ဝေခွဲမရဖြစ်ခြင်း
Vol. 13 Ch. 151
ချီနျန်ချူက သံတမန်၏ စိတ်လိုက်မာန်ပါ လုပ်ရပ်ကို မတားဆီးတော့ဘဲ ရင်ထဲ၌ ဒေါသများ ပြည့်လျှံလျက်ရှိ၏။
အကယ်၍ မင်းသမီးက ခေါင်းမာနေမည်ဆိုလျှင် သူတို့အနေဖြင့် ချော့မော့ပြောဆိုခြင်းကို အရင်လုပ်ပြီးမှ အင်အားသုံးရတော့မည်သာ။
"အင်အားသုံးမယ် ..အမယ်လေး ကြွားလုံးထုတ်ရဲတဲ့ ပါးစပ်ပဲ"
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ယွီဟန်ချွမ်းက မတ်တတ်ရပ်လိုက်၏။
"မင်းတို့က ငါ့တပည့်ကို ခေါ်သွားချင်တာလား ..ငါ့ရဲ့ ကူကောင်ကို အရင်မေးပြီးပြီလား"
"ဟုတ်တယ်"
ဖေးလော့ချန်နှင့် လီယွမ်တို့ကလည်း ပြန်လည်ရောက်ရှိလာကြပြီး ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
"နဝမကူနန်းတော်ဆိုတာ မင်းတို့ သောင်းကျန်းချင်တိုင်း သောင်းကျန်းလို့ရတဲ့ နေရာမဟုတ်ဘူး"
ထိုအခိုက် လေထုက ချက်ချင်းပင် တင်းမာသွားကာ တိုက်ခိုက်တော့မည့် အနေအထားသို့ ရောက်ရှိသွားချေပြီ။
"အားလုံးပဲ"
ထိုစဉ် မုရုံစုက ရှေ့တစ်လှမ်း တိုးလာကာ ဝင်ရောက်ပြောဆိုလိုက်၏။
"ကျွန်တော် တစ်ခွန်းလောက် ပြောပါရစေ"
သူက အခြားသူများထက် ပို၍ စိုးရိမ်ပူပန်နေသည်။
အကယ်၍ ကန္တာရလူများသာ ဤနေရာတွင် ပေါက်ကွဲသွားပါက ကျန်း အင်ပါယာဟောင်းကို ပြန်လည်အသက်သွင်းမည့် သူ၏ စနစ်တကျ အကွက်ချထားသော အစီအစဉ်များ အကြီးအကျယ် ပျက်စီးသွားမည် ဖြစ်ရာ ဤသည်ကား သူ လုံးဝ မလိုချင်ဆုံးသော ရလဒ်ပင်။
"မင်းက ဘယ်သူလဲ"
လီယွမ်က မုရုံစုကို စိမ်းစိမ်းကြည့်လိုက်၏။ အမြင်ကတ်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
"ကျွန်တော်က ဆရာချီရဲ့ မိတ်ဆွေတစ်ယောက်ပါ ..ကျွန်တော့် မျိုးရိုးက မုရုံ ဖြစ်ပြီး နာမည်ကတော့ စု လို့ ခေါ်ပါတယ်"
မုရုံစုက လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးရင်း ခပ်ပြုံးပြုံး ရှင်းပြလိုက်၏။
'မုရုံလား'
ဤလောကတွင် မုရုံဟူသော မျိုးရိုးအမည် တူသူများမှာ ရေတွက်၍ မကုန်နိုင်အောင် ရှိသည်။
မုရုံဟူသည် ရှားပါးလှသော မျိုးရိုးအမည် မဟုတ်သော်လည်း လီယွမ်၏ စိတ်ထဲတွင်မူ ထိုအမည်၏ အဓိပ္ပာယ်က လုံးဝကို ခြားနားနေသည်။
သူ ပထမဆုံး စဉ်းစားမိသည်က.. တာ့ယန်အင်ပါယာကြီး မတည်ထောင်မီက ဤပိုင်နက်နယ်မြေကို လောကကို အုပ်စိုးခဲ့သည့် အင်ပါယာမှာ ကျန်း အင်ပါယာဟောင်း ဖြစ်သည် ဆိုသောအချက်ပင်။
'ဖြစ်နိုင်ပါ့မလား ..ဒီလောက် တိုက်ဆိုင်နေတာလား'
လီယွမ်သည် မုရုံစုအပေါ် သူခံစားနေရသော အကြောင်းပြချက်မဲ့ ရန်လိုမှုကို ပြန်လည် သတိရသွားတော့သည်။
'မဟုတ်သေးဘူး ..သွေးသားချင်း ရန်ငြိုးဖွဲ့ထားတယ် ဆိုရင်တောင် အာရုံခံစားမှုက ဒီလောက်ထိ ထက်မြက်မနေသင့်ဘူး ..နောက်ထပ် အကြောင်းအရင်း တစ်ခုခု ရှိရမယ်'
အတန်ငယ် စဉ်းစားပြီးနောက် လီယွမ်သည် ထိုရန်လိုမှု၏ မြစ်ဖျားခံရာကို ရှာဖွေတွေ့ရှိသွားသည်။
'ချွင်..ချွင်..ချွင်'
သူ၏ အဝတ်အစားများ အောက်တွင် တိတ်တဆိတ် ပုန်းကွယ်နေသည်ကား ရှစ်ခွင်လွှမ်း ကံကြမ္မာကူပင်။
ရန်လိုမှု၏ ဇာစ်မြစ်မှာ မျက်စိဖြင့် မမြင်နိုင်သော ကံကြမ္မာများ အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဖြစ်ပြီး သူနှင့် မုရုံစုကြားတွင် သဘာဝတရား၏ အလိုအရ အကြီးအကျယ် ပွတ်တိုက်မှု ရှိနေသည်။
ဤကိစ္စက လီယွမ် လုံးဝ မျှော်လင့်မထားခဲ့သော အရာပင်။
'ရှစ်ခွင်လွှမ်း ကံကြမ္မာကူကို သန့်စင်လိုက်တာက ကပ်ဘေး တစ်ခုကို ဖိတ်ခေါ်လိုက်သလို ဖြစ်သွားတာလား'
ပက်ကျိ၏ ဆန်းကြယ်ပုံရိပ်ကူ စွမ်းအားဖြင့် သူ့ကိုယ်သူ သေချာစွာ ဖုံးကွယ်ထားသော်ငြားလည်း မုရုံစုနှင့် ဖြစ်ပေါ်နေသော ပွတ်တိုက်မှုက ကံကြမ္မာစွမ်းအားတွင် မျက်မြင်မရသော ဩဇာလွှမ်းမိုးမှု ရှိနေကြောင်း သက်သေပြနေသည်။
'သူက ငါ့ရဲ့ ကံကြမ္မာကို အာရုံမခံနိုင်လောက်ဘူး ..ဒါပေမဲ့ ဒီအကြောင်းပြချက်မဲ့ ရန်လိုမှုက ဘယ်ကလာသလဲ ဆိုတာကိုတော့ သူ သံသယ ဝင်နေမှာ သေချာတယ်'
'ဒီလူက အန္တရာယ်ကောင်ပဲ ..သုတ်သင်ပစ်မှ ရမယ်'
'ငါတို့ သူ့ကို အပြစ်တွေ ဖုံးကွယ်ဖို့ နဂါးဝန်ဆောင်မှု ပေးလိုက်ဖို့ အခွင့်အရေး တစ်ခု ရှာရမယ်'
လီယွမ်၏ ခေါင်းထဲတွင် အတွေးများစွာ လျှပ်တစ်ပြက် ဖြတ်ပြေးသွားသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်နေဟန်ဖြင့် ဘာမှ ဆက်မပြောတော့ဘဲ ဆရာဖြစ်သူ၏ အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်တော့သည်။
မုရုံစုက လီယွမ်ကို ဆက်လက် အာရုံမစိုက်တော့ဘဲ ရယ်လိုက်၏။
"သခင်မလေးနင် ..ကန္တာရ ဆယ့်ခြောက် ပြည်ထောင်မှာ ဘာတွေဖြစ်ပျက်နေလဲ ဆိုတာကိုရော သိရဲ့လား ..အကယ်၍များ ခင်ဗျား မပြန်ဘူးဆိုရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာကိုရော တွေးကြည့်ဖူးလား "
"ဘာတွေဖြစ်နေဖြစ်နေ .. ငါနဲ့ ဘာဆိုင်လို့လဲ"
နင်ဟုန်ယွီက အေးစက်စက် လေသံဖြင့် ခွန်းတုံ့ပြန်လိုက်၏။
"ကန္တာရနိုင်ငံတွေရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ လင်းရွှီ (ဝိညာဉ် အပျက်အစီး နယ်မြေ) (၁၆) ခု ရှိတယ် ဆိုတာ သခင်မလေးနင်လည်း အသိဆုံးပါ ..သိပ်မကြာသေးခင်က နတ်ဆိုးတွေဟာ အဲ့ဒီနယ်မြေတွေထဲကို ထိုးဖောက်ဝင်ရောက်ပြီး မကောင်းဆိုးဝါး ပစ္စည်းတွေကို ပစ်ချခဲ့ကြတယ် ..အဲ့ဒီလုပ်ရပ်က ကန္တာရထဲက ဝိညာဉ်သခင် အားလုံးကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်"
မုရုံစုက ဆက်လက် ရှင်းပြသည်။
"ဒီလို ကပ်ဘေးမျိုးက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တာ့ယန်တော်ဝင်မိသားစုရဲ့ သွေးချောင်းစီး အဖြစ်အပျက်ကြီးနဲ့ သွားပြီး ဆင်တူနေတယ် ..ဒါက လောကကြီး တစ်ခုလုံးရဲ့ အခြေအနေကိုပါ ကိုင်လှုပ်ပြောင်းလဲသွားစေမယ့် အလွန်ကြီးမားတဲ့ ကိစ္စရပ်ကြီးပဲ "
"ပြီးတော့ရော"
နင်ဟုန်ယွီက ခနဲ့တဲ့တဲ့ ပြန်မေးလိုက်၏။
"သခင်မလေးနင်က ကန္တာရကို ကိုယ့်အိမ်ကိုယ့်ယာလို့ မခံစားရဘူး ဆိုတာ ကျွန်တော် သိပါတယ် ..ဒါပေမဲ့ ခင်ဗျားက တောင်ပိုင်းနယ်စပ်မှာ မွေးဖွားခဲ့ပြီး ဒီနေရာကိုတော့ ကိုယ့်ရဲ့ ဇာတိမြေအဖြစ် သတ်မှတ်ထားတယ် မဟုတ်လား "
"ခင်ဗျားရဲ့ မိသားစု ..သူငယ်ချင်းတွေနဲ့ သံယောဇဉ်တွယ်ရတဲ့ ချစ်ခင်ရသူတွေ အားလုံးက ဒီမှာပဲ ရှိနေကြတာလေ"
"တောင်ပိုင်းနယ်စပ်ဆိုတာ ခင်ဗျားရဲ့ အမှတ်တရတွေ အားလုံး ကိန်းအောင်းနေတဲ့ နေရာပါ ..ခင်ဗျား ဒီမြေကို အချစ်ကြီး ချစ်နေတာလည်း သဘာဝကျပါတယ် ..ခင်ဗျားရဲ့ ခံစားချက်ကို ကျွန်တော် ကောင်းကောင်း နားလည်ပါတယ် "
မုရုံစုက သက်ပြင်းတစ်ချက် ချလိုက်၏။
"သခင်မလေးနင်နဲ့ ကျွန်တော်က ကိုယ့်ရဲ့ ဇာတိမြေကို အလွန်အမင်း ချစ်မြတ်နိုးကြပြီး စွန့်ခွာဖို့ ဝန်လေးတတ်ကြတယ် ..ဒါပေမဲ့ တချို့ကိစ္စတွေက ကိုယ် စနစ်တကျ အကွက်ချထားသလိုမျိုး ဖြစ်မလာတတ်ဘူး ခင်ဗျ"
နင်ဟုန်ယွီ မျက်မှောင်ကြုတ်သွားတော့သည်။
"စကားတွေကို လှည့်ပတ်ပြောမနေနဲ့ ..နင် ဘာပြောချင်တာလဲ"
မုရုံစုက ရယ်ရင်း တုံ့ပြန်လိုက်၏။
"သခင်မလေးနင် ..အကယ်၍ ကန္တာရကြီးသာ နတ်ဆိုးတွေ လက်အောက် ကျရောက်သွားပြီး နတ်ဆိုးနယ်မြေက တဟုန်ထိုး တိုးတက် အင်အားကြီးမားလာမယ် ဆိုရင် ..နောက်ထပ် ဒုက္ခခံစားရမယ့် သူက ဘယ်သူ ဖြစ်မလဲ ဆိုတာကိုရော တွေးကြည့်ဖူးလား "
"တောင်ပိုင်းနယ်စပ်ပဲပေါ့ ..အဲ့ဒီနေရာက ပထမဆုံး ထိုးနှက်ခံရမယ့် နေရာပဲ"
တာ့ယန်အင်ပါယာနှင့် နတ်ဆိုးနယ်မြေကြား အနီးကပ်ဆုံး ဒေသများမှာ အနောက်ပိုင်းနယ်မြေနှင့် တောင်ပိုင်းနယ်စပ်တို့ပင်။
အရှေ့ပိုင်းဒေသက အဆုံးမဲ့ ပင်လယ်ပြင်ကြီးနှင့် ထိစပ်နေပြီး မြောက်ပိုင်းဒေသမှာမူ အလွန်အမင်း အေးခဲနေသော ရေခဲပြင်ကြီးများ ဖြစ်သည်။ ထိုနေရာနှစ်ခုလုံးမှာ သက်ရှိများ ရှင်သန်ရန် မသင့်တော်သော လူသူကင်းမဲ့သည့် ဒေသများ ဖြစ်ကြပြီး ၎င်းတို့ ကြုံတွေ့ရလေ့ရှိသည်မှာ နတ်ဆိုးကပ်ဘေးများထက် သဘာဝဘေးအန္တရာယ်များသာ ဖြစ်၏။
"ဒါကြောင့် သခင်မလေးနင်က ကန္တာရကို ကူညီခြင်းဟာ တောင်ပိုင်းနယ်စပ်ကို ကူညီရာလည်း ရောက်နေပါတယ် "
မုရုံစုက သူ၏ ယပ်တောင်ကို ပိတ်လိုက်ပြီး မိမိ၏ နေရာသို့ ပြန်သွားကာ ထိုင်လိုက်တော့သည်။
နင်ဟုန်ယွီသည် နက်ရှိုင်းသော အတွေးကမ္ဘာထဲသို့ နစ်မျောသွားသည်။
အကယ်၍ ကန္တာရ ဆယ့်ခြောက် ပြည်ထောင်သာ အမှန်တကယ် ပျက်သုဉ်းသွားခဲ့လျှင် ဤသည်မှာ တောင်ပိုင်းနယ်စပ်အတွက်ရော ..တာ့ယန်အတွက်ပါမက လူသားမျိုးနွယ် တစ်ခုလုံးအတွက်ပါ ကြီးမားသော သတင်းဆိုးကြီး ဖြစ်လာမည်မှာ ယုံမှားဖွယ်ရာ မရှိပေ။
"မင်းတို့ မြေခွေးအိုကြီးတွေက နိုင်ငံတော်ရဲ့ တရားမျှတမှုနဲ့ လူသားမျိုးနွယ် ရှင်သန်ရေးကို အကြောင်းပြပြီး မိန်းကလေး တစ်ယောက်ကို ဖိအားပေးနေကြတာလား ..အရှက်မရှိတဲ့ ကောင်တွေ"
ယွီဟန်ချွမ်းက ကျိန်ဆဲလိုက်၏။
"ဟုတ်တယ်"
ဖေးလော့ချန်ကလည်း ဝင်ရောက်ဟောက်လိုက်သည်။
"ဒီလိုစကားတွေနဲ့ ငါ့အစ်မကြီးရဲ့ ဆုံးဖြတ်ချက်ကို လွှမ်းမိုးဖို့ ကြိုးစားနေတာလား ..မင်းတို့ တာဝန်ကို မင်းတို့ သေချာလုပ်ရဲ့လားဆိုတာ အရင် ပြန်သုံးသပ်ကြဦး ..မင်းတို့စကားကို ငါတို့က ယုံစရာလား"
မုရုံစု၏ စကားများမှာ အဓိပ္ပာယ်ရှိနေသော်လည်း အလွန်အမင်း ကြီးကျယ်ခမ်းနားလွန်းနေသည်။
သူတို့သည် လူသားများထဲမှ သာမန်လူများသာ ဖြစ်ကြရာ ဤမျှ ကြီးမားကျယ်ပြန့်သော အကြောင်းပြချက်ကြီးကို လက်ခံနိုင်စွမ်း မရှိကြပေ။
ထို့အပြင် ကန္တာရ၏ အခြေအနေမှာ မည်သို့မျှ အတည်ပြု၍ မရနိုင်ဘဲ ထိုလူစု၏ တစ်ဖက်သတ် ပြောစကားများသာ ဖြစ်နေသည်လေ။
ရန်သူများ၏ အခြေစိုက်စခန်းသို့ ရောက်ရှိသွားချိန်တွင် ကန္တာရလူများက ယခုကဲ့သို့ ရိုးသားဖြူစင်သော အမူအရာမျိုး ရှိနေဦးမည်လား ဆိုသည်မှာလည်း မသေချာလှချေ။
"ကဲပါ"
ချီနျန်ချူက သက်ပြင်းရှည်ကြီးကို ချလိုက်၏။
"သခင်မလေးနင် ..ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အရင် မှားခဲ့တာပါ ..ပြောပါ ..ကန္တာရကို ခင်ဗျား ပြန်လာဖို့အတွက် ဘာတွေများ လိုအပ်မလဲ "
အခြားသော သံတမန်တစ်ဦးကလည်း ဝင်ရောက်ဖြည့်စွက်လိုက်၏။
"ခင်ဗျားက ကန္တာရလူတွေရဲ့ ဖြစ်တည်မှုကို အသိအမှတ်မပြုဘူး ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ် ..ဒါကြောင့် ကန္တာရကြီး ဒီအခက်အခဲကနေ လွတ်မြောက်အောင် သခင်မလေးနင်ကို အကူအညီ တောင်းပါတယ်လို့ပဲ သဘောထားလိုက်ပါ ..ဘယ်လိုလဲ "
"ခင်ဗျား လိုချင်တဲ့ တန်ဖိုးကို တောင်းဆိုနိုင်ပါတယ် ..ကိုယ်ရေးကိုယ်တာ သံယောဇဉ်တွေကို ထည့်သွင်း စဉ်းစားနေစရာ မလိုပါဘူး"
"ဒါကို အရောင်းအဝယ်တစ်ခုလို့ပဲ သဘောထားလိုက်ပါ"
အကြောင်းပြချက်များနှင့် ခံစားချက်များကို အသုံးပြုကာ ချော့မော့ပြောဆို၍ မရတော့သည့်အဆုံး ကန္တာရလူများမှာ အခြားနည်းလမ်းတစ်ခုကို ရှာဖွေရတော့သည်။
'ဆရာ ..ဂျူနီယာမောင်လေး ..ဖေးလော့ချန် ..တပည့်တို့ ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲဟင်'
နင်ဟုန်ယွီမှာ ဝေခွဲမရ ဖြစ်နေပြီး ကူကောင်ကို အသုံးပြုကာ သူမ၏ အတွေးများကို ပေးပို့လိုက်၏။
ထိုအချက်က သူမ တွေဝေနေပြီ ဖြစ်ကြောင်း သက်သေပြနေသည်။
ကန္တာရလူများ၏ စကားများသာ တကယ်ဖြစ်လာပြီး အဆိုးရွားဆုံး ရလဒ်များဆီသို့ ဦးတည်သွားမည်ကို သူတို့ စိုးရိမ်နေကြ၏။
ထို့အပြင် သူတို့သည် ကန္တာရ၏ စွမ်းအားကို အခွင့်ကောင်းယူကာ ပိုမို အဆင့်မြင့်မြင့် တက်လှမ်းလိုကြသည်။
အကယ်၍ စစ်မှန်သော ချစ်ခြင်းကူကသာ ဆင့်ကဲ မပြောင်းလဲနိုင်ပါက သူမ၏ ကူလမ်းစဉ် ခရီးမှာ မကြာမီ အနာဂတ်တွင် အဆုံးသတ်သွားတော့မည်ကို ကြိုတင် မြင်တွေ့နေရချေပြီ။
'ဟုန်ယွီ ..ဒီကိစ္စအတွက် မင်းရဲ့ နှလုံးသားကိုပဲ ပြန်မေးကြည့်ရမယ်'
ဤကိစ္စက လွန်စွာ အရေးကြီးသည်။ သေးငယ်သော ရှုထောင့်မှ ကြည့်လျှင် နင်ဟုန်ယွီ၏ တစ်ဘဝလုံးစာနှင့် သက်ဆိုင်နေပြီး ကြီးမားသော ရှုထောင့်မှ ကြည့်လျှင်မူ လောကတစ်ခုလုံး၏ အခြေအနေကိုပါ သက်ရောက်မှု ရှိစေမည် ဖြစ်သည်။
သို့ဖြစ်ရာ ဆရာတစ်ဦးဖြစ်သော ယွီဟန်ချွမ်းပင်လျှင် တပည့်ဖြစ်သူအတွက် ကိုယ်စား ဆုံးဖြတ်ချက် မချရဲပေ။
'စီနီယာအစ်မကြီး ..အစ်မကြီး သဘောကျသလိုသာ လုပ်ပါ ..ကျွန်တော်တို့ အားလုံး ထောက်ခံပါတယ်'
ဖေးလော့ချန်က ပြန်လည် ပေးပို့လိုက်၏။
'ဘယ်သူမှ အနာဂတ်ကို ကြိုမဟောနိုင်ဘူး ..အရာအားလုံးက ပစ္စုပ္ပန်မှာပဲ ရှိတာပါ ..စီနီယာအစ်မကြီး အလိုချင်ဆုံး အရာကိုသာ ရွေးချယ်ပါ'
ဝေခွဲမရဖြစ်ကာ အကျပ်ရိုက်နေသော စီနီယာအစ်မကြီးကို ကြည့်ရင်း လီယွမ်သည် သူ၏ အနာဂတ်ကို ခေတ္တမျှ စိတ်ကူးယဉ် ကြည့်လိုက်မိတော့သည်။
"ရှင်တို့ .."
နင်ဟုန်ယွီက နှုတ်ခမ်းကို အသာကိုက်ကာ ချီနျန်ချူနှင့် အခြားသူများကို ကြည့်လိုက်၏။
"ကျွန်မကို အချိန်နည်းနည်းလောက် ပေးနိုင်မလား"
"ရတာပေါ့ "
ချီနျန်ချူက ပြုံးရွှင်စွာ တုံ့ပြန်လိုက်၏။
သူတော်စင်မလေးက တွေဝေနေပြီဆိုလျှင် ဤအခြေအနေကို ကယ်တင်နိုင်ရန် အခွင့်အရေး ရှိနေသေးကြောင်း သက်သေပြနေသည်။
"ကန္တာရက ခင်ဗျား တောင်းဆိုတဲ့ အခြေအနေတွေကို ဖြည့်ဆည်းပေးနိုင်သရွေ့ ကျွန်တော်တို့လည်း လုံးဝ နှမြောနေမှာ မဟုတ်ပါဘူး ..မင်းသမီးအနေနဲ့ သေချာ စဉ်းစားပေးဖို့ မျှော်လင့်ပါတယ် ..သတင်းကောင်းကို စောင့်မျှော်နေပါ့မယ်"
ထိုသို့ ပြောဆိုပြီးနောက် ချီနျန်ချူသည် ဆက်လက် ဖိအားမပေးတော့ဘဲ သူ၏ လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။
ထိုလူစု ပင်မတောင်ထိပ်မှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် နင်ဟုန်ယွီ၏ မာနထောင်လွှားနေသော အမူအရာများ ချက်ချင်း ပျောက်ကွယ်သွားပြီး ကုလားထိုင်ပေါ်တွင် ခန္ဓာကိုယ် ပျော့ခွေလဲကျကာ ငေးငိုင်စွာ ထိုင်နေတော့၏။