← Chapters

အခန်း ၁၂၀၅

Vol. 104 Ch. 1205

အခန်း ၁၂၀၅

Vol. 104 Ch. 1205

အခန်း ၁၂၀၅

မြေပြင်တပ်ဖွဲ့များသည် ယခုအခါ မသေမျိုးမျိုးနွယ်စု၏ အဓိကဗဟိုချက်ဧရိယာသို့ ရောက်ရှိနေပြီဖြစ်ရာ ထိုနေရာတွင် အမြောက်စာ အရိုးစုများကိုပင် မမြင်ရတော့ချေ။

မသေမျိုး မျိုးနွယ်စုအားလုံးမှာ အဆင့်မြှင့်တင်ထားသော အမျိုးအစားများ ဖြစ်ကြပြီး စစ်သည်များ၏ လက်ထဲရှိ ကာဘိုင်ရိုင်ဖယ်များမှ ထွက်လာသော ကျည်ဆန်များမှာ ထိုမသေမျိုး မျိုးနွယ်စုများကို မဆိုသလောက်သာ အနာတရဖြစ်စေနိုင်တော့သည်။

ကျန်းရွှဲ့သည် သူမရှေ့ရှိ မြင်ကွင်းကို မြင်သောအခါ ချက်ချင်း အမိန့်ပေးလိုက်သည်။

“စက်သေနတ်တွေကလွဲလို့ ကျန်တဲ့လက်နက်တွေအားလုံး ပစ်ခတ်မှုကို ရပ်လိုက်တော့။ ထောက်ပံ့ရေးဌာနကို ငါတို့ရဲ့ လက်နက်အားလုံးကို အဆင့်မြင့် စက်သေနတ်ကြီးတွေဖြစ်တဲ့ ဂတ်တလင်းတွေနဲ့ လဲလှယ်ခိုင်းလိုက်။”

“ဟုတ်ကဲ့။”

ဆီမီးအော်တိုရိုင်ဖယ်များ ကိုင်ဆောင်ထားသော စစ်သည်များသည် ပစ်ခတ်မှုကို ချက်ချင်းရပ်တန့်လိုက်ကြပြီး အနောက်ဘက်သို့ ပြေးသွားကြကာ ထောက်ပံ့ရေးဌာနထံမှ ၎င်းတို့လက်ထဲရှိ ကာဘိုင်ရိုင်ဖယ်များကို ဂတ်တလင်းစက်သေနတ်များနှင့် လဲလှယ်လိုက်ကြတော့သည်။

ထိုစစ်သည်များ၏ လက်နက်အားလုံးကို ဂတ်တလင်းအဖြစ် ပြောင်းလဲပြီးနောက်တွင်မူ ပေးနိုင်သည့် ထိခိုက်မှုမှာ အကန့်အသတ်ရှိသော်လည်း မသေမျိုး မျိုးနွယ်စုများကို အနောက်သို့ ဆုတ်သွားအောင် တွန်းပို့နိုင်ခဲ့သဖြင့် ရှေ့တန်းစစ်မျက်နှာ၏ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

မကြာမီပင် တိုက်လေယာဉ်သည် ရှေ့တန်းသို့ ရောက်ရှိလာပြီး ၎င်းပေါ်ရှိ စက်အမြောက်မှာ အောက်ခြေရှိ ပစ်မှတ်နေရာများဆီသို့ ရူးသွပ်စွာ ဆက်တိုက်ပစ်ခတ်တော့သည်။

“ရွှီး... ဝုန်း ဝုန်း ဝုန်း...”

စက်အမြောက်ထဲရှိ ကျည်ခွံများအားလုံး ကုန်စင်အောင် ပစ်ခတ်ပြီးနောက် ၎င်းသယ်ဆောင်လာသော ဒုံးကျည်များကိုပါ လွှတ်တင်လိုက်သည်။

ပစ်မှတ်ရယ်လို့ အတိအကျမရှိဘဲ အောက်ခြေမြေပြင်ဆီသို့ ကန်းပိတ်ပြီး ဗုံးကြဲပစ်လိုက်ခြင်းသာ ဖြစ်၏။

ရဟတ်ယာဉ်များမှာမူ လေထဲတွင် ဝဲပျံနေရင်း အောက်ခြေမြေပြင်ဆီသို့ ဂတ်တလင်းစက်သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်နေကြသည်။

လေကြောင်းပစ်ကူများကြောင့် မြေပြင်တပ်ဖွဲ့များမှာ နောက်ဆုံးတွင် အနည်းငယ် စိတ်သက်သာရာရသွားကြသော်လည်း ရှေ့သို့ ဆက်လက်ချီတက်ရန်မှာမူ အလွန်ခက်ခဲနေဆဲပင်။

“ကျန်းရွှဲ့ အခု ရှေ့တန်းက အခြေအနေ ဘယ်လိုရှိလဲ။”

ရှောင်းယီက တည်ကြည်လေးနက်သော လေသံဖြင့် မေးလိုက်သည်။

“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ ကျွန်မတို့ လောလောဆယ် အပြန်အလှန် ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမှာပဲ ရှိနေပြီး ရှေ့ကို ဆက်မတက်နိုင်သေးပါဘူး။ မသေမျိုး မျိုးနွယ်စုက သူတို့ရဲ့ အင်အားအပြည့်ကို မသုံးရသေးတာ သေချာပါတယ်။”

ကျန်းရွှဲ့က ချက်ချင်းပြန်ဖြေလိုက်သည်။ ရှောင်းယီက မျက်မှောက်ကြုတ်လိုက်၏။

“ခေါင်းဆောင်ကျား ခင်ဗျားတို့ ဧရာမဘီလူးမျိုးနွယ်စုတွေ ဂတ်စ်ကာမျက်နှာဖုံးတွေ ဝတ်ပြီးပြီလား။”

“ခုတင်တင် ပြီးသွားပါပြီ။”

“မသေမျိုး မျိုးနွယ်စုရဲ့ ခံစစ်လိုင်းကို အခုချက်ချင်း ထိုးဖောက်တိုက်ခိုက်လိုက်တော့။”

ရှောင်းယီက အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့။”

ကျားကျန့်က ပြန်ဖြေလိုက်ပြီး ၎င်းလက်ထဲရှိ သတ္တုတုတ်ကို မြှောက်ကာ ဟစ်အော်လိုက်သည်။

“ညီအစ်ကိုတို့ တက်ကြ....”

ဟူကျဲနှင့် အခြားဧရာမဘီလူးကြီးများသည် မသေမျိုး မြူခိုးများထဲသို့ ချက်ချင်း အားကုန်ထိုးနှက်ဝင်ရောက်သွားကြတော့သည်။

၎င်းတို့အတွက် ဂတ်စ်ကာမျက်နှာဖုံးများကို အထူးသီးသန့် ပြုလုပ်ထားရခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လူသားများ၏ မျက်နှာက သေးငယ်လွန်းပြီး သူတို့မျက်နှာကြီးများကမူ တအားကြီးမားလွန်းနေသည်မဟုတ်ပါလော။

ထိုဂတ်စ်ကာမျက်နှာဖုံး ပြဿနာကြောင့်သာ သူတို့ ဤအချိန်အထိ စောင့်ဆိုင်းနေခဲ့ရခြင်း ဖြစ်သည်။

မသေမျိုး မြူခိုးများ၏ အမြင့်မှာ ဧရာမဘီလူးမျိုးနွယ်စုများ၏ အရပ်အမြင့်ထက် နှစ်ဆမျှ ရှိနေသဖြင့် ၎င်းတို့အတွက်လည်း ဂတ်စ်ကာမျက်နှာဖုံးများ မဖြစ်မနေ လိုအပ်ခြင်းဖြစ်သည်။

ကျားကျန့်သည် ဟူကျဲနှင့် အခြားသူများကို ဦးဆောင်ကာ မြူခိုးများထဲသို့ ဝင်ရောက်သွားပြီးနောက် ကျန်းရွှဲ့၏ ညွှန်ကြားချက်အတိုင်း မဟာမိတ်တပ်ဖွဲ့များကို ဘေးကနေပတ်ကျော်ကာ အရှေ့ဘက်သို့ တိုက်ရိုက်ခုန်ဝင်သွားကြသည်။

၎င်းတို့၏ မြင်ကွင်းမှာ မြူခိုးများကြောင့် ပြင်းထန်စွာ ပိတ်ဆို့နေသဖြင့် ကျန်းရွှဲ့က ရှေ့တန်းရှိ စစ်သည်များကို ရမ်းသန်း မပစ်ခတ်ခိုင်းရဲချေ။

“အားလုံးပဲ သတိထားကြ။ မသေမျိုး မျိုးနွယ်စုကို မြင်ရတဲ့အချိန်မှပဲ ပစ်ခတ်ကြပါ။ ရမ်းသန်းပစ်ခတ်တာကို လုံးဝ တားမြစ်တယ်။”

ကျန်းရွှဲ့က အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

အကယ်၍ ဧရာမဘီလူးမျိုးနွယ်များကို မှားပြီး ထိမှန်သွားပါက ရှက်စရာ ဖြစ်သွားပေလိမ့်မည်။

လေကြောင်းပစ်ကူတပ်ဖွဲ့များသည် ဧရာမဘီလူးမျိုးနွယ်စုများ ရှိနေသည့်နေရာကို ရှောင်ကွင်းပြီး အရှေ့ဘက်သို့ အနည်းငယ် ပိုတိုးကာ တိုက်ခိုက်ခဲ့ကြသည်။

နောက်ဆုံးတွင် ကျန်းရွှဲ့သည် ဧရာမဘီလူးမျိုးနွယ်စုများ၏ ကူညီမှုကြောင့် ရှေ့သို့ ဆက်လက်ချီတက်နိုင်ခဲ့ပြီဖြစ်သည်။

ရှောင်းယီရှိရာ အရပ်မျက်နှာတစ်ခုတည်းတွင် မဟုတ်ဘဲ အခြားအရပ်မျက်နှာများတွင်လည်း မျိုးနွယ်ခြားများ၏ ကူညီမှုဖြင့် ရှေ့သို့ ဖြည်းဖြည်းချင်း ချီတက်လာနိုင်ကြပြီဖြစ်သည်။

“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ ကျွန်မတို့ ရှေ့ကို တက်လှမ်းနေနိုင်ပြီဆိုပေမဲ့ မသေမျိုး မျိုးနွယ်စုက အင်အားအပြည့် သုံးပြီး ခုခံနေတယ်လို့တော့ အခုထိ မခံစားရသေးပါဘူး။”

ကျန်းရွှဲ့က အစီရင်ခံလာခဲ့သည်။

“လက်ခံရရှိပြီ။ ဆက်ပြီး ချီတက်ပါ။ သူတို့ ဘယ်လောက်အထိ အောင့်အီးသည်းခံနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် ဟင်းလင်းပြင် အက်ကွဲကြောင်း ရှိရာနေရာသို့လည်း ရှေ့တန်းမှ သတင်းအချက်အလက်များ ရောက်ရှိနေပြီဖြစ်သည်။

“သူတို့က ငါတို့ကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်ချင်နေကြတာပဲ။”

“အင်း...အပြင်လူတွေရဲ့ အဖွဲ့က ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ အခု မျိုးနွယ်ခြားတွေပါ ပေါင်းလာတာဆိုတော့ အခြေအနေက လုံးဝ ကွာခြားသွားပြီ။”

“ငါတို့ ရှေ့တန်းကို သွားပြီး စစ်ကူပေးသင့်လား။ သူတို့ ဒီတိုင်းကြီး အတင်းတိုးဝင်လာတာကိုတော့ လွှတ်ထားလို့မဖြစ်ဘူး။”

“မှန်တယ်။ မဟာအကြီးအကဲ... အကြီးအကဲရဲ့ အမြင်ကကော ဘယ်လိုရှိလဲ။”

ဟင်းလင်းပြင် အက်ကွဲကြောင်း ဘေးပတ်ပတ်လည်ရှိ မသေမျိုး မြူခိုးများမှာ အရည်အဖြစ် ပြောင်းလဲလုနီးပါးအထိ ထူထပ်သိပ်သည်းလာခဲ့ပြီဖြစ်သည်။

မဟာအကြီးအကဲ၏ အသံမှာလည်း အမည်းရောင်မြူခိုးများထဲမှ ထွက်ပေါ်လာခဲ့သည်။

“လောလောဆယ် စောင့်ထားနေလိုက်ဦး။ ငါတို့ဘေးနားမှာရှိတဲ့ တပ်ဖွဲ့တွေအားလုံးက နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲအတွက်ပဲ။”

“ဟုတ်ကဲ့။”

ရှောင်းယီသည် အောက်ခြေရှိ မြူခိုးများကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ လေးနက်စွာ စဉ်းစားနေမိသည်။ ထို့နောက် သူက ရုတ်တရက် ပြောလိုက်သည်။

“ငါတို့ရဲ့ ရှေ့တန်းတပ်ဖွဲ့က ဗဟိုချက်နေရာနဲ့ ဆယ်ကီလိုမီတာ အကွာအဝေးလောက်အထိပဲ အများဆုံး ချီတက်နိုင်လိမ့်မယ်။ ကျန်တဲ့အပိုင်းကိုတော့ ငါတို့ကိုယ်တိုင် တိတ်တဆိတ် ချဉ်းကပ်ထိုးဖောက်ရလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် လူတိုင်း အမိန့်ကို သေသေချာချာ နာခံကြရမယ်။ နားလည်လား။”

“နားလည်ပါတယ်။”

အားလုံးက တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။ ဤအချိန်တွင် မည်သူ့အမိန့်ကို နာခံရမည်နည်းဟူသော အချက်အပေါ် ငြင်းခုံနေစရာ မလိုတော့ချေ။ မသေမျိုး မျိုးနွယ်စုကို ကိုင်တွယ်နိုင်သရွေ့ မည်သူက ကွပ်ကဲကွပ်ကဲ အရေးမကြီးပေ။

ထိုအချိန်တွင် ယီရန်ပင်း မဟာမိတ်အဖွဲ့အတွင်းရှိ မျိုးနွယ်ခြားများပင် စစ်ကူပေးရန် ရောက်ရှိလာကြသည်။

ကူညီရန် ရောက်လာကြသူများမှာ SS အဆင့်နှင့် အထက်ရှိသူများသာ ဖြစ်ကြ၏။ အဆင့်က တအားနိမ့်လွန်းနေလျှင် လာသော်လည်း အခြေခံအားဖြင့် အသုံးဝင်မည်မဟုတ်ချေ။

အဓိကအကြောင်းရင်းမှာ ၎င်းတို့သည် အပူစွမ်းအင်သုံး လက်နက်များကို ကျွမ်းကျင်စွာ မသုံးတတ်ကြခြင်းကြောင့် ဖြစ်သည်။ အကယ်၍ ၎င်းလက်နက်များကို ကျွမ်းကျင်စွာ အသုံးချတတ်ကြပါက အဆင့်မှာ ဤမျှအထိ အရေးကြီးလိမ့်မည် မဟုတ်ပေ။

တိုက်ပွဲအတွင်းသို့ အဖွဲ့များ ပိုမိုပူးပေါင်းပါဝင်လာသည်နှင့်အမျှ လူသားများနှင့် မျိုးနွယ်ခြားများသည် ရှေ့တန်းစစ်မျက်နှာကို အဓိကဗဟိုချက်ဧရိယာဆီသို့ အဆက်မပြတ် တွန်းပို့နေခဲ့ကြသည်။

“မဟာအကြီးအကဲ အခု ရှေ့တန်းက ကျုပ်တို့နဲ့ တစ်ဆယ့်နှစ်ကီလိုမီတာပဲ ကွာတော့တယ်။ ကျုပ်တို့ ထပ်စောင့်ရဦးမှာလား။”

“နောက်ထပ် နည်းနည်းလောက် ထပ်စောင့်ဦး။ သူတို့ ကိုးကီလိုမီတာ အကွာအဝေးအထိ ချီတက်လာတဲ့အခါကျမှ ငါတို့ရဲ့ တပ်ဖွဲ့အားလုံးကို စေလွှတ်ပြီး ဧရာမဘီလူးမျိုးနွယ်စုတွေကို အဓိကထားပြီး သတ်ပစ်မယ်။”

“ဟုတ်ကဲ့။”

ရဟတ်ယာဉ်ပေါ်တွင် ထိုင်နေသော ရှောင်းယီတို့အဖွဲ့သည် မြေပြင်စစ်မျက်နှာ၏ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေဆဲဖြစ်သည်။

“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ ကျွန်မတို့ ဗဟိုချက်နဲ့ ဆယ်ကီလိုမီတာ အကွာအဝေးအထိ ချီတက်လာပါပြီ။ ပြိုင်ဘက်က ခုခံမှုကို လုံးဝ လက်လျှော့လိုက်တဲ့ပုံပဲ။ ကျွန်မတို့ ဆက်ပြီး ချီတက်လို့ရသေးတယ်။”

ကျန်းရွှဲ့က အနည်းငယ် ဇဝေဇဝါဖြစ်နေဟန်ဖြင့် ပြောလာခဲ့သည်။ ရှောင်းယီက အနည်းငယ် စဉ်းစားပြီးနောက် အမိန့်ပေးလိုက်သည်။

“ဆက်ပြီး ချီတက်လိုက်။”

အကယ်၍ မသေမျိုး မျိုးနွယ်စု၏ နောက်ဆုံးလက်ကျန်တပ်ဖွဲ့များကို အတင်းအကျပ် ထွက်လာအောင် မလုပ်နိုင်ပါက မြေပြင်တပ်ဖွဲ့များ အရင်က လုပ်ဆောင်ခဲ့သမျှ အားလုံး အဓိပ္ပာယ်မဲ့သွားပေလိမ့်မည်။

“ကျွန်းပိုင်ရှင် ဒီမသေမျိုး မျိုးနွယ်စုတွေက တကယ်ကို သည်းခံနိုင်တာပဲ။”

ဘေးနားတွင်ရှိနေသော ကျန်းယွင်ထျန်းက ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်တယ်။ ဒီအခြေအနေအထိ တိုက်ခိုက်နေတာတောင် သူတို့ရဲ့ နောက်ဆုံးဝှက်ဖဲကို ထုတ်မသုံးဘဲ အောင့်ထားနိုင်သေးတယ်။ ကြည့်ရတာ ဒီဝှက်ဖဲက တော်တော်လေး ကြီးမားပုံရတယ်။”

ဘေးနားရှိ ဂျေဘီက သူတို့၏ စကားဝိုင်းကို ကြားသောအခါ ပြုံးလိုက်သည်။

“ငါတို့က အခု တစ်ဆာဗာလုံးမှာ တိုက်ခိုက်ရေးစွမ်းအား အကောင်းဆုံး စုစည်းမှုပဲလေ။ ဒီ final BOSS ကိုမှ မဖြုတ်နိုင်ရင် ဒီဂိမ်းရဲ့ ဒီဇိုင်းက ပြဿနာရှိနေလို့ပဲ ဖြစ်ရမယ်။”

မဟာဗျူဟာပညာရှင်ပီပီ ဤကဲ့သို့သော အချိန်မျိုးတွင်ပင် သူက ဂိမ်းတစ်ခုနှင့် နှိုင်းယှဉ်ကာ တင်စားပြောဆိုနေဆဲပင်။

“ဒီတစ်ခေါက်က ငါတို့အတွက် ဂိမ်းတစ်ခုမဟုတ်ဘူး။”

တိလင်းထျန်းရှားက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

“တကယ်တော့ အတူတူပါပဲ။”

ဂျေဘီက ပြုံးလိုက်၏။

“ကိုယ့်ကိုယ်ကိုယ် သုံးဖက်မြင် 4D ဂိမ်း တစ်ခုမှာ ပါဝင်နေတယ်လို့ပဲ သဘောထားကြည့်လိုက်။ ဒီဂိမ်းက လွတ်လပ်မှုအဆင့်အတန်းက အရမ်းမြင့်မားနေတာပဲ ကွာတယ်။”

အခြားသူများသည် ထိုအမြင်ကို ကြားသောအခါ ကြောင်အမ်းသွားကြ၏။

“အာ... ဂျေဘီပြောတာ တကယ် ဖြစ်နိုင်မလား။”

“မင်း ဘာတွေလျှောက်တွေးနေတာလဲ။ လုံးဝမဖြစ်နိုင်ဘူး။ ငါတို့အားလုံးက တကယ့်လူသားစစ်စစ်တွေပဲ။”

“ဒီစိတ်ကူးက နည်းနည်းတော့ ရူးသွပ်ပေမဲ့ အမှန်တကယ်တော့ ဖြစ်နိုင်ချေရှိတာပဲ။”

ရှောင်းယီသည် လူတိုင်း ထိုအကြောင်းအရာကို ဆွေးနွေးနေကြသည်ကို ကြည့်ပြီး ခေါင်းခါလိုက်မိသည်။

“ဒါက ဂိမ်းကမ္ဘာတစ်ခု ဟုတ်၊ မဟုတ်ဆိုတာကို ငါတို့ မသေမျိုးမျိုးနွယ်စုကို ကိုင်တွယ်ဖြေရှင်းနိုင်ရင် သိရလိမ့်မယ် ထင်တယ်။”

လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။ အကယ်၍ ဂိမ်းတစ်ခုသာ ဖြစ်ခဲ့မည်ဆိုလျှင် ၎င်းတို့အနေဖြင့် ဂိမ်းကို အောင်မြင်စွာ ဆော့ကစားပြီးနောက် ဂိမ်းထဲမှ သေချာပေါက် နိုးထလာနိုင်လိမ့်မည်မဟုတ်ပါလော။

၎င်းတို့အနေဖြင့် ဤသည်မှာ အမှန်တကယ်ပဲ ဂိမ်းတစ်ခုဖြစ်ပါစေဟုသာ မျှော်လင့်မိကြသည်။ ဤသို့ဆိုလျှင် အိမ်မှာ ၎င်းတို့၏ ချစ်ရသူများနှင့် သူငယ်ချင်းများက ချက်ပြုတ်ပြင်ဆင်ထားသော ထမင်းဝိုင်းလေးဖြင့် သူတို့အပြန်ကို စောင့်ဆိုင်းနေကြလိမ့်မည်။

ထိုအချိန်တွင် မြေပြင်တပ်ဖွဲ့များသည် ရှေ့သို့ နောက်ထပ် တစ်ကီလိုမီတာ ထပ်မံတိုးမြှင့် ချီတက်သွားခဲ့၏။

ထိုခဏ၌ပင် အမည်းရောင်မြူခိုးများက ရုတ်တရက် ပြင်းထန်စွာ လှိုင်းထလာတော့သည်။

All Chapters