← Chapters

ရှစ်ခွင်လွှမ်း ကံကြမ္မာကူ

Vol. 13 Ch. 147

ရှစ်ခွင်လွှမ်း ကံကြမ္မာကူ

Vol. 13 Ch. 147

လီယွမ်သည် မိမိ၏ ရင်ခွင်အတွင်းမှ စီနီယာအစ်မကြီး၏ အဖိုးတန်သွေးများပါဝင်သော ပင့်ကူမျှင်တစ်ခုကို ထုတ်ယူလိုက်၏။ ဤအရာများမှာ အလွန်တရာ တန်ဖိုးကြီးလှသော ပစ္စည်းများဖြစ်ကြပြီး အမြင့်ဆုံးအဆင့်သို့ တက်လှမ်းရန်အတွက် သူ သီးသန့် ဖယ်ချန်ထားခြင်းပင်။

‘စီနီယာအစ်မကြီး ငါ့ကို ရှုံးလို့ ပေးထားတဲ့ အရာဆိုတော့ ပိုင်ရှင်ရှိတဲ့အရာလို့ သတ်မှတ်လို့မရဘူး မဟုတ်လား..’

လီယွမ်သည် ထိုသွေးစက်များအပေါ်သို့ သူ၏ အာရုံကို စူးစိုက်လိုက်၏။ ချက်ချင်းဆိုသလိုပင် အချက်အလက်များက ပေါ်ထွက်လာတော့သည်။

【 ဝိညာဉ်ဘုရင်၏သွေး - ဝိညာဉ်စွမ်းအား (၁၆) မျိုးကို ပေါင်းစပ်ထားသည့် သတ္တဝါ တစ်ဦးဆီမှ ထွက်ပေါ်လာသည့် သွေးဖြစ်ပြီး အာနိသင်မျိုးစုံ ရှိပါသည် 】

‘ဝိညာဉ်ဘုရင်ရဲ့ သွေးမျိုးဆက်ဆိုတာ ဘာကြီးလဲ..’

လီယွမ်မှာ ထိုအကြောင်းကို ဘာမျှမသိပေ။ သို့သော် တစ်ချက်တော့ သေချာပါ၏။ ဤအရာသည် စီနီယာအစ်မကြီး၏ နောက်ခံသမိုင်းကြောင်းနှင့် သက်ဆိုင်နေသည်။ ထျန်းယွမ်တိုက်ကြီးထက်တွင် သိုင်းပညာက အထွတ်အထိပ်ဖြစ်သော်လည်း အခြားသော ကျင့်ကြံခြင်းစနစ်များစွာလည်း တည်ရှိနေသေးသည် မဟုတ်ပါလော။

ကူလမ်းစဉ်မှာ အခြားသောစနစ်များနှင့် နှိုင်းယှဉ်လျှင် လူသိများလှသည်။ ဥပမာအားဖြင့် တောင်ပိုင်းနယ်စပ်ရှိ မှော်အတတ်များနှင့် မြောက်ဖက်စွန်းဒေသရှိ ချီလင်မှော်ပညာတို့မှာ အလွန်ပင် လူသိနည်းလှသော ကျင့်စဉ်များဖြစ်ကြ၏။ ထိုအရာများမှာ သီးသန့်နယ်ပယ်အလိုက် သတ်မှတ်ထားခြင်းမရှိဘဲ သိုင်းပညာ၏ နယ်ပယ်ကိုးခုအတွင်း၌သာ စုပေါင်းပါဝင်နေကြတော့သည်။

“ဒါတွေကို ခဏထားလိုက်ဦးစို့”

လီယွမ်သည် ရှုပ်ထွေးသော အတွေးများကို ဖယ်ထုတ်ကာ ကူသန့်စင်ခြင်းကိုသာ ဆက်လက်လုပ်ဆောင်လိုက်၏။

【 မူလပစ္စည်းကို ရွေးချယ်ပါ 】

【 စစ်မှန်သောဘုရင် ဝိညာဉ်ကံကြမ္မာကူ၊ ဝိညာဉ်ဘုရင်၏သွေး၊ အင်ပါယာမင်းဆက်ဟောင်း၏ သင်္ကေတ၊ မင်းသမီးကျောက်စိမ်းတို့ကို ထည့်သွင်းပါ 】

【 ပေါင်းစပ်ခြင်း စတင်ပါတယ် 】

【 ရှားပါးကူ စစ်မှန်သောဘုရင် ဝိညာဉ်ကံကြမ္မာကူသည် အသွင်ပြောင်းလဲမှု ပြီးဆုံးသွားပြီး ရှစ်ခွင်လွှမ်း ကံကြမ္မာကူအဖြစ် ပြောင်းလဲသွားပါတယ် 】

【 ရှစ်ခွင်လွှမ်း ကံကြမ္မာကူဆိုသည်မှာ အလွန်ရှားပါးသော ကံကြမ္မာအမျိုးအစား ကူကောင် ဖြစ်ပါသည်၊ ပင်မကူအဖြစ် သန့်စင်လိုက်ပါက ကူသခင်အတွက် အရပ်လေးမျက်နှာနှင့် ရှစ်မျက်နှာတို့၏ ကံကြမ္မာများကို စုစည်းပေးနိုင်ပြီး အစွမ်းအထက်ဆုံး ခွန်အားကို ထုတ်ဖော်နိုင်ရန်အတွက် သက်ဆိုင်ရာ အမှတ်အသားနှင့် ကိုက်ညီမှုရှိရန် လိုအပ်ပါသည် 】

“အရပ်မျက်နှာအားလုံးရဲ့ ကံကြမ္မာကို ဆက်ခံရမယ် ဟုတ်လား.. မင်းပဲ ဖြစ်ရမယ်..”

လီယွမ်သည် အလွန်ပင် ဝမ်းသာသွားရသည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်က အလယ်ပိုင်းဒေသ၏ အင်ပါယာနန်းတွင်းသို့ ဝင်ရောက်ကာ နန်းတွင်းအကြံပေး ပုဂ္ဂိုလ် ဖြစ်ခဲ့သော ကူသခင်၏ ပင်မကူမှာလည်း ဤရှစ်ခွင်လွှမ်း ကံကြမ္မာကူပင်။

၎င်းမှာ ကိုးငါးအထွတ်အထိပ်ကူပြီးလျှင် အစွမ်းအထက်ဆုံးသော ကံကြမ္မာကူပင် ဖြစ်၏။

အထွတ်အထိပ်ဆိုသည်မှာ အခြားသူများအားလုံး၏ အထက်တွင်သာ ရှိနေရမည်သာ။

【 ပင်မကူအဖြစ် သန့်စင်မလား.. 】

စနစ်က ထပ်မံ၍ အသိပေးလာသည်။

“သန့်စင်မယ်..”

လီယွမ်သည် တစ်ကြိမ်တည်းနှင့် ပြည့်စုံရန်အတွက် မရည်မှန်းတော့ပေ။ ထူးခြားကူကောင်ဆိုသည်မှာ ရရှိရန် အလွန်ခက်ခဲလှသဖြင့် ယခုကူကောင်မှာ သူနှင့် အလိုက်ဖက်ဆုံးပင် ဖြစ်တော့သည်။

ဤကူကောင်ဖြင့် သူသည် ဘိုးဘေးကြီး သိုင်းနတ်ဘုရား လက်ဆင့်ကမ်းပေးခဲ့သော နောက်ဆုံးနတ်ဘုရားအဆင့် ကျင့်စဉ်ဖြစ်သည့် နဂါးချီကျင့်စဉ် (ချီယွမ်

ကောင်းကင်နဂါးနည်းစနစ်)ကို နောက်ဆုံးတွင် ကျင့်ကြံနိုင်တော့မည် ဖြစ်၏။

ရှစ်ခွင်လွှမ်း ကံကြမ္မာကူကို သန့်စင်ပြီးနောက် လီယွမ်မှာ တစ်စုံတစ်ခုကို ချက်ချင်း အာရုံခံမိလိုက်သည်။ ဤကမ္ဘာကြီးက သူ့အပေါ် ပိုမိုနွေးထွေးလာသကဲ့သို့ ခံစားရပြီး သူအာရုံစိုက်လိုက်ရုံနှင့် ကမ္ဘာပေါ်ရှိ ကံကြမ္မာများ တိုက်စားနေပုံကို မြင်တွေ့နိုင်လာခဲ့ပြီ ဖြစ်၏။

အမြင့်ဆုံးသော ကံကြမ္မာမှာ ရွှေရောင်တိမ်တိုက်များအလား တာ့ယန်အင်ပါယာကို ဖုံးလွှမ်းထားသည်။ လောကအနှံ့တွင်မူ အရောင်အဆင်းမရှိသော သန့်စင်သည့် ကံကြမ္မာများ ပြန့်ကျဲနေသော်လည်း ထိုအရာများကိုသာ စုစည်းလိုက်မည်ဆိုပါက ကောင်းကင်ယံမှ ရွှေရောင်တိမ်တိုက်များကိုပင် ဖယ်ရှားပစ်နိုင်လောက်သည်။

လီယွမ်၏ ကိုယ်ပိုင်ကံကြမ္မာမှာမူ အလွန်ပင် ဆန်းကြယ်လှ၏။ ၎င်းမှာ ကောင်းကင်ယံမှ ရွှေရောင်တိမ်တိုက်များနှင့် ခွဲခြား၍မရအောင် ဆက်နွယ်နေသလို ခပ်သိမ်းသော သတ္တဝါတို့၏ သန့်စင်သော ဝိညာဉ်များကိုလည်း ကိုယ်စားပြုနေသည်။

“တစ်နည်းအားဖြင့် ပြောရရင် ငါ့ရဲ့ အနာဂတ်က ဘာဖြစ်လာမလဲဆိုတာကို ဘယ်သူမှ အတပ်မပြောနိုင်ဘူးပေါ့”

သူသည် တောင်တန်းများ၊ မြစ်ချောင်းများ၊ သစ်ပင်များနှင့် ပိုးမွှားတိရစ္ဆာန်များကိုလည်း စောင့်ကြည့်လိုက်၏။ သက်ရှိများကြားတွင် ကံကြမ္မာများမှာ ရောယှက်နေပြီး တစ်ဦးကိုတစ်ဦး အပြန်အလှန် အထောက်အကူပြုနေကြသလို တစ်ဦးကိုတစ်ဦး သတ်ဖြတ်ဝါးမြိုနေကြသည်မှာလည်း အဆက်မပြတ် ပြောင်းလဲနေတော့၏။

လီယွမ်သည် လက်ကိုမြှောက်ကာ သစ်ကိုင်းပေါ်မှ ငှက်ကလေးတစ်ကောင်ထံမှ ကံကြမ္မာတစ်စကို ဆွဲယူရန် ကြိုးစားကြည့်သော်လည်း ဘာမျှဖြစ်မလာခဲ့ပေ။ ကံကြမ္မာကို ဝါးမြိုခြင်းမှာ လွယ်ကူသော ကိစ္စမဟုတ်ဘဲ သီးသန့်မန္တန်များ လိုအပ်ပေလိမ့်မည်။ အရေးကြီးဆုံးမှာ မိမိ၏ ကိုယ်ပိုင်ခွန်အားအစစ်အမှန် ခိုင်မာနေရန်သာ ဖြစ်၏။

“အနည်းဆုံးတော့ ပထမခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီပဲ.. ကျန်တာကိုတော့ နောက်မှ ဖြည်းဖြည်းချင်း လေ့လာရမှာပေါ့..”

လီယွမ်မှာ သက်ပြင်းအရှည်ကြီး ချလိုက်ရင်း မျက်လုံးကို ပြန်ဖွင့်လိုက်ရာ ကောင်းကင်ယံမှ ရွှေရောင်တိမ်တိုက်များနှင့် ဆန်းကြယ်သော မြင်ကွင်းများမှာ အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။

ကျောက်စိမ်းတုံးလေးနှယ် လုံးဝန်းသော ရှစ်ခွင်လွှမ်း ကံကြမ္မာကူမှာ လီယွမ်၏ လက်တွင်းသို့ လိမ့်ဝင်လာ၏။

“မင်းက ငါနဲ့ တော်တော်လေး ရင်းနှီးပုံရတာပဲ.. မင်းကို နာမည်တစ်ခု ပေးရမယ်..”

လီယွမ်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် မှာကြားလိုက်၏။

“မင်းကို ရွှေရတနာလို့ပဲ ခေါ်မယ်..”

“ဂလု.. ဂလု..”

ရှစ်ခွင်လွှမ်း ကံကြမ္မာကူက အသံပြုရင်း ဝမ်းမြောက်ကြောင်း ဖော်ပြလိုက်၏။ သူ၏ ကူမိသားစုအတွင်းသို့ အဖွဲ့ဝင်သစ်တစ်ဦး ထပ်မံတိုးပွားလာခဲ့သည်။ ဘီလူး ဝိဉာဉ်ကူ၊ ပြန်လည်ရှင်သန်ခြင်းကူ၊ ရှောင်ချိုက်၊ ပက်ကျိ၊ ဝူမေ့၊ ဓားနတ်သမီးနှင့် အခုတော့ ရွှေရတနာပင် ဖြစ်တော့၏။

“ကောင်းကင်နဂါး ချီကျင့်စဉ်ကို ကျင့်ကြံဖို့ လိုမယ်..”

သိုင်းနတ်ဘုရား၏ ရတနာသိုက်မှာ လီယွမ်အတွက် မရှိမဖြစ် မဟုတ်သော်လည်း လူအများအပြားကမူ လောဘတကြီး လိုချင်နေကြသည် မဟုတ်ပါလော။ အကယ်၍ သူသာ စိတ်အာရုံကမ္ဘာအတွင်းရှိ စတုတ္ထမြောက် နဂါးဥကို အမြန်ဆုံးခွဲနိုင်မည်ဆိုပါက ရတနာသိုက်၏ လျှို့ဝှက်ချက်ကို သိရှိပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ပေလိမ့်မည်။

“ရွှေရတနာ.. မင်းလည်း ကြိုးစားဦးမှ ဖြစ်မယ်..”

လီယွမ်က ဝဝတုတ်တုတ် ကူကောင်လေးကို ပုတ်ရင်း ဆိုလိုက်၏။

“မင်းကို ကိုးငါးအထွတ်အထိပ်ကူအဖြစ် အမြန်ဆုံးပြောင်းလဲနိုင်အောင် ကြိုးစားစမ်းပါ..”

ရွှေရတနာမှာမူ နားမလည်နိုင်သော ပုံစံဖြင့် ငြိမ်သက်နေ၏။ သူသည် အဖွဲ့အတွင်းသို့ ယခုမှ ဝင်လာကာစ မဟုတ်ပါလား။

“ဂလု.. ဂလု..”

ရွှေရတနာက စိတ်လှုပ်ရှားစွာ အသံပြုလိုက်ပြန်၏။

“မင်း ပြောချင်တာက ငါက မင်းကို ဧကရာဇ်ရဲ့သွေးသာ ပေးမယ်ဆိုရင် မင်းက ကိုးငါးအထွတ်အထိပ်ကူအဖြစ် ပြောင်းလဲနိုင်မယ်ပေါ့..”

လီယွမ်သည် ရွှေရတနာ၏ ဆိုလိုရင်းကို နားလည်သွား၏။

“ဂလု..”

ရွှေရတနာမှာ မြေပြင်ပေါ်တွင် ဟိုဟိုဒီဒီ လိမ့်နေတော့၏။

“ဧကရာဇ်ရဲ့သွေးကို ဘယ်ကနေ ရမှာလဲ..”

လီယွမ်က တွေးတောလိုက်မိ၏။ ‘ဧကရာဇ်သွေး’ ဟူသော စကားလုံး၏ အဓိပ္ပာယ်မှာ အလွန်ပင် လေးနက်လှ၏။ မိမိကိုယ်ကိုယ် ဧကရာဇ်ဟု ကြေညာရုံနှင့် ဧကရာဇ်သွေး ဖြစ်မလာနိုင်ပါချေ။ စစ်မှန်သော ဧကရာဇ်သွေးမှာ ကမ္ဘာမြေ၏ စည်းမျဉ်းများက အသိအမှတ်ပြုထားသူထံမှသာ ထွက်ပေါ်လာခြင်းဖြစ်၏။

အကယ်၍ သူသာ တာ့ယန်အင်ပါယာသို့ ပြန်ကာ ဘိသိက်ခံပွဲကျင်းပပြီး ခွန်လွန်တောင်ထက်၌ ကောင်းကင်ဘုံကို ပူဇော်ကာ ကမ္ဘာပေါ်ရှိ ကံကြမ္မာများကို ဆက်ခံမည်ဆိုပါက သူ၏ သွေးမှာ ဧကရာဇ်သွေး ဖြစ်လာနိုင်၏။

“ဝိညာဉ်ဘုရင်ရဲ့ သွေးမျိုးဆက်ဆိုတာ တကယ်တော့ ဘာကြီးလဲ..”

လီယွမ်သည် စီနီယာအစ်မကြီး၏ နောက်ကြောင်းကို ပြန်လည်သတိရလိုက်မိသည်။

ဝိညာဉ်စွမ်းအား (၁၆) မျိုးဆိုသည်မှာ အဘယ်နည်း။ စီနီယာအစ်မကြီး၏ သွေးက ဧကရာဇ်သွေးအဖြစ် ပြောင်းလဲနိုင်မလား.. အဲဒီနောက် သူမက သူ့ကို..

“မဟုတ်သေးဘူး..”

လီယွမ်က သူ၏ နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်၏။

“ငါ ဘာတွေ တွေးနေတာလဲ.. အဲဒါ ငါ့ရဲ့ စီနီယာအစ်မကြီးလေ.. ငါ့ရဲ့ ချစ်ခင်ရတဲ့ မိသားစုဝင်ပဲ..”

“စိတ်ကို လျှောက်မလွှင့်နဲ့..”

“စီနီယာအစ်မကြီးကသာ သူ့ဘာသာသူ အလိုအလျောက် ပေးလာရင်တော့ တစ်မျိုးပေါ့.. ငါကတော့ အဲဒီလို လုံးဝမတွေးသင့်ဘူး..”

ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။

ဝူမေ့.. နိုးထလာခဲ့လေပြီ။

“ကျွီ.. ကျွီ..”

နိုးလာသည်နှင့် ဝူမေ့မှာ လီယွမ်ထံသို့ တိုးကပ်လာပြီး ပိုမိုရင်းနှီးလာ၏။ လီယွမ်သည် ဝူမေ့၏ စိတ်ကို အလွယ်တကူ သိမြင်နိုင်လာပြီး ‘ပြောင်းပြန်သုံးဆင့်’ အခြေအနေကိုလည်း ပိုမိုနားလည်လာခဲ့သည်။

ဝူမေ့၏ စွမ်းရည်များကို အဓိကအားဖြင့် ပင့်ကူမျှင်တိုက်ခိုက်မှု၊ ရုပ်သေးထိန်းချုပ်မှုနှင့် ကုသခြင်းဟူ၍ သုံးမျိုးခွဲခြားနိုင်သည်။ ၎င်းသည် ပြောင်းပြန်သုံးဆင့်အတွင်း၌ အခြားသော စွမ်းရည်များကို မြှင့်တင်ရန်အတွက် စွမ်းရည်တစ်ခုကို စတေးရမည်ဖြစ်၏။

နောက်ဆုံးတွင် ရုပ်သေးဧကရာဇ်ကူအဖြစ် ပြောင်းလဲသွားချိန်မှသာ စတေးလိုက်သော စွမ်းရည်များ ပြန်လည် ရရှိလာမည်ပင်။

“ဒါဆိုရင် မင်းက ကုသခြင်းစွမ်းရည်ကို စတေးလိုက်တာပေါ့..”

လီယွမ်က ဝူမေ့ကို သူ၏ လက်ဝါးထက်တွင် တင်ကာ အာရုံခံလိုက်သည်။

“ကျွီ.. ကျွီ..”

ဝူမေ့မှာ စိတ်ဓာတ်ကျကာ ကြောက်လန့်နေပုံရ၏။

“မကြောက်ပါနဲ့..”

လီယွမ်က အားပေးလိုက်သည်။

“ငါ ရှိနေသရွေ့ မင်း သေချာပေါက် အောင်မြင်မှာပါ.. ငါ မင်းကို လောကမှာ အစွမ်းအထက်ဆုံးနဲ့ အလှပဆုံး ပင့်ကူမလေး ဖြစ်လာအောင် လုပ်ပေးမယ်..”

ချန်လန်နယ်မြေဝယ်..

“လူကြီးမင်းတို့.. ခင်ဗျားတို့ ရှာနေတဲ့သူကို ကျွန်တော် တွေ့ပါပြီ..”

မုရုံစုသည် ပင်လယ်ရပ်ခြားမှ ရောက်ရှိလာသော ဧည့်သည်များကို ကြိုဆိုလိုက်၏။

All Chapters