မင်းအဖေကို ငါသိတယ်
Vol. 171 Ch. 2430
“ ဟက် …”
ဝမ်ချွင်းရီ တစ်ချက် ရယ်မောလိုက်ပြီး “ ဒါဆိုလည်း အခုလုပ်ကြတာပေါ့ … ဘာမှ အချိန်ဆွဲနေစရာ အကြောင်းမရှိဘူး ….”
တစ်စုံတစ်ယောက်၏ အားကိုးလေးရှိလာသည်နှင့် ရွှီကျန်းယောင်သည် ရဲဆေးတင်ပေးခံလိုက်ရသည်နှယ် ရင်ဘက်က အလိုအလျောက် ရှေ့သို့ ကော့တက်လာသည်။ သို့သော် သူ့မျက်လုံးအကြည့်တို့ကတော့ ရန်စီထံသို့ ကျရောက်နေလျက် ရှိသည်။
ဤကဲ့သို့ ကောက်ကြောင်းလှသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် အမျိုးသမီးမျိုးက ကျင်းလင်တွင် အင်မတန် ရှားပါးလှ၏။
“ မင်းက တည်ငြိမ်ချင်ယောင် ဆောင်နေတုန်းလား … မင်းရဲ့ ကောင်မလေး ရှေ့မှာ ငါမင်းကို အရှက်မခွဲချင်ဘူး … တစ်နေရာရှာပြီး စကားပြောကြတာပေါ့ … ငါ ဒါ မင်းကို အခွင့်အရေး ပေးနေတာနော် ….”
လင်းရီသည် သူ၏ ဘဲတောင်ပံကို အောက်သို့ချလိုက်ပြီး လက်ရှိ ဆီများကို သုတ်ရင်း တည်ငြိမ်သည့် လေသ့ဖြင့် “ မလိုဘူး … အခု ဒီနေရာမှာလည်း ပြောလို့ရတယ် ….”
“ မင်းကိုယ်မင်း တိုက်ရည်ခိုက်ရည်ကောင်းတယ်ဆိုတိုင်း မင်းကို ဘယ်သူမှ ထိလို့မရတော့ဘူး ထင်နေတာလား ….” ရွှီကျန်းယောင် မျက်ခုံးပင့်လျက် လင်းရီကို ကြည့်လိုက်ပြီး “ အခု ငါ့နောက်မှာ ရှိနေတဲ့လူတွေက လုံခြုံရေး အစောင့်တွေ မဟုတ်ဘူးနော် ….”
“ ငါ့မျက်လုံးထဲမှာတော့ ဘာမှ ကွာခြားမနေဘူး …..”
“ လောင်ရွှီ … တော်သင့်ပြီ … သူ့ကို မျက်နှာသာပေးတာ မလိုချင်မှတော့ ဘာလို့ ပေးနေမှာ … “ ဝမ်ချွင်းရီ ပြောလိုက်သည်။
“ ကောင်းပြီလေ … ငါလည်း စိတ်ကုန်နေတာ ကြာပြီ …”
“ အဲ့လောက်ထိလည်း စိတ်မရှည် ဖြစ်စရာ မလိုပါဘူး ….” လင်းရီသည် ဝမ်ချွင်းရီကို ကြည့်လျက် “ မင်းအဖေက ဝမ်ကျန်းဖျင်မဟုတ်လား … ငါ သူ့ကို သိတယ် … ကိုယ့်အချင်းချင်းတွေပဲကို ဒီလိုတွေ လုပ်စရာ လိုလို့လား … ဒီကိစ္စ ဒီမှာတင် တော်လိုက်ကြတာပေါ့ ….”
“ ဟမ် ….”
သူ ထိုစကားမျိုး ပြောလိုက်သည့် အခိုက်အတန့်မှာပဲ ရွှီကျန်းယောင်နှင့် ဝမ်ချွင်းရီတို့ အေးခဲသွားခဲ့ကြသည်။
“ အစ်ကိုရွှီ … သူ အန်ကယ်ဝမ်ကို သိနေတယ်တဲ့ ….”
“ ပေါက်ကရတွေ … ငါ့အဖေက သူ့လိုကောင်စားမျိုးနဲ့ သိမှာ မဟုတ်ဘူး … သူက ဘာကောင်မို့လို့ ….”
ရွှီကျန်းယောင်လည်း သိပ်မသေချာတော့ပေ။
“ ဒါဆို သူ အန်ကယ်ဝမ်ရဲ့ နာမည်ကို ဘယ်လိုလုပ်ပြီး သိနေတာလဲ ….”
“ ရှင်းနေတာပဲ မဟုတ်လား … ငါ့လို လိုင်းပေါ်မှာ သန်းနဲ့ချီတဲ့ ဖော်လိုဝါရှိတဲ့လူ တစ်ယောက်က ငါ့မိသားစုအကြောင်း သိတဲ့လူတွေ အများကြီးပဲ ….” ဝမ်ချွင်းရီ ပြောလိုက်ပြီး “ လမ်းပေါ်က လူတွေကို လိုက်မေးကြည့်လိုက် … ငါ့အဖေ ဘယ်သူဆိုတာ သူတို့ အကုန်သိတယ် ….”
မသိစိတ်အလျောက် ရွှီကျန်းယောင်သည် ဘေးပတ်ဝန်းကျင်ရှိ လူများထံသို့ အကြည့်ရောက်သွားခဲ့ကြသည်။
၎င်းတို့၏ မျက်နှာအမူအရာများကတစ်ဆင့် ဝမ်မိသားစု၏ အခြေအနေနှင့် အတော်လေး ရင်းနှီးနေသည်ကို ရိပ်ဖမ်းမိဖို့ မခဲယဉ်းပေ။ ထူးဆန်းလှသည်တော့မဟုတ်။ ထိုသို့သော အသေးစား အချက်အလက်များကို အင်တာနက်ပေါ်တွင် လွယ်လင့်တကူ ရှာတွေ့နိုင်လေသည်။
“ မင်း တော်တော် ရယ်ရတဲ့ကောင်ပဲ … ပေါက်ကရတွေ လျှောက်ပြောပြီး ငါတို့ကို ဖြဲခြောက်ချင်နေတယ်ပေါ့ … ငါတို့ကို သောက်ရူးများ ထင်နေလား ….”
“ အဲ့သဘောမျိုး မဟုတ်ပါဘူး … ကိုယ့်အချင်းချင်းတွေဆိုတော့ မရိုက်ချင်ဘူးလေ … ဒါကြောင့်မို့ မင်းတို့ကို မျက်နှာသာပေးနေတာ ….”
“ ဟားဟားဟား …..”
အရယ်ရဆုံး ပြက်လုံး တစ်ခုကို ကြားလိုက်ရသည့်နှယ် ရွှီကျန်းယောင် ကျယ်လောင်စွာ အော်ဟစ်ရယ်မောသွားခဲ့၏။
“ ကိုယ့်ကိုယ်ကို ဘာရုပ်ပေါက်နေလဲလို့ မှန်ထဲ ပြန်ကြည့်လိုက်ဦး … ဝမ်မိသားစုက မင်းရဲ့ မျက်နှာသာပေးတာကို လိုအပ်နေတယ်လို့ ထင်လား …. မင်းက ဒီတိုင်း ရဲအရာရှိ အသေးလေး တစ်ယောက်ပဲ … ဘာမှတန်တဲ့ကောင် မဟုတ်ဘူး … ငါတို့အတွက် အမှိုက်ပဲ ….”
ဘေးတွင် ပွဲကြည့်နေကြသည့်များလည်း လင်းရီကို လက်ညှိုးထိုးရင်း အချင်းချင်း တီးတိုးပြောဆိုနေကြသည်။
“ အတော်ရယ်ရတဲ့ ငနဲပဲ … ဝမ်ချွမ်းရီရဲ့ အဖေနဲ့ သိချင်ယောင်ဆောင်ပြီး ရှင်သန်ဖို့ ကြိုးစားနေတယ် ….”
“ အင်း … ငါလည်း သူ့အဖေကို သိတယ် … အဲ့တာနဲ့ပဲ ငါက ကျင်းလင်မှာ ဘုရင်ဖြစ်သွားရောလား …..”
ဘေးပတ်ဝန်းကျင်ရှိ လှောင်ပြောင်ရယ်မောသံများကိုကြားတော့ ရန်စီမှာ ပြုံးရုံးမျှသာ ပြုံးလိုက်မိသည်။
သူမ၏ စားစရာမုန့်ကို တည်တည်ငြိမ်ငြိမ်နှင့် ဆက်လက်စားသောက်နေပြီး စိတ်ထဲတွင်တော့ ခေတ္တကြာပြီးနောက်တွင် လူဘယ်လောက်များများ မြေပေါ် မှောက်သွားမလဲဆိုတာကိုပင် တိတ်တဆိတ် တွက်ချက်နေလိုက်သေးသည်။
“ အစ်ကိုဝမ် … နောက်လည်း ကျနေပြီ … အချိန်ဆက်ဖြုန်းမနေနဲ့တော့ …” ရွှီကျန်းယောင် ပြောလိုက်သည်။
ဝမ်ချွင်းရီ ခေါင်းညိတ်လိုက်၏။ “ ငါ့အဖေနဲ့တောင် သိချင်ယောင်ဆောင်လိုက်သေးတယ်ဆိုတော့ … ဒီငနဲကို သင်ခန်းစာ ကောင်းကောင်း ပေးမှပဲ ဖြစ်တော့မှာ ….”
သူ့စကားဆုံးအောင် ပြောပြီးနောက် ဝမ်ချွင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး “ အားပြောင် … သွားပြီး သူနဲ့ လက်ရည်ယှဉ်လိုက် … ပြောတာတော့ လုံခြုံရေး အစောင့် ဒါဇင်ကျော်ကိုတောင် တစ်ကောင်တည်း အမှောက်သိပ်ခဲ့တဲ့အထိ ဖြုံဖို့ကောင်းတဲ့ကောင် ဆိုပဲ ….”
ချပ် ချပ် ချပ် ….
ဒေါင်ကောင်းကောင်းနှင့် အမျိုးသားတစ်ဦးက ရှေ့ထွက်လာခဲ့ပြီး အနက်ရောင် စွပ်ကျယ်နှင့် လက်မောင်းသွေးကြောကြီးများကလည်း တင်းပြီး ဖောင်းကားထွက်လို့နေသည်။ လင်းရီကို အထင်သေးစွာ ကြည့်ရင်း လက်ဆစ်များချိုးကာ အမှုမထားသည့် လေသံဖြင့် “ ကောင်လေး … မင်းဘာမင်း ဒူးထောက်မလား … ငါ ကိုယ်တိုင် ရိုက်ချိုးပြီး ဒူးထောက်ခိုင်းရမလား … ဒါ ကျင်းလင် … ကိုယ့်နေရာကိုယ်သိ …..”
“ ကျင်းလင် ဖြစ်ဖြစ် ၊ ဘာဖြစ်ဖြစ် ၊ ဘယ်ကောင်မှ ငါ့ကို အဲ့စကားမျိုး လာမပြောရဲဘူး ….”
“ ငိုးပဲ … “
အားပြောင်ဆိုသူက အပိုစကားတွ ပြောမနေတော့ဘဲ လက်သီးတစ်လုံးကို တိုက်ရိုက်ထိုးခွင်းလာသည်။
အလျင်က အတော်မြန်သည်ဆိုသော်ငြားလည်း လင်းရီ၏ မျက်လုံးထဲတွင်တော့ ပြောပလောက်စရာပင် မရှိချေ။
လက်ကို သာမန်လျှံကာ ဆန့်တန်းပြီး အားပြောင်၏ လက်သီးကို ဆုပ်ဖမ်းကာ လိမ်ချိုးပြီး စားပွဲတွင် ဖိကပ်ထားလိုက်သည်။ ထို့နောက် စကေဘာကို ထုတ်ယူ၍ အားပြောင်၏ လက်ဖဝါးကို ထွင်းဖောက်ရင်း စားပွဲပေါ် စိုက်ထားလိုက်သည်။
အားးးးး …
ဆွဲဆွဲငင်ငင် အော်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး အားပြောင်၏ မျက်နှာတစ်ပြင်လုံး လိမ်တွန့်သွားခဲ့ကာ လက်ဖဝါးမှ သွေးများ စီးကျလာသည်။
လူတိုင်း အေးခဲသွားခဲ့ကြသည်။ တစ်လက်မလေးပင် မလှုပ်ရှားဝံ့ကြတော့ပေ။
“ ဒီ … ဒီကောင် သောက်ရမ်း ရက်စက်လွန်းတယ် ….”
ထိုကဲ့သို့သော သွေးထွက်သံယို မြင်ကွင်းမျိုးကို ဝမ်ချွင်းရီနှင့် ရွှီကျန်းယောင်တို့ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးကြချေ။ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် လင်းရီက သူတို့အားလုံးကို ကြောက်သေးထွက်သွားစေလေသည်။
အားပြောင် ကျယ်လောင်စွာ အော်ဟစ်ရင်း သူ့လက်ဖဝါးကို မထိရဲ၊ မကိုင်ရဲ ဖြစ်နေစဉ်တွင် လင်းရီသည် ဝမ်ချွင်းရီနှင့် ရွှီကျန်းယောင်တို့အနား ရောက်ရှိလာခဲ့သည်။
“ ဘာလို့ ဒီတိုင်း ရပ်နေကြတာ … ပြောတော့ ငါ့ကို သင်ခန်းစာကောင်းကောင်း ပေးမယ်ဆို ….”
“ ငါ .. အဲ … အဲ့ဒါက ….”
နှစ်ဦးလုံး မျက်နှာများ သွေးဆုတ်ဖြူလျော်နေကြသည်။
လင်းရီသည် ခါးနောက်ကျောမှ နောက်ဓားတစ်ချောင်းကို ထုတ်ယူလိုက်ပြီး “ ငါမင်းတို့ကို စောနတုန်းက မျက်နှာသာပေးခဲ့ပြီးပြီ … ဒါပေမယ့် မင်းတို့ကောင်တွေက မလိုချင်ကြဘူး … အခု ငါတို့ကောင်တွေ သေချာလေး စကားပြောကြတာပေါ့ ….”
“ မလုပ် … မလုပ်ပါနဲ့ … ဒီလောက်ထိ လုပ်ဖို့ မလိုပါဘူး … ကောင်းကောင်းမွန်မွန် စကားပြောလည်း ရပါတယ် ….”
ဝမ်ချွင်းရီ ထွက်ပြေးချင်သွားခဲ့သည်။ သို့သော် သူ့ခြေထောက်များက မလှုပ်ရှားနိုင်လောက်သည်အထိ တုန်ယင်လွန်းနေသည်။
“ မင်း မင်း စောနက ပြောတာ ငါ့အဖေနဲ့ သိတယ်ဆိုပြီး ဟုတ်တယ်နော် … အချင်းချင်း မျက်နှာသာပေးပြီး ဒီကိစ္စ ကြေပြီပဲ သဘောထားလိုက်ကြတာပေါ့ … ငါမနက် တစ်ဝိုင်းတိုက်ပြီး တောင်းပန်ပါ့မယ်ကွာ ….”
“ အစောတုန်းက ဒါမျိုးပြောလိုက်ရင် ကိစ္စက ပြီးနေပြီ … ဒါပေမယ့် အခုမှတော့ နောက်ကျလွန်းသွားပြီ …” လင်းရီ ပြောလိုက်ပြီး “ ငါ မင်းတို့ကို အခက်တွေ့အောင် မလုပ်ပါဘူး … သူ့လိုမျိုးပဲ … တစ်ယောက်ကို ဓားတစ်ချက်စီ … ပြီးတာနဲ့ မင်းတို့ ထွက်သွားလို့ရပြီ ….”
နှစ်ဦးလုံး ကြက်သေသေသွားခဲ့ကြ၏။ ထို့နောက် ပို၍ပင် ပြင်းပြင်းထန်ထန် တုန်ယင်လာသည်။
“ မင်း … မင်း ငါတို့ကို တွန်းအားလာမပေးနဲ့ … ငါတို့က မင်းနဲ့ ရန်မဖြစ်ချင်တာကို ကြောက်တယ်များ ထင်နေလား ….” ဝမ်ချွင်းရီ ပြောလိုက်ပြီး “ ငါ့အဖေက ဝမ်ကျန်းဖျင် … ကျန်းလင်မှာ သူ့စကားက ဥပဒေပဲ … မင်း အရမ်းလွန်မလာနဲ့ … မဟုတ်ရင် မင်းကိုယ်မင်း ဘယ်လို သေသွားမှန်းတောင် မသိဘဲ ဖြစ်နေမယ် ….”
“ ဟက် …”
လင်းရီ အေးစက်စက် တစ်ချက် ရယ်မောလိုက်ပြီး “ မင်းအဖေကို အခု ဖုန်းခေါ်လိုက် …. ဘာပဲဖြစ်ဖြစ် ငါလည်း စားတာ မပြီးသေးဘူး … သူ မင်းကို ကယ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့ ….”
အသက်ရှူဖို့ အခွင့်အရေးရတော့ ဝမ်ချွင်းရီနှင့် ရွှီကျန်းယောင်တို့ နှစ်ဦးလုံး စိတ်သာသာ ရသွားခဲ့ကြသည်။
အကူအညီတောင်းဖို့ အခွင့်အရေးရှိပါက လက်ရှိ အခြေအနေကို အလွယ်လေး ဖြေရှင်း၍ရသည်။
ဝမ်ချွင်းရီ ချက်ချင်းပဲ သူ့အဖေထံ ဖုန်းခေါ်လိုက်၏။
ထိုစဉ် ရန်စီက စားစရာများကို စားပွဲ တစ်ဖက်ဝိုင်းသို့ ရွေ့ပြောင်းလိုက်၏။
နှစ်ဦးမှာ ဘီယာသောက်ရင်း သက်တောင့်သက်သာ စားသောက်နေကြလေသည်။
ဘေးမှ ကြည့်ရှုနေကြသူများကတော့ ထိုမြင်ကွင်းအား တအံ့တအား ငေးမောနေမိကြရင်း လင်းရီကို အင်မတန် မောက်မာသည့် လူစားမျိုးဖြစ်သည်ဟု မြင်ယောင်နေမိကြသည်။
သူက ဝမ်ချွင်းရီကို အလေးအနက် ထားရုံမျှမက ၊ ဝမ်ကျန်းဖျင်ကိုလည်း ကြောက်ရွံ့သည့်ပုံ မပေါ်ပေ။
ဒီလူက သတ္တိကောင်းလွန်းနေတာများလား … ဒါမှမဟုတ် ရူးသွပ်နေတာများလား …
အချိန်က တရွေ့ရွေ့နှင့် ကုန်ဆုံးသွားခဲ့ပြီး လင်းရီနှင့် ရန်စီတို့လည်း စားလို့ ပြီးခါနီးပြီး ဖြစ်၏။
ထိုအချိန်မှာပဲ ကားနှစ်စင်းက မလှမ်းမကမ်းတွင် ထွက်ပေါ်လာသည်။
အနက်ရောင် Rolls Royce ကားက လမ်းကြောကို ဦးဆောင်လာခဲ့ပြီး ၎င်းနောက်တွင်တော့ ထည်ဝါလှသည့် SUV က ကပ်လျက် လိုက်ပါလာလျက်ရှိ၏။
ကားနှစ်စင်း ချဉ်းကပ်လာတာ မြင်တော့ ဝမ်ချွင်းရီ မျက်လုံးအရောင် လက်သွားခဲ့ပြီး “ ငါ့အဖေရောက်လာပြီ …”