← Chapters

အခန်း ၁၂၀၂

Vol. 104 Ch. 1202

အခန်း ၁၂၀၂

Vol. 104 Ch. 1202

အခန်း ၁၂၀၂

“ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ။ ဒီတိုင်းကြီးပဲ ထိုင်စောင့်နေလို့တော့ မဖြစ်ဘူးမလား။”

ဂျေဘီက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။ ရှောင်းယီ သက်ပြင်းခပ်ဖွဖွချလိုက်မိ၏။

“ငါ တို့မဟာမိတ်အဖွဲ့ကို ဂတ်စ်ကာမျက်နှာဖုံးတွေ စပြီးထုတ်လုပ် ခိုင်းထားပြီးပြီ။ ဒါပေမဲ့ အချိန်မမီမှာ စိုးရိမ်ရတယ်။ လောလောဆယ်တော့ စောင့်ရုံကလွဲပြီး တခြားနည်းလမ်းမရှိဘူး။ ငါလည်း မသေမျိုး မျိုးနွယ်စုကို အမြန်ဆုံး ရှင်းပစ်ချင်တာပဲ။ ဒါပေမဲ့ လူတိုင်းရဲ့ အသက်နဲ့တော့ လောင်းကြေးမထပ်နိုင်ဘူး။”

လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

“သူဌေး ပြောတာမှန်ပါတယ်။ ဒါဆို ကျုပ်တို့တွေ စောင့်ကြည့်ကြတာပေါ့။”

“ကျုပ်တို့ အရင်ပြန်နှင့်ကြရင်ကော။ ထွက်လှုပ်ရှားရမယ့်အချိန်ကျမှ ပြန်လာခဲ့ကြရင်ရော ဘယ်လိုလဲ။”

“ဟုတ်သားပဲ။ အားလုံး ဒီမှာ စောင့်နေလို့လည်း ဘာမှထူးလာမှာမဟုတ်ဘူးလေ။ သူဌေးရဲ့ အမြင်ကကော ဘယ်လိုရှိလဲ။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“အင်း... အားလုံးပဲ လောလောဆယ်တော့ အရင် ပြန်နှင့်ကြပါ။ အခွင့်အရေးရတာနဲ့ ငါ အချိန်မီ အကြောင်းကြားပေးပါ့မယ်။”

“ကောင်းပြီ။ ဒါနဲ့ ကျုပ်တို့ ဝတ်ထားတဲ့ ဝတ်စုံတွေကိုကော။”

“မင်းတို့ပဲ သိမ်းထားလိုက်ပါ။ မစ်ရှင်လုပ်ဖို့ ပြန်လာတဲ့အချိန်ကျမှ ဝတ်လာခဲ့ကြ။”

ရှောင်းယီက လက်ဝေ့ယမ်းပြရင်း ပြောလိုက်သည်။

“ဟားဟား မိုက်တယ်ဟေ့။ ဒါဆို ကျုပ် ပြန်ပြီး နည်းနည်းလောက် သွားကြွားလိုက်ဦးမယ်။”

သူတို့သည် မြို့ပြန်ကျောက်များကို ပျော်ပျော်ရွှင်ရွှင် အသုံးပြုကာ ပြန်သွားကြတော့သည်။

ကျိကျိယင်းသည်မူ မိမိ၏ မဟာမိတ်အဖွဲ့သို့ ပြန်ရောက်လျှင် ရောက်ချင်း ဖခင်ဖြစ်သူ ကျပါ့ထျန်းကို ချက်ချင်းသွားရှာလိုက်၏။

“အဖေ...ဒီရှောင်းယီက တကယ့်ကို ထူးခြားတဲ့လူပဲ။”

ကျိကျိယင်းက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“သူ့ရဲ့စွမ်းအားရော အဖွဲ့ရဲ့ အင်အားရောက တကယ့်ကို အံ့ဩဖို့ကောင်းတယ်။”

ယခင်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အကြောင်းကြားစာတွင် ရှောင်းယီ၏ နာမည်ကို ဖော်ပြခဲ့ဖူးသော်လည်း အခြားသော အသက်ရှင်ကျန်ရစ်သူများမှာ သူ့ကို ယီရန်ပင်း သူဌေးဟုသာ ခေါ်လေ့ရှိကြသဖြင့် မည်သူမျှ သူ့နာမည်ကို တိုက်ရိုက်မခေါ်ဝေါ်ကြချေ။

ကျိကျိယင်းက ရှေ့တန်းစစ်မျက်နှာတွင် သူမြင်တွေ့ခဲ့သမျှ အသေးစိတ်ကအစ အကုန်ပြန်ပြောပြလိုက်၏။

ကျိပါ့ထျန်းက ခေါင်းအသာညိတ်လိုက်သည်။

“ဒီရှောင်းယီက တကယ့်ကို ကြောက်စရာကောင်းတာပဲ။ မင်းဝတ်ထားတဲ့ ဒီကိုယ်ကျပ်ဝတ်စုံက တကယ်ပဲ အဲ့လောက်တောင် အစွမ်းထက်တာလား။”

ကျိကျိယင်းက ခေါင်းညိတ်ပြလိုက်သည်။

“တကယ် အရမ်းအစွမ်းထက်တယ်။ အဲ့ဒါက SSS အဆင့် စိတ်ဝိဉာဉ်တိုက်ခိုက်မှုတွေကိုတောင် ခံနိုင်ရည်ရှိတယ်လို့ ပြောတယ်။ ဒီစွမ်းဆောင်ရည်က တကယ် အသုံးဝင်လွန်းတယ်။”

“ဟုတ်တယ်။ စိတ်ဝိဉာဉ်တိုက်ခိုက်မှုတွေက အနှောင့်အယှက်အပေးနိုင်ဆုံးပဲ။ ကာကွယ်ဖို့လည်း မဖြစ်နိုင်ဘူး။ ဒါရှိနေရင် ပြိုင်ဘက်ရဲ့ စိတ်ဝိဉာဉ်တိုက်ခိုက်မှုကို စိုးရိမ်နေစရာမလိုတော့ဘူး။”

ကျိပါ့ထျန်းက ထောက်ခံလိုက်သည်။

“ဒါပေမဲ့ ရှောင်းယီက မင်းကို ဒီလိုဝတ်စုံမျိုး လိုလိုလားလားပေးသုံးလိုက်တာကိုတော့ ငါ နည်းနည်းအံ့ဩမိတယ်။”

“ဟမ့် ရှောင်းယီရဲ့ သဘောထားကြီးမှုက တကယ့်ကို လေးစားစရာကောင်းတာ မှန်ပေမဲ့ သူ့နဲ့ကျွန်တော့်ကြားမှာ တိုက်ပွဲတစ်ခုက မလွဲမသွေ ဖြစ်လာမှာပဲ။ ကျွန်တော့်ရဲ့ အရင်က အရှက်ရခဲ့မှုတွေကို ဆေးကြောပစ်ရမယ်။”

ကျိကျိယင်းက အေးစက်စွာ ပြောလိုက်သည်။။ကျိပါ့ထျန်းက အနည်းငယ် မျက်မှောင်ကြုံ့လိုက်ပြီး သတိပေးလိုက်သည်။

“ဒါပေမဲ့ မင်းအမြဲမှတ်ထားရမှာက မသေမျိုး မျိုးနွယ်စုကို ရင်ဆိုင်နေရတဲ့အချိန်အတွင်းမှာ သူ့ကို လုံးဝ သွားမလုပ်ရဘူး။ နားလည်လား...။”

“ကျွန်တော် နားလည်ပါတယ်အဖေ။ စိတ်မပူပါနဲ့။ ဘယ်အရာက အရေးကြီးတယ်၊ ဘယ်အရာက အရေးမကြီးဘူးဆိုတာကို ကျွန်တော် ကောင်းကောင်းသိပါတယ်။”

ကျိကျိယင်းက ပြောလိုက်သည်။

“ကျွန်တော် သူ့ကို တရားမျှတစွာနဲ့ပဲ အနိုင်ယူချင်တာပါ။”

ထိုစဥ် အခြားသော အသက်ရှင်ကျန်ရစ်သူများလည်း ၎င်းတို့၏ မဟာမိတ်အဖွဲ့များဆီသို့ အသီးသီးပြန်ရောက်သွားကြပြီဖြစ်ပြီး လိုက်ကြွားကြတော့သည်။

“တွေ့လား။ ငါဝတ်ထားတဲ့ ဝတ်စုံက SSS အဆင့်ကွ။ ကာကွယ်ရေးစွမ်းအားက MAX ပဲ။”

“သူဌေးက ငါတို့ကို ဒီလောက်အစွမ်းထက်တဲ့ ကာကွယ်ရေးဝတ်စုံတွေကို တိုက်ရိုက်ပေးလိုက်လိမ့်မယ်လို့ မထင်ထားမိဘူး။”

“သူဌေးက သဘောထားကြီးတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒါကိုကြည့်ခြင်းအားဖြင့် ငါတို့ ဒီတစ်ခေါက်လုပ်ရမယ့် မစ်ရှင်က အရမ်းအရေးကြီးပြီး အန္တရာယ်များတယ်ဆိုတာလည်း သိသာတယ်။”

“မင်းတို့ သတိထားကြဦးနော်။ တကယ်လို့ ကျရှုံးသွားရင် ငါတို့ရဲ့ ရှေ့လျှောက်ရမယ့် နေ့ရက်တွေက ပိုပြီးခက်ခဲသွားလိမ့်မယ်။”

“စိတ်ချလိုက်စမ်းပါ...သူဌေး ရှိနေသရွေ့ ငါတို့ အောင်မြင်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်။”

“ဒါပေမဲ့ မင်းတို့ အခုထိ မလှုပ်ရှားရသေးဘူးဆိုတော့ ကြီးမားတဲ့ ပြဿနာတစ်ခုခုနဲ့ တိုးနေလို့နေမှာပဲ...ဟုတ်တယ်မလား။”

“ဟုတ်တယ်။ မသေမျိုးမြူခိုးတွေက အဆိပ်အတောက်ဖြစ်စေတယ်လေ။ အဲ့ဒါကြောင့် ပတ်ပတ်လည်ကနေ လုံလောက်တဲ့ ဖိအားမပေးနိုင်ဘူး။ အဲ့ဒါကြောင့် သူဌေးက ငါတို့ကို စောင့်ခိုင်းထားတာ။”

ထိုအချိန်တွင် ရှောင်းယီသည် မြို့ရိုးပေါ်သို့ တစ်ခေါက်ပြန်ရောက်လာပြီး ကျန်းရွှဲ့နှင့် တွေ့ဆုံကာ မေးလိုက်သည်။

“အဆိပ်သင့်တဲ့ စစ်သည်တွေအားလုံး ကုသမှု ခံယူပြီးပြီလား။”

“အားလုံး ကုသပေးပြီးပါပြီ။”

ရှောင်းယီသည် အဝေးဆီက မှုံမှိုင်းနေသော အမည်းရောင်မြူခိုးများကို ကြည့်ရင်း မျက်မှောင် တင်းတင်းကြုတ်လိုက်မိသည်။ ထိုစဥ် ကျန်းယွင်ထျန်းက ရုတ်တရက် ဝင်ပြောလိုက်၏။

“ငါတို့ ဘာလို့ မျက်ကန်းဗုံးကြဲခြင်းပဲ ဖြစ်ဖြစ် မလုပ်ကြည့်ကြတာလဲ။”

“မျက်ကန်းဗုံးကြဲခြင်း ဟုတ်လား။ အဲ့ဒါ ဘာအဓိပ္ပာယ်လဲ။”

ရှောင်းယီက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်ပြီး မေးလိုက်သည်။

“အမည်းရောင်မြူခိုးတွေထဲမှာ မသေမျိုး မျိုးနွယ်စု ရှိ၊ မရှိကို မစစ်ဆေးတော့ဘဲ ယမ်းထုပ်တွေကို ဒီတိုင်း ပစ်ချပစ်လိုက်မယ်လို့ ပြောတာ။ အခုလောလောဆယ် ငါတို့မှာ ပိုကောင်းတဲ့နည်းလမ်းမရှိသေးဘူးဆိုတော့ ဒီနည်းလမ်းနဲ့ပဲ အရင်ကိုင်တွယ်ကြတာပေါ့။”

ကျန်းယွင်ထျန်းက ရှင်းပြလိုက်သည်။ ရှောင်းယီက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ ဒါဆို မျက်ကန်းဗုံးကြဲတာပဲ ဖြစ်ဖြစ် လုပ်ကြတာပေါ့။”

ဤသို့လုပ်ခြင်းက ယမ်းအချို့ကို ဖြုန်းတီးရာရောက်မည်ဖြစ်သော်လည်း သူတို့အနေဖြင့် သည်တိုင်း အလကားထိုင်ကြည့်နေ၍တော့ မရချေ။

“ယမ်းထုပ်တွေ ပစ်ချမယ့် လေယာဉ်အားလုံးကို ဗဟိုချက်ရဲ့ ငါးကီလိုမီတာပတ်လည်အတွင်းကို မဝင်ဖို့ ပြောထားလိုက်။ ပြီးတော့ ပစ်ချပြီးတာနဲ့ ချက်ချင်းပြန်ဆုတ်ခိုင်း။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“တစ်ချိန်တည်းမှာပဲ တိုက်လေယာဉ်တွေကို ဒုံးကျည်တွေ ပစ်ချခိုင်းပြီး ပြင်းပြင်းထန်ထန် ဗုံးကြဲခိုင်းလိုက်။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်ပြီး ဗုံးကြဲရန်အတွက် လေတပ်ကို စတင်စီစဉ်ပေးဖို့ အနောက်ဘက်သို့ ချက်ချင်းပြေးသွားတော့သည်။

ထို့နောက်တွင်တော့ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ လေယာဉ်အားလုံး ပျံတက်သွားခဲ့သည်။

၎င်းတို့သည် အရပ်မျက်နှာအသီးသီးမှ ပျံတက်လာပြီး ဗုံးကြဲတိုက်ခိုက်မှုများကို စတင်လိုက်ကြ၏။

ရှောင်းယီ၏ သတ်မှတ်ချက်အရ ၎င်းတို့သည် အဓိကဗဟိုချက်၏ ငါးကီလိုမီတာအကွာမှလွဲ၍ ဗုံးမကြဲဘဲ အခြားနေရာတိုင်းကို ဗုံးကြဲခဲ့ကြသည်။

“ဝုန်း ဝုန်း ဝုန်း....”

ပေါက်ကွဲသံများက ကျွန်းတစ်ခုလုံး အဆက်မပြတ် မြည်ဟည်းသွားတော့သည်။

အခြားအရပ်မျက်နှာများမှ အသက်ရှင်ကျန်ရစ်သူများသည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ကြရပြီး တစ်ယောက်ပြီးတစ်ယောက် တံတွေးမြိုချမိလိုက်ကြ၏။

“သူဌေး ရူးသွားပြီလား။ ဒီလောက် ကြိမ်နှုန်းမြင့်တဲ့ ဗုံးကြဲမှုကို ထောက်ပံ့ဖို့ အရင်းအမြစ် ဘယ်လောက်တောင် ကုန်လိုက်မလဲ။”

“သူဌေး ရူးသွားလား၊ မရူးဘူးလားတော့ ငါမသိဘူး။ ဒါပေမဲ့ သူဌေး ဒေါသထွက်နေတာကိုတော့ ငါအတပ်ပြောနိုင်တယ်။”

“သူ့မှာလည်း ဒီအမည်းရောင်မြူခိုးတွေကို ကိုင်တွယ်ဖို့ တခြားနည်းလမ်းမရှိလို့ ဖြစ်လိမ့်မယ်။”

“ဒါပေမဲ့ သူ‌ဌေးမှာ လေယာဉ်တွေ တကယ်များတာပဲ။ ကြည့်ဦး...တိုက်လေယာဉ်တွေအပြင် ရဟတ်ယာဉ်တွေပါ ရှိသေးတယ်။”

“ဒီလိုဗုံးကြဲမှုမျိုးသာ ငါတို့မဟာမိတ်အဖွဲ့ရဲ့ ကျွန်းပေါ်ကို ရောက်လာရင် ငါတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ။”

“ဟဲဟဲ...အဲ့လိုမေးခွန်းမျိုးကို တွေးတောင်မတွေးနဲ့။ ဘာလို့လဲဆိုတော့ မင်းပထမဆုံးရတဲ့ အခွင့်အရေးမှာတင် လက်နက်ချလိုက်မိမှာမို့လို့ပဲ။”

“အတိအကျပဲ။ ဒီလောက်များတဲ့ တိုက်လေယာဉ်တွေကို မြင်တဲ့အခါ လုံလောက်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်သာ မရှိရင် ချက်ချင်းလက်နက်ချတာက အကောင်းဆုံးရွေးချယ်မှုပဲ။”

“ဟူး...ကံကောင်းလို့ သူဌေးက နယ်မြေကျူးကျော်တာကို ဝါသနာပါတဲ့လူစားမျိုး မဟုတ်လို့ပေါ့။ မဟုတ်ရင် တို့တွေအားလုံး ဒုက္ခရောက်ကုန်တော့မှာပဲ။”

“ဟုတ်ပါ့။ သူဌေးက ရှားနိုင်ငံသားစစ်စစ်ပဲ။”

ထိုအချိန်တွင် မသေမျိုးမြူခိုးများထဲရှိ မသေမျိုးမျိုးနွယ်စုများမှာမူ အားလုံး ကြောင်အမ်းသွားကြသည်။

ဘာတွေဖြစ်နေတာလဲ။ သူတို့က ငါတို့ကိုလည်း မမြင်ရဘဲနဲ့ ဒီအတိုင်းကြီး ဆက်တိုက်ဗုံးကြဲနေတာလား။

ခဲယမ်းမီးကျောက်တွေက အလကားရနေတာလားဟ။ အဲ့ဒီလေယာဉ်တွေကကော အလကားရထားတာလား။

“မဟာအကြီးအကဲ အပြင်လူတွေရဲ့ လေယာဉ်တွေက မရပ်မနား ဗုံးကြဲနေပါတယ်။ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေ အထိအခိုက် အကျအဆုံး များနေပါပြီ။”

ဝတ်ရုံနက်ဝတ်ထားသူတစ်ဦးက ထိုအကြောင်းအရာကို မဟာအကြီးအကဲထံသို့ ချက်ချင်းအစီရင်ခံလိုက်၏။

“အဲ့ဒါတွေကို ရှောင်တိမ်းပြီး သတိထားပြီး လှုပ်ရှားမှုကြ။”

မဟာအကြီးအကဲ၏ လေသံက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထွက်ပေါ်လာခဲ့သည်။

“နောက်ထပ် နည်းနည်းလောက်ပဲ အောင့်ခံထားလိုက်။ ငါတို့ဘက်က အားလုံး အောင်မြင်ခါနီးနေပြီ။”

“ဟုတ်ကဲ့။”

ဝတ်ရုံနက်က ပြန်ဖြေပြီးနောက် ကပျာကယာ ထွက်ခွာသွားတော့သည်။

အမှန်တကယ်တော့ မဟာအကြီးအကဲ၏ အမိန့်မှာ အမိန့်မပေးသည်နှင့် အတူတူပင်ဖြစ်၏။ အခြားဝတ်ရုံနက်များမှာလည်း ၎င်းတို့၏ မသေမျိုးမျိုးနွယ်စု စစ်တပ်များကို ထိန်းချုပ်ကာ နေရာအနှံ့သို့ ရှောင်တိမ်းနေခဲ့ကြပြီးသားဖြစ်သည်။

သို့သော် ရှောင်းယီဘက်မှ ဗုံးကြဲမှုမှာ ခဲယမ်းကုန်ကျမှုကို လုံးဝ ဂရုမစိုက်ဘဲ ကျွန်းတစ်ခုလုံးကို ဗုံးကြဲရန် စိတ်ပိုင်းဖြတ်ထားခြင်းဖြစ်သည်။

လူတိုင်း၏ ပြောဆိုဆွေးနွေးမှုများကြားတွင် ဗုံးကြဲမှုမှာ ညမိုးချုပ်သည်အထိ ဆက်လက်ဖြစ်ပွားခဲ့၏။

“အားလုံးပဲ ခဏနားလိုက်ကြဦး။ ပြီးတော့ မသေမျိုး မျိုးနွယ်စုရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ထား။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။ ထို့နောက် လေယာဉ်များ၏ ဗုံးကြဲမှုမှာ ချက်ချင်းရပ်တန့်သွားခဲ့သည်။

ဆူညံသံများ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် အသက်ရှင်ကျန်ရစ်သူများအားလုံး နားထဲတွင် အူနေသလိုပင် ခံစားလိုက်ရသည်။

ရှောင်းယီနှင့် အခြားသူများသည်လည်း ညစာစားရန် ဗီလာသို့ ပြန်လာခဲ့ကြပြီး မသေမျိုးနွယ်စုများမှာလည်း ဤအချိန်တွင် အမောဖြေနေကြလောက်ပြီဖြစ်သည်။

“ကျွန်းပိုင်ရှင် ဒီလိုမျိုး ဆက်ပြီးဗုံးကြဲနေတာက ရေရှည်အတွက် ဖြေရှင်းနည်းမဟုတ်ဘူး။ နောက်ထပ် ငါတို့ ဘာဆက်လုပ်ကြမလဲ။”

ကျန်းယွင်ထျန်းက ထမင်းစားပွဲ၌ မေးလိုက်သည်။ ရှောင်းယီက မျက်မှောင်ကြုတ်ထားပြီး ဘာမှမပြောပေ။

“ငါတို့ စွန့်စားပြီးတော့ပဲ အထဲကို ထိုးဖောက်ဝင်ရောက်ကြည့်ကြမလား။”

ကျန်းယွင်ထျန်းက ဆက်၍ အကြံပြုလိုက်သည်။

All Chapters