ဆန်းကြယ်တဲ့ ဖုန်းကော
Vol. 171 Ch. 2433
ကျန်းဟွေ့နှင့် ကျူးကျွင်းချီတို့လည်း အဆိုပါ ထူးဆန်းသည့် အကြည့်အာရုံများကို သတိပြုမိသွားခဲ့ကြသည်။
ယင်းက မဖြစ်သင့်ပေ။ ပုံမှန်ဆိုပါက သူတို့၏ အဆင့်အတန်းဖြင့် ဤနေရာသို့ ရောက်လာသည့်အခါ သောင်းသောင်းဖြဖြ ကြိုဆိုခြင်း မခံရလျှင်ပင် အနည်းဆုံးတော့ အပေါ်ယံဆန်သည့် ဧည့်ဝတ်ကျေပွန်မှုတို့ ရှိသင့်၏။ ယခုလို အမူအရာမျိုးတော့ ကျိန်းသေပေါက် မဟုတ်ပေ။
သို့သော် လင်းရီမှာ အလျင်အမြန်ပဲ တစ်ခုခု လွဲချော်နေသည်ကို ရိပ်ဖမ်းမိသွားခဲ့သည်။
၎င်းတို့ မျက်ဝန်းထဲရှိ အနှီအကြည့်များကို မနေ့က သူတို့တွေ ရွာထဲ ဝင်လာစဉ်တုန်းက ကြုံတွေ့ခဲ့ပြီး ဖြစ်၏။
ယခုလောက် မပြင်းထန်ရုံမျှပင်။
မသိစိတ်အလျောက် … နောက်ကွယ်တွင် သူ မသိသည့် အကြောင်းပြချက် တစ်ချို့ ရှိနေမည်ဟု လင်းရီ ခံစားလိုက်ရသည်။
“ နင်တို့ ဒီဘာလာလုပ်ကြပြန်တာလဲ … ထွက်သွားစမ်း ဂြိုဟ်ဆိုးကောင်တွေ …”
သုံးဦးသား လက်ရှိ အခြေအနေကို မင်သက် အံ့အားသင့်နေစဉ်မှာပဲ လူအုပ်ထဲမှာ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက သူတို့ သုံးဦးကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ကျယ်လောင်စွာ ကျိန်ဆဲလာသည်။
အဆိုပါ အမျိုးသမီးကို လင်းရီ သိ၏။ သူမက ရွာလူကြီး လီပေါင်းလုံ၏ ဇနီးသည်၊ သေသွားသည့် စုန့်ကော်ဖူ၏ ညီမ စုန့်ရှုလန်ပင်။
သုံးဦးသား မတုံ့ပြန်နိုင်သေးခင်မှာပဲ နောက်ထပ် အမျိုးသမီးက ရှေ့သို့ ပြေးတက်လာခဲ့ပြီး ကျန်းဟွေ့၏ အင်္ကျီကော်လံကို အကြမ်းပတမ်း ဆွဲလိုက်သည်။
သူမက စုန့်ရှုလန်ထက် အနည်းငယ် အသက်ကြီးပုံပေါ်ပြီး ရိုးရိုးစင်းစင်း ဝတ်ဆင်ထားကာ ရွာခံ တစ်ဦး ဖြစ်ပုံရသည်။
“ ထွက်သွား … နင်တို့ အကုန်လုံး ထွက်သွား …. နင်တို့ကြောင့် ငါ့လောင်စုန့် သေရတာ … နင်တို့လည်း ဘာမှကောင်းတဲ့လူတွေ မဟုတ်ဘူး … ထွက်သွားကြ ….”
ရုတ်တရက်ချည်း ဘုမသိ၊ဘမသိ ဆဲဆိုခံလိုက်ရတော့ လင်းရီတို့ သုံးဦးလုံး ဘာပြန်ပြောလို့ ပြောရမှန်း မသိကြတော့ချေ။
“ မင်းတို့နှစ်ယောက် ဒါ ဘာလုပ်နေကြတာလဲ … ဘေးဖယ်နေကြစမ်း ….”
လီပေါင်းလုံ ပြေးလာခဲ့ပြီး အမျိုးသမီး နှစ်ယောက်လုံးကို နောက်သို့ ပြန်ဆွဲခေါ်သွားလိုက်သည်။
တစ်ချိန်တည်းမှာပဲ မြို့ဌာန ရဲစခန်းမှ ရဲအရာရှိနှစ်ဦးကလည်း လင်းရီတို့ သုံးဦးအနားသို့ ရောက်လာခဲ့ပြီး သူတို့ကို လူအုပ်ကြီးနှင့် ခွဲပေးလိုက်သည်။
သို့တိုင် ရွာသားများကတော့ လင်းရီတို့သုံးဦးလုံးကို မုန်းတီးသည့် မျက်ဝန်းတို့ဖြင့် ကြည့်ရှုနေကြဆဲ ဖြစ်၏။
“ ရွာလူကြီးလီ … ခင်များရဲ့ ရွာသားတွေက ဘာဖြစ်ချင်နေကြတာ … ဒီ ကျိုးဟိုင်က ရဲဘော်တွေက အမှုဖြေရှင်းဖို့ ရောက်လာကြတာလေ … ဒီလိုမျိုး လူတိုင်းက ဆူဆူညံညံတွေ လုပ်နေကြတာ ဖြစ်သင့်လား …”
ပြောလိုက်သူက အသက်လေးဆယ်အရွယ် ရှိပြီ ဖြစ်သည့် မြို့ရဲဌာန၏ ဒါရိုက်တာ လျိုချီမင်ပင်။
“ ဟင်း ….”
လီပေါင်းလုံ ကူကယ်ရာမဲ့နေဟန်ဖြင့် သက်ပြင်းချလိုက်ပြီး “ သိပ်မကြာခင် တစ်လောလောက်တုန်းက ရွာကို တာအိုရသေ့တစ်ပါး ရောက်လာခဲ့တယ် … ဗေဒင်ဟောတာလည်း အတော် စွမ်းတယ်လို့တော့ ပြောတာပဲ … သူကနေပြီးမှ ရွာကို မကြာခင် မကောင်းတဲ့ အတိတ်ဆိုး၊ နိမိတ်ဆိုး ၊ ဂြိုဟ်ဆိုးတွေ ရောက်လာလိမ့်မယ်လို့ အယူသည်းတဲ့ ကောလဟာလတွေ စပြီး ဖြန့်တော့တာပဲ … ပြီးတော့လည်း ရွာသားတွေကို အပြင်လူတွေနဲ့ ထိတွေ့ဆက်ဆံတာကို ရှောင်ကြဉ်သင့်တယ်ဆိုပြီး သတိပေးသွားခဲ့သေးတယ် ….”
အုပ်စုမှာ အကြည့်ချင်း ဖလှယ်မိလိုက်ကြ၏။ နောက်ဆုံးတော့ ပြဿနာ၏ ရင်းမြစ်ကို နားလည်သဘောပေါက်သွားခဲ့လေပြီ။
ရွာသားအများစုက နိမ့်ပါးသည့် ပညာရေးကိုသာ သင်ယူခဲ့ရပြီး ယခုလို အယူသည်းသည့် ဝါဒများကို နက်နက်ရှိုင်းရှိုင်း ယုံကြည်တတ်ကြသည်။ ဖြစ်ချင်တော့ စုန့်ကော်ဖူ၏ သေဆုံးမှုက သူတို့၏ ယုံကြည်မှုကို ပိုပြီး ခိုင်မာသွားစေခဲ့လေသည်။
လင်းရီတို့ သုံးယောက်ကို ဤမျှ ရန်လိုနေကြသည်မှာ အံ့ဩစရာ မရှိတော့ပေ။
“ အခု ဘယ်ခေတ်ကို ရောက်နေပြီတုန်း … အေအိုင်တွေ ၊ စက်ရုပ်တွေ ဒီလောက် တိုးတက်ထွန်းကားနေတဲ့ ခေတ်ကြီးမှာ ဒီလို ရှေးရိုးစွဲ အယူသည်းတာတွေကို လူတွေက ယုံကြည်နေကြတုန်းလား … သောက်အဓိပ္ပာယ်မရှိလိုက်တာ ….” လျိုချီမင် ဒေါသထွက်ထွက်နှင့် ကြိမ်းမောင်းလိုက်သည်။
“ ငါ့ကို အခက်တွေ့အောင် မလုပ်စမ်းပါနဲ့ ဒါရိုက်တာလျိုရာ … ငါလည်း သူတို့ကို မယုံကြည်စေချင်ပါဘူး … ဒါပေမယ့် ငါ့စကားကို တစ်ယောက်မှ နားမထောင်ကြဘူးရယ် ….” လီပေါင်းလုံက အခက်တွေ့နေသည့် အမူအရာဖြင့် ခွန်းတုံ့ပြန်လာခဲ့၏။
“ … လောလောဆယ် ရွာသားတွေကို လူစုခွဲခိုင်းလိုက် … ကျိုးဟိုင်က ရဲဘော်တွေကို အခြေအနေ တစ်ချက်ကြည့်ပါစေ …” လျိုချီမင် လက်ဝှေ့ယမ်းပြီး စိတ်မရှည်သည့် လေသံဖြင့် ပြောလိုက်သည်။
စုံစမ်းစစ်ဆေးသည့် စွမ်းရည်ချင်း နှိုင်းယှဉ်လိုက်မည်ဆိုပါက လင်းရီတို့ အုပ်စု၏ အရည်အချင်းမှာ လျိုချီမင်ထက်ကို များစွာ သာလွန်သည်။
ထို့ပြင် အမှုက ကျိုးဟိုင် လူသတ်မှုနှင့် ဆက်စပ်နေသဖြင့် အဆုံးတွင် လင်းရီတို့ထံ လွှဲပေးလိုက်ရမှာက သဘာဝပင်။
“ ဖယ်ကြ … ဖယ်ကြ … အကုန် လူစုခွဲကြ ….” လီပေါင်းလုံ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး “ အားလုံးကို သတိပေးလိုက်မယ် … ရဲအရာရှိကြီးတွေ စုံစမ်းစစ်ဆေးတာကို နှောင့်ယှက်တဲ့သူ ဘယ်သူမဆို အဖမ်းခံရမယ်မှတ် …. ဒါရိုက်တာလျိုလည်း ဒီမှာ ရှိနေတယ် … ငါ စကားကို နှစ်ခါမပြောချင်ဘူး …. အားလုံး ကိုယ့်ဘာကိုယ်သိကြ …. ပြီးမှ ငါ သတိမပေးဘူး မပြောနဲ့ ….”
ပြင်းထန်လာသည့် အခြေအနေကို မြင်တော့ ကျင်းသုန်ရွာသားများလည်း ရှေ့ဆက်မတိုးဝံ့ကြတော့ပေ။
တစ်ရွာလုံးကို ထောင်ထဲထည့်ဖို့ ဥပဒေက မတတ်နိုင်သော်လည်း မည်သူကမျှ အများကိုယ်စား ခေါင်းခံလိုက်ရမည့် အဖြစ်မျိုးကိုတော့ မလိုချင်ပေ။
ရွာသားများ၏ ရင်ထဲရှိ ဒေါသများကို ဖိနှိပ်ပြီးနောက် လင်းရီနှင့် အခြားသူများက စုန့်ကော်ဖူ၏ ရုပ်အလောင်းထံ ချဉ်းကပ်လာသည်။
ထမ်းစင် တစ်ခုက မြေပြင်တွင် ရှိနေပြီး အပေါ်မှ အဖြူရောင် ပိတ်စဖြင့် လွှမ်းခြုံထား၏။ လင်းရီ ပင့်လှန်လိုက်တော့ စု့န်ကော်ဖူ၏ ရုပ်အလောင်းက ဘွားခနဲ ပေါ်လာသည်။
“ လက်အိတ်ရှိလား … ကျုပ်ကို တစ်စုံလောက် …” လင်းရီ လျိုချီမင်ထံ လှမ်းတောင်းလိုက်သည်။
“ အင်း ရှိတယ် … ခဏလေးစောင့် ….”
လျိုချီမင်က အခြား ရဲဘော်တစ်ဦးကို လက်အိတ်ယူလာခဲ့ခိုင်းလိုက်ပြီး လင်းရီလည်း အလောင်းကို စတင်စစ်ဆေးတော့သည်။
နစ်နာသူ သေဆုံးသွားခဲ့ရသည့် အကြောင်းအရင်းကတော့ လည်ပင်းရိုး ကျိုးကြေမှုကြောင့်ပင်။ တစ်ခုခုနှင့် အင်မတန် ပြင်းထန်စွာ ရိုက်နှက်ခံလိုက်ရပုံပင်။
ထို့ပြင် အလောင်း၏ ခန္ဓာကိုယ်ပေါ်၌ အသေးအမွှား ဒဏ်ရာ အများအပြား ရှိနေပြီး မသေမီ ရုန်းကန်ခုခံခဲ့သည်ကို မြင်ယောင်ကြည့်ဖို့ မခဲယဉ်းပေ။
ခန္ဓာကိုယ်တစ်ခုလုံး သေချာ စစ်ဆေးပြီးနောက် လင်းရီသည် ကျန်းဟွေ့နှင့် ကျူးကျွင်းချီတို့ထံ ပြန်ရောက်လာခဲ့သည်။
“ ကျုပ်တို့ ခန့်မှန်းထားတာနဲ့ ကွက်တိပဲ … လူသတ်သမားက ကျွမ်းကျင်တဲ့ လေ့ကျင့်ရေး ထရိန်နင်ကို ဆင်းထားတဲ့လူဆိုတာ သေချာတယ် … စုန့်ကော်ဖူရဲ့ လည်ပင်းရိုးက ချိုးခံထားရတယ် … သေသွားခဲ့တာလည်း အဲ့ဒဏ်ရာကြောင့်ပဲ …. သေဆုံးသွားတဲ့အချိန်က ခန့်မှန်းချေ လွန်ခဲ့တဲ့ ၂၈ နာရီလောက်တုန်းကပဲ … ည ရှစ်နာရီ ဝန်းကျင်လောက်မှာပေါ့ ….”
“ ရှစ်နာရီ ဝန်းကျင် ….”
ကျန်းဟွေ့ ဘာမှ မပြောနိုင်သေးခင်မှာပဲ စုန့်ကော်ဖူ၏ ဇနီးသည် မာချိုက်လျန်က အံ့အားတကြီးနှင့် မြည်တမ်းလာခဲ့၏။
“ မဖြစ်နိုင်တာ … သူ မနေ့ည ဆယ်နာရီတုန်းကတောင် ငါ့ဆီ ဖုန်းခေါ်လာပြီး မြို့ထဲမှာ အရက်သောက်နေလို့ အိမ်ပြန်နောက်ကျမယ်ဆိုပြီးတောင် ပြောလာသေးတယ် … ရှစ်နာရီမှာ သေသွားတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး …”
“ ဆယ်နာရီကျော်တုန်းက ခင်များဆီ ဖုန်းဝင်လာခဲ့တယ်ပေါ့ …”
ကျန်းဟွေ့ လင်းရီကို ကြည့်လိုက်ပြီး “ မင်းရဲ့ ခန့်မှန်းချိန်က မှားနေတာများလား ….”
“ မမှားနိုင်ဘူး ….” လင်းရီ ခေါင်းခါယမ်းလိုက်ပြီး “ လွန်ခဲ့တဲ့ ၂၈ နာရီဆိုတာ အနီးကပ်ဆုံး ခန့်မှန်းချိန်ပဲ … လူသတ်သမားက လှည့်ကွက်တစ်ချိုု့ သုံးခဲ့တာ ဖြစ်လောက်မယ် …. သူ အတိအကျ ဘယ်လိုလုပ်သွားခဲ့လဲဆိုတာကတော့ စုံစမ်းကြည့်မှ သိမှာပဲ …”
ကျန်းဟွေ့ မာချိုက်လျန်ကို လှမ်းခေါ်လိုက်သည်။
“ ခင်များ အချိန် အမှတ်မမှားဘူးဆိုတာ သေချာတယ်နော် ….”
“ မမှားဘူး … ငါ လုံးဝ လုံးဝ မမှားနိုင်ဘူး … ဒီမှာ သူ ဖုန်းခေါ်ထားတဲ့ မှတ်တမ်းတွေတောင် ရှိတယ် ….”
မာချိုက်လျန်က ဖုန်းထုတ်ပြီး သူတို့ သုံးယောက်ကို ခေါ်ဆိုမှု မှတ်တမ်းအား ပြလိုက်သည်။
မနေ့ည ၁၀ နာရီ ၃၈ မိနစ်တွင် စုန့်ကော်ဖူ တကယ်လည်း အိမ်သို့ ဖုန်းခေါ်ထားသည်။
“ ခင်များကို ဖုန်းဆက်လာတဲ့လူက စုန့်ကော်ဖုန်း ဆိုတာရော သေချာလို့လား ….”
“ သေချာတာပေါ့ … ကိုယ့်ယောက်ျား အသံကို မသိဘဲ ဘယ်နေလိမ့်မှာ ….”
“ ခင်များ စုန့်ကော်ဖူကို နောက်ဆုံး ဘယ်အချိန်လောက် လူချင်းတွေ့ခဲ့တာ ….”
“ မနေ့ညနေ ငါးနာရီလောက် …” မာချိုက်လျန် ပြောလိုက်ပြီး “ သူ စိတ်အခြေအနေ မကောင်းဘူး … သူငယ်ချင်းတွေနဲ့ အရက်သွားသောက်ဦးမယ်ဆိုပြီး အိမ်က ထွက်သွားခဲ့တာပဲ ….”
“ ဒါဆို သူ့ဘာသူ မြို့ထဲ သွားခဲ့တာပေါ့ ….”
မာချိုက်လျန် မျက်ရည်များအား သုတ်ရင်း ခေါင်းညိတ်လိုက်သည်။
“ သူ ငါ့ဆီ ဖုန်းခေါ်လာပြီး အိမ်ပြန်နောက်ကျမယ်လို့ ပြောတယ် … အရင်ကလည်း အိမ်ပြန်နောက်ကျနေကြဆိုတော့ ငါလည်း အာရုံမထားမိလိုက်ဘူး … ဒီမနက်ခင်း နိုးလာတော့ သူ ညက အိမ်ပြန်မလာခဲ့ဘူးဆိုတာ သတိထားမိလိုက်တယ် … ဖုန်းခေါ်ကြည့်တော့လည်း ဘယ်သူမှ ဖုန်းမကိုင်ဘူး … သူ အရက်သောက်တာများသွားပြီး အအိပ်လွန်နေတာ နေမှာပါလေ ဆိုပြီး ဒီတိုင်းနေလိုက်တာ ဒီလိုမျိုး ဖြစ်သွားလိမ့်မယ်လို့ ငါ … ငါ စိတ်ကူးတောင် မယဉ်ဖူးဘူး … အောင်မယ်လေး လောင်စုန့်ရယ် … အဖြစ်ဆိုးလှချည်လား ….”
“ အလောင်းကို ဘယ်သူလဲ ရှာတွေ့တာ …” လီပေါင်းလုံကို ကြည့်ပြီး ကျန်းဟွေ့ မေးခွန်းထုတ်လိုက်သည်။
“ သူ တွေ့တာ ….” လီပေါင်းလုံက မာချိုက်လျန်ကို လက်ညှိုးထိုးပြလိုက်သည်။
“ ခင်များ ဘယ်လို ရှာတွေ့ခဲ့တာ ….”
“ ဒီမနက်ခင်း အိပ်ရာထပြီးတော့ စိုက်ခင်းထဲမှာ အလုပ် နည်းနည်းပါးပါးလုပ်တယ် … မြေဆွနေတဲ့အချိန် တစ်ခုခု ထွက်လာတာမြင်တော့ ဆက်ပြီး ဆွကြည့်လိုက်တာ အဲ့မှာ ….”
မာချိုက်လျန်မှာ စကားပင် ဆုံးအောင် မပြောနိုင်တော့ဘဲ ထိန်းချုပ်မရနိုင်စွာ ငိုကြွေးနေမိတော့သည်။
သို့ပေမယ့်လည်း ကိစ္စတော့ မရှိ။ သိသင့်သိထိုက်သည့် အရေးကြီးသည့် ကိစ္စများအားလုံးကို သူတို့တွေ ကြားလိုက်ရပြီးလေပြီ။
အုပ်စုမှာ ဘေးတစ်နေရာသို့ သွား၍ အမှုအကြောင်းကို လေ့လာသုံးသပ်နေကြတော့သည်။
“ ၁၀ နာရီ ၃၈ မိနစ်မှာ ဖုန်းခေါ်လာတာက လူသတ်သမားလက်ချက်လို့ ကျုပ်တော့ ထင်တယ် …” လင်းရီ ပြောလိုက်သည်။ “ မာဟိုင်ချန် သေတုန်းကလည်း လူသတ်သမားက သူ့ဖုန်းကို ယူပြီး စွန်းရွှယ်ဆီ ဝီချက် မက်ဆေ့ချ် ပို့ခဲ့သေးတယ် … အခုလည်း နည်းလမ်းဟောင်းကြီးအတိုင်း ပြန်ကျင့်သုံးနေတာ ဘာမှ ထူးဆန်းတာတော့ မရှိပါဘူး ….”
“ ဒါပေမယ့် နှစ်ခုကြား မတူညီတာက ….” ကျန်းဟွေ့ မျက်မှောင်ကြုတ်လျက် “ ဖုန်းဆက်တာနဲ့ ဝီချက် မက်ဆေ့ချ် ပို့တယ်ဆိုတာ လုံးဝ မတူညီတဲ့ သဘောတရားတွေပဲ … အသံက ဘယ်သူဘယ်ဝါဆိုတာကို ဖော်ထုတ်လိုက်နိုင်တယ် ….”
“ အဲ့တာလည်း ပြဿနာပဲ …. ဒါပေမယ့် ဖုန်းခေါ်ခဲ့တဲ့လူက စုန့်ကော်ဖူ မဟုတ်တာကိုတော့ ကျုပ် ကိုးဆယ်ရာခိုင်နှုန်း သေချာတယ် …” လင်းရီ အခိုင်အမာ ပြောဆိုလိုက်သည်။
“ စဉ်းစားကြည့် …. ဖန်းတရဲ့ ၊ မာဟိုင်ချန် ၊ ဝမ်ကျန့်ရှု၊ ပြီးတော့ စုန့်လင်း …. သူတို့ရဲ့ သေဆုံးမှုတွေကို လူသတ်သမားက အနုစိတ် စီစဉ်ဖန်တီးခဲ့တယ် … သာမန်စုံထောက်တွေသာဆိုရင် ဘာ သဲလွန်စမှတောင် ရှာတွေ့နိုင်မှာ မဟုတ်ဘူး …..”
“ ဒါပေမယ့် ဒီတစ်ခေါက် စုန့်ကော်ဖူကတော့ ရှင်းရှင်းလင်းလင်းကြီးကို အသတ်ခံလိုက်ရတယ်ဆိုတာ မြင်သာနေတယ် … လူသတ်သမားက နောက်တစ်နည်းသုံးပြီး ကျုပ်တို့ကို လမ်းကြောင်းလွဲအောင် လုပ်နေတယ်ဆိုတာ အသိသာကြီးပဲ ….”
“ ပြီးတော့ ဒီဖုန်းကောက အခိုင်မာဆုံး သက်သေအထောက်အထားပဲ ….”