အခန်း ၁၂၁၀
Vol. 104 Ch. 1210
အခန်း ၁၂၁၀
ကျိကျိယင်းက အကြီးအကဲတစ်ဦးကို ဆွဲထုတ်သွားပြီးနောက် ရှောင်းယီအပေါ် ကျရောက်နေသော ဖိအားများမှာ အမှန်တကယ် သိသိသာသာ လျော့နည်းသွားခဲ့သည်။ သို့သော်လည်း သူသည် ကျန်ရှိနေသော အကြီးအကဲ ငါးယောက်၏ ဝိုင်းဝန်းပိတ်ဆို့ ရိုက်နှက်ခြင်းကို ခံနေရဆဲ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ အစစ်အမှန်အရိုးနဂါးကြီးနှင့် ချင်းလုံတို့သည် ပြင်းထန်စွာ စတင်တိုက်ခိုက်နေကြပြီဖြစ်ပြီး ၎င်းတို့နှစ်ကောင်စလုံးမှာ အလွန်အမင်း မာကျောတောင့်တင်းသော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြသည်။
၎င်းတို့ကြားက တိုက်ပွဲမှာ စစ်မှန်သော ခွန်အားချင်း ထိပ်တိုက်ရင်ဆိုင်မှုသာ ဖြစ်သည်။
မသေမျိုး မျိုးနွယ်စုဝင်တစ်ဦးအနေဖြင့် အစစ်အမှန်အရိုးနဂါးကြီး၏ အရိုးများသည် မယုံနိုင်လောက်အောင် မာကျောလှပြီး ချင်းလုံ၏ ခန္ဓာကိုယ်ပေါ်တွင် အစစ်အမှန်နဂါး၏ အကြေးခွံများ ရှိနေသော်လည်း အစစ်အမှန်အရိုးနဂါးကြီး၏ လက်ချက်ဖြင့် လွယ်လွယ်ကူကူပင် ရိုက်ခွဲဖျက်ဆီးခြင်း ခံလိုက်ရသည်။
“ဟမ့်... ငါ့ရဲ့ စွမ်းအားတွေ လျော့နည်းသွားတယ်ဆိုပေမဲ့ ငါ့ရဲ့ ခန္ဓာကိုယ် မာကျောမှုကတော့ ရှိနေတုန်းပဲ။ မင်းက ငါ့ရဲ့ ပြိုင်ဘက် လုံးဝ မဟုတ်ဘူး။”
အစစ်အမှန်အရိုးနဂါးကြီးက ထောင်လွှားစော်ကားစွာ ပြောလိုက်သည်။
“ဟုတ်လား...။ ဒါဆို မင်းရဲ့အရိုးတွေ ဘယ်လောက်အထိ တကယ်မာလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့။”
ချင်းလုံကလည်း ကျယ်လောင်စွာ ပြန်လည်ဟိန်းဟောက်လိုက်သည်။
နဂါးနှစ်ကောင်၏ စကားပြောဆိုသံကို ကြားလိုက်ရသောအခါ ရှောင်းယီ တစ်ဖန် မျက်မှောင်ကြုတ်လိုက်မိပြန်သည်။ ကြည့်ရတာ ဤအပြန်အလှန် ထိန်းချုပ်ထားသည့် အကျပ်အတည်းကို ဖြေရှင်းရန် လောလောဆယ် နည်းလမ်းမရှိသေးပုံပင်။
သို့သော်လည်း ဤအခိုက်အတန့်တွင် မသေမျိုးမြူခိုးများထဲမှ ဧရာမ အရိပ်ကြီးနှစ်ခုသည် ဟင်းလင်းပြင် အက်ကွဲကြောင်းရှိရာဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေ၏။
“သူဌေးက ချင်းလုံကိုပါ ကူညီဖို့ ဆင့်ခေါ်လိုက်ရတယ်ဆိုတော့ သူ အခက်အခဲနဲ့ ကြုံတွေ့နေရတာ သေချာတယ်။ ငါတို့ အချိန်မီ ရောက်သွားပါစေလို့ မျှော်လင့်ရတာပဲ။”
ကျားကျန့်၏ အသံမှာ အမည်းရောင်မြူခိုးများထဲမှ ထွက်ပေါ်လာခဲ့သည်။
“ဟုတ်တယ်။ အရှေ့က ရှေ့တန်းတပ်ဖွဲ့တွေကော တောင့်ခံနိုင်ပါ့မလား မသိဘူး။”
ဟူကျဲကလည်စ အနည်းငယ် စိုးရိမ်နေသောလေသံဖြင့် ပြောလိုက်သည်။
ထိုကြီးမားလှသော အရိပ်ကြီးနှစ်ခုမှာ အခြားသူမဟုတ်ဘဲ ဧရာမဘီလူးမျိုးနွယ်စုမှ ကျားကျန့်နှင့် ဟူကျဲတို့ ဖြစ်ကြသည်။
၎င်းတို့ ရှေ့တန်းတွင် တိုက်ခိုက်နေစဉ်အတွင်း ချင်းလုံကြီး အထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်ကို မြင်တွေ့လိုက်ရသဖြင့် ကျားကျန့်သည် အခြားဧရာမဘီလူးကြီးများအား ရှေ့တန်းခံစစ်လိုင်းတွင် မသေမျိုး မျိုးနွယ်စုများကို ဆွဲထားခိုင်းရန် ချက်ချင်း ဆုံးဖြတ်လိုက်ပြီး သူနှင့် ဟူကျဲတို့နှစ်ဦးစလုံးသည်မူ အထဲသို့ အမြန်ဆုံး ပြေးဝင်လာခဲ့ကြခြင်း ဖြစ်သည်။
ကျားကျန့်နှင့် ဟူကျဲတို့ ထွက်ခွာသွားခဲ့ခြင်းကြောင့် ရှေ့တန်းခံစစ်လိုင်းတစ်ခုလုံးမှာ လုံးဝ ဖိနှိပ်ခြင်းခံလိုက်ရသော်လည်း ကျန်းရွှဲ့အနေဖြင့် မိမိနေရာကို မဖြစ်မနေ အသေအလဲ ထိန်းထားရမည်ကို သိရှိထားပေသည်။
ရှောင်းယီ၏ အိမ်မွေးတိရစ္ဆာန်များ အားလုံးမှာလည်း ရှေ့တန်းတွင် ရှိနေကြပြီး ၎င်းတို့အားလုံးမှာ အနည်းနှင့်အများ ဒဏ်ရာများ ရရှိထားကြသော်လည်း အရှေ့ဘက်တွင် မသေမျိုးမျိုးနွယ်စုများကို အစွမ်းကုန် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။
အခြားအရပ်မျက်နှာများရှိ အသက်ရှင်ကျန်ရစ်သူ အဖွဲ့များနှင့် မျိုးနွယ်ခြားများသည်လည်း မသေမျိုး မျိုးနွယ်စု၏ တိုက်စစ်ကို သီသီလေး တားဆီးနိုင်ရန်အတွက် ၎င်းတို့၏ ခွန်အားရှိသမျှ အားသွန်ခွန်စိုက် တိုက်ခိုက်နေကြရသည်။
“သေစမ်း... ဒီသေမင်းမျိုးနွယ်စုတွေက ဆေးတွေဘာတွေ သောက်ထားကြတာလား။ ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ။”
“ဒီနေ့ကျမှပဲ သူဌေးပြောခဲ့တဲ့ မသေမျိုး မျိုးနွယ်စုရဲ့ အခြားစစ်တပ်အမျိုးအစားတွေကို ငါ တကယ်ကြီး မြင်တွေ့ခွင့်ရတော့တယ်။ သူတို့က အရမ်း သန်မာလွန်းတယ်။”
“ငါတို့အနေနဲ့ သူဌေးရဲ့ အဖွဲ့က ရှေ့ကနေ ဦးဆောင်တိုက်ခိုက်ပေးနေတာကိုပဲ ကျေးဇူးတင်ရမယ်။ မဟုတ်ရင် အခုလောက်ဆို ငါတို့ တစစီ ကွဲပြဲကုန်လောက်ပြီ။”
“ပြီးတော့ မျိုးနွယ်ြခားတွေကလည်း အရမ်းသန်မာတယ်။ ကံကောင်းလို့ ဒီမျိုးနွယ်ခြားတွေက ငါတို့ရဲ့ ရန်သူမဟုတ်တာ။ မဟုတ်ရင် ငါတို့ကျွန်းတွေ အခုလောက်ဆို သူတို့ သိမ်းပိုက်တာ ခံလိုက်ရမှာ သေချာတယ်။”
စစ်မျက်နှာ အားလုံးမှာ အလွန်ပြင်းထန်လှသော အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဟင်းလင်းပြင် အက်ကွဲကြောင်းအနီးရှိ တိုက်ပွဲတွင်မူ ချင်းလုံ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာဒဏ်ချက်များစွာဖြင့် ပြည့်နှက်နေခဲ့ပြီဖြစ်ပြီး ယခုတစ်ကြိမ်တွင် ရှောင်းယီအပါအဝင် အခြားသူအားလုံးမှာလည်း တောင့်ခံနိုင်ရန် အသည်းအသန် ရုန်းကန်နေကြရသည်။
သူ၏ ပြိုင်ဘက်မှာ မဟာအကြီးအကဲ ဦးဆောင်သော ကျန်ရှိနေသည့် အကြီးအကဲ ငါးယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သော်လည်း မဟာအကြီးအကဲ မရှိခဲ့စဉ်က အခြေအနေနှင့် လုံးဝ ကွာခြားလှပေသည်။
“တကယ်လို့ ဒီအတိုင်းသာ ဆက်သွားနေရင် တို့တွေ ရှုံးနိမ့်ဖို့က အချိန်တစ်ခုပဲ လိုတော့တယ်။”
ရှောင်းယီက မျက်မှောင်များကို အပြင်းအထန် ကြုတ်လိုက်ရင်း ဤအကျပ်အတည်းကို ရိုက်ခွဲဖျက်ဆီးပစ်မည့် နည်းလမ်းကို အပြင်းအထန် စဉ်းစားနေမိသည်။
အသက်ရှင်ကျန်ရစ်သူများသည် ပင်ပန်းနွမ်းနယ်တတ်ပြီး အာရုံစူးစိုက်မှု လျော့နည်းတတ်ကြသော်လည်း မသေမျိုး မျိုးနွယ်စုများတွင်မူ ထိုကဲ့သို့သော အားနည်းချက်များ လုံးဝ မရှိသလောက်ပင် ဖြစ်၏။
ရှောင်းယီ စဉ်းစားနေဆဲ ထိုအခိုက်အတန့်၌ပင် ဘေးတစ်ဖက်မှနေ၍ ဧရာမလူရိပ်ကြီးနှစ်ခု ရုတ်တရက် အဟုန်ပြင်းစွာ တိုးထွက်လာခဲ့သည်။
ရှောင်းယီ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားခဲ့ပြီး အသံကျယ်ကျယ်ဖြင့် ဟစ်အော်လိုက်တော့သည်။
“မြန်မြန်လာပြီး ကျုပ်ကို ကူညီပြီး ဒီအကြီးအကဲတွေကို ကိုင်တွယ်ပေး။”
ကျားကျန့်နှင့် ဟူကျဲတို့သည် ၎င်းတို့နောက်မှ လိုက်ပါလာသော မသေမျိုး မျိုးနွယ်စုများကို ၎င်းတို့၏ တုတ်ကြီးများဖြင့် တစ်ချက်တည်း ရိုက်ထုတ်လိုက်ပြီးနောက် ရှောင်းယီ ရှိရာနေရာဆီသို့ ချက်ချင်း ပြေးဝင်သွားကြတော့သည်။
ကျားကျန့်နှင့် ဟူကျဲတို့ ပူးပေါင်းပါဝင်လာခဲ့ပြီဖြစ်ရာ ထိုအကြီးအကဲများသည် ၎င်းတို့၏ ပြိုင်ဘက် လုံးဝ ဖြစ်နိုင်တော့မည်မဟုတ်ချေ။
“မသေမျိုး မြူခိုးတွေထဲကို အခုချက်ချင်း ပြန်ဆုတ်ကြ။”
မဟာအကြီးအကဲက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ရှောင်းယီကို ဝိုင်းအုံထားသော အကြီးအကဲ ခြောက်ယောက်စလုံးသည် အမည်းရောင် မသေမျိုးမြူခိုးများ ရှိရာဆီသို့ ချက်ချင်း အလျှင်အမြန် ဆုတ်ခွာသွားကြတော့သည်။
သို့သော်လည်း ရှောင်းယီသည် ၎င်းတို့ကို လုံးဝ ထွက်ခွာခွင့်မပေးနိုင်ချေ။ ရန်သူများသည် မတူညီသော အရပ်မျက်နှာ ခြောက်ခုဆီသို့ ဆုတ်ခွာသွားကြသော်လည်း ရှောင်းယီသည် မဟာအကြီးအကဲတစ်ဦးတည်းကိုသာ အဓိကထား အာရုံစိုက်ကာ မလွတ်တမ်း လိုက်လံပိတ်ဆို့ပြီး သူ၏ဓားချက်တိုင်းမှာလည်း အသက်အန္တရာယ်ရှိသော ချက်ကောင်းများကိုသာ တိုက်ရိုက် ဦးတည်နေခဲ့သည်။
မဟာအကြီးအကဲ တစ်ဦးတည်းသာ ကျန်ရှိတော့သည့်အခါတွင်မူ သူသည် ရှောင်းယီ၏ ပြိုင်ဘက် လုံးဝ မဟုတ်တော့ချေ။
အကယ်၍ ရှောင်းယီအနေဖြင့် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်မထားပါက ဤမသေမျိုး မျိုးနွယ်စု အကြီးအကဲ၏ စိတ်ဝိဉာည် တိုက်ခိုက်မှုများကို ထိရောက်စွာ ခုခံနိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။
သို့သော် ယခုမူ ရှောင်းယီသည် မဟာအကြီးအကဲကို အလုံးစုံ ဖိနှိပ်တိုက်ခိုက်နေခဲ့ပြီ ဖြစ်သည်။
“ဇွိ... ရွှပ်”
ရှောင်းယီသည် မဟာအကြီးအကဲ၏ အမည်းရောင်ဝတ်ရုံကို ဆွဲဖြဲလိုက်ရာ ဝတ်ရုံအောက်၌ ဖြူဝင်းနုနယ်သော အသားအရေတစ်စု ပေါ်ထွက်လာခဲ့သည်။
သူ အံ့အားသင့်သွားခဲ့သော်လည်း သူ၏လှုပ်ရှားမှုကိုမူ ရပ်တန့်မပစ်ဘဲ ရှေ့သို့ ဆက်လက်သာ ထိုးနှက်လိုက်၏။
မဟာအကြီးအကဲမှာ အရှိန်အဟုန်ဖြင့် အနောက်သို့ ဆုတ်ခွာခဲ့သော်လည်း ရှောင်းယီ၏ အရှိန်ကို မမီနိုင်ခဲ့ဘဲ ဓားဦးမှာ သူ၏ရင်ဘတ်ကို ချက်ချင်း ဖောက်ဝင်သွားခဲ့တော့သည်။
မဟာအကြီးအကဲသည် ထိုနေရာမှာပင် တန့်ခနဲ ရပ်တန့်သွားခဲ့ပြီး ရှောင်းယီ၏ ရွှမ်းယွမ်ဓားကို လက်ဖြင့်လှမ်းဆွဲကာ ပြောလိုက်သည်။
“မင်းတို့တွေ မသေမျိုး မျိုးနွယ်စုရဲ့ ကျူးကျော်မှုကို ဘယ်တော့မှ တားဆီးနိုင်မှာ မဟုတ်ဘူး။”
“အဲ့ဒါ မင်းစိတ်ပူရမယ့်အထဲမပါဘူး။”
ရှောင်းယီက ရွှမ်းယွမ်ဓားကို အပေါ်သို့ တိုက်ရိုက် ပင့်တင်ကာ လွှဲခုတ်လိုက်ရာ အမည်းရောင်ဝတ်ရုံကြီး ပြတ်တောက်သွားသည့်အပြင် မဟာအကြီးအကဲ၏ ဦးခေါင်းပါ နှစ်ခြမ်းကွဲသွားခဲ့ရတော့သည်။
ထိုစဉ် ရုတ်တရက် အမည်းရောင်ဝတ်ရုံအောက်မှ မှင်တက်လောက်စရာ ချောမောလှပသော မျက်နှာလေးကို မြင်လိုက်ရ၏။ ရှောင်းယီတစ်ယောက် တစ်ခဏမျှ ဆွံ့အသွားခဲ့ရသည်။
“ဒီမသေမျိုး မျိုးနွယ်စုရဲ့ မဟာအကြီးအကဲက တကယ်ကို မိန်းမတစ်ယောက် ဖြစ်နေတာလား။ ဒါဆို ဘာလို့ သူ့အသံက အဲ့လောက်တောင် အိုမင်းရင့်ရော်ပြီး အက်ကွဲနေရတာလဲ။”
သို့သော်လည်း သူက အခြားအကြီးအကဲများ ရှိရာဆီသို့ ချက်ချင်း ဆက်လက်ပြေးဝင်သွားခဲ့သည်။ ကျားကျန့်နှင့် ဟူကျဲတို့၏ ကူညီမှုကြောင့် အကြီးအကဲတစ်ဦးမျှ ထွက်ပြေး လွတ်မြောက်နိုင်ခြင်းမရှိဘဲ ၎င်းတို့အားလုံးမှာ ရှောင်းယီ၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ကြရသည်။
“ဒီတစ်ခေါက်တော့ ခင်ဗျားတို့နှစ်ယောက် ရောက်လာပေးလို့ တကယ်ကို ကျေးဇူးတင်ရတော့မှာပဲ။”
ရှောင်းယီက ကျားကျန့်ကို ကြည့်ကာ ပြောလိုက်သည်။
“ငါတို့ ချင်းလုံကြီး ပြေးဝင်သွားတာကို မြင်ကတည်းက ဒီဘက်မှာ အခက်အခဲရှိရမယ်ဆိုတာ သိလို့ ချက်ချင်း ပြေးလာခဲ့ကြတာ။ ဒါပေမဲ့ ရှေ့တန်းက အခြေအနေကတော့ သိပ်မကောင်းဘူး။”
ကျားကျန့်က ခေါင်းခါကာ ပြောလိုက်သည်။
“သူတို့တွေ တောင့်ခံထားကြရုံပဲ ရှိတာပေါ့။ ခင်ဗျားတို့နှစ်ယောက် ချင်းလုံကို သွားကူပေးလိုက်ဦး။ ကျုပ် အခြား မသေမျိုး မျိုးနွယ်တွေကို ရှင်းလင်းပြီးမှ ဒီဟင်းလင်းပြင် အက်ကွဲကြောင်းကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သွားကြည့်လိုက်မယ်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
ကျားကျန့်နှင့် ဟူကျဲတို့ ခေါင်းညိတ်လိုက်ကြပြီး ၎င်းတို့၏ သံတုတ်ကြီးများကို ထမ်းကာ ချင်းလုံနှင့် အစစ်အမှန်အရိုးနဂါးကြီးတို့၏ တိုက်ပွဲအတွင်းသို့ ဝင်ရောက်ပူးပေါင်းလိုက်ကြတော့သည်။
ဧရာမဘီလူးကြီးနှစ်ဦး ပူးပေါင်းပါဝင်လာပြီး ၎င်းတို့၏လက်ထဲတွင်လည်း လက်နက်များ ရှိနေကြသဖြင့် ချင်းလုံအပေါ် ကျရောက်နေသော ဖိအားများမှာ တစ်ခဏအတွင်း သိသိသာသာ လျော့နည်းသွားခဲ့သည်။
ရှောင်းယီမှာမူ ရွှမ်းယွမ်ဓားကို ကိုင်ဆောင်ကာ တစ်ဖက်ရှိ အကြီးအကဲ သက်တော်စောင့်များ ရှိရာဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့သည်။ ပြောရမည်ဆိုလျှင် ရွှမ်းယွမ်ဓားမှာ ရှေးဟောင်း နတ်ဘုရားလက်နက် ပီပီ သာလွန်ထူးခြားလှပေရာ ဤအဆင့်မြှင့်တင်ထားသော မသေမျိုး မျိုးနွယ်များကို သတ်ဖြတ်ရသည်မှာ အားစိုက်ထုတ်စရာ မလိုသလောက်ပင်။
အပြတ်ရှင်းပစ်လိုက်ပြီဖြစ်သော အကြီးအကဲ သက်တော်စောင့်များကို ကြည့်ကာ အခြားအသက်ရှင်ကျန်ရစ်သူများက အံ့အားသင့်တကြီးဖြင့် ပြောဆိုကြတော့သည်။
“ဒါဆို ငါတို့ အောင်မြင်သွားပြီပေါ့ ဟုတ်လား။”
ရှောင်းယီက ခေါင်းခါလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“မင်းတို့အားလုံး အမည်းရောင်မြူခိုးတွေထဲကနေ ထပ်ပြီး တိုးဝင်လာမယ့် မသေမျိုးမျိုးနွယ်တွေကို အရင်ဆုံး သွားပြီး ပိတ်ဆို့ထားလိုက်ကြပါ။ ငါ အဲ့ဒီ ဟင်းလင်းပြင် အက်ကွဲကြောင်းကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သွားကြည့်လိုက်ဦးမယ်။”
“ဟုတ်ကဲ့။”
“အစ်ကိုကျန်း... အဲ့ဒီ လေထုသန့်စင်စက်ကို ယူပြီးတော့ ပတ်ပတ်လည်ကို လျှောက်သွားလိုက်။ လေထုကို တတ်နိုင်သမျှ များများ သန့်စင်လုပ်ကြည့်ပါ။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်ပြီး လေထုသန့်စင်စက်ကို ချက်ချင်း စတင်ရွှေ့ပြောင်းလိုက်တော့သည်။
ရှောင်းယီသည် သူနှင့်အတူ ဆောင်ထားသော ဝေါ်ကီတော်ကီကို ထုတ်ယူကာ ပြောလိုက်သည်။
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါတဲ့ လေကြောင်းခံတပ်တစ်ခုကို အထဲကို ချက်ချင်း ပို့ခိုင်းလိုက်။ ငါတို့ မသေမျိုးမျိုးနွယ်စု အကြီးအကဲတွေကို အပြတ်ရှင်းလိုက်ပြီဆိုပေမဲ့ လေကြောင်းစစ်တပ်တွေရဲ့ တိုက်ခိုက်မှုကတော့ ရှိနေဦးမှာမလို့ အထူးသတိထားကြပါ။”
“ဟုတ်ကဲ့ပါ။”
ထိုလေယာဉ်များ၏ တိုင်းတာရေး ကိရိယာများနှင့် မီတာများသည် ဟင်းလင်းပြင် အက်ကွဲကြောင်းအနီးသို့ ချဉ်းကပ်မိသည့်အခါ ပြဿနာတက်လွယ်သော်လည်း တိုင်းတာရေးကိရိယာ အများအပြားမပါဝင်သော လေကြောင်းခံတပ်ကဲ့သို့သော လေကြောင်းစစ်တပ်များအတွက်မူ စိုးရိမ်စရာ မလိုချေ။ သို့သော် ၎င်းသည် အသွားနှုန်းနှေးကွေးပြီး မသေမျိုး မျိုးနွယ်စု လေကြောင်းစစ်တပ်များ၏ တိုက်ခိုက်မှုကို ခံရလွယ်လှပေသည်။
ထိုအမိန့်ကို ပေးပြီးနောက် ရှောင်းယီက ထပ်ပြောလိုက်သည်။
“ကျန်းရွှဲ့... အစ်မတို့တွေ အတိုင်းအတာတစ်ခုအထိ အနောက်ကို ပြန်ဆုတ်လို့ရပြီ။ တကယ်လို့ မသေမျိုးမျိုးနွယ်တွေ အနောက်က လိုက်လာရင် ဆက်ပြီး ဆုတ်ခွာလိုက်ပါ။ တကယ်လို့ လိုက်မလာဘူးဆိုရင်တော့ အနောက်ကို ပြန်လှည့်ပြီး ၎င်းတို့ကို မလွတ်တမ်း ဆွဲထားရမယ်။”
“ဟုတ်ကဲ့။”
ဆယ်မိနစ်ခန့် ကြာပြီးနောက် လေကြောင်းခံတပ်သည် ဟင်းလင်းပြင် အက်ကွဲကြောင်း၏ အနီးသို့ ချဉ်းကပ်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် ၎င်းသည် မသေမျိုးမျိုးနွယ် လေကြောင်းစစ်တပ်များနှင့် တစ်စုံတစ်ရာ တိုးတိုက်မိခြင်းမရှိခဲ့ချေ။ ၎င်းတို့သည် အသက်ရှင်ကျန်ရစ်သူ အဖွဲ့များနှင့် တိုက်ခိုက်ရာတွင် လုံးထွေးနေကြပုံရပြီး မသေမျိုးမျိုးနွယ်စု အကြီးအကဲ၏ အမိန့်ပေးမှုများ မရှိတော့သည့်အတွက် ၎င်းတို့ တိုက်ခိုက်မည့် ပစ်မှတ်ကို အလွယ်တကူ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။
လေကြောင်းခံတပ်သည် အောင်မြင်စွာဖြင့် မြေပြင်သို့ ဆင်းသက်နိုင်ခဲ့လေသည်။