← Chapters

သူ့ကို မသတ်ရုံတမယ်

Vol. 171 Ch. 2427

သူ့ကို မသတ်ရုံတမယ်

Vol. 171 Ch. 2427

“ ဪ … ခင်များတို့က လက်ဝါးချင်း ရိုက်ထားကြတာကိုး ….”

“ ကိုယ့်လူ … ဒီအကြောင်းတွေ အခုမှ လာပြောနေလို့ အသုံးမဝင်ဘူး … ပိုက်ဆံသာ ပေးလိုက် … အသံသွင်းထားတာကို ဖျက်ပေးလိုက်မယ် …” ကျိုးရှန်းမင် ပြောလိုက်သည်။ “ ပြီးတော့ မင်းတို့ကောင်တွေ ဒီထဲ ဝင်လာတဲ့အချိန် ဗွီအိုင်ပီ ပက်ကေ့ချ် သုံးခုတောင် တောင်းခဲ့တယ်ဆိုတော့ မင်းတို့မှာ ငွေမရှားမှန်း သိသာတယ် … သုံးသိန်းဆိုတဲ့ ပမာဏက မင်းတို့အတွက်တော့ လက်ဖက်ရည်ဖိုး သာသာလေးပါ … ဒီလောက်ထိ ရေးကြီးခွင်ကျယ်တွေ လုပ်နေစရာ လိုလို့လား …”

“ သုံးသိန်းက ကျုပ်အတွက် ဘာမှ မဟုတ်တာ မှန်တယ် … ဒါပေမယ့် ဒီလိုနည်းလမ်းနဲ့ ပေးရမှာကိုတော့ လက်မခံနိုင်ဘူး ….” လင်းရီ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ ဒီနှစ်တွေ တစ်လျှောက်လုံး ကျုပ်ကို ဒီလိုမျိုး ခြိမ်းခြောက်ဝံ့တဲ့လူဆိုတာ တကယ်ကို များများစားစား မရှိဘူး ….”

“ ဟုတ်တာပေါ့ ... ဘယ်ရှိမှာ ... မင်းတို့လို ကောင်တွေကို ငါ ကောင်းကောင်းကြီး သိတယ် …. မင်းတို့ တစ်ကောင်မှ အကျင့်စရိုက်ကောင်းတဲ့ ကောင်တွေ မဟုတ်ဘူး … ပြီးတော့ ငါတို့လို သာမန်လူတွေကိုလည်း အလေးမထားဘူး …”

ပြီးနောက် ကျိုးရှန်းမင်က ဘဝင်ခိုက်စွာ ပြုံးလိုက်ပြီး “ ဒါပေမယ့် အဲ့တာတွေက အရေးမပါတော့ဘူး … မင်း ပိုက်ဆံ မပေးဘူးဆိုလည်း ဒီကနေ ထွက်သွားလို့ရတယ် … ငါတို့ မင်းကို တားလို့လည်း မရဘူး … အကျိုးဆက်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ မင်းလည်း ကောင်းကောင်း သိပါတယ် … ငါ ပြောပြနေစရာ မလိုပါဘူး …”

လင်းရီ အမျိုးသမီး သုံးဦးကို လှမ်းကြည့်လိုက်၏။ အကုန်လုံးက ခြေတင်ချိတ်ထိုင်နေကြရင်း ဆေးလိပ်သောက်နေကြသည်။ လင်းရီကို အာရုံထဲပင် မထည့်ကြပေ။

“ ကျုပ်ဘက်ကလည်း စကားအများကြီး ပြောပြီး လေကုန်မခံချင်ဘူး … ဖုန်းပေးလိုက် … ဒီကိစ္စကို ဆက်မလိုက်ဘူးလို့ ကတိပေးတယ် ….”

အကယ်၍ လင်းရီ တစ်ဦးတည်းသာဆိုပါက သူသည် ဤသို့သော အသံဖိုင်လေးကို ဂရုစိုက်နေမှာတောင် မဟုတ်ပေ။

သို့သော် ကျန်းဟွေ့နှင့် ကျူးကျွင်းချီတို့လည် ပါဝင်လာသဖြင့် ဂရုစိုက်ဖို့ လိုလာသည်။ ဤအသေးအမွှား ကိစ္စလေးက သူတို့အတွက်တော့ အလုပ်ပြုတ်စေနိုင်လောက်သည်အထိကို ပြင်းထန်သည့် ကိစ္စရပ်ဖြစ်သည်။

ကျိုးရှန်းမင် လင်းရီကို မယုံကြည်နိုင်စွာ ကြည့်လျက် “ မင်း ငါ့ကို လာနောက်နေတာလား … ပိုက်ဆံ မပေးဘဲနဲ့ ဒီအသံဖိုင်တွေကို ဖျက်ပေးစေချင်နေတယ်ပေါ့ … ဆုသာ အကြီးကြီး တောင်း ……”

ဘန်း …

သူ့စကားဆုံးအောင် မပြောနိုင်သေးခင်မှာပဲ လင်းရီ သကောင့်သားအား ကန်ကျောက်လိုက်သည်။

ကျိုးရှန်းမင်မှာ အချိန်မီ မတုံ့ပြန်နိုင်လိုက်ဘဲ ပြတင်းပေါက်ဘက်သို့ လွင့်ထွက်သွားခဲ့ပြီး နာကျင်စွာ လူးလိမ့်နေရကာ ကြမ်းပြင်မှ ပြန်မထနိုင်ဘဲ ဖြစ်နေသည်။

အနှိပ်သမ သုံးဦးလုံးလည်း ကြက်သေသေသွားခဲ့ကြ၏။

သူမတို့တွေ ယခင်က အလားတူ လုပ်ရပ်မျိုး ပြုလုပ်ခဲ့ဖူးပြီး အကုန်လုံးကလည်း အောင်မြင်ကြစမြဲပင်။

တစ်ဖက်လူက ယခုလိုမျိုး ထင်မှတ်မထားစွာဖြင့် တိုက်ခိုက်လာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။

မိန်းကလေး သုံးဦးလုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ကြသည်။

တစ်လှမ်းချင်း တစ်လှမ်း … လင်းရီသည် ကျိုးရှန်းမင်ထံသို့ လျှောက်လှမ်းလာခဲ့ပြီး ဆံပင်ကို ဆွဲစု၍ ခေါင်းကို အပေါ် မော့ခိုင်းထားလိုက်သည်။

“ အခုရော ဘယ်လိုနေသေးလဲ … ဖုန်းကို ကမ်းပေးဖို့ ဆန္ဒရှိသွားပြီလား ….”

“ လုံခြုံရေးတွေ လုံခြုံရေးတွေ … အခန်း ၃၀၂ မှာ ပြဿနာ တက်နေပြီ … ဒီကို အမြန်လာခဲ့ကြ …”

လင်းရီ လှည့်ကြည့်လိုက်တော့ အနှိပ်သမ နံပါတ် ၁၉ က ဖုန်းခေါ်နေသည်ကို မြင်တွေ့လိုက်ရသည်။

လင်းရီ သူမကို လှမ်းကြည့်နေတာ မြင်တော့ သူမမှာ ဖုန်းကို ထိတ်လန့်တကြား လွှတ်ချမိသွားခဲ့ပြီး ကြောက်ကြောက်ရွံ့ရွံ့ ပြန်ကြည့်လာခဲ့၏။ လင်းရီ သူမအား ရိုက်နှက်လာမှာကို စိုးရိမ်နေသည်။

“ မင်းကိုယ်မင်း သိပ်ဟုတ်လှပြီ ထင်မနေနဲ့ဟေ့ကောင် … ငါတို့လူတွေ ခဏနေ ဒီရောက်လာတော့မှာ … မင်း ဒီနေ့ လမ်းလျှောက်ပြီး ထွက်မသွားနိုင်စေရဘူး….” ကျိုးရှန်းမင် မာန်မလျှော့သေးဘဲ နှာမှုတ်လိုက်သည်။

“ ကျုပ် လမ်းလျှောက်ပြီး ထွက်မသွားနိုင်ဘူးလားဆိုတာ ခင်များ ဆုံးဖြတ်ပေးရမယ့် ကိစ္စ မဟုတ်ဘူး ….”

မကြာမီ အပြင်ဘက်မှ အလျင်လိုသည့် ခြေလှမ်းသံများ ထွက်ပေါ်လာခဲ့ပြီး ၎င်းနောက် ချက်ချင်းပဲ တံခါးက ဆောင့်ကန် တွန်းပွင့်လာခဲ့၏။

ဒါဇင်ခန့်မျှရှိမည့် လုံခြုံရေး အစောင့်များက နံပါတ်တုတ်များဖြင့် ရောက်လို့လာသည်။

၎င်းတို့ထဲတွင် အသက် နှစ်ဆယ်ကျော် အရွယ်ရှိမည့် လူငယ်လေးတစ်ဦးလည်း ပါဝင်နေပြီး လင်းရီကဲ့သို့ ရေချိုး တဘက် ပတ်ထားသည်။ သို့သော် သူ့ခန္ဓာကိုယ်တွင် ဂျပန်စတိုင် တက်တူးများ ထိုးထား၏။

“ ဥက္ကဌရွှီ … ငါ့ကို ကယ်ပါဦး ….”

လူငယ်လေးကို မြင်တော့ ကျိုးရှန်းမင်သည် သူ့ထံသို့ တွားသွားသွားလိုက်၏။ အနှိပ်သမ သုံးဦးသည်လည်း ထိုနည်းတူစွာ သူ့အနားသို့ ချဉ်းကပ်သွားခဲ့ကြပြီး ၎င်းနောက်ကျောဘက်သို့ ပြေးပုန်းအောင်းကြသည်။

ဥက္ကဌရွှီ အမည်ရသည့် လူငယ်လေး၏ နာမည်က ရွှီကျန်းယောင်ဖြစ်ပြီး လက်ရှိ ရေချိုးစင်တာ၏ ပိုင်ရှင်ပင်။ ဤရေချိုးစင်တာက ရွှီမိသားစု ပိုင်သည့်ထဲက တစ်ခုဖြစ်၏။

“ ဘာတွေ ဖြစ်နေတာလဲ …” ရွှီကျန်းယောင် တင်းမာသည့် မျက်နှာထားဖြင့် မေးလိုက်သည်။

ကျိုးရှန်းမင်နှင့် အနှိပ်သမ သုံးဦးလုံး စိုးရိမ်ထိတ်လန့်သွားခဲ့ကြ၏။

အကယ်၍ သူဌေးသာ သူမတို့တွေ ထိုကဲ့သို့သော နည်းလမ်းမျိုးဖြင့် အပိုဝင်ငွေ ရှာနေမှန်း သိသွားခဲ့မည်ဆိုပါက သူမတို့၏ ကံကြမ္မာသည်လည်း ကောင်းမွန်လိမ့်မှာ မဟုတ်ချေ။

ထိုအချိန်မှာပဲ အနှိပ်သမ နံပါတ် ၁၉ က ရုတ်တရက် အကြံရသွားခဲ့ပြီး “ ဥက္ကဌရွှီ ဒီလိုပါရှင့် … သူနဲ့ တစ်ခြား နှစ်ယောက်က ပက်ကေ့ချ်တစ်ခုကို ယူခဲ့တယ် … ဒါပေမယ့် ဝန်ဆောင်မှုပေးနေတဲ့အချိန်မှာ ကျွန်မတို့ကို မသင့်လျော်တဲ့ နေရာတွေ လျှောက်ထိနေတာ … ကျွန်မတို့က ငြင်းတော့ သူ ဒေါသထွက်သွားပြီး ဒီနေရာကို‌ ခေါ်လာခဲ့တာပဲ … မန်နေဂျာကျိုးက ကျွန်မတို့ကို ကူညီပေးတော့ သူ ရိုက်တာကို ခံလိုက်ရတာပဲ ….”

“ ...... ကိုယ့်လူ မင်းလုပ်ပုံက မဟုတ်သေးဘူးလေ … ငါတို့ဘက်က အဲ့လို ဝန်ဆောင်မှုမျိုးတွေ ပေးတယ်ဆိုပေမယ့် သဘောတူညီမှုက သူတို့လက်ထဲမှာပဲ … သူတို့က သဘောမတူဘူးဆို မင်းက မလုပ်နဲ့ပေါ့ … အဲ့တာတောင် မင်းက ဒီလိုတွေ လုပ်လိုက်သေးတယ်ပေါ့ ….”

ရွှီကျန်းယောင်သည် လင်းရီကို အထင်သေးသည့် မျက်ဝန်းများဖြင့် ပြက်ရယ်ပြုလိုက်သည်။

“ မင်းလေသံ နားထောင်ရသလောက် ဒီဒေသခံ မဟုတ်လောက်ဘူး … ငါတို့ ကျင်းလင်ကို လာပြီး အာဏာပြချင်နေတာက နည်းနည်း လွန်တယ်လို့ မထင်ဘူးလား ….”

“ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းမနေနဲ့ ….” လင်းရီ ဆွံ့အစွာ ပြောလိုက်ပြီး “ မင်းရဲ့ ဝန်ထမ်းတွေက စည်းကမ်းနားမလည်ဘဲ ငါတို့ပြောတဲ့စကားတွေကို လျှို့ဝှက်အသံသွင်းထားတယ် … ပြီးတော့ ငါတို့နားကနေ ယွမ်သုံးသိန်း ငွေညှစ်တယ် … ဒါ မင်းတို့ စီးပွားရေး လုပ်တဲ့ ပုံစံလား ….”

“ ဟင့်အင်း ကျွန်မတို့ မလုပ်ဘူး …”

အမျိုးသမီးက ချက်ချင်းငြင်းဆန်ပြီး ထိတ်ထိတ်ပျာပျာနှင့် သူမ၏ ဖုန်းကို ထုတ်ပေးလိုက်သည်။

“ ဥက္ကဌရွှီ … ကျွန်မတို့ ဖုန်းတွေ အကုန်လုံး ဒီမှာပါ …. ကြိုက်သလို စစ်ကြည့်လို့ရပါတယ် …. ကျွန်မတို့ အဲ့လို လုပ်ရပ်မျိုး လုံးဝ မလုပ်ခဲ့ပါဘူး ….”

ရွှီကျန်းယောင်သည် သူ့နောက်ရှိ လုံခြုံရေး အစောင့်ကို အချက်ပြလိုက်ပြီး အနှိပ်သမ သုံးဦး၏ ဖုန်းများကို စစ်ဆေးခိုင်းလိုက်သည်။

“ ဘာ အသံသွင်းထားတာမှ မရှိပါဘူး သူဌေး ….”

ရွှီကျန်းယောင်သည် လင်းရီကို တစ်ဖန်ပြန်ကြည့်လိုက်ပြီး “ မင်းပြောသလို ဘာအသံသွင်းထားတာမှလည်း ရှိမနေဘူး … ဆိုတော့ ကျေးဇူးပြုပြီး ရှင်းပြစမ်းပါဦး ….”

ရွှီကျန်းယောင်၏ စကားကိုကြားတော့ လင်းရီ ဟားတိုက်ရယ်မောချင်သွားခဲ့သည်။ “ သူတို့ ဖုန်းတွေ မပေးခင် အသံဖိုင်တွေ ဖျက်လိုက်တယ်ဆိုတာ အရူးတောင် ခန့်မှန်းလို့ရတယ် …. မင်း ဒါလေးတောင် မစဉ်းစားတတ်ဘူးလား …..”

“ ငါ တစ်ခြား ဘာဆင်ခြေမှ မကြားချင်ဘူး … လက်တွေ့ သက်သေအပေါ်မှာပဲ အခြေခံပြီး စကားပြောမယ် … သူတို့ဖုန်းတွေထဲမှာ ဘယ်အသံဖိုင်မှ ရှိမနေဘူး … ဒီတော့ မင်း အမှားပဲ …..”

“ ဥက္ကဌရွှီ … သူက ချမ်းသာတယ်ဆိုတိုင်း လူကို အနိုင်ကျင့်ချင်သလို ကျင့်နေတာ … ကျွန်မတို့ဘက်ကနေ ကျိန်းသေပေါက် ရပ်တည်ပေးရမယ်နော် ….” အနှိပ်သမ နံပါတ် ၁၉က ငိုပြီး ပြောလိုက်၏။

“ မင်းတို့ ဘေးဖယ်နေကြ … ဒီကိစ္စ ငါကိုင်တွယ်လိုက်မယ် …”

“ ဟုတ် … “

ရွှီကျန်းယောင်သည် လင်းရီကို တင်းမာသည့် အမူအရာဖြင့် ကြည့်လိုက်ပြီး “ ငါတို့ တံခါးဖွင့်ပြီး စီးပွားရေး လုပ်တယ်ဆိုတာ သင့်သင့်မြတ်မြတ် ၊ အေးအေးချမ်းချမ်းနဲ့ ငွေရှာချင်လို့ … တကယ်လို့ ငါတို့လူတွေ မှားရင် ငါတို့ကိုယ့်ဘာသာ ကိုင်တွယ်မယ် … ဒီအတွက် မင်းငါ့ကို ဖြေရှင်းချက် ပေးရမယ် ….”

“ မင်းက ဘယ်လိုဖြေရှင်းချက်မျိုး လိုချင်တာ ….” လင်းရီ ခပ်ဖျော့ဖျော့ပြုံးပြီး မေးလိုက်သည်။

“ လျော်ကြေးပေး … ငါးသိန်း … ဒါဆို ဒီကိစ္စ ဒီမှာတင်ပြီးမယ် … မဟုတ်ဘူးဆိုရင်တော့ ငါတို့ကောင်တွေ စကားကောင်းကောင်း ပြောကြတာပေါ့ …. မဟုတ်ရင် ငါတို့ ကျင်းလင်သားတွေ အနိုင်ကျင့်လို့ လွယ်တဲ့ကောင်တွေဆိုပြီး အထင်မှားနေတော့မှာ….”

“ ဟားဟား …” လင်းရီ ပြောစရာစကား ကင်းမဲ့လွန်း၍ ရယ်မောမိသွားခဲ့၏။

“ ဒီ မိန်းမ သုံးယောက်တောင် ငါ့ဆီကနေ သုံးသိန်းတောင်းဖို့အတွက် အတော်လေး အားထုတ်ကြိုးပမ်းခဲ့ရသေးတယ် … မင်းကတော့ ပါးစပ်လေးဖွင့်လိုက်တာနဲ့ တစ်ခါတည်း ငါးသိန်းတောင်းလာတော့တာပဲ … မင်းကို ဘယ်သူက အဲ့လို ယုံကြည်ချက်တွေ ပေးလိုက်လဲ သိချင်လိုက်တာ ….”

ရွှီကျန်းယောင် မျက်လုံးမှေးကျဉ်းသွားခဲ့သည်။ “ ဆိုတော့ မင်းက မပေးချင်ဘူးပေါ့ ….”

လင်းရီ ခေါင်းညိတ်လိုက်၏။ “ ဒါပေါ့ … ဘာကိစ္စ ပေးရမှာ … ဒါပေမယ့် ငါ့ကို ‘ဘိုးဘိုး’လို့ ခေါ်မယ်ဆိုရင်တော့ မင်းကို မုန့်ဖိုး နည်းနည်းပါးပါး ပေးဖို့ကတော့ စိတ်မရှိပါဘူး …”

ဒေါသထွက်သွားရမည့် အစား ရွှီကျန်းယောင်သည် လင်းရီကို လက်မထောင်ပြလိုက်၏။

“ အထင်ကြီးစရာပဲ … ဒီလောက် သေခါနီးအချိန်မှာတောင် ခေါင်းမာနေနိုင်သေးတာ မင်းလို လူစားမျိုး ဒါ ပထမဦးဆုံးပဲ ….”

သူ့စကားဆုံးသည်နှင့် ရွှီကျန်းယောင်သည် နောက်သို့ ဆုတ်လိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။

“ လုပ်လိုက်တော့ … ငါတို့ရဲ့ ဒီဧည့်သည်တော်ကြီးကို ဘယ်လိုပြုမူရမလဲဆိုတာ သင်ပေးလိုက်ကြ ….”

“ ဥက္ကဌရွှီ …. ကျွန်တော်တို့လုပ်လို့ သူ ဆိုးဆိုးရွားရွား ဒဏ်ရာရပြီး ဒုက္ခိတ ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မှာ ….”

“ ဟက် ….” ရွှီကျန်းယောင် နှာမှုတ်လိုက်ပြီး “ မင်းတို့ကောင်တွေ သူ့ကို မသတ်သရွေ့ …” အေးစက်သည့် လေသံဖြင့် “ သူ့ကို ဦးကျိုးအောင် မချိုးနိုင်ဘူးဆိုတာ ငါ မယုံဘူး ….”

“ နားလည်ပါပြီ ….” လုံခြုံရေး အစောင့်များက သူတို့၏ နံပါတ်တုတ်များကို မြှောက်လိုက်ကြပြီး “ လှုပ်ရှားကြ … ဒီကောင့်ကို သင်ခန်းစာ ကောင်းကောင်းပေးကြ ….”

All Chapters