အခန်း ၁၂၀၄
Vol. 104 Ch. 1204
အခန်း ၁၂၀၄
ဂတ်စ်ကာမျက်နှာဖုံးများအကြောင်း ကြားလိုက်ရသောအခါ ကျန်းယွင်ထျန်းတစ်ယောက် စိတ်လှုပ်ရှားသွားတော့လေသည်။
“ကျွန်းပိုင်ရှင် အရင်ဆုံး အသုတ်လိုက် ထုတ်လုပ်ပေးထားပါ။ ငါ စီစဉ်စရာရှိတာတွေ သွားစီစဉ်ဖို့ ရှေ့တန်းကို အရင်သွားနှင့်လိုက်မယ်။”
“နေဦး မင်း မနက်စာ စားပြီးပြီလား။”
အပြေးအလွှား ထွက်သွားတော့မည့် ကျန်းယွင်ထျန်းကို ရှောင်းယီက လှမ်းအော်မေးလိုက်သည်။
“စားပြီးတာ ကြာပြီ။ ကျွန်းပိုင်ရှင်ဆီက သတင်းကိုပဲ စောင့်နေတာ။”
ကျန်းယွင်ထျန်း၏ အသံမှာ ဝေးသည်ထက် ဝေးသွားတော့သည်။
ရှောင်းယီလည်း ခေါင်းသာခါရင်း မနက်စာကို အမြန်ဆုံး အပြီးစားလိုက်ပြီးနောက် မြို့ပြန်ကျောက်ကို အသုံးပြုပြီး ရှေ့တန်းသို့သွားရန် ပြင်ဆင်လိုက်သည်။
“သေသေချာချာ ဂရုစိုက်နော်။”
သူ့အနောက်ဘက်မှ အန်းရန်၏ အသံ ထွက်ပေါ်လာ၏။ ရှောင်းယီ အနည်းငယ် ကြောင်အမ်းသွားပြီးနောက် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
“စိတ်မပူပါနဲ့။ ငါက သေမှာ အရမ်းကြောက်တဲ့လူစားမျိုးပါ။”
“ဖယ် ဖယ် ဖယ်...ဘာလို့ သေတာတွေ ဘာတွေ လျှောက်ပြောနေတာလဲ။ လုံးဝ နိမိတ်မရှိဘူး။ မြန်မြန် တံတွေးထွေးပစ်လိုက်။”
အန်းရန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ကောင်းပါပြီ...ဖီ ဖီ ဖီ...ရပြီလား။ ငါ သေချာပေါက် အသက်ရှင်လျက် ပြန်လာခဲ့ပါ့မယ်။”
ထိုသို့ပြောပြီးနောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသက်သွင်းလိုက်ရာ သူ၏ပုံရိပ်မှာ ထမင်းစားခန်းထဲမှ ပျောက်ကွယ်သွားတော့သည်။
အန်းရန်သည် စားပွဲပေါ်ရှိ ပန်းကန်ခွက်ယောက်များကို ချက်ချင်း သိမ်းဆည်းလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထိုင်နေသော ဆုဝမ်ကမူ ရှောင်းယီ ပျောက်ကွယ်သွားသည့် နေရာကို လှည့်ကြည့်လိုက်မိသည်။
“နင် ဘေးကင်းကင်းနဲ့ ပြန်လာရမယ်နော်။”
နောက်တစ်ဦးတည်းသော အခိုက်အတန့်တွင် ရှောင်းယီသည် ရှေ့တန်းရှိ အကြီးစား သယ်ယူပို့ဆောင်ရေး လေယာဉ်အတွင်း၌ ပြန်ပေါ်လာခဲ့သည်။ ထိုအခါ ကျန်းယွင်ထျန်းက ချက်ချင်း လျှောက်လာ၏။
“ကျွန်းပိုင်ရှင် အားလုံး အဆင်သင့်ဖြစ်ပါပြီ။ ဂတ်စ်ကာမျက်နှာဖုံးတွေ ဘယ်မှာလဲ။”
“ခဏစောင့်...။ အန်းရန်ကို လွှဲပေးခိုင်းလိုက်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
မကြာမီမှာပင် သယ်ယူပို့ဆောင်ရေးလေယာဉ်၏ အပြင်ဘက်၌ ဂတ်စ်ကာမျက်နှာဖုံးများစွာ စုပုံလာခဲ့သည်။ ကျန်းရွှဲ့သည် ထိုဂတ်စ်ကာမျက်နှာဖုံးများကို လူတိုင်းအား ဖြန့်ဝေပေးရန် တပ်ဖွဲ့ဝင်များကို ညွှန်ကြားနေနှင့်ပြီဖြစ်သည်။
“အားလုံးပဲ အာရုံစိုက်ကြပါ။ မင်းတို့လက်ထဲမှာ ရှိနေတာတွေက ဂတ်စ်ကာမျက်နှာဖုံးတွေပဲ။ ဒါတွေရှိရင် ငါတို့ မသေမျိုးမြူခိုးတွေရဲ့ သက်ရောက်မှုကို စိုးရိမ်စရာမလိုဘဲ တိုက်ပွဲဝင်ဖို့ မြူခိုးတွေထဲကို ထိုးဖောက်ဝင်ရောက်လို့ရပြီ။”
ကျန်းရွှဲ့က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
“ဂတ်စ်ကာမျက်နှာဖုံးကို ဒီလိုမျိုး ဝတ်ဆင်ရတယ်...”
ကျန်းရွှဲ့က စကားပြောရင်း လူတိုင်းကို ဂတ်စ်ကာမျက်နှာဖုံးများအား မည်သို့ဝတ်ဆင်ရမည်ကို လက်တွေ့သရုပ်ပြလိုက်သည်။
“ဝတ်ပြီးရင် တစ်ယောက်နဲ့တစ်ယောက် သေသေချာချာ စစ်ဆေးပေးကြပါ။ လုံးဝ အမှားအယွင်း မရှိစေရဘူး။ ဒါက မြူခိုးတွေထဲမှာ ငါတို့ အသက်ရှင်နိုင်မလားဆိုတာနဲ့ သက်ဆိုင်နေတယ်။”
လူတိုင်း ဂတ်စ်ကာမျက်နှာဖုံးများ ဝတ်ဆင်ပြီးသွားသည်ကို မြင်သောအခါ ကျန်းရွှဲ့က အသံကျယ်ကျယ်ဖြင့် ဆက်လက်အော်ပြောလိုက်သည်။
မိမိ၏အဖွဲ့ အဆင်သင့်ဖြစ်သည်ကို မြင်သောအခါ ကျန်းရွှဲ့သည် ရှောင်းယီရှေ့သို့ လျှောက်လာလိုက်၏။
“ကျွန်းပိုင်ရှင် ကျွန်မတို့ အဆင်သင့်ဖြစ်ပါပြီ။ ညွှန်ကြားချက် ပေးပါ။”
“အခုချက်ချင်း တိုက်စစ်ဆင်လိုက်တော့။ မသေမျိုး မျိုးနွယ်စုတွေကို ဖိအားလုံလုံလောက်လောက် ပေးရမယ်။”
“ဟုတ်ကဲ့။”
ကျန်းရွှဲ့သည် အဖွဲ့ကို ဦးဆောင်ကာ မြူခိုးများထဲသို့ ချက်ချင်း ချီတက်သွားတော့သည်။ ရှောင်းယီက အနည်းငယ် ထပ်စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။
“တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကို ဆက်ပြီး ဗုံးကြဲခိုင်းလိုက်။ မသေမျိုး မျိုးနွယ်စုတွေကို မောင်းထုတ်ပစ်မယ့် ငါတို့ရဲ့ ပြတ်သားတဲ့ စိတ်ပိုင်းဖြတ်မှုကို ပြလိုက်စမ်း။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေပြီး အမိန့်ပေးရန် ချက်ချင်း ထွက်ခွာသွားတော့သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ရပ်နေရင်း ရှောင်းယီသည် အခြားအရပ်မျက်နှာများရှိ အဖွဲ့များထံသို့လည်း ဂတ်စ်ကာမျက်နှာဖုံးများ ပေးပို့လိုက်ရာ လူတိုင်း ဂတ်စ်ကာမျက်နှာဖုံးများ ဝတ်ဆင်ပြီး တိုက်ပွဲဝင်နိုင်ကြပြီဖြစ်သည်။
အခြားအရပ်မျက်နှာများမှ အသက်ရှင်ကျန်ရစ်သူများသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ကုန်သွယ်မှုလုပ်ထားသော ဂတ်စ်ကာမျက်နှာဖုံးများကို မြင်သောအခါ အားလုံးက စိတ်လှုပ်ရှားစွာဖြင့် ဝေဖန်ပြောဆိုလာကြသည်။
“မထင်ရဘူး။ သူဌေးမှာ ဒီမသေမျိုးမြူခိုးတွေကို ကိုင်တွယ်ဖို့ နည်းလမ်းရှိတယ်လို့ ပြောတာ ဒါကို ဆိုလိုတာကိုး။”
“ဒါက တကယ့်ကို SSS အဆင့် ကိရိယာပဲ။ ငါတို့မဟာမိတ်အဖွဲ့ဆို ဒီလိုအဆင့်မြင့်ကိရိယာမျိုးကို ကိုယ်တိုင်တစ်ခါမှ မဖွင့်ဖူးသေးဘူး။”
“သူဌေးက မသေမျိုးမြူခိုးကို ဖြေရှင်းနိုင်တယ်လို့ ပြောတာက ဒီကိရိယာတစ်ခုတည်းကိုတင် ပြောတာ မဟုတ်လောက်ဘူး။ ဒီကိရိယာက ကာကွယ်ရုံပဲ ကာကွယ်နိုင်တာ။ အရင်းအမြစ်ပြဿနာကို မဖြေရှင်းနိုင်ဘူး။ သူဌေးမှာ ဒီထက်မက အဆင့်မြင့်တဲ့ ကိရိယာတွေ ရှိနေဦးမှာ သေချာတယ်။”
“ဒီဂတ်စ်ကာမျက်နှာဖုံးတွေကို တိုက်ပွဲပြီးရင် ပြန်ပေးရမလား မသိဘူးနော်။”
“အပေါ်က ညီအစ်ကို မင်းက မသေမျိုးမျိုးနွယ်စုကို လာတိုက်တာလား။ ဒါမှမဟုတ် အခွင့်ကောင်း လာယူတာလားကွ။”
“ငါက ဒီတိုင်း စိတ်ထဲရှိတာကို လျှောက်ပြောကြည့်တာပါ။ အားလုံး အဆင်ပြေရင် ပြီးတာပါပဲ။”
ထိုအချိန်တွင် ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ ဂရုထဲ၌ ပြောလိုက်သည်။
“ဒီတစ်ခေါက် လူတိုင်းကို ဖြန့်ဝေပေးထားတဲ့ ဂတ်စ်ကာမျက်နှာဖုံးတွေက ဒီတိုက်ပွဲပြီးရင် မင်းတို့အတွက် လက်ဆောင်အဖြစ် ပေးလိုက်မှာမို့ ပြန်ပေးစရာမလိုပါဘူး။”
“တွေ့လား...သူဌေးက အမြဲတမ်း သဘောထားကြီးပြီး။စေတနာကောင်းစမြဲပဲ။”
ရှောင်းယီသည် ယီထျန်းဂရုချက်တင်ထဲရှိ စာများကို ဆက်မဖတ်တော့ဘဲ ခေါင်းဆောင်သုတ်သင်ရေး စစ်ဆင်ရေးတွင် ပါဝင်မည့်သူများထံသို့ စာတိုများ ပေးပို့လိုက်သည်။
“အမြန်ဆုံး လာစုကြတော့။ အချိန်ကျပြီ။”
ထိုးစာကို မြင်သောအခါ လူတိုင်းသည် ၎င်းတို့၏ မြို့ပြန်ကျောက်များကို ချက်ချင်းအသုံးပြုပြီး သတ်မှတ်ထားသောနေရာသို့ ရောက်ရှိလာခဲ့ကြသည်။
“အားလုံးပဲ...ဂတ်စ်ကာမျက်နှာဖုံးတွေကိုပါ ဝတ်ဆင်လိုက်ကြပါ။”
ရှောင်းယီက ဘေးနားရှိ ဂတ်စ်ကာမျက်နှာဖုံးများကို ညွှန်ပြရင်း ပြောလိုက်သည်။
လူတိုင်းက ခေါင်းညိတ်ကာ ဂတ်စ်ကာမျက်နှာဖုံးများကို ကောက်ကိုင်ပြီး ဝတ်ဆင်လိုက်ကြသည်။
“ငါတို့ ဗဟိုချက်က အခြေအနေကို မသိရသေးတော့ ဟိုရောက်မှပဲ အခြေအနေအရ ကြည့်ကျပ်ပြီး အလိုက်သင့် လုပ်ကြရလိမ့်မယ်။ ဒါပေမဲ့ ငါ့မှာ သတ်မှတ်ချက်တစ်ခုတော့ ရှိတယ်။ ငါတို့က အဖွဲ့အစည်းတစ်ခုအနေနဲ့ သွားမှာဖြစ်လို့ ခေါင်းဆောင်တစ်ယောက် ရှိရမယ်။ ငါပဲ ခေါင်းဆောင်လုပ်မယ်။ ဒါကို ကန့်ကွက်ချင်တဲ့သူ ရှိလား။”
ရှောင်းယီက လူတိုင်းကို ဝေ့ကြည့်ရင်း မေးလိုက်သည်။
“မရှိပါဘူး။ ဒီမှာ သူဌေးက အသန်မာဆုံးပဲဆိုတော့ သဘာဝကျကျ သူဌေးပဲ ခေါင်းဆောင် ဖြစ်သင့်ပါတယ်။”
“ဟုတ်တယ်။ ဒါက လုံးဝ သံသယဝင်နေစရာ မလိုတဲ့ကိစ္စပဲ။ ကျုပ်တို့ကိုယ်ပေါ်က ကိရိယာတွေကိုတောင် သူဌေးက ထောက်ပံ့ပေးထားတာလေ။”
“ကန့်ကွက်စရာ မရှိပါဘူး။”
ရှောင်းယီက လူအုပ်ကို ကြည့်ပြီး ဆက်ပြောလိုက်သည်။
“ဘယ်သူမှ ကန့်ကွက်စရာမရှိဘူးဆိုရင်တော့ ငါ အဆိုးဆုံးစကားကို အရင် ကြိုပြောထားပါရစေ။ ဒီစစ်ဆင်ရေးကို ငါပဲ ကွပ်ကဲမယ်။ အမိန့်မနာခံတဲ့သူ ဘယ်သူ့ကိုမဆို ငါကိုယ်တိုင် သတ်ပစ်မှာဖြစ်ပြီး သူတို့ရဲ့ သက်ဆိုင်ရာ မဟာမိတ်အဖွဲ့တွေကိုပါ သိမ်းပိုက်ပစ်မယ်။”
သတ်ဖြတ်လိုစိတ် အရှိန်အဝါများ အပြည့်နှင့် ထွက်ပေါ်လာသော ရှောင်းယီ၏ လေသံကို ကြားရသောအခါ လူတိုင်း၏ မျက်နှာအမူအရာများမှာ တည်ကြည်လေးနက်သွားကြ၏။
စောစောက ရှောင်းယီအား ခေါင်းဆောင်အဖြစ် အပြည့်အဝ ထောက်ခံခဲ့ကြသူများပင် မျက်မှောက်ကြုတ်သွားခဲ့ကြသည်။
“ဒါဆို အထဲရောက်လို့ သူဌေးက ကျုပ်တို့ကို အသေခံခိုင်းရင် ကျုပ်တို့က သေပေးရမှာလား။”
တစ်ယောက်က မနေနိုင်ဘဲ ကန့်ကွက်စကား ဆိုလာ၏။ ရှောင်းယီက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“ငါ အဲ့လိုအမိန့်မျိုး လုံးဝမပေးဘူးလို့ အာမခံနိုင်သလို မင်းတို့ရဲ့ ဘေးကင်းရေးအတွက်လည်း ငါ အစွမ်းကုန် ကြိုးစားပေးမှာပါ။ ဒါပေမဲ့ တစ်ယောက်ယောက်က တာဝန်ကျေပွန်အောင် မလုပ်ဘဲ အပျင်းခိုနေမယ်ဆိုရင်တော့ ငါ့ကို ရက်စက်တယ်လို့ မပြစ်တင်နဲ့။”
“ကောင်းပြီ။ ကျုပ် ယီရန်ပင်း သူဌေးရဲ့ ကိုယ်ကျင့်သိက္ခာကို ယုံကြည်ပါတယ်။”
“သူဌေး ကတိတည်နိုင်ပါစေလို့ မျှော်လင့်တယ်။”
“လူတိုင်းက ဒီကို ကိုယ့်သဘောနဲ့ကိုယ် လာခဲ့ကြတာပဲ။ အဲ့ဒီလက်မည်းကြီး ပေးမယ့် ဆုလာဘ်တွေကို မျှော်မှန်းပြီး လာခဲ့ကြတာပဲ မဟုတ်လား။ ဒါကြောင့် အားလုံးပဲ သူဌေးရဲ့ အမိန့်ကို လိုက်နာကြရအောင်။ ဒါမှ ငါတို့ တစ်စိတ်တစ်ဝမ်းတည်း လှုပ်ရှားနိုင်ပြီး အောင်မြင်ဖို့ အခွင့်အရေး ရှိလိမ့်မယ်။”
နောက်ဆုံးတွင်တော့ လူတိုင်းက ရှောင်းယီ၏ ကွပ်ကဲမှုကို လက်ခံခဲ့ကြသည်။
“လေယာဉ်ပေါ် တက်ကြ။”
ရှောင်းယီက အမိန့်ပေးလိုက်၏။ လူ ၂၃ ဦးပါဝင်သော အဖွဲ့သည် ရဟတ်ယာဉ်များပေါ်သို့ ချက်ချင်း တက်သွားကြပြီး လေထဲသို့ ပျံတက်သွားကြတော့သည်။
“အကာအကွယ်ပေးမယ့် တပ်ဖွဲ့တွေ သတိထားပါ။ ရဟတ်ယာဉ်အုပ်စုတွေ ထွက်ခွာပြီး မြေပြင်တပ်ဖွဲ့တွေရဲ့ စဉ်ဆက်မပြတ် တိုက်စစ်ကို ကူညီပေးကြ။”
ရှောင်းယီက ဝေါ်ကီတော်ကီကို ကောက်ကိုင်ကာ ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
ထိုအချိန်တွင် ရဟတ်ယာဉ်အုပ်စုတစ်စု အနောက်ဘက်မှ ပျံသန်းလာပြီး ရှေ့တန်းစစ်မျက်နှာပြင်ဆီသို့ ဦးတည်သွားတော့သည်။
ယခုအချိန်တွင် ကျန်းရွှဲ့သည် မိမိ၏အဖွဲ့ကို ဦးဆောင်ကာ မြူခိုးများထဲသို့ ဝင်ရောက်နေပြီဖြစ်သည်။ မနေ့က ဗုံးကြဲမှုက ထိရောက်မှုရှိခဲ့၍ ဖြစ်နိုင်သည်။ ပထမဆုံး ဆယ်ကီလိုမီတာအတွင်း၌ မည်သည့် ခုခံမှုနှင့်မျှ မကြုံတွေ့ခဲ့ရချေ။
“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ ကျွန်မတို့ ဗဟိုချက်နဲ့ တစ်ဆယ့်ငါးကီလိုမီတာ အကွာအဝေးအထိ ချီတက်လာပါပြီ။ ရှေ့မှာ မသေမျိုး မျိုးနွယ်စု အရေအတွက် အမြောက်အမြားကို တွေ့ရှိထားပါတယ်။ ဗုံးကြဲတိုက်ခိုက်ပေးဖို့ တောင်းဆိုပါတယ်။”
ဝေါ်ကီတော်ကီမှ ကျန်းရွှဲ့၏ စကားသံ ထွက်ပေါ်လာခဲ့သည်။
“လက်ခံရရှိပါတယ်။ ရှိတဲ့နေရာကနေ မသေမျိုး မျိုးနွယ်စုတွေကို တိုက်ခိုက်ထားပါ။ လေကြောင်းပစ်ကူ အခုချက်ချင်း ရောက်လာလိမ့်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ဖုန်းချပြီးနောက် ရှောင်းယီသည် လေကြောင်းလိုင်းသို့ ပြောင်းလိုက်ပြီး ပြောလိုက်သည်။
“လေကြောင်းပစ်ကူတပ်ဖွဲ့တွေ...ဗဟိုချက်ကနေ ၁၅ ကီလိုမီတာကနေ ၁၄ ကီလိုမီတာအတွင်းမှာ ရှိတဲ့ ဧရိယာကို အာရုံစိုက်ပြီး တိုက်ခိုက်ပါ။ ဘာမှခွဲခြားမနေဘဲ ကော်ဇောခင်းပြီး ဗုံးကြဲလိုက်။”
“ဟုတ်ကဲ့။”
“မသေမျိုး မျိုးနွယ်စုရဲ့ လေကြောင်းတပ်ဖွဲ့တွေ ငါတို့ကို လာရောက်တိုက်ခိုက်တာမျိုး မဖြစ်စေဖို့ ခံစစ်အင်အားကိုလည်း ဆက်ထိန်းထား။”
ရှောင်းယီက ဆက်လက်ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
တိုက်လေယာဉ်များသည် အနောက်ဘက်မှ ချက်ချင်း ပျံတက်လာကြပြီး ကွေ့ကာဝိုက်ကာဖြင့် ရှေ့တန်းစစ်မျက်နှာကို ဖြတ်ကျော်တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
ထိုအချိန်တွင် မြေပြင်တပ်ဖွဲ့များသည်လည်း အလွန်ပြင်းထန်သော တန်ပြန်တိုက်စစ်ဆင်မှုနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။