အခန်း ၁၂၀၁
Vol. 104 Ch. 1201
အခန်း ၁၂၀၁
ရှောင်းယီသည် စနစ်၏ ညွှန်ကြားချက်အတိုင်း ကိုယ်ကျပ်ဝတ်စုံများကို ခွန်အားအကောင်းဆုံး အသက်ရှင်ကျန်ရစ်သူ ကိုးဦးထံ ဖြန့်ဝေပေးလိုက်ပြီး ကျန်ရှိသော သုံးစုံကိုမူ သူ၊ ကျန်းယွင်ထျန်းနှင့် ဒူခန်းတို့အတွက် ချန်ထားလိုက်သည်။
ကျန်းယွင်ထျန်းသည်လည်း ကျန်သော အသက်ရှင်ကျန်ရစ်သူများ၏ ကိုယ်ထည်ဆိုဒ်များအတိုင်း ကာကွယ်ရေးဝတ်စုံ ဆယ့်တစ်စုံကို ထုတ်ယူကာ လွှဲပြောင်းပေးအပ်ပြီး ဖြစ်သည်။
“ဒီဝတ်စုံက ဝတ်ထားရတာ တကယ် အဆင့်မြင့်တာပဲ။”
“ဟုတ်တယ်။ ငါ ခုနက ဓားမြှောင်နဲ့ ခြစ်ကြည့်သေးတယ်။ လုံးဝမပြဲသွားဘူး။ ကာကွယ်ရေးစနစ်က ထိပ်တန်းပဲ။”
“သူဌေးကတော့ သူဌေးပါပဲ။ သူ့မှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်။”
ကိုယ်ကျပ်ဝတ်စုံများကို ဝတ်ဆင်လိုက်ရသည့် အသက်ရှင်ကျန်ရစ်သူများသည်လည်း အလားတူပင် အံ့ဩမှင်သက်သွားကြသည်။ အကြောင်းမှာ ဤဝတ်စုံများသည် ၎င်းတို့၏ တစ်ကိုယ်လုံးကို ကာကွယ်ပေးထားနိုင်သောကြောင့်ပင်။
ထို့အပြင် ၎င်းတို့၏ အသက်ရှူခြင်း၊ အမြင်အာရုံ သို့မဟုတ် လှုပ်ရှားသွားလာမှုများကိုလည်း လုံးဝ အဟန့်အတား မဖြစ်စေပေ။
ထိုဝတ်စုံများကို ၎င်းအား ခေတ္တငှားရမ်းပေးထားခြင်းသာ ဖြစ်သောကြောင့် နောက်ပိုင်းတွင် ပြန်မပေးဘဲ နေမည်ကို စိုးရိမ်စရာမလိုပါချေ။
“အစ်မရွှဲ့ အပြင်ဘက် စစ်ဆင်ရေး ကွပ်ကဲမှုကို အစ်မဆီပဲ အပ်ခဲ့မယ်နော်။”
ရှောင်းယီက ကျန်းးရွှဲ့ကို ကြည့်ကာ ညွှန်ကြားလိုက်သည်။ ကျန်းရွှဲ့က ခေါင်းညိတ်ပြလိုက်၏။
“စိတ်ချပါ။ သူတို့တွေ အတွင်းပိုင်းက မသေမျိုးမျိုးနွယ် စစ်တပ်တွေကို ထုတ်သုံးလာရတဲ့အထိ ကျွန်မ သေချာပေါက် ဖိအားအလုံအလောက် ပေးလိုက်မယ်။”
“ကောင်းပြီ။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ဒါဆို အခုချက်ချင်း စတိုက်လိုက်ရအောင်။”
“ဟုတ်ကဲ့။”
ကျန်းရွှဲ့က ပြန်ဖြေလိုက်ပြီးနောက် ရှေ့တန်းစစ်မျက်နှာသို့ လှည့်ထွက်သွားတော့သည်။ သူမသည် ကျန်းယွင်ထျန်း၏ ဘေးမှ ဖြတ်လျှောက်သွားစဉ် လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“အသက်ရှင်လျက် ပြန်လာခဲ့။ ဒါ အမိန့်ပဲ။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက လေးနက်သော လေသံဖြင့် တုံ့ပြန်လိုက်သည်။
ထို့နောက် ကျန်းရွှဲ့သည် နောက်လှည့်မကြည့်တော့ဘဲ ရှေ့တန်းစစ်မျက်နှာဆီသို့ လျှောက်လှမ်းသွားတော့သည်။
“အားလုံးပဲ။ ကိုယ့်အခြေအနေကိုယ် အရင်ဆုံး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားကြပါ။ မသေမျိုး မျိုးနွယ်ရဲ့ ဗဟိုနယ်မြေကနေ စစ်တပ်တွေကို လွှတ်တဲ့အထိ စောင့်ဆိုင်းပြီးမှ ငါတို့ ထွက်ခွာကြမယ်။”
ရှောင်းယီက အသက်ရှင်ကျန်ရစ်သူများကို ပြောလိုက်သည်။
“နားလည်ပါပြီ။”
ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် မြို့ရိုးပေါ်သို့ တက်ကာ ရှေ့တန်းစစ်မျက်နှာတွင် စတင်နေပြီဖြစ်သော တိုက်ပွဲကို မျက်မှောင်ကြုတ်လျက် ကြည့်ရှုနေကြသည်။
“ကျွန်းပိုင်ရှင် ဒီနည်းလမ်းက တစ်ဖက်လူရဲ့ အတွင်းပိုင်းစစ်တပ်တွေကို တကယ်ပဲ ဆွဲထုတ်နိုင်ပါ့မလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။ ရှောင်းယီက ခေါင်းခါယမ်းလိုက်၏။
“ငါလည်း မသိဘူး။ ဒါပေမဲ့ အခွင့်အရေးတော့ ရှိနိုင်တယ်။”
ထိုစဉ် ရှောင်းယီ၏ ဝေါ်ကီတော်ကီမှ မြည်လာခဲ့သည်။
“ကျွန်းပိုင်ရှင် မသေမျိုး မျိုးနွယ်ရဲ့ စစ်တပ်တွေ ပြန်လည်တိုက်စစ်ဆင်လာပါပြီ။ ဒါပေမဲ့ ဗဟိုနယ်မြေက မသေမျိုးတွေတော့ လှုပ်ရှားမှုမရှိသေးဘူးလို့ ခံစားရတယ်။ ကျွန်မ စစ်ကူတွေ ထပ်လိုချင်ပါတယ်။”
“ကောင်းပြီ။ ကျုပ် အခုချက်ချင်း စစ်ကူတွေ ထပ်လွှတ်ပေးမယ်။”
ရှောင်းယီက လေးနက်သောအသံဖြင့် ပြန်ဖြေလိုက်ပြီး အကြီးစား ကုန်တင်လေယာဉ်ဆီသို့ ပြန်သွားကာ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ညွှန်ကြားလိုက်သည်။
“ဦးလေးအန်း ထျန်းလေ့နယ်မြေနဲ့ လန်ဖုန်းနယ်မြေကနေ စစ်တပ် သုံးသိန်းစီ ချက်ချင်းလွှတ်ပေးပါ။ နောက်ဆုံးပေါ် လက်နက်တွေ တပ်ဆင်ပြီး ရှေ့တန်းကို စစ်ကူသွားပေးခိုင်းလိုက်။”
“ဟုတ်ကဲ့။”
အန်းယွဲ့က ပြန်ဖြေလိုက်ပြီး လော့လင်တန်နှင့် လန်ယုံတို့အား ချက်ချင်း ဖုန်းခေါ်လိုက်တော့သည်။
“နယ်မြေသခင်လော့ [နယ်မြေသခင်လန် ] ရှေ့တန်းစစ်မျက်နှာကို စစ်ကူပေးဖို့အတွက် နောက်ဆုံးပေါ် လက်နက်တွေ တပ်ဆင်ထားတဲ့ စစ်တပ် သုံးသိန်း ချက်ချင်းစေလွှတ်ဖို့ ကျွန်းပိုင်ရှင်က အမိန့်ပေးလိုက်တယ်။”
အန်းယွဲ့က ပြောလိုက်သည်။
“ဟုတ်ကဲ့။”
လော့လင်တန်နှင့် လန်ယုံတို့သည် ချက်ချင်း ပြန်ဖြေလိုက်ပြီး ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သော စစ်တပ်များကို တည်နေရာကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် ကူးပြောင်းစေလွှတ်လိုက်တော့သည်။
ဤအချိန်တွင် ၎င်းတို့သည် စွမ်းအင်သလင်းကျောက်များ ကုန်ဆုံးမည့်အရေးကို ဂရုမစိုက်နိုင်တော့ဘဲ အားလုံးက အစီအရင်ကိုသာ အသုံးပြုခဲ့ကြပေသည်။
နယ်မြေနှစ်ခုမှ စစ်တပ်များသည် အစီအရင်ထဲမှ အဆက်မပြတ် ထွက်လာကြသည်။ ထိုမြင်ကွင်းကို မြင်တွေ့ရသောအခါ အနီးအနားတွင် အနားယူနေကြသော အခြား မဟာမိတ် SSS အဆင့် အသက်ရှင်ကျန်ရစ်သူများ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားကြတော့လေသည်။
“သူဌေးရဲ့ စစ်တပ်က တကယ့်ကို အင်အားကြီးလွန်းတယ်။”
“ဟုတ်တယ်။ ဒီလောက်များပြားတဲ့ ဒေသခံ စစ်တပ်ကြီးကို စီမံခန့်ခွဲနိုင်ဖို့ဆိုတာ သူဌေးရဲ့ မဟာမိတ်အဖွဲ့အတွက် တကယ်ကို မလွယ်ကူဘူး။”
“သေချာပေါက် မလွယ်ဘူးပေါ့။ ငါတို့ မဟာမိတ်အဖွဲ့မှာ ဒေသခံ စုစုပေါင်း တစ်သိန်း၊ နှစ်သိန်းလောက်ပဲ ရှိတာကိုတောင် စီမံခန့်ခွဲရတာ ကမောက်ကမတွေ ဖြစ်နေတာ။ တကယ်ကို ပြောစရာ စကားတောင် မရှိတော့ဘူး။”
“ငါ အကြမ်းဖျင်း ရေတွက်ကြည့်တာ ဒေသခံစစ်တပ် လေးသိန်းလောက်တောင် ထွက်လာပြီးပြီ။ ဒါတောင် မပြီးသေးဘူး။”
တစ်ပြိုင်နက်တည်းမှာပင် ကျားကျန့်သည်လည်း အခြားသော လမ်းကြောင်းများဆီသို့ ဧရာမဘီလူးကြီး ခုနစ်ဦးကို စေလွှတ်ရန် စီစဉ်ထားပြီးဖြစ်ကာ ၎င်းတို့ကို လမ်းကြောင်းတစ်ခုစီရှိ မျိုးနွယ်ခြားများနှင့် ဆက်သွယ်စေပြီး ထိုမျိုးနွယ်ခြားများကို အစွမ်းကုန် တိုက်ခိုက်ကြရန် ပြောကြားခိုင်းလိုက်သည်။
ထို့နောက် ကျားကျန့်သည် ဧရာမဘီလူးမျိုးနွယ်စုကို ဦးဆောင်ကာ မသေမျိုး မျိုးနွယ်၏ ခံစစ်ကြောင်းဆီသို့ ထိုးဖောက်တိုက်ခိုက်လိုက်တော့သည်။
မသေမျိုး မျိုးနွယ်၏ စွမ်းဆောင်ရည်များသည် မသေမျိုးမြူခိုးထဲတွင် ပိုမိုအားကောင်းလာသော်လည်း အပြင်ဘက် အစွန်းနားရှိ မြူခိုးများသည်မူ အလွန်ပါးလွှာနေသေးသဖြင့် အားကောင်းလာမှု အဆင့်မှာ အကန့်အသတ်ရှိပေသည်။
ထို့ကြောင့် ဧရာမဘီလူးမျိုးနွယ်စုနှင့် မဟာမိတ်အဖွဲ့တို့၏ ပြင်းထန်သော ပစ်ခတ်မှုစွမ်းအားအောက်တွင် ရှေ့တန်းစစ်မျက်နှာကို ဆယ်ကီလိုမီတာအထိ ရှေ့သို့ လွယ်လွယ်ကူကူ တိုးမြှင့်နိုင်ခဲ့သည်။
သို့သော် မကြာမီမှာပင် ကျန်းးရွှဲ့သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွား၏။ အကြောင်းမှာ ထိုစစ်သည်များသည် မသေမျိုးမြူခိုးထဲတွင် အချိန်အတော်ကြာ နေထိုင်ပြီးနောက် အဆိပ်သင့်သည့် လက္ခဏာများ ပြသလာသောကြောင့်ပင်။
“ဆုတ်ခွာမယ်။”
ကျန်းရွှဲ့က ပြတ်ပြတ်သားသားပင် ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
၎င်းတို့သည် ချက်ချင်းပင် နောက်ဆုတ်ခဲ့ကြ၏။ ထို့နောက် ကျန့်ရွှဲ့သည် ရှောင်းယီထံ ပြန်လာပြီး သတင်းပို့လိုက်သည်။
“ကျွန်းပိုင်ရှင် ကျွန်မတို့ စစ်သည်တွေ မသေမျိုးမြူခိုးထဲကို ဝင်သွားပြီးနောက် အဆိပ်သင့်တဲ့ လက္ခဏာတွေ ပြနေပါတယ်။ ကျွန်မတို့ မြူခိုးထဲမှာ အချိန်အကြာကြီးနေဖို့ လုံးဝအဆင်မပြေဘူး။ ကျွန်းပိုင်ရှင်မှာ ဒီမသေမျိုးမြူခိုးတွေကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခု ရှိမလားလို့ သိချင်ပါတယ်။”
ရှောင်းယီ သူ့နဖူးကိုသူ ရိုက်လိုက်မိ၏။
“ဒါ ငါ့ရဲ့ တာဝန်ပျက်ကွက်မှုပဲ။ ဒါကို စောစောကတည်းက တွေးမိသင့်တယ်။ မင်းတို့အားလုံး အရင်ဆုံး နောက်ဆုတ်ပြီး ချက်ချင်း ကုသမှုခံယူလိုက်ကြပါ။ အဲ့ဒီမသေမျိုးမြူခိုးက တကယ့်ကို ပြဿနာပဲ။ ငါ့မှာ အဲ့ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိပေမဲ့ တစ်ကီလိုမီတာ အကွာအဝေးအတွင်းမှာရှိတဲ့ မြူခိုးတွေကိုပဲ ကိုင်တွယ်နိုင်တယ်။ ဒီမှာရှိတဲ့ မြူခိုးတွေအားလုံးကိုတော့ မဖြေရှင်းနိုင်ဘူး။”
စနစ်က မသေမျိုးမြူခိုးထဲတွင် အဆိပ်အတောက်များ ရှိနေကြောင်း ကြိုတင်သတိပေးထားခဲ့သော်လည်း သူ ဤအချက်ကို အမှန်တကယ် မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် အပြင်ဘက်အစွန်းနားရှိ မြူခိုးများ၏ သိပ်သည်းဆမှာ မမြင့်မားလှပေ။ သို့မဟုတ်ပါက မဟာမိတ်အဖွဲ့၏ စစ်တပ်တစ်ခုလုံး အလုံးအရင်းဖြင့် ပျက်သုဉ်းသွားခြင်းသို့ ဦးတည်သွားနိုင်သည်။
“အခုတော့ ဒုက္ခရောက်ပြီ။”
ကျန်းယွင်ထျန်းသည် နောက်ဆုတ်လာပြီးဖြစ်သော စစ်တပ်များကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
“ငါတို့ မြူခိုးထဲကို အတင်းတိုးမဝင်နိုင်ရင် ဒါက အပြင်ဘက်ကနေ မသေမျိုး မျိုးနွယ်ကို ဖိအားအလုံအလောက် မပေးနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ အကယ်၍ ငါတို့ ဇွတ်အတင်း ခိုးဝင်မယ်ဆိုရင်တော့ ဒါက ကိုးပုံသေပြီး တစ်ပုံပဲ ရှင်နိုင်မယ့် အခြေအနေမျိုး ဖြစ်သွားလိမ့်မယ်။”
ရှောင်းယီက မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်လိုက်ပြီး အကြီးစား ကုန်တင်လေယာဉ်ဆီသို့ လျှောက်သွားကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် အန်းရန်အား စာပို့လိုက်သည်။
“ရန်ရန် သေခြင်းတရားစွမ်းအင်၊ အဆိပ်ငွေ့နဲ့ အန္တရာယ်ရှိတဲ့ အဏုဇီဝပိုးမွှား အမျိုးမျိုးကို ပိတ်ဆို့တားဆီးပေးနိုင်မယ့် အဆိပ်ကာ အသက်ရှူမျက်နှာဖုံးတစ်ခုကို အခု စပြီးတီထွင်မယ်ဆိုရင် ဘယ်လောက်ကြာမလဲဆိုတာ ဓာတ်ခွဲခန်းကို ကူညီမေးမြန်းပေးပါဦး။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ။ ခဏလောက် စောင့်ပေးပါ။”
အန်းရန်သည် ဤကိစ္စနှင့် ပတ်သက်၍ ဓာတ်ခွဲခန်းရှိ ဉာဏ်ရည်တု ရိုဘော့ကို ချက်ချင်း မေးမြန်းလိုက်သည်။ မကြာမီမှာပင် အန်းရန်က သတင်းအချက်အလက်ကို ပြန်လည်ပေးပို့လာခဲ့သည်။
“အနည်းဆုံး ၃၆ နာရီ ကြာလိမ့်မယ်။”
“၃၆ နာရီဆိုရင်တော့ အရမ်းနောက်ကျသွားပြီ။”
ရှောင်းယီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဒါဆို အခု တီထွင်မှုကို စတင်လိုက်ရတော့မလား။”
အန်းရန်က အတည်ပြုလိုက်သည်။
“စလိုက်ပါ။ နောက်ကျသွားပြီဆိုမှတော့ အရမ်းအလျင်စလိုလုပ်စရာ မလိုတော့ဘူး။ ဖြည်းဖြည်းချင်းပဲ တီထွင်ကြတာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အဓိက အာရုံစိုက်ရမှာက အာကာသဟင်းလင်းပြင်ကို သုတေသနလုပ်ဖို့ပဲ။”
“နားလည်ပါပြီ။”
အန်းရန်နှင့် စကားပြောပြီးနောက် ရှောင်းယီသည် မတ်တပ်ရပ်ကာ အကြီးစား ကုန်တင်လေယာဉ်အပြင်ဘက်သို့ လျှောက်လာခဲ့လိုက်သည်။ အနီးအနားတွင် စောင့်ဆိုင်းနေကြသော အခြား မဟာမိတ် အသက်ရှင်ကျန်ရစ်သူများသည်လည်း ရှေ့သို့ တိုးလာကာ မနေနိုင်ဘဲ မေးလာကြ၏။
“သူဌေး ကျွန်တော်တို့ ဘယ်အချိန်မှာ ထွက်ခွာကြမှာလဲ။”
“ဟုတ်တယ်။ ရှေ့တန်းက တိုက်ပွဲက တစ်နာရီကျော်တောင် ကြာနေပြီ မဟုတ်လား။”
“သူဌေးရဲ့ ပစ်ခတ်မှုစွမ်းအားအရဆိုရင် အတွင်းပိုင်းက မသေမျိုး မျိုးနွယ်တွေကို ဆွဲထုတ်ပြီးလောက်ပြီ မဟုတ်လား။”
ရှောင်းယီက ခေါင်းခါပြလိုက်သည်။
“ငါတို့ စစ်တပ်တွေက မသေမျိုး မျိုးနွယ်အပေါ် ဖိအားအလုံအလောက် မပေးနိုင်သေးဘူး။ အခု ငါတို့ ပြဿနာအသစ်တစ်ခုနဲ့ ရင်ဆိုင်နေရတယ်။ အဲ့ဒါက ငါတို့ရဲ့ စစ်သည်တွေ မသေမျိုးမြူခိုးထဲမှာ အချိန်အကြာကြီး မနေနိုင်ကြတာပဲ။ မဟုတ်ရင် သူတို့ အဆိပ်သင့်ကုန်ကြလိမ့်မယ်။”
“မင်းမှာ အဲ့ဒီမသေမျိုးမြူခိုးကို ဖြေရှင်းနိုင်မယ့် နည်းလမ်းမရှိဘူးလား။”
ကျိကျိယင်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ငါ အဲ့ဒါကို အတိုင်းအတာတစ်ခုအထိပဲ ကိုင်တွယ်နိုင်တယ်။ အဲ့ဒါကို အဓိကအားဖြင့် ငါတို့ရဲ့ ခေါင်းဆောင်သုတ်သင်ရေး စစ်ဆင်ရေးအတွက်ပဲ အသုံးပြုရမယ်။ အပြင်ဘက် အစွန်းနားမှာ အသုံးပြုလို့မရဘူး။”
ရှောင်းယီက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်သည်။
“အကယ်၍ ငါတို့ မသေမျိုး မျိုးနွယ်အပေါ် ဖိအားအလုံအလောက် မပေးနိုင်ဘူးဆိုရင် ဗဟိုနယ်မြေထဲကို ဝင်ဖို့က ငါတို့အတွက် အရမ်းအန္တရာယ်များလွန်းတယ်။”
တိလင်းထျန်းရှားက ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“အဲ့ဒါကြောင့်မို့လို့ ငါတို့ရဲ့ လှုပ်ရှားမှုကို ရွှေ့ဆိုင်းလိုက်ရတာပဲ။”