အခန်း ၁၂၀၃
Vol. 104 Ch. 1203
အခန်း ၁၂၀၃
ရှောင်းယီက ချက်ချင်းခေါင်းခါလိုက်ပြီး ကျန်းယွင်ထျန်း၏ စွန့်စားရမည့် အကြံပြုချက်ကို ပယ်ချလိုက်သည်။
လောလောဆယ် မသေမျိုးမျိုးနွယ်စုကို မကိုင်တွယ်နိုင်သေးရင်တောင်မှ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ အင်အားကို အမှီပြုပြီး အသက်ရှင်ကျန်ရစ်သူအားလုံး SSS အဆင့်ကို ရောက်သည်အထိ အပြည့်အဝ တောင့်ခံထားနိုင်သည်။ ဒီလို စွန့်စားမှုမျိုးက လုပ်ရကျိုးမနပ်ချေ။
“ငါတို့ရဲ့ လောလောဆယ် မဟာဗျူဟာက အခွင့်အရေးရှိရင် အဲ့ဒီလက်မည်းကြီး ပေးမယ့် ဆုလာဘ်တွေကို သွားယူမယ်။ အခွင့်အရေးမရှိရင်တော့ ဒီတိုင်း လိပ်လိုပဲ အခွံထဲအောင်းပြီး ဆက်ပြီးကာကွယ်ထားမယ်။ မသေမျိုးမျိုးနွယ်စုက သန်မာတယ်ဆိုပေမဲ့ ငါတို့မဟာမိတ်အဖွဲ့ရဲ့ ခံစစ်ကို ဖောက်ထွက်ဖို့ဆိုတာ သူတို့အတွက်တော့ စိတ်ကူးယဉ်အိပ်မက်သက်သက်ပဲ။”
ရှောင်းယီက ပြောလိုက်သည်။
“ဒါကြောင့် အရမ်းမလောပါကြနဲ့။ ဒီတိုင်း စောင့်ကြည့်ကြတာပေါ့။”
ကျန်းယွင်ထျန်းက မျှော်လင့်ချက်ကင်းမဲ့စွာ ပုခုံးတွန့်ပြလိုက်ပြီး ထမင်းကိုသာ ပါးစပ်ထဲ ဆက်ထည့်၍ အားပါးတရ စားလိုက်တော့သည်။
“ကျွန်းပိုင်ရှင် ငါတို့တွေ အများကြီး ရင်းနှီးမြှုပ်နှံထားပြီးပြီလေ။ တကယ်လို့ မသေမျိုးမျိုးနွယ်စုကို မကိုင်တွယ်နိုင်ဘူးဆိုရင် ငါတို့အပေါ် သက်ရောက်မှုက ကြီးမားနေဦးမှာပဲ။”
အန်းယွဲ့က မျက်မှောင်ကြုတ်ကာ ပြောလာခဲ့သည်။ ရှောင်းယီက ခေါင်းခါပြလိုက်၏။
“အရင်းအမြစ်တွေ ကုန်သွားတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့မဟာမိတ်ကျွန်းပေါ်က အရင်းအမြစ်တွေကို ထုတ်လုပ်နိုင်သရွေ့ တော်တော်များများ ပြန်ပြီးဖြည့်တင်းနိုင်မှာပါ။ အဲ့ဒါက ပြဿနာအကြီးကြီး မဟုတ်ပါဘူး။ အဓိက ပြဿနာက အခုလောလောဆယ် လက်လျှော့လိုက်ရမှာကို နည်းနည်း နှမြောနေကြတာပဲ။”
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။ ထိုအချိန်တွင် ရှောင်းယီက ပြုံးလိုက်လိုက်သည်။
“အားလုံးပဲ ဒီလို နစ်မြုပ်ပြီးသား ကုန်ကျစရိတ်တွေကို ဖက်တွယ်မထားကြပါနဲ့။ နှမြောနေစရာ ဘာမှမရှိပါဘူး။ ဒါက ရင်းနှီးမြှုပ်နှံမှု လုပ်တာနဲ့ အတူတူပါပဲ။ မြတ်တာရော...အရှုံးပေါ်တာရော နှစ်ခုလုံးက လက်ခံနိုင်စရာပဲလေ။”
ရှောင်းယီ၏ စကားကို ကြားသောအခါ လူတိုင်း အနည်းငယ် ကြောင်အမ်းသွားကြပြီးနောက် ပြုံးကာ ခေါင်းခါမိလိုက်ကြတော့သည်။
ဒီနေရာမှာ ရှိနေတဲ့လူတိုင်းက “နစ်မြုပ်ပြီးသား ကုန်ကျစရိတ်” ဆိုသည့် ဝေါဟာရ၏ အဓိပ္ပာယ်ကို နားလည်ထားကြသည်။
၎င်းသည် ကုန်လွန်သွားခဲ့ပြီဖြစ်၍ ပြန်မရနိုင်တော့သော အရာဖြစ်သောကြောင့် ထိုအရာကို စိုက်ကြည့်နေမိခြင်းမှာ နှမြောစိတ်တစ်ခုကြောင့်သာ ဖြစ်သည်။
“ကျွန်းပိုင်ရှင်က တကယ်ကို အမြင်ကျယ်တာပဲ။ ငါ စီးပွားရေးလုပ်လာတာ ဒီလောက်နှစ်တွေကြာနေပြီ။ အခုကျမှ နစ်မြုပ်ပြီးသား ကုန်ကျစရိတ်တွေကို ဖက်တွယ်မိနေလိမ့်မယ်လို့ မထင်ထားမိဘူး။ အဲ့ဒီနှစ်တွေအားလုံးကို အလကား ဖြတ်သန်းခဲ့ရသလိုပဲ။”
အန်းယွဲ့က ခေါင်းခါရင်း ပြုံးကာ ပြောလိုက်သည်။ ယွမ်နွန်သည်လည်း ယခုမှ စိတ်လက်ပေါ့ပါးသွားပုံရသော ရှောင်းယီကို ကြည့်ကာ ပြောလိုက်သည်။
“စောစောက ကျွန်းပိုင်ရှင် မျက်မှောင်ကြုတ်ထားတာကို မြင်တော့ စိတ်ပိတ်မိနေမှာကို ငါ စိုးရိမ်နေတာ။ သူက တို့တွေအားလုံးထက် စိတ်သဘောထား ပိုပြီးပွင့်လင်းနေလိမ့်မယ်လို့ မထင်ထားဘူး။”
“ကောင်းပြီ အားလုံးပဲ ကောင်းကောင်း စားကြပါ။ ခေါင်းဆောင်သုတ်သင်ရေး စစ်ဆင်ရေးကို လုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလားဆိုတာကို ကံတရားအတိုင်းပဲ ထားလိုက်ကြရအောင်။”
ရှောင်းယီက ပြောလိုက်သည်။
ညစာစားပြီးနောက် ရှောင်းယီသည် သူ့အိပ်ခန်းသို့ ပြန်လာပြီး မိုဘိုင်းလ်ဖုန်းကို စစ်ဆေးကြည့်လိုက်သည်။
ဂရုထဲရှိ လူအများစုမှာ မသေမျိုးမျိုးနွယ်စုအား မည်သို့တိုက်ခိုက်ရမည်ကို ဆွေးနွေးနေကြပြီး ထောက်ပံ့ရေးသေတ္တာများ ဖွင့်ရာမှ ရရှိလာသော ပစ္စည်းများအကြောင်း သတင်းအချက်အလက်များလည်း အများအပြား ရောနှောနေခဲ့သည်။
လူတိုင်း ဖွင့်ရရှိထားသည့် ကောင်းမွန်သော ပစ္စည်းအမျိုးမျိုးကို ကြည့်ပြီး ရှောင်းယီပင် အနည်းငယ် အားကျမိသွားခဲ့သည်။ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ထောက်ပံ့ရေးသေတ္တာများမှာမူ အုတ်မြစ်ကျောက်နှင့် အခြေခံအရင်းအမြစ်အချို့ကိုသာ ပေးစွမ်းနိုင်တော့ပြီး အဆင့်နိမ့် ထုတ်လုပ်မှုပုံစံများပင် မပေါ်လာတော့သည်မှာ ကြာပြီဖြစ်သည်။
“အားပါးပါး...ငါ့ရဲ့ ဘိုးဘွားသင်္ချိုင်းကနေ မီးခိုးတွေများ ထွက်နေလို့လားမသိဘူး။ ငါ ကြေးနီမိုင်းကြောကြီး တစ်ခုကို ရလိုက်တယ်ဟေ့။”
“ဘာကြီးလဲ...ထောက်ပံ့ရေးသေတ္တာထဲကနေ မိုင်းကြောပါ ရနိုင်တာလား။”
“ရနိုင်တယ်။ ငါ တစ်ခါက သံမိုင်းကြောတစ်ခု ရဖူးတယ်။ အဲ့ဒါကို သုံးလိုက်ရင် သတ်မှတ်ထားတဲ့ နေရာမှာ သံမိုင်းကြောတစ်ခု ဖြစ်လာလိမ့်မယ်။ အကုန်တူးဖော်ပြီးသွားရင်တောင် အချိန်အတိုင်းအတာတစ်ခုကြာရင် ပြန်ပြီးအသစ်ဖြစ်လာတယ်။ တကယ့် ပစ္စည်းကောင်းပဲ။”
“ငါတော့ မနာလိုလို့ မျက်စိတွေတောင် စိမ်းနေပြီ။ မင်းတို့ ကံကောင်းလိုက်တာကွာ...။ ငါ့မှာတော့ ခြေဖဝါးမှိုစွဲတာပဲ ရှိတယ်။”
သူတစ်ယောက်တည်း အားကျနေသည်မဟုတ်ချေ။ ရှောင်းယီအပါအဝင် အခြားသူများအားလုံးလည်း အလားတူ အားကျနေကြ၏။ ဤကဲ့သို့သော မိုင်းကြောတစ်ခု ရှိထားခြင်းက ၎င်းတို့၏ အရင်းအမြစ်ပမာဏကို ထိရောက်စွာ တိုးပွားစေနိုင်သည်မဟုတ်ပါလော။
ရှောင်းယီတစ်ယောက် မျှော်လင့်ချက်ကင်းမဲ့စွာ ခေါင်းခါလိုက်ပြီး မိုဘိုင်းလ်ဖုန်းကို ဘေးနားသို့ ချထားလိုက်သည်။
ဘီး....။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် တစ်စုံတစ်ဦးက သီးသန့်စာပို့လာသည်ကို ပြသနေခဲ့သည်။ ရှောင်းယီ လျှောက်သွားပြီး သီးသန့်ချက်တင်ကို ဖွင့်ကြည့်လိုက်ရာ တိလင်းထျန်းရှား ဖြစ်နေ၏။
“ကျွန်းပိုင်ရှင်ရှောင်း ငါတို့ ဒီည လှုပ်ရှားကြမှာလား။”
တိလင်းထျန်းရှားက မေးလိုက်သည်။ သူသည်လည်း ခေါင်းဆောင်သုတ်သင်ရေး စစ်ဆင်ရေးတွင် ပါဝင်မည့်သူများထဲမှ တစ်ဦးဖြစ်သည်။
ရှောင်းယီက ချက်ချင်း ပြန်စာပို့လိုက်၏။
“မလုပ်ဘူး။ မင်းတို့ ကောင်းကောင်း အနားယူထားလိုက်ပါ။ ငါတို့ လှုပ်ရှားမယ်ဆိုရင်တောင် မနက်ဖြန် မနက် ခြောက်နာရီ နောက်ပိုင်းမှ ဖြစ်လိမ့်မယ်။”
“ကောင်းပြီ။ ဒါဆို ငါတို့ အနားယူလိုက်တော့မယ်။”
တိလင်းထျန်းရှားနှင့် စကားပြောပြီးနောက် ရှောင်းယီသည် အခြားသူများထံသို့လည်း ထိုသတင်းစကားကိုပင် ချက်ချင်း ပေးပို့လိုက်သည်။
သူသည် ၎င်းတို့ကို ကောင်းကောင်းအနားယူရန်နှင့် လှုပ်ရှားဖို့အတွက် သူ့အမိန့်ကို စောင့်နေစရာမလိုတော့ကြောင်း ပြောပြလိုက်သည်။
ရှောင်းယီ၏ သတင်းစကားကို လက်ခံရရှိပြီးနောက် ထိုလူများအားလုံးက သဘောတူခဲ့ကြသော်လည်း ၎င်းတို့၏ စိတ်ထဲတွင်မူ အနည်းငယ် မတင်မကျ ဖြစ်နေကြသည်။
ရှောင်းယီက ဒီည ခေါင်းဆောင်သုတ်သင်ခြင်း စစ်ဆင်ရေး မရှိတော့ကြောင်း ကြေညာခဲ့ခြင်းမှာ ရှောင်းယီအနေဖြင့် ပတ်ပတ်လည်က မသေမျိုး မျိုးနွယ်စုများကို ဖိအားပေးနိုင်မည့် နည်းလမ်းကို ရှာမတွေ့သေးခြင်းကြောင့် ဖြစ်သည်။
တကယ်လို့ သူတို့အနေနှင့် ပတ်ပတ်လည်က မသေမျိုး မျိုးနွယ်စုများကို ဖိအားမပေးနိုင်ပါက ခေါင်းဆောင်သုတ်သင်ခြင်း စစ်ဆင်ရေးသည် ဆယ်ပုံတွင် ကိုးပုံလောက် ကျရှုံးဖို့ ရာခိုင်နှုန်းများနေသည်မဟုတ်ပါလော။
ညစာစားပြီးနောက် ကျန်းယွင်ထျန်းသည် အခြားဗီလာရှိ စာကြည့်ခန်းသို့ ပြန်လာပြီး တာအိုကျမ်းစာကို ကောက်ကိုင်ကာ ဖတ်ရှုနေခဲ့၏။ ၎င်းကိုမြင်သောအခါ ကျန်းရွှဲ့တစ်ယောက် အနည်းငယ် အံ့ဩသွားခဲ့သည်။
“ဒီနေ့ နေ ဘယ်ဘက်က ထွက်လာတာလဲ။ နင်က ကိုယ့်ဘာသာ တက်တက်ကြွကြွနဲ့ လေ့လာနေပါလား။”
“မနေ့ညက ရှေ့တန်းမှာ တို့တွေ တစ္ဆေလုပ်ကြံသတ်ဖြတ်သူတွေနဲ့ တိုးခဲ့တယ်။ သူတို့ ဘယ်မှာရှိနေလဲဆိုတာကို ငါတောင် ရှာမတွေ့ခဲ့ဘူး။ ဒါပေမဲ့ SSS အဆင့်မှာပဲ ရှိနေတဲ့ ကျွန်းပိုင်ရှင်ကတော့ သူတို့ကို ချက်ချင်း ရိပ်မိသွားခဲ့တယ်။”
ကျန်းယွင်ထျန်းက တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် ပြန်ဖြေလိုက်သည်။ ကျန်းရွှဲ့က ခေါင်းညိတ်လိုက်၏။
“အခု ကျွန်းပိုင်ရှင်က ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ ပြောဖို့ တကယ်ခက်တယ်။ ဘာပဲဖြစ်ဖြစ် သူက သာမန် SSS အဆင့်ထက် ကျော်လွန်နေတာတော့ အသေအချာပဲ။ နင့်ထက် အရင် သူရိပ်မိသွားတာက ပုံမှန်ပါပဲ။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေ အားလုံးကလည်း ကြိုတင်ပြီး ရိပ်မိနိုင်ကြတယ်။ ခြံထဲမှာ တစ်နေ့ကုန် အိပ်နေတတ်တဲ့ ဝမ်ချိုင်တောင်မှ တစ္ဆေလုပ်ကြံသတ်ဖြတ်သူတွေကို တိတိကျကျ ရှာဖွေပြီး သတ်ပစ်နိုင်ခဲ့တယ်။ ငါကကော ဘယ်လို SSS အဆင့်မျိုးလဲ။ ငါက ခွေးတစ်ကောင်လောက်တောင် အသုံးမကျဘူး။”
“ဝမ်ချိုင်က တကယ်ပဲ အဲ့လောက်အစွမ်းထက်တာလား။”
ကျန်းရွှဲ့က အံ့ဩတကြီး မေးလိုက်သည်။
ကျန်းယွင်ထျန်း ပြောသကဲ့သို့ပင် ဝမ်ချိုင်သည် ၎င်း၏အချိန် ၉၀ ရာခိုင်နှုန်းကျော်ကို ဗီလာ၏ ခြံဝင်းထဲတွင် လှဲလျောင်းရင်း ကုန်ဆုံးလေ့ရှိပြီး ၎င်း လေ့ကျင့်သည် သို့မဟုတ် တိုက်ခိုက်သည်ကို သူမ တစ်ခါမျှ မမြင်ဖူးချေ။
ကျန်းယွင်ထျန်းက ခေါင်းအသာညိတ်ပြလိုက်သည်။
“သူက တိရစ္ဆာန်တစ်ကောင် ဖြစ်နေလို့ အန္တရာယ်ကို ပိုပြီး အာရုံခံနိုင်စွမ်း ရှိတာကြောင့် ဖြစ်မှာပါ။”
ကျန်းရွှဲ့က ပြောလိုက်ဆိုသည်။ ကျန်းယွင်ထျန်းက ခေါင်းခါလိုက်၏။
“ကျွန်းပိုင်ရှင်ရဲ့ အိမ်မွေးတိရစ္ဆာန်တွေ ခေါ်လာတဲ့ ခြင်္သေ့နဲ့ ကျားလိုမျိုး လက်အောက်ငယ်သားတွေက အများကြီး ပိုပြီးအားနည်းကြတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်းပိုင်ရှင်က သူတို့ ဒီလောက် အစွမ်းထက်နေတာက ကျွန်းပိုင်ရှင်နောက်ကို လိုက်ပြီး နေ့တိုင်း တာအိုကျမ်းစာတွေကို ကျင့်ကြံနေကြလို့ပဲလို့ ပြောခဲ့တယ်။”
ထိုအခါမှ ကျန်းရွှဲ့ သဘောပေါက်သွားတော့သည်။
“ဩော်...တကယ် မထင်ရဘူးပဲ။”
“ဒါကြောင့် ငါလည်း ကိုယ့်ကိုယ်ကိုယ် အမြန်ဆုံး မြှင့်တင်ဖို့ လိုတယ်။ ကျွန်းပိုင်ရှင်ရဲ့ ခြေထောက်ကို သွားဆွဲထားလို့ မဖြစ်ဘူး။”
ကျန်းယွင်ထျန်းက ဆက်ပြောလိုက်သည်။
“အင်း...ဒါဆိုရင်လည်း နင် ဆက်ဖတ်နေလိုက်ပါ။ ငါ သားလေးကို အရင်သွားသိပ်လိုက်ဦးမယ်။”
ထို့နောက် ကျန်းရွှဲ့တစ်ယောက် စာကြည့်ခန်းထဲမှ ထွက်ခွာသွားတော့သည်။
တစ်ညလုံး မည်သည့်စကားမျှ မပြောဖြစ်ခဲ့ကြချေ။ နောက်တစ်နေ့တွင် ရှောင်းယီသည် မနက် ငါးနာရီတွင် အချိန်မှန်နိုးလာပြီး ၎င်း၏ နေ့စဉ် မနက်ခင်းလေ့ကျင့်ခန်းကို စတင်ခဲ့သည်။
ကျင့်ကြံပြီးနောက် ရှောင်းယီသည် ရေချိုး၊ အဝတ်အစားလဲကာ လက်မှတ်ထိုးဝင်လိုက်တော့သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - ဂတ်စ်ကာမျက်နှာဖုံး ပုံစံခွက် (SSS အဆင့်) ၁ ။”
“စနစ်က ငါ့အကြောင်း အသိဆုံးပဲ။ အခုတော့ ငါ မသေမျိုးမြူခိုးတွေထဲကို ဘာမှ စိုးရိမ်စရာမလိုဘဲ အားရပါးရ ထိုးဖောက်ဝင်ရောက်လို့ရပြီ။”
ရှောင်းယီက စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး ထိုပုံစံခွက်ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ချက်ချင်းအသုံးပြုကာ စတင်ထုတ်လုပ်လိုက်တော့သည်။
ဂတ်စ်ကာမျက်နှာဖုံးကို ထုတ်လုပ်ပြီးနောက် ရှောင်းယီ အောက်ထပ်သို့ ဆင်းလာခဲ့ရာ ကျန်းယွင်ထျန်းမှာ ထမင်းစားပွဲ၌ စောင့်ဆိုင်းနေနှင့်ပြီဖြစ်သည်။
“ကျွန်းပိုင်ရှင် အခု ငါတို့မှာ မသေမျိုးမြူခိုးတွေရဲ့ အဆိပ်အတောက်တွေကို ရှောင်ရှားနိုင်မယ့် နည်းလမ်း အခုရှိသွားပြီလား။”
ကျန်းယွင်ထျန်းက ကပျာကယာ မေးလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“ရှေ့တန်းကို ပြင်ဆင်ထားဖို့ ပြောလိုက်ပါ။ ဒီနေ့က ငါတို့ရဲ့ ကြီးမားတဲ့ တန်ပြန်တိုက်စစ်ဆင်ရမယ့်နေ့ပဲ။”
“ဟုတ်ကဲ့။”
ရှောင်းယီ၏ စကားကို ကြားလိုက်ရသောအခါ ရှောင်းယီအနေဖြင့် ဖြေရှင်းနည်းတစ်ခုကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်း ကျန်းယွင်ထျန်း သိလိုက်သည်။
“ကျွန်းပိုင်ရှင် ကိရိယာအသစ်တစ်မျိုး ရလာတာလား။”
“ဟုတ်တယ်...ဂတ်စ်ကာမျက်နှာဖုံးပဲ။”
ရှောင်းယီက ပြောလိုက်သည်။
“ကာကွယ်ရေးဝတ်စုံနဲ့ တွဲဖက်လိုက်ရင် ငါတို့တွေ မသေမျိုးမြူခိုးတွေကြားထဲကို အပြည့်အဝ ဖြတ်သန်းသွားလာနိုင်လိမ့်မယ်။”