နင်ဟုန်ယွီ၏ ရွေးချယ်မှု
Vol. 13 Ch. 152
နင်ဟုန်ယွီ၏ စိတ်အခြေအနေ သိပ်မကောင်းသည်ကို မြင်သောအခါ အားလုံးက ဝိုင်းဝန်း နှစ်သိမ့်ပေးကြသည်။ မုရုံစု၏ စကားများက နင်ဟုန်ယွီ၏ စိတ်နေသဘောထားကို ပြောင်းလဲသွားစေခဲ့ပြီး ဖိအားများအောက်တွင် ဂနာမငြိမ် ဖြစ်နေကာ မျက်ဝန်းများထဲတွင် စိုးရိမ်မှု အရိပ်အယောင်များ ထင်ဟပ်နေကြောင်းကို အားလုံးက ရှင်းလင်းစွာ မြင်တွေ့နေရပေ၏။
“စီနီယာအစ်မကြီး... ဟိုမုရုံစု ပြောတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမယောင်ပါနဲ့”
ဖေးလော့ချန်က မျက်မှောင်ကြုတ်ကာ ဒေါသတကြီး ကျိန်ဆဲလိုက်၏။
“အဲ့ဒီကောင်က သိသိသာသာကို စေတနာမပါတာ... သူက အများအကျိုးဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ပြီး အစ်မကြီးကို ချည်နှောင်ဖို့ ကြိုးစားနေတာ... သူက အဲ့ဒီလိုလုပ်ဖို့ ထိုက်တန်လို့လား”
“ဟုတ်တယ်”
ဝမ်ကျောက်ကျောက်ကလည်း ရှားရှားပါးပါး ဝင်ရောက်ပြောဆိုလာသည်။
“စီနီယာအစ်မကြီးဟုန်ယွီ... အရမ်းကြီး တွေးမနေပါနဲ့... သူတို့ကိုယ်တိုင်တောင် လောကကြီးကို မကယ်တင်နိုင်ဘဲနဲ့ အစ်မကြီးဆီကနေ ဘာလို့ မျှော်လင့်နေရတာလဲ”
“ငါ...”
နင်ဟုန်ယွီက ခါးသီးစွာ ပြုံးလိုက်၏။
“မုရုံစု ပြောတဲ့စကားတွေက အဓိပ္ပာယ်ရှိပါတယ်... ကန္တာရ ဆယ့်ခြောက် ပြည်ထောင်ကလည်း လုံလောက်တဲ့ အခြေအနေတွေကို ပေးထားတယ်လေ... ငါ... တစ်ချက်လောက်တော့ စမ်းကြည့်ချင်တယ်”
“စီနီယာအစ်မကြီး... တကယ်ပြောနေတာလား”
ဖေးလော့ချန်က မယုံနိုင်စွာ မေးမြန်းလိုက်၏။
“အင်း”
နင်ဟုန်ယွီက ရှင်းပြသည်။
“ထူးခြားကူကောင်တွေကို သန့်စင်ဖို့ လိုအပ်တဲ့ အခြေအနေတွေက အလွန်ကို ကြမ်းတမ်းခက်ခဲတယ်... ငါ့ရဲ့ ပင်မကူကောင်ဖြစ်တဲ့ စစ်မှန်တဲ့ ချစ်ခြင်းကူကောင်သာ ထူးခြားကူကောင်အဖြစ် ဆင့်ကဲပြောင်းလဲမယ်ဆိုရင်... သူ့ကို ပံ့ပိုးပေးနိုင်မယ့် သေချာတဲ့ အခွင့်အရေးတစ်ခု ရှိဖို့ လိုအပ်တယ်”
ထို့ပြင် သူမ၏ သဘာဝအလျောက် ပုံမှန်မဟုတ်သော သွေးများ၏ ရည်ရွယ်ချက်က အဘယ်နည်း... ထိုအရာ၏ စစ်မှန်သော စွမ်းအားများကို မည်သို့ ထုတ်ဖော်အသုံးချရမည်နည်း... ထိုလျှို့ဝှက်ချက်များ အားလုံးက ကန္တာရထဲတွင် ပုန်းကွယ်နေသည်။
“စီနီယာအစ်မကြီး... ဒီကိစ္စကို သေချာ ထပ်ပြီး စဉ်းစားသင့်တယ်”
လီယွမ်က အဆိုးရွားဆုံး အခြေအနေမှ တွက်ဆကာ ဝင်ရောက်ပြောဆိုလိုက်၏။
“ကန္တာရထဲက လူတွေက အစ်မကြီးကို လှည့်စားဖို့ အချိုသတ်စကားတွေနဲ့ ကြီးကျယ်ခမ်းနားတဲ့ ကတိတွေ ပေးနေတာလည်း ဖြစ်နိုင်တယ်”
“ကန္တာရထဲ ရောက်သွားတာနဲ့ အစ်မကြီးက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပြီး သူတစ်ပါးရဲ့ သနားညှာတာမှုအောက်ကို ရောက်သွားလိမ့်မယ်... ကန္တာရဆီ မသွားခင် အစ်မကြီးရဲ့ လုံခြုံရေးအတွက် လုံလောက်တဲ့ ကျောထောက်နောက်ခံ ရှိထားမှ ဖြစ်မယ်”
အကယ်၍ အကျိုးရှိသော အခြေအနေများ အားလုံးက မိမိတို့ဘက်တွင် ရှိနေမည်ဆိုပါက စီနီယာအစ်မကြီး အနေဖြင့် ကန္တာရသို့ သွားခြင်းက ဆိုးရွားမည် မဟုတ်ဟု လီယွမ်က တွေးတောမိသည်။ စီနီယာအစ်မကြီး ကိုယ်တိုင် စိတ်ဝင်စားနေသည်ကိုလည်း သူ ကောင်းစွာ ရိပ်မိနေပေ၏။ ကျင့်ကြံခြင်း လမ်းစဉ်တွင် အမြင့်ဆုံး တောင်ထိပ်သို့ တက်လှမ်းကာ အလှပဆုံးသော ရှုခင်းများကို မည်သူကများ မမြင်တွေ့လိုဘဲ နေပါမည်နည်း။
“ချစ်တပည့် ယွမ်လေးက တကယ်ကို တွေးတွေးဆဆနဲ့ သတိကြီးလှတယ်”
ယွီဟန်ချွမ်းက အားရပါးရ ချီးကျူးလိုက်၏။
“လောစရာ မလိုပါဘူး... ဖြည်းဖြည်းချင်း သေချာ စဉ်းစားကြတာပေါ့”
ဆရာနှင့် တပည့်တစ်စုသည် အတူတကွ ထိုင်ကာ တန်ပြန် အစီအမံများကို စတင် ဆွေးနွေးကြတော့သည်။ ဤဆွေးနွေးမှုမှာ လဝက်ကျော်မျှပင် ကြာမြင့်ခဲ့ပေ၏။ သူတို့ စဉ်းစားမိသမျှ တောင်းဆိုချက် အားလုံးကို စက္ကူပေါ်တွင် အတိအကျ ချရေးထားကြသည်။
နင်ဟုန်ယွီ၏ စိတ်အခြေအနေမှာ များစွာ ကြည်လင်လာခဲ့ပြီး သူမကိုယ်သူမ ရံဖန်ရံခါ နောက်ပြောင် ပြောဆိုတတ်သည်။
“ငါ့ဂိုဏ်းကို ထောက်ပံ့ဖို့ ငါ့ကိုယ်ငါ ရောင်းစားလိုက်ရသလို ဘာလို့ ခံစားနေရတာလဲ”
“စီနီယာအစ်မကြီး... အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောပါနဲ့”
လီယွမ်က လေးနက်သော လေသံဖြင့် ဝင်ဟောက်လိုက်၏။
“ဘေးအန္တရာယ်ကနေ ကင်းဝေးဖို့ဆိုတာ ငွေကုန်ကြေးကျ ခံရမှာပဲ... ဒါက လောကကြီးကို ကယ်တင်မယ့် အရေးကြီးတဲ့ ကိစ္စကြီးလေ... သူတို့ဘက်က အစွမ်းကုန် ကြိုးပမ်းအားထုတ်သင့်တာ အမှန်တရားပဲ”
ဤကာလအတွင်း လီယွမ်သည် နင်ဟုန်ယွီ၏ စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်ဆရာ တစ်ဦးအဖြစ် ဆောင်ရွက်ပေးခဲ့သည်။
အဓိက အချက်မှာ ရိုးရှင်းလှသည်... ။
အကြောင်းပြချက် မရှိဘဲ ကိုယ်ကျင့်တရားဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ထမ်းမထားရန်ပင် ဖြစ်၏။
လောကကြီးကို ကယ်တင်လိုသော မြင့်မြတ်သည့် ရည်ရွယ်ချက် ရှိနေလျှင်တောင် လောကကို ကယ်တင်ခဲ့ပြီးပါက ပို၍ တောင်းဆိုခွင့် ရှိသည်ဆိုသည်ကို နားလည်ထားရမည် ဖြစ်သည်။
လီယွမ်၏ ထိုဉာဏ်အလင်းပွင့်စေသော စကားများကြောင့် နင်ဟုန်ယွီ၏ စိတ်ထဲတွင် များစွာ ပေါ့ပါးသွားခဲ့ရသည်။ နောက်ဆုံးတွင် အောက်ပါ တောင်းဆိုချက်များကို စက္ကူပေါ်တွင် အတိအကျ စာရင်းပြုစုလိုက်တော့၏။
ပထမအချက်... ချီနျန်ချူ ဦးဆောင်သော ကန္တာရ သံတမန်များသည် အရာအားလုံး အမှန်တကယ် ဖြစ်ကြောင်း၊ မည်သည့် လှည့်စား ဖုံးကွယ်မှုမျှ မရှိကြောင်းနှင့် နင်ဟုန်ယွီကို မည်သည့်အခါမျှ အန္တရာယ် မပြုကြောင်း သေချာစေရန် ကတိသစ္စာ ပြုရမည်။ ဤသည်မှာ အရေးအကြီးဆုံး အချက်ပင်။ အခြေခံအကျဆုံး လုံခြုံရေးကိုပင် အာမမခံနိုင်ပါက ကန္တာရသို့ သွားရခြင်းမှာ အဓိပ္ပာယ် မရှိတော့ပေ။
ဒုတိယအချက်... ကန္တာရ ဆယ့်ခြောက် ပြည်ထောင်သည် နင်ဟုန်ယွီ လိုအပ်သော ကျင့်ကြံခြင်း အရင်းအမြစ်များကို သူတို့၏ စွမ်းဆောင်နိုင်သမျှ အကုန်အစင် ထောက်ပံ့ပေးရမည်။
တတိယအချက်... ချစ်လှစွာသော ဂျူနီယာမောင်လေး လီယွမ်အတွက် တောင်းပန်မှုကို စနစ်တကျ ပြုလုပ်ပေးရမည်။
စတုတ္ထအချက်... အကယ်၍ နင်ဟုန်ယွီက တောင်ပိုင်းနယ်စပ်သို့ ပြန်လိုပါက ကန္တာရ ဆယ့်ခြောက် ပြည်ထောင် အနေဖြင့် သူမ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို လုံးဝ ကန့်သတ်ချုပ်ချယ်ခြင်း မပြုရ။
ပဉ္စမအချက်... နင်ဟုန်ယွီအား သွေးသားဆွေမျိုးများကို အသိအမှတ်ပြုရန် သို့မဟုတ် အမည်နာမ ပြောင်းလဲရန် အတင်းအကျပ် ဖိအားမပေးရ... တရားမျှတသော အရောင်းအဝယ် မူဝါဒကို အမြဲတမ်း စောင့်ထိန်းရမည်။
အကြိမ်ကြိမ် တွေးတောစဉ်းစားပြီးနောက် တောင်းဆိုချက်များမှာ လုံလောက်စွာ ဘေးကင်းလုံခြုံမှု ရှိကြောင်း အတည်ပြုပြီးချိန်၌ ဂိုဏ်းသား လေးဦးသည် ထိုစက္ကူလိပ်ကို ချီနျန်ချူနှင့် အဖွဲ့ထံသို့ ပို့ဆောင်ရန် လူတစ်ဦးအား စေလွှတ်လိုက်တော့သည်။
စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်နေစဉ် အတောအတွင်း... တောင်ပိုင်းနယ်စပ်၏ အခြေအနေနှင့် ပတ်သက်သော သတင်းများစွာကို လီယွမ် ကြားသိခဲ့ရသည်။
တောင်ပိုင်းနယ်စပ် ကြည့်ရှုစစ်ဆေးရေးမှူး ရာထူးကို လက်ခံရယူပြီးနောက် ရှောင်ချင်အာသည် ညဇီးကွက် အစောင့်တပ်နှင့် နဝမကူနန်းတော်တို့၏ ကျောထောက်နောက်ခံ ပြုမှု... ထို့ပြင် ချန်းလန်စစ်တပ်၏ အင်အား တစ်စိတ်တစ်ပိုင်းကို အသုံးပြုကာ တောင်ပိုင်းနယ်စပ်ရှိ နတ်ဆိုး အခြေစိုက်စခန်း အတော်များများကို ဆက်တိုက်ဆိုသလို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့သည်။
တောင်ပိုင်းနယ်စပ်ရှိ နတ်ဆိုးများ သောင်းကျန်းမှုများမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ချေပြီ။ နတ်ဆိုးများသည် တောင်ပိုင်းနယ်စပ် ဗဟိုဧရိယာမှ ဆုတ်ခွာလာကြပြီး နယ်စပ်ဘက်သို့ အဆက်မပြတ် ဆုတ်ယုတ်လာကာ နတ်ဆိုးနယ်မြေသို့ အချိန်မရွေး ပြန်လည် ထွက်ပြေးရန် အသင့်အနေအထား ဖြစ်နေကြတော့သည်။
တိုက်ပွဲများ ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ရှောင်ချင်အာသည် နောက်ဆုံးတွင် ဝါးတောငယ်လေးဆီသို့ ပြန်လာရန် အချိန်ရသွား၏။
“အစ်ကိုလီယွမ်”
လီယွမ်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ရှောင်ချင်အာ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာထက်တွင် အပြုံးပန်းလေးများ ပွင့်လန်းလာခဲ့သည်။
“အစ်ကိုက သိပ်ကို အလုပ်များတဲ့သူပဲ... ကျွန်မထက်တောင် အလုပ်များနေသေးတယ်”
“ကျန်းဟူသိုင်းလောကထဲကို ရောက်နေရင် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်လို့ မရနိုင်တော့ဘူးလေ”
သူ၏ ရာထူးတက်ပွဲ အခမ်းအနားကို မတက်ရောက်ခဲ့သည့်အတွက် ကောင်မလေးက မကျေမနပ် ညည်းညူနေကြောင်းကို လီယွမ် ကောင်းစွာ သိရှိနေသည်။
“ချင်အာ... မင်း အစ်ကို့ကို နားလည်ပေးနိုင်မှာပါ ဟုတ်တယ်မလား”
“အစ်ကိုလီယွမ်က အရှေ့ပိုင်း ယူနယ်မြေကို သွားပြီး ထျန်းဝေ့ထျန်းရဲ့ လုပ်ကြံမှုကို ခံခဲ့ရတယ်လို့ ကြားတယ်”
ရှောင်ချင်အာကလည်း လီယွမ်ကို ရှာဖွေရန် ထိုဒေသသို့ လူများ စေလွှတ်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ ထိုအချိန်က သူမ အလွန်တရာ စိုးရိမ်ပူပန်ခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် အစ်ကိုလီယွမ်က ဘေးကင်းစွာ ပြန်လည် ရောက်ရှိလာခဲ့လေပြီ။
“အသေးအမွှား မတော်တဆမှုလေးတစ်ခုပါ... အရာအားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ”
ကန္တာရ သံတမန်များ လာရောက်သည့် သတင်းကို ပေါက်ကြားခံ၍ မဖြစ်ပေ။ လီယွမ်သည် ညဇီးကွက်ဘုရင်၏ အာရုံစိုက်မှုကို ဆွဲဆောင်မိမည် စိုးရိမ်သဖြင့် ထိုကိစ္စကို ဆက်လက် မဟမိတော့ဘဲ စကားလမ်းကြောင်းကို ချက်ချင်း လွှဲချလိုက်တော့သည်။
“ချင်အာ... မင်း ဒီတလော ဘယ်လိုနေလဲ... တောင်ပေါ်မှာ မင်းကို ချီးကျူးနေတဲ့ အသံတွေ အများကြီး ကြားနေရတယ်... ပြည်သူတွေကြားမှာ မင်းက တော်တော်လေးကို ရေပန်းစားနေတာပဲ”
ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ရှောင်ကျောက် ပြောပြသော ဖြစ်ရပ်များစွာမှတစ်ဆင့် လီယွမ်သည် သတင်းအချက်အလက် အမြောက်အမြားကို ကောက်နုတ်ရရှိခဲ့သည်။ ပထမဆုံးနှင့် အရေးအကြီးဆုံးအချက်မှာ တောင်ပိုင်းနယ်စပ် ကြည့်ရှုစစ်ဆေးရေးမှူးအဖြစ် ရှောင်ချင်အာ၏ ခန့်အပ်ခံရမှုသည် ဒေသအတွက် အကျိုးရှိသော ကိစ္စရပ်တစ်ခုဖြစ်ပြီး နေရာအနှံ့မှ ပြည်သူများက အခိုင်အမာ ထောက်ခံထားကြခြင်းပင်။
ကျန်ဟူသိုင်းလောကမှ အဖွဲ့ဝင်များစွာသည်ပင် နတ်ဆိုးများကို တိုက်ခိုက်ရန်အတွက် ရှောင်ချင်အာ၏ တပ်ဖွဲ့များထဲသို့ နောက်လိုက်များအဖြစ် အလိုအလျောက် ဝင်ရောက်လာကြသည်။ ရှောင်ချင်အာ၏ ခေါင်းဆောင်မှုအောက်တွင် တောင်ပိုင်းနယ်စပ်ဒေသသည် ယခင်က ကမောက်ကမ အခြေအနေမှ အပြုသဘောဆောင်ကာ အထက်သို့ တိုးတက်လာသော လမ်းကြောင်းပေါ်သို့ ပြောင်းလဲရောက်ရှိသွားချေပြီ။
“အစ်ကိုလီယွမ်ကတော့ မြှောက်ပင့်နေပြန်ပါပြီ”
ရှောင်ချင်အာသည် သူမအနေဖြင့် လုံလောက်အောင် မစွမ်းဆောင်ရသေးဟု အမြဲတမ်း ခံစားနေရ၏။
“သာမန်ပြည်သူတွေက ကျွန်မကို နေရာတစ်ခု ပေးထားတာဟာ သူတို့ အလိုချင်ဆုံးဖြစ်တဲ့ အလင်းရောင်ကို ရဖို့အတွက် ကျွန်မက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြလို့ပါ”
“ချင်အာ လုပ်ခဲ့သမျှ အရာအားလုံးက လိုအပ်ချက်အရ လုပ်ခဲ့ရတာတွေချည်းပါပဲ”
“နတ်ဆိုးတွေ အားလုံးကို နိုင်ငံထဲကနေ မောင်းထုတ်နိုင်ပြီး တောင်ပိုင်းနယ်စပ်က အမှန်တကယ် အေးချမ်းသွားတဲ့အချိန်... ပြည်သူတွေ စိုးရိမ်ပူပန်ပြီး ကြောက်ရွံ့စွာ မနေရတော့တဲ့အချိန်... ညဘက်တွေမှာ တံခါးမပိတ်ဘဲ အိပ်ရဲပြီး လမ်းပေါ်ကျနေတဲ့ ပစ္စည်းတွေကိုတောင် ဘယ်သူမှ မကောက်ကြတော့တဲ့ အချိန်ရောက်မှသာ ဒီလို ချီးကျူးသံတွေကို ချင်အာ နားဆင်ရဲမှာပါ”
ဤစကားများကို ပြောဆိုချိန်တွင် ရှောင်ချင်အာ၏ မျက်နှာထားက ကျောက်ဆင်းတုတစ်ဆူပမာ အလွန်တည်ကြည်လေးနက်နေပြီး သူမ၏ အကြည့်များကလည်း ကူအင်မော်တယ် အဆင့်သို့ တက်လှမ်းတော့မည့်သူ တစ်ဦးကဲ့သို့ ခိုင်မာပြတ်သားနေသည်။ လီယွမ် အံ့အားသင့်သွားရ၏... ဤကောင်မလေးသည် တစ်နေ့တခြား ပို၍ ဖြောင့်မတ်မှန်ကန်လာချေပြီ။
နှစ်များစွာ တစ်လျှောက်လုံး ရှောင်ချင်အာသည် လူ့သဘာဝ၏ ရက်စက်ကောက်ကျစ်မှုများကို သတိမပြုမိဘဲ စစ်ရေးစွမ်းရည်များလည်း ကင်းမဲ့ခဲ့သဖြင့် ဆုံးရှုံးမှုများ၊ တရားမျှတမှု မရှိခြင်းများနှင့် မတရားမှုများကို များစွာ ခံစားခဲ့ရ၏။ သို့သော် သူမ၏ စစ်မှန်သော အတ္တကို မေ့လျော့သွားသည့် အချိန်ဟူ၍ တစ်ခဏမျှပင် မရှိခဲ့ဖူးချေ။
လီယွမ် စိတ်ထဲတွင် ကြိတ်၍ တွေးလိုက်မိသည်။
‘နှလုံးသားမေးခွန်း ကူကောင်က ထူးခြားကူကောင် စာရင်းမှာ နံပါတ် (၃) နေရာနဲ့ အမှန်တကယ်ပဲ ထိုက်တန်ပါတယ်... ရှောင်ချင်အာရဲ့ သန့်စင်မှုကို ခံယူလိုက်ရတာက တစ်ယောက်ကို တစ်ယောက် ချုပ်ချယ်နေတာမျိုး မဟုတ်ဘဲ အပြန်အလှန် အကျိုးပြုနေတဲ့ ဆက်ဆံရေးမျိုးပဲ’
“ချင်အာ... သိပ်တော်တယ်”
လောကရှိ စကားလုံးများ အားလုံးသည် ဤချီးကျူးစကား တစ်ခွန်းတည်းတွင် အနှစ်ချုပ်သွားသည်။ လီယွမ်သည် အမျိုးသမီး သူရဲကောင်း ဟူသော ဘွဲ့နာမနှင့် ထိုက်တန်လှသည့် ဤမိန်းမငယ်လေးကို အမှန်တကယ်ပင် အထင်ကြီး လေးစားသွားခဲ့ပေ၏။
“အစ်ကိုလီယွမ်... တာ့ယန်ကြီးက အမှန်တကယ်ပဲ တည်ငြိမ်သွားနိုင်မယ်လို့ အစ်ကို ထင်လား”
ရှောင်ချင်အာတွင်လည်း ဖုံးကွယ်ထားသော ထိခိုက်လွယ်သည့် အားနည်းချက်တစ်ခု ရှိနေသည်။ လီယွမ်၏ အရှေ့သို့ ရောက်ရှိလာချိန်နှင့် ကလေးဘဝ အမှတ်တရများ၏ လရောင်ဖြူဖြူလေး၏ အထိအတွေ့ကို ခံစားရချိန်မျိုးတွင်မှသာ သူမ၏ စစ်မှန်သော ခံစားချက်များကို ထုတ်ဖော်ပြသကာ နှစ်သိမ့်မှု အချို့ကို တောင့်တတတ်သည်။
“သေချာပေါက် တည်ငြိမ်သွားမှာပါ”
လီယွမ်က ပြုံးရွှင်စွာ တုံ့ပြန်လိုက်၏။
“အစ်ကိုလီယွမ်က ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ ပြတ်ပြတ်သားသား ဖြေတာကို မြင်ရခဲတယ်... ချင်အာ အရမ်းပျော်သွားပြီ”
ရှောင်ချင်အာ လိုအပ်သည်မှာ ကြင်နာတတ်သော စကားတစ်ခွန်းနှင့် လမ်းညွှန်ဆရာ တစ်ဦးထံမှ အားပေးစကားသာ တာ့ယန်၏ အနာဂတ်ကို အစ်ကိုလီယွမ်က မည်သို့များ အဆုံးအဖြတ် ပေးနိုင်မည်နည်း။
မိန်းကလေးတွင် တောက်ပသော မျက်လုံးများနှင့် ဖြူစင်သော သွားများရှိပြီး သူမ၏ လက်သန်းလေးကို ထုတ်ပြလိုက်ချိန်တွင် ကလေးငယ်လေး တစ်ယောက်နှင့် တူနေတော့သည်။
“အစ်ကိုလီယွမ်... ကတိပေးပါ... တာ့ယန်ကြီး ငြိမ်းချမ်းသွားတဲ့အခါ ချင်အာက စစ်တပ်ကနေ အနားယူပြီး အစ်ကိုနဲ့အတူ ကူကောင်တွေ သန့်စင်ဖို့ ဒီဝါးတောငယ်လေးဆီကို ပြန်လာခဲ့မယ်”