← Chapters

ကောင်းကင်နှင့်မြေကြီး တာအိုက ရက်စက်၏

Vol. 007 Ch. 315

ကောင်းကင်နှင့်မြေကြီး တာအိုက ရက်စက်၏

Vol. 007 Ch. 315

အဘိုးအိုက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။

“ဟင်္သာပြဒါး ဂြိုဟ်လိုမျိုး အနီးနားမှာရှိတဲ့ ဂြိုဟ်တွေမှာလည်း မိုးခေါင်းလောင်းများက အချိန်တစ်ခုမှာ ဖြစ်ပေါ်လိမ့်မယ် ... ”

ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်၏။

“ကောင်းကင်ဘုံ တံခါးပေါက်တွေက ဘယ်အချိန်မှာ ပွင့်မှာလဲ ... ”

အဘိုးအိုကာ ရယ်မောကာ ပြန်မေးလိုက်သည်။

“ဘာလဲ။ မင်းက စိတ်ဝင်စား နေတာလား။ မင်းကျင့်ကြံမှု အဆင့်နဲ့ဆိုရင် အန္တရာယ်များတယ် ဆိုပေမဲ့ ဂရုစိုက်မယ် ဆိုရင်တော့ အရမ်းကြီး စိတ်ပူစရာ မရှိပါဘူး။ တကယ်တော့ မင်း ကျင့်ကြံမှုအဆင့် ပိုသန်မာလေလေ အတားအဆီးကလည်း မင်းအပေါ်မှာ ပိုပြီး သက်ရောက်လေပဲ ... ”

ဝမ်လင်းက ခေါင်းမော့၍ အဘိုးအိုကို ထပ်မေးလိုက်သည်။

“ဘာလို့ အဲဒီလိုဖြစ်ရတာလဲ ... ”

အဘိုးအိုက ဘူးသီးခြောက်ကို ကောက်၍ ဝိုင်တစ်ငုံ သောက်လောက်သည်။ သည့်နောက်သူက နှုတ်ခမ်းသပ်၍ ပြောလိုက်သည်။

“ရှေးဟောင်း ကောင်းကင်ဘုံ နယ်ပယ်က ကွဲတည်သွားပြီး အစိတ်အပိုင်း တစ်ခုစီ တည်ရှိနေတာ။ ကောင်းကင်နဲ့မြေကြီး တာအိုကလည်း ဗရမ်းဗတာ ဖြစ်နေတယ်။ ဒါ့ကြောင့်လည်း စိတ်ဝိညာဉ်စွမ်းအင် ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံး အဆင့်တွေနဲ့ ၎င်းအထက် အဆင့်တွေ ပေါ်လာမယ်ဆိုရင် သူတို့ရဲ့ စိတ်ဝိညာဉ် စွမ်းအင်လှိုင်းတွေကြောင့် ဒီအစိတ်အပိုင်းတွေက ပြိုကျသွားလိမ့်မယ်။ တကယ်တော့ အစိတ်အပိုင်းရဲ့ အရွယ်အစားပေါ် မူတည်ပြီး စိတ်ဝိညာဉ် လှိုင်းတွေကို ခံနိုင်အား ကွာသေးတယ်။ ဒါကြောင့်ပဲ ကောင်းကင်ဘုံ နယ်ပယ်ထဲ ဝင်ရောက်တဲ့လူက သူ့ကိုယ်သူ သတ်မသေချင်ဘူး ဆိုရင် သူတို့စွမ်းအင်ကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်မှာပဲ ထားလိမ့်မယ် ... ”

ဝမ်လင်း စဉ်းစားကြည့်နေရင်း သူ့ခေါင်းထဲသို့ အတွေးများစွာ ဝင်ရောက်လာခဲ့သည်။ အချိန်တစ်ခု ကြာပြီးနောက် သူက ခေါင်းယမ်း၍ ပြောလိုက်သည်။

“စီနီယာက ညကြီးအချိန်မတော် ဂျူနီယာဆီကို လာခဲ့တာက ဒီအကြောင်းတွေ ပြောပြရုံသပ်သပ် မဟုတ်မှာ ဂျူနီယာ စိုးရိမ်မိတယ် ... ”

အဘိုးအိုက ရယ်မော၍ ပြောလိုက်သည်။ လူငယ်လေး။ ဒီအဘိုးကြီးက မင်းကို ငါ ထွက်သွားတော့မယ့် အကြောင်း လာပြောတာ။ ငါမထွက်သွားခင် မင်းက ငါ့ပုံတူကို ဆွဲပေးစေချင်တယ်။ ဒါမှ ငါက ပန်းရောင်ခန်းမက ရှောင်ချူးကို ငါ့ပုံတူ ပေးခဲ့နိုင်လိမ့်မယ်။ အဲဒီကျမှ သူမက ငါ့အကြောင်းကို အမှတ်ရ နေလိမ့်မယ်။ ငါ ဘယ်လောက် ကြည့်ကောင်းလဲ ဆိုတာကို သူမက တွေးမိနေလိမ့်မယ် ... ”

ထိုသို့ပြောပြီးနောက် သူ့အသွင်က ဝမ်းနည်းဟန် ပေါ်နေသော်လည်း အမှန်တော့ အလွန်ဂုဏ်ယူ ဝင့်နေသည့် ဟန်များစွာ ရှိနေ၏။ သူက ဝမ်လင်းကို ကြည့်နေပြီး သူ့ကို ပုံတူဆွဲပေးရန် စောင့်စားလို့ နေတော့၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ အချိန်တစ်ခုကြာမှ သူက သစ်သားစ တစ်ခုကို ယူ၍ ပန်းပုစထွင်းတော့သည်။ သူက ပုံကြမ်းတစ်ခု ရေးခြစ်လိုက် စဉ်မှာပင် အဘိုးအိုက နှာခေါင်းရှုံ့၍ အော်ငေါက်လိုက်၏။

“အဝတ်အစားတွေ မထည့်နဲ့ ... ”

ဝမ်လင်းက ရပ်တန့်လိုက်ပြီး နောက်တစ်ခေါက် အစက ပြန်ထွင်းထု လေသည်။ သူ့လက်ချောင်းများက ဆက်တိုက် လှုပ်ရှားလို့နေ၏။ သိပ်မကြာခင်မှာပင် အရိုး အပြိုင်းပြိုင်းနှင့် အဘိုးအို၏ ပုံပေါ်လာခဲ့သည်။ သည်ပန်းပုက မျောက်ပုံနှင့်ပင် တူလို့နေသေး၏။

သည်ပန်းပုရုပ်က အသက်ဝင်လို့နေပြီး အဘိုးအို မျက်နှာပေါ်ရှိ အရေးကြောင်းများပင် အသေးစိတ် ပါလို့နေသေးသည်။

အဘိုးအိုက ပန်းပုရုပ်ကို ဆွဲယူ၍ သေချာ ကြည့်လိုက်သည်။ သူက သေချာကြည့်လေ မျက်မှောင်ကြီး ပိုကြုတ်မိလာလေပင်။ နောက်ဆုံးတွင်တော့ သူက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။

“ဒါက ဘာကြီးလဲ။ ငါနဲ့လည်း မတူဘူး။ မင်းက ဒီအဘိုးကြီးကို ဘယ်လို မြင်နေလို့လဲ။ မင်းက မျောက်တစ်ကောင် ... မျောက်တစ်ကောင်ကို ရေးထွင်းနေတာလား။ မင်း ... မင်း နားလည်ရဲ့လား ... ”

ထိုသို့ပြောပြီးနောက် အဘိုးအိုက ပန်းပုရုပ်ကို ဘေးသို့ လွှတ်ပစ်လိုက်ပြီး ဝမ်လင်းကို တစ်လုံးချင်း ထပ်ပြောလိုက်၏။

“ဒါက ငါနဲ့ မ တူ ဘူး ... ”

ထိုအခိုက်တွင် အဘိုးအိုက အလွန် လေးနက်လို့နေ၏။ သူ့မျက်လုံး ထဲတွင်လည်း ရူးသွမ်းမှုတချို့ ရှိလို့နေသည်။

ဝမ်လင်းက ဒီဧရိယာရှိ စိတ်ဝိညာဉ် စွမ်းအင်များ ရုတ်တရက် ပြောင်းလဲသွားသည်ကို သတိပြုမိ လိုက်သည်။ ရုတ်တရက် သူက အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်၏။

ဝမ်လင်းက အဘိုးအို၏ ကျင့်ကြံမှုအဆင့်ကို အစတည်းက ခန့်မှန်းကြည့် ခဲ့သော်လည်း အခုအခိုက်တွင် အဘိုးအို၏ ကျင့်ကြံမှုအဆင့်က မြင့်တက်လာပြန်ပြီဟု ခန့်မှန်းမိ လိုက်လေသည်။

သူက အဘိုးအိုကို ကြည့်၍ သစ်သား အပိုင်းတစ်ခုကို ထပ်မံကောက်ယူ လိုက်သည်။ သည်အချိန်တွင် သူ့လက်က ဆက်တိုက် လှုပ်ရှားလို့ နေပြန်သည်။ သူက နောက်ထပ် ပန်းပုရုပ် တစ်ရုပ်ကို ထပ်မံထွင်းထုလို့ နေသည်။

သည်ပန်းပုရုပ်က အလွန်ကြည့်ကောင်း၊ စွဲဆောင်မှု ရှိလို့နေသည်။ အထူးသဖြင့် ထွင်းဖောက်နိုင်စွမ်း ရှိသော မျက်လုံးများပင်။ အမှန်တော့ သည်ပန်းပုရုပ်က အဘိုးအိုနှင့် အလွန်ခြားနား လှပါသည်။

ပန်းပုရုပ် ထွင်းပြီးသွားသည်နှင့် အဘိုးအိုက ယူကြည့်ပြန်သည်။ သူက ပန်းပုရုပ်ကို စူးစိုက်ကြည့်နေရင်း မျက်လုံးများ တောက်ပလို့လာ၏။ သူက ရယ်မော၍ ပြောလိုက်သည်။ မဆိုးပါဘူး။ ဒါ့မှ ငါနဲ့တူတာ။ မင်း ကောင်းကောင်း ထွင်းထုနိုင်ခဲ့တာပဲ။ ကဲ ... လူငယ်လေး ငါမင်းကို ဒီကောက်ရိုး ဦးထုပ်ကို ခဏငှားလိုက်မယ် ... ”

အဘိုးအိုက သည်ပန်းပုရုပ်ကို ရီဝေစွာ ကြည့်လို့နေသည်။ သူက ပို၍ကြည့်လေ ပိုနှစ်သက်မိလေပင်။ ထို့နောက်သူက ဝမ်လင်းကို ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်၍ ပြောလိုက်သည်။ အခုကစပြီး ဒီလိုမျိုးပုံစံ ဆက်ထွင်းထုပါ။ ရိုးရိုးသားသား ပြောရရင် ဒီပန်းပုရုပ်က ငါနဲ့ နည်းနည်းလေးတော့ သိပ်မတူဘူး။ ဒါပေမဲ့ ထားလိုက်ပါတော့လေ ... ”

အဘိုးအိုက ထိုသို့ပြောပြီးနောက် ထွက်ခွာရန် ထရပ်လိုက်သည်။ သူက တံခါးနားသို့ရောက်မှ ရုတ်တရက် ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။

“ငါ့အတွက် ဆွဲပေးဖို့ ပန်းပုရုပ်(၉၉၉) ခု ကျန်သေးတယ်နော်။ မမေ့ပါနဲ့။ မင်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကိုရောက်တဲ့ အချိန်ကျရင် ဒါတွေကို ဆွဲဖို့ မမေ့ပါနဲ့။ မမေ့ပါနဲ့ မင်း ဘယ်နေရာသွားသွား ငါမင်းကို လာရှာမယ် ... ”

သည်ထူးဆန်းသော အဘိုးအို ထွက်သွားပြီးနောက် ဝမ်လင်းက သူ့ရှေ့ရှိ ပန်းပုရုပ်ကို ကောက်ယူလိုက်သည်။ သည့်နောက်သူက ပြုံးမိလိုက် ပြီးနောက် ၎င်းကို စင်ပေါ်သို့ တင်ထားလိုက်၏။

ဝမ်လင်းက ကောင်းကင်ဘုံ တံခါးများနှင့် ပတ်သက်၍ စိတ်မဝင်စားပေ။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန် အရင်လုပ်ရမည် ဖြစ်ပြီး သည်တံခါးများ အကြောင်း တွေးခြင်းက စောလွန်းနေပါ သေးသည်။

မဟာမိတ် ကလန်လေးခုနှင့် ရွှမ်ယွဲ့နိုင်ငံတို့ကြား တိုက်ပွဲတွင် ဝမ်လင်းက မပါဝင်ရန် ဆုံးဖြတ်လိုက်သည်။ သည်တိုက်ပွဲ အကျိုးသက်ရောက်မှုက ကြီးမားပေလိမ့်မည် ဖြစ်သည်။ အခန့်မသင့်လျှင် အကျိုးဆက် အများကြီး ဖြစ်သွားနိုင်၏။

ဝမ်လင်းဘဝက ပြန်၍ တည်ငြိမ်သွားပြီ ဖြစ်၏။ မဟာမိတ် ကလန်လေးခု အပေါ်သို့ ကျရောက်နေသော နှင်းများကလည်း တစ်လကြာပြီးနောက် ကျဆင်းနှုန်း နှေးလို့လာ၏။ ကောင်းကင်ပေါ်တွင်လည်း လက်နက် ရတနာများမှ အလင်းတန်းများ တဖျတ်ဖျတ် တောက်ပနေသည်ကို မြင်နိုင်ပေသည်။ ကြည့်ရသည်မှာ ကျင့်ကြံသူများက တစ်ခုခုကို ပြန်လည် ပြုပြင်နေသည့်ပုံပင်။

ဝမ်လင်းက သေချာလေ့လာ ကြည့်လိုက်ရာ အစီအရင်များ ပြုလုပ်နေသည်ကို သတိပြုမိလိုက်၏။ သည်အစီအရင်များက နှင်းများ ကျနေသည်ကို ရပ်တန့်အောင် ပြုလုပ်ထားခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာ အစီအရင်၏ ဘေးတွင် ကလန်မျိုးစုံ၊ မိသားစုများမှ ကျင့်ကြံသူ အမြောက်အမြား ကလည်း မြေကြီးပေါ်မှ နှင်းများကို ရှင်းလင်းလို့ နေသည်။

ထို့အပြင် သေမျိုးများ၏ ဘုရင်ကလည်း ကူညီ၍ နှင်းများကို ရှင်းလင်းပေးရန် ကျင့်ကြံသူများက အမိန့်ပေးထား လေသည်။ မဟာမိတ် ကလန်လေးခု နိုင်ငံက ကျယ်ပြောလှသည့် အတွက် စစ်တပ်များ သာမက မြို့သူမြို့သားများပင် တတပ်တအား ကူညီရှင်းလင်း ပေးရပေသည်။

တနူးကလည်း သူတို့ထဲက တစ်ယောက် ဖြစ်လေ၏။

အဘိုးအို အရွယ်များပင် နှင်းများ ရှင်းလင်းရာတွင် မလွတ်ကင်းပေ။ သို့သော် ဝမ်လင်းကတော့ ဘုရင်အမိန့် ပေးထားသည့်တွက် မည်သူမျှ မနှောင့်ယှက်ကြပါ။

သည်လို လုပ်ဆောင်မှုများက လအတန်ကြာလာ ခဲ့သည်။ တနူးက တောင်ဘက်ခြမ်းသို့ စေလွှတ်ခြင်း ခံလိုက်ရ၏။ အရေးပါသည့် လူတစ်ယောက် မဟုတ်လျှင် လူတိုင်းလူတိုင်းက နှင်းများ ရှင်းလင်းရပေ၏။

သည်လုပ်ငန်းတွင် အမျိုးသမီးများနှင့် ကလေး အရွယ်များပင် ပါဝင်ရ၏။ တနူးကိုတော့ ဝမ်လင်းက သစ်သားပန်းပုရုပ် တစ်ခုကို သူ့ကိုယ်ပေါ်တွင် ထားရန် ပေးထားလေသည်။ တနူးဇနီးကိုလည်း နည်းနည်း ပိုသေးသည့် ပန်းပုရုပ်တစ်ရုပ် ပေးထားလေ၏။

သည်ပန်းပုရုပ်များက သူတို့ခန္ဓာကိုယ်များ အေးခဲခြင်းကို ကာကွယ်ပေးပြီး အနွေးဓာတ်ကို ပေးစွမ်းလေ၏။

ကျင့်ကြံသူများ၏ တိုက်ပွဲကြားတွင် မဟာမိတ် ကလန်လေးခု၏ သေမျိုးများက အရင်ဆုံး ထိခိုက်ခံစားနေရ၏။ သည်သေမျိုးများက နှင်းများဘာကြောင့် ပြင်းထန်စွာ ကျသည်ကို မသိကျပေ။ သို့သော် သူတို့၏ မိသားစုများကို ကာကွယ်ရန်အတွက် ဒီကြမ်းတမ်းစွာ ကျနေသော နှင်းများကို ရှင်းလင်းရန် ဆန္ဒရှိကြပေ၏။

မဟာမိတ် ကလန်လေးခုနိုင်ငံ အနှံ့အပြားတွင် နှင်းတောင်များစွာ ဖြစ်ပေါ်လာပြီး ကျင့်ကြံသူများ၏ အကူအညီဖြင့် သည်နှင်းတောင်များက ပို၍ ကြီးမားလာခဲ့၏။

လယ်ကွင်းစိုက်ခင်း များတွင်လည်း ကောက်ပဲသီးနှံများကို မမြင်ရတော့ပဲ နှင်းများ ဖုံးလွှမ်း နေသည်ကိုသာ တွေ့ရပေ၏။

နေ့စဉ်နေ့တိုင်းလည်း သေမျိုးများစွာ သေဆုံးနေရပြီး နှင်းဒဏ်ကြောင့် အိမ်များလည်း ပြိုကျပျက်စီး ကုန်နေရသည်။

သည်အရာက ကပ်ဘေးတစ်ခုပင် ဖြစ်တော့၏။

ဝမ်လင်းက မနက်ခင်း အိပ်ရာထပြီးနောက် ဆိုင်အပြင်သို့ ထွက်လိုက်၏။ တစ်လမ်းလုံးရှိ နှင်းများကို ရှင်းလင်းထားသည်ကို တွေ့လိုက်ရသည်။ သို့သော် ဆီနှင်းပွင့်များ ကတော့ အနည်းငယ် ကျန်ရှိလို့နေသေး၏။

လွန်ခဲ့သောရက် အနည်းငယ်က နားရွက်ကြီးကြီး ကျင့်ကြံသူ ကျောက်ဝူထိုင်က နောက်ထပ် ကျောက်စိမ်းပြား တစ်ပြားကို လာပေးခဲ့၏။ သည်ကျောက်စိမ်းပြားက မဟာမိတ် ကလန်လေးခုထံမှ ဖိတ်ခေါ်ခြင်း မဟုတ်‌ပေ။ မဟာမိတ် ကလန်လေးခု လှုပ်ရှားနေသည့် သတင်းများနှင့် ထိန့်လန့်ဖွယ် သတင်းတစ်ခုလည်း ပါလာ၏။

တစ်နိုင်ငံလုံး နှင်းများကို ရှင်းလင်းမှုကြောင့် မြေကြီးများပေါ်တွင် ဖုံးလွှမ်းနေသော နှင်းများက လျော့နည်းလို့ လာခဲ့၏။ ခုချိန်တွင် နှင်းတောင်ကြီး များစွာသာ ရှိနေတော့သည်။

နောက်တစ်ခုက မဟာမိတ် ကလန်လေးခု နိုင်ငံရှိ ကျင့်ကြံသူများ အားလုံးက စစ်ပွဲတွင် ပါဝင်ကူညီရန် ဖိတ်ခေါ်ခြင်း ခံရ၏။

သို့ရာတွင် ကျောက်ဝူထိုင်က သူ့ဘာသာ ပူပန်လို့နေသေးသည်။ ပုံမှန်အားဖြင့် ရွှမ်ယွဲ့က နှင်းများကို လပေါင်းများစွာ ကျဆင်းအောင် မပြလုပ်ချေ။ သူတို့က ဆယ်ရက်ခန့်သာ ကျဆင်းစေခြင်းသာ ရှိခဲ့သည်။

ပုံမှန်အားဖြင့် ကြီးကျယ်သော စစ်ပွဲများတွင် ကျင့်ကြံသူများက သေမျိုးကမ္ဘာကို သက်ရောက်ခြင်းအား ရှောင်ကြဉ်ကြ လေသည်။ သည်အရာက ဟင်္သာပြဒါး နိုင်ငံ၏ စည်းမျဉ်းပင်။

သို့သော် အခုချိန်တွင် နှင်းများက လေးလဆက်တိုက် ကျဆင်းနေပြီး လျော့နည်းသွားခြင်း မရှိပေ။

သည်ဖြစ်စဉ်က ရွှမ်ယွဲ့နိုင်ငံသည် မဟာမိတ် ကလန်လေးခု နိုင်ငံကို အမြစ်ဖျက် သုတ်သင်ပြီးနောက် တစ်နိုင်ငံလုံးကို ဖျက်ဆီးပစ်ရန် စစ်တစ်ခု စနေသည့်ပုံစံ ဖြစ်နေ၏။

ဟင်္သာပြဒါးဂြိုဟ်တွင် နိုင်ငံလုံးကျွတ် မျိုးဖြုတ် သုတ်သင်ခံရခြင်းက ဖြစ်တောင့်ဖြစ်ခဲပင်။ အကြောင်းမှာ ဟင်္သာပြဒါးနိုင်ငံက ကြားဝင်ဖြေရှင်း ပေးသောကြောင့်ပင်။ သို့သော် သည်လိုမျိုး အမြစ်ဖျက် သုတ်သင်ခြင်းက အတိတ်တုန်းက မဖြစ်ဘူးသည့် အရာတော့ မဟုတ်ပေ။

မဟာမိတ် ကလန်လေးခု၏ ရှေးဟောင်း မှတ်တမ်းများအရ တစ်နိုင်ငံလုံး အမြစ်ဖျက် သုတ်သင်ခြင်း ခံရသည့် နိုင်ငံလေးခု ရှိကြောင်း ဖော်ပြထား၏။ အဆင်းလေး နိုင်ငံသုံးခုနှင့် အဆင့်ငါး နိုင်ငံတစ်ခုပင် ပါသေး၏။

သည်လိုအမြစ်ဖျက် စစ်ပွဲက ဟင်္သာပြဒါးဂြိုဟ်၏ လက်ထဲတွင်သာ ရှိသည်။ ကြည့်ရသည်မှာ ရွှမ်ယွဲ့နိုင်ငံက ဟင်္သာပြဒါး ဂြိုဟ်၏ ခွင့်ပြုချက်ရရန် နည်းလမ်း အမျိုးမျိုး အသုံးပြု ထားသည့်ပုံပင်။

***

All Chapters