နောက်ထပ် လူသတ်မှု တစ်ခု
Vol. 171 Ch. 2432
တစ်ချက် အမြန် ပြင်ဆင်ပြီးနောက် သုံးယောက်သား ဟိုတယ်တွင် တစ်ခုခု စားသောက်လိုက်ကြပြီး သဘောတူချိန်းချက်ထားသည့် နေရာသို့ ကားမောင်း ထွက်လာခဲ့ကြသည်။
မနက်ခင်းပိုင်းတွင် စတားဘက်ခ် လူသိပ်မများလှပေ။ ဆိုင်နေရာကလည်း ကျယ်ဝန်းပြီး အထဲတွင် လူအနည်းငယ် သာရှိ၏။
သုံးယောက်လုံးက ကျန်းဝန်ဟွား၏ ဓာတ်ပုံကို မြင်တွေ့ဖူးထားသဖြင့် ဆိုင်ထဲသို့ ဝင်လာသည်နှင့် သူမ ဘယ်နေရာမှာ ရှိနေလဲဆိုတာကို ချက်ချင်းပဲ မျက်မှန်းတန်းမိသွားခဲ့သည်။
အသက်လေးဆယ်ကျော် အရွယ်ရှိပြီဆိုသော်ငြားလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်မှုကြောင့် အသက်လေးဆယ် အစောပိုင်းဟုသာ ထင်ရကာ ပန်းပွင့်ပုံစံ ဂါဝန်ဝတ်စုံနှင့် လှုပ်ရှားမှုတိုင်းက ကျော့ရှင်းဣန္ဒြေတည်နေသည်။
လင်းရီနှင့် အခြားသူများ၏ အကြည့်ကို ခံစားမိသွားသည့်နှယ် ကျန်းဝန်ဟွားက သူတို့ ရှိသည့် နေရာထံ လှမ်းကြည့်လာခဲ့သည်။
ဤလူများက ကျိုးဟိုင်မှ ရောက်လာသည့် ရဲအရာရှိများ ဖြစ်လိမ့်မည်ဟု ချက်ချင်းပဲ ခံစားလိုက်ရ၏။
“ ခင်များက ကျန်းဝန်ဟွားလား ….”
ကျန်းဝန်ဟွား ခေါင်းညိတ်လိုက်ပြီး မတ်တပ်ရပ်၍ သုံးယောက်လုံးကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
“ လိုရင်းကိုပဲ တန်းပြောကြတာပေါ့ … ကျုပ်တို့က မာဟိုင်ချန်နဲ့ သူ့သူငယ်ချင်းတွေရဲ့ အဲ့တုန်းက အခြေအနေတွေကို စုံစမ်းဖို့ ဒီရောက်လာခဲ့တာ … ခင်များ သိသမျှ အကုန်လုံး ပြောပြပေးဖို့ မျှော်လင့်ပါတယ် … ဒါတွေက ကျုပ်တို့အတွက် အင်မတန် အရေးကြီးတယ် ….”
ကျန်းဝန်ဟွား ခေတ္တ တုံ့ဆိုင်းသွားခဲ့ပြီး “ မာဟိုင်ချန် ဘယ်လို သေသွားခဲ့လဲ ကျွန်မကို ပြောပြပေးလို့ ရမလား ….”
“ အသက်ရှူကြပ်ပြီး သေသွားခဲ့တာ ….” ကျန်းဟွေ့ ပြောလိုက်ပြီး “ ဒီကိစ္စက မရိုးရှင်းဘူး … သေသွားတဲ့ လူတွေအကုန်လုံးက အဲ့တုန်းက တစ်အုပ်စုတည်း ပေါင်းခဲ့ကြတဲ့လူတွေချည်းပဲ … အဲ့တာကြောင့်လည်း စုံစမ်းရင်း ဒီအထိ ရောက်လာခဲ့ရတာ ….”
ကျန်းဝန်ဟွား ခေါင်းညိတ်လိုက်ပြီး “ ရှင်တို့က ဘာသိချင်တာ … ကျွန်မလည်း ဟိုဟိုဒီဒီလောက်ပဲ မှတ်မိတယ် … ရှင်တို့ မမေးရင် ဘာပြောပြရမှန်းတောင် ကျွန်မ သိမှာ မဟုတ်ဘူး ….”
“ ခင်များနဲ့ မာဟိုင်ချန်နဲ့ တစ်ခြားသူတွေရဲ့ ရင်းနှီးပတ်သက်မှုအကြောင်း အရင် စပြောကြတာပေါ့ ….”
“ ကျန်တဲ့သူတွေနဲ့တော့ … ဒီတိုင်း သူငယ်ချင်းသပ်သပ်ပဲ … ငယ်တုန်းကတော့ အတော်လေး ရင်းနှီးခဲ့တယ် ….” ကျန်းဝန်ဟွား ဖြေဆိုလိုက်သည်။
“ မာဟိုင်ချန်နဲ့ကရော ….”
“ ကျွန်မနဲ့ မာဟိုင်ချန်နဲ့က …..” ကျန်းဝန်ဟွား စကားကို ခေတ္တရပ်တန့်၍ “ အဲ့တုန်းက တော်တော်လေး ရင်းနှီးခဲ့တယ်လို့ ပြောရမယ် … ကျွန်မတို့ နှစ်ယောက်လုံး တစ်ယောက်ကိုယ်တစ်ယောက် ခံစားချက်တွေ ရှိနေကြတယ်လို့ ထင်တာပဲ ….”
“ ဒီလို ပြောလို့ရတယ်မလား … တကယ်လို့ မာဟိုင်ချန်သာ ရွာက ထွက်မသွားခဲ့ဘူးဆိုရင် ခင်များတို့နှစ်ယောက် လက်ထပ်ဖြစ်ကြလောက်တယ် … ဟုတ်တယ်နော် ….” လင်းရီ မေးလိုက်သည်။
ကျန်းဝန်ဟွား စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့ပြီး “ အနည်းနဲ့ အများပေါ့ ….”
“ မာဟိုင်ချန် ဘာလို့ ရုတ်တရက်ကြီး ရွာက ထွက်သွားခဲ့လဲဆိုတာရော ခင်များ သိလား ….” လင်းရီ ဆက်ပြီး စကားအစ်ကြည့်လိုက်သည်။
“ အဲ့တာတော့ ကျွန်မလည်း သေချာ မသိဘူး …” ကျန်းဝန်ဟွား သက်ပြင်းချလိုက်ပြီး “ သူ အစတုန်းက ပြောတာတော့ ပြန်လာပြီးတာနဲ့ အောင်သွယ်တော် ရှာပြီး ကျွန်မ မိသားစုကို လာပြီး နားဖောက်ခိုင်းမယ်လို့ ပြောခဲ့တယ် … ဒါပေမယ့် ပြန်လည်း ပြန်လာပြီးရော ချက်ချင်း ရွာက ထွက်သွားခဲ့တော့တာပဲ ….”
“ ပြန်လာတာလား ….”
သူတို့အားလုံး ကျန်းဝန်ဟွားကို ပြိုင်တူ ကြည့်လိုက်မိကြသည်။
“ ပြန်လာတယ်ဆိုတာက ဘာအဓိပ္ပာယ်တုန်း ….”
သူမ၏ ဆံစကို နောက်သို့ သပ်လိုက်ရင်း “ မာဟိုင်ချန်ရဲ့ အိမ်အခြေအနေက အတော်လေး ဆင်းရဲတယ် … ဘာမှ မရှိတာတောင် ကျွန်မကို လက်ထပ်ယူချင်နေတုန်းပဲ … အဲ့တော့ ကျွန်မရဲ့ အိမ်ကလည်း သူနဲ့ ဘယ်လိုလုပ်ပြီး သဘောတူနိုင်မှာ …. ဒါကြောင့် သူ ပိုက်ဆံသွားရှာမယ်လို့ ကျွန်မကို ပြောတယ် … သူ ပိုက်ဆံရှာလာပြီးတာနဲ့ ကျွန်မရဲ့ အိမ်ကို လာပြီး လက်ထပ်တောင်းရမ်းမယ် … ဒါပေမယ့် ပြန်လာပြီးတာနဲ့ ရွာက ထွက်သွားလိမ့်မယ်လို့တော့ ကျွန်မလည်း ထင်မထားခဲ့ဘူး ….”
ကျန်းဝန်ဟွား၏ အမူအရာမှာ ကောင်းမွန်ခြင်း မရှိလှပေ။ နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင် ဤကိစ္စက သူမကို တော်တော်လေး စိတ်အနှောင့်အယှက် ပေးနေလေသည်။
သို့သော် သူမ ပြောသွားသည့် စကားလုံးများထဲ အင်မတန် အရေးကြီးသည့် သဲလွန်စ တစ်ခုကို သုံးဦးလုံး ရိပ်ဖမ်းမိသွားခဲ့ကြသည်။
သူတို့က ဒီတိုင်း ထွက်သွားခဲ့ကြတာ မဟုတ်ပေ။ ပိုက်ဆံ တစ်ချို့ ရှာချင်သောကြောင့်ဖြစ်၏။
သို့သော် ပိုက်ဆံရှာနေစဉ်အတောအတွင်း မျှော်လင့်မထားသည့် ကိစ္စတစ်ခုခု ဖြစ်ပွားသွားခဲ့ပြီး … ထို့ကြောင့်လည်း ၎င်းတို့ငါးယောက်လုံး ရွာမှ အစောတလျင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်လောက်သည်။
“ ဆိုတော့ … သူတို့က ပိုက်ဆံရှာဖို့အတွက် မြို့ကို သွားခဲ့ကြတာပေါ့နော်….”
ကျန်းဝန်ဟွား ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
“ မင်းက သူတို့နဲ့ ဒီလောက် ရင်းနှီးတာ သူတို့ ဘာလုပ်ဖို့ သွားတယ်ဆိုတာ မသိဘူးလား ….”
“ ကျွန်မလည်း အစတုန်းက သူတို့နဲ့ အတူ လိုက်သွားမလို့ပဲ … ဒါပေမယ့် အိမ်က ကျွန်မနဲ့ မာဟိုင်ချန်ကိစ္စကို သိသွားတော့ အတင်း အဆက်အသွယ်ဖြတ်ခိုင်းပြီး ကျွန်မကို အိမ်ထဲမှာ ပိတ်လှောင်ထားခဲ့ကြတယ်လေ ….”
ဟူး ….
လင်းရီ သက်ပြင်းချလိုက်သည်။ ယင်းလုပ်ရပ်က သူမ၏ အသက်ကို ကယ်တင်သွားခဲ့ခြင်း ဖြစ်ကြောင်းကို ကျန်းဝန်ဟွား မသိလောက်ပေ။
“ သူတို့ အတိအကျ ဘာသွားလုပ်လဲဆိုတာ ခင်များ မသိဘူးလား ….”
“ ဒါက …..”
ကျန်းဝန်ဟွား ရေရွတ်လိုက်ပြီး “ .... ကျွန်မ တကယ်ကို မသိတာ … သူတို့တွေ ပိုက်ဆံသွားရှာပြီး ပြန်လာတာနဲ့ ကျွန်မကို တင်တောင်းမယ်ဆိုတာပဲ သိတယ် ….”
“ သေသေချာချာလေး ပြန်စဉ်းစားကြည့်ပါဦး … ဒီကိစ္စက အမှုအတွက် တော်တော်ကို အရေးကြီးလို့ပါ ….”
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် ကျန်းဝန်ဟွား ခေါင်းကို ခါယမ်းလိုက်သည်။ “ သူတို့ တကယ်ပဲ ကျွန်မကို ဘာမှ ပြောမသွားခဲ့ကြတာ … နှစ်တွေလည်း ဒီလောက် ကြာနေပြီဆိုတော့ ရှင်တို့ဆီကနေ ဖုံးကွယ်ထားဖို့ အကြောင်းအရင်းလည်း မရှိဘူးလေ …”
ကျန်းဝန်ဟွား၏ စကားကို လင်းရီတို့လည်း သံသယ မဖြစ်မိပေ။ သို့သော် အရေးကြီးသည့် နေရာအခိုက်အတန့်ကို ရောက်ခါမှ သဲလွန်စများက တစ်ဖန် ပြန်တောက်သွားခဲ့ပြန်လေပြီ။
အကယ်၍ မာဟိုင်ချန်တို့ မြို့ကိုသွားခဲ့သည့် အကြောင်းအရင်းကို မရှာနိုင်ဘူးဆိုပါက အမှုကို ဖြေရှင်းနိုင်မည့် နည်းလမ်း ရှိတော့မှာ မဟုတ်ချေ။
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ ကျန်းဟွေ့၏ ဖုန်းသံ မြည်လာခဲ့ပြီး သာမန်လျှံကာပဲ ဖုန်းကိုင်လိုက်၏။
“ ဘာပြောလိုက်တယ် ….”
“ လူ သေသွားခဲ့တယ်ဟုတ်လား ….”
ဤစကားကြားတော့ လူတိုင်း၏ နာ့ဗ်ကြောများ ရုတ်ချည်း တင်းကြပ်သွားခဲ့ကြပြီး ကျန်းဟွေ့ထံသို့ အကြည့်များ စုပြုံသွားခဲ့ကြသည်။
“ အိုကေ … သိပြီ … အခုချက်ချင်း လာနေပြီ ….”
“ အစ်ကိုဟွေ့ …. ဘာဖြစ်တာလဲတဲ့ ….” ကျန်းဟွေ့ ဖုန်းချလိုက်တာကို မြင်တော့ လင်းရီ မေးမြန်းလိုက်သည်။
“ စုန့်ကော်ဖူ သေသွားပြီ … သူ့အလောင်းကို သူတို့ မိသားစု ခြံထဲမှာ တွေ့ခဲ့ရတယ် …”
လင်းရီနှင့် ကျူးကျွင်းချီတို့ နှစ်ဦးလုံး ဆတ်ခနဲ တုန်ယင်သွားခဲ့ကြသည်။
သူတို့နှင့် မနေ့တုန်းကမှ စကားပြောခဲ့သည့်လူက ယနေ့တွင် သေသွားလိမ့်မည်လို့ လုံးဝ မျှော်လင့်မထားခဲ့ပါချေ။
ပိုပြီး ကြက်သီးမွေးညှင်းထဖို့ကောင်းသည့် အရာက လူသတ်သမားသည် သူတို့နောက်သို့ အရိပ်တစ်ခုနှယ် လိုက်ပါလာရင်း ဤနေရာအထိ ရောက်ရှိလာလေသည်။
ပြီးနောက် သူတို့၏ စကားဝိုင်းကို ကြားသိသွားခဲ့သည်။
မဟုတ်ပါက စုန့်ကော်ဖူသည် သေဆုံးသွားစရာ အကြောင်း မရှိချေ။
“ အစ်ကိုစုန့် သေသွားခဲ့ပြီ ဟုတ်လား …..”
ကျန်းဝန်ဟွား၏ မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားခဲ့ပြီး ရှော့ခ်ရလွန်း၍ ဘာမှ ပြောမထွက်နိုင်အောင် ဖြစ်သွားခဲ့တော့သည်။
သူမက ဤနှစ်များတစ်လျှောက်တွင် ကျင်းလင်မှာပဲ နေထိုင်သော်လည်း အားလပ်ရက်နေ့များတွင် ရွာသို့ ပြန်လေ့ရှိသဖြင့် ရွာသားများနှင့် အတော်လေး ရင်းရင်းနှီးနှီး ရှိသည်။
စုန့်ကော်ဖူ ဤအတိုင်း သေဆုံးသွားခဲ့သည်ကို စိတ်ထဲ လက်ခံဖို့ ခဲယဉ်းနေသည်။
“ ဖုန်းဆက်လာတာ သူ့ယောက်ဖ ကျင်းသုန်ရွာလူကြီးပဲ …” ကျန်းဟွေ့ ပြောလိုက်ပြီး “ ဒီနေ့တော့ ဒီမှာတင် အဆုံးသတ်ကြတာပေါ့ … နောက်တစ်ခေါက်ကျတော့မှ ပြန်ပြီး ဆက်သွယ်လိုက်ပါ့မယ် … ပူးပေါင်းပေးတဲ့ ကျေးဇူးပါပဲ ….”
“ ဒါပေါ့ ဒါပေါ့ … လိုအပ်ရင် ကျွန်မကို ဖုန်းသာ ခေါ်လိုက်ပါ ….”
ကျန်းဟွေ့ ခေါင်းညိတ်ပြီး အခြားဘာမျှ ထပ်မဆိုတော့ချေ။
ထို့နောက် သုံးဦးသား တံခါးပေါက်ဝမှ အလျင်အမြန် ထွက်လာခဲ့ပြီး ကားထဲသို့ ဝင်ကာ ကျင်းသုန်ရွာသို့ ချက်ချင်း ဦးတည်လိုက်၏။
“ လင်းရီ ခန့်မှန်းတာ မှန်နေတဲ့ပုံပဲ ….” ကျန်းဟွေ့ စီးကရက် တစ်လိပ်ကို မီးညှိရင်း ပြောလိုက်ပြီး “ လူသတ်သမားက ငါတို့တွေ ဝမ်ကျန့်ရှုနဲ့ စုန့်လင်းရဲ့ အမှုကို ဆက်စပ်မိနေတာ မသိခဲ့ဘူး … ဒါပေမယ့် အခု သူ သတိထားမိသွားပြီး ကျင်းသုန်ရွာအထိ လိုက်လာခဲ့ပြီ ….”
“ သူက လူတွေကို နှုတ်ပိတ်ပြီး အမှုဖြေရှင်းနိုင်မယ့် သဲလွန်စတွေအကုန်လုံးကို ပိတ်ဆို့ပစ်ချင်နေတာပဲ ….” ကျူးကျွင်းချီ ပြောလိုက်သည်။
“ ငါအရင်ကတော့ ဒီလူကို အတော်လေး ဖြုံဖို့ကောင်းလှပြီ မှတ်နေတာ အခုကြည့်တော့မှ တော်တော်လေး ကြောက်ဖို့ကောင်းတဲ့လူးပဲ ….” ကျန်းဟွေ့ ပြောလိုက်ပြီး “ သူက လုံးဝ သာမန်မဟုတ်တာတော့ ကျိန်းသေတယ် … အထူးလေ့ကျင့်ရေး တစ်ခုခုတော့ ဆင်းထားလောက်တယ် … သာမန် လူသတ်သမားတစ်ဦးက သူ့လို အစွမ်းအစမျိုး မရှိနေနိုင်ဘူး ….”
လင်းရီလည်း ကျန်းဟွေ့၏ စကားကို ထောက်ခံသည်။
ဖြစ်စဉ်တစ်ရပ်လုံးတွင် မသင်္ကာဖွယ်ရာကောင်းသည့် မည်သည့်အချက်ကိုမျှ လင်းရီ သတိမထားမိခဲ့ပေ။ ဤတစ်ချက်တည်းကပင် လူသတ်သမား၏ ထောက်လှမ်းနိုင်စွမ်းနှင့် တန်ပြန်ထောက်လှမ်းနိုင်မှု စွမ်းရည်တို့က အလွန်အမင်း သန်မာအားကောင်းနေသည်ကို မြင်တွေ့နိုင်လေသည်။
နောက်ထပ် လူတစ်တစ်ယောက် သေဆုံးသွားခဲ့၏။ စုံစမ်းစစ်ဆေးရမည့် နယ်ပယ်အတိုင်းအတာသည်လည်း အများအပြား ကျဉ်းမြောင်းသွားခဲ့သည်။ အဆိုးထဲက အကောင်းဟုပဲ မှတ်ယူရုံမျှ တတ်နိုင်တော့၏။
“ ဒီအကြောင်း ဆက်မပြောကြစို့ … ကျင်းသုန်ရွာကို အမြန်သွားကြည့်ကြတာပေါ့ … အခုချိန်လောက်ဆို ရွာထဲ ပွက်လောရိုက်နေလိုက်ပြီ ….”
“ တောက် … ဒီသေချင်းဆိုးကောင်ကတော့ကွာ ….”
တစ်နာရီ မကြာလိုက်ဘဲ လင်းရီသည် ကျင်းသုန်ရွာသို့ ကားကို မောင်းနှင်လာခဲ့သည်။
သူတို့တွေ ရွာဝင်ပေါက်သို့ ရောက်သည်နှင့် ကြီးမားသည့် လူအုပ်ကြီးတစ်ခုက စုပြုံနေသည်ကို မြင်တွေ့လိုက်ရ၏။
ရွာပြင်ဘက်တွင် ရဲကားနှစ်စင်း ထိုးရပ်ထားပြီး ရင်ကွဲမတတ် ကျယ်လောင်သည့် ငိုကြွေးသံများကိုလည်း အဝေးမှ ကြားနေရသည်။
လင်းရီ ကားကို ထိုးရပ်လိုက်ပြီး သုံးယောက်လုံး ကားပေါ်က ဆင်းကာ ဘာတွေ ဖြစ်နေလဲဆိုတာ တစ်ချက် ကြည့်ဖို့ အဆင်သ့င် ဖြစ်နေသည်။
သို့သော် သူတို့ ကားပေါ်က ဆင်းဆင်းပြီးချင်းမှာပဲ တစ်ခုခု လွဲချော်နေသည်ကို အာရုံခံမိသွားခဲ့သည်။
ကျင်းသုန်ရွာသားများအားလုံးက သူတို့သုံးဦးထံ ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်ရှုနေခဲ့ကြ၏။ ထိုအကြည့်များထဲ ၎င်းတို့ကို အရှင်လတ်လတ် အမဲဖျက်ချင်စိတ်တို့က အဟုန်ပြင်းပြစွာ ပါဝင်နေသည်။