← Chapters

ကျင်းလင်ရဲ့ ဧကရာဇ်‌ငယ်

Vol. 171 Ch. 2429

ကျင်းလင်ရဲ့ ဧကရာဇ်‌ငယ်

Vol. 171 Ch. 2429

လင်းရီ၏ အစွမ်းအစဖြင့် ထိုကားကို ခါချပစ်ခဲ့ဖို့က ငှက်ပျောသီး အခွံနွှာစားရသလို အလွယ်လေးပင်။

သို့ပေမယ့် … သူ ထိုသို့ လုပ်လိုက်လျှင် ထိုလူများက ကျန်းဟွေ့နှင့် ကျူးကျွင်းချီတို့ထံ ရောက်သွားနိုင်သည်။

ထိုသို့ ဖြစ်လာမည်ကို လင်းရီ မမြင်လို။ ထို့ကြောင့် ဆက်ပြီး နောင်ယောင်ခံလိုက်ခွင့် ပြုထားလိုက်သည်။

မကြာမီ နှစ်ဦးသားမှာ ခြင်္သေ့တံတား ခြေကျင်လမ်းသို့ ရောက်လာခဲ့ကြသည်။

ကျင်းလင်၏ ခရီးသွားဧည့်သည်တို့ လာရောက်လည်ပတ်မှု အများဆုံး နေရာဖြစ်ပြီး လူအများကြားတွင်လည်း ရေပန်းစား၏။

အထူးသဖြင့် ယခုလို ဗွီဒီယို အတိုလေးများ ခေတ်စားနေသည့် ခေတ်၌ ဤနေရာသို့ လာရောက်လည်ပတ်သူ အရေအတွက်က မရေမတွက်နိုင်အောင်ကိုပင်။ နှစ်စဉ်နှစ်တိုင်း ခရီးသွားဧည့်သည်တို့ ပြတ်လပ်သည်ဟူ၍ မရှိပေ။

ညဉ့်နက် အချိန်အခါ ဖြစ်လင့်ကစား လူအများအပြားက ကိုယ်စီကိုယ်စီနှင့် လမ်းလျှောက်လည်ပတ်နေကြပြီး နေရာတစ်ခွင်လုံးကို သက်ဝင်လှုပ်ရှားနေစေသည်။

နှစ်ယောက်လည်း ကားကို ပါကင်ထိုးပြီး ရန်စီက လင်းရီကို လက်မောင်းချိတ်ထားလျက် အများနည်းတူ လိုက်လံ လည်ပတ်ကြည့်ရှုကြသည်။

ရံဖန်ရံခါ ဖုန်းကိုထုတ်၍လည်း ဓာတ်ပုံများ ရိုက်ယူရင်း လှပသည့် မြင်ကွင်းများကို သူမ၏ ကင်မရာထဲ ဖမ်းယူသိမ်းဆည်းထားလေသည်။

ရန်စီ၏ သွင်ပြင်က အမျိုးသား အများအပြားကို ဆွဲဆောင်နေလျက် ရှိသည်။ အထူးသဖြင့် သူမ၏ သွယ်လျသည့် ကိုယ်လုံးကိုယ်ပေါက်က မြင်သူတိုင်းကို နှစ်ခါပြန်မကြည့်ဘဲ မနေနိုင်လောက်အောင်ကိုပင်။

“ ဓာတ်ပုံတွေချည်း ရိုက်မနေနဲ့လေ … ဘာမှရော မစားချင်ဘူးလား … စားချင်တာရှိရင်ပြော … သွားဝယ်ပေးမယ် ….”

“ အွန်း … ထွေထူးတော့ မရှိပါဘူး … ငါက ဒီတိုင်း နင်နဲ့ အတူလည်ချင်ရုံပဲ ….”

“ နှစ်ခုလုံး လုပ်လို့လည်း ရတာပဲဟာ … တစ်ခုခုစားရင်းနဲ့ လည်ကြတာပေါ့ ….”

“ ဟင့်အင်း … အဆင်မပြေဘူး … ငါ အခု ဝတ်ထားတာက Hermes က အသစ်ထုတ်ထားတာ … ပေသွားခဲ့ရင် ရင်ကွဲရချည်ရဲ့ … မနက်ဖြန်လည်း ဝတ်ရဦးမှာ ….”

အမျိုးသမီးများ၏ ဦးနှောက် အတွေးကို လင်းရီ နားမလည်နိုင်တော့ချေ။ “ ဒီတိုင်း အဝတ်လေးပဲဟာ ဘာဂရုစိုက်နေစရာ အကြောင်းရှိလို့ … ပေသွားရင် နောက်တစ်ထည် မဝယ်နိုင်တာလည်း မဟုတ် ….”

“ နင် တို့ အမျိုးသမီးတွေအကြောင်းကို နားမလည်ပါဘူး ….” ရန်စီက လင်းရီ၏ လက်မောင်းကို တွဲရင်း ပြောလိုက်ပြီး “ အရင်ဆုံး လမ်းလျှောက်ကြတာပေါ့ … ပြီးမှပဲ တစ်နေရာမှာ တစ်ခုခု ထိုင်စားကြမယ် … အဲ့တာပြီးရင်တော့ ဟိုတယ်ပြန်ကြတာပေါ့ ….”

“ အိုကေ ….”

နှစ်ယောက်မှာ ခြေကျင်လမ်းတွင် လှည့်ပတ်လျှောက်သွားနေခဲ့ကြ၏။ အရသာရှိမည့်ပုံသည့် စားစရာများတွေ့လျှင် လင်းရီ ဝယ်လိုက်သည်။ သို့သော် ချက်ချင်း မစားသေးဘဲ ပလတ်စတစ်အိတ်ထဲသာ သိမ်းထားပြီး နောက်မှ အတူစားဖို့ ဆုံးဖြတ်ထား၏။

“ မင်းပြောတာ မင်းရဲ့ ဇာတ်ကားတစ်ကားက ဆင်ဆာ မအောင်ဘူးလို့ ပြောတယ်နော် … အခု ဘယ်လို ဖြစ်သွားပြီလဲ … ငါ ဖုန်းဆက်ပေးဖို့ လိုသေးလား ….”

“ ဟင့်အင်း … မလိုဘူး ….” ရန်စီ ငြင်းပယ်လိုက်ပြီး “ တစ်ချို့ နားလည်မှု လွဲစရာလေးတွေ ရှိနေတာ အမှန်ပဲ … သူတို့ဘက်ကလည်း တမင်သက်သက် ခက်ခဲအောင် လုပ်နေတာ မဟုတ်ပါဘူး … ပြီးတော့ နင့်ကိုချည်း အားကိုးနေလို့လည်း မဖြစ်ဘူးလေ …”

“ ဒါဆို မင်းဘာမင်း မကိုင်တွယ်နိုင်တဲ့ ပြဿနာတွေရော ရှိလား ….”

“ ရှိရင်တောင် နင့်ကို အကူအညီမတောင်းဘူး …” ရန်စီ နူးညံ့စွာ ဆိုလိုက်ပြီး “ အရာအားလုံး ဖြေရှင်းဖို့ နင့်နားပဲ အပူကပ်နေမယ်ဆိုရင် စီးပွားရေးလုပ်ရတာ ပျော်ဖို့ ဘယ်ကောင်းတော့မှာ … မဟုတ်လည်း လတိုင်းလ နင့်ဆီကနေ ပိုက်ဆံတောင်းလို့ရတာပဲလေ … စီးပွားရေး ဘာလို့ လုပ်နေတော့မှာ ….”

“ အင်း … အဲ့တာလည်း ဟုတ်နေတာပဲ ….”

သူမ၏ ဆံစများအား နောက်သို့ သပ်လိုက်ရင်း ခြေဖျားထောက်လျက် မလှမ်းမကမ်းရှိ တွန်းလှည်းဆိုင်လေးတစ်ဆိုင်ကို ညွှန်ပြလိုက်သည်။

“ ဟိုမှာ ဘဲကင် … ဘဲကင်စားကြရအောင် … စားပွဲလည်း အသင့်ရှိတယ်ဆိုတော့ ညလယ်စာ စားလို့ အဆင်ပြေတယ် ….”

“ အိုကေလေ ….”

ကျင်းလင် ရောက်လာပြီးမှတော့ ဘဲကင်ကတော့ စားကို စားပေးသင့်သည်။

ရန်စီ အကြံပြုခဲ့သည့်အတိုင်း မြည်းစမ်းကြည့်ဖို့ရာအတွက် ဘဲကင်တစ်ဝက် ဝယ်လိုက်၏။

သူတို့နှစ်ဦး၏ ညလယ်စာက ရိုးရှင်းပြီး အမယ်စုံနေသည်။ လင်းရီ ဘီယာအနည်းငယ်လည်း မှာလိုက်ပြီး သောက်ရင်းဖြင့် စကားတွေ ပြောခဲ့ကြ၏။

စကားဝိုင်းကတော့ သာမန် နေ့စဉ်ဘဝအကြောင်းနှင့် အရေးမပါသည့် လူမှုရေး ကိစ္စများပင်။ စကားပြောနေစဉ်အတောအတွင်း ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့က ကိုယ်ဝန်ရှိနေကြောင်းကို ရန်စီ သိရှိသွားခဲ့တော့သည်။

“ ဧကရီအတွက် ငါ လက်ဆောင်တစ်ချို့ ပြင်ပေးသင့်လား …” ရန်စီ အရွှန်းဖောက်သည့် လေသံဖြင့် ဆိုလိုက်သည်။

“ လက်ဆောင်တွေ ပြင်ပေးဖို့ မလိုပါဘူး … မင်းအလုပ်မင်းသာ အာရုံစိုက်စမ်းပါ ….” လင်းရီ ဘဲကင်ကို မြည်းရင်း ပြောလိုက်၏။

“ ဒါနဲ့ မင်းရော … ကလေးယူဖို့ စိတ်ကူးရှိလား ….”

“ လောလောဆယ်တော့ မဟုတ်သေးဘူး ….” ဘဲသားတစ်ဖဲ့ကို ပါးစပ်ထဲ ထည့်ရင်း ရန်စီ ခွန်းတုံ့ပြန်လိုက်ပြီး “ နင် အတွေးလွန်နေစရာ မလိုပါဘူး … ပြီးတော့ စိတ်ထဲ ဘာဝန်ထုပ်ဝန်ပိုးမှလည်း ဖြစ်စရာမလိုဘူး … အဆင့်အတန်းတွေက ငါ့အတွက် အရေးမကြီးဘူး ….”

ရန်စီသည် သူမ၏ ခွက်ကို ကိုင်ရင်း အသာအယာ မွေ့လိုက်သည်။

“ တစ်နေ့ … ငါ ကလေးလိုချင်လာတဲ့အချိန်ကျရင် နင် တားလို့မရဘူးနော် … ငါ တောင်းဆိုချင်တာ ဒီတစ်ခုတည်းပဲ … နင် ငါ့ကို ကတိပေးရမယ် ….”

“ ဘာတွေ လာပြောနေတာ … ငါ မင်းကို ဘယ်တုန်းက တားဖူးလို့တုန်း ….” လင်းရီ ပြောလိုက်ပြီး “ ငါက တာဝန်မယူတတ်တဲ့ လူနဲ့ တူနေလို့လား ….”

အချစ်ဦးနှင့် စတင်ချစ်ကြိုက်သည့် မိန်းကလေးတစ်ဦးနှယ် ရန်စီ၏ တခစ်ခစ် ရယ်မောသံက ထွက်ပေါ်လာသည်။

“ ငါကြားချင်တာလည်း အဲ့စကားပဲ ….”

ထိုအချိန်မှာပဲ ….

ကားတစ်ဒါဇင်ကျော်က ခြေကျင်လမ်းအပြင်ဘက်သို့ ထိုးရပ်လာသည်။

ဘန်ထလေ တစ်စင်းက ရှေ့မှ ဦးဆောင်လာခဲ့ပြီး‌ ၎င်းနောက်ဘက်တွင်တော့ လမ်ဘိုဂီနီ၊ ဖာရာရီ … စသဖြင့် အခြားသော စူပါကား တစ်ဒါဇင်ကျော်က နောက်တွဲယာဉ်များအနေနှင့် လိုက်ပါလာခဲ့ကြပြီး အင်မတန် ခမ်းနားသည့် မြင်ကွင်းကြီး တစ်ခုဖြစ်၏။

အိမ်မပြန်ကြသေးသည့် လာရောက် လည်ပတ်သူများမှာ ၎င်းတို့၏ ခြေလှမ်းများကို ရပ်တန့်မိသွားခဲ့ကြပြီး မြင်ကွင်းကြောင့် ရှော့ခ်ရသွားခဲ့ကြ၏။

ဘာများပါလိမ့်ဆိုပြီး သူတို့စိတ်ထဲ စူးစမ်းချင်နေကြလေသည်။

“ လိုင်စင်နံပါတ်က 9 လေးလုံး …. ဒါ ကျင်းလင်ရဲ့ ဧကရာဇ်လေး ဝမ်ချွင်းရီရဲ့ ကားမဟုတ်လား …..”

“ မင်း သူ့ကို သိနေတယ်ပေါ့ ….”

“ ဒီကောင်က ဆိုရှယ်မီဒီယာပေါ်မှာ အတော်လေး နာမည်ကြီးတာကွ … ငါ ကြားမိတာတော့ သူ့မိသားစုက သောက်ရမ်းချမ်းသာတာဆိုပဲ … ဩဇာလည်း အတော်ညောင်းတယ် …. ငါတို့လို သာမန်လူတွေ သွားထိလို့ မရတဲ့ လူစားမျိုးပေါ့ …..”

“ အင်း … သာမန်လူဆိုလည်း လိုင်စင်နံပါတ်ပြားကို 9 လေးလုံး မသုံးပါဘူးကွာ …. ဘယ်သူက အဲ့တာကြီး သုံးမှာ ….”

“ လောကကြီးမှာ ဘာတွေများ ဖြစ်ပျက်နေလို့ ဝမ်ချွင်းရီက ဒီကို ရောက်လာတာလဲတဲ့ ….”

“ ဘယ်သူက သိမှာ … သူလည်း ညလယ်စာ လာစားတာ နေမှာပေါ့ ….”

ဘေးနားဝန်းကျင်ရှိ လူများက အချင်းချင်း တီးတိုးပြောဆိုနေကြပြီး ဖုန်းများထုတ်၍ပင် ဗွီဒီယိုမှတ်တမ်း တင်နေကြတော့သည်။

“ ဘာတွေ ဖြစ်နေတာလဲ … ဘဲကင်လေး တစ်ခု ဝယ်တာကို ဒီလောက် ခမ်းခမ်းနားနားကြီး လုပ်ပြစရာ လိုလို့လား ….” ရန်စီက ထိုနေရာသို့ လှမ်းကြည့်ပြီး ပြောလိုက်သည်။

“ သူတို့ ပုံစံ ကြည့်ရတာလည်း ဘဲကင်စားဖို့ ရောက်လာတဲ့ပုံ မပေါ်ပါဘူး … ပြဿနာ ရှာဖို့ ရောက်လာတာနဲ့ ပိုတူနေတယ် ….” လင်းရီ ခွန်းတုံ့ပြန်လိုက်သည်။

“ နင့်ကြောင့်နဲ့ ရောက်လာခဲ့ကြတာများလား ….”

“ ကွက်တိပဲ … မှန်တယ် ….”

“ နင် ကျင်းလင်မှာ ဘာအဆက်အသွယ်မှ မရှိဘူးမလား ….”

“ စီးပွားရေး မိတ်ဆွေတစ်ချို့တော့ ရှိတယ် … ပြီးတော့ ထိပ်တန်း အရာရှိ နည်းနည်းနဲ့လည်း သိတယ် … ဒါပေမယ့် ဒီလောက်ကတော့ ကိုယ့်ဘာကိုယ် ကိုင်တွယ်လည်း ရပါတယ်ကွာ … သူများကို အကူအညီ သွားတောင်းနေစရာ မလိုပါဘူး ….”

“ အဟုတ်ပဲ ….” ရန်စီ ပြုံးလိုက်၏။

“ ဒါရိုက်တာလင်းရဲ့ အစွမ်းအစနဲ့ဆိုရင် ဒီလို ငနဲလေးတွေလောက်ကတော့ မိနစ်ပိုင်းလောက်ပဲမလား …. သူများနား အကူအညီသွားတောင်းနေရရင် ရှက်စရာကြီး ဖြစ်နေမှာပေါ့ ….”

“ ငါ့ကို နားလည်နေတာပဲ ဟားဟား ….”

နှစ်ယောက် စကားပြောနေစဉ်မှာပဲ ကားပေါ်မှ လူများ တစ်ယောက်ပြီး တစ်ယောက် ဆင်းလာခဲ့ကြသည်။

လင်းရီ ထင်မှတ်ထားသည့်အတိုင်း ရွှီကျန်းယောင်က ကားပေါ်မှ အရင်ဆုံး ဆင်းလာသည်။

ဘေးနားတွင်တော့ သူ့လို ဆင်တူ ဝတ်စားထားကြသည့် လူငယ်များ လိုက်ပါလာပြီး ချမ်းသာသည့် သူ့သူငယ်ချင်းများပင်။

လူ အယောက် နှစ်ဆယ်ကျော် ၊ သုံးဆယ်လောက်က လင်းရီနှင့် ရန်စီကို အလယ်တွင် ဝန်းရံထားလိုက်ကြသည်။

နှစ်ဦးလုံး စိုးရိမ်ထိတ်လန့်သွားခဲ့ခြင်း မရှိပေ။ အထူးသဖြင့် ရန်စီမှာ လုံးဝကို တည်ငြိမ်နေခဲ့ပြီး သူမ၏ ဘဲကင်ကိုပင် စိတ်အေးလက်အေး ထိုင်စားနေသည်။

ဤမြင်ကွင်းကိုမြင်တော့ ဘေးမှ ကြည့်ရှုနေသူများမှာ တစ်ခုခုတော့ လွဲချော်နေပြီကို ရိပ်ဖမ်းမိသွားခဲ့ကြသည်။

အနှီ ချမ်းသာသည့် လူငယ်လေးများက အစားစားဖို့ ရောက်လာကြသည်နှင့် မတူပေ။ ထိုအစား ပြဿနာရှာပြီး တိုက်ခိုက်ဖို့ ရောက်လာကြသည်နှင့် ပိုတူနေခဲ့၏။

“ မင်းကတော့ အတော်လေးကို ဟုတ်နေတာပဲ … စော်ခေါ်လာပြီး ဘဲကင်တောင် လာစားနေလိုက်သေးတယ်ဆိုတော့ …..” ရွှီကျန်းယောင်က ထေ့ငေါ့လှောင်ပြောင်စွာ ပြောလိုက်သည်။ ရေချိုးစင်တာတွင်တုန်းက အတင်းဆိုဒ်ဖမ်းထားသည်နှင့် သူ၏ သွင်ပြင်နှင့် လုံးလုံးလျားလျား မတူညီတော့ချေ။

“ ဘာလဲ … ဘဲကင်စားတာကတောင် တရားမဝင်တော့ဘူးလား ….”

“ ဒါပေါ့ … တရားမဝင်ဘဲ ဘယ်နေမှာ … ဒါပေမယ့် ခဏနေကျရင် မင်း ဗိုက်ကြီးတစ်ခုလုံး ကားသွားအောင် စားရစေရမယ် …”

“ လောင်ရွှီ … မင်းဆီမှာ ပြဿနာ လာရှာသွားတဲ့ကောင်ဆိုတာ သူလား …”

ပြောလိုက်သူက ရွှီကျန်းယောင် နံဘေးတွင် ရပ်နေသည့် လူပင်။

ဆံပင်ကို ရွှေဝါရောင် ဆိုးထားပြီး လည်ပင်းတွင် ငွေရောင် ဆွဲကြိုးကြီး တစ်ကုံးကို ဆွဲထား၏။ လင်းရီနှင့် ရန်စီကို အမှုမထားသည့် အမူအရာဖြင့် သာမန်လျှံကာ စိုက်ကြည့်နေသည်။

သူ့နာမည်က ဝမ်ချွင်းရီ၊ လူတွေ ပြောပြောနေကြသည့် ကျင်းလင်၏ ဧကရာဇ်လေးပင်။

“ ဒီကောင်က တိုက်ခိုက်တဲ့ နေရာမှာတော့ တကယ်တော်တာ … ငါတောင် စောနက အတော်လေး ခံလိုက်ရသေးတယ် … မဟုတ်ရင် မင်းဆီကို ဖုန်းဆက်လိုက်မှာတောင် မဟုတ်ဘူး ….” ရွှီကျန်းယောင် ပြောလိုက်ပြီး “ ဒီကျင်းလင်မှာ ပြင်ပကလူတွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လာလုပ်ခွင့် ပြုလို့ ဘယ်ရမှာလဲ ဟုတ်တယ်မလား ….”

All Chapters