ တည့်ပါပြီ...”

လဲ့ချန်က ဝမ်းသာအားရဖြင့် အတုံ့အဆိုင်းမရှိ သဘောတူလိုက်၏။

ထိုယွမ်တစ်သောင်းကို လက်ဝယ်ပိုင်ဆိုင်လိုက်ရသဖြင့် သူ့စိတ်ထဲတွင် အတိုင်းထက်အလွန် ပျော်ရွှင်နေမိသည်။

ဤသည်က သူ ရှာဖွေခဲ့ဖူးသမျှ အများဆုံးသော ငွေပမာဏဖြစ်ပြီး မိသားစုတစ်ခုလုံးကို ကောင်းမွန်စွာ ထောက်ပံ့ထားနိုင်ရန် လုံလောက်ပေသည်။

သူက ငွေအများစုကို အပ်နှံသိမ်းဆည်းထားပြီး ပစ္စည်းအချို့ ဝယ်ယူရန်အတွက်သာ ငွေအနည်းငယ်ကို ချန်ထားလိုက်၏။

သူတို့ သုံးယောက်စလုံးက စိတ်လှုပ်ရှားစွာဖြင့် ထောက်ပံ့ရေးနှင့် ဈေးကွက်ရှာဖွေရေး သမဝါယမသို့ ရောက်ရှိလာကြသည်။

“အရင်ဆုံး ငါ့ဇနီးအတွက် အဝတ်သစ်တစ်စုံ ဝယ်ရမယ်...”

သူက တောက်ပသော ဇီးပန်းပွင့်ပုံစံ အင်္ကျီကို ရွေးချယ်လိုက်ပြီး သမီးငယ်လေးအတွက်လည်း သားရေဖိနပ်အသစ်တစ်စုံ ဝယ်ပေးလိုက်၏။

ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် လဲ့ချန်က ရေဒီယိုတစ်ခုကို တွေ့ရှိသွားသည်။

ရွာထဲတွင် တပ်မဟာခေါင်းဆောင်၏ အိမ်၌သာ ရေဒီယိုရှိပြီး ညစဉ်ညတိုင်း ရွာသားများက ထိုအိမ်တွင် စုရုံးကာ ရေဒီယိုနားထောင်လေ့ရှိသည်ကို သူ မှတ်မိနေ၏။

ယခုအခါ မိမိမိသားစုအတွက် ကိုယ်ပိုင်တစ်ခု ဝယ်ယူနိုင်ပြီဖြစ်ရာ လဲ့ချန်က အလွန် ပျော်ရွှင်နေမိသည်။

“စက်ဘီးတစ်စီးလည်း ထပ်ဝယ်ရမယ်... ဒါမှ မြို့ထဲသွားရင် ပိုပြီး အဆင်ပြေမှာ...”

ထာဝရတံဆိပ် စက်ဘီးအသစ်စက်စက်တစ်စီးကို ရွေးချယ်ပြီးနောက် လဲ့ချန်သည် နေ့စဉ်သုံးပစ္စည်းအချို့ကိုလည်း ဝယ်ယူလိုက်၏။

နောက်ဆုံးတွင် သူက မိမိအတွက် ဆေးတံတစ်ချောင်းကိုပါ ဝယ်ယူလိုက်သေးသည်။

သူက ပုံမှန်အားဖြင့် ဆေးလိပ်မသောက်တတ်သော်လည်း ဤဆေးတံကို ကိုင်ဆောင်ထားခြင်းဖြင့် ရွာထဲတွင် သူ့အဆင့်အတန်းကို ပိုမိုမြင့်မားစေမည်ဟု လဲ့ချန် ခံစားနေရသောကြောင့် ဖြစ်၏။

ဝယ်ယူမှုများ ပြီးဆုံးသွားသောအခါ လဲ့ချန်က ပစ္စည်းမျိုးစုံကို သယ်ပိုး၍ အိမ်သို့ ပြန်လာခဲ့သည်။

စက်ဘီးကို တွန်းလာရင်း လက်ကိုင်တွင်လည်း အထုပ်ကြီးအထုပ်ငယ်များ အစီအရီ ဆွဲချိတ်ထား၏။

လမ်းတွင် တွေ့သမျှ ရွာသားများက ခြေလှမ်းများကို ရပ်တန့်၍ သူ၏ စက်ဘီးအသစ်နှင့် လက်ကိုင်တွင် ဆွဲထားသော အထုပ်အပိုးများကို စူးစမ်းလိုစိတ်ဖြင့် ဝိုင်းအုံကြည့်ရှုကြသည်။

တစ်ယောက်ယောက်က မနေနိုင်ဘဲ မေးမြန်းလိုက်၏။

“လဲ့ချန်... မင်း အကြီးအကျယ် ချမ်းသာသွားတာလား...”

လဲ့ချန်က ပြုံး၍ ပြန်လည်ဖြေကြားလိုက်သည်။

“အားလုံးရဲ့ ကျေးဇူးကြောင့်ပါပဲ... ငါ ကျားနှစ်ကောင် ရောင်းရလို့ ငွေအနည်းငယ် ရလာတာ...”

ရွာသားများက သုံးယောက်တစ်စု၊ ငါးယောက်တစ်စုဖြင့် ဤအကြောင်းကို တီးတိုးပြောဆိုနေကြတော့သည်။

အချို့က မနာလိုဖြစ်ကြပြီး၊ အချို့က အံ့ဩနေကြသလို၊ အချို့ကလည်း လဲ့ချန်၏ သတ္တိကို ချီးကျူးနေကြ၏။

“လဲ့ချန်က တကယ့်ကို သတ္တိရှိတာပဲ... ကျားကြီးနဲ့ တိုက်ခိုက်ဝံ့တယ်...”

“ဟုတ်တယ်... အဲဒီကျားက အတော်လေး ရက်စက်တာ... သူ့ကိုတောင် ပြန်ကိုက်မလို့ ဖြစ်သွားတာတဲ့...”

“သူကတော့ တစ်ညတွင်းချင်း သူဌေးဖြစ်သွားတာပဲ... သူ ဝယ်လာတဲ့ ပစ္စည်းတွေကို ကြည့်စမ်းပါဦး... မြို့သားတွေပဲ ဝယ်နိုင်တဲ့ အရာတွေ...”

အချို့က လဲ့ချန်၏ ကံကောင်းမှုကို မနာလိုဖြစ်နေကြသော်လည်း ရွာသားအများစုကမူ သူ့အတွက် ဝမ်းသာပေးကြသည်။

အဘယ်ကြောင့်ဆိုသော် ဤဆင်းရဲနွမ်းပါးသော တောင်ပေါ်ရွာလေးတွင် တစ်စုံတစ်ယောက်က ထူးချွန်ထွက်မြောက်သွားခြင်းသည် လူတိုင်းအတွက် မျှော်လင့်ချက်ကို ဆောင်ကြဉ်းပေးနိုင်သောကြောင့် ဖြစ်၏။

အိမ်သို့ ပြန်ရောက်သောအခါ လဲ့ချန်က သူ့ဇနီးကို ပြသရန်အတွက် မစောင့်ဆိုင်းနိုင်တော့ချေ။

“မိန်းမ... ကြည့်စမ်း... ငါ မင်းအတွက် ဘာဝယ်လာလဲလို့...”

ချီလန်က အံ့ဩတကြီးဖြင့် မျက်လုံးအစုံကို ဝိုင်းစက်သွားပြီး အဝတ်အစားများကို ဂရုတစိုက် လှမ်းယူကာ နူးညံ့သောအထည်ကို မြတ်မြတ်နိုးနိုး သုံးသပ်နေမိသည်။

“ဒါ... ဒါတွေက ဘယ်လောက်တောင် ပေးရလဲ...”

“ဒါတွေ အသာထားပါ... အရင်ဆုံး ဝတ်ကြည့်လိုက်ဦး...”

လဲ့ချန်က ပြုံး၍ တိုက်တွန်းလိုက်၏။

ချီလန်က ရှက်ပြုံးလေးဖြင့် အခန်းထဲသို့ ဝင်၍ အဝတ်အစားသစ်ကို လဲလှယ်ဝတ်ဆင်လိုက်သည်။

သူမ ပြန်လည်ထွက်ခွာလာသောအခါ တစ်ကိုယ်လုံး သစ်လွင်တောက်ပနေတော့၏။

ဇီးပန်းပွင့်ပုံစံအင်္ကျီက သူမ၏ နူးညံ့သိမ်မွေ့သော အမူအရာကို ပိုမိုပေါ်လွင်စေပြီး အသက်အပိုင်းအခြားကိုပင် နှစ်အနည်းငယ်မျှ ငယ်ရွယ်သွားစေသကဲ့သို့ ရှိသည်။

“လှတယ်... အရမ်းလှတာပဲ...”

ရှောင်ရှောင်က အပြင်တွင် ခေတ္တမျှ ဆော့ကစားပြီးနောက် အိမ်သို့ ပြေးဝင်လာရာ မိခင်ဖြစ်သူ၏ အဝတ်အစားသစ်ကို ချက်ချင်း သတိပြုမိသွားသည်။

“အမေ... အမေက အရမ်းလှတာပဲ...”

လဲ့ချန်၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ဖြတ်သန်းသွားပြီး သမီးငယ်လေးထံသို့ သားရေဖိနပ်အသစ်ကို ကမ်းပေးလိုက်၏။

“သမီးလေး... ကြည့်စမ်း... အဖေက သမီးအတွက် ဝယ်လာတာ...”

ရှောင်ရှောင်က အတိုင်းထက်အလွန် ဝမ်းသာသွားသည်။ ဖိနပ်အသစ်ကို ကမန်းကတန်း ဝတ်ဆင်ပြီး ခြံထဲတွင် ခုန်ပေါက်ဆော့ကစားနေတော့၏။

လဲ့ချန်က ရေဒီယို၊ စက်ဘီးနှင့် နေ့စဉ်သုံးပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူ၍ ချီလန်ကို ပြသလိုက်သည်။

ချီလန်က စိုးရိမ်တကြီးဖြင့်ဆိုလာ၏။

“ငါတို့ နည်းနည်းလောက် သတိထားကြရင် မကောင်းဘူးလား... ကိုယ့်စည်းစိမ်ကို လျှောက်ပြီး မကြွားသင့်ဘူးနော်...”

လဲ့ချန်က လက်ကို ဝှေ့ယမ်း၍ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

“ဘာကို ကြောက်နေရမှာလဲ... ဒီငွေတွေကို ခိုးယူထားတာလည်း မဟုတ်ဘူး၊ လုယက်ထားတာလည်း မဟုတ်ဘူး... ငါ ကိုယ်တိုင် ရိုးရိုးသားသားနဲ့ တရားဝင် ရှာဖွေထားတာပဲ... ငါတို့မိသားစုက ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ခွင့် ရှိပါတယ်...”

All Chapters