ခွဲခွာခြင်း
Vol. 13 Ch. 154
ကန္တာရ၏ အကျိုးအတွက် သံတမန် တစ်ဆယ့်ခြောက်ဦးစလုံးသည် အစီအစဉ်အတိုင်း ကတိသစ္စာပြုကြပြီး အဓိဋ္ဌာန်များ ချမှတ်လိုက်ကြသည်။
ထိုအချိန်တွင် နင်ဟုန်ယွီ၏ စိတ်နေစိတ်ထားမှာလည်း ပြောင်းလဲသွားခဲ့ချေပြီ။
တစ်ဖက်လူက သူမ၏ တောင်းဆိုချက်များကို အမှန်တကယ် လက်ခံလိုက်ပြီ ဖြစ်သောကြောင့် သူမအနေဖြင့် နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။ သူမသည် သူမ၏ အမှတ်တရများ ကိန်းအောင်းရာ ဇာတိမြေမှ အမှန်တကယ်ပင် ထွက်ခွာသွားရတော့မည် ဖြစ်၏။
သူမသည် သူမကို ပြုစုပျိုးထောင်ပေးခဲ့သော ဆရာများ... ဆွေမျိုးများ... သူငယ်ချင်းများနှင့် ချစ်လှစွာသော ဂျူနီယာမောင်လေးကိုပါ ချန်ရစ်ထားခဲ့ရတော့မည်။
“သခင်မလေးကို အရိုအသေ ပေးပါတယ်”
ချီနျန်ချူနှင့် သူ၏ အခြွေအရံများသည် ဒူးထောက်ကာ အစွမ်းကုန် ရိုသေလေးစားမှုဖြင့် ဂါရဝပြုလိုက်ကြသည်။
“ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး”
နင်ဟုန်ယွီက လက်ကို ဝှေ့ယမ်းလိုက်၏။
“ဒီကိစ္စတွေကို ကန္တာရကို ရောက်မှ ဆက်ပြောကြတာပေါ့... ငါ့ရဲ့ ဂျူနီယာမောင်လေးကို ပေးမယ့် လက်ဆောင်တွေကော အဆင်သင့် ဖြစ်ပြီလား”
“ဟုတ်ကဲ့”
ချီနျန်ချူက ခေါင်းညိတ်လိုက်သည်။
သူတို့ အမှတ် (၁၂) ကူနန်းသို့ နောက်တစ်ကြိမ် လာရောက်ရန် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရခြင်း၏ အကြောင်းရင်းမှာ ဤအတွက်ကြောင့်ပင်။
ပစ္စည်းများ စုဆောင်းရန် အချိန်များစွာ ယူခဲ့ရသည်။
ထိုအချိန်အတောအတွင်း ကန္တာရမှ သံတမန်များကြားတွင်လည်း ပြင်းထန်သော အငြင်းပွားမှုများ ဖြစ်ပွားခဲ့၏။
သံတမန် အများစု၏ အမြင်တွင် သခင်မလေးသည် ကန္တာရသို့ ပြန်သွားပြီးနောက် မြင့်မြတ်ပြီး အထွတ်အထိပ်သို့ ရောက်ရှိမည့် ဧကရီသခင်မကြီး ဖြစ်လာပေမည်။ ဂုဏ်သိက္ခာကြီးမားလှသော ကန္တာရ ဧကရီသခင်မကြီး တစ်ဦးက သာမန် ကူသခင်လေး တစ်ယောက်အပေါ် မည်သို့များ အရူးအမူး ဖြစ်နေရသနည်း။
တစ်ဖက်လူအတွက် ဘာကြောင့် ဤမျှများပြားသော ရတနာတွေကို ပြင်ဆင်ပေးရမည်နည်း။
ဤလုပ်ရပ်မှာ မိမိတို့၏ မိသားစုပိုင် ပစ္စည်းများကို ယူဆောင်ကာ အပြင်သို့ သယ်ထုတ်သွားခြင်းနှင့် အတူတူပင် ဖြစ်သောကြောင့် ကန္တာရ သံတမန်များကို အကြီးအကျယ် မကျေမနပ် ဖြစ်စေခဲ့သည်။
သူတို့၏ အမြင်တွင် ယခုအချိန်၌ သခင်မလေးနှင့် ကူသခင် လီယွမ်တို့ကြားရှိ ခံစားချက်များက နက်ရှိုင်းနေသော်လည်း... အနာဂတ်တွင် သူတို့၏ အမြင်များ ပြောင်းလဲသွားကာ တစ်ယောက်တစ်လမ်းစီ ခွဲခွာရမည်မှာ မလွဲဧကန်ပင်။
လင်းရွှီတွင် မွေးဖွားသူများသည် နောက်ဆုံး၌ လင်းရွှီသို့သာ ပြန်လည် ရောက်ရှိလာရမည်။
ကန္တာရတွင် မွေးဖွားလာသူ မည်သူမဆို ကန္တာရ နတ်ဘုရား၏ ကြီးမြတ်သော ဆန္ဒကို လွန်ဆန်နိုင်စွမ်း မရှိချေ။
သူမ၏ ဘဝလက်ကျန် တစ်သက်တာလုံး သခင်မလေးသည် ဤမြေပေါ်သို့ မည်သည့်အခါမျှ ပြန်လည် ခြေချနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့အနေဖြင့် မည်သည့် ကတိကဝတ်များကိုမျှ ဂရုမစိုက်ကြပေ။ သခင်မလေးကို ကန္တာရသို့ ပြန်လည် ခေါ်ဆောင်နိုင်သရွေ့ လင်းရွှီက သခင်မလေးကို မှန်ကန်သော ရွေးချယ်မှု ပြုလုပ်နိုင်ရန် လမ်းပြပေးလိမ့်မည်။
အလျား ငါးပေနှင့် အနံ သုံးပေစီ ရှိသော သစ်သားသေတ္တာကြီး သုံးလုံးကို ခန်းမထဲသို့ သယ်ဆောင်လာကြသည်။
ချီနျန်ချူက သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ ရယ်လိုက်၏။
“သခင်မလေး...သူရဲကောင်းလေး လီယွမ်... ဒါက ကျွန်တော်တို့ရဲ့ တောင်းပန်မှုပါ... ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါဦး”
နင်ဟုန်ယွီက လီယွမ်ကို ကြည့်ကာ ပြုံးလိုက်၏။
“ဂျူနီယာမောင်လေး... တစ်ချက်လောက် ကြည့်လိုက်ပါဦး”
“ဟုတ်ကဲ့”
လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။
ဤသည်မှာ စီနီယာအစ်မကြီး မထွက်ခွာမီ သူ... ဆရာနှင့် စီနီယာအစ်ကို ဖေးလော့ချန်တို့အတွက် တိုက်ပွဲဝင်ပေးခဲ့သော နောက်ဆုံး အကျိုးအမြတ်ပင်။
စီနီယာအစ်မကြီးက ကန္တာရကို တောင့်တနေဆဲ ဖြစ်ပြီး... အမှန်တရားကို ရှာဖွေကာ ကူနည်းစနစ်တွင် ပိုမို မြင့်မားသော အထွတ်အထိပ်သို့ တက်လှမ်းလိုနေဆဲ ဖြစ်ကြောင်း သူ ကောင်းစွာ သိမြင်နေပါ၏။
ထို့ကြောင့် သူ၊ ဆရာနှင့် စီနီယာအစ်ကို ဖေးလော့ချန်တို့သည် စကားအများကြီး မပြောတော့ဘဲ စီနီယာအစ်မကြီး၏ ဆန္ဒကို အပြည့်အဝ ထောက်ခံပေးခဲ့ကြသည်။
လီယွမ်က သေတ္တာကို ဖွင့်လိုက်ပြီး... သူ၏ အကြည့်များက မရေမတွက်နိုင်သော ရတနာများပေါ်သို့ ကျရောက်သွားသည်နှင့် သူ၏ အတွေးများကလည်း ခုတ်မောင်းသွားတော့၏။
(သွေးရောင်မီးတောက် သဲ - မီးခတ်သဲ လင်းရွှီ (ဝိညာဉ် အပျက်အစီး နယ်မြေ)၏ ဗဟိုချက်မှ ထွက်ပေါ်လာသော ရှားပါးသဲမျိုး ဖြစ်ပြီး ပေါများလှသော မီးစွမ်းအင်များ ပါဝင်သည်)
(လမင်းအရိုး - ယောင်သားရဲ သေဆုံးပြီးနောက် လစမ်းရေ လင်းရွှီ (ဝိညာဉ် အပျက်အစီး နယ်မြေ)တွင် မြှုပ်နှံခံရသည်... နှစ်ပေါင်းများစွာ ကြာပြီးနောက် အရိုးသည် ဆင့်ကဲပြောင်းလဲလာကာ လရောင်ကို ထုတ်လွှတ်ပေးနိုင်စွမ်း ရှိလာသည်)
(သွေးနွယ်ရှင် - သွေးဆူး လင်းရွှီ (ဝိညာဉ် အပျက်အစီး နယ်မြေ)တွင် ပေါက်ရောက်သော အလွန် အန္တရာယ်များသည့် နွယ်ပင် ဖြစ်ပြီး သွေးများကို ခြယ်လှယ်နိုင်စွမ်း ရှိသည်)
(ပြန်လည် မွေးဖွားခြင်း မြက် - ဝိညာဉ်လွင့်မျောရာ နယ်မြေ၏ နှလုံးသားတွင် ပေါက်ရောက်သော အလွန် တန်ဖိုးကြီးသည့် ရှားပါး ဆေးပင် ဖြစ်ပြီး... စိတ်အာရုံ ပွင့်လင်းစေကာ အတိတ်နှင့် ပစ္စုပ္ပန် ဘဝနှစ်ခုလုံးကို မြင်တွေ့နိုင်စွမ်း ရှိစေသည်)
(ဖရိုဖရဲ ပန်း - နှစ်တစ်ရာမှာ တစ်ကြိမ်သာ ပွင့်ပြီး သုံးကြိမ် အသက်ရှူချိန် အတွင်း ညှိုးနွမ်းသွားတတ်သော ရှားပါး ပန်းတစ်ပွင့် ဖြစ်ကာ လူသူကင်းမဲ့သော လင်းရွှီ (ဝိညာဉ် အပျက်အစီး နယ်မြေ)များတွင် ပေါက်ရောက်သည်... ၎င်းကို စားသုံးပါက သက်တမ်းရှည်စေခြင်း... နုပျိုမှုကို ပြန်လည် ရရှိစေခြင်း သို့မဟုတ် အိုမင်းရင့်ရော်မှုကို မြန်ဆန်စေခြင်း အစရှိသည့် အကျိုးသက်ရောက်မှုများ ရှိနိုင်သည်)
(ဝိညာဉ် ကျောက်တုံး...)
ရတနာ အမျိုးမျိုး၏ အကျိုးအာနိသင်များက လီယွမ်၏ မျက်စိရှေ့တွင် ထင်ရှားစွာ ပေါ်လွင်နေသည်။
အမျိုးအစား စုံလင်လှပြီး... လီယွမ်၏ စာရင်းတွင် ပါဝင်သော လိုအပ်ချက်များကို အခြေခံအားဖြင့် အပြည့်အဝ ဖြည့်ဆည်းပေးထား၏။ ဆရာ ယွီဟန်ချွမ်းနှင့် ဒုတိယ စီနီယာအစ်ကို ဖေးလော့ချန်တို့ လိုအပ်သမျှ အားလုံးကိုပါ ထည့်သွင်းပေးထားသည်။
အဖိုးတန်ဆုံးသော ရတနာများ... အချိန်နှင့် နေရာ စည်းမျဉ်းများနှင့် သက်ဆိုင်သော အရာများကိုပင် ဤနေရာသို့ ယူဆောင်လာပေးကြ၏။
ကန္တာရ ဆယ့်ခြောက် ပြည်ထောင်သည် အမှန်တကယ်ပင် ရတနာသိုက်ကြီး ဖြစ်ပြီး လင်းရွှီ (ဝိညာဉ် အပျက်အစီး နယ်မြေ) တစ်ဆယ့်ခြောက်ခု ရှိနေခြင်းက ၎င်းဒေသကို အရင်းအမြစ်များ အလွန် ပေါကြွယ်ဝစေကြောင်း လီယွမ် စိတ်ထဲမှ ကြိတ်၍ ချီးကျူးမိပါတော့သည်။
“ဘယ်လိုနေလဲ.. မောင်လေး... စစ်ဆေးလို့ ပြီးပြီလား”
နင်ဟုန်ယွီက ပြုံးရွှင်စွာ မေးလိုက်၏။
“ပြဿနာ မရှိပါဘူး”
လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုရင် ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့အတူ ကန္တာရကို ပြန်လိုက်ခဲ့ပါ သခင်မလေး”
ရတနာပုံကြီးကို ကြည့်ရင်း ချီနျန်ချူ၏ ရင်ထဲတွင် သွေးထွက်မတတ် နာကျင်နေပြီး ထိုနေရာတွင် တစ်စက္ကန့်မျှပင် ဆက်မနေချင်တော့ချေ။
‘ဘာတွေ လောနေတာလဲ…:
ခွဲခွာရတော့မည့် အချိန် ရောက်လာသည်နှင့်... ခွဲခွာရမည်ကို ဝန်လေးနေသော ခံစားချက်များက နင်ဟုန်ယွီ၏ နှလုံးသားထဲတွင် တဟုန်ထိုး တက်လာပြီး မျက်စိတစ်မှိတ်အတွင်း အထွတ်အထိပ်သို့ ရောက်ရှိသွားတော့၏။ မမြင်ရသော ပိုက်ကွန် တစ်ခုက သူမ၏ နှလုံးသားကို ရက်ဖောက် ချည်နှောင်လိုက်ပြီး လုံးဝ ရုန်းထွက်မရအောင် ဖမ်းဆီးထားသကဲ့သို့ ခံစားလိုက်ရသည်။
နင်ဟုန်ယွီ စိတ်မကောင်း ဖြစ်သွားကာ မျက်လုံးများ အနည်းငယ် နီရဲလာပြီး ကန္တာရ လူစုကို ကျောခိုင်းလိုက်၏။
“နောက်သုံးရက် နေမှ ကျွန်မကို လာကြိုလှည့်ပါ... အဲ့ဒီအခါကျရင် ကန္တာရကို အတူတူ ပြန်ကြမယ်”
“ဟုတ်ကဲ့ပါ”
ချီနျန်ချူက လက်ယှက်ကာ သဘောတူလိုက်သည်။
ကန္တာရ သံတမန်အဖွဲ့ ထွက်ခွာသွားပြီးနောက်... သူတို့ လေးဦးသည် ခြံဝင်းငယ်လေးဆီသို့ ပြန်လာခဲ့ကြသည်။
လေးဦးသား သီးခြား နေရာများတွင် ဝင်ထိုင်လိုက်ကြပြီး... တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာ ကြည့်နေကြရာ လေထုမှာ အနည်းငယ် လေးလံ မှိုင်းညို့လာတော့၏။
“ကဲပါ”
နင်ဟုန်ယွီက အားတင်း ပြုံးပြလိုက်၏။
“ငါက အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်ဖို့ ကန္တာရကို သွားရမှာပါ... ထာဝရ ခွဲခွာရတော့မှာမှ မဟုတ်တာ... အားလုံးက ဘာလို့ ဒီလောက်တောင် လေးနက်နေကြတာလဲ”
“ငါ ကန္တာရ ဧကရီသခင်မကြီး ဖြစ်လာတဲ့အခါ မင်းတို့ကို ကန္တာရရဲ့ ရှုခင်းတွေ လာကြည့်ဖို့အတွက် မီးပုံးတွေ... ရောင်စုံဖဲကြိုးတွေနဲ့ အလှဆင်ထားတဲ့ လူရှစ်ယောက်ထမ်း ဝေါယာဉ်ကြီးနဲ့ မိုင်သုံးထောင်လောက် ဝေးတဲ့ နေရာကနေ လာကြိုခိုင်းမယ်”
“ဟား ဟား ဟား ဟား”
နင်ဟုန်ယွီ၏ စိတ်နေသဘောထားအရ ကန္တာရလူများက သူမကို ဧကရီအဖြစ် တင်မြှောက်ရဲလျှင်... သူမကလည်း ထိုပလ္လင်ပေါ်တွင် ထိုင်ရဲသည်။
‘ပြည်သူတွေကို မသိရင်ရော ဘာဖြစ်လဲ...
သူတို့ကတော့ ရှင်သန် ကြီးပွားနေဆဲ ဖြစ်ပြီး ကိုယ်ပိုင် နယ်ပယ်တစ်ခုကို ဖန်တီးနေကြတုန်းပဲ မဟုတ်လား…’
ဖေးလော့ချန်က နောက်ပြောင်လိုက်၏။
“စီနီယာအစ်မကြီး... ကန္တာရ ဆယ့်ခြောက် ပြည်ထောင်နဲ့ တာ့ယန်က ဆက်သွယ်ထားတာ မဟုတ်ဘူးနော်... အဲ့ဒီကို သွားချင်ရင် နတ်ဆိုးနယ်မြေကနေ ခိုးဝင်တာပဲ ဖြစ်ဖြစ်... ပင်လယ်ကို ဖြတ်တာပဲ ဖြစ်ဖြစ် လုပ်ရမှာ... မိုင်သုံးထောင်လောက် အလှဆင်လာရင် လမ်းမှာ နတ်ဆိုးတွေရဲ့ သတ်တာကို ခံရလိမ့်မယ်”
“အရမ်း လွယ်ပါတယ်”
နင်ဟုန်ယွီက နှုတ်ခမ်းစူလိုက်၏။
“ငါ နတ်ဆိုးနယ်မြေကို ဖြတ်ပြီး ဆက်သွယ်လိုက်မယ်လေ”
ဆရာ ဖြစ်သူ ယွီဟန်ချွမ်းမှာ ခလုတ်တိုက်ပြီး စားပွဲပေါ်သို့ မှောက်ရက်လဲကျမတတ် ဖြစ်သွားသည်။
“ငါက အသက်ကြီးနေပြီဆိုတော့ မင်းတို့ လူငယ်တွေရဲ့ အတွေးတွေကို မီအောင် မလိုက်နိုင်တော့ဘူး”
တပည့်ဖြစ်သူမှာ တစ်ခဏအတွင်း အလွန် ထိုင်းမှိုင်းသွားလိုက်... နောက်တစ်ခဏတွင် ဧကရီ တစ်ပါး ဖြစ်လာပြီး နတ်ဆိုးနယ်မြေထဲတွင် လှည့်လည်သွားလာရမည်ဟု စိတ်ကူးယဉ်နေလိုက်နှင့်ပင်။
“ဟားဟား…စီနီယာအစ်မကြီးရဲ့ အကြံက ကောင်းတယ်လို့ ထင်တယ်”
လီယွမ်က ဟားတိုက် ရယ်လိုက်၏။
“စီနီယာအစ်မကြီး... အစ်မကြီး ကန္တာရ ဧကရီ ဖြစ်လာပြီးတဲ့နောက် တာ့ယန်နဲ့ ပူးပေါင်းပြီး နတ်ဆိုးနယ်မြေကို ဖျက်ဆီးလိုက်ပါ... ဒါဆိုရင် လောကကြီးလည်း ငြိမ်းချမ်းသွားလိမ့်မယ်”
“ခစ်ခစ်..အိပ်မက်မက်နေလိုက်”
နင်ဟုန်ယွီက ရယ်လိုက်၏။
“ငါ့အပေါ်မှာ မူမတည်ဘူးလေ... တာ့ယန်ရဲ့ ဧကရာဇ်အသစ်နဲ့ ညဇီးကွက်ဘုရင်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်”
အမှန်တကယ် လက်တွေ့ အကောင်အထည် ဖော်ရန်မှာ အလွန် ခက်ခဲလွန်းလှသည်။
မဟုတ်လျှင် ထျန်းယွမ် တိုက်ကြီးသည် ဤအနေအထားကို နှစ်ပေါင်း သုံးထောင်ကျော်တိုင်တိုင် ထိန်းသိမ်းထားနိုင်မည် မဟုတ်ချေ။
တာ့ယန်နှင့် ကန္တာရ ဆယ့်ခြောက် ပြည်ထောင်တို့သည် ရည်ရွယ်ချက် တစ်ခုတည်းအောက်တွင် စည်းလုံးညီညွတ်မှုနှင့် အကြွင်းမဲ့ ယုံကြည်မှုတို့ကို မတည်ဆောက်နိုင်ပါက... ဤကြိုတင် သတ်မှတ်ချက်မှာ အိပ်မက်တစ်ခုမျှသာ။
“အခွင့်အရေး တစ်ခု ရှိလာခဲ့ရင်ရော”
လီယွမ်က နောက်ပြောင်လိုက်၏။
“အဲ့ဒါကို စိတ်ကူးယဉ်နေမယ့်အစား... မင်း ငါ့ကို လက်ထပ်တာကိုပဲ စဉ်းစားချင်တယ်ဟယ်”
နင်ဟုန်ယွီက ဆွဲဆောင်မှုရှိသော ရယ်သံလေးဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။
“ချစ်တပည့် ယွမ်လေး... မင်း ..ဟုန်ယွီ အလိုကျ လိုက်လျောလိုက်ပါလား”
ဤတစ်ကြိမ်တွင်မူ ယွီဟန်ချွမ်းပင် ဝင်ရောက်ပြောဆိုလာပါ၏။
တပည့်နှစ်ဦးသာ ဇနီးမောင်နှံ ဖြစ်သွားပါက အလွန် လိုက်ဖက်သော တွဲဖက် တစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ပါလား။
ထိုအခါ.. ဖေးလော့ချန်ကလည်း ဝင်ထောက်ခံလိုက်၏။
“စီနီယာအစ်မကြီးက နည်းနည်းတော့ စိတ်ကောက်တတ်တယ်... ဒါပေမဲ့ ညီလေးနဲ့ဆိုရင်တော့ သေချာပေါက် အလိုက်ဖက်ဆုံးပဲ... ဒီလောကက ယောကျာ်းတွေ အားလုံးထဲမှာ အစ်မကြီးကို ယဉ်ကျေးအောင် ယဉ်ပါးအောင် လုပ်နိုင်တာ မင်းတစ်ယောက်ပဲ ရှိမယ် ထင်တယ်”
လီယွမ်က ခေါင်းခါပြလိုက်၏။
“ဒီကိစ္စက ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူးလေ”
“အမြဲတမ်း ဒီစကားချည်းပဲ”
နင်ဟုန်ယွီက နှုတ်ခမ်းစူလိုက်ပြန်သည်။
“ဒါပေမဲ့ ရပါတယ်... စီနီယာအစ်မကြီးက စောင့်နိုင်ပါတယ်... ငါ ကန္တာရကို ပြန်ရောက်ပြီး ကန္တာရ ဧကရီ ဖြစ်လာတဲ့အခါ မင်းကို ဧကရာဇ်အဖြစ် တင်မြှောက်မယ်”
“မင်း ငါ့ကို မလက်ထပ်ရင်... ငါက မင်းကို လက်ထပ်မယ်”
“စောင့်နေ”
တစ်ဝက်က နောက်ပြောင်ခြင်း ဖြစ်ပြီး... တစ်ဝက်က အမှန်တရား ဖြစ်ပါသည်။
သူတို့ စကားစမြည် ပြောဆိုကြပြီးနောက် လေထုမှာ များစွာ ပေါ့ပါးသွားခဲ့၏။
ဂိုဏ်းသား လေးဦးသည် သူတို့၏ နှလုံးသားများ ကျေနပ်သည်အထိ သောက်စားကြပြီး... တစ်ဝက်တစ်ပျက် မူးယစ်နေသော အခြေအနေတွင် တစ်ညလုံး စကားတွေ ဖောင်ဖွဲ့နေကြတော့သည်။
နောက်တစ်နေ့တွင်...
နင်ဟုန်ယွီက လီယွမ်ကို ဖိတ်ခေါ်ကာ... သူတို့နှစ်ဦး တောင်တန်းများကြားတွင် လမ်းလျှောက်ရင်း သူတို့ ဖြတ်သန်းခဲ့ဖူးသော လမ်းကြောင်းများကို ပြန်လည် လျှောက်လှမ်းကြသည်။
တောင်ပိုင်းနယ်စပ်၏ ရှုခင်းများကို နောက်ဆုံး အနေဖြင့် မျက်စိထဲ မှတ်သားထားလိုက်ကြ၏။
တတိယမြောက်နေ့တွင် နင်ဟုန်ယွီသည် နဝမကူနန်းတော်၏ နန်းတော်သခင် ရာထူးမှ နှုတ်ထွက်လိုက်သည်။
တိုင်ပင် ဆွေးနွေးပြီးနောက် နဝမကူနန်းတော်သည် ယွီဟန်ချွမ်းကို နဝမကူနန်းတော်၏ နန်းတော်သခင် အသစ်အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်လိုက်ကြလေ၏။
သုံးရက်ဆိုသော အချိန်ကာလမှာ လျင်မြန်စွာ ကုန်လွန်သွားပါ၏။
နေမင်းကြီး နောက်တစ်ကြိမ် ထွက်ပေါ်လာချိန်တွင်... နှုတ်ဆက် ခွဲခွာရမည့် အချိန် ရောက်လာခဲ့လေပြီ။