မြက်ရိတ်သလို သတ်ဖြတ်ခြင်း
Vol. 171 Ch. 2435
“ ဘယ်လို အံ့ဩဖို့ကောင်းတာ ….”
“ သူ့ရဲ့ အိမ်က ဖြိုချခံရတဲ့ထဲ ပါပြီး အစိုးရ လျော်ကြေးငွေတွေ အများကြီး ရသွားခဲ့တယ် … သူအဲ့ဒီ ရပ်ကွက်လေးထဲမှာ နေတယ်ဆိုတာကလည်း တိတ်တိတ်ဆိတ်ဆိတ် ရှိလို့ ….” ရွှီကျားချီ ရှင်းပြလိုက်ပြီး “ ပြီးတော့ သူက တတိယ အဝိုင်းပတ်လမ်းထဲမှာတောင် စတုရန်းမီတာ ရာကျော် ကျယ်တဲ့ တိုက်ခန်း နှစ်ခုတောင် ပိုင်ဆိုင်ထားသေးတယ်ဆိုပဲ … ရန်ကျင်းရဲ့ အိမ်ဈေးနဲ့ဆိုရင် အနည်းဆုံး တစ်လုံးကို သန်း ၃၀ ကျော်တယ် ….”
“ ဒါဆိုရင်တော့ သူ တော်တော် ကောင်းစားနေတယ် ပြောရမယ် ….”
“ အင်း … သူ့ကံကိုက ပါလာတာကိုး …. မနာလိုချင်စရာ ကောင်းလိုက်တာ ….”
ရွှီကျားချီ၏ ပွင့်ပွင့်လင်းလင်းရှိသည့် သဘောထား အပြုအမူကို မြင်တော့ လင်းရီသည် ရန်ကျင်းသူ မိန်းကလေး တစ်ယောက်၏ ထူးခြားသည့် စိတ်နေစိတ်ထား အကျင့်စရိုက်ကို ခံစားမိလိုက်သည်။ မဟုတ်လည်း မြောက်ပိုင်းသူလေးများကဲ့သို့ ညင်သာသိမ်မွေ့မှု နည်းပါးပြီး ပို၍ တက်တက်ကြွကြွ ရှိသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နေနိုင်သည်။
“ ရှင်နဲ့ မတွေ့ခင် ကျွန်မ သူ့ဆီသွားပြီး သတင်းတစ်ချို့ စုံစမ်းခဲ့သေးတယ် …” ရွှီကျားချီ ပြောလိုက်ပြီး “ သူပြောပြတာတော့ သူလည်း အဲ့တုန်းက ဘာမှ သိပ်မစဉ်းစားခဲ့ဘူး တဲ့ …. ဒီတိုင်း ကျေးလက်ကနေ မြို့ပေါ်တက်လာပြီး ကြီးပွားချင်ရုံလောက်ပဲ …. ဈေးကြီးတဲ့ တိုက်ခန်းတွေလည်း မဝယ်ချင်ဘူး … ဒီတော့ ဘန်ဂလို အကြီးစား တစ်လုံးနဲ့ မြို့ပြင်မှာ မြေကွက်တစ်ချို့ ဝယ်ထားလိုက်တာ … ထင်မထားချင်တော့ ရန်ကျင်းက လျင်လျင်မြန်မြန်ပဲ တိုးတက်ပြောင်းလဲလာတယ်လေ … အရင် ဆယ်နှစ်ကျော်လောက်တုန်းက သူ နေတဲ့နေရာကို အစိုးရက ပြန်လည်နေရာချထားပြီး သူလည်း အိမ်တစ်လုံး လျော်ကြေးနဲ့ ပိုက်ဆံတွေ အများကြီး ရလိုက်တယ် … သူ့ဘဝအခြေအနေလည်း တစ်ခါတည်းနဲ့ ကောင်းစားသွားတော့တာပဲ ….”
လင်းရီ တဆတ်ဆတ် ခေါင်းညိတ်ပြီး ရွှီကျားချီ၏ စကားကို အခိုင်အမာ ထောက်ခံလိုက်သည်။
ယင်းက တကယ်လည်း ကံကြမ္မာ ပါလာခဲ့ခြင်းပင်။
“ သူ့ရဲ့ ကြွယ်ဝမှုနဲ့ဆိုရင် အငှားတက္ကစီယာဉ်မောင်း လုပ်နေစရာ မလိုတော့ဘူးမလား ….”
“ သူပြောတာတော့ အချိန်ဖြုန်းချင်ရုံသပ်သပ်ဆိုပဲ….” ရွှီကျားချီ ရှင်းပြလိုက်ပြီး “ ကျွန်မတို့ စကားပြောတဲ့အချိန် သူ ပြောပြတာတော့ ရန်ကျင်းမှာ အိမ်ဝယ်ပြီးတော့ သူ့လက်ထဲ ပိုက်ဆံ နည်းနည်း ကျန်သေးတယ် … အဲ့ဒီ ကျန်တဲ့ ငွေနဲ့ အင်္ကျီအဝတ်အစားတွေ ၊ လျှပ်စစ် ပစ္စည်းတွေ တင်ပြီး ကိုယ်ပိုင်ဆိုင်လေး တစ်ဆိုင်ဖွင့်ဖို့ လုပ်ခဲ့သေးတယ် … ဒါပေမယ့် နောက်ဆုံးကျတော့ သူ အရင်းပြုတ်သွားခဲ့တာပဲ …. ကြံရာမရတဲ့အဆုံး ဟင်းသီးဟင်းရွက်တွေ ရောင်းတယ် … အိမ်ဖျက်စီးခံလိုက်ရတော့မှပဲ သူ့ဘဝလည်း တစ်ခါတည်း ကောင်းစားသွားတော့တာ … “
ရွှီကျားချီက ကိုယ်ဟန်ကို ပြောင်းလဲပြီးနောက် ဆက်လက် ပြောပြ၏။
“ အိမ်ဖျက်စီးခံရလို့ လျော်ကြေးငွေတွေ ရပြီးတဲ့နောက်မှာ နှစ်နည်းနည်းလောက် ဘာမှမလုပ်ဘဲ ထိုင်စားနေခဲ့သေးတယ် … သူ ပျော်လို့ ဝတော့ ကားတစ်စီးဝယ်ပြီး တက္ကစီဆွဲနေတော့တာပဲ … ဘယ်လောက်မှ မကျန်ဘူးဆိုပေမယ့် ဒီတိုင်း အချိန်ဖြုန်းဖို့ သပ်သပ်ပဲလေ ….”
“ သူ့မှာ မိသားစုရော ရှိလား ….”
“ ဟင့်အင်း ….” ရွှီကျားချီ ခေါင်းခါယမ်းလိုက်ပြီး “ သူ တစ်ခါတော့ လက်ထပ်ဖူးတယ် … ဒါပေမယ့် စီးပွားရေးလုပ်ပြီး ပိုက်ဆံတွေ ရှုံးကုန်တော့ ဇနီးကလည်း သူ့ကို ဆင်းရဲတယ်ဆိုပြီး ပစ်သွားခဲ့တယ်လေ … နောက်ပိုင်းမှာ သူဌေးကြီး ဖြစ်လာမယ်လို့ ဘယ်ထင်ထားမှာ … သူသာ သိသွားရင် အကြီးအကျယ် နောင်တရနေလောက်တယ် ….”
ရွှီကျားချီ၏ စကားကိုကြားတော့ လင်းရီ ညှင်သာစွာ ပြုံးလိုက်မိ၏။ သူမ၏ စကားပြောပုံက အတော်လေး ရယ်ချင်ဖွယ်ရာလည်း ကောင်းနေသည်။
သို့သော်လည်း သူမ ပြောပြသွားသည့် ဇာတ်လမ်းထဲ၌ အရေးပါသည့် အသေးစိတ် အချက်အလက်တစ်ခုကို လင်းရီ သတိပြုမိသွားခဲ့သည်။
ရန်ကျင်းသို့ ရောက်လာပြီး အိမ်ဝယ်၊ မြေဝယ်ဆိုတော့ … ထိုစဉ်တုန်းက လီဟုန်ကျူး၏ လက်ထဲတွင် ပိုက်ဆံအတော်များများ ရှိခဲ့ပုံပင်။
အရင် နှစ်သုံးဆယ် ကာလတုန်းက ရန်ကျင်းမှာ လက်ရှိ အခြေအနေလောက် တိုးတက်ခြင်း မရှိသေးသော်လည်း အချက်အချာ မြို့ကြီးတစ်မြို့ ဖြစ်နေဆဲပင်။
ဆင်ခြေဖုံး ရပ်ကွက်ရှိ အိမ်များက မည်မျှ ဈေးပေါစေကာမူ၊ ထိုခေတ်ထိုကာလတွင် သာမန်လူတို့ တော်ရုံမတတ်နိုင်မည့် ပမာဏ ဖြစ်နေမည်မှာ ကျိန်းသေသည်။
သို့တိုင် လီဟုန်ကျူးကတော့ အိမ်တစ်လုံး ဝယ်ယူပြီး စီးပွားရေးလုပ်ဖို့ပင် ပိုက်ဆံကျန်နေသေးသည်။ ယင်းက သူ ထိုစဉ်အချိန်တုန်းက ငွေ အများအပြား ရရှိခဲ့ကြောင်း ထောက်ပြနေသည်။ ဤသည်ကို အခြေခံပြီး စဉ်းစားသုံးသပ်ကြည့်မည်ဆိုပါက ဖန်းတရဲ့၊ မာဟိုင်ချန်၊ ဝမ်ကျန့်ရှုနှင့် စုန့်လင်းတို့လည်း တူညီသည့် ငွေပမာဏကို ရရှိခဲ့ကြလောက်သည်။
ပြီးနောက် ကိုယ်စီ လမ်းခွဲပြီး ရွာက ထွက်သွားခဲ့ကြ၏။
ဆိုလိုသည်က …
၎င်းတို့ ငါးဦး ရရှိခဲ့သည့် ငွေပမာဏသည် ထိုစဉ်အခါတုန်းက ဧရာမ များပြားလှသည့် ငွေပမာဏ ဖြစ်နေနိုင်သည်။ ပြဿနာ၏ သော့ချက်ကလည်း ဤနေရာမှာပဲ ဖြစ်၏။
သူတို့တွေ ဘာတွေများ လုပ်ခဲ့လို့ ဒီလောက် ငွေအများကြီး ရသွားခဲ့ကြတာလဲ …
ပြီးတော့ ငွေရှာခဲ့တာကလည်း သေးငယ်ပြီး မပြောပလောက်တဲ့ မြို့လေး တစ်မြို့မှာလေ ….
မဟုတ်မှလွဲရော ဘဏ်ဓားပြတိုက်ခဲ့ကြတာများလား …
ထိုသို့ လုပ်ခဲ့လျှင်ပင် ထိုစဉ်အချိန်က ဘဏ်၌ ထိုမျှ ငွေပမာဏ အများအပြား ရှိဖို့ရာ မသေချာပေ။
မိနစ် လေးဆယ်ခန့် ကားမောင်းပြီးနောက် နှစ်ယောက်မှာ လင်းဥယျာဉ် ရပ်ကွက်သို့ ရောက်လာခဲ့ကြသည်။ နေကလည်း အနောက်ဘက်ခြမ်းသို့ ဝင်သွားခဲ့လေပြီ။
ရပ်ကွက်ထဲတွင် ကြီးမားသည့် စတုရန်းပုံစံ ရင်ပြင်ကျယ်ကြီး တစ်ခု ရှိနေပြီး သက်ကြီးပိုင်း တော်တော်များများက ထိုနေရာတွင် အတွဲကိုယ်စီနှင့် ကခုန်နေကြသည်။
သက်လတ်ပိုင်း အရွယ်များနှင့် သက်ကြီးပိုင်းများအတွက်ကတော့ ဤသို့သော ပတ်ဝန်းကျင်မျိုးက သူတို့ နေထိုင်လိုသည့် ဘဝပုံစံမျိုးထဲ ထိပ်ဆုံးတွင် ပါဝင်နေမည်မှာ ကျိန်းသေသလောက်ရှိသည်။
ရပ်ကွက်ထဲရှိ အဆောက်အဦး တော်တော်များများကလည်း နှစ်ထပ် အဆောက်အဦးများ ဖြစ်ကြပြီး အထပ်မြင့် အဆောက်အဦးဟူ၍ ပြောပလောက်အောင်ကို မရှိလှပေ။
လုံခြုံရေး အစောင့်ကို နှုတ်ဆက်ပြီးနောက် လင်းရီတို့နှစ်ဦးလုံး ရပ်ကွက်ထဲသို့ ဝင်လာခဲ့ကြသည်။
ရွှီကျားချီ၏ ကားမောင်းစကေးတို့က အင်မတန် ကျွမ်းကျင်လှ၏။ ရပ်ကွက်ထဲလမ်းများက အတော်လေး ကျဉ်းမြောင်းလှသော်လည်း သူမမှာ အခက်အခဲ ပြဿနာ မရှိဘဲ မောင်းနှင်နေနိုင်ဆဲပင်။
မိနစ် အနည်းငယ်ကြာပြီးနောက် ရွှီကျားချီက ကားကို လမ်းဘေးတစ်နေရာတွင် ထိုးရပ်လိုက်ပြီး ရှေ့ရှိ အဆောက်အဦးသို့ ညွှန်ပြလိုက်၏။
“ ရှေ့တည့်တည့်က လီဟုန်ကျူးရဲ့ အိမ်ပဲ … တိုက်ခန်း ၆၀၁ … ရှင့်ကို အဲ့နေရာ ခေါ်သွားပေးမယ် ….”
“ သွားစို့ ….”
“ အားးးးး ….”
“ လူ ပြုတ်ကျလာတယ် …”
နှစ်ယောက်သား ထိုင်ခုံခါးပတ် ဖြုတ်ပြီး ကားထဲက ထွက်ဖို့ အသင့်ဟန်ပြင်နေစဉ်မှာပဲ ရုတ်ရုတ်သဲသဲ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
၎င်းနောက် ချက်ချင်းပဲ လူရိပ်တစ်ခုက အပေါ်မှနေ၍ ပြုတ်ကျလာသည်ကို မြင်တွေ့လိုက်ရသည်။
ဘုန်း ….
လူရိပ်က မြေပြင်နှင့် အဟုန်ပြင်းစွာ တိုက်မိသွားခဲ့ပြီး နှာခေါင်းနှင့် ပါးစပ်တို့ထဲမှ သွေးများ စီးကျလာကာ အိုင်လေး တစ်အိုင် ဖြစ်ပေါ်လာသည်။
ကြောက်စရာ အကောင်းဆုံးအပိုင်းကတော့ … ၎င်း၏ ကိုယ်လက်အင်္ဂါတို့မှာ မဖြစ်နိုင်သည့် အနေအထားနှင့် လိမ်တွန့် ကောက်ကွေးနေကြခြင်းပင်။ သေမှုသေခင်း မြင်ကွင်းက အသေဆိုးနှင့် သေသွားခဲ့ရသည်ဟု စကားလုံးထက် အခြား ဖော်ပြစရာ စကားလုံးတို့ မရှိတော့ပေ။
နှစ်ဦးလုံး တစ်ယောက်ကိုယ်တစ်ယောက် ရှော့ခ်ရစွာ အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။
သူတို့ ရောက်ရောက်လာချင်းမှာပဲ လူသတ်မှု ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။
“ သွားစစ်ကြည့်ကြစို့ ….”
တုံ့ဆိုင်းခြင်း မရှိဘဲ လင်းရီ လောဆော်လိုက်သည်။
နှစ်ယောက်မှာ ကားထဲက အလျင်အမြန်ထွက်၍ သေဆုံးသွားသည့်လူကို စစ်ဆေးကြည့်ဖို့ ဟန်ပြင်လိုက်သည်။
“ လီဟုန်ကျူး ….”
ရွှီကျားချီ နားကွဲမတတ် စူးရှကျယ်လောင်သည့် အသံဖြင့် အော်ဟစ်လိုက်၏။
လီဟုန်ကျူးဆိုတဲ့ အသံကြားတော့ လင်းရီ ရင်တစ်ချက် ထိတ်သွားခဲ့ပြီး “ မင်း ဘာပြောလိုက်တာ … သူက လီဟုန်ကျူးလား ဟုတ်လား ….”
“ ဟုတ်တယ် သူပဲ …”
“ သေလိုက်ပါတော့လားကွာ ….”
လင်းရီ ချက်ချင်းဆိုသလို ဘာတွေ ဖြစ်နေလဲဆိုတာကို သတိထားမိသွားခဲ့ပြီး “ မင်းဒီမှာပဲနေပြီး အခင်းနေရာကို စောင့်ကြပ်နေ … တကယ်လို့ သံသယ ဖြစ်ဖို့ကောင်းတဲ့ လူရှိရင် သူ့ကို ဖမ်းထားလိုက် … ဘယ်မှ မပြေးစေနဲ့ ….”
“ အို … အိုကေ …” ရွှီကျားချီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ လင်းရီ အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားပြီး ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်နေရလဲဆိုတာကို နားမလည်နိုင်ဘဲ ဖြစ်နေသည်။
မှာစရာရှိတာ မှာပြီးသည့်နောက် လင်းရီ ခွန်အားအပြည့်နှင့် တိုက်ခန်းဝင်ပေါက်ဝသို့ သေပြေးရှင်ပြေး ပြေးတက်သွားခဲ့သည်။
မယုံကြည်နိုင်သည့် အမြန်နှုန်းဖြင့် လျင်လျင်မြန်မြန်ပဲ ခြောက်လွှာသို့ ရောက်ရှိလာသည်။
သို့သော် မည်သူမျှ မရှိတော့ချေ။
အဆောက်အဦး တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိ၏။
လင်းရီ၏ ရင်ဘက်တစ်ခုလုံး ခဲဆွဲသည့်နှယ် လေးလံနစ်မြုပ်သွားခဲ့၏။ အကယ်၍ လူသတ်သမားကို ချက်ချင်း မဖမ်းဆီးနိုင်ဘူးဆိုပါက နောက်ပိုင်းတွင် ဖြစ်နိုင်ချေ အခွင့်အလမ်းက သိပ်မရှိတော့ပေ။ မဟုတ်ပါက ထိုသို့သော လူစားမျိုးကို သူ့ပြိုင်ဘက်ဟု ခေါ်ဆိုဖို့ ထိုက်တန်သည့် အရည်အချင်း ရှိမှာ မဟုတ်ချေ။
လင်းရီ ချက်ချင်း ပြန်မထွက်သွားသေးဘဲ လီဟုန်ကျူး၏ တိုက်ခန်းတံခါးကို သေချာစစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း သံသယဝင်ဖို့ကောင်းသည့် မည်သည့်အရာကိုမျှ မမြင်တွေ့ခဲ့ရချေ။
ရွေးချယ်စရာ မရှိသည့်အဆုံး အောက်ထပ်သို့ ပြန်ဆင်းလာခဲ့ကာ ရွှီကျားချီနှင့် အတူပြန်ဆုံသည်။
မိနစ်အနည်းငယ်မျှသာ ကြာညောင်းသေးသော်လည်း လူတစ်ယောက် ပြုတ်ကျပြီး သေဆုံးသွားသည်ဆိုသည့် သတင်းက ရပ်ကွက်တစ်ခုလုံးသို့ ဟိုးလေးတကြော်ကြော် ပျံ့နှံ့သွားခဲ့သည်။
အောက်တွင် လူအုပ်ကြီးတစ်အုပ်က ဝိုင်းနေပြီး ၎င်းတို့အချင်းချင်းလည်း စိတ်အားထက်သန်စွာဖြင့် တီးတိုးတွတ်ထိုးနေခဲ့ကြ၏။
“ လမ်းဖယ် လမ်းဖယ် ….”
လင်းရီ လူအုပ်ကြီးကို တွန်းဖယ်၍ လျှောက်လာခဲ့ပြီး မြင်မကောင်းအောင် သေဆုံးနေသည့် လီဟုန်ကျူး၏ အလောင်းကို မြင်တွေ့သွားခဲ့သည်။
“ စခန်းကို အသိပေးပြီးပြီလား ….”
“ အင်း … သူတို့ လမ်းမှာ ရောက်နေကြပြီ ….” ရွှီကျားချီ ခေါင်းညိတ်ပြီး “ ကျွန်မ နည်းနည်းပါးပါး စုံစမ်းထားသေးတယ် … လီဟုန်ကျူးခြောက်လွှာကနေ ပြုတ်ကျလာတာကို မြင်လိုက်တဲ့လူ တစ်ယောက် ရှိတယ် … နေရာကို အတည်ပြုကြည့်လိုက်တော့ သူ့အိမ်ရှေ့တည့်တည့်ကပဲ …”
“ ငါ သိထားပြီးပြီ ….”
လီဟုန်ကျူး သေဆုံးသွားသည့် အခိုက်အတန့်မှာပဲ အကြောင်းအရာ တော်တော်များများက လင်းရီစိတ်ထဲ ရှင်းလင်းလာခဲ့၏။
ခါးကိုင်းပြီး လီဟုန်ကျူး၏ အလောင်းကို သေချာ စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။
“ ဟမ် …”
လီဟုန်ကျူး၏ ခန္ဓာကိုယ်ကို စမ်းကြည့်လိုက်တော့ တစ်ခုခု ထူးခြားနေသည်ကို လင်းရီ သတိပြုမိသွားခဲ့သည်။
သူ့ ခန္ဓာကိုယ်က အင်မတန် နူးညံ့ပျော့ပျောင်းနေသည်။ အထူးသဖြင့် ကျောရိုးတစ်ဝိုက်တွင် အောက်သို့ အသာလေး နှိပ်ချ၍တောင် ရသည်။
တစ်နည်းဆိုရသော် … ကျောရိုးတစ်လျှောက်လုံး ကျိုးကြေသွားခြင်း ဖြစ်ရမည်။
လင်းရီ၏ မျက်လုံးတို့ မှေးကျဉ်းသွားခဲ့ပြီး မျက်နှာအမူအရာသည်လည်း နက်မှောင်သွားခဲ့သည်။
ခြောက်လွှာမှ ပြုတ်ကျလာသည် ဆိုစေဦးတော့ အရိုးများအပေါ် ဤမျှ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရစေဖို့ မဖြစ်နိုင်ပေ။
တစ်နည်းဆိုရသော် လူသတ်သမားသည် လီဟုန်ကျူးကို အရင်ရိုက်သတ်ပြီး အလောင်းကို အပေါ်မှ လွင့်ပစ်လိုက်ခြင်း ဖြစ်၏။
နောက်ပြီး လူသတ်သမား၏ လူသတ်သည့် နည်းလမ်းက …
လီဟုန်ကျူး၏ အရိုးများအားလုံးကို ကျိုးကြေပျက်စီးစေခြင်းပင်။
စာစဉ် (၁၇၁) ပြီး၏။
( 3 June 2026, 1:58 PM)