← Chapters

နောက်ဆုံး တစ်ယောက်ရဲ့ သတင်း

Vol. 171 Ch. 2434

နောက်ဆုံး တစ်ယောက်ရဲ့ သတင်း

Vol. 171 Ch. 2434

လင်းရီ၏ စကားလုံးက ကျန်းဟွေ့နှင့် ကျူးကျွင်းချီတို့ကို နက်နက်ရှိုင်းရှိုင်း အတွေးနက်သွားစေခဲ့သည်။

ယခင် လူသတ်မှုများနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက ဤလူသတ်မှုက ပိုပြီးတော့မှ လူသတ်မှုနှင့် တူသည်။ မတော်တဆ သေဆုံးသွားသည်ဟု ထင်ယောင်ထင်မှား ဖြစ်စရာ အချက်အလက်လည်း မရှိပေ။

အပေါ်ယံတွင်တော့ ဤသည်က လုံးလုံးလျားလျား မတူညီသည့် အခြားသော လူသတ်မှု တစ်ခုဟု ထင်ရက်နိုင်စရာ ရှိသည်။

၎င်းကြောင့်ပဲ လူသတ်သမားက သူတို့ လက်ရှိ လျှောက်လှမ်းနေသည့် လမ်းကြောင်းကို အခြားနည်းလမ်းများဖြင့် ထိန်းချုပ်ဖို့ ကြိုးပမ်းနေသည်မှာ ကျိန်းသေသည်။

“ ငါလည်း ဒီကိစ္စက တစ်ခုတော့ သက်သေပြနိုင်တယ်လို့ ထင်တယ် …” ကျူးကျွင်းချီ တွေးတွေးဆဆနှင့် စကားဆိုလိုက်ပြီး “ လူသတ်သမားက စပြီး စိုးရိမ်ထိတ်လန့်နေပြီ … ရှုပ်ထွေးပွေလီတဲ့ လူသတ်အခင်းတစ်ခုကို ဂရုတစိုက်နဲ့ ဖန်တီးနိုင်တဲ့ ခွန်အားမျိုး သူ့မှာ မရှိတော့ဘူး …”

“ အစ်ကိုကျူး ပြောတာ မှန်တယ် ….”

လင်းရီသည် ဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်ပြီး အသံကို ရည်ရွယ်ချက်ရှိရှိ နိမ့်၍ “ လူသတ်သမားက ကျုပ်တို့နား အနီးတစ်ဝိုက်မှာ ရှိနေဖို့ အတော်လေး ရာခိုင်နှုန်းများတယ် …. အခုကစပြီး အထူးသတိထားတာ အကောင်းဆုံးပဲ ….”

“ စုန့်ကော်ဖူရဲ့ အမှုနဲ့ ပတ်သက်လို့ကတော့ ငါတို့တွေ ယေဘုယျလောက်တော့ ဘောင်ခတ်ထားလို့ရပြီ …” ကျန်းဟွေ့ ပြောလိုက်ပြီး “ အဓိက သော့ချက်က အတူတူပဲ … သူတို့တွေ အဲ့တုန်းက မြို့မှာ ဘာလုပ်ခဲ့ကြလို့ ဘာတွေ ဖြစ်ပျက်သွားခဲ့ရတာလဲ ….”

“ အဲ့တာကို မရှာနိုင်ရင် အမှုကို ဖြေရှင်းလို့ ရမှာ မဟုတ်ဘူး ….”

“ လက်ရှိပုံစံ အနေအထားအတိုင်းဆိုရင်တော့ ငါးယောက်မြောက်လူအပေါ် မျှော်လင့်ထားဖို့ပဲ ကျန်တယ် ….” လင်းရီ တည်ကြည်လေးနက်စွာ ဆိုလိုက်သည်။

“ ကျုပ်တို့ လီဟုန်ကျူးကို ရှာတွေ့တာနဲ့ မေးခွန်းတိုင်းမှာ အဖြေတွေ ရှိသွားပြီ …”

ကလင် ကလင် ကလင် …

ထိုအချိန်မှာပဲ ကျန်းဟွေ့ ဖုန်းသံ မြည်လာခဲ့သည်။

ကျန်းဖန့် ဆက်သွယ်လာခြင်း ဖြစ်၏။

“ အစ်ကိုဟွေ့ …. ကျွန်တော်တို့တွေ လီဟုန်ကျူးကို ရှာတွေ့ပြီ ….”

“ သူ အခု ဘယ်မှာလဲ ….”

ဤသတင်းကို ကြားတော့ သုံးဦးလုံး တစ်ပြိုင်နက်တည်း စိတ်လှုပ်ရှားသွားခဲ့ကြသည်။

“ ရန်ကျင်း ၊ ထုံကျိုးမှာ …. လိပ်စာအတိအကျကိုတော့ ဒေသခံ ရဲတပ်ဖွဲ့က စုံစမ်းနေတုန်းပဲ … ဒါပေမယ့် စုံစမ်းနေတဲ့ အတိုင်းအတာကိုတော့ ဧရိယာ သေးသေးလေးအထိ အကျဉ်းချုံ့နိုင်နေပြီ ….”

“ ကောင်းတယ် … နားလည်ပြီ ….”

“ ကျုပ် သွားလိုက်မယ် ….” လင်းရီ ပြောလိုက်ပြီး “ ကျုပ် ရန်ကျင်းကို မကြာ မကြာ ရောက်ဖူးတော့ အဲ့မှာ အဆက်အသွယ်တွေ ရှိတယ် …. အဲ့လိုဆို စုံစမ်းရတာ ပိုလွယ်သွားပြီ ….”

“ ကောင်းပြီလေ …”

အကြမ်းဖျင်း ဆွေးနွေးတိုင်ပင်ပြီးနောက် လင်းရီသည် ဒေသခံ ရဲတပ်ဖွဲ့၏ ကားဖြင့် လေဆိပ်သို့ ထွက်လာခဲ့ကာ သူ့အဲဖာ့ဒ်ကိုတော့ ကျန်းဟွေ့နှင့် ကျူးကျွင်းချီတို့အတွက် ချန်ထားပေးလိုက်သည်။

တစ်ဖက်က စုံစမ်းစစ်ဆေးနေသည့် နယ်ပယ်ဧရိယာကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်နေပြီ ဆိုသဖြင့် အဖြေကို သိရဖို့က သိပ်မကြာလောက်တော့ပေ။ ဤသို့သော ကိစ္စမျိုးက စိတ်မြန်လက်မြန် ရှိတိုင်း ဖြေရှင်းနိုင်သည့် ပြဿနာ မဟုတ်သဖြင့် လင်းရီလည်း ၎င်းတို့ကို မလောခဲ့ပေ။

ရန်ကျင်းသို့ ပျံသန်းနေသည့် လေယာဉ်ပေါ်၌ …

လင်းရီသည် ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း စိတ်ထဲတွင်တော့ အမှုတစ်ခုလုံးကို တစ်ဖန် သုံးသပ်ဆင်ခြင်နေလျက် ရှိသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက မြို့တွင် ဘာတွေများ ဖြစ်ပျက်သွားမလဲဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ အဖြေ မြင်ကွင်းပေါင်းစုံက သူ့စိတ်ထဲ ထွက်ပေါ်လာသည်။

ကျန်သည်ကတော့ လီဟုန်ကျူးကို ရှာဖွေပြီး သူ၏ သီအိုရီများကို အတည်ပြုဖို့ပင်။

နှစ်နာရီနီးပါးခန့် ပျံသန်းပြီးနောက် လေယာဉ်က ရန်ကျင်း လေဆိပ်သို့ ဆင်းသက်လာခဲ့သည်။ ထို့ပြင် ထိုအချိန်၌ ညနေ လေးနာရီ ကျော်နေပြီ ဖြစ်၏။

လေဆိပ်ထဲက ထွက်လာခဲ့ပြီးနောက် လင်းရီသည် တက္ကစီငှား၍ ထုံမင် ဗျူရိုရုံးခွဲသို့ ထွက်ခွာလာခဲ့လိုက်သည်။

“ မင်္ဂလာပါ … ဘာများ ကူညီပေးရမလဲ ….”

စခန်း ဝင်ပေါက်ဝတွင် တာဝန်ကျ ရဲအရာရှိ တစ်ဦးက လင်းရီကို ဟန့်တားလိုက်၏။

“ မင်္ဂလာပါ … ကျုပ်က ကျိုးဟိုင် ရှင်းရှန်းရဲစခန်းကပါ … ကျုပ် ဒီက အရာရှိတစ်ဦးနဲ့ ဆက်သွယ်ထားပါတယ် … သူ့နာမည် ရွှီကျားချီလေ ….”

“ နားလည်ပြီ … ကျေးဇူးပြုပြီး ဒီဘက် လိုက်ခဲ့ပေးပါ ….”

တာဝန်ကျ ရဲအရာရှိက တုံ့ပြန်လာပြီး လင်းရီကို ရုံးခန်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ရုံးခန်းထဲတွင်‌တော့ လူခြောက်ယောက် ၊ ခုနစ်ယောက်ခန့် ရှိနေပြီး အရပ်သား ပြဿနာ ဖြေရှင်းရေး ဌာနဝင်များသာမက အခြားသော ဌာနက လုပ်ဖော်ကိုင်ဖက်များလည်း ရှိနေကြ၏။

ရာဇဝတ်မှု စုံစမ်းရေး ဌာနနှင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် ဤနေရာရှိ ပတ်ဝန်းကျင် လေထုအငွေ့အသက်က ပိုပြီးတော့ ကောင်း၏။ အနည်းဆုံးတော့ ဤနေရာတွင် မည်သူကမျှ အဖြူရောင် အငွေ့တလူလူနှင့် အင်မော်တယ် အတတ်ကို ကျင့်ကြံမနေကြပေ။

“ ကျားချီ … မင်း ဒီည အလုပ်များလား ….”

၂၇ ၊ ၂၈ ဝန်းကျင်ရှိမည့် လူငယ်တစ်ဦးက ဘေးမျက်နှာချင်းဆိုင်တွင် ရပ်နေသည့် အမျိုးသမီးငယ် တစ်ဦးကို လှမ်းမေးလိုက်သည်။

သူ့နာမည်က လျိုရှီချောင် ဖြစ်ပြီး ထုံမင်ရဲစခန်း၏ အရာရှိ တစ်ဦး ဖြစ်၏။ သူ့ဘေးတွင် အမျိုးသမီးက မှတ်စုစာအုပ်အသေးလေး တစ်အုပ်ကို ကိုင်ရင်း တစ်စုံတစ်ရာကို ရေးမှတ်နေဟန်တူသည်။ သူမနာမည်က ရွှီကျားချီဖြစ်ပြီး ယခင်က လင်းရီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ဖူး၏။

ရွှီကျားချီက ဒေါင်ကောင်းသည့်ထဲတွင် မပါပေ။ အရုပ်မလေးကဲ့သို့ လှပသည့် မျက်နှာလေးဖြင့် သေးသွယ်သည့် ကိုယ်လုံးကိုယ်ပေါက်လေးက အိမ်နီးချင်း ကောင်မလေးတစ်ယောက်ကဲ့သို့သော ခံစားချက်မျိုးကို ပေးစွမ်းနေလျက် ရှိသည်။

အရှိန်အဝါက ကူရိရန် ၊ ကျန်းဇီရှင်းတို့နှင့်တော့ လုံးလုံးလျားလျား ကွဲထွက်နေသည်။

“ နင်က ဘာလုပ်မို့လဲ ….” ရွှီကျားချီက လှည့်ပင်မကြည့်ဘဲ မေးမြန်းလိုက်သည်။

“ မင်း မနေ့တုန်းက ဘာဘီကျူး စားချင်တယ်လို့ ပြောတယ်မလား … ငါ နေရာကောင်းတစ်ခု တွေ့ထားတယ် … ဒီည အတူသွားစားရအောင်လားလို့ ….”

“ ခဏမှ ပြောကြတာပေါ့ …. ကျိုးဟိုင်က တစ်ယောက်ယောက် လာနေလို့ ငါသူနဲ့ ပူးပေါင်းပေးဖို့ လိုသေးတယ် ….”

“ ဒီလို ကိစ္စမျိုးကို တစ်ခြားလူနဲ့ လွှဲပေးထားလိုက်စမ်းပါကွာ ….” လျိုရှစ်ချောင် ပြောလိုက်သည်။ “ ပြီးတော့ အရေးကြီး ကိစ္စမျိုးလည်း မဟုတ်တာကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဖို့ မလိုပါဘူး ….”

“ ငါတို့ချင်းက ကြိုပြီး ဆက်သွယ် ချိတ်ဆက်ထားတာ … တစ်ခြားတစ်ယောက်နဲ့ဆို အဆင်မပြေဖြစ်မှာ စိုးတယ် ….”

ရွှီကျားချီက သူမ၏ နာရီကို တစ်ချက်ကြည့်ပြီး ပျင်းရိစွာ အညောင်းဆန့်လျက် “ စောနလေးတင် ဖုန်းနဲ့စကားပြောထားတာ ခဏနေ သူရောက်လာတော့မှာ … နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့ ….”

“ ကောင်းပြီလေ …. ဒါဆိုလည်း နည်းနည်း ထပ်စောင့်ကြတာပေါ့ ….”

လျိုရှစ်ချောင် ဘာမျှ ဆက်မပြောတော့ဘဲ သူ့ထိုင်ခုံသူ ပြန်ထိုင်ရင်း နှစ်ဦးအတူ ဒိတ်လုပ်မည့် ရှေ့အနာဂတ်ကို စိတ်ကူးထိုင်ယဉ်နေတော့သည်။

“ ကျားချီရေ …. ကျိုးဟိုင်က လူတစ်ယောက် ရောက်လာတယ် …. ပြောတာတော့ မင်းနဲ့အတူ အမှုတစ်ခုကို ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုပဲ ….”

“ ဟမ် … ရောက်လာပြီလား … သူ့ကို ခေါ်လာ ….”

ရွှီကျားချီ သာမန်လျှံကာပဲ ခွန်းတုံ့ပြန်လိုက်သည်။

သို့သော် ထိုအချိန်မှာပဲ လင်းရီကို မြင်တွေ့သွားခဲ့ပြီး သူမ ချက်ချင်းပဲ ကြက်သေသေသွားခဲ့သည်။

ဒီလူ …. သိပ်ပြီးတော့မှကို ခန့်ညားလွန်းမနေဘူးလား ….

အခြားသော ဌာနများမှ အမျိုးသမီး ရဲဘော်များကလည်း လင်းရီကို မြင်တော့ ကြက်သေသေသွားခဲ့ကြပြီး အလုပ်ထဲသို့ပင် အာရုံမစိုက်နိုင်ကြတော့ချေ။

‘ ချောလိုက်တာ … တစ်နေကုန် ရှေ့မှာ ချထားပြီး ထိုင်ငေးချင်ရလောက်အောင်ကိုပဲ ….’

“ ဟယ် ဟယ်လို … ကျွန်မက ကျားချီပါ ….”

လင်းရီကိုမြင်တော့ ရွှီကျားချီမှာ လျှာပင်လိပ်ကုန်ပြီး စကားထစ်သွားခဲ့တော့၏။

“ ဟယ်လို … ကျားချီ … ငါ့နာမည်က လင်းရီပါ … ရှင်းရှန်း ရဲစခန်းက လာခဲ့တာပါ ….”

ယဉ်ကျေးသမှုဖြင့် လင်းရီ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ယင်းက ရွှီကျားချီကို ပို၍ပင် စိတ်လှုပ်ရှားသွားစေခဲ့ပြီး နားရွက်လေးများပင် နီမြန်းလာသည်။

“ လီဟုန်ကျူးရဲ့ လိပ်စာအတိအကျကို ရှာတွေ့ပြီလား မသိဘူး ….”

“ တွေ့ပြီ တွေ့ပြီ …” ရွှီကျားချီ အလျင်အမြန် ပြောလိုက်ပြီး “ သူက လင်းဥယျာဉ် ရပ်ကွက်ထဲမှာ … ကျွန်မတို့တွေ သူ့ကို အစောတုန်းကတည်းက ဆက်သွယ်ထားပြီးသား …..”

“ ဒါဆို အဲ့ကို တစ်ချက် သွားကြည့်ရအောင် မိန်းကလေးမှာ အချိန်ရလား မသိဘူး ….” လင်းရီ လူကြီးလူကောင်းဆန်စွာ စကားဆိုလိုက်သည်။

“ ရတာပေါ့ … လုံးဝကို ရတယ် ….” ရွှီကျားချီ တုံ့နှေးခြင်း မရှိ ၊ ကမန်းကတမ်း ပြောလာခဲ့ပြီး “ ကျွန်မ ရှင့်ကို အဲ့နေရာ ခေါ်သွားပေးမယ် …”

ရွှီကျားချီ ခပ်မြန်မြန်ပဲ သူမ၏ ပစ္စည်းပစ္စယများအား သိမ်းဆည်းလိုက်ပြီး လင်းရီနှင့်အတူ အလုပ်လုပ်ဖို့ စိတ်အားထက်သန်နေသည်။

အကြောင်းအရင်းမရှိ အချိန်ပိုဆင်းရမှာကို မနှစ်သက်ပေမယ့် …. လင်းရီကဲ့သို့ ခန့်ညားချောမော့သည့် ရဲဘော်လေးနှင့် အတူ အချိန်ပိုဆင်းရမည်ဆိုလျှင်တော့ … ခြွင်းချက် ဖြစ်သွားခဲ့လေပြီ။

“ ကျေးဇူးပါပဲ … ဒုက္ခပေးမိပြီ ….”

“ ဘယ်နားက ဒုက္ခဖြစ်ရမှာ … ဒါ ကျွန်မ လုပ်ပေးသင့်တာပဲလေ …”

“ ခဏလေး ….” လျိုရှစ်ချောင်က ရုတ်ချည်း စကားဖြတ်ပြောလာခဲ့ပြီး “ ကျားချီ … ငါတို့တွေ ဘာဘီကျူး အတူသွားစားဖို့ သဘောတူထားတာ မဟုတ်ဘူးလား … မင်း အခု ဘာလို့ …….”

“ နောက်နေ့မှပေါ့ …. ငါ အခု အရေးကြီး ကိစ္စ လုပ်စရာ ပေါ်လာလို့ ….”

ရွှီကျားချီသည် ထိုကောင့်ကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး လင်းရီကို ပြုံးပြလိုက်၏။

“ သွားကြရအောင်လေ ….”

“ အမ် …. တကယ်လို့ မိန်းကလေးက စီစဉ်ထားတာရှိတယ်ဆိုလည်း ကိုယ့်ဘာကိုယ်ပဲ သွားလိုက်မယ်လေ …”

“ မရှိဘူး မရှိဘူး … ဘာမှမရှိတာ … ကျွန်မ လုံးဝ အားတယ် … ဘာအရေးကြီး ကိစ္စမှ မရှိဘူး …..”

ရွှီကျားချီ သူ့နံဘေးသို့ လျှောက်လှမ်းလာခဲ့ပြီး “ သွားစို့ … ကျွန်မရှင့်ကို အဲ့နေရာ ခေါ်သွားပေးမယ် ….. အရေးကြီးကိစ္စဆိုတာ မကြန့်ကြာတာ အကောင်းဆုံးပဲ ….”

“ ဒါဆိုလည်း အလုပ်ရှုပ်စေမိပြီ …”

နှစ်ယောက်မှာ အတူထွက်သွားခဲ့ကြပြီး ရုံးခန်းထဲ ကျန်ရစ်သည့် အခြားသော လုပ်ဖော်ကိုင်ဖက်များကတော့ ကြိတ်ပြီး ခိုးခိုးခစ်ခစ် ရယ်မောနေကြလေသည်။

လျိုရှစ်ချောင်ကတော့ ဒေါသထွက်လွန်း၍ အသည်းတယားယား ဖြစ်နေအိတော့သည်။

အဆောက်အဦးထဲက ထွက်လာခဲ့ပြီးနောက် နှစ်ယောက်သား ကားထဲအတူဝင်ပြီး ကျင်းဥယျာဉ် ရပ်ကွက်သို့ မောင်းထွက်လာခဲ့ကြသည်။

“ လီဟုန်ကျူးအကြောင်း ပြောပြပေးလို့ရမလား ….” လင်းရီ တောင်းဆိုလိုက်ပြီး “ အသေးစိတ်ကျလေ ပိုကောင်းလေပဲ ….”

“ ကျွန်မတို့ စစ်ဆေးကြည့်လိုက်တာ သူ ရန်ကျင်းကို အရင် လွန်ခဲ့တဲ့ ၂၇ နှစ်လောက်တုန်းကတည်းက ရောက်လာခဲ့တာ … အဲ့မတိုင်ခင်တုန်းကတော့ စီချွမ် စီရင်စုမှာ ၂ နှစ်ခွဲလောက် နေခဲ့သေးတယ် …”

“ ရန်ကျင်းကို ရောက်ပြီး မကြာခင်မှာပဲ အိမ်ထောင်စုစာရင်းကို ပြောင်းလိုက်ပြီး တက္ကစီယာဉ်မောင်း လုပ်နေတယ် … သူ့ရဲ့ ဘဝဇာတ်ကြောင်းက ကျွန်မ စိတ်ကူးထားတာထက်တောင် အံ့ဩဖို့ ကောင်းနေသေးတယ် …”

All Chapters