အခန်း ၇၀၂
Vol. 60 Ch. 702
အခန်း ၇၀၂
ဆုလာဘ်များကိုလည်း အမျိုးမျိုး ခွဲခြားထားသည်။ အမှတ်အလိုက် ဆုလာဘ်ပမာဏ ကွဲပြားသည်။ ကုန်သည်အဖွဲ့အတွက် ကုန်ပစ္စည်းတစ်သုတ်ရယူပေးနိုင်ပါက ၁၀မှတ် ရရှိလိမ့်မည်။
အမှတ်ရပြီးနောက်တွင် ကျားဖြူခန်းမ၏စာကြည့်တိုက်ခန်းမဆောင်သို့ သွားရောက်ပြီး ဆုလာဘ်များနှင့် လဲလှယ်နိုင်သည်။
စာကြည့်တိုက်ခန်းမဆောင်ထဲ၌ ချန်ကျဲ့ နန်ပါးထျန်းနှင့် ဖန်းရှစ်ကျုံးတို့ဆီမှ ရရှိထားသည့် သိုင်းကျမ်းအမျိုးမျိုးကို ထားပေးထားသည်။ လက်ရှိတွင် စာအုပ်ပေါင်းရာချီရှိပြီး စာအုပ်အရေအတွက်မှာ အချိန်နှင့်အမျှ ပိုမိုတိုးပွားလာနေသည်။
အမှတ်များဖြင့် သိုင်းကျမ်းများကိုလည်း လဲလှယ်နိုင်သည်။
သိုင်းကျမ်းများကို သာမန်ဘိုးဘေးကြီးလက်သီးသိုင်းမှသည် ချန်ကျဲ့၏ ရေထိန်းချုပ်လက်ဝါးသိုင်းနှင့် သံမဏိလက်ဝါးသိုင်းတို့အထိ စာကြည့်တိုက်အတွင်း ထည့်ပေးထား၏။ အမှတ်လုံလုံလောက်လောက်ရှိသ၍ လဲလှယ်ယူနိုင်လိမ့်မည်။
အမှတ်သာ လုံလောက်ပါက ကုန်သည်အဖွဲ့ခေါင်းဆောင်ချန်သည် လောကအကျော်ကြာဆုံးသော နဂါးနိုင်လက်ဝါးသိုင်းကိုပင် လဲလှယ်ခွင့်ပေးလိမ့်မည်ဟူသည့် ကောလာဟလများလည်း ရှိသည်။
ဤသို့လုပ်ဆောင်ချက်သည် ကုန်သည်အဖွဲ့သားများ၏ စိတ်အားထက်သန်မှုကို တိုးတက်စေခဲ့သည်။ ထိုသို့သိုင်းပညာများကို မည်သူကများ မသင်ယူချင်ဘဲ ရှိပါအံ့နည်း။
သိုင်းကျမ်းများအပြင် အရေပြားသန့်စင်ခြင်းအဆင့်မှ သံမဏိအရိုးအဆင့်အထိ ဆေးလုံးများကိုလည်း အမှတ်များဖြင့် လဲလှယ်ယူနိုင်အောင် ထားပေးထားသည်။ ချန်ကျဲ့သည် အနာဂတ်တွင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဆေးလုံးများကိုလည်း ဖြည့်ပေးမည်ဟု ပြောခဲံသည်။
လက်နက်များသည်လည်း ထိပ်တန်းအဆင့်များဖြစ်ကြပြီး အထူးသွန်းလုပ်ထားသည့် လက်နက်များကို ဆုလာဘ်အဖြစ် လဲလှယ်ရယူနိုင်သည်။
ချန်ကျဲ့ချမှတ်လိုက်သည့် စည်းမျဉ်းများဖြင့် သာမန်အဖွဲ့သားများ.. ကင်းလှည့်ခြင်းနှင့် လူထုလုံခြုံရေးတာဝန်တို့ကဲ့သို့ အသေးအမွှားတာဝန်လေးများကို ထမ်းဆောင်ရသည့် အဖွဲ့သားများပင်လျှင် တစ်နှစ်လျှင် ၁၂မှတ်အထိ စုဆောင်းနိုင်ကြကာ ဘိုးဘေးကြီးလက်သီးသိုင်းကျမ်းကို လဲလှယ်ရယူရန် လုံလောက်ပေသည်။
ချန်ကျဲ့သည် ကုန်သည်အဖွဲ့သားအားလုံးကို မိမိတို့၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းရှိကြောင်း ခံစားရစေချင်သည်။
ကျောက်ယာသည် ထိုဆုလာဘ်ချီးမြှင့်ခြင်းစနစ်ကို မြင်သောအခါ အံ့ဩသွားခဲ့သည်။ သူမသာ ချန်ကျဲ့လက်အောက်မှ အဖွဲ့သားတစ်ယောက်ဖြစ်ခဲ့ပါက သူမသည်လည်း ကုန်သည်အဖွဲ့ကောင်းကျိုးအတွက် အစွမ်းကုန်ကြိုးစားအားထုတ်ပြီး သိုင်းကျမ်းများကို အမှတ်များဖြင့် လဲလှယ်ကာ အမြင့်သို့တက်လှမ်းရန် ကြိုးစားမိပေလိမ့်မည်။
ထို့ပြင် ဤအရာများမှာ ချန်ကျဲ့၏ ဆုလာဘ်ချီးမြှင့်ခြင်းအစီအစဉ်မျှသာ ဖြစ်သည်။
တတိယစည်းမျဉ်းဥပဒေမှာ ငါးဖမ်းကုန်သည်အဖွဲ့သားများ၏ မိသားစုများအတွက် အကျိုးခံစားခွင့်များလည်း ပါရှိလေသည်။
အဓိကအားဖြင့် အပိုင်းနှစ်ပိုင်းခွဲခြားထားပြီး ပထမအပိုင်းသည် အရေးအကြီးဆုံးဖြစ်သည်။
ကျားဖြူခန်းမသည် ငါးဖမ်းကုန်သည်အဖွဲ့သင်တန်းကျောင်းကို တည်ထောင်ခဲ့ပြီး ကလေးများကို အမျိုးမျိုးသော ဘာသာရပ်များ သင်ကြားပေးရန်အတွက် ကျွမ်းကျင်ဆရာများကို ခန့်အပ်ခဲ့သည်။
ချန်ကျဲ့သည် ကတိပေးခဲ့၏။ မည်သည့်ငါးဖမ်းကုန်သည်အဖွဲ့သားများ၏ ကလေးဖြစ်စေ အသက်၆နှစ်မှ စတင်ကာ ငါးဖမ်းကုန်သည်အဖွဲ့သင်တန်းကျောင်းသို့ အခမဲ့ တက်ရောက်ပညာသင်ကြားနိုင်သည်။ ထိုသင်တန်းကျောင်းသည် နေ့လယ်စာကိုပင် ထောက်ပံ့ပေးသေး၏။
ကလေးများသည် သင်တန်းကျောင်းတွင် ပညာရပ်နှစ်မျိုးကို သင်ယူကြရသည်။
စာပေပညာနှင့် သိုင်းပညာတို့ဖြစ်သည်။
စာပေပညာဖြစ်စေ၊ သိုင်းပညာဖြစ်စေ ကျောင်းပြီးသွားသူအားလုံးကို ငါးဖမ်းကုန်သည်အဖွဲ့သည် အပြည့်အဝလက်ခံသည်။ သို့ဖြစ်ရာ အနာဂတ်တွင် ငါးဖမ်းကုန်သည်အဖွဲ့အတွင်း၌ သက်ဆိုင်ရာ အလုပ်အကိုင်အသီးသီးကို ရရှိနိုင်လိမ့်မည်။
ချန်ကျဲ့သည် အလုပ်အကိုင်အစီအစဉ်များကိုပင် ထောက်ပံ့ပေးလေသည်။ စာပေပညာဖြင့် ကျောင်းပြီးသူများသည် ငါးဖမ်းကုန်သည်အဖွဲ့၏ စာရေးများဖြစ်လာနိုင်ပြီး အမျိုးမျိုးသော ခန်းမခွဲများ၊ဌာနခွဲများ၌ အရာရှိများဖြစ်လာနိုင်သည့်အပြင် ဦးစီးမှူးများ၏ အကြံပေးများလည်း ဖြစ်လာနိုင်ပေသည်။
သိုင်းပညာဖြင့် ကျောင်းပြီးသူများသည် ကျားဖြူခန်းမသို့ တိုက်ရိုက်ဝင်ရောက်နိုင်ပြီး တရားဝင်အဖွဲ့သားများအဖြစ် စတင် တာဝန်ထမ်းဆောင်နိုင်သည်။ ထူးချွန်သူများသည် လက်ရွေးစင်တပည့်အဆင့်မှ စတင်တာဝန်ထမ်းဆောင်နိုင်ကာ အဖွဲ့ခွဲခေါင်းဆောင်များကဲ့သို့ ရာထူးများကိုလည်း ရရှိနိုင်ပေသည်။
ထို့ပြင် သိုင်းပညာကျောင်းသားများသည် ကုန်သည်အဖွဲ့၏ နွဲ့ပျောင်းအရွတ်အဆင့်နှင့်အထက် အဖွဲ့သားများ၏ လေ့ကျင့်ပေးခြင်းကို ခံယူရမည်ဖြစ်သည်။
သိုင်းပညာသင်ကြားပေးရန်အတွက် ချန်ကျဲ့သည် ကလေးများ၏ အစမျိုးသင်ယူမှုအတွက် စာကြည့်တိုက်ထဲမှ အမျိုးမျိုးသော အခြေခံသိုင်းများကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ပေးခဲ့သည်။
ချန်ကျဲ့သည် ခေါင်းဆောင်ဖြစ်သည့် သူကိုယ်တိုင်သင်ကြားပေးသည့် အတန်းကို တစ်လတစ်ကြိမ် တက်ရောက်နိုင်ရန်ပင် စီစဉ်ပေးခဲ့သည်။
ထိုအချက်တစ်ချက်သည်ပင် ငါးဖမ်းကုန်သည်အဖွဲ့ကြီးတစ်ခုလုံး အပျော်လွန်သွားစေရန် လုံလောက်၏။ အထူးသဖြင့် ကလေးရှိသည့် အဖွဲ့သားများအတွက် ဖြစ်သည်။
သူတို့အနေဖြင့် ကလေးများ၏ တိုးတက်မှုကို လက်ဆုပ်လက်ကိုင် မဖမ်းဆုပ်မိလောက်သေးသော်ငြား ကုန်သည်အဖွဲ့ခေါင်းဆောင်ကိုယ်တိုင် သင်ကြားပေးသည့်အတန်းကို တစ်လတစ်ကြိမ် တက်ရောက်ခွင့်ရခြင်းသည် သူတို့၏ကလေးများသည် ကုန်သည်အဖွဲ့ခေါင်းဆောင်၏ ကျောင်းသားများဖြစ်သည်ဟု ဆိုလိုခြင်းပင်။
မိမိ၏ကလေးသည် ထူးချွန်ပြီး ကုန်သည်အဖွဲ့ခေါင်းဆောင်၏ အာရုံစိုက်မှုကို ရယူနိုင်ခဲ့သည်ဟု တွေးကြည့်ပါလေ… အထက်သို့ တစ််ဟုန်ထိုးတက်လှမ်းခြင်းပင် မဟုတ်ပါပေလော။ ဤအတန်းချိန်မှ ပေးနိုင်သည့် အခွင့်အရေးသည် ငါးဖမ်းကုန်သည်အဖွဲ့သားများကို အလွန်တရာ စိတ်လှုပ်ရှားစေခဲ့ပေသည်။
သို့ဖြင့် ကလေးရှိသည့်အဖွဲ့သားများသည် ကလေးများကို ကျောင်းပို့ရန် တက်ကြွနေကြပြီး ကလေးမရှိသူများသည်လည်း ကလေးယူရန် စိတ်လောကုန်ကြတော့သည်။
ချန်ကျဲ့၏ရည်ရွယ်ချက်မှာ ရိုးရှင်းပါ၏။ ဤငါးဖမ်းကုန်သည်အဖွဲ့သားများအနေဖြင့် သူ၏ တိုက်ပွဲစစ်ရထားပေါ်သို့ အမြန်ဆုံး တက်ရောက်နိုင်ရန် ဖြစ်သည်။
သူ၏ ကြီးကျယ်ခမ်းနားလှသည့် အနာဂတ်အစီအစဉ်များအတွက် အရည်အချင်းပြည့်မီစေရန် လုပ်ဆောင်ခြင်း ဖြစ်ပေသည်။
အဖွဲ့သားအသစ်များ ရွေးချယ်ခန့်အပ်သည့် လုပ်ငန်းစဉ်အတွင်း၌ ငါးဖမ်းကုန်သည်အဖွဲ့မှာ စာပေပညာတတ်များ နည်းပါးလွန်းကြောင်း ချန်ကျဲ့ သတိထားမိခဲ့သည်။
သာ့ချန်၏ စာပေမတတ်မြောက်မှုနှုန်းမှာ ၉၅ရာခိုင်နှုန်းအထက် ရှိလိမ့်မည်။ စာပေပညာတတ်အများစုသည် မုလန်လူမျိုးများ ဖြစ်ကြ၏။ ဟန့်လူမျိုး စာပေပညာတတ်သည်တော့ အလွန်နည်းပါးလွန်းလှသည်။ လူရှစ်သောင်းခန့်ရှိသည့် မျန့်ရွှေစီရင်စုတစ်ခုလုံးတွင်မှ စာပေပညာရှင်တစ်ရာခန့်ကိုသာ ချန်ကျဲ့ အလုပ်ခန့်အပ်နိုင်ခဲ့ပေသည်။
သို့ဖြစ်ရာ ချန်ကျဲ့သည် စာပေပညာတတ်များကို ပျိုးထောင်ရန် စီစဉ်ထား၏။ သူ၏အရင်ဘဝက မူလတန်းအဆင့် အခြေခံပညာရေးဖြင့်ပင် လုံလောက်ပေသည်။
ဤသည်မှာ ချန်ကျဲ့ သင်တန်းကျောင်းတည်ထောင်ရခြင်းနောက်ကွယ်မှ ရည်ရွယ်ချက်ဖြစ်သည်။
သင့်တင့်သည့် အရည်အချင်းရှိသူများကို ပျိုးထောင်ခြင်းသည် အမှတ်မထင်ဖြင့် ငါးဖမ်းကုန်သည်အဖွဲ့အတွင်း သစ္စာဖောက်နိုင်ခြေနှုန်းကို မြင့်တက်သွားစေနိုင်၏။
တကယ့်ကိုပင် ဤလောက၌ အမှန်တကယ် သစ္စာစောင့်သိသူများမှာ အလွန်နည်းပါးပါ၏။ လူအများစု သစ္စာမဖောက်သည့် အကြောင်းအရင်းမှာ သစ္စာဖောက်ခြင်းအတွက် ရင်းနှီးရမည့်ပမာဏသည် အလွန်မြင့်မားလွန်းသောကြောင့်သာ ဖြစ်ပေသည်။ သို့ဖြစ်ရာ ချန်ကျဲ့သည် သစ္စာဖောက်လိုပါက ရင်းနှီးရမည့်ပမာဏကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။
ချန်ကျဲ့သည် အကျိုးခံစားခွင့်အမျိုးမျိုးကို တန်ဖိုးအမြင့်ဆုံးမြှင့်တင်ပေးထားခဲ့သည်။ ထိုသို့နည်းလမ်းဖြင့် ချန်ကျဲ့သာ ကုန်သည်အဖွဲ့ခေါင်းဆောင်မဟုတ်တော့ပါက နောက်တက်မည့် ခေါင်းဆောင်အသစ်သည် ချန်ကျဲ့ကဲ့သို့ သူတို့ကို ထောက်ပံ့ပေးပါမည်လောဟု အဖွဲ့သားများကို အတွေးဝင်စေသည်။
ထိုအကြောင်းအရင်းကြောင့်ပင် နန်ပါးထျန်း ထွက်သွားရသည့်တိုင် အဖွဲ့သားတစ်ဦးတစ်ယောက်မျှ ချန်ကျဲ့ကို မဆန့်ကျင်ကြခြင်းဖြစ်သည်။
အကြောင်းအရင်းမှာ ရိုးရှင်းပါ၏။ နန်ပါးထျန်းသည် သူတို့ကို ဘယ်တုန်းကမှ အသက်ရှင်သန်နေထိုင်ရေးအတွက် လုံခြုံမှုမပေးခဲ့ဖူးပေ။ နန်ပါးထျန်းနောက်လိုက်ခြင်းသည် တစ်လလျှင် ငွေစလေးအနည်းငယ်သာ ရရှိနိုင်ကာ မလောက်ငှသော ငွေကြေးလေးဖြင့် သူတို့အသက်ကို ရင်းနှီးရသည် မဟုတ်ပါလော။
သို့သော် ချန်ကျိုစစ်နောက်လိုက်ခြင်းသည် အဘယ်သို့နည်း။
ချန်ကျိုစစ်သည် သူတို့အတွက် အကျိုးခံစားခွင့်များကို အမြင့်ဆုံးမြှင့်တင်ပေးခဲ့ပြီး အဖွဲ့သားများအားလုံး၏ လုပ်ခလစာများသည်လည်း ပွင့်လင်းမြင်သာမှုရှိလေသည်။