ကန္တာရပုံပြင်များ
Vol. 13 Ch. 148
ပင်လယ်ကို ဖြတ်ကျော်လာကြသော ကန္တာရသံတမန်များမှာ ရင်ခုန်စိတ်လှုပ်ရှားနေကြ၏။
“တွေ့ပြီလား.. သူ ဘယ်မှာလဲ..”
ခေါင်းဆောင်ဖြစ်သူ အကြီးအကဲကြီးက မေးမြန်းလိုက်၏။
“နဝမ ကူ နန်းတော်မှာပါ..”
မုရုံစုက ပြန်လည်ဖြေကြားလိုက်၏။
“သူက အခု နဝမ ကူ နန်းတော်ရဲ့ ကိုးခုမြောက် နန်းတော်သခင်ပဲ.. အဆင့် (၈) ကူသခင်ဖြစ်ပြီး နာမည်က နင်ဟုန်ယွီတဲ့..”
“နဝမ ကူ နန်းတော် ဟုတ်လား..”
အကြီးအကဲကြီးက မျက်မှောင်ကြုတ်လိုက်၏။
“တာ့ယန် တောင်ပိုင်းနယ်စပ်ရဲ့ အရှင်သခင်.. ကူသခင်လမ်းစဉ်ရဲ့ အစအဦးလို့တောင် တင်စားခံရတဲ့ နဝမ ကူ နန်းတော်လား..”
“ဟုတ်ပါတယ်..”
မုရုံစုက ခေါင်းညိတ်လိုက်၏။
“ဒါကတော့ ခက်ပြီ..”
ကန္တာရ ဆယ့်ခြောက် ပြည်ထောင်မှ ရောက်ရှိလာသော အကြီးအကဲကြီးက သက်ပြင်းညင်သာစွာ ချလိုက်၏။
ဤနေရာမှာ တာ့ယန်အင်ပါယာဖြစ်ပြီး သူတို့မှာ ပြင်ပလူသားများသာ ဖြစ်ကြသည်။ တန်ခိုးကြီးမားသော နဂါးပင်လျှင် မြေခွေးကို မနိုင်ဆိုသကဲ့သို့ မဟုတ်ပါလား။ ၎င်းမှာ နဝမ ကူ နန်းတော်ဖြစ်ပြီး တောင်ပိုင်းနယ်စပ်၏ နဂါးတစ်ကောင်ဖြစ်ရာ သာမန်မြေခွေးတစ်ကောင် မဟုတ်ပေ။ ‘သူတော်စင်မလေး’ ကို အတင်းအဓမ္မ ခေါ်ဆောင်သွားရန်မှာ လုံးဝမဖြစ်နိုင်ပါချေ။
“သခင်လေးမုရုံ.. သူနဲ့ ဆက်သွယ်ဖူးသလား..”
ကန္တာရ ကြီးအကဲ က ထပ်မံမေးမြန်းလိုက်ပြန်၏။
“သတင်းမရခင်တုန်းကတော့ ကျွန်တော့်လူတွေနဲ့ နင်ဟုန်ယွီတို့ တိုက်ခိုက်ခဲ့ကြသေးတယ်.. သူမက အတိတ်ကို ရင်ဆိုင်ချင်ပုံမရသလို ခင်ဗျားတို့ကိုလည်း တွေ့ချင်မှာ မဟုတ်ဘူး..”
ဟု မုရုံစုက ဆိုလိုက်သည်။
“အင်း..”
ကန္တာရ ကြီးအကဲ က အခြားသံတမန်များကို ကြည့်လိုက်၏။
“ခင်ဗျားတို့အားလုံး ဘယ်လိုထင်ကြသလဲ.. နဝမ ကူ နန်းတော်ကို အတင်းအဓမ္မ ဝင်မလား.. ဒါမှမဟုတ် ယဉ်ယဉ်ကျေးကျေးနဲ့ပဲ သူတော်စင်မလေးကို ဖိတ်ခေါ်မလား..”
“အတင်းဝင်လို့ မဖြစ်ဘူး..”
သံတမန်တစ်ဦးက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်။
“နဝမ ကူ နန်းတော်ကို ရန်စလိုက်ရင် ငါတို့အတွက် ရွေးချယ်စရာ မရှိတော့ဘူး.. ကံကောင်းလို့ အောင်မြင်သွားရင်တောင်မှ သူတော်စင်မလေးက ငါတို့ကို အငြိုးထားလိမ့်မယ်..”
“ကျွန်တော့်အမြင်အရတော့ အလစ်အငိုက်ဖမ်းပြီး လုယူတာက ပိုကောင်းလိမ့်မယ်..”
အခြားသံတမန်တစ်ဦးကလည်း ဆိုလိုက်ပြန်၏။
“သခင်လေးမုရုံ ပြောပြီးသားပဲ.. သူတော်စင်မလေးက ကန္တာရကို မပြန်ချင်ဘူးတဲ့.. ဒါကြောင့် သူမကို မေးနေလို့ အပိုပဲ..”
“ကျွန်တော် သဘောတူတယ်..”
ဟု အခြားတစ်ယောက်ကလည်း ဝင်ပြောလာသည်။
“ငါတို့က တာ့ယန်ကို ရောက်နေတာပဲ.. အဲဒီ ကူသခင်တွေကို ကြောက်နေစရာ မလိုပါဘူး..”
“မဟုတ်ဘူး.. ငါ ကန့်ကွက်တယ်.. သူတော်စင်မလေးကိစ္စက အလွန်အရေးကြီးတယ်.. ကန္တာရ ဆယ့်ခြောက် ပြည်ထောင်ရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေတာပဲ.. ဘယ်လိုလုပ် ပေါ့ပေါ့တန်တန် သဘောထားလို့ ရမှာလဲ.. ငါတို့ ရန်မစသင့်ဘူး..”
“မရရအောင် လုပ်ရမှာပဲ..”
“...”
သံတမန်များမှာ တစ်ဦးနှင့်တစ်ဦး အငြင်းအခုန် ဖြစ်နေကြ၏။
“တော်ကြစမ်း..”
ကန္တာရ ကြီးအကဲ က လက်ကိုမြှောက်ကာ တားဆီးလိုက်၏။
“အားလုံး စိတ်မတူရင် ဘယ်လိုလုပ် လှုပ်ရှားလို့ရမှာလဲ.. ငါ သိသလောက်ဆိုရင် ဒီလောကရဲ့ သိုင်းပညာက.. အထွတ်အထိပ် ညဇီးကွက်ဘုရင်က တောင်ပိုင်းနယ်စပ်မှာ ရှိနေသေးသလို နဝမ ကူ နန်းတော်ရဲ့ ဘိုးဘေးကြီးကလည်း သာမန်လူ မဟုတ်ဘူး..”
“ငါတို့ သူတို့ကို ယဉ်ကျေးစွာပဲ ဆက်ဆံပြီး သွားရောက်ဖိတ်ခေါ်ကြတာပေါ့..”
“သူတော်စင်မလေးက ခေါင်းမာတဲ့သူ မဟုတ်လောက်ပါဘူး.. ငါတို့ အကြောင်းပြချက်တွေကို ရှင်းပြလိုက်ရင် သူ လိုက်လာပါလိမ့်မယ်..”
ကန္တာရ ကြီးအကဲ ၏ နာမည်မှာ ချီနျန်ချူ ဖြစ်၏။ သူသည် ကန္တာရ ဆယ့်ခြောက် ပြည်ထောင်၏ ပူဇော်ပွဲဆိုင်ရာ အရှင်သခင်ဖြစ်သလို ရှီရှနိုင်ငံ၏ နန်းတွင်းအကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်ရာ အလွန်ပင် ဩဇာကြီးမားလှ၏။
“နဝမ ကူ နန်းတော်အတွက် လက်ဆောင်တွေ ပြင်ဆင်ပြီး အခုချက်ချင်း ထွက်ကြမယ်..”
ချီနျန်ချူက အမိန့်ပေးလိုက်ပြီးနောက် မုရုံစုကို ကြည့်လိုက်၏။
“သခင်လေးမုရုံ.. ခင်ဗျားလည်း ကျုပ်တို့နဲ့အတူ လိုက်ခဲ့ပါဦး..”
“သေချာတာပေါ့..”
မုရုံစုက လက်ကိုင်ယပ်တောင်ကို ကိုင်ဆောင်လျက် ကျက်သရေရှိစွာ ပြုံးလိုက်၏။
“ခင်ဗျားတို့ရဲ့ ခရီးစဉ် အောင်မြင်ပါစေ.. လင်းရွှီရဲ့ သူတော်စင်မလေးကို ရှာတွေ့ပြီး အရာရာ အဆင်ပြေပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်..”
ဂူစံအိမ် အမှတ် (၁၂) ဝါးတောငယ်လေး။
ခြံဝင်းအတွင်း၌။
ဝမ်ကျောက်ကျောက်သည် ရှေးဟောင်းမှတ်တမ်း အမြောက်အမြားကို ပွတ်သပ်ဖတ်ရှုနေလေသည်။
“အစ်ကိုယွမ်.. ကျွန်မ လင်းရွှီအကြောင်း တွေ့ပြီ..”
သူမက စိတ်လှုပ်ရှားစွာဖြင့် လီယွမ်ထံသို့ ပြေးလာကာ စာအုပ်ထဲရှိ စာသားတစ်ခုကို ညွှန်ပြလိုက်၏။
“အစ်ကို ကြည့်ပါဦး.. ဒီမှာ ရေးထားတာက ‘လင်းရွှီ’ ဆိုတဲ့ စကားလုံးက ကျွန်မတို့နဲ့ အဝေးကြီးမှာရှိတဲ့ ကန္တာရ ဆယ့်ခြောက် ပြည်ထောင်ကနေ စတင်လာတာတဲ့..”
“ကန္တာရဒေသမှာဆိုရင် နိုင်ငံတွေကို လင်းရွှီ (ဝိညာဉ်အပျက်အစီး နယ်မြေ) တွေပေါ်မှာ တည်ဆောက်ထားတာ.. စုစုပေါင်း လင်းရွှီ (၁၆) ခု ရှိတယ်..”
“အဲဒါတွေကတော့ မီးခတ်သဲ၊ လေတိုက်စား ၊ လစမ်းရေ၊ အရိုးစု၊ မှန်ပုံရိပ်ယောင်၊ တောက်လောင် နေမင်း၊ မြေလွှာစီးဆင်း၊ ကြယ်ကြွေ..”
ဝမ်ကျောက်ကျောက်သည် အသစ်ရရှိသော ဗဟုသုတများကို စိတ်ဝင်တစားဖြင့် လီယွမ်အား တစ်ခုချင်း ဖတ်ပြနေ၏။
‘စီနီယာအစ်မကြီးက ကန္တာရနိုင်ငံက လူ ဖြစ်နေတာလား..’
လီယွမ်က အံ့ဩသွားရ၏။
ဆရာ ယွီဟန်ချွမ်း ပြောပြခဲ့သည့် အချက်အလက်များအရဆိုလျှင် ဤသည်မှာ ဖြစ်နိုင်ခြေ အလွန်များလှသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆရာသည် နင်ဟုန်ယွီကို ချန်လန် ပင်လယ်ကမ်းခြေတွင် သတိလစ်နေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ချန်လန်ပင်လယ်မှာ ကန္တာရနိုင်ငံများနှင့် အနီးဆုံးနေရာ ဖြစ်သည် မဟုတ်ပါလား။
‘အဲဒီလို ပုံစံမျိုးပဲ..’
လီယွမ်က တွေးတောလိုက်၏။
“ကျောက်ကျောက်.. ဆက်ပြီး ဖတ်ပြပါဦး..”
“ကန္တာရ ဆယ့်ခြောက် ပြည်ထောင်မှာဆိုရင် လင်းရွှီရဲ့ စွမ်းအားတွေကို အသုံးချနိုင်တဲ့သူတွေကို ဝိညာဉ်သခင်လို့ ခေါ်တယ်.. ငါတို့ တာ့ယန်ရဲ့ သိုင်းသမားတွေ ကူသခင်တွေလိုမျိုးပေါ့..”
ဝမ်ကျောက်ကျောက်က ဆိုလိုက်၏။
“လင်းရွှီရဲ့ အသိအမှတ်ပြုမှုကို ရရှိတဲ့သူတွေကိုတော့ ဝိညာဉ်အနွယ်ဝင်လို့ ခေါ်တယ်.. ကျွန်မတို့ တာ့ယန်က နတ်မိမယ်တွေလို ပုံစံမျိုးပေါ့..”
လီယွမ်က ထပ်မံမေးမြန်းလိုက်၏။
“‘ဝိညာဉ်ဘုရင်ရဲ့ သွေးမျိုးဆက်’ ဆိုတဲ့ အယူအဆရော ရှိလား..”
“ရှိတယ်..”
ဝမ်ကျောက်ကျောက်က ခေါင်းညိတ်လိုက်သည်။
“ကန္တာရ ဆယ့်ခြောက် ပြည်ထောင်မှာ ဘုရင်တစ်ဆယ့်ခြောက်ပါးရဲ့ အထက်မှာ ဧကရာဇ်တစ်ပါး ရှိတယ်..”
“ကျွန်မတို့ တာ့ယန်က အာဏာရှင်စနစ်နဲ့ မတူဘဲ ကန္တာရရဲ့ ဧကရာဇ်ကတော့ အာဏာခွဲဝေထားပေမဲ့ မရှိမဖြစ် လိုအပ်တဲ့သူ ဖြစ်တယ်..”
“ကန္တာရမှာတော့ ဝိညာဉ်ဘုရင်ရဲ့ သွေးပါတဲ့သူမှသာ ပလ္လင်ပေါ် တက်ခွင့်ရှိတာ..”
“အဲဒါက ဘာကို ဆိုလိုတာလဲ..”
လီယွမ်က ထပ်မံမေးမြန်းလိုက်ပြန်၏။
“အဲဒါကတော့..”
ဝမ်ကျောက်ကျောက်က ခစ်ခနဲ ရယ်လိုက်၏။
“အစ်ကိုယွမ်.. ဒီကန္တာရ လူသားတွေက တော်တော်ထူးဆန်းတယ်.. သူတို့က ကိုယ့်ကိုယ်ကိုယ် ညစ်ပတ်နိမ့်ကျစွာ မွေးဖွားလာတယ်လို့ ယုံကြည်ကြတာ..”
“ဟင်..”
လီယွမ်မှာ အံ့အားသင့်သွားရ၏။
“ဘာကို ဆိုလိုတာလဲ..”
“စာအုပ်ထဲမှာ ရေးထားတာက ကန္တာရလူသားတွေက သာမန်လူတွေဟာ နတ်ဘုရားတွေရဲ့ အပြစ်ပေးမှုကို ခံထားရလို့ ညစ်ပတ်နိမ့်ကျပြီး စွမ်းရည်မရှိတာလို့ ယုံကြည်ကြတယ်တဲ့..”
“လင်းရွှီဆိုတာက ကောင်းကင်ဘုံက သူတို့ကို ပေးထားတဲ့ အပြစ်ဆေးကြောဖို့ အခွင့်အရေးပဲ.. လူသားတွေရဲ့ ညစ်ပတ်တဲ့ သွေးတွေကို သန့်စင်ပေးတာပေါ့..”
“တကယ်လို့ တစ်ယောက်ယောက်က လင်းရွှီကိုးခု ထက်မကရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ရင် သူတို့ကို ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့ လူသားလောကကို သန့်စင်ပေးမယ့်သူလို့ သတ်မှတ်ကြတယ်..”
“အဲဒီလူတွေကို သူတော်စင်မလေးနဲ့ သူတော်စင်လေးလို့ ခေါ်တယ်.. သူတို့ရဲ့ သွေးတွေကလည်း မြင့်မြတ်တယ်.. အဲဒါကိုပဲ ဝိညာဉ်ဘုရင်ရဲ့ သွေးမျိုးဆက်လို့ ခေါ်တာ..”
ဝမ်ကျောက်ကျောက်က အကြောင်းရင်းကို ရှင်းပြလိုက်၏။
သူမက ခဏဆိုင်းငံ့လိုက်ပြီးမှ ဆက်ပြော၏။
“ဒါပေမဲ့ ဒီစာအုပ်က ဟောင်းနေပြီ.. လွန်ခဲ့တဲ့အချိန် အတော်ကြာက အကြောင်းတွေဆိုတော့ အခု ကန္တာရက ဒီလိုမဟုတ်တော့တာလည်း ဖြစ်နိုင်ပါတယ်..”
သို့သော်လည်း..
လီယွမ်ကို အံ့ဩစေသည်မှာ လင်းရွှီ ကျင့်ကြံခြင်းစနစ်၏ ထူးခြားမှု မဟုတ်သလို ကန္တာရ၏ ထူးဆန်းသော ယဉ်ကျေးမှုလည်း မဟုတ်ပေ။
သူ့ကို တကယ်စိတ်ဝင်စားစေသည်မှာ ‘သူတော်စင်မလေး’ ဆိုသော ဂုဏ်သတင်းပင် ဖြစ်၏။
‘လင်းရွှီကိုးခု ထက်မကရဲ့ အသိအမှတ်ပြုမှု ရသူကို ‘သူတော်စင်မလေး’လို့ ခေါ်တယ် ဟုတ်လား။
သူ မှတ်မိသလောက် ဆိုလျှင်..
စီနီယာအစ်မကြီးရဲ့ သွေးထဲမှာ ဝိညာဉ်စွမ်းအား တစ်ဆယ့်ခြောက်မျိုး ပါဝင်နေတာ မဟုတ်လား။
သူမက သေချာပေါက် ကန္တာရရဲ့ အနာဂတ် ဘုရင်မကြီးပေါ့’
“ဟားဟားဟား…ဒါက တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ..”
လီယွမ်က ကျယ်လောင်စွာ ရယ်လိုက်၏။
“တကယ်ကို ပျော်စရာကောင်းနေပြီ..”
ဘေးက ဝမ်ကျောက်ကျောက်ကတော့ နားမလည်နိုင်ဘဲ ပြန်ကြည့်နေမိ၏။
“အစ်ကိုယွမ်.. ဘာက စိတ်ဝင်စားဖို့ ကောင်းလို့လဲဟင်..”
ထိုစဉ်..လီယွမ်က မတ်တတ်ရပ်လိုက်ပြီး လျှို့ဝှက်ချက်များစွာ ပါဝင်သော အပြုံးကို ပြုံးလိုက်သည်။
“မင်း မကြာခင် သိလာပါလိမ့်မယ်..”
*
နောက်ထပ် ခုနစ်ရက်ခန့် ကုန်လွန်သွား၏။
လီယွမ် ခန့်မှန်းခဲ့သည့်အတိုင်းပင် ကန္တာရ ဆယ့်ခြောက် ပြည်ထောင်မှ လူများ ရောက်ရှိလာခဲ့ကြချေပြီ။
ထိုအဖွဲ့မှာ သူတို့၏ အမှတ်အသားကို မဖော်ပြဘဲ အနောက်ဘက်ဒေသမှ သီးသန့်နေထိုင်သော မိသားစုကြီးတစ်ခု ဖြစ်ကြောင်း၊ ပျောက်ဆုံးနေသော ဆက်ခံသူကို လာရှာခြင်းဖြစ်ကြောင်း ပြောကြားကာ လက်ဆောင်အမြောက်အမြားနှင့်အတူ ရောက်ရှိလာလေသည်။
…..
“ဟုန်ယွီ.. သူတို့ ရောက်လာကြပြီ.. မင်း သူတို့ကို တွေ့မလား..”
ဝါးတောငယ်လေး၏ ခြံဝင်းအတွင်း၌ လူအချို့မှာ နင်ဟုန်ယွီကို ဝန်းရံထားကြသည်။
ဤကိစ္စမှာ သူမ၏ ဆန္ဒပေါ်မှာသာ လုံးဝမူတည်နေသည် မဟုတ်ပါလော။
“စီနီယာအစ်မကြီး.. မတွေ့ချင်ဘူးဆိုရင် ကျွန်တော် အခုပဲ သွားငြင်းလိုက်ပါ့မယ်..”
ဖေးလော့ချန်က ဆိုလိုက်၏။
“ဟုန်ယွီ.. တစ်ခုခု ပြောပါဦး..”
ဆရာဖြစ်သူ ယွီဟန်ချွမ်းက သက်ပြင်းညင်သာစွာ ချလိုက်၏။
ဤသည်မှာ ခက်ခဲသော ရွေးချယ်မှုတစ်ခု ဖြစ်ကြောင်း သေချာလှ၏။
“ဟူး..”
နင်ဟုန်ယွီက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်၏။
“ဘယ်လိုရလဒ်ပဲ ထွက်လာပါစေ.. သူတို့နဲ့ တွေ့ပြီး အရာရာကို အဆုံးသတ်ရမှာပေါ့..”