အခန်း ၇၀၀
Vol. 60 Ch. 700
အခန်း ၇၀၀
အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့ကာ ၇ရက်တာအချိန်သည် ကုန်လွန်သွားခဲ့သည်။ ချန်ကျဲ့၏ ရာထူးဆက်ခံပွဲကျင်းပရန် အချိန်ကျလုနီးလေပြီ။
ဤ၇ရက်အတွင်း၌ မျန့်ရွှေစီရင်စု၏ ယေဘုယျအခြေါနေသည် အတော်လေး တည်ငြိမ်လေသည်။ ကြီးကြီးမားမားကိစ္စများ ဘာတစ်ခုမျှ မဖြစ်ပွားခဲ့ဘဲ ငါးဖမ်းကုန်သည်အဖွဲ့မှာ မကြာခင် ခေါင်းဆောင်ပြောင်းတော့မည်ဟူသည့် သတင်းသာ ရှိလေသည်။
ထိုခေါင်းဆောင်အသစ်မှာ ကျားဖြူခန်းမ၏ သခင်၅အဖြစ် ကျော်ကြားသည့် ချန်ကျိုစစ် ဖြစ်ပေသည်။
ချန်ကျိုစစ်ဟူသည့်အမည်သည် မျန့်ရွှေစီရင်စုတစ်ခွင် ပဲ့တင်ထပ်နေခဲ့သည်။ အထူးသဖြင့် စီရင်စုအတွင်း စီးပွားရေးပိုင်းဆိုင်ရာ အတိုးတက်ဆုံးဖြစ်ခဲ့သည့် ကျားဖြူခန်းမအပိုင် လမ်းလေးလမ်းတွင် ဖြစ်သည်။
ထိုလမ်းများတွင် နေထိုင်နေသူများသည် ကောင်းမွန်သည့်ဘဝသို့ သိသိသာသာ တိုးတက်သွားခဲ့ကာ လွန်ခဲ့သည့်နှစ်များအတွင်း၌ လူများစွာတို့သည် အဆက်အသွယ်များရှာဖွေကာ ချန်ကျိုစစ်အုပ်ချုပ်ရာ ကျားဖြူခန်းမအပိုင် နယ်မြေများအတွင်း ပြောင်းရွှေ့နေထိုင်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။
ချန်ကျဲ့၏ဂုဏ်သတင်း ဤသို့ကောင်းမွန်နေရသည့် အကြောင်းအရင်းမှာ ချန်ကျဲ့သည် စိတ်ရင်းအမှန်ဖြင့် သာမန်ပြည်သူများကို ကောင်းမွန်သည့်ဘဝများ ပိုင်ဆိုင်စေလိုသောကြောင့် ဖြစ်ပေသည်။
သာမန်ပြည်သူများသည် မည်သူက သူတို့၏ဘဝများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ကြောင်း အသိဆုံးဖြစ်သည်။
သူတို့ဘယ်လိုများ မသိနိုင်ပါမည်နည်း။
သာ့အားယင်၏လက်အောက်တွင် မိသားစုများ ပျက်စီးရပြီး နန်ပါးထျန်း၏လက်အောက်တွင် သုံးရက်လျှင် ခြောက်နပ်စာလောက် ဆာလောင်ငတ်မွတ်နေခဲ့ရ၏။ မြောက်ပိုင်းရှိ လျိုလောင်ကွေ့လက်အောက် ခိုလှုံခြင်းသည် မလောက်ငှသော ဆန်ပြုတ်ကို နေ့စဉ်နေ့တိုင်း သုံးဆောင်ရမည်ဟု ဆိုလိုသည်။ သို့သော် ကျားဖြူခန်းမလက်အောက်တွင်တော့ ဘဝသည် သကြားအလား ချိုမြလေသည်။ အနပ်တိုင်းကို ဆန်စေ့ချက်ပြုတ်စားသုံးနိုင်ပြီး အသားအရသာပါဝင်အောင် စားသောက်နိုင်သည်။ သို့ဖြစ်ရာ တတ်နိုင်ပါက ကျားဖြူခန်းမလက်အောက်ခံ နယ်မြေများအတွင်းသို့ သွားရောက်နေသင့်ပေသည်။
ဤသည်မှာ သာမန်ပြည်သူများ၏ ခံစားချက်အစစ်အမှန်ဖြစ်ပါ၏။ သာ့အားယင်ဟူသည် ချင်းယင်ကို ဆိုလိုခြင်းဖြစ်သည်။ သူ၏နယ်မြေတွင် လောင်းကစားရုံများ၊ ဆောင်ကြာမြိုင်များနှင့် ငွေတိုးချေးငှားသည့်ဆိုင်များသာ အများဆုံးတည်ရှိ၏။
သင်သည် ချင်းယင်စီမံအုပ်ချုပ်သည့် လမ်းနှစ်လမ်းတွင် နေထိုင်ရသူဖြစ်လောက်အောင် ကံဆိုးခဲ့ပါက ဘဝပျက်ရန်သာ ပြင်ဆင်ထားသင့်ပေသည်။
နန်ပါးထျန်းသည် ချင်းယင်လောက် ဆိုးသွမ်းကြမ်းကြုတ်ခြင်း မရှိသည့်တိုင် သူ၏နယ်မြေများသည်လည်း ဘယ်လောက်မှ ပိုမကောင်းမွန်နေပါချေ။ နန်ပါးထျန်းလက်အောက်ခံနယ်မြေများ၏ အခွန်နှုန်းထားသည် တခြားနေရာများထက် ၂၀ရာခိုင်နှုန်း ပိုများသည်။ ခေါင်းပုံဖြတ်မှုသည် ပြင်းထန်လွန်းသောကြောင့် ပြည်သူများမှာ အလွန်ခက်ခဲကြရသည်။
သူတို့နှစ်ဦးထက် လျိုလောင်ကွေ့သည် အနည်းငယ် ပိုကောင်းမွန်၏။ အခွန်နှုန်းထားသည် အကြမ်းအားဖြင့် ပုံမှန်နှုန်းထားဖြစ်သည်။ သို့သော် ပြည်သူများအတွက် ဖိအားများပြီး တစ်နေ့လျှင် ဆန်ပြုတ်တစ်နပ်သာ စားနိုင်ကြပြီး အရန်စာခြောက်များကို စားနိုင်ရန်မှာ အလွန်ခက်ခဲလှပေသည်။
ထိုလူများထဲ၌ အကောင်းဆုံးဘဝကို ပိုင်ဆိုင်ရသူများမှာ ချန်ကျဲ့၏လက်အောက်ခံနယ်မြေများမှ ဖြစ်သည်။
ကျားဖြူခန်းမ၏လမ်းလေးလမ်းသည် မျန့်ရွှေစီရင်စုတွင် စံပြလမ်းများဖြစ်သည်။
မည်သူကများ ထိုလမ်းများတွင် အကျိုးအမြတ်မရှာဖွေချင်ပါမည်နည်း။
ထိုနယ်မြေအတွင်း ဝင်ရောက်နိုင်ခြင်းသည် ဇိမ်ခံပျော်မွေ့နိုင်သည့် ဘဝကို ပိုင်ဆိုင်ရခြင်းဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။
ဤအကြောင်းအရင်းကြောင့်ပင် ချန်ကျဲ့မှ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးဆက်ခံတော့မည်တွင် အနောက်မြို့ရှိပြည်သူများသည် ပျော်မြူးနေကြတော့သည်။ သူတို့အတွက် ကောင်းမွန်သည့်နေ့ရက်များ ရောက်ရှိလာလေပြီ။
အခြားနယ်မြေသုံးခုမှ ပြည်သူများသည်တော့ မနာလိုအားကျလျက် ကြည့်နေကြရလေသည်။
ရာထူးဆက်ခံခြင်းနှင့်အတူ ချန်ကျဲ့သည် ပြည်သူလူထုကောင်းစားရေးအတွက် စည်းမျဉ်းသုံးခုကို ထုတ်ပြန်ခဲ့သည်။
တစ်အချက်၊ ငါးဖမ်းကုန်သည်အဖွဲ့၏ ပြင်ပချေးငွေလုပ်ငန်းကို ပြန်လည်ထိန်းညှိသည်။ ချေးငွေအားလုံးကို ၁၀ချေးပါက ၁၃ပြန်ဆပ်ရမည့် စည်းမျဉ်းသို့ ပြောင်းလဲလိုက်ကာ ဆေးကုသမှုစရိတ်များကဲ့သို့ အရေးပေါ်အသုံးစရိတ်များ၊ စီးပွားရေးလုပ်ငန်းအသေးစားများလေးများအတွက် ပြင်ဆင်မှုနှင့် အခြားအမျိုးမျိုးသော အသေးစားချေးငွေများကို ကျားဖြူခန်းမသည် အတိုးနှုန်းထားများကို ၁၀ရာခိုင်နှုန်း လျှော့ချပေးမည် ဖြစ်သည်။ ဆိုလိုသည်မှာ ၁၁ချေး၊၁၃ပြန်ဆပ် စည်းမျဉ်းသို့ ပြောင်းလဲသွားခြင်းဖြစ်ပေသည်။
ထိုစည်းမျဉ်းထုတ်ပြန်လိုက်သောအခါ အနောက်မြို့တစ်ခုလုံး ပျော်ရွှင်စွာ ခုန်ပေါက်ကုန်ကြတော့သည်။ အရင်က ချေးငွေများသည် မြည်းမောင်းနေသည့်အလား ဖြစ်ခဲ့သည်။ အတိုးပေါ် အတိုးဆင့်ကာ ပြည်သူများမှာ အသက်ရှင်လမ်းကြောင်း ပျောက်ဆုံးသည်အထိ ဖျစ်ညှစ်ဖိအားပေးခံခဲ့ရလေသည်။
ကလေးများကို ရောင်းစားခြင်းသည် ပုံမှန်လုပ်ရပ်ဖြစ်လာခဲ့၏။ သို့ဖြစ်ရာ ချန်ကျဲ့၏ ၁၁ချေး၊၁၃ပြန်ဆပ် စည်းမျဉ်းသည် အလွန်တရာ ကောင်းမွန်သည့် လုပ်ဆောင်ချက်ဖြစ်ပါ၏။ သို့ဖြင့် အနောက်မြို့၏ပြည်သူများမှာ အချိန်အတော်ကြာမြင့်သည်အထိ ပျော်ရွှင်စွာ ခုန်ပေါက်နေခဲ့ကြတော့သည်။
သို့သော် အချို့သော စျေးကစားသူများသည်လည်း ဤအခွင့်အရေးကို အသုံးပြု၍ သူတို့ကိုယ်တိုင်သည် ချန်ကျဲ့ထံမှ ချေးငွေယူကာ အခြားသူများကို အတိုးနှုန်းမြှင့်၍ ငွေပြန်ချေးရန် ကြံစည်နေခဲ့ကြသည်။
သို့သော်ငြား ထိုသို့ပြဿနာများကို ချန်ကျဲ့သည် ကြိုတင်တွက်ချက်ထားပြီးဖြစ်သည်။ ချန်ကျဲ့သည် ငွေတိုးချေးသူများအား ငွေချေးသူများကို လူအထောက်အထားစစ်ဆေးရန် ညွှန်ကြားထားပြီး ကျားဖြူခန်းမကို အသုံးချ၍ ခေါင်းပုံဖြတ်ရဲသူများသည် အရေးယူခံရမည်ဟု ကြေညာထားခဲ့သည်။ ထိုသို့လုပ်ရပ်မျိုးကို ကျားဖြူခန်းမအား ရန်စခြင်းနှင့် စစ်ကြေညာခြင်းအဖြစ် သတ်မှတ်ပြီး တုံ့ပြန်မည် ဖြစ်သည်။
ထိုစည်းမျဉ်းနှင့်အတူ အနောက်မြို့၏ ချေးငွေလုပ်ငန်းသည် ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ခဲ့ကာ မည်သူမျှ ငွေကြေးနှုန်းထားကို ဖောင်းပွအောင် မလုပ်ဆောင်ရဲတော့ပေ။
ချန်ကျဲ့သည် လင်းယုန်ခန်းမလက်အောက်ရှိ လမ်းနှစ်လမ်းမှ လောင်းကစားရုံများကို ပြန်လည်ပြင်ဆင်ကာ လောင်းကစားအကြွေးများကို လျှော်ပေးသည်။ အလွန်ဆင်းရဲနွမ်းပါးပြီး အကြွေးပြန်မဆပ်နိုင်သူများကို ရွေးထုတ်ကာ သူကိုယ်တိုင် အိမ်တိုင်ရာရောက်သွားရောက်ခဲ့ပြီး အကြွေးစာရင်းစာရွက်များကို မီးရှို့ပစ်ခဲ့သည်။ သို့ဖြင့် သူတို့၏ဘဝများကို သင့်လျော်စွာ နေထိုင်ခွင့်ရစေသည်။
လင်းယုန်ခန်းမ၏ လမ်းနှစ်လမ်းရှိ ဆောင်ကြာမြိုင်များကိုလည်း ရှင်းပစ်ခဲ့သည်။
လောင်းကစားသမားမိဘများ၏ အတင်းအကျပ် ဖိအားပေးခံရခြင်း၊ ဆေးခတ်ခံရခြင်းဖြင့် ရောင်းစားခံခဲ့ရသည့် မိန်းကလေးများကိုလည်း သူတို့၏အရောင်းစာချုပ်များကို ပြန်ပေးခဲ့သည်။
ချန်ကျဲ့သည် ဆောင်ကြာမြိုင်များဖွင့်လှစ်ခြင်းကို ကန့်ကွက်သူမဟုတ်ပါချေ။ သို့သော် ဤသို့ မိန်းမကောင်းလေးများကို အတင်းအကျပ်ဖိအားပေးပြီး ခိုင်းစေခြင်းများကိုတော့ တင်းတင်းကျပ်ကျပ် ဟန့်တားရပေမည်။
သို့သော် ထိုမိန်းကလေးများကို ကယ်တင်သည့်အခါတွင် အနည်းငယ်မျှသာ အိမ်ပြန်ချင်ကြပြီး အများစုသည် အိမ်မပြန်ချင်ကြပေ။
ဤသို့ဘဝမျိုးတွင် နေထိုင်ခဲ့ပြီးဖြစ်ရာ အိမ်ပြန်သွားလျှင် လူအများ လက်ညှိုးထိုးရှုံ့ချခံရလိမ့်မည်မှာ မလွဲမသွေပင်။ သို့ဖြစ်ရာ ထိုမိန်းကလေးများသည် အိမ်ပြန်သွားပြီး လူအများရှုံ့ချခံရမည့်အရေးကို မလိုလားကြပေ။
သို့ဖြင့် ချန်ကျဲ့သည် ထိုမိန်းကလေးများအတွက် ယာယီအဆောင်များ စီစဉ်ပေးပြီး သူတို့၏အနာဂတ်အတွက် အစီအစဉ်ရေးဆွဲပေးသည်။
၎င်းသည်လည်း ချန်ကျဲ့နောက်ပိုင်းတွင် ကျင့်သုံးမည့် စည်းမျဉ်းဥပဒေများနှင့် ဆက်နွယ်ပေသည်။
သို့ဖြင့် ချန်ကျဲ့၏စီမံခန့်ခွဲမှုအောက်၌ အနောက်မြို့၁၂လမ်း၏ ငွေတိုးချခြင်းပြဿနာများသည် ချင်းယင်၏လောင်းကစားရုံမှ အကြွေးစာရွက်များကို မီးရှို့ခြင်းဖြင့် အကုန်အစင် ရှင်းလင်းပြီးသွားခဲ့သည်။ ချန်ကျဲ့၏ဂုဏ်သတင်းသည်လည်း တစ်ဖန်ထပ်၍ တိုးတက်သွားပြန်သည်။
ငွေတိုးချခြင်းပြဿနာများကြောင့် မိမိတို့၏ကလေးများကို ရောင်းချရလုနီး ဖြစ်နေခဲ့သည့် မိသားစုများသည်လည်း တစ်ဖန်ပြန်၍ မျှော်လင့်ချက်ရှိလာကြသည်။ ထိုအတွက်ကြောင့် အချို့မိသားစုများသည် သူတို့၏အိမ်တွင် ချန်ကျဲ့အတွက် သီးသန့်နတ်ကွန်းလေးများပင် ပြုလုပ်ကာ သူတို့၏မျိုးဆက်များအနေဖြင့် ချန်ကျဲ့၏ကြီးစွာသော ကြင်နာမှုနှင့် သူတော်ကောင်းတရားတို့ကို မှတ်မိစေရန် ရည်ရွယ်ကြလေသည်။
ချန်ကျဲ့၏ ဒုတိယစည်းမျဉ်းဥပဒေသည် ကုန်သည်များအတွက် ရည်ရွယ်ခြင်းဖြစ်သည်။
မြို့တွင်းရှိ ကုန်သည်များအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ဤစည်းမျဉ်းသည် ငါးဖမ်းကုန်သည်အဖွဲ့၏ စီရင်ပိုင်ခွင့်အတွင်းရှိ လမ်း၁၂လမ်းမှ ကုန်သည်များပေးဆောင်ရသည့် လစဉ်အခွန်နှုန်းထားများကို ၂၀ရာခိုင်နှုန်း လျှော့ချမည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် အခြေအနေတစ်ခုရှိ၏။ ကုန်သည်များအနေဖြင့် သူတို့၏လုပ်ငန်းဆိုင်ခန်းအရွယ်အစားများအပေါ်မူတည်ပြီး ဝန်ထမ်းများ သင့်တော်သလို ထပ်မံခန့်ထားပေးရပေမည်။
ထိုစည်းမျဉ်းဥပဒေကို ကြေညာလိုက်ချိန်တွင် ကုန်သည်အားလုံးမှာ ကြောင်အသွားခဲ့ကြသည်။ ချန်ကျဲ့၏ရည်ရွယ်ချက်ကို သူတို့ မခန့်မှန်းနိုင်ကြပေ။
အခွန်နှုန်းထားလျှော့ချပြီး ဝန်ထမ်းအင်အားတိုးမြှင့်ခိုင်းတာ.. ဒီစည်းမျဉ်းဥပဒေကြီးက အခွန်ငွေကိုသုံးပြီး ဝန်ထမ်းခန့်ထားနေတာ မဟုတ်ဘူးလား။
အကြံကောင်းလို့ထင်ရပေသည်။ ထိုစဉ် ကုန်သည်တစ်ဦးမှ ပြောသည်။
“ဒီစည်းမျဉ်းဥပဒေက ငါတို့လိုကုန်သည်အိုကြီးတွေကို အလုပ်မလုပ်ဘဲ လတိုင်းဝင်ငွေနေတာမျိုး ဖြစ်နိုင်ပါတော့မလား။ ဝန်ထမ်းတွေအများကြီး ခန့်ထားထောက်ပံ့ပေးရမယ်ဆိုရင် ငါတို့ ကိုင်တွယ်နိုင်လောက်မှာ မဟုတ်ဘူးနော်”