← Chapters

ပြောင်းပြန်သုံးဆင့်၊ ဝူမေ့၏ ဆင့်ကဲပြောင်းလဲမှု အခွင့်အရေး

Vol. 13 Ch. 146

ပြောင်းပြန်သုံးဆင့်၊ ဝူမေ့၏ ဆင့်ကဲပြောင်းလဲမှု အခွင့်အရေး

Vol. 13 Ch. 146

ကြာမြင့်လှသောအချိန်တစ်ခုကို ဖြတ်သန်းပြီးနောက်၌ အနက်ရောင်အိုးကြီးမှာ တုန်ခါမှုများ ရပ်တန့်သွားတော့သည်။

ရွှေရောင်အလင်းတန်းတို့ကို ထိန်းချုပ် သိမ်းဆည်းလိုက်ပြီးနောက် လီယွမ်သည် မျှော်လင့်ချက် ပြည့်နှက်နေသော မျက်ဝန်းတို့ဖြင့် အိုးဖုံးကို ဖွင့်လှစ်လိုက်၏။ အိုးအတွင်း၌မူ အထပ်ထပ်ဖြစ်တည်နေသော ပင့်ကူမျှင်ကွန်ရက်များကို တွေ့လိုက်ရသည်။

ထိုကွန်ရက်တို့၏ အလယ်ဗဟိုတွင်မူ ဖန်သားအလား ကြည်လင်တောက်ပနေသော အခွံမာတစ်ခု ရှိနေပြီး အိပ်မက်ဆန်သော အငွေ့အသက်များအကြား ဝူမေ့မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။

စနစ်၏ အသိပေးချက်က သူ၏ မျက်ဝန်းရှေ့၌ ပေါ်ထွက်လာခဲ့သည်။

“သင့်ရဲ့ပင်မကူဖြစ်တဲ့ ပင့်ကူ ဘုရင်မ ကူမှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုဖြစ်ပေါ်ခဲ့ပြီး ‘ပြောင်းပြန်သုံးဆင့်’ အခြေအနေထဲကို ရောက်ရှိသွားပါတယ်”

‘ပြောင်းပြန်သုံးဆင့် အဆင့်ဟုတ်လား.. ဒါက ကူလမ်းစဉ်

မှတ်တမ်း ကျမ်းတွေထဲမှာတောင် မှတ်တမ်းမရှိတဲ့ အရာပဲ..’

လီယွမ်သည် သူ၏စိတ်ထဲမှ တီးတိုးရေရွတ်လိုက်မိ၏။ သို့သော်လည်း သူဖတ်ရှုခဲ့ဖူးသော စာအုပ်များထဲတွင်မူ အလားတူအခြေအနေမျိုးကို တွေ့ရှိခဲ့ဖူးသည်။

ဥပမာအားဖြင့် ‘အိပ်မက်ပိုးဖတ်’ ဟုခေါ်သော ထူးခြားကူကောင်တစ်ကောင်ကို ပြုစုပျိုးထောင်လိုပါက ရှားပါးကူအမျိုးအစား သုံးမျိုးထဲမှ တစ်မျိုးကို ‘အိပ်မက်ကိုးဆင့် ပြောင်းလဲခြင်း’ အခြေအနေသို့ ရောက်အောင် ပြုလုပ်ရမည်သာ။

‘ပြောင်းပြန်သုံးဆင့် ဆိုတာကလည်း အိပ်မက်ကိုးဆင့် ပြောင်းလဲခြင်းဖြစ်စဉ်နဲ့ ဆင်တူမှာပဲ..’

ယခုအခါ လီယွမ်သည် ဝါရင့်ကူသခင်တစ်ဦး ဖြစ်နေပြီဖြစ်ရာ ထိုအချက်အလက်များကို လျင်မြန်စွာ ချိတ်ဆက်မိလိုက်၏။

ကံဆိုးသည်မှာ အိပ်မက်ပိုးဖတ်သန့်စင်စဉ်အခါက ဆဋ္ဌမမြောက် ပြောင်းလဲခြင်း၌ ပုံမှန်မဟုတ်သော အခြေအနေဖြစ်ပေါ်ခဲ့ပြီး ‘အချိန်စီးဆင်း အလင်းဖလံ’ အဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင်။

အခြားဥပမာတစ်ခုမှာမူ ထူးခြားကူကောင် ‘ကောင်းကင်နဂါးကူ’ ပင် ဖြစ်တော့၏။

လီယွမ်သည် ဂူစံအိမ်အမှတ် (၁၂) ရှိ ကူမျှော်စင်ပျက်ကြီးအတွင်း၌ ရှီဝူလီဟုခေါ်သော အရူးတစ်ယောက်က ထိုကောင်းကင်နဂါးကူကို သန့်စင်ရန် ကြိုးစားခဲ့သည်ကို မှတ်မိနေသေးသည်။ နောက်ဆုံးတွင်မူ ထိုသူမှာ ကျရှုံးခဲ့ရသည်။

ထိုစဉ်က လီယွမ်သည် အခွင့်အရေး တစ်ခု ရရှိခဲ့ပြီး ရှောင်ချိုက်အား သုံးရောင်ခြယ် မီးတောက် စပါးအုံးအဖြစ် ပြုစု

ပျိုးထောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်နဂါးကူကို သန့်စင်ရန်အတွက်မူ ၎င်း၏ အောက်အဆင့် ဖြစ်သော ရှားပါး ကူဘဝ၌ ကိုးကြိမ်တိုင်တိုင် ပြန်လည်မွေးဖွားခြင်းကို ခံယူရမည်သာ။ ‘အိပ်မက်ကိုးဆင့်’ နှင့် ‘ပြောင်းပြန်သုံးဆင့်’ ဆိုသည်မှာ အခြေခံအားဖြင့် ဆင်တူလှ၏။

ထူးခြားကူကောင်တို့မှာ ရှားပါးကူကောင်တို့ထက် များစွာ

သာလွန်လှ၏။ သမိုင်းတစ်လျှောက်တွင် ထူးခြားကူကောင်ပေါင်း (၃၃) ကောင်သာ မှတ်တမ်းတင်နိုင်ခဲ့ပြီး ခေတ်ကာလအသီးသီး၌ ပြန့်ကျဲနေသဖြင့် ပြန်လည်သန့်စင်ရန်မှာ အလွန်ခက်ခဲလှသည်။

၎င်းတို့ကို ပြုစုပျိုးထောင်သည့် နည်းလမ်းအများစုမှာလည်း ပျောက်ကွယ်ကုန်၏။

ရှားပါးကူတစ်ကောင်ကို ထူးခြားကူအဖြစ် ဆင့်ကဲပြောင်းလဲလိုပါက တန်ဖိုးကြီးရတနာတစ်ခုခုနှင့် ပေါင်းစပ်ပြီး တစ်ဆင့်တည်းဖြင့် အောင်မြင်အောင် လုပ်ဆောင်ရမည်သာ။ သို့မဟုတ်ပါက အချိန်အတော်ကြာအောင် စိတ်ရှည်စွာ ပြုစုရမည်ဖြစ်ပြီး အချိန်၊ နေရာနှင့် လူသားတို့၏ အချက်အလက်သုံးမျိုးစလုံး ကိုက်ညီမှသာ အောင်မြင်နိုင်လိမ့်မည်။

‘ပြောင်းပြန်သုံးဆင့် ဆိုတာ တကယ်တော့ ဘာကိုဆိုလိုတာပါလိမ့်..’

လီယွမ်သည် ဂရုတစိုက် စူးစိုက်ကြည့်လိုက်မိ၏။ နံပါတ် ‘သုံး’ ကို သူအထင်သေး၍ မရပေ။ ၎င်း၏ ခက်ခဲမှုမှာ ‘အိပ်မက်ကိုးဆင့်’ ထက်ပင် မနည်းနိုင်သည် မဟုတ်ပါလော။ အချိန်အတော်ကြာ ကြည့်ရှုပြီးနောက်တွင်မူ ဝူမေ့ထံ၌ သိမ်မွေ့သော ပြောင်းလဲမှုတစ်ခုကို သူသတိပြုမိလိုက်၏။

မျက်လုံးများပင် ဖြစ်၏။

ဝူမေ့ထံ၌ မူလက မျက်လုံးလေးစုံ ရှိခဲ့သော်လည်း ယခုအခါတွင်မူ သုံးစုံသာ ကျန်ရှိတော့၏။

‘ယုတ္တိဗေဒအရ ဆိုရင်တော့ ပင့်ကူတစ်ကောင်မှာ မျက်လုံးများလေလေ အဆင့်မြင့်လေလေပဲ မဟုတ်လား..’

ပင့်ကူ ဘုရင်မ ကူ ဆိုသည်မှာ တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်းနှင့် ထိန်းချုပ်ခြင်းတို့တွင် အစွမ်းထက်သော ကူကောင်ဖြစ်သော်လည်း အဓိကအားဖြင့် ထိန်းချုပ်မှုပိုင်း၌ ပိုမိုသင့်တော်သည်။ မျက်လုံးများလေလေ ထိန်းချုပ်မှုမှာ ပိုမိုအနုစိတ်လာမည်သာ။

‘ဘာလို့ ဝူမေ့က ဆင့်ကဲပြောင်းလဲပြီးတဲ့အခါမှာ မျက်လုံးတစ်စုံ လျော့သွားရတာလဲ..’

လီယွမ်သည် နက်နက်ရှိုင်းရှိုင်း တွေးတောလိုက်မိ၏။ ပြဿနာမှာ ‘ပြောင်းပြန်’ ဟူသော စကားလုံးတွင် ရှိနေနိုင်သည်။

‘ပြောင်းပြန် ဆင့်ကဲပြောင်းလဲခြင်းများလား..’

အကြာကြီး စဉ်းစားပြီးနောက်တွင်မူ သူ၏ ခန့်မှန်းချက်မှာ ဝူမေ့နိုးထလာမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်၏။

‘တခြားအရာတွေကို အရင်ကြည့်ရအောင်..’

လီယွမ်မှာ အလောတကြီး မဖြစ်တော့ပေ။ သူသည် ဝူမေ့ကို ပင့်ကူမျှင်ဆန်းကြယ်နယ်မြေအတွင်း၌ အနားယူစေလိုက်ပြီးနောက် မြေပြင်ပေါ်၌ ပြန့်ကျဲနေသော ရတနာများဆီသို့ အကြည့်ရွှေ့လိုက်၏။ ဤခရီးစဉ်၏ ရလဒ်မှာ များစွာကြွယ်ဝလှသဖြင့် သူ၏ ရည်မှန်းချက်မှာ ဝူမေ့ကို ဆင့်ကဲပြောင်းလဲရန် တစ်ခုတည်း မဟုတ်တော့ပေ။

‘အချိန်နဲ့ ဟင်းလင်းပြင်ဆိုင်ရာ ရတနာတစ်ခုခု လိုနေသေးတာပဲ.. ဒါကြောင့် အချိန်စီးဆင်း အလင်းဖလံအကြောင်း သုတေသနကိုတော့ ခေတ္တရပ်ဆိုင်းထားရဦးမယ်..’ ဟု လီယွမ်က မတတ်သာသည့်အဆုံး ရေရွတ်လိုက်၏။

သူသည် များပြားလှသော ရတနာများကို အမျိုးအစား ခွဲခြားလိုက်၏။

တိုက်ခိုက်ရေး၊ ကာကွယ်ရေး၊ ဓာတ်ကြီးလေးပါး၊ ကပ်ပါးနှင့် ကံကြမ္မာဆိုင်ရာဟူ၍ ငါးမျိုးခွဲခြားလိုက်ပြီးနောက် သက်ဆိုင်ရာကူကောင်များကို ရွေးချယ်ကာ ပေါင်းစပ်လိုက်တော့သည်။

【 နက်မှောင်သောသံရိုင်းကို ထည့်သွင်းသဖြင့် သတ်ဖြတ်ခြင်းဓားကူကို ရရှိပါတယ် 】

【 ငရဲပြည်မှ ယင်ရေနှင့် ပေါင်းစပ်သဖြင့် ငရဲတံခါးကူကို ရရှိပါတယ် 】

【 မျိုးဗီဇပြောင်းလဲနေသော သစ်သားနှင့် ပေါင်းစပ်သဖြင့် ရှားပါးကူ နှင်းဝိညာဉ်ကူကို ရရှိပါတယ် 】

【 ဆွေးမြည့်နေသော နှလုံးသားကို ထည့်သွင်းသဖြင့် ပုပ်ဆွေးကူကို ရရှိပါတယ် 】

များပြားလှသော ကူကောင်များကို သန့်စင်ခဲ့သော်လည်း လောကသစ်၌ မရှိသေးသော ကူအမျိုးအစားသစ်များ မဟုတ်သဖြင့် လီယွမ်အတွက်မူ များစွာအသုံးမဝင်လှပေ။

ရက်သတ္တပတ် နှစ်ပတ်ခန့် အလုပ်များပြီးနောက်တွင်မူ..

လီယွမ်သည် ရတနာအများစုကို အသုံးပြုလိုက်ပြီးနောက် ရှားပါးကူ (၇) ကောင်ကို ရရှိခဲ့သည်။ ၎င်းမှာ မဆိုးလှသော ရလဒ်ပင် ဖြစ်၏။

‘အခုတော့ အားလုံးကို ပုံအောရမယ့် အချိန် ရောက်ပြီ..’

သူ့အတွက် လိုအပ်နေသည်မှာ ထူးခြားကူကောင်များပင်။

သူ ရရှိထားသော ရှားပါးကူကောင် အများစုကို ထူးခြားကူကောင် တစ်ကောင် ရရှိရန်အတွက် မူလပစ္စည်းများအဖြစ် အသုံးပြုလိုက်တော့သည်။

【 မူလပစ္စည်းကို ရွေးချယ်ပါ 】

【 ရှားပါးကူ နှင်းဝိညာဉ်ကူ၊ ရှားပါးကူ လရောင်နှလုံးသားကူ၊ ရှားပါးကူ တောင်တန်းမြစ်ချောင်းကူ 】

【 သန့်စင်ခြင်း စတင်ပါတယ် 】

【 ရှားပါးကူ တောင်တန်းမြစ်ချောင်း ကံကြမ္မာဝှက်ကူကို ရရှိပါတယ် 】

【 တောင်တန်းမြစ်ချောင်း ကံကြမ္မာဝှက်ကူဆိုသည်မှာ ကံကြမ္မာအမျိုးအစား ကူကောင်ဖြစ်ပြီး ပင်မကူအဖြစ် သန့်စင်လိုက်ပါက ကူသခင်အတွက် မမြင်ရသော ကံကြမ္မာစွမ်းအားများကို စုစည်းပေးနိုင်သလို ကူသခင်၏ ကံကြမ္မာကို အာရုံခံနိုင်စွမ်း မြင့်မားစေကာ ဘေးဒုက္ခကို ရှောင်ရှားပြီး လာဘ်လာဘ ရရှိစေသော အာနိသင်ရှိပါသည် 】

【 မှတ်ချက် - ကံကြမ္မာအမျိုးအစား ကူကောင်များမှာ အလွန်ထူးခြားလှသဖြင့် သာမန်ကူသခင်များမှာ သန့်စင်နိုင်စွမ်းမရှိပါ။ အကယ်၍ ကံကြမ္မာကို မထိန်းချုပ်နိုင်ပါက ဘေးဒုက္ခများ ဆောင်ကြဉ်းလာပါလိမ့်မည် 】

“ဒါက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ..”

လီယွမ်၏ မျက်လုံးများမှာ တောက်ပသွားခဲ့သည်။ သူသည် ကံကြမ္မာအမျိုးအစား ကူကောင်များကို ရှာဖွေနေခဲ့သည် မဟုတ်ပါလော။ ကူလမ်းစဉ်တစ်လျှောက်တွင်မူ ကူသခင်အများအပြားက ထိုကဲ့သို့သော ဆန်းကြယ်သည့်အရာများကို အယုံအကြည်မရှိကြဘဲ ကူသခင်များနှင့် မသင့်တော်ဟု ယူဆကြသည်။

ကံကြမ္မာအမျိုးအစား ကူကောင်များ အကျော်ကြားဆုံးအချိန်မှာ လွန်ခဲ့သောနှစ်ပေါင်း (၂၅၀၀) ကျော်က ဖြစ်၏။

ထိုခေတ်ကာလမှာ ကူအင်မော်တယ် တက်လှမ်းသွားပြီးနောက် ရာစုနှစ်အနည်းငယ်သာ ရှိသေးသဖြင့် ကူအင်မော်တယ်၏ လွှမ်းမိုးမှုမှာ ကြီးမားနေဆဲဖြစ်ပြီး ကူသခင်တို့၏ အဆင့်အတန်းမှာလည်း မြင့်မားလှသည်။

နဝမ ကူ နန်းတော်မှ ပြိုင်ဘက်ကင်း အဋ္ဌမအဆင့်ကျင့်ကြံသူတစ်ဦးကို နန်းတော်မှ ဖိတ်ကြားခဲ့ပြီး နန်းတွင်းအကြံပေး ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့ဖူးသည်။

ကူသခင်အမြောက်အမြားမှာလည်း လူ့လောကအတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီး နန်းတွင်းအရာရှိများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ၎င်းမှာ ကံကြမ္မာအမျိုးအစား ကူကောင်များ အထွန်းကားဆုံးအချိန်ပင်။

နောက်ပိုင်းတွင်မူ သိုင်းနတ်ဘုရားအမြောက်အမြား ထပ်မံပေါ်ထွက်လာခဲ့သော်လည်း ကူအင်မော်တယ်ကမူ တစ်ဦးတည်းသာ ရှိခဲ့သည်။ သူ၏ လွှမ်းမိုးမှုမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့ပြီး လောကကြီးမှာ သိုင်းပညာကို အလေးထားသောခေတ်သို့ ပြန်လည်ရောက်ရှိသွားခဲ့၏။

ကံကြမ္မာအမျိုးအစား ကူကောင်များမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး ကူသခင်အနည်းငယ်သာလျှင် တမင်တကာ ပြုစုပျိုးထောင်ကြသဖြင့် ပြုစုနည်းလျှို့ဝှက်ချက်များပင် ပျောက်ကွယ်ကုန်၏။

“တခြားသူတွေ မလိုချင်တဲ့အရာကို ငါကတော့ အလိုရှိတယ်..”

လီယွမ်သည် ၎င်းတို့ကို အမြတ်တနိုး တန်ဖိုးထားသည်။ သူ၏ ပင်မကူကိုးကောင်ထဲတွင်မူ ကံကြမ္မာအမျိုးအစား ကူကောင်အတွက် နေရာတစ်ခုမှာ အမြဲတမ်းရှိနေပြီး ၎င်းမှာ မရှိမဖြစ် လိုအပ်သောအရာပင်။

ကံကြမ္မာအမျိုးအစား ကူကောင်များမှာ တိုက်ခိုက်ရေးစွမ်းရည် မရှိသော်လည်း လီယွမ်အတွက်မူ တိုက်ခိုက်ရေးကူများထက်ပင် ပိုမိုအဓိပ္ပာယ်ရှိသည်။ လီယွမ်သည် အသစ်သန့်စင်လိုက်သော ကူကောင်ကို စစ်ဆေးလိုက်၏။

၎င်းမှာ ကျောက်စိမ်းရောင် ဘောလုံးလေးတစ်လုံးနှယ် လုံးဝန်းဖောယောင်နေပြီး တစ်ကိုယ်လုံးမှာ တောက်ပနေတော့၏။

၎င်းအသက်ရှူလိုက်တိုင်း ခန္ဓာကိုယ်ပေါ်တွင် အစင်းကြောင်းတစ်ခု ပေါ်ထွက်လာသည်။ ထိုအစင်းကြောင်းများမှာ တောင်တန်းနှင့် မြစ်ချောင်းများ၏ အကြောများနှယ် အလွန်ပင် အသက်ဝင်လှသည်။

“စိတ်ဝင်စားစရာပဲ..”

လီယွမ်သည် မျက်လုံးကို မှေးစင်းလိုက်ပြီး ပြီးပြည့်စုံခြင်းနယ်ပယ်၏ စိတ်အာရုံစွမ်းအားကို အသုံးချလျက် ဘိုးဘေးကြီး သင်ကြားပေးထားသော ‘ကောင်းကင်နဂါးချီကျင့်စဉ် (ချီယွမ်ကောင်းကင်နဂါးနည်းစနစ်)’ ကို အသက်သွင်းလိုက်၏။

ထိုအခိုက်..ကြည်လင်သော ချီစွမ်းအင်တို့သည် တောင်တန်းမြစ်ချောင်း ကံကြမ္မာဝှက်ကူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်ကို သူ မြင်တွေ့လိုက်ရ၏။

‘ကံကြမ္မာကို စုပ်ယူတာလား.. အဲဒီနောက်မှာ ဖုံးကွယ်ထားတာလား.. ဒါပေမဲ့ ဒါက အရမ်းနှေးလွန်းတယ်..’

လီယွမ်သည် ဖုံးကွယ်ထားရန် သို့မဟုတ် ပို့ဆောင်ပေးရန်အတွက်သာ အလိုရှိသည် မဟုတ်ပေ။

အကယ်၍ သူသာ ပြန်လည်ရောက်ရှိသွားမည် ဆိုပါက သူသည် သေချာပေါက် ပလ္လင်ပေါ်သို့ တက်လှမ်းရမည် ဖြစ်ပြီး အဆုံးမဲ့သော ကံကြမ္မာများကို ပိုင်ဆိုင်ရပေမည်။ ကံကြမ္မာကို ဖုံးကွယ်ထားရန် အဘယ်ကြောင့် လိုအပ်ပါမည်နည်း။ သူအမှန်တကယ် အလိုရှိသည်မှာ ဧကရာဇ်၏ ကံကြမ္မာပင် ဖြစ်၏။

သူ့အတွက် လိုအပ်နေသည်မှာ ကံကြမ္မာအမျိုးအစား ကူကောင်များအနက် တစ်ကောင်တည်းသော ထူးခြားကူဖြစ်သည့် ကိုးငါးအထွတ်အထိပ်ကူပင် ဖြစ်တော့၏။

“တောင်းပန်ပါတယ်..”

လီယွမ်သည် တောင်တန်းမြစ်ချောင်း ကံကြမ္မာဝှက်ကူကို အိုးအတွင်းသို့ ထည့်သွင်းလိုက်ပြီးနောက် မျှော်လင့်ထားသည့် ရလဒ်နှင့် လွဲချော်သွားလိမ့်မည် မဟုတ်ကြောင်း ယုံကြည်ချက်အပြည့် ရှိနေသည်။

【 မူလပစ္စည်းကို ရွေးချယ်ပါ 】

【 ရှားပါးကူ တောင်တန်းမြစ်ချောင်း ကံကြမ္မာဝှက်ကူ၊ ဟယ်ရှီရတနာကျောက်စိမ်း၊ ဧကရာဇ်ပုလဲတို့ကို ထည့်သွင်းပါ 】

【 သန့်စင်ခြင်း စတင်ပါတယ် 】

【သင့်ရဲ့ ရှားပါးကူ (တောင်တန်းမြစ်ချောင်း ကံကြမ္မာဝှက်ကူ) မှာ ပြောင်းလဲမှုဖြစ်ပေါ်ခဲ့ပြီး စစ်မှန်သောဘုရင် ဝိညာဉ်ကံကြမ္မာကူအဖြစ် ပြောင်းလဲသွားပါတယ် 】

“မလုံလောက်သေးဘူး.. ထပ်ထည့်ရမယ်..”

လီယွမ်မှာ အားမရသေးသဖြင့် ကံကြမ္မာဆိုင်ရာ ရတနာအားလုံးကို ယူဆောင်လာခဲ့သည်။

“ဪ ဟုတ်သားပဲ.. နောက်ထပ်ရတနာတစ်ခု ရှိသေးတာပဲ..”

သူသည် တစ်စုံတစ်ခုကို သတိရသွားသည်။ စီနီယာအစ်မကြီးထံမှ ရရှိထားသော အဖိုးတန်သွေးများပင် ဖြစ်၏။ ထိုသွေးများနှင့် ကိုက်ညီမည့် ကူကောင်ကို သူရှာမတွေ့သေးသဖြင့် ဤနေရာ၌သာ အသုံးပြုရန် ဆုံးဖြတ်လိုက်တော့သည်။

All Chapters