← Chapters

အခန်း ၁၂၀၉

Vol. 104 Ch. 1209

အခန်း ၁၂၀၉

Vol. 104 Ch. 1209

အခန်း ၁၂၀၉

တစ်စုံတစ်ယောက်က သူ့အပေါ် အပြစ်တင်ညည်းတွားနေသည်ကို ကြားလိုက်ရသောအခါ ကျိကျိယင်း၏ မျက်နှာမှာ အလွန်ပင် ဆိုးဝါးပျက်ယွင်းသွားခဲ့သည်။ ထိုစဥ် ရှောင်းယီက တည်ကြည်လေးနက်သော လေသံဖြင့် ဟစ်အော်လိုက်၏။

“အားလုံးပဲ စိတ်အေးအေးထားပြီး မင်းတို့ရှေ့က ရန်သူတွေကိုပဲ အရင်ဆုံး အာရုံစိုက်ပြီး တိုက်ခိုက်ကြစမ်းပါ။ ဟင်းလင်းပြင် အက်ကွဲကြောင်းထဲက ထွက်လာတဲ့ အစစ်အမှန်အရိုးနဂါးကိုတော့ ငါပဲ ကိုင်တွယ်လိုက်မယ်။”

ရှောင်းယီ၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်းသည် မိမိတို့ရှေ့ရှိ မသေမျိုး မျိုးနွယ်စုများကိုသာ အာရုံစိုက်၍ အားသွန်ခွန်စိုက် ပြန်လည်တိုက်ခိုက်ကြတော့သည်။

အမှန်တကယ်တော့ ရှောင်းယီသည်လည်း ကျိကျိယင်းကို ဆွဲထိုးပစ်ချင်စိတ် ပေါက်နေမိသည်မှာ အမှန်ပင်။ သို့သော်လည်း လက်ရှိအချိန်တွင် ၎င်းတို့အဖွဲ့အတွင်း၌ မည်သည့်စိတ်ဝမ်းကွဲမှုကိုမျှ အဖြစ်ခံ၍မရချေ။

အကယ်၍ ကျိကျိယင်းအနေဖြင့် စောစောက မဟာအကြီးအကဲကို သေသေချာချာ ဆွဲထားနိုင်ခဲ့မည်ဆိုပါက ၎င်းတို့ ယခုကဲ့သို့ အားနည်းချက်ရှိသော အခြေအနေမျိုးသို့ ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဤကိစ္စ၏ တာဝန်အားလုံးကို ကျိကျိယင်းတစ်ဦးတည်းအပေါ်တွင်ချည်း ပုံချ၍တော့မရနိုင်ပါချေ။

ဘာပဲဖြစ်ဖြစ် သူသည် ခံစစ်လိုင်းမှနေ၍ မိမိသဘောဆန္ဒအလျောက် ရှေ့သို့တိုးထွက်ကာ မသေမျိုးမြူခိုးများထဲသို့ ထွက်ပြေးတော့မည့် မဟာအကြီးအကဲကို သွားရောက်ပိတ်ဆို့ခဲ့ခြင်း မဟုတ်ပါလော။

ယခုအချိန်က အပြစ်ရှာနေရမည့်အချိန်မဟုတ်ချေ။ ရှောင်းယီအနေဖြင့် မိမိ၏ ချင်းလုံလေး ဤနေရာသို့ မကြာမီ ရောက်ရှိလာတော့မည်ကို အာရုံခံမိနေပြီဖြစ်သည်။

ကွက်တိပင်... ထိုအခိုက်အတန့်၌ အစစ်အမှန်အရိုးနဂါးကြီးသည် ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းမှ လုံးဝ ရုန်းကန်ထွက်မြောက်လာခဲ့ပြီ ဖြစ်သည်။

အပြင်သို့ ရောက်ရှိလာပြီးနောက် အစစ်အမှန်အရိုးနဂါးကြီးသည် ၎င်း၏ ဦးခေါင်းကို မော့ကာ ကောင်းကင်သို့ ဟိန်းဟောက်လိုက်ပုံရပြီး နဂါးမျိုးနွယ်၏ ထူးခြားဆန်းကြယ်လှသော ဖိအားအော်ရာ အငွေ့အသက်များ ဘေးပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့တော့သည်။

တိုက်ပွဲဝင်နေကြသော အသက်ရှင်ကျန်ရစ်သူများ အားလုံးသည် ထိုနဂါးမျိုးနွယ်၏ ဖိအားဒဏ်ကို သိသိသာသာ ခံစားလိုက်ကြရသည်။

တစ်ခဏအတွင်းမှာပင် အသက်ရှင်ကျန်ရစ်သူ အားလုံးနီးပါးမှာ အားနည်းချက်ရှိသော အခြေအနေသို့ ရောက်ရှိသွားခဲ့ရပြီး ရှောင်းယီတစ်ဦးတည်းသာလျှင် ထိုနဂါးမျိုးနွယ်၏ ဖိအားဒဏ်ကို အခြေခံအားဖြင့် သက်ရောက်မှုမရှိဘဲ တောင့်ခံနိုင်ခဲ့သည်။

ရှောင်းယီသည် သူ၏စိတ်ကိုတင်းထားလိုက်ပြီး သူ့ကို ဝိုင်းအုံနေသော အကြီးအကဲ ခြောက်ယောက်ကို အစစ်အမှန်အရိုးနဂါးကြီး ရှိရာနေရာဆီသို့ အတင်းဆွဲခေါ်သွားလိုက်သည်။

ရှောင်းယီ အစစ်အမှန်အရိုးနဂါးကြီး၏ အနားသို့ ချဉ်းကပ်မိသွားသည့်အခါတွင်မူ ထိုအရိုးနဂါးကြီးက ဦးခေါင်းလှည့်ကြည့်လာ၏။

ရှောင့်ယီသည် သူ၏စိတ်ထဲ၌ ရုတ်တရက် ထိတ်လန့်တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရသည်။ ထိုဟောင်းလောင်းပေါက်ဖြစ်နေသော မျက်ခွံထဲမှနေ၍ မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။

“အစစ်အမှန်အရိုးနဂါး (SSS+ အဆင့်): မူလက SSS အဆင့်ကို သာလွန်ကျော်လွန်ခဲ့သော အစစ်အမှန်အရိုးနဂါးတစ်ကောင် ဖြစ်သည်။ ဟင်းလင်းပြင် အက်ကွဲကြောင်းမှတစ်ဆင့် ဤကမ္ဘာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ရာ ၎င်း၏ စွမ်းအားမှာ ကမ္ဘာဦးစည်းမျဉ်းများ၏ ဖိနှိပ်ခြင်းကို ခံထားရသည်။ အလွန်အမင်း အန္တရာယ်များသည်။”

စနစ်၏ သတိပေးချက်ကို မြင်လိုက်သည့်အခိုက်၌ ရှောင်းယီတစ်ယောက် အနည်းငယ် ကျောချမ်းသွားခဲ့သော်လည်း ယခုအချိန်တွင်မူ သူသည် သံမဏိစိတ်ကို မွေးမြူကာ အံကြိတ်၍ ရင်ဆိုင်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

ရှောင်းယီသည် ရွှမ်းယွမ်ဓားကို လွှဲယမ်းလိုက်ပြီး စစ်တပ်တစ်ခုလုံးကို သိမ်းကျုံးခုတ်ပစ်တော့မည့်အလား လွှဲယမ်းလိုက်ပြီး ထိုဓားကွက်ဖြင့် သူ့ကို နှောင့်ယှက်နေသည့် မသေမျိုးမျိုးနွယ်စု အကြီးအကဲ ခြောက်ယောက်စလုံးကို နောက်ဆုတ်သွားအောင် အတင်းအကျပ် တွန်းပို့လိုက်သည်။ ထို့နောက် သူသည် ဓားဦးကို အစစ်အမှန်အရိုးနဂါးကြီး ရှိရာဆီသို့ ဦးတည်ကာ ထိုးနှက်လိုက်တော့သည်။

သို့သော်လည်း ရှောင်းယီ၏ ရွှမ်းယွမ်ဓားသည် အစစ်အမှန်အရိုးနဂါးကြီးထံသို့ မထိမှန်မီမှာပင် သူ၏ ဘယ်ဘက်အရပ်မှ ပြင်းထန်သော လေပြင်းမုန်တိုင်းတစ်ခု တိုက်ခိုက်လာသည်ကို ခံစားလိုက်ရ၏။

တကယ်လို့သာ သူ ဤတိုက်ခိုက်မှုကို လျစ်လျူရှုလိုက်မည်ဆိုလျှင် သေချာပေါက် အပြင်းအထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။

ရှောင်းယီသည် အခြား ရွေးချယ်စရာ နည်းလမ်းမရှိတော့သဖြင့် ထိုးနှက်မည့် ဓားကွက်ကို ကာကွယ်မည့် ဓားကွက်အဖြစ်သို့ အလျင်အမြန် ပြောင်းလဲလိုက်ရသည်။

“ကလန်...”

ရွှမ်းယွမ်ဓားနှင့် အစစ်အမှန်အရိုးနဂါးကြီး၏ အမြီးတို့သည် အမှန်တကယ်ပင် ထိခိုက်မိသွားကြပြီး မီးပွားများ တဖွားဖွား ထွက်ပေါ်သွားခဲ့သည်။

နောက်တစ်စက္ကန့်တွင်မူ ရှောင်းယီသည် ကြီးမားသော ခွန်အားကြီးတစ်ခု မိမိထံသို့ ရိုက်ခတ်လာသကဲ့သို့ ခံစားလိုက်ရပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး အနောက်ဘက်သို့ လွင့်စင်ထွက်သွားခဲ့ရတော့သည်။

“ကျွန်းပိုင်ရှင်.....”

ကျန်းယွင်ထျန်းနှင့် ဒူခန်းတို့နှစ်ဦး တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။

ထိုမသေမျိုးမျိုးနွယ်စု အကြီးအကဲများသည် ရှောင်းယီတစ်ယောက် အစစ်အမှန်အရိုးနဂါးကြီး၏ အမြီးဖြင့် ရိုက်ထုတ်ခြင်းခံလိုက်ရသည်ကို မြင်သောအခါ အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားခဲ့ကြသည်။

ထိုအကြီးအကဲများသည် ၎င်းတို့၏ စိတ်ဝိဉာည် တိုက်ခိုက်မှုများ၏ အာနိသင်မရှိတော့သည့်အတွက် သွားမရှိသော ကျားကဲ့သို့ ဖြစ်နေခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် ရှောင်းယီ၏ ခွန်အားနှင့် တိုက်ပွဲအတွေ့အကြုံမှာလည်း အလွန်ပင် ကြွယ်ဝလှရာ အကြီးအကဲ ခြောက်ယောက် ပူးပေါင်းထားပါသော်လည်း ရှောင်းယီကို ဘာမှမလုပ်နိုင်ခဲ့ကြချေ။

ယခုမူ ရှောင်းယီတစ်ယောက် အစစ်အမှန်အရိုးနဂါးကြီး၏ လက်ချက်ဖြင့် လွင့်စင်သွားသည်ကို မြင်တွေ့လိုက်ရသည့် နောက်ဆုံးတွင် ၎င်းတို့ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်ခဲ့ကြတော့သည်။

“ဒီအပြင်လူရဲ့ ခွန်အားက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ သန်မာနေရတာလဲ။”

“ဟုတ်ပါ့။ ငါတို့ရဲ့ ရုပ်ခန္ဓာခွန်အားကလည်း နည်းတာမဟုတ်ဘူး။ ဒါကို သူတစ်ယောက်တည်းနဲ့ ငါတို့ခြောက်ယောက်စလုံးကို မလှုပ်နိုင်အောင် တောင့်ခံထားနိုင်တယ်။”

“အဲ့ဒီနေရာမှာ မဟာအကြီးအကဲဆိုရင်တောင်မှ တစ်ယောက်တည်းနဲ့ ခြောက်ယောက်ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။”

“မင်းတို့တွေ အဲ့မှာ ဘာရပ်ကြည့်နေကြတာလဲ။ မြန်မြန် ဒီဘက်ကိုလာပြီး ငါ့ကို ကူညီပြီးတော့ ဒီအပြင်လူတွေကို အပြတ်ရှင်းကြစမ်း။”

မဟာအကြီးအကဲ၏ အမိန့်ပေးသံ ထွက်ပေါ်လာ၏။

ထိုအကြီးအကဲ ခြောက်ယောက်သည် ကျိကျိယင်း ရှိရာဘက်သို့ ချက်ချင်း ပြေးဝင်သွားကြတော့သည်။ အစစ်အမှန်အရိုးနဂါးကြီး တစ်ကောင်တည်းနှင့်တင် ရှောင်းယီကို ကိုင်တွယ်ရန် လုံလောက်နေပြီဖြစ်ရာ ၎င်းတို့ အနားမှာ ရှိနေပေးရန် မလိုအပ်တော့ချေ။

အကြီးအကဲ ခြောက်ယောက် မိမိထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်ကို မြင်လျှင် ကျိကျိယင်း ထိတ်လန့်တုန်လှုပ်သွားတော့သည်။

“မြန်မြန်လာပြီး ငါ့ကို စစ်ကူပေးကြပါဦး။ ငါတစ်ယောက်တည်းနဲ့ အကြီးအကဲ ခုနစ်ယောက်ကို ရင်မဆိုင်နိုင်ဘူး။”

သူက အသံကုန်ဟစ်အော်တော့သည်။

သို့သော်လည်း ယခုအခိုက်အတန့်တွင် နဂါးမျိုးနွယ်၏ ဝိဉာည်ဖိအားကြောင့် အခြားသူများအားလုံးမှာ ကျိကျိယင်းကို စစ်ကူပေးရန် လက်မအားကြချေ။

ရှောင်းယီသည် မိမိကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်၏။

“မလန့်ကြနဲ့...ငါတို့ရဲ့ စစ်ကူက အခု ရောက်လာတော့မယ်။”

“စစ်ကူ ဟုတ်လား။”

လူတိုင်း ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။

၎င်းတို့သည် အပြင်လူများထဲတွင် အားအကောင်းဆုံး အစုအဖွဲ့ ဖြစ်နေကြပြီဖြစ်ရာ ၎င်းတို့ထက် ပိုမိုသန်မာသူ ရှိနိုင်ဦးမည်လော။

သို့သော်လည်း သူတို့ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ လက်ရှိတွင် တောင့်ခံထားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိချေ။ အဘယ့်ကြောင့်ဆိုသော် အကယ်၍ တောင့်မခံထားနိုင်ပါက သူတို့ရှေ့ရှိ မသေမျိုး မျိုးနွယ်စုများ၏ အစိမ်းလိုက်ဝါးမြိုခြင်းကို ချက်ချင်း ခံစားရမည်ဖြစ်သောကြောင့်ဖြစ်ပေသည်။

အကြီးအကဲ ခြောက်ယောက်သည် ကျိကျိယင်း၏ အနားသို့ လျင်မြန်စွာ ချဉ်းကပ်လာကြရာ ကျိကျိယင်းက ထပ်မံအော်ဟစ်ပြန်၏။

“ငါ့ကို လာကူကြပါဦး။ ငါ တောင့်မခံနိုင်တော့ဘူး။”

ရှောင်းယီအနေဖြင့် ယခုအချိန်တွင် ကျိကျိယင်း၏ အကူအညီတောင်းခံသံကို အာရုံစိုက်နေရန် အချိန်မရှိချေ။ သူသည် မိမိရှေ့ရှိ အစစ်အမှန်အရိုးနဂါးကြီးကို ရင်ဆိုင်ရန်အတွက်သာ အပြည့်အဝ အာရုံစိုက်ထားရသည်။

အစစ်အမှန်အရိုးနဂါးကြီးသည် ရှောင်းယီကို နဂါးအမြီးဖြင့် တစ်ချက်ရိုက်ထုတ်ပြီးနောက် ဆက်လက်တိုက်ခိုက်ခြင်းမပြုဘဲ ရပ်တန့်သွား၏။

၎င်းသည် အထက်စီးမှနေ၍ ရှောင်းယီကို ငုံ့ကြည့်နေရုံသာ ပြုလုပ်နေခဲ့၏။

ရှောင်းယီ၏ လက်ထဲရှိ ရွှမ်းယွမ်ဓားမှာ မြေပြင်သို့ တစောင်း ချိန်ရွယ်ထားပြီး သူကလည်း ခေါင်းကိုမော့၊ ရင်ကိုကော့လျက် ထိုအရိုးနဂါးကြီးကို ပြန်လည်စိုက်ကြည့်နေခဲ့သည်။

ရုတ်တရက် စိတ်ဝိဉာည် လှိုင်းထန်မှုတစ်ခု ကူးစက်ပျံ့နှံ့လာ၏။တယ်လီပသီစွမ်းရည်၏ ခွဲခြားသိမြင်မှုအရ ဤအစစ်အမှန်အရိုးနဂါးကြီးက သူ့ကို အမှန်တကယ် စကားပြောနေခြင်းပင်။

“ကောင်လေး... ငါ မင်းကို သဘောကျတယ်။ တကယ်လို့ မင်း ငါ့ရဲ့ လက်အောက်ကို ဝင်မယ်ဆိုရင် ငါ မင်းကို အသန်မာဆုံး မသေမျိုးမျိုးနွယ်စုဝင်တစ်ယောက် ဖြစ်အောင် လုပ်ပေးမယ်။”

အစစ်အမှန်အရိုးနဂါးကြီးက ဆိုသည်။ ရှောင်းယီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

“ချီးမွမ်းစကားအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါက ဒီလို လူလိုလို သရဲလိုလို ရုပ်ဆိုးဆိုးအသွင်အပြင်ကို နည်းနည်းမှ စိတ်မဝင်စားဘူး။”

“ဟမ့်... တကယ်လို့ မင်း သဘောမတူရင် ဒီမှာရှိတဲ့သူတွေအားလုံး သေရမယ်။”

အစစ်အမှန်အရိုးနဂါးကြီးက ခြိမ်းခြောက်လိုက်သည်။ ရှောင်းယီက အနည်းငယ်ပြုံးလိုက်သည်။

“အဲ့ဒါက မသေချာပါဘူး။”

“ဒါဆိုရင် စစ်မှန်တဲ့ စွမ်းအားက ဘာလဲဆိုတာ မင်းကို ငါ ပြရသေးတာပေါ့။”

အစစ်အမှန်အရိုးနဂါးကြီးသည် စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားခဲ့ပြီး အလွန်ပင် လျင်မြန်လှသော အရှိန်အဟုန်ဖြင့် ရှောင်းယီထံသို့ တိုက်ရိုက် ပြေးဝင်လာတော့သည်။

ကွက်တိပင်... ထိုအခိုက်အတန့်၌ ဘေးတစ်ဖက်မှနေ၍ အပြာရောင်အရိပ်ကြီးတစ်ခု တစ်ဟုန်ထိုး ပြေးဝင်လာ၏။

“ဒုန်း...”

အစစ်အမှန်အရိုးနဂါးကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ အမှန်တကယ်ပင် လွင့်စင်ထွက်သွားခဲ့ရတော့သည်။

တစ်ချိန်တည်းမှာပင် လူတိုင်းကို ဖိနှိပ်ထားသော နဂါးမျိုးနွယ်၏ ဝိဉာဘည်ဖိအားမှာလည်း တစ်ခဏအတွင်းမှာပင် လုံးဝ ကွယ်ပျောက်သွားခဲ့ရပြီ ဖြစ်သည်။

“ဒါ... ဒါက ချင်းလုံပဲ။”

ကျန်းယွင်ထျန်းသည် ဧရာမခန္ဓာကိုယ်နှင့် ပေါ်ထွက်လာသည့် စိမ်းပြာနဂါးကြီးကို မှင်တက်စွာ ကြည့်ရင်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်တော့သည်။

“မှန်တယ်။ ဒါ ချင်းလုံပဲ။ တော်သေးတာပေါ့။ ချင်းလုံ ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။”

ဒူခန်းကလည်း ဝမ်းသာအားရ ပြောဆိုလိုက်သည်။

နဂါးမျိုးနွယ်၏ ဖိအား မရှိတော့သဖြင့် လူတိုင်းသည် ၎င်းတို့၏ ခြေလှမ်းများကို ချက်ချင်း ပြန်လည်တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့ကြ၏။

ချင်းလုံ၏ တိုက်ခိုက်မှုကြောင့် လွင့်စင်ထွက်သွားသော အစစ်အမှန်အရိုးနဂါးကြီးသည် မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် လိမ့်သွားပြီးနောက်မှသာ ပြန်လည်ရပ်တန့်နိုင်ခဲ့ပြီး မိမိကဲ့သို့ပင် ကြီးမားလှသော ချင်းလုံကြီးကို စိုက်ကြည့်လိုက်သည်။

“ချင်းလုံ... သူ့ကို ဆွဲထားပေး။ ငါ အခြားလူတွေကို သွားကူလိုက်ဦးမယ်။”

ရှောင်းယီက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ဝေါင်း...”

ချင်းလုံက အဖြေပြန်ပေးသည့်အနေဖြင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်တော့သည်။

ရှောင်းယီသည် ကျိကျိယင်း ရှိရာဘက်သို့ တိုက်ရိုက် ပြေးဝင်သွား၏။ သူ၏ အရှိန်အဟုန်မှာ ထိုအကြီးအကဲများထက် များစွာ ပိုမိုမြန်ဆန်လှပေသည်။

ဤအခိုက်အတန့်တွင် ကျိကျိယင်းသည် အကြီးအကဲများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ၎င်းတို့၏ တုတ်များဖြင့် အကြိမ်အနည်းငယ် ရိုက်နှက်ခြင်းကို ခံထားရလေသည်။

နောက်ဆုံးတွင်မူ မဟာအကြီးအကဲက ကျိကျိယင်းကို တစ်ချက်တည်းဖြင့် လွင့်ထွက်သွားအောင် ရိုက်ထုတ်လိုက်တော့သည်။

“ဘမ်း..”

ကျိကျိယင်းတစ်ယောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။ သူသည် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ထိခိုက်ဒဏ်ရာအားလုံးကို တိုက်ရိုက် ပိတ်ဆို့ထားနိုင်ခဲ့သော်လည်း တုန်ခါမှုကြောင့် ရရှိသော ဒဏ်ရာမှာပင် သူ့ကို အလွန်အမင်း နာကျင်စေခဲ့သည်။

“အား...”

ကျိကျိယင်းသည် မိမိ၏ ရင်ဘတ်ကို ပွတ်သပ်ရင်း အသက်ကို လုရှူနေရ၏။

ထိုစဉ် မသေမျိုး မျိုးနွယ်စု အကြီးအကဲ ခုနစ်ယောက်စလုံး သူ့ထံသို့ ထပ်မံ ပြေးဝင်လာကြသည်။ ထိုအခိုက်အတန့်၌ပင် ရှောင်းယီသည် ၎င်းတို့၏ အနောက်မှနေ၍ ချဉ်းကပ်တိုက်ခိုက်လိုက်၏။

၎င်းတို့သည် ရှောင်းယီ၏ ခွန်အားကို သိရှိထားကြသဖြင့် အနည်းငယ်မျှ ပေါ့ဆခြင်းမရှိဝံ့ဘဲ အားလုံး အနောက်သို့ ပြန်လှည့်ကာ ရင်ဆိုင်တိုက်ခိုက်ကြရတော့သည်။

ဤတိုက်ပွဲတွင် ရှောင်းယီသည် မဟာအကြီးအကဲတစ်ဦးတည်းကိုသာ အဓိကထား တိုက်ခိုက်ခဲ့ပြီး အခြားအကြီးအကဲများ၏ တိုက်ခိုက်မှုများကိုမူ ကာကွယ်ရုံသာ ကာကွယ်ပြီး တန်ပြန်တိုက်ခိုက်ခြင်း မပြုခဲ့ချေ။

ရှောင်းယီသည် အကြီးအကဲ ခုနစ်ယောက်၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းကို ချက်ချင်း ခံလိုက်ရတော့သည်။ ရှောင်းယီ ဝင်ရောက်လှုပ်ရှားလာသည်ကို မြင်လျှင် ကျိကျိယင်းသည်လည်း ယခုတစ်ကြိမ်တွင် မည်သည့်တွန့်ဆုတ်မှု၊ ကြောင်အမ်းမှုမျှမရှိဘဲ ရှစ်ယောက်မြောက် အကြီးအကဲရှိရာဆီသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။ ဤအခိုက်အတန့်တွင် သူသည် အခြေအနေကို ခဏမျှ အကဲခတ်လိုက်လေသည်။

All Chapters