စကားအရှည်ကြီး
Vol. 171 Ch. 2431
ဝမ်ချွင်းရီ၏ စကားသံကိုကြားတော့ လူတိုင်းနီးပါး စိတ်လှုပ်ရှားသွားခဲ့ကြသည်။
လူအုပ်ကြီးမှာ အချင်းချင်း တွတ်ထိုးနေကြရင်း ရှေ့ဆက် ဖြစ်ပျက်လာမည့် မြင်ကွင်းကို မျှော်လင့်စောင့်စားနေခဲ့ကြ၏။
“ သူတို့ မိသားစုပုံစံကြည့်ရတာ တော်တော်လေး အကောင်ကြီးလောက်တယ် … နင် တကယ်ရော သူတို့နဲ့ သိတာ ဟုတ်လို့လား ….” ရန်စီ တိတ်တိတ်လေး မေးမြန်းလိုက်၏။
“ ရန်ကျင်းက ညီလာခံတစ်ခုမှာ ဆုံခဲ့ဖူးတာလေ … သူ ငါ့ကို လာပြီး နှုတ်ဆက်ဖူးတော့ နည်းနည်း ရင်းနှီးနေတာ … ဟိုလို အရမ်းကြီး ရင်းနှီးနေတာမျိုးတော့ မဟုတ်ပါဘူး ….”
“ ထင်တော့ ထင်သားပဲ … နင်နဲ့ တန်းတူရပ်တည်နိုင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဆိုတာ အင်တာနက်ပေါ်မှာ မသိသူ မရှိလောက်အောင်ကို တကယ့် ဒိတ်ဒိတ်ကျဲ နာမည်ကြီးတွေ … ဒီ ဝမ်ကျန်းဖျင်ကြည့်ရတာ နာမည်သိပ်ရှိမယ့်ပုံ မပေါ်ဘူး … အနည်းဆုံးတော့ ငါကတော့ သူ့ကို မသိဘူး …”
“ ဟွာရှ တံခါးဖွင့်ပေးလိုက်တဲ့ ကာလမှာ ပထမဆုံး ရွှေအိုးပိုက်မိတဲ့ လူဟောင်းတွေထဲက တစ်ယောက်ပေါ့ … ဒေသတွင်းမှာတော့ ဂုဏ်သတင်းတစ်ချို့ ရှိသေးတယ် … ဒါပေမယ့် သူ့ရဲ့ ရွှေရောင်နေ့စွဲတွေက ကုန်လွန်ခဲ့တာ ကြာပါပြီ ….”
ရန်စီ မျက်လုံးထောင့်ကပ်ပြီး ဝမ်ချွင်းရီကို တစ်ချက်ကြည့်လိုက်၏။ “ မိသားစုက ကျဆင်းနေတဲ့အချိန်မှာ ဒီလို မိုက်မဲတဲ့ သားမျိုး ပိုင်ဆိုင်ထားတယ်ဆိုတော့ ဝမ်ကျန်းဖျင်တော့ တကယ်ကံဆိုးတယ်ပြောရမယ် … သူသာ မရှိတော့ရင် ဝမ်မိသားစုတော့ အလွယ်လေး အဆုံးသတ်ပြီပဲ ….”
“ အတိအကျပဲ ….”
နှစ်ဦးသား စကားတွေ ပြောနေစဉ်မှာပဲ ကားနှစ်စင်းက သူတို့ရှေ့သို့ ထိုးရပ်လာသည်။
ဝမ်ချွင်းရီနှင့် ရွှီကျန်းယောင်တို့ ချက်ချင်းပဲ အပြေးလွှားသွားခဲ့ကြပြီး
“ အဖေ ….”
အနည်းငယ် ပိန်ပါးသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ကားပေါ်မှ ဆင်းလာခဲ့၏။ သူ စကားပြောရန် ဟန်ပြင်လိုက်သည့် အချိန်မှာပဲ သူ့သား ဘော်ဒီဂတ်၏ ဆိုးရွားသည့် အခြေအနေကို မြင်တွေ့သွားခဲ့လေသည်။
“ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ … ဘာလို့ ဒီလောက်တောင် လူတွေ အုံနေရတာ …”
ဝမ်ချွင်းရီ လင်းရီကို လက်ညှိုးထိုးပြလိုက်ပြီး “ သူပဲ ….”
ဝမ်ကျန်းဖျင်၏ အကြည့်က လင်းရီထံသို့ ကျရောက်သွားခဲ့သည်။ သူ ပေါက်ကွဲတော့မည့် အချိန်မှာပဲ ချက်ချင်းဆိုသလို သူ့တစ်ကိုယ်လုံး အေးစက်သွားပြီး နှုတ်ခမ်းမှ စကားတစ်ခွန်းပင် ထွက်ကျမလာပေ။
“ အဖေ … သူက ကျိုးဟိုင်က … သားတို့ ကျင်းလင်မှာ ပြဿနာ လာရှာနေတာ … အဖေနဲ့သိတယ်ဆိုပြီးတောင် ပြောနေလိုက်သေးတယ် … ဒါ အဖေ့ဂုဏ်သိက္ခာကို နင်းချေဖျက်စီးပစ်လိုက်တာပဲ … အဖေ ဒီကိစ္စကို သေချာကိုင်တွယ်သင့်တယ်နော် …”
“ စောက်ပါးစပ် ပိတ်ပြီး ဘေးဖယ်နေစမ်း ….”
ဝမ်ကျန်းဖျင် ရုတ်ချည်း ဟိန်းဟောက်လိုက်၏။ ဝမ်ချွင်းရီနှင့် အခြားသူများမှာ ထိတ်လန့်လွန်း၍ ထခုန်လုနီးပါး ဖြစ်သွားခဲ့ကြသည်။
ထို့နောက် ဝမ်ကျန်းဖျင်က လူတိုင်း ရှော့ခ်ရသွားစေလောက်သည့် ကိစ္စတစ်ခုကို ပြုလုပ်လိုက်သည်။ သူက လင်းရီထံ ယဉ်ယဉ်ကျေးကျေး လျှောက်လှမ်းသွားပြီး “ ဒါရိုက်တာလင်း … မင်း ကျင်းလင်ရောက်လာတာတောင် ငါ့မပြောဘူး… ကြိုသိရင် ငါကိုယ်တိုင် လာကြိုပေးမှာပေါ့ ….”
ထိုစကားမျိုး ပြောလိုက်သည်နှင့် ရှိနေကြသည့် လူတိုင်း အံ့ဩဘနန်း ဖြစ်သွားခဲ့ကြ၏။
နာမည်ဂုဏ်သတင်းကျော်ကြားသည့် ဝမ်ကျန်းဖျင်က ဤစကားမျိုး ပြောလာလိမ့်မည်လို့ မည်သူကမျှ မျှော်လင့်မထားခဲ့ကြပါချေ။
“ ကျုပ် ဒီကို ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ ရောက်လာတာ …” လင်းရီ သာမန်လျှံကာပဲ ခွန်းတုံ့ပြန်လိုက်ပြီး “ တိုက်ဆိုင်ချင်တော့ ခင်များရဲ့ သားတော်မောင်နဲ့ လာတိုးတာပဲ … သူက တစ်ခြားလူဘက်ကနေ ရပ်တည်ပေးချင်တယ်လေ … ဒီကိစ္စကို ကျုပ်တို့ ဘယ်လို ဖြေရှင်းသင့်တယ်လို့ ထင်လဲ ….”
ဝမ်ကျန်းဖျင် သေမိန့်ချမှတ်ခံလိုက်ရသည့်နှယ် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားခဲ့သည်။
လင်းရီ မည်သူမည်ဝါဖြစ်သည်ကို သူ ကောင်းစွာ သိ၏။
အကယ်၍ လင်းရီသာ ဤကိစ္စကို ခွင့်လွှတ်ပေးဖို့ ဆန္ဒမရှိဘူးဆိုပါက သူ့တွင်လည်း အခြားဖြေရှင်းနိုင်မည့် နည်းလမ်း မရှိပေ။
“ ဒါ ငါ့သား အမှားပါ … ငါ သူ့ကို တောင်းပန်ခိုင်းလိုက်မယ် …”
ဝမ်ကျန်းဖျင် တစ်ဖက်သို့ ခေါင်းလှည့်သွားခဲ့ပြီး သူ့မျက်နှာအမူအရာက တစ်ရာ့ရှစ်ဆယ် ဒီဂရီ ပြောင်းလဲသွားခဲ့ကာ “ မင်းက အဲ့မှာ ဘာရပ်လုပ်နေတာ … လာပြီး ဒါရိုက်တာလင်းကို ချက်ချင်းတောင်းပန်စမ်း ….”
ဝမ်ချွင်းရီနှင့် ရွှီကျန်းယောင်တို့၏ မေးရိုးများ ကြမ်းပြင်သို့ ပြုတ်ကျလုနီးပါး အံ့အားမင်သက်သွားခဲ့ကြသည်။
ယခုအချိန်ထိတိုင် ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို သူတို့ နားမလည်နိုင်သေးပေ။
နေကြာကွာစေ့ကိုက်ရင်း ပွဲကြည့်နေကြသည့် ဘေးက ကြည့်ရှုသူများလည်း ထပ်တူထပ်မျှ ခံစားနေရလေသည်။ ဤဇာတ်လမ်းက သူတို့ စိတ်ကူးထားသည့် ဇာတ်လမ်းနှင့် တပ်တပ်စင်အောင် လွဲချော်နေလျက် ရှိသည်။
“ ဗျာ အဖေ … အဖေ ဘာပြောလိုက်တယ် … ကျွန်တော်က သူ့ကို တောင်းပန်ရမယ် ဟုတ်လား ….”
“ မင်း လူစကားပြောနေတာကို လူလို နားမလည်ဘူးလား … ငါ လာပြီး ဖြတ်ရိုက်ပေးရမှာလား ဟုတ်လား ….”
ဝမ်ချွင်းရီ ကြက်သီးဖြန်းသွားခဲ့၏။ ကျင်းလင်တွင် အခြား ခွေးတစ်ကောင် ကြောင်တစ်မြီးကိုမျှ မကြောက်ရွံ့သော်ငြားလည်း သူ့အဖေကိုတော့ ဖင်တုန်နေအောင် ကြောက်သည်။
စိတ်မပါသည့် အမူအရာနှင့် လမ်းလျှောက်လာခဲ့ပြီး ရင်ထဲက မပါသည့် လေသံဖြင့် လင်းရီကို တောင်းပန်လိုက်၏။
“ ကျုပ်တို့ အရင်က တွေ့ဖူးကြသလိုပဲနော် ….” လင်းရီ လက်သုတ်ရင်း ဝမ်ကျန်းဖျင်ကို မေးလိုက်သည်။
“ အင်း … မနှစ်က ရန်ကျင်းမှာ တစ်ခါ တွေ့ဖူးတယ် … ဒါပေမယ့် အဲ့တုန်းက မင်းက တစ်ခြား ခေါင်းဆောင်တွေနဲ့ သွားတွေ့နေတာလေ … အတူ ထမင်းစားဖို့တောင် အခွင့်အရေး မရလိုက်ဘူး … အဲ့တာကို ငါ့စိတ်ထဲ အမြဲတမ်း နောင်တရနေခဲ့တာ ….”
“ ကျုပ်တို့ချင်း အရင်က တွေ့ဖူးတယ်ဆိုမှတော့ … ဒီကိစ္စကို ဆက်မလိုက်တော့ဘူး ….” လင်းရီ အေးအေးလူလူ ပြောလိုက်ပြီး “ အိမ်ပြန်ရောက်ရင် ခင်များရဲ့သားကို သေချာ သွန်သင်ဆုံးမပေးထား … ဒါသာ ကျိုးဟိုင်ဆိုလို့ကတော့ အခုချိန်လောက်ဆို သူ့အလောင်းကို လာကောက်နေရလောက်ပြီ …
“ အင်းပါ အင်းပါ … ငါနားလည်တယ် … ပြန်ရောက်တာနဲ့ သူ့ကို သေချာ ဆုံးမလိုက်ပါ့မယ် … ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေရပါဘူး ….”
ဝမ်ကျန်းဖျင် ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။
“ ရပြီ .. ခင်များ လုပ်စရာရှိတာ သွားလုပ်တော့ ….” လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး ရန်စီကို တစ်ချက်ကြည့်လိုက်သည်။ နှစ်ဦးမှာ မပြောဘဲ နားလည်စွာနှင့် အတူထွက်လာခဲ့ကြလေသည်။
ဝမ်ကျန်းဖျင်မှာ အင်မတန် ပျူငှာယဉ်ကျေးနေပြီး လင်းရီတို့နှစ်ဦးကို ကားပေါ် ရောက်သည်အထိ လိုက်ပို့ပေးနေခဲ့သည်။ ကားထွက်သွားသည်ကို မြင်တော့မှ စိတ်သက်သာရစွာ သက်ပြင်းချလိုက်လေသည်။
ဘေးမှ ကြည့်ရှုနေသူများကတော့ အသက်ပင် ကျယ်လောင်စွာ မရှူဝံ့ကြချေ။
လင်းရီတွင် မည်ကဲ့သို့သော အထောက်အထားမျိုး ရှိနေသဖြင့် ဝမ်ကျန်းဖျင်က သူ့ကို ထိုသို့ ဆက်ဆံနေရလဲဆိုတာကို နားမလည်နိုင် ဖြစ်နေကြလေသည်။
“ တော်လောက်ပြီ … လူစုခွဲကြတော့ …” ဝမ်ကျန်းဖျင် သူ၏ နဂို အေးစက်စက်မျက်နှာထားဖြင့် ဆိုလိုက်သည်။ ပြီးနောက် ဝမ်ချွင်းရီထံ အကြည့်ရောက်သွားခဲ့ပြီး စူးရဲစွာ ကြည့်လျက်
“ မင်း … ငါနဲ့ကားထဲလိုက်ခဲ့ ….”
ဝမ်ချွင်းရီ ဘာအသံမျှ မထွက်ဝံ့ချေ။ ကြက်နာကြီးနှယ် ခေါင်းငိုက်စိုက်ချလျက် သူ့အဖေနှင့်အတူ ကားထဲသို့ လိုက်လာသည်။
“ အဖေ … အဲ့ကောင်က ဘယ်သူမို့လို့တုန်း … ပြီးတော့ အဖေက သူ့ကို ဘာလို့ ဒါရိုက်တာလင်းဆိုပြီး ခေါ်နေတာ … သူ့မှာ ထူးခြားတဲ့ နောက်ခံတွေ ရှိနေလို့လား ….”
“ သူက လင်းယွင် အုပ်စုရဲ့ ဥက္ကဌ … မင်းပြောကြည့် … သူ့အဆင့်အတန်းက ဘယ်လိုရှိမယ်ထင်လဲ ….”
ဝမ်ကျန်းဖျင် အေးစက်သည့် လေသံဖြင့် “ ရန်ကျင်း ညီလာခံတုန်းက သူနဲ့ တွေ့ဆုံခဲ့တဲ့လူတွေဆိုတာ ဌာနအသီးသီးရဲ့ ထိပ်ပိုင်း ခေါင်းဆောင်ကြီးတွေ … မင်းအဖေငါတောင် သူနဲ့ တွေ့ဖို့ အရည်အချင်းမမီဘူး … ငါတို့ ဝမ်မိသားစုက သူ့လို လူစားမျိုးကို သွားစော်ကားလို့ ရမယ် ထင်သလား ….
“ လင်းယွင်အုပ်စုရဲ့ ဥက္ကဌ ….”
ဝမ်ချွင်းရီ တစ်ကိုယ်လုံး တုန်ခါသွားခဲ့သည်။ ချမ်းသာသည့် မိသားစုမှ ဒုတိယမျိုးဆက် ဆက်ခံသူ ဖြစ်သည်နှင့်အညီ လင်းယွင်အုပ်စုက မည်သို့သော ကုမ္ပဏီမျိုး ဖြစ်ကြောင်းကို သူ ကောင်းကောင်း နားလည်နေသည်။ နောက်ပြီး … ယင်းက ဝမ်မိသားစု တန်းသွားညှိနိုင်သည့် အရာမျိုး မဟုတ်ပေ။
“ သူ ဒီကိစ္စကို ဆက်မလိုက်တော့ဘူး ပြောသွားတာ မင်းကံကောင်းတယ်လို့မှတ် … မဟုတ်လို့ကတော့ ငါတောင် မင်းကို ကယ်ပေးနိုင်မယ့် လမ်းမရှိဘူး ….”
ဝမ်ချွင်းရီမှာ ဆွံ့အသွားသည့်နှယ် အချိန်အတော်ကြာသည်ထိ စကားမပြောနိုင်ဘဲ ဖြစ်သွားခဲ့ရ၏။
အတန်ကြာပြီးနောက် ဝမ်ကျန်းဖျင် စကားထပ်ပြောလာသည်။
“ အခု ဟွာရှမှာ တကယ့် ဒိတ်ဒိတ်ကျဲ လူတွေက ဘယ်လိုလဲဆိုတာ မင်း သိသွားပြီမလား ..”
ဝမ်ချွင်းရီ ခေါင်းညိတ်လိုက်သည်။
“ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ အဲ့လောက် ကြီးမားတဲ့ စီးပွားရေး အင်ပါယာကြီးကို တည်ထောင်နိုင်နေတယ် … သာမန်လူတွေ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး ….”
“ မင်းတော့ တကယ့်ကို ရေတွင်းထဲက ဖားသူငယ်ပဲ … မျှော်လင့်ချက်မဲ့နေတဲ့ကောင် …. နွားခြေရာခွက်လောက်ရှိတဲ့ အိုင်လေးကို သမုဒ္ဒရာကြီးလို့ ထင်နေတယ် ….”
ဝမ်ချွင်းရီ ရှုပ်ထွေးသွားခဲ့ပြီး သူ့အဖေကို ကြည့်လိုက်၏။ “ ဒါတွေက သူ့ရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေပဲ မဟုတ်လား ….”
“ ဒါကြောင့်လည်း ငါ မင်းကို အပေါ်ယံဆန်တယ်ဆိုပြီး ပြောနေတာ ….” ဝမ်ကျန်းဖျင် ပြောလိုက်ပြီး “ သူ့မှာ စိတ်ကူးမယဉ်နိုင်လောက်အောင် ကြွယ်ဝတဲ့ ပိုင်ဆိုင်မှုတွေ ရှိတယ် … ဒါတောင် သိုသိုသိပ်သိပ်ပဲ နေပြီး ထက်ရှတဲ့ အသွားကို ဖုံးကွယ်ထားတယ် … မင်းတို့ လူငယ်မျိုးဆက်ထဲမှာ သူ့လို လူစားမျိုး ရှိလား ….”
ထိုအခါမှပဲ ဝမ်ချွင်းရီလည်း သူ့အဖေ ဆိုလိုချင်နေသည့် အဓိပ္ပာယ်ကို နားလည်သဘောပေါက်သွားခဲ့တော့သည်။
သူ့ တစ်ကိုယ်လုံး ကြက်သီးဖြန်း တုန်ယင်သွားခဲ့၏။
သူ့ကိုယ်သူ လင်းရီ နေရာတွင် ဝင်ပြီး မြင်ယောင်ကြည့်လိုက်သည်။
အကယ်၍ သူ့တွင်သာ ထိုသို့သော အာဏာလွှမ်းမိုးမှုနှင့် ကြွယ်ဝမှုတို့ ပိုင်ဆိုင်ထားမည်ဆိုပါက မျက်လုံးထဲ ဘယ်ကောင့်မှ လူထင်မိမှာ မဟုတ်တော့ချေ။
“ ဒီဖြစ်ရပ်ကနေ မင်း သင်ခန်းစာ ယူနိုင်ဖို့ အဖေ မျှော်လင့်တယ် ….” ဝမ်ကျန်းဖျင် ပြောလိုက်ပြီး “ မင်းက ဘာကောင်မှတော့ မဟုတ်ဘူး … ငါ့နာမည်ကို ငှားပြီး သူများကို လိုက်အနိုင်ကျင့်ဖို့လောက်ပဲ သိတဲ့ကောင် … ဒါကို အရည်အချင်းရှိတယ် မခေါ်ဘူးကွ … မင်းမှာ ကိုယ်ပိုင် ခွန်အား မရှိဘူးဆိုရင် ငါ မရှိတော့တာနဲ့ မင်းအရင်က ပြဿနာ ရှာခဲ့တာတွေ အကုန်လုံး မင်းဆီ ပြန်ရောက်လာလိမ့်မယ် … မင်းကိုယ်မင်း ဘယ်လို အသက်ထွက်သွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး ….”
“ အဖေ … ကျွန်တော် နားလည်သွားပြီ … အနာဂတ်မှာ ဘာလုပ်ရမလဲဆိုတာ သိသွားပြီ ….”
ဝမ်ကျန်းဖျင် နောက်ဆုံးတော့ စိတ်ကျေနပ်သည့် အမူအရာမျိုး ဖြစ်ပေါ်လာခဲ့၏။
“ အမှားကို သိရင် အမှန်ပြင်ပြီး ရှေ့ကို ဆက်လှမ်းရမယ် … ဒါ လူငယ်တွေမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးပဲ …. အခုကစပြီး လိမ္မာတော့ … ဝမ်မိသားစုရဲ့ အနာဂတ်က မင်းအပေါ် မူတည်နေတာပဲ …. “
“ ဟုတ်ကဲ့ ….”
….
ထိုအချိန်တွင် လင်းရီနှင့် ရန်စီတို့ကတော့ ဟိုတယ်သို့ ပြန်ရောက်လာခဲ့ကြ၏။
အတော်လေး ညဉ့်နက်နေပြီဆိုသော်ငြားလည်း နှစ်ဦးမှာ ကိုယ်လက်လေ့ကျင့်ခန်းကိုတော့ မပျက်မကွက် ပြုလုပ်ခဲ့ကြပြီး နည်းလမ်းမျိုးစုံကို မပျက်မကွက် လေ့ကျင့်ခဲ့ကြလေသည်။
နောက်တစ်နေ့ နံနက်ခင်း ရှစ်နာရီ ဝန်းကျင်လောက်တွင်။
လင်းရီ အိပ်ရာက နိုးလာခဲ့၏။ ရန်စီကတော့ နှစ်ခြိုက်စွာ အိပ်မောကျနေဆဲပင်။
သူ မနိုးတော့ဘဲ သူမကို ဆက်အိပ်ထားခိုင်းလိုက်၏။
အဝတ်လဲပြုပြီးနောက် ကျန်းဟွေ့နှင့် ကျူးကျွင်းချီတို့ အခန်းရှိရာဘက်သို့ ထွက်လာသည်။
“ မနက်စာ သွားစားကြစို့ … ပြီးတာနဲ့ ကျန်းဝန်ဟွားနဲ့ သွားတွေ့ကြမယ် …” ကျန်းဟွေ့ ပြောလိုက်သည်။
လင်းရီ ခေါင်းညိတ်လိုက်၏။
ဤအခွင့်အရေးကို သူ စောင့်မျှော်နေခဲ့သည်မှာ ကြာလေပြီ။