ဆွေးနွေးမှု ပျက်ပြားခြင်း
Vol. 13 Ch. 150
‘လောကတွင် အနှိုင်းမဲ့သော၊ အခန့်ညားဆုံးသောသူ ဟုတ်လား..’
ခဏချင်းအတွင်းမှာပင် ခန်းမတစ်ခုလုံးရှိ မျက်လုံးအားလုံးသည် လီယွမ်ထံသို့ စုပြုံကျရောက်သွားတော့၏။
ခန့်ညားထည်ဝါလှသော မုရုံစုပင်လျှင် လီယွမ်ကို မသိမသာ ခိုးကြည့်လိုက်မိသည်။ လောကတွင် အနှိုင်းမဲ့သည်ဆိုသည်ထက် ဤခန်းမအတွင်း၌မူ ဤလူငယ် ကူသခင်လေးသည်သာ အာရုံအရှိဆုံးသော ပုဂ္ဂိုလ် ဖြစ်နေတော့၏။
ထိုအခိုက်အတန့်၌ လီယွမ်၏ စိတ်အာရုံတို့က လျှပ်တစ်ပြက် လှုပ်ရှားသွားသည်။
‘ပြန်လည်ရှင်သန်ခြင်း.. ခဏ နားလိုက်ဦး.. အလုပ် မလုပ်နဲ့ဦး..’
ထို့နောက်တွင်မူ..
"ဝေါ့"..
မည်သူမျှ သတိမပြုမိခင်မှာပင် လီယွမ်သည် သွေးတစ်လုပ်ကို အရှိန်အဟုန်ဖြင့် အန်ထုတ်လိုက်၏။ ထိုသွေးများထဲ၌မူ ကြေမွပျက်စီးနေသော ကိုယ်တွင်းအင်္ဂါ အစအနများ ပါဝင်နေလေရာ သူ၏ မျက်နှာမှာလည်း ချက်ချင်းပင် ဖြူလျော်သွားတော့၏။
နင်ဟုန်ယွီမှာမူ ဆွံ့အသွားရသည်။
‘ဂျူနီယာမောင်လေးရယ်.. မင်း သရုပ်ဆောင်တာက နည်းနည်းတော့ လွန်မနေဘူးလား..’
“အားယွမ်.. မင်း အဆင်ပြေရဲ့လား..”
ယွီဟန်ချွမ်းသည် ဝါရင့်ပုဂ္ဂိုလ်ကြီးဖြစ်ရာ ချက်ချင်းပင် ဇာတ်လမ်းထဲသို့ ဝင်ရောက်ကူညီတော့သည်။
“ထျန်းဝေ့ထျန်းက လူတွေရဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေက မပျောက်သေးဘူးပဲ.. ငါ မင်းကို အိမ်မှာနားဖို့ ပြောထားသားနဲ့ စီနီယာအစ်မကြီးနောက်ကို ဇွတ်လိုက်လာတာကိုး..”
“ကျွန်တော်.. ကျွန်တော် အဆင်ပြေပါတယ်.. အသက်အန္တရာယ်ဆိုတာ စီနီယာအစ်မကြီး နားမှာနေရတာလောက် အရေးမကြီးပါဘူး..”
လီယွမ်က သူ၏ ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်လျက် ခက်ခဲစွာ တုံ့ပြန်လိုက်၏။
“ဂျူနီယာမောင်လေး..”
နင်ဟုန်ယွီ၏ မျက်ဝန်း၌ မျက်ရည်များ ဝဲတက်လာပြီး လီယွမ်ကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲပွေ့ထည့်လိုက်၏။
“အစ်မကြီး အစွမ်းမရှိလို့ မင်းကို မကာကွယ်နိုင်ခဲ့တာ အစ်မကြီးအမှားတွေပါ.. စိတ်မပူနဲ့နော်.. အစ်မကြီး မင်းကို သေချာပေါက် ကုပေးပါ့မယ်..”
ကန္တာရ အဖွဲ့သားများမှာမူ မျက်နှာများ ပျက်ယွင်းသွားကြပြီး အမှန်အမှားကို ဝေခွဲမရ ဖြစ်နေကြတော့၏။
ချီနျန်ချူက မုရုံစုထံသို့ လျှို့ဝှက်အသံ လွှင့်လိုက်သည်။
“သခင်လေးမုရုံ.. ဒါက အတည်လား.. သရုပ်ဆောင်နေတာလား..”
“ဒါကတော့..” မုရုံစုပင်လျှင် တုန်လှုပ်သွားရ၏။
“ထျန်းဝေ့ထျန်းက လူတွေ မိန်းကလေးနင်နောက်ကို လိုက်တုန်းက ကျွန်တော့်လူတွေလည်း ပါခဲ့ပါတယ်.. အဲဒီတုန်းက ဒီလူငယ်လည်း ပါခဲ့တာ သေချာပါတယ်..”
ချီနျန်ချူက ထပ်မေးသည်။
“ထျန်းဝေ့ထျန်းက လူတွေက သူ့ကို တကယ်ပဲ အပြင်းအထန် ဒဏ်ရာရစေခဲ့တာလား..”
“အင်း..” မုရုံစုက ခဏဆိုင်းငံ့ပြီးမှ ဆို၏။
“ထျန်းဝေ့ထျန်းက လူတွေ ပြောတာကတော့ ဒဏ်ရာရတာတင် မဟုတ်ဘဲ သေသွားပြီလို့တောင် အတည်ပြုခဲ့ကြတာပါ..”
ပေါက်ကွဲကူကောင် တစ်သိန်းကို တစ်ပြိုင်နက်တည်း ဖောက်ခွဲခြင်းက အဆင့် (၈) ကူသခင်တစ်ဦး၏ စိတ်အာရုံစွမ်းအား အားလုံးကို ခမ်းခြောက်သွားစေနိုင်ပြီး ပေါက်ကွဲမှု ဗဟိုရှိသူမှာ သေချာပေါက် သေရမည်သာ။ မုရုံစုပင်လျှင် ထိုလူငယ် သေသင့်သည်ဟု ယုံကြည်ထားခဲ့ခြင်းဖြစ်၏။ သို့သော် အဘယ်ကြောင့် ဤနေရာသို့ ရောက်နေသနည်း။
ချီနျန်ချူမှာ အချိန်ဆွဲ စဉ်းစားနေရန် အချိန်မရတော့ပေ။ သူတော်စင်မလေး၏ တောင်းဆိုချက်ကိုသာ မလိုက်လျောပါက ယနေ့ကိစ္စက အဆင်ပြေမည် မဟုတ်ပေ။
“သူရဲကောင်းလေး..”
ချီနျန်ချူက လီယွမ်အား စိုက်ကြည့်ကာ ဆိုလိုက်၏။
“ဒါက ကျွန်တော် စေ့စပ်သေချာမှု မရှိလို့ အမှားကြီး ဖြစ်သွားရတာပါ.. ကျေးဇူးပြုပြီး ကျွန်တော့်ကို လျော်ကြေးပေးခွင့် ပြုပါဗျာ..”
“ကျွန်တော်.. ကျွန်တော်..”
"ဝေါ့"
လီယွမ်သည် စကားမဆုံးခင်မှာပင် ကိုယ်တွင်းအင်္ဂါ အစအနများ ရောပါနေသော သွေးများကို အန်ထုတ်လိုက်ပြန်၏။
“ကျေးဇူးပြုပြီး စကားထပ်မပြောပါနဲ့တော့..”
ချီနျန်ချူမှာ လန့်ဖျပ်သွားရသည်။ ဤအခြေအနေက သရုပ်ဆောင်နေခြင်းနှင့် လုံးဝမတူတော့ပေ။ သူ အနားသို့ တိုးကပ်ကြည့်လိုက်သောအခါ လီယွမ်၏ အသက်ရှူနှုန်းမှာ အလွန်ပင် အားနည်းနေသည်ကို ရှင်းလင်းစွာ အာရုံခံမိလိုက်၏။
“ဂျူနီယာမောင်လေး.. အစ်မကြီး တောင်းပန်ပါတယ်.. ဒါတွေအားလုံးက အစ်မကြီးအမှားတွေပါ.. ဒီလူတွေနဲ့တွေ့ဖို့ မင်းကို မခေါ်လာသင့်ဘူး..”
နင်ဟုန်ယွီသည် သူမ၏ ဂျူနီယာမောင်လေးကို ရင်ခွင်ထဲသို့ ဆွဲပွေ့ထည့်လိုက်၏။ မျက်ရည်များမှာ သူမ၏ ပါးပြင်ထက်သို့ စီးကျလာသလို လီယွမ်၏ သွေးများကလည်း သူမမျက်နှာ၌ ပေကျံနေလေရာ ကြည့်ရသူအဖို့ အလွန်ပင် သနားစဖွယ် ဖြစ်နေတော့သည်။
“စီနီယာအစ်မကြီး.. မငိုပါနဲ့.. စီနီယာအစ်မကြီးအတွက် သေရတာက ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံး ဂုဏ်ယူမှုပါပဲ..”
လီယွမ်က ခက်ခဲစွာ လက်ကိုမြှောက်လျက် နင်ဟုန်ယွီ၏ ပါးပြင်ကို အသာအယာ ပွတ်သပ်လိုက်၏။
ကန္တာရသံတမန်အဖွဲ့မှာမူ အလွန်တရာ ပူပန်နေကြပြီဖြစ်၏။
‘ကျေးဇူးပြုပြီး မသေပါနဲ့ဦး.. မင်းသာ သေသွားရင် သူတော်စင်မလေး ကန္တာရကို ပြန်လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး..’
“ခဏနေဦး..”
ချီနျန်ချူက လွှတ်ခနဲ အော်ဟစ်လိုက်၏။
“ကျွန်တော့်မှာ ဆေးရှိတယ်.. သူရဲကောင်းလေးကို သေချာပေါက် ကုနိုင်ပါတယ်..”
ချီနျန်ချူသည် လမင်းပုံသဏ္ဍာန် ဆေးအိုးလေးတစ်လုံးကို ထုတ်ယူကာ နင်ဟုန်ယွီထံသို့ ကမ်းပေးလိုက်၏။
“မိန်းကလေးနင်.. ဒါက ကျွန်တော်တို့ မိသားစုရဲ့ အဖိုးတန်ဆေးပါ.. သေလူကို ပြန်ရှင်စေနိုင်သလို အသားနဲ့ အရိုးတွေကိုပါ ပြန်ဆက်ပေးနိုင်ပါတယ်.. ဒါက သေချာပေါက် ကုသပေးနိုင်ပါလိမ့်မယ်..”
ထိုပစ္စည်းကို ထုတ်ပေးလိုက်ရသဖြင့် သူ၏ ရင်ထဲ၌ နာကျင်လှိုက်တက်သွားရသည်။
ယင်းမှာ လစမ်းရေ ဝိညာဉ်နယ်မြေ (လင်းရွှီ) မှ (၁၀) နှစ်လျှင် တစ်ကြိမ်သာ ထွက်ရှိသော ရတနာဖြစ်ပြီး ကန္တာရ ဆယ့်ခြောက် ပြည်ထောင်၏ အထက်တန်းလွှာ ပုဂ္ဂိုလ်များသာ အသုံးပြုခွင့် ရှိ၏။ ယခုတော့ ပြင်ပလူသားတစ်ဦးကို အလကား ပေးအပ်လိုက်ရတော့၏။
နင်ဟုန်ယွီသည် ထိုဆေးအိုးလေးကို လှမ်းယူဆုပ်ကိုင်လိုက်ပြီး လီယွမ်၏ ရင်ခွင်အတွင်းသို့ တိတ်တဆိတ် ထိုးထည့်ပေးလိုက်သည်။
“ဖေးကျူး.. ဂျူနီယာမောင်လေးကို ဘေးခန်းကို အမြန်ခေါ်သွားပြီး ဆေးတိုက်လိုက်ဦး.. ဒီလူတွေနဲ့ ကိစ္စကိုတော့ ငါပဲ ရှင်းလိုက်ပါ့မယ်..”
“ဟုတ်ကဲ့.. စီနီယာအစ်မကြီး..”
ဖေးလော့ချန်မှာ ခွီခနဲ ရယ်ချင်စိတ်ကို အနိုင်နိုင် အောင့်ထားလိုက်ရ၏။ သူသည် လီယွမ်ကို ပွေ့ချီလျက် အမြန်ပင် ပြေးထွက်သွားတော့၏။
ကန္တာရ သံတမန်များမှာလည်း သက်ပြင်းချနိုင်သွားကြ၏။ နင်ဟုန်ယွီ၏ အမူအရာကမူ ကောင်းမွန်မလာသေးပေ။
“ဂျူနီယာမောင်လေးအတွက် လျော်ကြေးကိစ္စကိုတော့ သူသက်သာလာမှပဲ ဆက်ပြောကြတာပေါ့.. အခုတော့ ဒုတိယအချက်ကို ပြောကြရအောင်..”
“ပြောပါ..”
ချီနျန်ချူက ပြုံးလျက် ပြန်ထူးလိုက်၏။
“ရှင်တို့ရဲ့ အစစ်အမှန် အမှတ်အသား.. ဘယ်ကလာတာလဲ.. ပြီးတော့ တကယ်လိုချင်တဲ့ ရည်ရွယ်ချက်က ဘာလဲ.. အကုန်ပြောပြ..”
နင်ဟုန်ယွီမှာ သာမန်မိန်းမငယ်လေး မဟုတ်ပေ။ ရတနာများကို ကြည့်ခြင်းအားဖြင့် ထိုလူများမှာ အနောက်ဘက်ဒေသမှ မဟုတ်ကြောင်း သူမ အတိအကျ သိရှိထားငည်။
“ဒါကတော့..”
ချီနျန်ချူ တွေဝေသွား၏။
“ကျွန်မ ပြောထားတာကို မမေ့ပါနဲ့ဦး.. ရှင်တို့ ကျွန်မကို တစ်ခါလိမ်တာနဲ့တင် ပတ်သက်မှုအားလုံး အပြီးတိုင် ပြတ်စဲသွားမယ်နော်..”
နင်ဟုန်ယွီက လေသံကို နှိမ့်ကာ အေးစက်စွာ ဆိုလိုက်သည်။
“ဒါဆိုရင်.. တခြားနေရာမှာ သီးသန့်ပြောကြမလား..”
ချီနျန်ချူက လူပုံအလယ်၌ လွှတ်ခနဲ မပြောဝံ့ပေ။
“ဒီနေရာမှာပဲ ပြော..”
နင်ဟုန်ယွီက လုံးဝ အလျှော့မပေးပေ။
“အင်း..”
ချီနျန်ချူမှာ အမှန်တရားကို ဆက်လက် ဖုံးကွယ်ထား၍ မရတော့ပေ။
“မိန်းကလေးနင်.. ဒါဆိုရင်တော့ အမှန်အတိုင်း ပြောပါ့မယ်.. ကျွန်တော်တို့က ကန္တာရ ဆယ့်ခြောက် ပြည်ထောင်ကနေ လာကြတာပါ..”
“မိန်းကလေးလည်း ခန့်မှန်းမိနေပြီ ထင်ပါတယ်.. မိန်းကလေးက ကန္တာရ ဆယ့်ခြောက် ပြည်ထောင်ရဲ့ သူတော်စင်မလေးပါ.. အခု ကန္တာရနိုင်ငံတွေက သူတော်စင်မလေး မင်းသမီးလေးရဲ့ ပြန်လာမှုကို အလိုရှိနေကြပါတယ်..”
နင်ဟုန်ယွီမှာ ထိုစကားကြောင့် တစ်ခဏမျှ မှင်သက်သွားရ၏။
ကန္တာရ ဆယ့်ခြောက် ပြည်ထောင် ဟုတ်လား။ ပုံပြင်များထဲ၌သာ ရှိနေသော တာ့ယန်နှင့် ပင်လယ်ခြားနေသည့် နတ်ဆိုးနယ်မြေ၏ အစွန်းမှ နိုင်ငံမှာ သူမ၏ ဇာတိဖြစ်နေသည်ပေါ့။
“ဘုန်း”
ချီနျန်ချူသည် ထိုနေရာ၌ပင် ရုတ်တရက် ဒူးထောက်ချလိုက်ခြင်းပါ။
“မင်းသမီးလေး.. ကျွန်တော်မျိုးနဲ့တကွ သံတမန်အဖွဲ့ အားလုံးက မင်းသမီးလေး ပြန်လာဖို့ ရိုသေစွာ ဖိတ်ခေါ်ပါတယ်..”
သူ စကားဆုံးသည်နှင့် နောက်ကွယ်မှ သံတမန်များလည်း တညီတညွတ်တည်း ဒူးထောက်ချလိုက်ကြသည်။
“ကျွန်မက သူတော်စင်မလေး မဟုတ်ဘူး..”
နင်ဟုန်ယွီက ဘေးသို့ ရှောင်ဖယ်လိုက်ရင်း ပြတ်သားစွာ ဆိုလိုက်သည်။
“ကျွန်မက နဝမ ကူ နန်းတော်က ကူသခင် နင်ဟုန်ယွီပါ.. တာ့ယန် တောင်ပိုင်းနယ်စပ်က ပြည်သူတစ်ယောက်ပဲ..”
ချီနျန်ချူက နာကျင်စွာ ပြန်ပြောလာ၏။
“မင်းသမီးလေး.. နှစ်ပေါင်းများစွာ ရှာမတွေ့ခဲ့တာက ကျွန်တော်မျိုးတို့ရဲ့ အမှားတွေပါ.. ဒါပေမဲ့ ကျွန်တော်တို့မှာလည်း မတတ်သာတဲ့ အခက်အခဲတွေ ရှိခဲ့ပါတယ်..”
“အခု ကန္တာရမှာ ကြီးမားတဲ့ ဘေးအန္တရာယ်တွေ ကြုံနေရလို့ပါ.. မင်းသမီးလေး ပြန်လာမှသာ ကန္တာရကို ကယ်တင်နိုင်မှာမို့လို့ အတိတ်က နာကျင်မှုတွေကို ဘေးဖယ်ထားပေးပါဦး..”
ဆံပင်ဖြူဖြူနှင့် အဘိုးအိုမှာ မြေပြင်၌ ဒူးထောက်လျက် ခယအသနားခံနေရှာတော့၏။
“ကျွန်မ ပြောပြီးပြီလေ.. ကျွန်မက တာ့ယန်လူမျိုးပါလို့.. ကန္တာရမှာ ဘာဖြစ်ဖြစ် ကျွန်မနဲ့ မဆိုင်သလို ရှင်တို့ကိုလည်း အပြစ်တင်ချင်စိတ် မရှိပါဘူး.. အတိတ်က ကိစ္စတွေ ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်..”
နင်ဟုန်ယွီမှာ အနည်းငယ်မျှ တုန်လှုပ်ခြင်း မရှိပေ။ သူမသည် ကန္တာရအပေါ် မည်သည့် သံယောဇဉ်မျှ ရှိမနေပေ။
“မင်း..”
ကန္တာရ သံတမန်အဖွဲ့ထဲမှ တစ်ဦးက ဒေါသကို သည်းမခံနိုင်တော့ဘဲ ငေါက်ခနဲ ထရပ်လိုက်သည်။
“သူတော်စင်မလေး.. မင်းရဲ့ အရာရာတိုင်းက ကန္တာရနတ်ဘုရားဆီက ရထားတာပဲ.. ကန္တာရကို ကယ်တင်ဖို့နဲ့ မိစ္ဆာတွေကို သန့်စင်ဖို့က မင်းရဲ့ မွေးရာပါ တာဝန်ပဲလေ.. ငါတို့က ယဉ်ကျေးစွာနဲ့ ဖိတ်ခေါ်ခဲ့ပြီးပြီ.. မင်းသာ ဆက်ပြီး ခေါင်းမာနေမယ်ဆိုရင်တော့ ငါတို့ဘက်ကလည်း ပြင်းထန်တဲ့ နည်းလမ်းတွေ သုံးရလိမ့်မယ်..”